မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 January 2010

1 နှမ်း

.

ကျွန်တော့်တို့ အမျိုးထဲမှာ အမြဲဗျစ်တောက်ဗျစ်တောက်ပြောတတ်တဲ့
အဒေါ်အပျိုကြီး တစ်ယောက်ရှိတယ်..။ နေရာတကာလဲပါတယ်...။ သူကို အားလုံးက ဒေါ်လေးလို့ ရှေ့တင် ခေါ်ပြီး နောက်ကွယ်မှာတော့ အပျိုကြီး ပဲခူးဆား လို့ခေါ်ကြတယ်...။ သူကလည်းသူပဲလေ...။ နေရာတကာပါတယ်...။ အားလုံးကလည်း သူ့ကို ကြောက်ကြတယ်လေ..။ ဒါပေမဲ့...ဒီအထဲမှာ ကျွန်တော်မပါဘူး...။

ကျွန်တော်ကလည်း မဟုတ်ရင် မဟုတ်သလို ပြန်ပြောတတ်တယ်လေ...။
သူကလည်း ကျွန်တော့်ကို ဆို သေချာမှ ပြောတတ်တယ်...။ ဟီး..........မဟုတ်ရင် ကျွန်တော်ကလည်း နားရွက်ဆွဲလည်း ခံပြောတာပဲလေ..။

တစ်နေ့တော့......
သူနဲ့ ကျွန်တော် ဒီလို ပြောစရာ ဖြစ်လာခဲ့ပြန်တယ်..။ တကယ်တော့ .......... စဖြစ်နေတာက အကို ဝမ်းကွဲနှစ်ယောက်က စဖြစ်နေတာပါ..။ သူတိုအချင်းချင်း ရန်ဖြစ်တာကို အဒေါ် ဒီ အပျိုကြီးက ရှင်းပေးနေတယ်..။ ထုံးစံအတိုင်း မပြီးနိုင်တဲ့ ဆုံးမစကားတွေရောပြောရင်းပေါ့........။ ဒီလို အချိန်ဆိုရင် သူ့အနားမှာ ဘယ်သူမှ မနေရဲဘူး..။ ကိုယ့်ကိုပါ အမူပတ်မှာ စိုးလို့လေ...။ ကျွန်တော်ကတော့ သူ့မကြောက်တဲ့သူဆိုတော့ အနားမှာပဲလေ...။ သူဆုံးမ စကားတွေထဲမှာ......အချင်းချင်းညီညွတ်ဖို့ပြောရင်း ဒီစကားလေးကို ထည့်ပြောတယ်..။

“ မှတ်ထား...ငါ့တူတို့ရယ်...အချင်းချင်း ရန်ဖြစ်မနေနဲ့...။ အချင်းချင်းညီညွတ်မှာ သူများက မဝင်နိုင်မှာလေ..။ မင်းတို့ကြားဖူးတယ်..မဟုတ်လား...။ နှမ်းတစ်စေ့ နဲ့ဆီ မဖြစ်ဘူးဆိုတာလေ...။ ဒါကြောင့် အားလုံးစုစုစည်းစည်းနေကြ...၊ ကြားလား....။ ”

ဒီလိုပြောပြီး ...ဟိုကောင်တွေကလည်း ငြိမ်နားထောင်နေတာဆိုတော့... သူက အောင်နိုင်သူ အပြုံးနဲ့ ရင်ကော့ထွက်သွားတယ်.။ သိတယ် မလား။ အပျိုကြီးတွေ ရဲ့ ပုံစံလေ...။ သူထွက်သွားပေမဲ့...၊ သူပြောတာတွေကို ကျွန်တော့်နားထဲက မထွက်ဘူး...။

အကို နှစ်ယောက်ကတော့ နားထဲမရှိတဲ့ အပြင် နောက်ရန်ဖြစ်ရင် သူဆုံးမမှာကို ကြောက်တာနဲ့တင် ရန် မဖြစ်ရဲမှာ မဟုတ်ဘူးလေ...။
ဒါနဲ့ ..........ကျွန်တော် လက်တွေ စမ်းကြည့်ဖြစ်တယ်....။ အိမ်က မီးဖိုထဲမှာ ရှိတဲ့ မေမေ လက်ဖက်သုတ် တဲ့ နေရာက နှမ်းထုပ်ထဲက နှမ်းတစ်စေ့ကို ယူပြီး ကျွန်တော့် လက်သည်းခွံပေါ်ကို သန်းတုပ်သလို တင်ပြီးတုပ်ကြည့်လိုက်တယ်..။

ဟာ......

မယုံရင် လုပ်ကြည့်ကြပါ...။
တကယ်ပါဗျာ...ဆီထွက်တယ်.....။ ဆီဖြစ်ပါတယ်ဗျာ...။တကယ်တော့......... နှမ်းတစ်စေ့က ဆီ မဖြစ်တာ မဟုတ်ပါဘူးဗျာ....။ ဖြစ်တဲ့ဆီက မစားလောက်တာပါ...။

ဒါနဲ့...နောက်နေ့ကျတော့ အဒေါ်အပျိုကြီးကို ကျွန်တော့်တွေ့ရှိချက်ကို ပြောပြတာပေါ့ဗျာ..။ ဒီတော့.....သူက

“ အမလေး....တော်တော် ကပ်သတ်တဲ့....အကောင်...”

ဆိုပြီး နားရွက်ဆွဲ ပြီး ဖေဖေနဲ့တိုင်တော့တာပဲဗျာ...။ ဖေဖေကတော့ ကျွန်တော်ရှင်းပြတာကို သဘောပေါက်ပါတယ်..။ တကယ်တော့ ...ကျွန်တော်ရှင်းပြတာကို သူလည်း သဘောပေါက်ပါတယ်။ သူ လက်မခံတာပါဗျာ...။ ဒီအချိန်ကစပြီး ကျွန်တော် စကားပုံဆိုတာတွေကို ကျွန်တော် ကိုယ်တိုင် ဝေဖန်ဆန်းစစ်ပြီးမှ လက်ခံတယ်ဗျာ..။သူများပြောတိုင်း ကျွန်တော် လက်မခံချင်ဘူး...။

ကျွန်တော်ပြောတာ မယုံရင် သူငယ်ချင်းတို့ လက်တွေ့ စမ်းကြည့်ပါဗျာ...။ နှမ်းလေး တစ်စေ့ကို လက်သည်းခွံပေါ်မှာ တင်ပြီး သန်းတုပ် သလို တုပ်ကြည့်ပါ...။ ဆီ ကိုတွေ့ရမှာပါ။ ဆီဖြစ်ပါတယ်..။ ဒါပေမဲ့...သုံးလို့တော့ မလောက်ဘူးပေါ့လေ...။

ကိုဇော်

http://zaw357.multiply.com/journal/item/305/305
မှာ 16.5.2009 ကရေးထားတာပါ။

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ဟာဟ သူပြောမှဘဲ နှမ်းစေ့ကို မရမက လိုက်ရှာပြီး စမ်းကြည့်ရမလိုလို.... နှမ်းစေ့အလွယ်တကူ မရှိတဲ့နေရာမှာ ဘာစေ့နဲ့များစမ်းရင် အဆင် ပြေမလဲ.. အကြံပေးပါဦး.... နေကြာစေ့ဆိုရင်ရော?