မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

03 January 2012

13 ကျင့်ဝတ်များ



မင်္ဂလာရှိသော နှစ်သစ် ၂၀၁၂ ဖြစ်ပါစေ။ 

ဆိုးညစ်ပြီး ရုပ်ဆိုး အကျည်းတန်လှတဲ့ ၂၀၁၁ နှစ်နှောင်း အချိန်ကတော့ ကျော်လွန်သွားခဲ့ပါပြီ။ ၂၀၁၂ ရဲ့ နေ့ရက်တိုင်းမှာ  ပျော်ရွှင်စရာ အပေါင်းနဲ့သာ ကြုံတွေ့ကြပါစေ။ ဒီလို နှစ်သစ်မှာ အဖိုးတန်သော အကြောင်းအရာလေးကိုသာ ဦးဦးဖျားဖျား မျှဝေပေးချင်ပါတယ်။ 

မမှတ်မိရင်သာ နေမယ် အားလုံးကတော့ ကြားဖူးကြမှာပါ။ ရှေးဟောင်း ဆိုရိုးစကားတွေရဲ့ ထုံးစံ အတိုင်း လိုက်နာကျင့်သုံးမယ် ဆိုရင်တော့ အကျိုးယုတ်စရာ မရှိပါဘူး။ ကောင်းမွန်တဲ့ ရလဒ်ကိုပဲ ခံစားရမှာပါ။ ဒီအရာလေးတွေကတော့ လူတစ်ယောက်ရဲ့ ရပ်တည်နေတဲ့ အခြေအနေ အရ ကျင့်ကြံသင့်သော " ကျင့်ဝတ် " ငါးချက်ကို ရေးပြထားတာလေးတွေသာ ဖြစ်ပါတယ်။ သားသမီး ဖြစ်နေတဲ့ အခါ ၊ တပည့်ဖြစ်နေတဲ့ အခါ ၊ အလုပ်သမား ဖြစ်နေတဲ့အခါ ၊ မိဘ ဖြစ်လာတဲ့ အခါ ၊ ဆရာ ဖြစ်လာတဲ့ အခါ ၊ အလုပ်ရှင် ဖြစ်လာတဲ့ အခါ ၊ မိတ်ဆွေတွေကို ဆက်ဆံတဲ့ အခါ ၊ မိတ်ဆွေတွေက ဆက်ဆံတဲ့ အခါ  . .  ဒီလို အခြေအနေမျိုးမှာ ဘယ်လို တုံ့ပြန် ၊ ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အခြေအနေတွေကို အကြံပေးထားတာပါ။ 

ဒီအကြံပေးချက် ( သို့ ) လိုက်နာရမဲ့ ကျင့်ဝတ်လေးတွေကိုသာ လိုက်နာခဲ့မယ် ဆိုရင် အရာရာဟာ လက်ရှိမှာ ပျော်ရွှင်နေမယ် ၊ နောင်ရေးအတွက်လည်း အေးချမ်းလုံခြုံစွာ နေနိုင်မယ် လို့ ယုံကြည်မိပါတယ်။ 

သိပြီးသား မှတ်မိထားပြီးသား လူတွေ အတွက် အပို ဖြစ်နေနိုင်ပေမဲ့ သိပြီးသော်လည်း မေ့နေသူများ ၊ ဝိုးတဝါးသာ သိနေသူများ အတွက် အကျိုး ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အောက်မှာ ရေးထားတဲ့ အထဲက ကြွင်းကျန်ရစ်ခြင်းများ ၊ စာလုံးပေါင်း အမှားများ တွေ့ပါက ပြင်ဆင်ဖို့ ကျွန်တော့်ကို ပြောခဲ့နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 

နှစ်သစ် ၂၀၁၂ နှစ်ရဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ဖွယ် ကောင်းသော နေ့ရက်များကိုသာ ပိုင်ဆိုင်နိုင်ပါစေ။

လေးစားစွာဖြင့် 
ကိုဇော်
3-Jan-2012




သားသမီးကျင့်ဝတ် ၅-ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။

(၁) မိဘတို့ကို လုပ်ကျွေးခြင်း၊
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက် အောင် ပြုလုပ်ခြင်း၊

(မိဘစကား နားမထောင်က အမွေမခံထိုက်ပါ)
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊
(၅) မိဘတို့၏ မျိုးနွယ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရခြင်း။





မိဘကျင့်ဝတ် ၅- ပါး

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်မြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင် မယ်တို့တာ။

(၁) မကောင်းမှုများကို တားမြစ်ခြင်း၊
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြရခြင်း၊
(၃) အတတ်ပညာ သင်ကြား ပေးရခြင်း၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန
် ပေးရခြင်း၊
(၅) လက်ထပ်ထိမ်းမြား ပေးရခြင်း၊




တပည့်ကျင့်ဝတ် ၅-ပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီး. လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက် နာခံမှတ်သား ရခြင်း (ဆုံးမနာယူ)၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦး ကြိုဆိုရခြင်း ( လာမူကြိုဆီး)၊
(၃) ဆရာ့ထံပါး ဆည်းကပ် ခစားရခြင်း (ထံနီး)၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း (လုပ်ကျွေး)

(၅) ဆရာသင်ပေး ပြီးသောသင်ခန်းစာ များကိုလေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွက်ဆို ရခြင်း (သင်တွေးအံရွတ်)။




ဆရာကျင့်ဝတ် ၅-ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားးပေးရခြင်း၊
(၂) ဆုံးမ သြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း၊
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊
(၄) တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီး ကာကွယ်ပေးရခြင်း၊
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးရခြင်း။





လင်ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

(၁) မိမိ မယားအား မထီလေးစား မပြုလုပ်ရခြင်း၊
(၂) မိမိ ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်၊
(၃) အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိရခြင်း၊
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း၊
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။





မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း၊
(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်ပြန်ရခြင်း၊
(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။





မိတ်ဆွေကျင့်ဝတ် ၅-ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း၊
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း၊
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ် ချိုသာစွာ ပြောရခြင်း၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ မှန်ကန်တိကျခြင်း။





ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ၀တ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

(၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊
(၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊
(၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ရခြင်း။





အလုပ်ရှင်ကျင့်ဝတ် ၅-ပါး

ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။

(၁) မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း၊
(၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း၊
(၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊
(၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊

(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်းအစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့်လွှတ်ရခြင်း။




အလုပ်သမားကျင့်ဝတ် ၅-ပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

(၁) နောက်ကျမှ အိပ်ရခြင်း၊
(၂) အိပ်ရာမှ စောစောထရခြင်း၊
(၃) မိမိအရှင် ပေးကမ်းမှသာ ယူရခြင်း၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာ ရှေ့ထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း။




၂၀၁၂ နှစ်သစ်မှာ ကျင့်ဝတ်ကောင်းသော လူသားများ ဖြစ်ပြီး ပျော်ရွှင်ကြပါစေ။ 

လေးစားစွာဖြင့် 
ကိုဇော် 
3-Jan-2012

Share/Bookmark

05 November 2011

11 စုထားမိသော အာဟာရများ ( ၄ )



ဒီနေ့  ဘာရယ် မဟုတ်ဘဲ လျှောက်ကြည့်မိတော့ Facebook မှာ  အဖြူရောင် နတ်သမီး က ဒီလို စာသားလေးတွေ တင်ထားတာ တွေ့ပါတယ်။ ဒါနဲ့ သူရေးထားတာတွေကို ဖတ်ပြီးတော့ အောက်ကနေ ဟိုးအရင်က ဖတ်ထားခဲ့တာလေးတွေကို ဝင်ပြီးတော့ အာချောင်မိပါလေရော။ ဒီမှာ သူက ပြန်ရေးပါတယ်။ သူကတော့ ဘယ်ကနေ ဘယ်လို ရေးလဲ မသိပါဘူး။ ကျွန်တော်ကတော့ ဟိုးအရင်က ဖတ်ထားခဲ့တာလေးတွေကို ပြန်မှတ်မိသလို ရေးမိပါတယ်။ ဒါလေးတွေကို စုပြီးတော့ အားလုံးဖတ်ဖို့ တင်လိုက်ပါတယ်။



ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုဟာ သူရဲကောင်းဖြစ်မှုရဲ့ အနှစ်သာရပဲ။
(Emerson) 



သူရဲကောင်းများသည် လောကတွင် အကြောက်တတ်ဆုံးသူများပင် ဖြစ်သည်။ 
( တဂိုး ) 



လူတွေဟာ ကိုယ့်သမိုင်းကိုယ်ဖန်တီးနေကြတာပါပဲ။
(Karl Marx) 



သို့သော် ကိုယ့်သမိုင်းကို ကိုယ် ရေးနိုင်သူ ရှား၏။ ကိုယ့်သမိုင်းကို တခြားသူတွေကသာ ဝိုးတဝါး ရေးကြလေသည်။ 
( ကွန်ဖြူးရှပ် ) 



မိမိကိုယ်ပိုင် စဉ်းစားတွေးခေါ်မှု မပြုနိုင်သူဟာ ကျေးကျွန်တဦးပါပဲ။
(Robert G. Imgersoll) 



လမ်းညွှန်သူ မရှိဘဲ ခရီးသွားခြင်းသည် မိုက်မဲသည် မည်၏။ 
( လောကနီတိ ) 



လူဆိုတာ သူဆန္ဒရှိတဲ့အရာကို လိုလိုလားလားယုံကြည်တတ်ကြတယ်။
(Julius caesar) 



ယုံကြည်မှု မရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ပေ။ 
( သော်မတ်စ် ဝေးလ် ) 



ယုံကြည်ဖို့ဖြစ်နိုင်တဲ့အရာတိုင်းဟာ အမှန်တရားရဲ့ နိမိတ်ပုံတခုပါပဲ။
(William Hazlitt) 



လုပ်နိုင်သည်ဟု ထင်သည်ဖြစ်စေ ၊ မလုပ်နိုင်ဘူးလို့ ထင်သည် ဖြစ်စေ . . သင်၏ အထင် အမှန်ပင် ဖြစ်လာလိမ့်မည်။ 
( ဟင်နရီ ဖို့ဒ် ) 



တွေးခေါ်ခြင်းအားဖြင့် လူဟာအမှန်တကယ်ကြီးမြတ်လာရတယ်လို့ ပြောပါရစေ။
(Pestalozzi) 



တွေးခေါ်မှုသာ မပါရင် လူဆိုတာ တိရစ္ဆာန် တစ်ကောင်ပါပဲ။ 
( ရေးရှိုးလ်ဝပ်ဒ် ) 



စဉ်းစားတွေးခေါ်ခြင်းဟာ လူများကို ဗဟုသုတ ပညာကြွယ်ဝအောင်လမ်းညွှန်တယ်။
(Pestalozzi) 



တွေးခေါ်စဉ်းစားခြင်းသည် ဥာဏ်ဖွံ့ဖြိုး စေ၏။ လေ့လာမှတ်သားခြင်းသည် ဗဟုသုတ တိုးပွားစေ၏။ 
(ဆိုကရေးတီး ) 



အတွေးအခေါ် အယူအဆမှန်သမျှ၏ မူလအရင်းခံသည် အတွေ့အကြုံပင်ဖြစ်သည်။
(John Locke) 



အတွေးအခေါ်၏ မူလသည် စိတ်ရင်းခံ ဖြစ်၍ အယူအဆ၏ မြစ်ဖျားခံရာသည် အစွဲပင် ဖြစ်လေသည်။ 
(သောမတ်စ် သွန်မဆင် ) 



ကြီးကျယ်တဲ့ အတွေးအခေါ်တွေဟာ လက်တွေ့အဖြစ်ကို အသွင်ပြောင်းပြီး ကြီးကျယ်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာရပါတယ်။ 
(William Hazlitt) 



အတွေးအခေါ် ဆိုတာ အယူအဆ မဟုတ်သလို ၊ မျှော်လင့်ခြင်း အိပ်မက်လည်း မဟုတ်ဘူး။ ဒါကြောင့် လူတစ်ယောက်တည်းကို ပြောင်းလဲဖို့ထက် လူအားလုံးကို အကျိုးပြုဖို့ ပိုလိုအပ်တယ်။ 
(ဂျက်စ်ဆင် ဘရောင်း )  



အမှန်တရားကို ကြီးမြတ်အောင်ဖန်တီးတဲ့သူဟာ လူသားပဲ။ လူကိုကြီးကျယ်အောင်လုပ်တဲ့ အမှန်တရားတော့မဟုတ်ဘူး။
(Confucius) 



အမှန်တရား ဆိုတာကို ချစ်ပါတယ် ဆိုပြီးတော့ အော်ဟစ်နေဖို့ မဟုတ်ဘူး။ အမှန်တရားဘက်က ရပ်တည်ပြီး လိုက်နာဆောင်ရွက်ဖို့သာ ဖြစ်တယ်။ 
( အီမာဆင် ) 



အမှန်တရားဟာ ရိုးသားတယ်။ အမှန်တရားဟာ သေချာတယ်။ အမှန်တရားဟာ သန်မာတယ်။ သည်းခံနိုင်စွမ်းရှိတယ်။ သင်မှားခဲ့ရင် မှားပါစေ။ အမှန်အတိုင်းပြော၊ ဝေဖန်တာကို လက်ခံလိုက်ပါ။
(Gertrude E. Mc Veen) 



အမှန်တရားကတော့ ပကတိ အတိုင်း ရိုးသားပါတယ်။ သို့သော် အမှန်တရား အပေါ်မှာ သုံးသပ်သူတွေက သူတို့ရဲ့ အတ္တ ၊ ဝါဒ တွေနဲ့ ဆေးဆိုးလိုက်ကြတယ်။ 
( ပေါလ်ဂတ်စ်တီ ) 



အရင်က တင်ထားခဲ့တာတွေ ဆက်ဖတ်ချင်ရင် -


လေးစားစွာဖြင့်
ကိုဇော်
5.11.2011

Share/Bookmark

20 October 2011

25 စပ်မိစပ်ရာ ဘာညာကွိကွ ( ၄ )



နိဒါန်း

ဟိုးငယ်ငယ်က လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေမှာ ချောတိုင်တက်ပွဲတွေ အပါအဝင် ၊ ထုပ်ဆီးတိုးတမ်း ၊ လွန်ဆွဲပွဲတွေလည်း အပါအဝင် ကျင်းပခဲ့ကြသည်။ ဒီလို ပြိုင်ပွဲတွေ ကြားထဲမှာ လွန်ဆွဲပွဲကို ကျွန်တော် ငယ်ငယ်က အလွန်ကို စိတ်ဝင်စားခဲ့ဖူး၏။ ကြိုးအရှည်ကြီး တစ်ချောင်းကို အလယ်ကနေ အမှတ်အသား တစ်ခုကို လုပ်ကာ ရန်ညှိုးမရှိဘဲနဲ့ တစ်ဘက်နဲ့ တစ်ဘက် အပြိုင်ဆွဲကြရသည်။

ဒိုင်လုပ်သူက ဝီစီကို မှုတ်လိုက်တာနဲ့ တန်းဆွဲကြတယ် လို့ ထင်ပေမဲ့ တကယ်တော့ တန်းမဆွဲကြပါဘူး။ သူတို့ တစ်ဘက်နဲ့ တစ်ဘက် ဘယ်လောက် တောင့်ခံနိုင်လဲ ဆိုတာကို အရင် စမ်းသပ်ကြပြီး အားပြိုင်ကြ၏။ ပြီးတော့မှ အပြိုင်ဆွဲကြတာ ဖြစ်လေသည်။ ကြာရှည် တောင့်မခံနိုင်သူက တဖြေးဖြေး အားပျော့လာကာ တစ်ဘက်မှ ဆွဲသည့်ဘက်သို့ ပါသွားရလေသည်။
ဒီနေရာမှာ
  • တချို့က လွယ်လွယ်နဲ့ အရှုံးပေးတတ်၏။ 
  • တချို့က လွယ်လွယ်နဲ့ အရှုံး မပေး တင်းခံထားတတ်ကြ၏။ 
  • တချို့ကျတော့ လွယ်လွယ်နဲ့ အရှုံးမပေးယုံမျှ မက နောက်ဆုံး အခြေအနေ အထိ ပြန်၍ အားတင်းက ဆွဲတတ်ကြ၏။ 
  • တချို့ကျတော့ အားမတန်သော်လည်း မာန်မလျော့ဘဲ နောက်ဆုံး အခြေအနေ အထိ တင်းခံဆွဲကာ တစ်ဘက်သို့ပင် ဒရွတ်တိုက် ခံကာ ပါသွားတတ်ကြပေတော့သည်။ 
ထိုသိုသော အခြေအနေမျိုးဖြင့် လွန်ဆွဲပွဲကို ကျင်းပကြ၏။

မည်သို့ပင် ဖြစ်စေ . . . . လွန်စွာ စိတ်လှုပ်ရှားဖို့ ကောင်းပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အခြေအနေ အရ ပုံစံမျိုးစုံသော လွန်ဆွဲပွဲတွေ ကျင်းပနေကြရပါ၏။ ပုံသဏ္ဍာန်မျိုးစုံ ၊ အခြေအနေ မျိုးစုံ ၊ အကြောင်းအရာ မျိုးစုံတို့ ဖြစ်ပျက်နေတတ်ကြပါသည်။



( တစ် )

ပြောမယ် ပြောမယ်နဲ့ မတိုက်ဆိုင်လို့ မပြောဖြစ်ခဲ့ဘူး။ ပြောရမှာ အတော်ကို နောက်ကျနေပါပြီ။ ဒါပေမဲ့ လက်ရှိအခြေအနေက အကောင်းဆုံးပဲ မဟုတ်ပါလား။ အခုပဲ ပြောပါ့မယ်။

ဟိုးအရင်က ကျွန်တော်တို့ သိထားခဲ့ကြတာက ထမင်းဖြစ်အောင် ချက်ဖို့ ဆန်ကို ဆေးမယ် ဆိုရင် ဆန်မှာ ရှိနေတဲ့ ဖွဲနုလိုမျိုး ဗီတာမင်တွေ လျော့ကျ မသွားအောင်လို့ တဖြေးဖြေး ပွတ်ကာ ဆေးကြောကြရ၏။ ပြီးတော့ ဆန်ဆေးရင်လည်း တစ်ကြိမ်တည်းနဲ့ ဖုန် ၊ သဲ နဲ့ ညစ်ပတ်နေတဲ့ အရာတွေ ပြောင်စင်အောင် ဆေးကြောကြရမည် ၊ ချက်ပြုတ်သော အခါမှာလည်း အာဟာရတွေ မဆုံးရှုံးစေရန် ထမင်း ရေခန်း ချက်စားခြင်းက အကောင်းဆုံး ဟု မှတ်သားခဲ့ရဖူးသည် မဟုတ်ပါလား။

အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ ကျွန်တော် မြန်မာနိုင်ငံကို ပြန်တုန်းက တီဗီမှာ ကြေညာသွားသော လှုံ့ဆော်စာလေးကို ဖတ်လိုက် ၊ ကြားလိုက်ရသည်။ သို့သော် ဒီလှုံ့ဆော်စာလေးမှာ ၃ ရက်လောက်သာ လွှင့်ပြီး နောက်တော့ ဘာကြောင့်မှန်း မသိ။ ဆက်မလွှင့်တော့ပါ။ ထိုအကြောင်းအရာလေးက ဒီလိုပါ။

" ယခုနောက်ပိုင်း ဆန်ဖြစ်လာအောင် စပါးစိုက်ပျိုးသော အခါမှာ ထွက်နှုန်းကောင်းစေရန် ဓါတ်မြေသြဇာကို အသုံးပြုကြသည်။ မြေကြီးထဲ ထည့်သုံးသော ဓါတ်မြေသြဇာထက် အပင်ရဲ့ အရွက်ကို ဖြန်းသော ဓါတ်မြေသြဇာက ပိုပြီးတော့ ထိရောက်နှုန်းနဲ့ ကုန်ကျစရိတ် သက်သာသောကြောင့် မြေကြီးထဲ ထည့်သုံးသော ဓါတ်မြေသြဇာထက် အရွက်ကို တိုက်ရိုက်ဖြန်းသော ဓါတ်မြေသြကို သုံးလာကြတာ များပါသည်။

ဒီလိုပဲ။ သစ်ပင် ပန်းမံ စိုက်တယ် ဆိုတာ သူတို့ကို ဖျက်ဆီးမဲ့ ပိုးမွှား အန္တရာယ်ကိုလည်း ကာကွယ်ရမှာ ဆိုတော့ ပိုးသတ်ဆေးတွေကိုလည်း သုံးကြရပါ၏။ ထိုပိုးသတ်ဆေးများမှာ မိုးရွာရင် တော်ရုံနဲ့ မပြယ်လွှင့်သော ပိုးသတ်ဆေးများ ဖြစ်အောင် တီထွင်ထားကြရ၏။ ဒါမှလည်း တွက်ချေကိုက်မယ် မဟုတ်လား။ ဒီတော့ စပါးပင်ကောင်း တစ်ပင် ဖြစ်လာဖို့ ၊ ထိုစပါးပင်မှာ စပါးတွေ အောင်မြင် ဖြစ်ထွန်းလာအောင် ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးကို မရှိမဖြစ် မျှတစွာ သုံးစွဲ ရပါသည်။

သို့သော် . . . . ထို ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေက စပါးကနေ ဆန်ဖြစ်လာတဲ့ အထိ စပါးခွံကို ဖောက်ကာ ဆန်အပေါ်ယံကြော အထိ ကြွင်းကျန်ကာ ရှိနေပါသေးသည်။ ဒီလို ဆန်တွေကို ဟိုးအရင်ကလို အပေါ်ယံကြောက ဖုန် ၊ ညစ်ပတ်နေတာလေးတွေ ပြောင်ယုံလောက်သာ ဆေးကြောပြီးတော့ ချက်ပြုတ်မယ် ဆိုရင် ပြင်းထန်လှသော ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေကို မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် ကြည့်လိုက်ရသော တီဗီမှ လှုံ့ဆော်သော စာလေးက ပြောပါ၏။

ယခုနောက်ပိုင်း ဆန်တွေမှာ ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေ ပြင်းထန်စွာ ပါဝင်နေသည်ကို တွေ့ရ၍ ထမင်းချက်ရန် ဆန်ကို ဆေးသော အခါမှာ ရေတစ်ထပ်တည်းနဲ့ မဆေးဘဲ အကြိမ်ကြိမ် ပြောင်အောင် ပွတ်သပ် ဆေးကြောသင့်ပါသည်။ ထို့အတူ ထမင်းချက်သော အခါမှာလည်း ထမင်းရည်ခန်း ချက်စားမည့်အစား ထမင်းရည်ကို ငှဲ့သွန်၍ ချက်ပြုတ်သင့်ပါသည်။ "

ဟု ဖတ်ရှု့လိုက်ရပါသည်။ သို့သော် ဘာကြောင့်ရယ် မသိ။ သုံးရက်သာ လွှင့်ပြီး နောက်ပိုင်း ဆက်မလွှင့်တော့ပါ။

မည်သို့ပင် ဆိုစေ. . . . ဆန်ကို တစ်ကြိမ်တည်း ပွတ်သပ်ဆေးကြောခြင်းထက် ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးများ ကုန်စင်အောင် အကြိမ်ကြိမ် ပွတ်သပ်ဆေးကြောခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ထမင်းရေခန်း မချက်ဘဲ ၊ ထမင်းရည် ငှဲ့ချက်ဖို့က အကောင်းဆုံး ဆိုပေမဲ့ အချိန်လုနေရသူတွေ အတွက် ထမင်းရည်ကို ငှဲ့ဖို့ ထိုင်စောင့်နေရတယ် ဆိုတာ မလွယ်လောက်ပါဘူး။ ဒါပေမဲ့လည်း ပို၍ အန္တရာယ် ကင်းချင်ရင်တော့ ထမင်းရည်ခန်းထက် ငှဲ့သွန်ကာ ချက်ပြုတ်စားသင့်ပါတယ် လို့ အကြံပေးလိုပါသည်။

အခုနောက်ပိုင်း ရောဂါတွေကလည်း ဘာတွေမှန်း မသိအောင် ဖြစ်နေကြတယ် မဟုတ်လား။ ကိုယ်လည်း ဘာမှ မလုပ်ဘဲ ဖြစ်နေတယ် ဆိုတာ ဒီလို အစားအသောက်တွေနဲ့ သက်ဆိုင်နေတယ် ဆိုတာကို ပြောစရာ မလိုအောင် သိဖို့ လိုပါသည်။



( နှစ် )

အပေါ်က အစားအသောက်နဲ့ သက်ဆိုင်သော အကြောင်းအရာလေးပါပဲ။ ငယ်ငယ်က ကျွန်တော့်မှာ ထူးခြားတဲ့ သူငယ်ချင်း နှစ်ယောက် ရှိခဲ့ပါသည်။ နှစ်ယောက် စလုံးက အစွန်းရောက်တွေချည်းပါပဲ။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံးက ပါးစပ်ကို မူတည်ကာ စကားလုံးနဲ့ အစွန်းရောက်နေကြသူတွေ ဖြစ်ပါသည်။
  • တစ်ယောက်က အသားစားမှ အားဖြစ်မည်။ လူဆိုတာ အသားစား သတ္တဝါ . . . ဘာညာပေါ့ဗျာ။ သူက သတ်သတ်လွတ် စားခြင်းကို အားမပေးပါ။ ဘုရားတောင်မှ သတ်သတ်လွတ် မစားဘူး ဆိုကာ ဘုရားကိုပင် သက်သေခေါ်တတ်သူ ဖြစ်၏။
  • တစ်ယောက်ကတော့ သတ်သတ်လွတ်သမား ဖြစ်သည်။ သူက ကျတော့ လူ့ရဲ့ သွား ၊ အစာအိမ် ၊ ခန္ဓာဗေဒတွေ အပါအဝင် မျိုးစုံသော အချက်အလက်တွေကို ဖော်ညွှန်းပြီးတော့ လူဆိုတာ သတ်သတ်လွတ် စားသော ( သို့ ) သီးနှံစား သတ္တဝါ ဟု ဆို၏။ သူကတော့ ကမ္ဘာ့ ဘယ်အဖွဲ့က သတ်သတ်လွတ် စားသင့်ကြောင်း ထောက်ခံစာတွေကို ကိုးကားတတ်၏။
သူတို့ နှစ်ယောက် ငြင်းခုန်ကြရင် ကျွန်တော်တို့မှာ ဘေးကနေ ပေါက်စီ စားနေရင်တောင်မှ အသားပေါက်စီကိုပဲ ကိုင်ရမလိုလို ၊ သတ်သတ်လွတ် ပဲပေါက်စီပဲ ကိုင်ရမလိုလို ဖြစ်နေတတ်သည်။ တစ်နေ့တော့ သူတို့ နှစ်ယောက်က ကျွန်တော့်ကို ဆုံးဖြတ်ခိုင်း၏။ အဲဒီတုန်းက ကျွန်တော့်မှာ ပြတ်ပြတ်သားသား ပြောဖို့ အတွေ့အကြုံတွေ မပြည့်ဝသေးပါဘူး။ အခုလည်း ဘယ်ဟာ ဆိုပြီး မပြောနိုင်သေးပါ။ အဲဒီတုန်းကတော့ ကျွန်တော် ဒီလိုပဲ ပြောဖြစ်ခဲ့သည်။

" ဟုတ်တယ်။ ဘုရားတောင်မှ သတ်သတ်လွတ် မစားခဲ့ဘူး။ ဒါပေမဲ့ ဘုရားမိန့်ကြားခဲ့တဲ့ အထဲမှာ အရာရာကို ချွေတာပါ လို့တော့ ပါတယ်။ ဒါကြောင့် တချို့က အသံကို ချွေတာတဲ့ အနေနဲ့ ဝစီပိတ် နေကြတယ်။ တချို့က သူများရဲ့ အသက်ကို ချွေတာတဲ့ အနေနဲ့ အသားစားတာကို ချွေတာကြတယ်။ ဒါကြောင့် သတ်သတ်လွတ် စားကြတယ်။ "

ဒီလိုပဲ ကျွန်တော် ပြောခဲ့ပါ၏။

ဒါပေမဲ့ ဟိုတလောက သတင်းတစ်ခု ဖတ်လိုက်ရ၏။ ထိုသတင်းကား ကြောက်စရာပင် ဖြစ်လေသည်။ ကမ္ဘာမှာ အသားစားလို့ ဖြစ်တဲ့ ရောဂါ နဲ့ အသီးအနှံ စားလို့ ဖြစ်တဲ့ ရောဂါ နှိုင်းယှဉ်ချက်ဟာ တစ်နေ့ တခြား အသီးအနှံ စားလို့ ဖြစ်တဲ့ ရောဂါက တစ်နေ့ တခြား ပိုများလာတယ်လို့ ဆို၏။ သို့သော် သူဆိုလိုထားတာက အသီးအနှံ့ကြောင့် ဖြစ်တာတော့ မဟုတ်ပါ။ အသီးအနှံမှာ ပါလာတဲ့ ဓါတ်မြေသြဇာ ၊ ပိုးသတ်ဆေးတွေကြောင့် ဖြစ်လာတာ လို့ ဆိုသည်။

ဒီတော့ အခုနေ အချိန်မှာ အသားစားလို့ ဖြစ်တဲ့ ရောဂါ နဲ့ သတ်သတ်လွတ် စားလို့ ဖြစ်တဲ့ ရောဂါမှာ သက်သက်လွတ်စားလို့ ပိုးသတ်ဆေး ၊ ဓါတ်မြေသြဇာတွေကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲ ရောဂါတွေက ပိုများနေတယ် လို့ သုတေသန ပြုရာမှ ထွက်လာခဲ့သည်။

အခုနေ အချိန်သာ ကျွန်တော့်ကို မေးခဲ့ရင် ကျွန်တော် ဘယ်လို ဖြေမယ် ဆိုတာ ကျွန်တော် ပြောပြဖို့ လိုပါဦးမလား။



( သုံး )

အခုတလော နိုင်ငံတကာမှာ လိင်တူချစ်သူများ အဖွဲ့တွေက အတော် အင်အားကောင်းလာတယ် လို့ ဆိုရမည်။ အဲ . . . သူတို့က " လိင်တူချစ်သူများနေ့ " တောင်မှ ဖြစ်အောင် ကြိုးစားနေတယ် ဆိုပဲ။ ကြားရတာ အတော်ကို စိတ်မချမ်းမသာ ဖြစ်စရာပါ။

ကျွန်တော်ကသာ စိတ်ထဲမှာ ဒီလောက်ပဲ ဖြစ်ပျက်ကာ ခံစားမိတာပါ။ တချို့သော ကျွန်တော့် သူငယ်ချင်းတွေက ခါးခါးသီးသီးကို ခံစားကြရတယ် လို့ ဆို၏။ ဒီအခြောက်တွေကို ကြည့်ရ မြင်ရတာကို စိတ်မချမ်းသာစရာ ၊ မသတီစရာဟု ဆိုလေသည်။

ဒါပေမဲ့ ဒီလို ပြောပြောနေတဲ့ သူငယ်ချင်းတွေက သူတို့ ပညာရှိ ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေခဲ့၏။ ထိုသူကတော့ " ဆိုကရေးတီး " ပါပဲ။ သူတို့ မသိတာလည်း သိလျက်နဲ့ပဲ ပညာရှိ ဆိုပြီး အထူး ပ စား ပေးထားတာလား မသိပါ။ သူတို့ ပြောပြောနေတဲ့ " ဆိုကရေးတီး "  ဆိုတာကလည်း ကမ္ဘာကျော် အခြောက် တစ်ယောက်ပါပဲ။

ဒီတော့ အခြောက်တိုင်းက ပညာရှိ မဟုတ်ပေမဲ့ . . . ပညာရှိတွေထဲမှာလည်း အခြောက်တွေ ရှိနေတယ် ဆိုတာကိုတော့ ငြင်းလို့ မရဘူးပေါ့ဗျာ။

မှတ်ချက်။  ။ ဒီလို အခြောက် ( သို့ ) မိန်းမလျာတွေ အကြောင်းကို ထည့်ရေးလို့ ကျွန်တော့်ကို အခြောက် လို့ မထင်မှတ်စေလိုပါ :D စိတ်ထဲ ခိုးလို့ ခုလု ရှိလို့သာ ရေးလိုက်တာပါ။



( လေး )

VIP ဆိုတဲ့ စကားလုံးကို ဘယ်လို နားလည်ပါသလဲ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဒီ VIP ဆိုတဲ့ စကားလုံးကို အရမ်းမုန်းတယ်လို့ ဆိုပါ၏။ VIP ဆိုတဲ့ စကားလုံးကို ကျွန်တော့် သူငယ်ချင်းကတော့ ဒီလို အဓိပ္ပါယ်ဖွင့်ပါသည်။

VIP = Very Important Pig

တဲ့။ အင်း . . . သူပြောလည်း ပြောချင်စရာပါပဲ။ ထို VIP နေရာမှာ ထိုင်နေသော လူတွေ အတော် များများက အထက်က အဓိပ္ပါယ်ဖွင့်ဆိုထားသလို ခပ်ဝဝ ၊ ခပ်တုတ်တုတ်တွေချည်းပါပဲ။ သူငယ်ချင်း ပြောတဲ့ င်္ဒီအဓိပ္ပါယ်က VIP ရဲ့ မူရင်း အဓိပ္ပါယ် ဖြစ်နေနိုင်ပါသည်။



( ငါး )

ကိုဇာဂနာ ရဲ့ အင်တာဗျူးကို နားထောင်ပြီးတော့ မြန်မာ စကားရဲ့ အခုခေတ်မှာ ရှုပ်ထွေးမှု အကြောင်း နည်းနည်း စဉ်းစားမိပါသေးသည်။ မြန်မာစကားမှာ - " ချက်သည် " လို့ ဆိုလိုက်တာနဲ့ အခုခေတ် အရ " Cook " နဲ့ " Chat " ကို ယှဉ်တွဲကာ စဉ်းစားမိစေနိုင်ပါ၏။

ဒီနေရာမှာ အိမ်ရှင်မ ဖြစ်သော ချက်ပြုတ်နေရသူ တစ်ယောက်က " ချက်သည် " ဆိုသော စကားလုံးကို ကြားလိုက်ရရင် " Cook " ဟု သူက ထင်နေနိုင်တာကို အပြစ်ပြော၍ မရပါ။

ဒီလိုပါပဲ။ အခုခေတ် " Chatting " လောကမှာ ကျင်လည်နေကြသော ကလေးတွေ " ချက်သည် " ဆိုသော စကားလုံးကို ကြားရရင်လည်း သူတို့ရဲ့ စိတ်ထဲမှာ " Chat " ဟုသာ တွေးမိစေနိုင်တာကို အပြစ်လို့ ပြောရင် မှားပါလိမ့်မည်။

ကိုဇာဂနာကို စစ်ဆေးသော တရားသူကြီးက မင်းဘယ်မှာ ချက်တာလဲ ဆိုတော့ ကိုဇာဂနာက " မီးဘို " မှာလို့ ဖြေပါသည် ဟု ဆို၏။ အဲဒီမှာလည်း နောက်ထပ် ပြဿနာက ရှိပြန်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းနှင့် ပြည်နယ် အနှံ့ ၊ လူမျိုးဘာသာ မရွေး မခွဲခြားဘဲ ၊ ကျောသား ရင်သား နည်းနည်းခွဲခြားကာ ကွန်နက်ရှင် ကျလေ့ ရှိသော နိုင်ငံ ဖြစ်ပါသည်။ အပေါ့ပါးဆုံး ဆိုသော Google Talk တောင်မှ တိုက်ရိုက် တက်ရန် မလွယ်ပါ။ ဒါကြောင့် Google Talk မှ မိတ်ဆွေများဖြင့် ရင်းနှီးစွာ တွေ့ဆုံ စကားပြောနိုင်အောင် meebo ( http://www.meebo.com ) မှ တဆင့် ဝင်ကာ သုံးရတာပါ။

ကိုဇာဂနာက မီးဘိုမှာ ချက်တယ် လို့ ရိုးရိုးသားသား အမှန် အတိုင်း ဖြေလိုက်သော်လည်း မီးဘို ဆိုတာကို ထမင်း ၊ ဟင်းချက်ရန် လောက်သာ သိသော သူက " မီးဖို " ဟု နောက်နေတယ် လို့ ထင်ပါတော့၏။ " မင်း . . မနောက်နဲ့ ၊ ဒါ နောက်စရာ မဟုတ်ဘူး။ " ဟု ဆို၏။ တကယ်ဆို Chatting သမားတွေသာ မီးဘိုမှာ ချက်သည် ဆိုတာကို ကြားခဲ့ရင် ကိုဇာဂနာ ချက်တာ meebo မှာ Chat တယ် ဆိုပြီး သဘောပေါက်မှာပါ။ အခုတော့ ဖြစ်မှ ဖြစ်ရလေ ဟုသာ ပြောချင်ပါတော့သည်။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာလေး တစ်ခု ရှိနေပါသည်။ ထိုတရားသူကြီးသည် အင်တာနက်ကို ထိတွေ့ကာ သုံးစွဲ ဖူးသူ မဟုတ်ဘဲ ၊ သူသိသော ထမင်းချက်ရန် " မီးဖို " ( Burner , Cooker ) နဲ့ " ချက်သည် " ဆိုသော " Cook " ကိုသာ သိနေသော " အိမ်ရှင်မ တစ်ဦးများလား " ဆိုတာလေးပါပဲ။

အဲ . . . ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ သဘောနဲ့ ရေးတာ မဟုတ်ပါဘူး။ တွေးမိတာလေးကို ရေးကြည့်တာပါ။ လွန်တာ ရှိရင် အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါဗျာ။ နောက်တစ်ခါ ဒါမျိုး မရေးတော့ပါဘူး။ နောက်တစ်ခါ . . . . . . . . . . ( နောက်တစ်မျိုးပေါ့ . . နော့။ )



( ခြောက် )

ဟိုးအရင်က ကျွန်တော့်မှာ Adidas တံဆိပ်ကို အလွန်ကို နှစ်ခြိုက်သော သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူ့မှာ သူ့ထက် ငါးနှစ်ကြီးသော Nike ကို အလွန် နှစ်သက်သော အစ်မ တစ်ယောက် ရှိပြန်လေ၏။ ပြီးတော့ သူတို့ မောင်နှမ နှစ်ယောက်က မတည့်ကြပါ။ အဓိက မတည့်ရတဲ့ ကိစ္စကလည်း သူတို့ အားပေးသုံးစွဲသော ကုမ္ပဏီရဲ့ ကုန်ပစ္စည်း ပြိုင်ဆိုင်မှုမှ စတင်လေ၏။ ထိုကုမ္ပဏီများ ပြိုင်ဆိုင်သလို သူတို့ နှစ်ယောက်ကလည်း စကားလုံးတွေနဲ့ ပြိုင်ဆိုင်ကြသည်။

တစ်နေ့တော့ ကျွန်တော့် သူငယ်ချင်းက နိုင်ကွက် ရလာပြီးတော့ သူ့အစ်မကို ပြော၏။

" မမ သုံးနေတဲ့ တံဆိပ်က မမ ခေါ်နေသလို " နိုက် " ( Nike )  မဟုတ်ဘူး။ တကယ်တော့ အဲဒါကို " နီကီ " လို့ ခေါ်ရတယ်။ "

ဒီတော့ ဒုတိယနှစ် ဥပဒေတန်း တက်နေသော အစ်မ လုပ်သူက လုံးဝကို လက်မခံချေ။ သူဖတ်ထားဖူးသော နိုင်ငံခြားမှ စာတွေကိုပါ ရွတ်ပြီးတော့ " နိုက် " ဟုပင် ခေါ်ကြောင်း သက်သေထူသည်။ 

" ဘယ်က တေလေဂျပိုးတွေ ခေါ်တဲ့ နာမည်ကို လာခေါ်ရတာလဲ။ Nike ကို နိုက် လို့ပဲ အသံထွက်ရတယ်ဟဲ့။ *&&*#*(&(@&E(@^*E(!@^E()@R^*)^R)(@&R "

ဟု ဆိုကာ ပက်ပက်စက်စက် ချေပပါတော့သည်။ ကျွန်တော့် သူငယ်ချင်းမှာ အလဲအကွဲ ၊ ဖူးယောင်ကာ ကျွန်တော့်ဆီကို ရောက်လာ၏။ တောက် တခေါက်ခေါက် နဲ့ပေါ့ဗျာ။ ဘာဖြစ်နေတာလဲ ဆိုတော့ သူက ပြောပါသည်။ ပြီးတော့ ကျွန်တော့်ကို အကြံတောင်း၏။

" အေးကွာ . . ငါ ကြုံရင် . . .  မင်း အစား ချေပပေးပါ့မယ် "

လို့ပဲ ကျွန်တော် ပြောလိုက်မိသည်။ တစ်နေ့တော့ သူ့အိမ်ကို သွားလည်ရင်း သူ့အစ်မကိုလည်း အိမ်မှာ တွေ့ရ၏။ သူ့အစ်မကတော့ ထုံးစံ အတိုင်း သူနှစ်သက်သော Nike အင်္ကျိ ခပ်ပြာပြာလေးကို ဝတ်ထား၏။ အသစ်လည်း ဖြစ်ပုံ ရလေသည်။ သူငယ်ချင်းကို ကျွန်တော် ခေါ်ပြီးတော့ အပြင်ကို သွားဖို့ အိမ်တံစက်မြိတ်ကနေ အထွက်မှာ ထွက်မယ် လုပ်ပြီးမှ သူမ ဆီကို လှည့်ကာ မေးလိုက်လေသည်။ ကျွန်တော့်ရဲ့ အကြည့်က သူ့ရဲ့ အင်္ကျီပေါ်မှာ မျက်လုံးက ရောက်နေပါသည်။ ဒါပေမဲ့ ကျွန်တော်က ဒီလို မေးလိုက်ပါသည်။

" အစ်မ . . . အစ်မ နိုက်က ဘယ်လောက်လဲ ဟင် "

မေးလည်း မေးပြီးရော ကျွန်တော် ဆင်းပြေးတော့တာပါပဲ။ အဲဒီ အစ်မရော ၊ ကျွန်တော့် သူငယ်ချင်းရော ပထမကတော့ ကျွန်တော် ဆင်းပြေးတာကို ပထမ ကြောင်နေသေး၏။ နောက်မှ ကျွန်တော့် သူငယ်ချင်းက အဲဒီနေရာမှာ ခွက်ထိုးခွက်လန် ရယ်ပါလေရော။ သူ့အစ်မကလည်း . . .

" ဟင် . . . ဟဲ့ကောင် . . ကိုဇော် . . လာစမ်း . . . ၊ အောင်မာ . . ငါ့ကိုများ . . . နင်တော့ သေတော့မယ်။ နင်တော့လား နောက်တစ်ခါ ငါ့အိမ်ကို လာကြည့် သေမယ် . . #*&()&)(&)(&)(&_(*_ "

ဆိုကာ အော်ဟစ် ကြိမ်းမောင်းရင်း ကျန်ခဲ့ပါတော့သည်။ တကယ်တော့ အဲဒီအစ်မနဲ့ ကျွန်တော်နဲ့ကလည်း မောင်နှမတွေလို ခင်မင်ပါသည်။ ဒါကြောင့်လည်း ဒီလို ပြောရဲတာပါ။ ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ခဏကြာတော့ သူငယ်ချင်းက ရယ်မောရင်း ရောက်လာပါသည်။

" မင်းကွာ . . ၊ မင်းကို အဲဒါတွေကြောင့် ငါကြိုက်တာ . . . ဟီးဟီး . . ငါ့ အစ်မတော့ တော်တော် ထိသွားမှာပဲ . . ဟီးဟီး . . ကောင်းတယ်။ "

လို့ ဆိုပါ၏။ အဲဒီလိုပါပဲ။ ကျွန်တော်က တကယ်ကို ကောင်းတဲ့ ကောင်မဟုတ်ပါဘူး။ အတော်ကို သူများ မခံချင်အောင် ငယ်ငယ်က ပြောတတ်တဲ့ ကောင်ပါ။ ဒီလိုနဲ့ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲလေ။

ဟိုတလောက သူတို့ အိမ်ကို ရောက်သွားတော့ အဲဒီအစ်မနဲ့ တွေ့ပါသေး၏။ ထိုအစ်မမှာ ဒီအတိုင်း အပျိုကြီး ဖြစ်လို့ နေပါပြီ။ သို့သော် ဥပဒေ အရာရှိ တစ်ယောက်တော့လည်း ဖြစ်နေပါပြီ။ ဒီအချိန်မှာ မဟုတ်က ဟုတ်က သွားပြောရင် ဥပဒေဆိုတဲ့ ပင့်ကူမျှင်တွေနဲ့  ငြိသွားနိုင်တယ် မဟုတ်ပါလား။

" အစ်မ . . . နေကောင်းလား။ "

ဆိုပြီး စကားရော ဖောရှော လုပ်တော့ သူမက မျက်စောင်းထိုးကာ ကြည့်၏။ ဒီတော့ ကျွန်တော်ကလည်း အသာလေး သွားဖြဲပြရတာပေါ့ဗျာ။ ပြီးတော့ မေ့နေသင့်တာကို မေ့ မနေနိုင်ဘဲ မေးမိပါသည်။

" အစ်မ . . ဟို . . . ဟို . . . နိုက် . . . အင်္ကျိတွေ မဝတ်တော့ဘူးလား။ "

ဒီတော့ ထိုအစ်မက မျက်စောင်းထိုးကြည့်ပြီး . . .

" မဝတ်တော့ဘူးဟေ့ . . . အခု . .  ပူးမား ( Puma ) ပြောင်းဝတ်တယ်။ "

လို့ ဆိုပါ၏။ သူမ ပြောပြီးတော့ ကျွန်တော် ခပ်သုတ်သုတ် ပြန်လာခဲ့ပါသည်။ ကျွန်တော်ကလည်း ကျွန်တော်ပဲ မဟုတ်လား။ မတော်လို့ စိတ်ထဲ မထင်ရင် သွားပြောမိနေပါဦးမယ်။  ကြည့်ပါဦးဗျာ . . ပူးမားရယ် လို့ . . . .။

ဘာရယ် မဟုတ်ပါဘူး။ Nike မှ Nike ဆိုပြီး ဖြစ်နေတဲ့ လူတွေကို တွေ့ရင် ကျွန်တော်ကတော့ အဲဒီလိုပါပဲ ပစ်မေးလိုက်ပါသည်။

" မင်း . . နိုက် ဘယ်လောက်လဲ "

တစ်ခုတော့ ရှိပါသည်။ ကျွန်တော့်လို လိုက်မေးချင်တဲ့ လူတွေ ရှိရင်လည်း မေးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်လိုပဲ အပြေးတော့ သန်ဖို့ လိုပါလိမ့်မယ်။ 



( ခုနှစ် )

စကားလုံးတွေ အကြောင်းကို ခွဲခြမ်း စိတ်ဖြာပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ပြောဆိုနေကြတုန်း သူငယ်ချင်း တစ်ယောက်က သူ့ရဲ့ တွေ့ရှိချက် တစ်ခုကို တင်ပြ၏။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူက ဒီလို ဆိုသည်။

" မင်းတို့ ကြားဖူးတယ် မဟုတ်လား။ စစ်သူကြီး တစ်ယောက်က သူ့ရဲ့ တပ်သားသစ်တွေကို စုဆောင်းတဲ့ အခါမှာ စစ်ဆေးနည်းလေ။ "

" အေး . . ကြားဖူးတာပေါ့။ "

" ကြားဖူးတာပေါ့ကွာ ၊ ဒါများ ကလေးတောင်မှ သိတယ်။ "

ဒီလို တစ်ယောက် တစ်ပေါက် ပေါက်ပေါက်ဖောက်ပါလေရော။ ဆူဆူညံညံ ဖြစ်သွား၏။

" အေး . . မင်းတို့ ကြားဖူးတယ် ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီစကားက မှားနေတယ်။ "

လို့ ဆိုပါလေရော။ ဒီတော့ အားလုံးလည်း သူပြောတာကို စိတ်ဝင်စားသွား၏။

" အင်း . . မှားတယ်ဆိုလည်း မင်းပဲ ရှင်းပြစမ်းပါဦး။ "

သူက ကော်လံကို နည်းနည်း ပင့်တင်ပြီးတော့ ချောင်းဟန့်ကာ ဟန်လုပ်၏။

" ဒီလိုကွ။ အဲဒီစစ်သူကြီးက သူ့ရဲ့ တပ်သား အသစ်ကို ရွေးခြယ်တဲ့ အခါမှာ လက်မရဲ့ လက်သည်းကြားမှာ အပ်စိုက်ပြီးတော့ တူနဲ့ ရိုက်ပြီး စမ်းသပ်တယ် မဟုတ်လား။ "

" အေးလေ . . "

အားလုံးက ထောက်ခံလိုက်မိသည်။ ဒီတော့ သူက မေး၏။

" ပြီးတော့ သူ့ရဲ့တပ်သားကို ဘယ်လို ရွေးခြယ်လဲ။ "

" လက်မရဲ့ လက်သည်းကြားမှာ အပ်စိုက်ပြီး တူနဲ့ ထုလိုက်လို့ လက်မတွန့် သူကို သူက သူ့ရဲ့ တပ်သား အဖြစ် ရွေးခြယ်တယ်လေကွာ။ မင်းကလည်း ဒါ ကလေးတောင်မှ သိတယ်။ "

အဲဒီတော့ သူက ခပ်မြိန့်မြိန့်ကြီး ပြုံး၏။ ပြီးမှ . . .

" အေး . . အဲဒါပဲ . . ။ အဲဒီနေရာမှာ လူတွေ မှားနေကြတာပဲ။ တကယ်ဆို မင်းတို့ သေချာ စဉ်းစားကြည့်စမ်းပါ။ တကယ်တော့ သူ ရွေးတာက . . . လက်မကြားမှာ အပ်စိုက်တယ်နော်။ "

" အေးလေ. . . "

" တူနဲ့ ထုတယ်နော် "

" အေးလေ . . . "

" ဒီတော့ လက်မတွန့် သူကို သူက သူရဲကောင်း လိုမျိုးနဲ့ ရွေးတယ်နော်။ "

" အေးလေ .. . . ဒါ ဘာဖြစ်လဲ။ "

" မင်းတို့ပဲ သေချာ ကြည့်တော့ ငါရေးပြမယ်။ "

ဒီလို ပြောပြီး သူက စာရွက်နဲ့ ဘောပင်ကို ထုတ်ပြီး ချရေးပြပါတော့သည်။

" တကယ်တော့ သူ ဆိုလိုချင်တာက လူတွေ အားလုံး ထင်သလိုမျိုး . . . " လက်မတွန့်သူ " မဟုတ်ဘူးကွ။ တကယ်တော့ သူ ရွေးလိုက်တာက " လက်မ , တွန့်သူ " ကွ။ "

" ဟင် . . ."

ကျွန်တော်တို့ အားလုံး နည်းနည်းတော့ အူတူတူ ဖြစ်သွားသည်။ အင်းလေ. . သူရေးပြသလို ဆိုရင်လည်း ဟုတ်တော့လည်း ဟုတ်နေပါရောလား။ စစ်သူကြီးက ရွေးခြယ်တယ် ဆိုတဲ့ သူ့ရဲ့ စစ်သည် တပ်သားတွေက အားလုံး " လက်မတွန့်သူ " ဆိုတာ " လက်မ , တွန့်သူ " တွေချည်းများလား။

ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော် ထိုစစ်သူကြီး နဲ့ တွေ့ဖို့ လိုလိမ့်မယ် ထင်ပါသည်။ ကြုံရင် ကျွန်တော် မေးချင်ပါသေးသည်။ စာဖတ်သူများလည်း ထိုစစ်သူကြီး နဲ့ လမ်းမှာ ဆုံရင် မေးထားကြစေလိုပါသည်။



နိဂုံး 

တကယ်တော့ လွန်ဆွဲတယ် ဆိုတာ ကိုယ့်ဘက် ပါအောင် ဆွဲကြတာပဲ မဟုတ်ပါလား။ ဒါဆို ကိုယ်နဲ့ နီးကပ်စေတာပါပဲ။ 

စစ်ပွဲ ၊ တိုက်ပွဲ ဆိုတာက တဘက်က ကိုယ့်ပြိုင်ဘက်ကို ကိုယ်နဲ့ ဝေးရာကို ရောက်အောင် တိုက်ထုတ် တွန်းထုတ်တာပဲ မဟုတ်ပါလား။ 

ဖြစ်နိုင်မယ် ဆိုရင် အချစ်ရေးနဲ့ ပတ်သတ်ပြီးတောင်မှ ဒီကမ္ဘာပေါ်မှာ ကျွန်တော် " စစ်ပွဲ ၊ တိုက်ပွဲ " တွေ ဖြစ်မနေစေချင်ပါ။ တိုက်ပွဲတွေ ဖြစ်နေမဲ့ အစား အားလုံး ငြိမ်းချမ်းရေးယူကာ " လွန်ဆွဲပွဲ " တွေကိုသာ ဖြစ်ပေါ်နေစေချင်ပါသည်။ သို့သော် ကျွန်တော်က ဘာကောင်မှ မဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော့် ရင်ထဲမှာ ရှိနေသော ဆန္ဒ တစ်ခုကို ဖွင့်အန်ပြခြင်းမျှသာ ဖြစ်ပါသည်။


လေးစားစွာဖြင့်
ကိုဇော်
20.10.2011

Share/Bookmark

21 August 2011

17 တရုတ်ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား



ဟိုးနှစ်ပေါင်း တော်တော်ကြာကြာကပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဟိုရောက် ဒီရောက် စကားပြောဖြစ်ကြပါတယ်။ အဲဒီတုန်းက သူငယ်ချင်း တစ်ယောက်က ပြောတယ်။

“ တရုတ် ပစ္စည်းတွေက အလကားပါပဲကွာ။ ”

အားလုံးက သူပြောတဲ့ စကားကို ဆုံးအောင် နားထောင်နေတဲ့ သဘောနဲ့ ဘာမှ ဝင်မပြောကြပါဘူး။ ဒီတော့ သူက အားလုံးကို တစ်ချက်ဝေ့ကြည့်ြ့ပီးတော့ ဆက်ပြောတယ်။ 

“ ဝယ်သုံးလည်း ခဏပါပဲကွာ။ “ တရုတ်လုပ် - အစုတ်ထုတ် ” ပါပဲ။ ”

လို့ ဆိုပါတယ်။ သူ့ဆီက ဒီစကားလည်း ထွက်လာပြီးတော့ ကျွန်တော်က မနေနိုင်စွာ သူ့ကို မေးမိပါတယ်။ 

“ ဘာလို့ တရုတ်လုပ် - အစုတ်ထုတ် လို့ မင်းက ပြောရတာလဲ။ ”

ဒီတော့ သူက အောက်ပါ အတိုင်းပါပဲ ချက်ချင်း ပြန်ပြောပါတယ်။ 

“ တရုတ် ပစ္စည်းလေကွာ။ တရုတ် ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား။ ”

ဆိုသော အမေးကို ဗဟိုပြုသော စကား ထွက်လာပါတော့တယ်။ ဒီတော့ ကျွန်တော် အပါအဝင် တချို့သော သူငယ်ချင်းတွေနဲ့ သူနဲ့ အဲဒီနေ့က စကား အတော်ကို ပြောမိခဲ့ကြတယ်။ ဒီအထဲကနေမှ တချို့သော အချက်တွေကို ကျွန်တော် ပြန်ပြောပြပါ့မယ်။ ( အကုန်လုံးတော့ မပြောသာသေးပါဘူး။ )



“ တရုတ် ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား။ ”

လို့ ကျွန်တော့် သူငယ်ချင်းက မေးခဲ့ပါတယ်။ သူ့ရဲ့ ပြောပုံဆိုပုံ နဲ့ စကား အသွားအလာ အရ ဆိုရင် “ တရုတ် ပစ္စည်းတွေက အရည်အသွေးမှ မကောင်းတာကွာ။ ” ဆိုသော စကားဘက်ကို ပိုပြီးတော့ လေသံရောက်ကာ ၊ အဓိပ္ပါယ်ပေါက်စေသော စကား ဖြစ်ပါတယ်။

“ မဟုတ်ပါ။ တကယ်တော့ တရုတ် ပစ္စည်းတွေဟာ အရည်အသွေး မညံ့ကြပါဘူး။ ”

ဒီလို ကျွန်တော် ပြောလို့ ကျွန်တော့်ကို တရုတ်ပစ္စည်း ထောက်ခံသူ လို့ အထင်မစောလိုက်ပါနဲ့ဦး။ ဆက်ဖတ်ကြည့်ပါ။

“ တကယ်တော့ တရုတ်ပစ္စည်း ဆိုတာ ကမ္ဘာ့စက်မှု ထိပ်တန်းနိုင်ငံ နဲ့ အာကာသ ထိပ်တန်း နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံရဲ့ NASA အာကာသ စခန်းအတွက် စက်ပစ္စည်းတွေကို ရာခိုင်နှုန်း အတော်များများတောင်မှ တရုတ်နိုင်ငံက ထောက်ပံ့ပေးနေတာပါ လို့ NASA ကိုယ်တိုင်က ထုတ်ဖော် ဝန်ခံခဲ့ရဖူးပါတယ်။

ဒီလို ကမ္ဘာ့ထိပ်တန်း နိုင်ငံရဲ့ အာကာသ ပစ္စည်းတွေကိုတောင်မှ ထောက်ပံ့ပေးနေနိုင်တဲ့ တရုတ်ပစ္စည်းရဲ့ အရည်အသွေးတွေဟာ တကယ်ကို မညံ့ပါဘူး။ ဒါဆို ဘာဖြစ်လို့ တရုတ်ပစ္စည်းတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်လာတဲ့ အခါမှာ အရည်အသွေး မကောင်းရတာလဲ။ ဒီ့အတွက် အဖြေက တရုတ်တွေရဲ့ ကုန်ထုတ်လုပ်မှု သဘောထားနဲ့ပဲ ဆိုင်ပါတယ်။ ဒါကတော့. . . .

၁။ အရည်အသွေး
၂။ ဈေးနှုန်း

ဆိုသော အဓိက အချက်ပါပဲ။

အရည်အသွေးကို အဓိက အားထားသော နိုင်ငံကြီးတွေကို တရုတ်က သူတို့ရဲ့ ပစ္စည်းကို ပို့တဲ့ အခါမှာ အရည်အသွေးကို လျော့ချပြီးတော့ ပို့လို့ မရတဲ့ အတွက်ကြောင့် သူတို့ရဲ့ လုပ်သားအင်အား ပေါများမှုကို အခြေခံပြီးတော့ ဈေးနှုန်းလျော့ချကာ တခြားသော ယှဉ်ပြိုင်ဖက် ထုတ်လုပ်မှု နိုင်ငံတွေကို ယှဉ်ပြိုင်ပါတယ်။ ဒီတော့ အရည်အသွေးခြင်းတူနေတဲ့ အခါမှာ ဈေးနှုန်းသက်သာသော တရုတ်ပစ္စည်းတွေရဲ့ ရောင်းလိုအားက တတ်လာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်တွေကတော့ သူတို့ရဲ့ ပစ္စည်းကို ဈေးနှုန်းသက်သာ သထက် သက်သာအောင် တီထွင်ကြံဆရင်းနဲ့ လမ်းလွဲကာ အမှားတွေ များစွာ လုပ်ဆောင်မိတတ်ကြတယ်။ ၂၀၀၄ ခုနှစ်လောက်က သတင်းတစ်ခု ကျွန်တော် ဖတ်လိုက်ရပါသေးတယ်။ အမေရိကန်ကို တရုတ်မှ တင်သွင်းတဲ့ ကလေးကစားစရာ ရထားလေးတွေမှာ အလှဆင်ထားတဲ့ ပစ္စည်းတချို့မှာ ခဲတွေပါကာ ဒီရထားတွေနဲ့ သုံးစွဲတဲ့ ကလေးတွေမှာ ခဲဆိပ်သင့်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဖတ်မိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ ဆိုတာ သူတို့ နိုင်ငံသားတွေကို အရမ်းကို ကြည့်ရှု့တတ်တဲ့ နိုင်ငံ ဖြစ်လေတော့ ချက်ချင်းကို တရုတ်ပစ္စည်းတွေ ရောင်းချမှုကို ရပ်ဆိုင်းကာ ဒီပစ္စည်းတွေကို ပြန်လည် သိမ်းယူစေခဲ့ပါတယ်။

ဟိုတလောကလည်း တရုတ်ထုတ် နို့မှုန့်တွေမှာ မယ်လမင်း အမှုန့်တွေကို ရောထည့်လို့ ကလေးငယ်တွေ များစွာ သေကြေ ဒုက္ခရောက်ကြရပါသေးတယ်။ ဒီနို့မှုန့်ဒဏ်တွေကို ကမ္ဘာတဝှမ်းလုံးက ကလေးငယ်ပေါင်းများစွာ ခံစားခဲ့ကြရတာပါ။ နောက်တော့လည်း မသမာမှု ပြုသူတွေရဲ့ ထုံးစံအတိုင်း အဲဒီအကျိုးကို သူတို့ ခံစားသွားရတာပါပဲ။ ဒီလို အဖြစ်အပျက်ပေါင်း များစွာ တရုတ်ပစ္စည်းရဲ့ ထုတ်လုပ်မှု အရည်အသွေး နဲ့ ဈေးနှုန်းကြောင့် ဖြစ်ပေါ်ခဲ့ ၊ ဖြစ်ပေါ်ဆဲ ၊ ဖြစ်ပေါ်လာဦးမှာပါပဲ။



ကမ္ဘာနဲ့ အဝှမ်း ဖြစ်နေတဲ့ တရုတ်ပြည် ဆိုင်ရာ အရည်အသွေးနဲ့ ဈေးနှုန်းတွေကို ကျွန်တော် ပြောပြလို့ ကုန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်သော တရုတ်ပစ္စည်းတွေရဲ့ အရည်အသွေး နဲ့ ဈေးနှုန်း ထိန်းချုပ်မှု ပုံစံကို ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။

ဒါလေး မပြောခင် ကျွန်တော့် ကင်မရာလေး အကြောင်းကို ပြောပြပါဦးမယ်။ အရင်က ရှိခဲ့တဲ့ ကင်မရာလေးက မာလကီးယားသွားတော့ ကျွန်တော် ကင်မရာ ပေါ့ပေါ့ပါးပါးလေးပဲ ဝယ်ဦးမယ် ဆိုပြီး စဉ်းစားနေတုန်း ( မပေါ့မပါကြီးလည်း မဝယ်နိုင်သေးပါဘူး။ ) အသိမိတ်ဆွေ တစ်ယောက်က အမေရိကားကနေ မလေးရှားကို လာစရာ ရှိတယ် ဆိုလို့ ကျွန်တော် လူကြုံ အနေနဲ့ သူ့ကို Canon ကင်မရာ အသေးလေး ဝယ်ခိုင်းလိုက်ပါတယ်။ နောက်တော့ သူ မလေးရှားကို အလည်ရောက်လာတော့ သူ့ဆီမှ ကင်မရာကို လက်ခံ ရရှိပါတယ်။ ( ကျွန်တော် လက်ခံရတော့ ပိုက်ဆံ ပေးလို့ မရခဲ့ပါဘူး။ ဒါကြောင့် လက်ဆောင် အဖြစ် လက်ခံ ရခဲ့တာပါ။ )

ဘာရယ် မဟုတ်ဘဲ ကင်မရာရဲ့ Made In ဆိုတာရဲ့ နောက်ကို ကြည့်လိုက်တော့ Malaysia လို့ ရေးထားပါတယ်။ ဒီမှာ ကျွန်တော် တကယ်ကို ဟက်ဟက်ပက်ပက် ရယ်မိပါတယ်။ မလေးရှားက လူဆီကို မလေးရှားထုတ်က ရောက်ရတယ်လို့ပေါ့လေ။ နောက်တော့ ကင်မရာတွေ ရောင်းတဲ့ ဆိုင်ကို ရောက်တော့ မလေးရှား အတွက် ရောင်းတဲ့ ကင်မရာတွေကျတော့ Made In China ဆိုပြီး ဖြစ်နေပါရောလားဗျာ။ တကယ်တော့ အဲဒီကင်မရာရဲ့ အမျိုးအစားက Canon တစ်ခုတည်းပါပဲ။ ဒါပေမဲ့ ရောင်းချတဲ့ နိုင်ငံပေါ်ကို လိုက်ပြီးတော့ အရည်အသွေး နဲ့ တန်ဖိုးက ကွာသွားတာပါပဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်လာသော တရုတ်ပစ္စည်းတွေရဲ့ အရည်အသွေးကတော့ ကျွန်တော့် နိုင်ငံကို ကြည့်ပြီးတော့ တရုတ်တွေက ရောင်းချတာပါ။ အမေရိကန်တို့ ၊ ဂျပန် နဲ့ တခြားသော ဥပရောပ နိုင်ငံများသို့ တရုတ်တင်ပို့သော အရည်အသွေးမျိုးတော့ မရနိုင်သေးဘူး ဆိုတာ သေချာပါတယ်။  ( တစ်နေ့နေ့တော့ မပြောတတ်ပါ။ ) ကျွန်တောတို့ နိုင်ငံကို ဝင်လာသော တရုတ်ပစ္စည်းတွေကိုလည်း ဘယ်လို အရည်အသွေးမျိုးမှ ဝင်ခွင့်ပြုမယ်လို့ သေချာစွာ စည်းကမ်းဖြင့် သတ်မှတ်ထားခြင်း မရှိသေးတာကလည်း ကိုယ့်နိုင်ငံထဲကို အရည်အသွေးနည်းသော ပစ္စည်းတွေ ဝင်လာရခြင်း အချက်တွေထဲက တစ်ချက်ပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံကို ဝင်လာတဲ့ တရုတ်ပစ္စည်းတွေက အရည်အသွေး မကောင်းဘူးတော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကုန်ပစ္စည်း ရောင်းချတဲ့ အခါမှာ သူတို့ သုံးသော စီးပွားရေးဆိုင်ရာ နည်းဗျူဟာ တစ်ခု ရှိပါတယ်။ ဒီနည်းဗျူဟာကို ကျွန်တော် အခု ပြောပြချင်တာပါ။ ဒါပေမဲ့ ဒီလို ပြောပြတာက တရုတ်ပစ္စည်းတွေနဲ့ လုပ်ကိုင်နေကြတဲ့ လူတွေရဲ့ ထမင်းအိုးကို တုတ်နဲ့ ထိုးတာ မဟုတ်ပါဘူး။ ဒီလို တရုတ်ပစ္စည်းတွေနဲ့ လုပ်ကိုင်ရင်းနှီးနေကြတဲ့ လူတွေအထဲမှာ ကျွန်တော်တို့ အမျိုးတွေလည်း ပါပါတယ်။ ဒါပေမဲ့ ဒီလို နည်းဗျူဟာတွေ သုံးပြီးတော့ တရုတ်ပစ္စည်းတွေကို ရောင်းချတာ ဆိုတာလေးကို သိစေချင်တာပါပဲ။

ဒီနည်းဗျူဟာကတော့ ကုန်ပစ္စည်း တစ်မျိုးတည်းကို အရည်အသွေး နှစ်မျိုးနဲ့ တစ်ခါတည်း ထုတ်လုပ်ပြီးတော့ စောင့်ဆိုင်း ရောင်းချခြင်းပါပဲ။ ဒီလို ပြောလိုက်လို့ နားလည်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ဥပမာလေး တစ်ခုနဲ့ ရှင်းပြပါ့မယ်။



သိပ်မကြာသေးတဲ့ နှစ်တွေက မြန်မာနိုင်ငံကို  ဓါတ်ခဲ ထည့်စရာ မလိုဘဲနဲ့ လျှပ်စစ်နဲ့ ပြန်လည် အားသွင်းကာ ခြင်ရိုက်သော ဘတ်တံလေးတွေ တရုတ်ပြည်ကနေ ဝင်လာခဲ့ပါတယ်။ တရုတ်ပြည်ကနေ ဝင်တာ ဆိုတော့ ကောင်းမှ ကောင်းပါ့မလား ဆိုတဲ့ အတွေးနဲ့ ဝယ်မသုံးကြပါဘူး။ ပြီးတော့ ဈေးကလည်း အတော်ကို များနေပါသေးတယ်။ ဒါကြောင့် ငွေပိုငွေလျှံ ရှိတဲ့ လူတွေလောက်သာ ဝယ်သုံးကြပါတယ်။ အခြေခံလူတန်းစားတွေကတော့ ဈေးနှုန်း ကြီးမြင့်တာရယ် ၊ တရုတ်ပြည်ထုတ် ဆိုတဲ့ အရည်အသွေးကို စိတ်မချတာရယ်ကြောင့် ဝယ်မသုံးကြသေးပါဘူး။

ဒါပေမဲ့ ဓါတ်ခဲလဲစရာ မလိုဘဲနဲ့ လျှပ်စစ်အား ပြန်သွင်းလို့ ရတာလေး တစ်ခုနဲ့ အတော်ကို သုံးရ လွယ်တော့ ငွေပိုငွေလျှံရှိတဲ့ လူတွေ အတော်ကို အဝယ်လိုက်ကြပါတယ်။ ပြီးတော့ ပထမဦးဆုံးကတည်းက ဝယ်တဲ့ လူတွေကလည်း ၄ ၊ ၅ လ သုံးတာတောင်မှ ဘာမှ မဖြစ်တော့ တရုတ်ပစ္စည်းပေမဲ့ အသုံးခံတယ် ဆိုပြီးတော့ လူကြိုက်များလာချိန်မှာ ထိုခြင်ရိုက်ဘတ်တံလေးတွေ ဈေးကွက်တွင် ကုန်သွားပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင် အချိန်မှာပဲ တရုတ်ပြည်က ဆက်တိုက် ဝင်လာပါတော့တယ်။

ဒီတော့ ဈေးကွက်မှာ ဝယ်လိုအားက များနေပြီး ရောင်းလိုအားက နည်းနေတော့ ဈေးကွက်ထဲကို  လျှပ်စစ်ဘတ်တံလေးတွေ ရောက်လာတာနဲ့ အလုအယက် အပြိုင်အဆိုင် ဝယ်ကြတော့တာပါပဲ။ ဝယ်လိုအားက ကောင်းသလောက် အခု တစ်ခါတော့ ရောင်းလိုအားက ပြတ်သွားတယ် ဆိုပြီး မရှိပါဘူး။ ဝယ်သလောက်ကို ရောင်းနေတာပါပဲ။ ဒါနဲ့ ငွေပိုငွေလျှံ ရှိသူတွေသာမက ၊ အိမ်မှာ အသုံးတည့်တယ် ဆိုပြီးတော့ မရှိမဖြစ် ဝယ်သူတွေနဲ့ အတော်ကို ရောင်းရပါတယ်။

ဒါပေမဲ့ . . . . .

အခု နောက်တစ်ကြိမ် ဝင်လာတဲ့ လျှပ်စစ်ဘတ်တံလေးတွေကတော့ အရင် ပထမဦးဆုံး မြန်မာနိုင်ငံကို ဝင်လာတဲ့ လျှပ်စစ်ဘတ်တံလေးတွေလောက် ကြာရှည်မခံတော့ပါဘူး။ တစ်လ ၊ နှစ်လတည်းနဲ့ ပျက်ကုန်ကြတော့တာပါ။ ပျက်လို့ နောက်ထပ်ဝယ်လည်း နောက်ထပ် ဘတ်တံလေးတွေကလည်း ခဏပဲ ခံပါတယ်။ ဒါပေမဲ့ ဟိုးအရင်က မြန်မာနိုင်ငံကို ပထမဦးဆုံး ဝင်လာတဲ့ လျှပ်စစ်ခြင်ရိုက် ဘတ်တံလေးတွေကတော့ ကောင်းမြဲ ကောင်းလျှက်ပါပဲ။

“ ငါတို့ ဝယ်တော့မှ ဘတ်တံတွေက ပျက်တယ် ကြည့်စမ်း ၊ ဘယ်သူ ဝယ်တုန်းကတော့ ခံလိုက်တာ ”

ဆိုသော စကားများကို ထိုစဉ်အခါက တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပြီး ၊ တွင်တွင်ကျယ်ကျယ် ကြားခဲ့ရမှာပါ။ ဒီလိုပါပဲ။ အခုလတ်တလောမှာလည်း ပစ္စည်း အသစ် တစ်မျိုး ထွက်ပြီ ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ထုံးစံကိုက အသစ်ဆိုရင် စမ်းသပ်ရမှာ ကြောက်တတ်ကြပါတယ်။ ပြီးတော့ ပစ္စည်း အသစ်ဆိုရင် တန်ရဲ့လား ဆိုကာ ငွေကြေးနဲ့ ထပ်ပြီးတော့ စစ်ကြပြန်ပါတယ်။ နောက်တော့သူများတွေ သုံးကြပြီ ဆိုတော့မှ ကောင်းလား ၊ ကောင်းလား ဆိုကာ စုံစမ်းပြီးမှ လိုက်သုံးတတ်ကြပါတယ်။

ဒါဟာ တရုတ်ပစ္စည်းတွေနဲ့ ပတ်သတ်ရင် အလွန်ကို မှားပါတယ်။ ဘာလို့ ကျွန်တော်မှားတယ်လို့ ပြောတယ် ထင်ပါသလဲ။ တကယ်တော့ တရုတ်တွေဟာ သူတို့ တင်သွင်းမဲ့ နိုင်ငံကို ကြည့်ပြီးတော့ ပစ္စည်းရဲ့ အရည်အသွေးကို ထုတ်လုပ်ကြတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို တင်သွင်းမယ် ဆိုရင်လည်း သူတို့ မြန်မာနိုင်ငံက လူတွေရဲ့ အကျင့်စရိုက်ကို နောကျေနေသူတွေပါ။ ဘယ်လိုထုတ်ရမယ် ဘယ်လို ဝင်ရမယ် ဆိုတာ သိနေကြသူတွေပါ။

ဒါကြောင့် သူတို့ ပစ္စည်း တစ်ခုခု ထုတ်တော့မယ် ဆိုရင် . . .  ထိုပစ္စည်း တစ်ခုတည်းကိုပဲ  . . . 

၁။ အဆင့်အတန်းကောင်းသော အရည်အသွေးနဲ့ ပစ္စည်း
၂။ အဆင့်အတန်းနိမ့်သော အရည်အသွေးနဲ့ ပစ္စည်း 

ဆိုပြီး အရည်အသွေး နှစ်မျိုးနဲ့ တစ်ခါတည်း ထုတ်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့မှ အရည်အသွေးကောင်းသော ပစ္စည်းကို ဈေးကွက်ထဲ အရင်ဖြန့်လိုက်ပြီးတော့မှ ဈေးကွက်ရဲ့ ဝယ်လိုအားကို စုလိုက်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ လူတွေက သိပ်ပြီးတော့ မသုံးရဲသေးတော့ ဈေးကွက်ရဲ့ ဝယ်လိုအားက နည်းသေးပါတယ်။ ဒီအချိန်မှာ အရည်အသွေးကောင်းတဲ့ ပစ္စည်းဆိုတော့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က များနေပေမဲ့ အရှုံးတော့ မရှိပါဘူး။ အမြတ်နည်းနေယုံလေးပါ။

ဒီလိုနဲ့ အရည်အသွေးကောင်းတဲ့ ပစ္စည်းကြောင့် ဝယ်လိုအားတွေ များလာပြီဆိုတော့မှ ၊ ပြီးတော့လူတွေ သုံးတတ်ပြီ ၊ အကြိုက်တွေ များလာပြီ ဆိုတော့မှ အရည်အသွေးနိမ့်သော ပစ္စည်းတွေကို ထုတ်ပြီးတော့ ရောင်းလိုက်တော့တာပါပဲ။ တကယ်တော့ ဒီပစ္စည်းတွေက အရည်အသွေးကောင်းသော ပစ္စည်းတွေ ထုတ်ကတည်းက တစ်ခါတည်း ထုတ်ပြီးသားပါ။ ဒါပေမဲ့ ထုတ်မရောင်းသေးဘဲနဲ့ အောင်းထားတာပဲ ဖြစ်ပါတယ်။ ဈေးကွက်မှာ သုံးတတ်ပြီ ၊ ဝယ်လိုအားများလာပြီ ဆိုတော့မှ ထုတ်ရောင်းလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာ တရုတ်နိုင်ငံမှ ပစ္စည်း တစ်ခု ဝင်လာပြီ ဆိုရင် ချက်ချင်း ကိုယ်က ဝယ်မသုံးဖြစ်ဘဲနဲ့ ၊ သူများတွေ သုံးတော့ အရမ်းကောင်းတယ် ဆိုလို့ ကိုယ်က လိုက်ဝယ်သုံးမိပါတယ်။ ကိုယ်လည်း ဝယ်သုံးရော . .  “ ပစ္စည်းတွေက အရင်က စထွက်သလောက် မကောင်းဘူးနော် ၊ ဟိုလူ ဝယ်သုံးတုန်းက ကောင်းလိုက်တာ ” ဆိုတာတွေက အဲဒါကြောင့်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံကို ဝင်လာတဲ့ တရုတ်ပစ္စည်းတွေကို သုံးမယ် ဆိုရင် စစပေါ်ကတည်းက ဝယ်သုံးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ နောက်မှ ထွက်လာသော အရည်အသွေးနိမ့်သော ပစ္စည်းများကိုသာ ဝယ်မိနေမှာပါ။

အခု ကျွန်တော် ရေးပြနေတာတွေဟာ တရုတ်ပစ္စည်းတွေနဲ့ စီးပွားဖြစ်နေသော လူတွေရဲ့ ထမင်းအိုးကို တုတ်နဲ့ ထိုးချင်လို့ မဟုတ်ပါဘူး။ တရုတ်တွေရဲ့ မြန်မာနိုင်ငံ အပေါ်မှာ ထားသော စီးပွားရေး နည်းဗျူဟာများထဲမှ တစ်ခုကို အခွင့်သင့်လို့ ချပြမှုသာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကလည်း ကျွန်တော် ကိုယ်ပိုင် လေ့လာထားတာ ဖြစ်လို့ လွဲချင်တဲ့ နေရာတွေမှာလည်း လွဲနေနိုင်ပါသေးတယ်။ အားလုံး အမှန်ပါလို့လည်း မပြောလိုပါဘူး။

ဒါပေမဲ့ ကျွန်တော် အဓိက ပြောချင်တာကတော့ တရုတ်ပစ္စည်းတွေဟာ အရည်အသွေး မကောင်းဘူး ဆိုတာထက် အရည်အသွေး မကောင်းတာ မဟုတ်ပါ။ ကျွန်တော်တို့လို ဖွံ့ဖြိုးရန် အရှိန်ယူနေသော နိုင်ငံလေး တစ်ခုဖြစ်သောကြောင့် အရည်အသွေး စစ်ဆေးမှု အားနည်းခြင်းကို အခွင့်ကောင်းယူကာ အရည်အသွေးကောင်းသော ပစ္စည်းများကို အစမှာ ဗန်းပြပြီးတော့ သုံးတတ်လာပြီ ဆိုရင် အရည်အသွေးနိမ့်သော ပစ္စည်းများနဲ့ အစားထိုးကာ ဝင်ရောက် ရောင်းချခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ . . . . တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ နိုင်ငံတိုးတတ် ဖွံ့ဖြိုးလာခဲ့မယ် ဆိုရင်တော့ ဒီလို အရည်အသွေးနိမ့် ပစ္စည်းတွေကို စစ်ဆေးနိုင်သော စစ်ဆေးရေး အဖွဲ့များနဲ့ ကျွန်တော်တို့ရဲ့ ပိုက်ဆံများကို ဖြုန်းတီးပြီး ၊ တိုင်းပြည်ကို နိမ့်ကျအောင် လုပ်နေသော တရုတ်နိုင်ငံမှ အရည်အသွေးနိမ့် ပစ္စည်းများကို သုံးစွဲရခြင်းမှ အမြန်ဆုံး ကင်းဝေးနိုင်ပြီး ၊ အရည်အသွေးမြင့် ပစ္စည်းများကိုသာ သုံးစွဲနိုင်ရပါလိမ့်မည်ဟု မျှော်လင့်မိပါတယ်။

လေးစားစွာဖြင့်
ကိုဇော်
21.8.2011

Share/Bookmark

15 August 2011

11 ဒလက်မဲ့ ပန်ကာ



ကျွန်တော် မြန်မာနိုင်ငံကို ပြန်ရောက်နေတုန်းက သူငယ်ချင်း တစ်ယောက်နဲ့ ပန်ကာ အသစ် တစ်မျိုး အကြောင်း ပြောဖြစ်တယ်။ ဒါပေမဲ့ အဲဒီပန်ကာက မြန်မာနိုင်ငံ ဈေးကွက်ထဲကို မဝင်သေးပါဘူး။ အဲဒီပန်ကာကတော့ လေမှုတ်ထုတ်တဲ့ “ ဒလက်မပါတဲ့ ပန်ကာ ” ( သို့ ) “ ဒလက်မဲ့ ပန်ကာ ” ပါတဲ့ဗျာ။ ဒီအကြောင်းကို ကျွန်တော် ကြားလိုက်ကတည်းက နက်ထဲမှာ ရှာကြည့်ချင်လိုက်တာ ပြောမနေနဲ့တော့။ ဒါပေမဲ့ သိတော် မူကြတဲ့ အတိုင်း မြန်မာနိုင်ငံ ကွန်နဲ့က ၊ ပြီးတော့ ကိုယ်ကလည်း စိတ်က မရှည်တော့ မရှာဖြစ်ခဲ့ဘူး။ ဒီနေ့မှ မေးလ်တစ်စောင်ကြောင့် ပြန်ပြီးတော့ သတိရလို့ နက်ထဲမှာ ရှာပြီးတော့ အားလုံးကို ဗဟုသုတ အနေနဲ့ မျှဝေ လိုက်ပါတယ်။

ဒီပန်ကာကို ဒလက်မဲ့ ပန်ကာ ( Bladeless Fan ) လို့ပဲ ခေါ်ကြပါတယ်။ တကယ်ကို ဟိုးအရင်က ပန်ကာတွေလို ဒလက်ကြီး တဝှီးဝှီး ဆိုတာမျိုး မပါတော့ပါဘူး။ ဘာဒလက်မှ မပါဘဲနဲ့ကို ပန်ကာအဝိုင်းဆီမှ လေရပါတယ်။ ဒီလို ပန်ကာ အဝိုင်းဆီကို လေရောက်လာအောင် အောက်ခြေမှ လေမှုတ်ပန့် ကနေပြီးတော့ လေတွေကို အောက်ကနေ စုပ်ပြီးတော့ အပေါ်ကို မှုတ်ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ အခု ဆိုရင် မြန်မာနိုင်ငံကို ဝင်ရောက်နေလို့ ဝယ်လို့ ရနေပြီဆိုတာ ကျွန်တော့်ဆီကို ဝင်လာတဲ့ မေးလ်တစ်စောင်ကနေပြီးတော့ သိရပါတယ်။ 

ထုတ်လုပ်တာကတော့ တရုတ်နိုင်ငံက ဖြစ်ပြီးတော့ တန်ဖိုး မြန်မာငွေ ၄ သောင်းခွဲ ကျပ် လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ တရုတ် ပစ္စည်း ဆိုတဲ့ အတိုင်း စောစောဝယ်ထားတာ အရည်အသွေး ကောင်းကောင်းကို ရပါလိမ့်မယ်။ နောက် လူသုံးများလာပြီ ဆိုရင် သိတော်မူကြတဲ့ အတိုင်း ဖြစ်ကုန်တော့မှာပါ။ တရုတ်ပစ္စည်းတွေ အကြောင်းကို ကျွန်တော် တရုတ်ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား ” ဆိုပြီးတော့ ရေးနေတာ ကြာပါပြီ။ ပြီးလည်း ပြီးခါနီးပါပြီ။ ဆက်မရေးဖြစ်ဘဲ ရပ်ထားတာပါ။ 

ဘာလို့လဲ ဆိုတော့ တရုတ်ပစ္စည်းတွေနဲ့ လုပ်စားနေကြတဲ့ ဆွေမျိုးပေါက်ဖော်တွေကို အားနာလို့ မတင်ဖြစ်တာပါ။ အခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သိပ်မကြာခင် အချိန်မှာ ကျွန်တော် တရုတ်ပစ္စည်းတွေ မြန်မာနိုင်ငံကို ဝင်ပုံ ဝင်နည်း အကြောင်းကို ဗဟုသုတ အနေနဲ့ ရေးပေးပါ့မယ်။ 

အခုတော့ ဒလက်မဲ့ပန်ကာတွေကို ဗဟုသုတ အဖြစ် ကြည့်လိုက်ကြရအောင်ဗျာ။



ဒီလိုပုံစံတွေ အစုံ ရှိပါတယ်။ 

 

ဒီလို ဘာမှ မပါတဲ့ အဝိုင်းကနေပြီးတော့ လေထွက်တာဗျ။

 

 

ဒီလို အသည်းပုံလေးတွေလည်း လာပါလိမ့်ဦးမယ်။



ပန်းသီးကို စွဲမက်တဲ့ သူတွေ အတွက် 


ရိုးရိုးပန်ကာ နဲ့ ဒလက်မဲ့ ပန်ကာရဲ့ လေထွက်ပုံတွေပါ။

သူရဲ့ လေထွက်ပုံ

 

 

လေပန့်အောက်ခြေမှ အပေါ်သို့ လေသွားပုံကို အပူလှိုင်းနဲ့ ရိုက်ထားသောပုံ

 

ဒီလို ရိုးရိုးစင်းစင်းလေးပါ



ဒီလိုဆိုတော့ ကလေးတွေ အန္တရာယ် မရှိတော့ဘူးပေါ့

 

ဂလိုလေး လေညှင်းခံလို့ ရတာပေါ့


*** တကယ်တော့ ကျွန်တော် ဓါတ်ပုံတွေ ဒီဘလော့မှာ မတင်တာ အတော် ကြာပါပြီ။ Facebook မှာပဲ သွားတင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ Facebook မှာ Friend မဖြစ်တဲ့ လူတွေ မသိမှာ စိုးလို့ ဗဟုသုတ အနေနဲ့ ဒီမှာ ဖော်ပြလိုက်တာပါ။ *** 

မှတ်ချက်။ ။ အထက်ပါ ပုံတွေ အားလုံးကို Google ကနေပြီးတော့ ရှာဖွေ တင်ပြပါတယ်။ 

လေးစားစွာဖြင့်
ကိုဇော်
15.8.2011

Share/Bookmark

21 June 2011

21 မြောက်ဥက္ကလာ စာပေဟောပြောပွဲ



မြောက်ဥက္ကလာ ( ဈ ) ရပ်ကွက်တွင် 29.5.2011 နေ့က ဟောပြောခဲ့တဲ့ စာပေဟောပြောပွဲမှာ ဆရာ အကြည်တော် ၊ ဆရာ ချစ်ဦးညို နှင့် ဆရာ ဦးအောင်သင်းတို့ ဟောပြောခဲ့တဲ့ အသံဖိုင်တွေပါ။



ဆရာ အကြည်တော်ရဲ့ ဟောပြောချက်


ဒီဟောပြောချက်လေးကို နားထောင်လို့ မရပါက ဒီနေရာ မှာ သွားရောက် နားထောင်နိုင်သလို ၊ ဒေါင်းလို့လည်း ရပါတယ်။



ဆရာ ချစ်ဦးညိုရဲ့ ဟောပြောချက်


ဒီဟောပြောချက်လေးကို နားထောင်လို့ မရပါက ဒီနေရာ မှာ သွားရောက် နားထောင်နိုင်သလို ၊ ဒေါင်းလို့လည်း ရပါတယ်။



ဆရာ ဦးအောင်သင်းရဲ့ ဟောပြောချက်


ဒီဟောပြောချက်လေးကို နားထောင်လို့ မရပါက ဒီနေရာ မှာ သွားရောက် နားထောင်နိုင်သလို ၊ ဒေါင်းလို့လည်း ရပါတယ်။



ဒီ အသံဖိုင်တွေကို DVD ကနေ MP3 ပြောင်းပြီးတော့ မအားလို့ စာမရေးနိုင်တဲ့ ကျွန်တော့်ဆီကို ပို့ပေးလာတဲ့ သူငယ်ချင်း “ အာရုဏ် ” ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်။

လေးစားစွာဖြင့်
ကိုဇော်
21.6.2011

Share/Bookmark

17 June 2011

12 ဖန်ဆင်းရှင်



ဖန်ဆင်းရှင် ၊ ဖန်တီးရှင် ဆိုတဲ့ အရာ ၊ အကြောင်းကို ပြောတိုင်း ဒီကာတွန်းလေးကို သတိတရ မှတ်မိနေစေချင်တယ်။ တကယ်ကို အနှစ်သာရ ရှိတဲ့ ကာတွန်းလေးပါပဲ။ သင်တို့ရဲ့ ဖန်ဆင်းရှင်ကရော ဘာတွေကို ဖန်ဆင်းပါသလဲ။ တကယ်လို့ သင်သာ ဖန်ဆင်းရှင် ဆိုရင် ဘယ်လို အရာတွေကို ဖန်ဆင်းချင်ပါသလဲ။

*** ပြောမယ် ဆိုရင် ပြောစရာတွေက အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ့်ဖာသာကိုယ်ပဲ တွေးယူလိုက်တာ ပိုကောင်းပါတယ်။ ပိုပြီး တန်ဖိုး ရှိတာပေါ့ဗျာ။ ***

ကျွန်တော် ကူးယူတဲ့ နေရာကတော့ ဒီဗီယိုလေးကို “ ဖန်တီးလိုက်ရင် တလွဲတွေချည်းပဲ ” လို့ ဆိုထားပါတယ်။ ဘာတွေများ လွဲနေတယ် ဆိုတာ ကြည့်ကြရအောင်လား။



ဒီနေရာမှာ ကွန်ကြောင့်ပဲ ဖြစ်ဖြစ် ၊ အကြောင်းကြောင်းကြောင့် ကြည့်လို့ အဆင်မပြေသူများ ဒီနေရာ မှာ သွားကြည့်နိုင်သလို ၊ Download လုပ်ချင်လည်း လုပ်နိုင်ပါတယ်။

Facebook တွင် China Michel တင်ထားသော ဗီဒီယိုလေးမှ ကူးယူ၍ ဖော်ပြပါတယ်။

လေးစားစွာဖြင့်
ကိုဇော်
17.6.2011

Share/Bookmark

22 May 2011

19 အပျိုကြီး တစ်ယောက်ရဲ့ “ လူ ” မှတ်စု



ကျွန်တော်တို့ အိမ်နားမှာ အပျိုကြီး တစ်ယောက်ရှိတယ်။ သူ့နာမည် ဒေါ်ကြိုင်လို့ ခေါ်တယ်။ အသက်ကတော့ အဲဒီအချိန်ကတည်းက မေမေတို့ထက် ကြီးတယ်။ ၅၀ ကျော်။ (ဘလော့ဂါ အပျိုကြီးတွေလည်း ထိုနည်း၎င်းဖြစ်မှာပါပဲ :P ) သူကတော့ “ ဖလော် ” နဲ့ ကျောင်းပြီးထားတော့ နည်းနည်းတော့ ဆန်းပြီး ၊ အတွေးတွေက များများတော့ လန်းတယ်။ ပြောလိုက်ရင်လည်း ပိဿလေးနဲ့ ဘေးပစ်။

ဒါပေမဲ့ သူက စာပေကတော့ ဝါသနာအိုး။ ဘာအိုးလည်းတော့ မသိပေမဲ့ တော်တော်တော့ ကြီးမယ် ထင်တယ်။ ဘာလို့လည်းဆို သူရေးထားတဲ့ စာတွေကလည်း အပြင်းစားတွေ ၊ ရေရော သောက်လို့ မရဘူး။ မီးတောက်။ ကျွန်တော့်ကိုတော့ တော်တော် ခင်ရှာတယ်။ တွေ့တာနဲ့ ဆံပင်ဖြူ နှုတ်ပေးဆိုတာချည်းပဲ။ အဲဒီတုန်းက ကျွန်တော်ကလည်း လူသာငယ်တာ ပိုးက မငယ်ဘူး။ စာဖတ်တဲ့ချင်တဲ့ ပိုး။

သူ့အိမ်မှာ ရေးထားတဲ့ မှတ်စုတွေ ၊ ကဗျာတွေ ၊ ဆောင်းပါးတွေ ၊ ဝတ္ထုတွေ ဆိုတာက ပွထနေတာပါပဲ။ ဒါတွေကို ကျွန်တော်က ဖတ်ခွင့်ရတယ်။ ရေးချက်ကလည်း အမြင်သစ် အတွေးသစ်တွေနဲ့။ လက်ဇောင်းကလည်း ထက်ပါ့။ တစ်ခုရှိတာက သူအရေးအသားတွေက ပြင်းတော့ အခု ကျွန်တော့်ဖာသာ ရေနည်းနည်း ရောထားတယ်ဗျာ။

အခု အောက်က စာလေးကတော့ သူရေးထားတဲ့ စာတွေထဲက တစ်ခုပါပဲ။ စာအုပ်အဟောင်းကြားထဲက ပြန်တွေ့လို့ တင်လိုက်တာပါ။ “ လူ ” ဆိုတာကို သူမြင်သလို သရုပ်ခွဲထားတယ်။ တစ်ခုခုတော့ ရလိမ့်မယ် ထင်ပါတယ်။

“ လူ ”

လောကမှာ လူအမျိုးမျိုး ၊ အထွေထွေ ရှိပါတယ်။

၁။ တချို့ ပုဂ္ဂိုလ်တွေကျတော့ မရှိသေးသော ၊ မသိသေးသော အရာများကို စိတ်ကူးဖြင့်ပင် စဉ်းစားပုံဖော် ၊ သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - နယူတန် ၊ အက်ဒီဆင် ၊ အိုင်းစတိုင်း။

၂။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေ ရေးထားတာတွေ ရေးရေးတွေ့ရှိ ထားသော စိတ်ကူးများ သဘောတရားများကို ကြီးကျယ်အောင် သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - ရိုက်ညီနောင်။

၃။ တချို့ပုဂ္ဂိုလ်တွေက တခြားပုဂ္ဂိုလ်တွေ တွေ့ရှိထားသော စိတ်ကူး သဘောတရားများကို သူတို့ကပါ ထပ်တူထပ်မျှ သိမြင်ခံစား ၊ သဘောပေါက် လွယ်ကြသည်။
ဥပမာ - သုတေသန လုပ်ငန်းများ။

၎။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးသဘောတရားများကို ပြောပြရုံဖြင့် ကြားနာခံစား ၊ သဘောပေါက် လွယ်ကြသည်။
ဥပမာ - အောက်လက်ငယ်သားမှ ခေါင်းဆောင်သို့။

၅။ တချို့လူတွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို စာအုပ်ဖတ်ရုံဖြင့် သိမြင်ခံစား ၊ သဘောပေါက်လွယ်ကြသည်။
ဥပမာ - လင်ကွန်း ၊ ဝါရှင်တန်။

၆။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို စာအုပ်အဖြစ်ဖတ်ရုံ သဘောမပေါက် ၊ ဖွင့်ဆို ရှင်းပြသွန်သင်မှ သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - ကျောင်းဆရာမှ တပည့်သို့။

၇။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးတွေကို စာအုပ်ဖတ်ခြင်း ၊ ဖွင့်ဆို ရှင်းပြသွန်သင်ခြင်း နှစ်မျိုးလုံးမှ ခပ်ရေးရေး သဘောပေါက်ကြသည်။
ဥပမာ - အသင်ရခက်သော တပည့်မျိုး။

၈။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို ဘယ်လို သွန်သင်ရှင်းပြ ရှင်းပြ ထုံပေပေ နဲ့ သဘောမပေါက်ဘူး ဖြစ်ကြသည်။
ဥပမာ - မိမိသိထားသမျှကိုသာ မှန်တယ်လို့ ထင်နေသောသူ။

၉။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို ဘယ်လို သွန်သင်ရှင်းပြပါစေ သဘောမပေါက်ရုံမက ဖြစ်နိုင်ပါမလားလို့ တွေးနေမိပြီး ကိုယ့်စိတ်ထဲက အတိုင်းသာ လက်ခံတတ်သူ။
ဥပမာ - ဆင်ကို စမ်းနေသော မျက်မမြင် ပုဏ္ဏားများ။

၁၀။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးသဘောတရားများကို ဘယ်လိုမှ သဘောမပေါက်နိုင်ရုံမျှ မက “ မဖြစ်နိုင်ဘူး ” ၊ “ မဟုတ်နိုင်ဘူး ” လို့ “ ဘူး ” ခံငြင်းဆန်တတ်သောသူ။
ဥပမာ - မိမိသိသမျှကိုသာ အယူသီးထားတတ်သူများ။

ထိုကဲ့သို့သော နံပါတ် ( ၁၀ ) မှ လူတန်းစားမျိုးကို ထိုအပျိုကြီးက ဒီလို မှတ်ချက်ပြုပါတယ်။  

*** ဖင်လှန်ပြတောင်မှ ဖင်မှန်းမသိ ၊ ဖင်မှန်းသိတာတောင်မှ ဖင်နှုတ်ခမ်းမှာ ဘာရှိမှန်း မသိဘူး။ အိတ်ရှုံ့မှတ်လို့ ပိုက်ဆံ ထည့်နေတယ်။ ***


လေးစားစွာဖြင့်
ကိုဇော် တင်ပြသည်။
25.2.2010

Share/Bookmark

20 April 2011

13 “ ရသ ” ကွန်ယက်



တကယ်တော့ ဒီလိုစာကို လုံးဝကို မရေးချင်ပါ။ သို့သော် ပေးထားမိသော ကတိ ၊ တိုက်တွန်းကြသော သူများ ၊ ဘယ်လိုလဲ ဟုဆိုကာ တောက်ပစွာ ကြည့်နေသော ခပ်စိမ်းစိမ်း မျက်ဝန်းများကြောင့် ချရေးကြည့် လိုက်ပါတယ်။ ပြည့်စုံအောင်တော့ ဖြစ်နိုင်လိမ့်မည် မထင်ပါ။ သို့သော် တစ်စုံတစ်ခုတော့ မြင်သာလိမ့်မည် ဟုသာ ယူဆမိပါတယ်။

သေချာတာ တစ်ခုတော့ ရှိပါသေးတယ်။ ဒါကတော့ ဒီလိုစာမျိုးဟာ ရေးပြီးလို့ တစ်မိနစ် စွန်းသွားရင်တောင်မှ Up To Date ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဘာလို့လဲ ဆိုတော့ အရာရာဟာ တားဆီးလို့ မရအောင် ဆက်လက်ချီတက် လည်ပတ်နေလို့ပါပဲ။



နာမည်မကျော်ကြားခဲ့သော စာရေးဆရာကြီး တစ်ယောက်ရဲ့ စာပေအပေါ်ကို ရှု့မြင်မှု များစွာထဲမှ တစ်ချက်ကို ဆွဲထုတ်ကာ ပြောပြလိုပါတယ်။ ဒီစကားလေးက သူ့စကားလေး ပေမဲ့ နောက်ပိုင်းမှာ တခြား စာရေးဆရာတွေရဲ့ စကားအဖြစ် ကျော်ကြားပါတယ်။ ဒီစကားလေးက ဒီလို ဆိုတယ်။

“ ဝတ္ထု ဆိုတာ ချစ်သူ နှစ်ဦး နမ်းကြသလိုပဲ။ အပေး ၊ အယူ မျှဖို့တော့ လိုတယ်နော်။ ”

လို့ ဆိုပါတယ်။ သူ့ရဲ့ ဆိုလိုရင်းကတော့ ချစ်သူနှစ်ဦး အပေးအယူ မျှမျှ နမ်းကြသလို ဝတ္ထုတစ်ပုဒ် ဆိုတာကလည်း စာရေးသူ နဲ့ စာဖတ်သူ အပေးအယူ မျှဖို့ လိုပါတယ် . . .တဲ့။ သူ့ရဲ့ သြဇာ အာဏာ သက်ရောက်လှတဲ့ စကားလေးပါ။ နှစ်ပေါင်း ရာနဲ့ချီပြီးကို တည်တံ့ခဲ့ပါတယ်။

ဒါပေမဲ့ . . အခုခေတ်မှာတော့ အတော်ကို ပြောစရာ ဖြစ်လာပါပြီ။ ပြောစရာတွေကလည်း ရှိလာပါတယ်။ အခုခေတ်ဟာ ရှေးခေတ်ကလို အဋ္ဌာရသ ( ၁၈ ) ရပ်ကို ကုန်စင် တတ်မြောက်အောင် သင်ကြားရသော ခေတ်မဟုတ်တော့ပါ။ သုံးနှစ် သုံးမိုး အဋ္ဌာရသ ( ၁၈ ) ရပ်ကို သင်ကြားပြီး လေးနဲ့မြားကို ကျောမှာ ပိုးကာ မြင်းကြီးကို စီး ၊ လေလေး တရွှီးရွှီး ချွန်ရင်း တောအုပ်ကို ဖြတ်ပြီး အိမ်ပြန်လာ ၊ ဘီလူးတွေ ဘာတွေ နဲ့တွေ့ ၊ ဘီလူးတွေနဲ့ ပညာချင်းပြိုင်ကာ သတ်ပုတ် ၊ မိဘတွေ ရှိရာ နေပြည်တော်ကို ပြန်ပြီး ဘုရင်လုပ် ၊ မင်းပြုရတဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။

အဲဒီခေတ်ကတော့ လူတွေရဲ့ အာရုံခံစားမှုက နည်းပါသေးတယ်။ မြစ်ကျယ်မှာ ဟင်္သာဦးကင်း ဖောင်တော်နဲ့သွား ၊ သပြေသီးတွေ ရေထဲ ကြွေကျ ၊ ဒါကို ငါးကြီးက ခုန်ဟပ် ၊ ထိုမှထွက်သော အသံ “ ပလုတ် တုပ် တုပ် ဗြုန်း  ” ဆိုသော အသံကို အခြေပြုကာ သံစဉ်တွေ တည်ဆောက်ရသော ခေတ်လည်း မဟုတ်တော့ပါဘူး။ ခေတ်ပေါ်သီချင်းတွေမှာ ပရစ်အော်သံတွေ ၊ ဖားအော်သံတွေ ၊ သစ်တောက်ငှက်ရဲ့ အစာရှာသံတွေ ၊ လင်းဝက်ငှက်ရဲ့ အော်မြည်သံတွေ ၊ လေချွန်သံတွေ ၊ တောက်ခတ်သံတွေ ၊ လက်ဖြောက် ( လက်ဖျစ် ) တီးသံတွေ  . . . . . အစရှိသော အသံတွေကို ထည့်သွင်းလာတဲ့ ခေတ် ဖြစ်နေပါပြီ။ ဒါကိုကလည်း ခံစားမှု တစ်ခု အနေနဲ့ ပိုပြီး ပီပြင်လာပါတယ်။

အဋ္ဌာရသ ( ၁၈ ) ပါး ( သို့ ) အဋ္ဌာရသ ( ၁၈ ) ရပ် လို့ လူသိနေတဲ့ ထိုပညာတွေရဲ့ ( ၁၈ ) ရပ် ဆိုတာလောက်နဲ့ပဲ ဒီအတိုင်းပဲ ရပ်သွားပါသလား။ တကယ်တော့ မဟုတ်ပါ။ စွင့်ထွား ဖွံ့ဖြိုး တိုးတက်လာသော လူ့ဦးနှောက်ကို လိုက်၍ ဆက်ကာ ဆက်ကာ တီထွင် ကြံဆကြပါတယ်။ ဒါပေမဲ့ ငါသာ မင်းလောင်း ထီးဖြုဆောင်း ဆိုသူတွေက နောက်ထပ် ဆင့်ပွားလာကာ သူတို့ရဲ့ မူလလမ်းစဉ်ကို ပျောက်ပျက်သွားမှာ မလိုလားကြပါဘူး။ ဒါကြောင့် ငါက ထီးဖြူဆောင်း ဆိုရင် ထီးဖြူပဲ ဆောင်းရမယ် ဆိုပြီး နောက်တက်တွေရဲ့ အတွေးအခေါ် ဦးထုပ်တွေ ၊ ခေါင်းစွပ်တွေကို လျစ်လျူရှု့ခဲ့ကြတယ်။

ဟိုးအရင်ခေတ်ကတော့ အဋ္ဌာရသ ( ၁၈ ) မျိုးထဲပေါ့။ ဒီ ( ၁၈ ) မျိုးကို တတ်ရင် အဲဒီခေတ်မှာ ဘုရင်တောင်မှ လုပ်လို့ ရပြီ။ အခုခေတ်မှာတော့ ဒီလို မဟုတ်တော့ဘူး။ ပညာရပ်တွေက တမျိုးတည်းကိုတောင်မှ အရမ်းကို ကျယ်ပြန့်လာပါတယ်။ လူတစ်ယောက်က ပညာရပ်ကြီး ( ၁၈ ) မျိုးလုံးကို တတ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ ပညာရပ်တွေကလည်း တမျိုးတည်းကနေ တခြားတမျိုးကို ပေါင်းစပ်ကာ ထွေးရော ယှက်တင် ဖြစ်လာခဲ့တယ်။ ဇီဝဗေဒ ကနေ ရုက္ခဗေဒ ၊ သတ္တဗေဒကို ကွဲ ၊ နောက်တော့ ရူပဇီဝဗေဒ ဆိုပြီး ထပ်ပေါင်း ၊ ဓါတုဇီဝဗေဒ ဆိုကာ ပေါ်လာ ၊ စွမ်းအင်ဓါတုပညာ အစရှိသဖြင့် ပို၍ နက်ရှိုင်းကာ ကျယ်ပြန့်လာခဲ့တယ်။

ဟိုခေတ်ကတော့ ဘာမှ မရှိပါဘူး။ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှ သဟဇာတ ကျသော စာပေတွေကို ထုတ်ယူရေးသားကာ ဘုရင်တစ်ဆူလို ဖြစ်နေနိုင်ပါတယ်။ အခုခေတ်မှာတော့ ကိုယ်ကျင်လည်နေရာ အုန်းမှုတ်ခွက် သေးသေးလေးနဲ့ မလုံလောက်တော့ပါဘူး။ ငါကွ ဆိုပြီး အမိုးထိနေလို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ခက်တာက လူတွေမှာ ( အထူးသဖြင့် ) ကျွန်တော်တို့ မြန်မာတွေမှာ ပညာရပ်တွေကို မှတ်တမ်း မှတ်ရာတွေနဲ့ သုတေသန ပြုမှုက နည်းပါးလေတော့ ကြားဖူးတယ် ဆိုရင်တောင်မှ အားလုံးဟာ နားဝမှာသာ ကုန်ဆုံး ကျန်နေခဲ့ပါတော့တယ်။



ဟိုတလောက သူငယ်ချင်း တစ်ယောက်နဲ့ ဟိုရောက်ဒီရောက် ပြောဖြစ်လိုက်ပါသေးတယ်။ ထူးထူးဆန်းဆန်း မဟုတ်ပေမဲ့ တိတိကျကျ ကျွန်တော်က မေးဖြစ်လိုက်တယ်။ ဒါပေမဲ့ မေးခွန်းလေးက ရိုးရှင်းပါတယ်။

“ ရသ ဆိုတာ ဘာလဲ။ ”

ဆိုပြီး ပေါ့ပေါ့ပါးပါး မေးလိုက်တာပါ။ သူကလည်း မနားတမ်းကို တောက်လျှောက် ရွတ်ပြသွားပါတယ်။ အောက်ပါ အချက်များကိုပေါ့။

(၁) သိင်္ဂါရ ရသ (ချစ်ခင်ခြင်း)
(၂) အဗ္ဘုတ ရသ  (အံ့သြခြင်း)
(၃) ဝီရ ရသ (ရဲရင့်ခြင်း)
(၄) သန္တ ရသ (တည်ငြိမ်ရင့်ကျက်ခြင်း)
(၅) ကရုဏာ ရသ (သနားကြင်နာခြင်း)
(၆) ဝိဘစ္ဆ ရသ (ရွံ့ရှာစက်ဆုတ်ခြင်း)
(၇) ဘယနက ရသ (ကြောက်ရွံ့ထိတ်လန့်ခြင်း)
(၈) ရုဒ္ဒ ရသ (ရုန့်ရင်းကြမ်းတမ်းခြင်း)
(၉) ဟာသ ရသ (ပြုံးရယ်ခြင်း)

ဆိုပြီး သူက ရွတ်ပြပါတယ်။ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဆိုတော့ ကျွန်တော်ကလည်း နည်းနည်းတော့ ထပ်ပြီး အထွန့်တက် လိုက်မိပါတယ်။

“ ဒါဆိုရင် မင်းကို ငါ နောက်ထပ် ထပ်ရွတ်ပြမယ်။ ဒါတွေကရော ဘာတွေလဲ။ ”

ဆိုပြီး အောက်က အချက်တွေကို ဆက်ရွတ်ပြမိပါတယ်။

(၁) ရတိဠာယီဘာဝ (အမျိုးသမီး၊ အမျိုးသားချစ်ကြိုက်ခြင်း)
(၂) ဟသဠာယီဘ၀ (ပြုံးရယ်ခြင်း)
(၃) ကောဓဠာယီဘာဝ (အမျက်ဒေါသ ကြမ်းကြုတ်ခြင်း)
(၄) ဥသဟဌာယီဘာဝ (ရဲရင့်ခြင်း)
(၅) ဘယဌာထိဘာဝ (ကြောက်ရွံ့ခြင်း)
(၆) ဇိရုစ္ဆယဌာယီဘာဝ (ရွံ့ရှာစက်ဆုတ်ခြင်း)
(၇) ၀ိမှယဌာယီဘာဝ (အံ့သြခြင်း)
(၈) သောကဌာယီဘာဝ (ကြောင့်ကျ ကြင်နာခြင်း)
(၉) သမဌာယီဘာဝ (ရင့်ကျက် ငြိမ်သက်ခြင်း)

ဆိုပြီး ကျွန်တော် ရွတ်ပြပြီးတော့ သူက အဲဒါ ဘာတွေလဲ လို့ ပြန်မေးပါတယ်။ ကျွန်တော်က အများကြီးလည်း သူများကို သိပ်ရှင်းပြတတ်သူ မဟုတ်ပါ။ ဒါကြောင့် တိုတိုပဲ ပြန်ပြောပြမိတယ်။

“ ရသရဲ့ မိခင် ”  လို့။ ဒါလေးပါပဲ။ သူက ဘယ်လောက် နားလည်လိုက်လည်း မသိပေမဲ့ ကျွန်တော်လည်း ဆက်ပြီး မပြောပြဖြစ်တော့ပါဘူး။ ဆွေးနွေးတယ် ဆိုပေမဲ့ အဓိက အားဖြင့် ကျွန်တော်က နွားကျောင်းသား လိုပဲ ဖြစ်နေတာ များပါတယ်။ အခုလည်း သူနဲ့ ကျွန်တော် ခဏငြိမ်နေပြီးတော့ ကျွန်တော်ကပဲ ဆက်မေးဖြစ်တယ်။

“ ရသ ကိုးပါး ဆိုပြီး အတည်တကျ ဖြစ်မလာခင်မှာ ရသ ဘယ်နှစ်ပါး ရှိလဲ သိလား။ ”

ဒီတော့ သူကလည်း ခပ်မြန်မြန်ပဲ ပြန်ဖြေပါတယ်။

“ မသိဘူး။ မင်း သိရင် ပြော . . . . ”

ကျွန်တော်လည်း သိပ်တော့ သိလှတာ မဟုတ်ပါ။ ဒါပေမဲ့ နည်းနည်းတော့ ကြားဖူးထားလို့ သူ့ကို ကျွန်တော် သိထားတဲ့ အတိုင်း ပြောပြဖြစ်ပါတယ်။

“ တကယ်တော့ လူတွေ ပြောပြောနေတဲ့ ရသ ကိုးပါး ဆိုပြီး အတည် မပြုနိုင်သေးတဲ့ အချိန်မှာ လူတွေ အသုံးများပြီး တွင်ကျယ်တဲ့ ရသက ( ၄ ) မျိုးပဲ ရှိတယ်။

အမျက်ထွက်ခြင်း = ရုဒ္ဒရသ
စက်ဆုပ်ခြင်း = ဝိဘစ္ဆရသ
သနားခြင်း = ကရုဏာရသ
ကြောက်ရွံ့ခြင်း = ဘယာနကရသ

ဆိုတဲ့ ရသ ( ၄ ) မျိုးပါပဲ။ ဒါနဲ့ပဲ ကျင်ကျင်လည်အောင် သုံးစွဲနေခဲ့ကြပြီး နောက်တော့မှ ရသ ကိုးပါးရယ် ဆိုပြီး အတည်ပြုလိုက်ကြတာပါ။

ဒါပေမဲ့ . . . .

တကယ်တမ်း ပြောရမယ် ဆိုရင် ရသ ကိုးပါး ဆိုတာ မှားပါတယ်။ တကယ်တော့ ရသ ဆိုတာ ကိုးပါး ဆိုပြီး မရှိပါဘူး။ ရသ ဆိုတာ ရသ ဆိုပြီး ရသ တစ်မျိုးတည်းသာ ရှိတာပါ။ ဒါဆိုရင် အပေါ်မှာ ရေးပြထားတဲ့ ရသ ကိုးပါး ဆိုတာ ဘာလဲ လို့ မေးစရာ ဖြစ်လာပါတယ်။

ဟုတ်ပါတယ်။ တကယ်တော့ လူတွေ ပြောပြော နေတဲ့ ရသ ကိုးပါး ဆိုတာ မှားပါတယ်။ တကယ့် အမှန်စစ်စစ်က ရသ ကိုးပါး မဟုတ်ပါဘူး။ “ ရသမုခ ကိုးပါး ” ပါ။ ရသ ဆိုတာကတော့ တစ်မျိုးပဲ ရှိပါတယ်။

ရသ ဆိုတာကို ခံစားမှု လို့ ပြေပြစ်အောင် အနက်အဓိပ္ပါယ်ဖွင့်ဆိုမယ် ဆိုရင် . . .

မုခ ဆိုတာ မျက်နှာ ( သို့ ) လားရာ အရပ်မျက်နှာ ( သို့ ) ဝင်ပေါက်ထွက်ပေါက် လို့ ဆိုရမှာပါ။

ဒီတော့ ရသမုခ ဆိုတာ ရသရဲ့ မျက်နှာပြင် ( သို့ ) ရသဆီသို့ သွားရာ လမ်းကြောင်း ( သို့ ) ရှေးရှု့ရာ ဝင်ထွက်ပေါက် လို့ ဆိုရမှာပါ။ ဒါပေမဲ့ ကာလရွေ့လျောကာ “ ရသမုခ ” ဆိုပြီး အရှည် မခေါ်ကြတော့ဘဲ “ ရသ ” ၊ “ ရသ ” လို့ ဆိုရင်း ထို ရသမုခ ကိုးပါးကနေ ရသ ကိုးပါး ဆိုပြီး ဖြစ်ပေါ်လာတာပါ။

တကယ်တော့ ( အမှန်စစ်စစ်တော့ ) ရသ ဆိုတာ တစ်မျိုးတည်းပဲ ရှိတာပါ။ ထိုရသ ဆိုသော ခံစားမှုကို ဝင်ရောက်ရာ လမ်းကြောင်း ( သို့ ) ရသ သို့ ချဉ်းကပ်ရာ မျက်နှာပြင် ( သို့ ) ရသ သို့ ရှေးရှု့ရာ မျက်နှာစာ အဖြစ် ရသမုခ ကိုးပါး ဆိုပြီး လမ်းကြောင်း ဖောက်ထားခဲ့တာပါ။

ကျွန်တော်တို့ အားလုံးဟာ ဒီ ရသမုခ ကိုးပါး ဆိုသော လမ်းကြောင်းကနေပြီးတော့ ရသ ဆီကို ချဉ်းကပ်ကာ ခံစားကြပါတယ်။ ထိုက်သင့် သလောက်လည်း ရသကို ခုံမင်စွာ ခံစားကြရပါတယ်။ ဒါပေမဲ့ ရသ တစ်ခုကို ခံစားရတဲ့ အခါမှာ ဘယ်လောက်များ ကိုယ့်ရဲ့ ရင်ထဲကို ( မညာကြေး ) ခံစားရမိလဲ ဆိုတာကတော့ ကိုယ့်ဖာသာကိုယ် အသိဆုံးပဲ နေမှာပါ။ တစ်ခါတလေ ပြည့်ပြည့်ဝဝ ခံစားကြရပေမဲ့ တစ်ခါတလေတော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရမိတတ်ပါတယ်။

ဒီတော့ ဒီနေရာမှာ အထက်က ဆရာကြီးရဲ့ စကားက အရေးပါ လာပါတော့တယ်။ ဒီဆရာကြီး ပြောသလိုသာ ဆိုရင် ဝတ္ထု ဆိုတာ ရေးသူ နဲ့ ဖတ်သူ လိုက်ဖက် ညီနေမှ လို့ ဆိုတယ်။ တကယ်တော့ ရေးသူ နဲ့ ဖတ်သူ လိုက်ဖက်ညီဖို့ ဆိုတာ အတော်ကို မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဂမ္ဘီရ ဝတ္ထု ကြိုက်သူကို အချစ်ဝတ္ထု ပေးဖတ်ပြီး ၊ အချစ်ဝတ္ထု ကြိုက်သူကို စုံထောက် ဝတ္ထု ပေးဖတ်မယ် ဆိုရင်တော့ ဘယ်တော့များမှ ရသ ဆိုတာကို ခံစားလာရလိမ့်မယ် မဟုတ်တော့ပါ။

တချို့လည်း ဒီနေရာမှာ ထင်တတ်ကြပါတယ်။ ရသ ဆိုတာ ရင်ကွဲနာ ကျနေရမယ် လို့ ထင်တတ်ကြတယ်။ ဒါကြောင့် ထိုသူတို့ ဖန်တီးသော ဝတ္ထု ၊ ဇာတ်လမ်းများမှာ စာဖတ်သူရဲ့ မျက်ရည်တွေကို ချူယူနေမိတတ်ကြတယ်။ ရသ ကိုးပါး ဆိုပြီး အတည်တကျ ဖြစ်မလာခင်မှာ အဦးဆုံး ဖြစ်တည်ခဲ့တဲ့ ရသ လေးမျိုးနဲ့ ဟိုးရှေးခေတ်က ဝတ္ထု ၊ ဇာတ်လမ်းတွေကို တည်ဆောက်ပါတယ်။ ထိုခေတ်က ဝတ္ထုတွေမှာတော့ ဒေါသထွက်စရာ ပါမယ် ၊ စက်ဆုပ်ရွံရှာ စရာ ပါမယ် ၊ သနားဖွယ်ရာ ပါမယ် ၊ ထိတ်လန့် ကြောက်ရွံစရာ ပါမယ်။ ဒီလိုမျိုးနဲ့သာ ဝတ္ထုတစ်ပုဒ်ကို တည်ဆောက်ကြပါတယ်။

နောက်ပိုင်းကျတော့မှ လူတွေရဲ့ ခံစားမှုက ပို၍ ပို၍ ကျယ်ပြန့်လာကာ တိုးတက်လာခဲ့တယ်။ ဒီနောက်မှာတော့ ရသ ဆိုသော ခံစားမှုကို သွားရာ လမ်းကြောင်း  ကိုးမျိုးဖြင့် တိတိကျကျ သတ်မှတ်လိုက်ကြပါတယ်။ ဒါကလည်း တကယ်တော့ နှစ်ပေါင်း များစွာ တိုင်ခဲ့ပါပြီ။ အဋ္ဌာရသ ( ၁၈ ) ရပ်ကို နှိုက်နှိုက်ချွတ်ချွတ် သင်ယူရတဲ့ ခေတ်ကာလက လို့ ဆိုရမှာပါ။

အခု ခေတ်မှာတော့ လူတွေရဲ့ ရသ ဆီသို့ သွားရာလမ်းကြောင်းက ကိုးမျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး။ အရင်ခေတ်ကာလကတော့ ရသမုခ ကိုးပါးတည်းနဲ့ လုံလောက်ချင် လုံလောက်ပါလိမ့်မယ်။ အခုခေတ်မှာတော့ ပို၍ ပို၍ ကျယ်ပြန့်သထက် ကျယ်ပြန့်ကာ ၊ တစ်ခုနဲ့ တစ်ခုလည်း ဆက်သွယ် ၊ ယှက်နွယ် လာကြပါပြီ။ ထွေးရော ယှက်တင် ဖြစ်လာကြပါပြီ။

အရင်ကလို ရသ ဝတ္ထု ဆိုတာ ရင်ကွဲနာကျအောင် ခံစားရမှ ၊ ဂရုဏာသက်ပြီး ဝမ်းနည်းနေရမှ ၊ တုန်လှုပ်ခြောက်ခြား နေရမှ မဟုတ်တော့ပါဘူး။ ဘာမှန်း မသိအောင် ပုံဖော်လို့ မရတဲ့ ခံစားမှုလေး တစ်ခုကို ပေးနိုင်တာကိုက ရသ တစ်ခု ဖြစ်လာခဲ့ပါပြီ။

ဒီနေရာမှာ ကျွန်တော် “ ကိုကြည်နိုင် ( ကျုံတိုင်းရွာ ) “ ရေးတဲ့ ဝတ္ထုလေး တစ်ပုဒ်ကို သွားသတိရမိပါတယ်။ ဝတ္ထုရဲ့ အစ နဲ့ အလယ်အထိ ဘာကိုဆိုလို့ ဘာကိုမှန်း ခန့်မှန်းလို့ မရပါဘူး။ အရာဝတ္ထုလား ၊ လူလား ၊ သက်ရှိလား ၊ သက်မဲ့လား မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ ထိုအရာဟာ စွန့်စားမှု တစ်ခု အတွက် အားထုတ်ကြိုးပမ်းနေရတယ် ဆိုတာကိုသာ ခံစားလို့ ရပါတယ်။ ခံစားရမိစေပါတယ်။ နောက်ဆုံး ထိုအရာလေးရဲ့ စွန့်စားမှု အောင်မြင်သွားတယ် ဆိုတော့မှ ထိုအရာလေးကို ဘာလဲ ဆိုတာ ပုံပေါ်လာပါတော့တယ်။

ထိုအရာလေးကတော့ ရေအောက်မှာ ရှိနေတဲ့ လေပူဖေါင်းလေး တစ်လုံးပါ။ ရေအောက်ကနေ ရေပေါ်ကို တိုးတက်သွားပြီး ရေမျက်နှာပြင်ကို ထိတွေ့တဲ့ အခါမှာတော့ သူက သူ့ရဲ့ စွန့်စားမှု အောင်မြင်သွားတဲ့ အကြောင်းကို အသံပြုပါတယ် “ ဖျပ် ” တဲ့။ တကယ်တော့ ဘာဆို ဘာမှ မဟုတ်ဘူး ဆိုပေမဲ့ ဒါဟာ “ ရသ ” ပါ။ ဒါဟာ “ ခံစားမှု ” တစ်ခုပါ။ ဒါဟာ အိုဟောင်း ဆွေးမြေ့နေတဲ့ ကျွန်တော့် ပတ်ဝန်းကျင်အတွက် ခံစားမှု အသစ် တစ်ခုပါ။ ဆရာ ကိုကြည်နိုင် ( ကျုံတိုင်းရွာ ) ကတော့ ဒီဝတ္ထုတိုလေးကို “ ကျနော် ၊ ခင်ဗျား ၊ သူ . . . အားလုံး အတူတူပါပဲ ” ဆိုပြီး ဝတ္ထု ခေါင်းစဉ် ပေးထားပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။

ဒီဝတ္ထုလေးကို ဖတ်ပြီးတော့ အထက်က လူတွေ ပြောပြောနေတဲ့ ရသ ကိုးပါးထဲက ဘယ်အရာနဲ့များ ချိန်ထိုးချင်ပါသလဲ။ ဟိုးအရင်ခေတ်ကလို မကျဉ်းမြောင်းတော့သော ခံစားမှုတွေထဲမှာ ဒါဟာလည်း နောက်တိုး ရသမုခ တစ်မျိုးပါပဲ။ ရသ ဆီသို့ သွားရာ လမ်းကြောင်း အသစ်လေး တစ်ခုပါ။ ကျွန်တော်တို့ လက်သင့်ခံပြီး နွေးထွေးစွာ ကြိုဆိုသင့်ပါတယ်။



ကျွန်တော့်မှာ သူငယ်ချင်း တစ်စုံ တစ်တွဲ ရှိတယ်။ သူတို့ နှစ်ယောက်က ကိုးတန်း ကျောင်းသူ ၊ ကျောင်းသား ဘဝကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ကို တခြားသော သူငယ်ချင်းတွေက မှတ်ချက် အမျိုးမျိုး ပေးကြတယ်။

တချို့က “ နင်တို့ စုံတွဲက အေးချမ်းတယ် ”  လို့ဆိုတယ်။
တချို့က “ နင်တို့ စုံတွဲက ပျင်းစရာကြီး ” လို့ ဆိုတယ်။
တချို့က “ နင်တို့ကတော့ ဒီကမ္ဘာမှာ နင်တို့ပဲ ရှိတယ် လို့ ထင်နေတာလား ” ဟု ဆိုတယ်။
တချို့က “ ဘီးမပါတဲ့ ကျောက်လှည်းကြီး ” လို့ ဆိုတယ်။

ဒီလို သူငယ်ချင်းတွေ မှတ်ချက် အမျိုးမျိုး ပေးပေမဲ့ သူတို့ကတော့ ဒီလိုပဲ ပုံမှန် ဖြတ်သန်းသွားကြတာပါပဲ။ အခုတော့လည်း သူတို့ နှစ်ယောက် လက်ထပ်ပြီး အတူတူ ဘဝ တစ်ခုကို တည်ထောင်နေကြပါပြီ။ အတော်ကြာပြီးတဲ့ တစ်နေ့မှာ သူတို့နဲ့ ကျွန်တော် ပြန်ဆုံဖြစ်တော့ သူတို့က ကျွန်တော့်ကို မေးတယ်။

“ မင်း . . . ငါတို့နဲ့ ကျောင်းတက်လာသမျှ အချိန်တွေမှာ သူများတွေကသာ ငါတို့ စုံတွဲကို မှတ်ချက်တွေ အမျိုးမျိုး ပေးကြတာ ၊ မင်းကတော့ ဘာမှတ်ချက်မှ မပေးဘူး။ ငါတို့ စုံတွဲနဲ့ ပတ်သတ်ပြီး မင်းက ဘာခံစားမှုမှ မခံစားရလို့လား။ ”

လို့ မေးလာတယ်။ သူတို့က ဒီလိုမေးတော့ ကျွန်တော် သေသေချာချာ ပြန်ပြုံးပြီး ပြောလိုက်ပါတယ်။

“ ခံစားရတာပေါ့ကွာ။ နင့်နင့်နဲနဲကို ခံစားရမိပါတယ်။ ”

“ ဒါပေမဲ့ . . . မင်းဆီက ငါတို့နဲ့ ပတ်သတ်ပြီး လုံးဝ မှတ်ချက် မထွက်လာခဲ့ဖူးဘူး။ အခု ပြောစမ်းပါဦး။ မင်း ငါတို့ စုံတွဲအပေါ်မှာ ဘယ်လို မှတ်ချက် ပေးချင်လဲ။ ”

သူတို့က ဒီလို မေးလိုက်တော့မှ ကျွန်တော်လည်း ရုတ်တရက် ဘယ်လို ပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားမိတယ်။ နောက်မှ အရင်က ခံစားရတာကို စိတ်ထဲမှာ ပြန်နွေးပြီး ပြောချလိုက်ပါတယ်။

“ မင်းတို့ စုံတွဲကို ငါမြင်ရတာ အေးချမ်းမှု ဘေးက လူဆီကို ဖြာထွက်စေတယ် လို့ပဲ ပြောတတ်တယ်။ တစ်ခု ရှိတာက မင်းတို့ စုံတွဲရဲ့ အချစ်က ပူလောင်စေတာမျိုး မဟုတ်ဘဲ ၊ မင်းတို့ကို ဘေးက မြင်နေသူပါ မင်းတို့ကို ကြည့်ပြီး တငွေ့ငွေ့ ပျော်ရွှင်ကြည်နူးစေတာပါပဲ။ တခြား စုံတွဲတွေလို မင်းတို့ စုံတွဲကို မြင်ရတာ ကလက်ခြင်းမရှိဘူး။ တည်တည်ငြိမ်ငြမ်နဲ့ အေးအေးချမ်းချမ်း ဖြစ်နေတယ် လို့ ဘေးက လူကပါ ခံစားရတယ်။ ”

ကျွန်တော် ဒီလိုပဲ ပြန်ဖြေလိုက်မိပါတယ်။ တကယ်လည်း သူတို့ စုံတွဲက ကျောင်းတတ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီလိုပဲ အေးချမ်း တည်ငြိမ်ခဲ့တာပါပဲ။ ပြီးတော့ သူတို့ရဲ့ အေးချမ်းမှုက အနီးနားမှာ ရှိနေတဲ့ လူတွေဆီကိုပါ ကူးစက်စေပါတယ်။

ကျွန်တော် ဘာဖြစ်လို့ အခု သူတို့ အကြောင်းကို ထည့်ရေးပြီး ဥပမာ ပေးရတာလည်း ဆိုတော့ သူတို့ နှစ်ယောက်ရဲ့ အချစ်အကြောင်းကို ပုံပေါ်အောင် ဝတ္ထုရေးမယ် ဆိုကြပါစို့။ လူတွေ ပြောပြောနေတဲ့ အထက်က ရသ ကိုးပါးထဲက ဘယ်အချက်နဲ့ ပေါ်လွင်အောင် ရေးနိုင်ပါမလဲ။ ချစ်ခင်ခြင်း ရသ နဲ့လား ၊ မဟုတ်သေးပါ။ သူတို့ရဲ့ အချစ်က ဒီလိုမဟုတ် ၊ ဒီထက်ပို၍ အဆင့်မြင့်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ကို ပုံပေါ်အောင် ရေးမယ် ဆိုရင် အထက်က ရသမုခ  ကိုးပါးနဲ့ ကိုက်ညီတော့မှာ မဟုတ်ပါဘူး။

ဒါဆို သူတို့နှစ်ယောက်ရဲ့ အချစ်ကို စာဖတ်သူ ခံစားမိသောအခါမှာ တခြားသော ရသမုခ တစ်မျိုး ထပ်ဖြစ်လာပါလိမ့်မယ်။ ဒါကပဲ မူလ အရင်း အမြစ် ဖြစ်ရာ “ ရသ ဆိုသော ခံစားမှု ” ဆီကို ဦးတည်သွားမှာပါ။ လူတွေ ပြောပြောနေတဲ့ ရသ ကိုးပါး ( သို့ ) ရသမုခ ကိုးပါးနဲ့ အံမဝင်လို့ ဒါဟာ ရသ မမြောက်ဘူး လို့ ဆိုရင်တော့လည်း ကျွန်တော် ဝမ်းလည်း မသာ ၊ ဝမ်းလည်း မနည်းဘဲ ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေရမှာပါပဲ။



ကျွန်တော်တို့ အခု ပတ်ဝန်းကျင်မှာ ဖတ်နေရတဲ့ ရသ ဆိုသော ခေါင်းစဉ် အောက်မှ စာများဟာ လူတွေ အပြောများနေတဲ့ ရသ ကိုးပါးထဲကို အတင်းထိုးထည့်ကာ ရေးနေကြပါတယ်။ တကယ်တော့ ထိုခေတ် ထိုအခါက ပြုစုထားတဲ့ ရသမုခ ကိုးပါး (သို့) ရသဆီိသို့ ချဉ်းကပ်ရာ လမ်းကြောင်း ကိုးသွယ်နဲ့ ရေးမှ ရသမြောက်မယ် လို့ မြင်နေကြလို့ ဖြစ်ပါတယ်။

အခုခေတ်မှာလို အရာရာ ကျယ်ပြန့်လာတဲ့ ခေတ်မှာတော့ ရသ ဆီကို သွားရာ လမ်းကြောင်းတွေကလည်း အဋ္ဌာရသ ( ၁၈ ) ရပ်ကို သင်သော မင်းညီမင်းသားများလို မဟုတ်တော့ဘဲ ၊ သက်ဆိုင်ရာ ဘာသာရပ်တွေမှာတင် များစွာသော အပိုင်းခွဲတွေ ပေါ်ထွက်လာကာ ကျယ်ပြန့်လာခဲ့ပါပြီ။ လူတွေရဲ့ သိ မြင် ခံစားမှုတွေကလည်း ပိုပြီးတော့ ကျယ်ပြန့်ကာ နားလည် လွယ်လာကြပါပြီ။

ဒါကြောင့် ရသ ဆိုတာ လူတွေ ပြောပြောနေသလို ရသ ကိုးပါး ဆိုပြီးကာ လှေနံ ဓါးထစ် ထားသလောက် ရှိတာ မဟုတ်ပါ။ တကယ်တော့ ရသ ဆိုတာ တစ်မျိုးပဲ ရှိပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်ကတော့ “ ခံစားမှု ” လို့ပဲ အနက်ဆိုချင်ပါတယ်။ လူတွေ အပြောများနေတဲ့ ရသ ကိုးမျိုး ဆိုတာ “ ရသမုခ ကိုးမျိုး ” သာ ဖြစ်ပါတယ်။ ရသမုခ ဆိုတာကလည်း ရသဆီသို့ ဝင်ရောက်ရာ လမ်းကြောင်းတွေပါ။

ကျွန်တော်တို့ ဘောလုံးပွဲ ကြည့်ဖို့ ဘောလုံးကွင်းထဲကို သွားတယ်ပေါ့။ ဒီဘောလုံးကွင်း ဆိုတာက ရသ ဆိုတဲ့ ခံစားမှု တည်ရှိရာ နေရာပါ။ ဒီဘောလုံးကွင်းထဲကို လေယာဉ်ပျံပေါ်ကနေ လေထီးနဲ့ပဲ ခုန်ချ ၊ ခုန်ချ။ ရဟတ်ယာဉ်နဲ့ပဲ ဘောလုံးကွင်းထဲကို ဆင်းဆင်း ၊ ကားစီးပြီးတော့ပဲ လာလာ ၊ ရထားစီးပြီးတော့ပဲ လာလာ ၊ ဆိုင်ကယ်စီးပြီးတော့ပဲ လာလာ ၊ စက်ဘီး စီးပြီးတော့ပဲ လာလာ ၊ ဒါမှမဟုတ် အေးအေးလူလူ လမ်းလေးပဲ လျှောက်ပြီးလာလာ ၊ အဓိက က ဘောလုံးကွင်းကို ရောက်ဖို့ပဲ မဟုတ်လား။

ဘောလုံးကွင်းကို ရောက်ပြီ ဆိုရင်လည်း တောင်ဘက် ပေါက်ကပဲ ဝင်ဝင် ၊  မြောက်ဘက်ပေါက်ကပဲ ဝင်ဝင် ၊ ဘယ်ကနေပဲ ဝင်ဝင် ၊ ဘယ်အတန်းမှာပဲ ထိုင်ရ ထိုင်ရ . . . အဓိက က ဘောလုံးကွင်းထဲကို ရောက်ဖို့က အဓိက မဟုတ်ပါလား။ ရသ ဆိုတာကလည်း ဒီလိုပါပဲ။ ဘယ်လို မုခ နဲ့ပဲ ဝင်လာလာ အဓိက က “ ရသ ” ဆီကို ရောက်ဖို့ပဲ မဟုတ်ပါလားဗျာ။

အရာ အားလုံးဟာ အခုခေတ်မှာ သီးခြားဆီ ရှိမနေတော့ဘဲ ၊ အားလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်သွယ် ယှက်နွယ်ပြီးတော့ ကွန်ယက် သဏ္ဌာန်ကို ဆောင်နေကြပါပြီ။ ဝတ္ထုတစ်ပုဒ်မှာတင် တွေးစရာ ၊ ငေးစရာ ၊ ဆွေးစရာ ၊ ရယ်စရာ ၊ ငိုစရာ ၊ ကြောက်စရာ ၊ ပျော်စရာ ၊ ထိတ်လန့်စရာ ၊ ဝမ်းနည်းစရာ ၊ အံ့သြစရာ ၊ သနားစရာ ၊ ရဲရင့်စရာ ၊ ဂရုဏာသက်စရာ စသဖြင့် ရသမုခ ပေါင်းများစွာဖြင့် တန်ဆာဆင်ကာ ခံစားနိုင်ကြပါပြီ။

ဒါကြောင့် အခုခေတ် ဝတ္ထု ၊ စာတွေကို ကျွန်တော့်ကတော့ “ ရသကွန်ယက် ” စာများလို့သာ ပုံပမာ ပြုချင်မိပါတော့တယ်။   ။ 




*** ဒီလို အကြောင်းအရာမျိုးက တစ်နေရာတည်း ၊ တစ်ချိန်တည်းမှာ ရေးလို့ ပြီးတဲ့ အကြောင်းအရာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် အခုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီ။ အခွင့်အခါ ရှိရင် ထပ်ရေးပါ့မယ်။ အခု ရေးသမျှကလည်း နောက်ထပ် တစ်မိနစ်နေရင်တောင်မှ Up To Date ဖြစ်ချင်မှ ဖြစ်တော့မှာပါ။ ဘာလို့လဲ ဆိုတော့ အရာရာဟာ တိုးတက်ပြောင်းလဲ နေလို့ပါပဲ။ ဘယ်အရာကိုမှ အသေချုပ်ကိုင်ထားလို့ ရနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။ ***

>>> ကျွန်တော် စာလုံးပေါင်းတွေ မှားနေရင် ပြောသွားကြပါဦး။ အနီးအနားမှာ ကျမ်းတွေက ကိုးကားစရာ မရှိလို့ပါ။ <<<

လေးစားစွာဖြင့်
ကိုဇော်
20.4.2011

Share/Bookmark