မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


Showing posts with label အမေ. Show all posts
Showing posts with label အမေ. Show all posts

09 May 2010

21 အမေ့ လက်ရာ


နိဒါန်း

မြစ်တစ်စင်းရှိတယ်။ အဲဒီမြစ်ကို လူတွေ သိပ်မသိကြသလို သိပ်လည်း သတိမထားမိတတ်ကြဘူး။ ဘာလို့လည်း ဆိုတော့ အဲဒီမြစ်က အရေအတွက် နည်းလို့ပါပဲ။ ဒါပေမဲ့ အဖိုးတန် ဆိုတဲ့ အရာတွေ အားလုံးကလည်း အရေအတွက် နည်းကြတယ် မဟုတ်လား။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~



“ စားလို့ မကောင်းဘူး အမေ။ ”

ရင်ထဲက ပြောမိတယ်။

ဒါ  မေမေ ချက်တာမှ ဟုတ်ရဲ့လားလို့တောင်မှ  ပြန်တွေးမိတယ်။ အရင်ကလို အာခေါင်ထဲက လှိုက်ပြီး ပါးစောင်ရိုးတွေ အထိ ထွန့်ထွန့်လူးပြီး အကြောတွေ စိမ့်တတ်လာအောင် ခံစားဖူးခဲ့တဲ့ အရသာတွေ မရ။ ဖွယ်တယ်တယ် ၊ ပေါ့ရွှတ်ရွှတ်ကြီး လိုပါပဲလား။

သား ပါးစပ်ကပဲ ပျက်တာလား။ မဟုတ်သေးပါဘူး မေမေရယ်။ သား ကွမ်းမှ မစားတာ မေမေ အသိ။ ကွမ်းစားပြီး ဟိုနေရာ တစ်ပစ်ပစ် ၊ ဒီနေရာ တစ်ပစ်ပစ် လိုက်ထွေးနေတဲ့ လူတွေကို သား အရမ်းမုန်းတာ မေမေလည်း သိတာပဲ။ သားပါးစပ်တွေ အရင်ကလို မဟုတ်တော့တာလား။ ထားလိုက်ပါတော့လေ။ ဒီအမေ ၊ ဒီထမင်း ၊ ဒီဟင်းတွေနဲ့ သားဝေးနေခဲ့ရတာ ၄ နှစ်ရှိသွားပြီကိုး။ 

သားပါးစပ်တွေ တခြား အစားအစာတွေ စားတာ ကြာသွားလို့ ဒီလို အရသာ မဲ့ကုန်တာလား။ ဒါလည်း မဟုတ်သေးဘူး မေမေ။ သားဖာသာ တူးတစ်ခါ ၊ ငန်တစ်လှည့် ၊ ပေါ့တစ်ကြိမ် ၊ သိုးတစ်ဖန် ဒါနဲ့ပဲ  အရင်က မေမေချက်ကျွေးခဲ့တဲ့ မြန်မာဟင်း အတိုင်းပဲ ကိုယ့်ဖာသာ ချက်စားခဲ့တာပါ။

ဘာလို့များလဲ မေမေရယ်။ 

အင်းလေ . . ထားပါတော့ သားပါးစပ်တွေပဲ ပျက်နေတာ နေမှာပါ။ မနက်ဖြန်မှ ဒီနားပတ်ဝန်းကျင်က အရင် သား စားနေကြ အသုတ် ၊ မုန့်ဟင်းခါး ၊ မုန့်တီ ၊ ဝက်ဆီဖတ် ၊ ရွှေကြည် စနွင်းမကင်း ၊ ကြေးအိုး သွားသောက်ဦးမှ ပါပဲ။ သား ပါးစပ်တွေ ဒီလောက်တောင်မှ ပျက်ကုန်ပြီလား။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~



သား ဘဝမှာ အဖွားချက်တာက လွဲပြီး မေမေချက်တာပဲ စားဖူးခဲ့တယ်။ ဘယ်သူချက်တာမှ ကြာရှည် မစားဖူးသေးပါ။ သူများဆီမှာ စားဖူးတာ ဆိုလို့ အမျိုးတွေဆီ သွားလည်ရင် စားဖူးမယ်။ အလှူအိမ်တွေမှာ စားဖူးမယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေ အိမ်မှာ ခေါ်လို့ စားဖူးမယ်။ အဲဒီ အကြိမ်တွေက လွဲလို့ သား ဘဝမှာ ဘယ်သူချက်တာမှ မစားဖူးခဲ့တာ မေမေလည်း သိတာပဲ မေမေ။ အဲ. . ဟိုးအရင် နှစ်ပေါင်းများစွာကတော့ လပေါင်း ၂၀ လောက် ကုလားမကြီး ထမင်းဆိုင်ကနေ ဝယ်စားခဲ့ရဖူးတယ်လေ မေမေ မှတ်မိတယ် မဟုတ်လား။

သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါမှာ . . . .

“ ငါ့ အမေက ကြာဇံချက် ချက်တာ အရမ်းကောင်းကွ ”
“ ငါ့အမေရဲ့ ကုလားဟင်းချက်တာ အရမ်းကောင်းတယ်။ ”
“ ငါ စားဖူးသမျှထဲမှာတော့ ငါ့အမေ လက်ဖက်သုတ် အကောင်းဆုံး ”

ဒီလို ခပ်ကြွားကြွား ပြောဖူးသလို သူငယ်ချင်းတွေ အိမ်ကို ထမင်း လိုက်စားပြီးရင်လည်း သူတို့ကပါ ဝိုင်းပြီး ထောက်ခံ ပေးသွားခဲ့ကြတယ်လေ။ ဒါပေမဲ့ သား ဘဝမှာ အကြိုက်ဆုံး ဟင်းက “ ချဉ်ပေါင်ရွက်ကြော် ” ဆိုတာလည်း မေမေသိတယ်။ အဲဒီ ချဉ်ပေါင်ရွက်ကြော် တစ်ကျပ်ဖိုး ဆိုတာနဲ့ ထမင်းတစ်နပ်ကို မျိုချခဲ့ရတဲ့ လပေါင်း ၂၀ လောက်က သားကို တစ်သက်လုံး ချဉ်ပေါင်ရွက်ကြော် ကြိုက်သွားစေတာပဲ မေမေရဲ့။

“ အရည်သောက် မပါရင် နင်တယ် မေမေရာ။ ”

လို့ အမြဲတမ်း သားက ဂျီကျတတ်ပေမဲ့ ချဉ်ပေါင်ရွက်ကြော်နဲ့ ဆိုရင်တော့ ကျွန်တော် ဘယ်တော့မှ မငြင်းမိခဲ့။ သား မျိုကျခဲ့တယ်။ ဖေဖေကတော့ လောကမှာ ထမင်း ဟင်း ချေးအနည်းဆုံးလူ တစ်ယောက်ပါ။ ဘာဟင်း စားချင်တယ် လို့ သားတစ်သက် တစ်ခါမှ ပြောတာ မကြားဖူးသူ တစ်ယောက်။ အရည်သောက် မပါရင် ဖေဖေကလည်း သားလို မစားတတ်ပေမဲ့ သားလိုတော့ ဖေဖေက ဂျီမကျ။ အရည်သောက် မပါရင် ဖေဖေက သူ့ဖာသာ အရည်သောက် ဖြစ်အောင် လုပ်စားတယ်။ နောက်ဆုံး ဘာမှ မရှိရင် ထမင်းထဲကို ရေလောင်းထည့်ပြီး စားတယ်။

ဒါပေမဲ့ ဖေဖေ့ကိုလည်း သား နားမလည်ဘူး။ ဖေဖေလုပ်ငန်း စလုပ်တော့ ဖေဖေ့ အစ်ကိုတွေ ဝင်သမျှ ဝင်ငွေတွေကို သူတို့ သိမ်းထားပြီး သူတို့ စားသောက်ဆိုင်မှာ စားနေတဲ့ အချိန်မှာ သားတို့ကျတော့ အချိုးကျ မဟုတ်တဲ့ လခကိုပဲ ရတယ်။ ဒါကြောင့်လည်း သား တစ်နေ့ကို နေ့လည် တစ်ကျပ် ၊ ည တစ်ကျပ်ဖိုး ချဉ်ပေါင်ကြော် ဝယ်ပြီး စားရင်း သား ချဉ်ပေါင်ကြော် ကို ဘိန်းစွဲစွဲသလို စွဲလမ်းနေအောင် စားခဲ့ရတယ်။ သူတို့ကျတော့ . . . . . . . . . . . . . . .

ဒီအချိန်မှာ အဖွားကတော့ သူ့ထုံးစံ အတိုင်း ငါးပတ်အူတို့ ၊ ငါးသလောက်ဥ တို့ ဒါတွေကို ချက်တယ်။  သူကလည်း ဒါပဲ စားတတ်တာ။ အဖွားက သူ့အထည်ဆိုင်က ဝင်ငွေက ကောင်းနေတာကိုး။ ထမင်းစားချိန် ကုလားမကြီး ဆိုင်က ချဉ်ပေါင်ကြော် တစ်ကျပ်ဖိုး ပြေးဝယ်ပြီး သား စားနေချိန်မှာ သားသိတယ် မေမေကတော့ မျိုမကျဘူး။ တစ်အိမ်ထဲနေပြီး အိုးခွဲချက်စားတဲ့ အဖွားဟင်းအိုးထဲက ဟင်းတွေကို မေမေ မြင်နေတယ် မဟုတ်လား။

“ မစားနဲ့ မေမေ မစားနဲ့ ” သား ဒီလို ပြောပေမဲ့ မေမေ နားမထောင်ဘူးနော်။ သား ပန်းကန်ထဲ အဖွား လာထည့်ပေးပေမဲ့ သား ဘယ်တုန်းက ယူစားလို့လဲ။ သားက ခပ်ရွတ်ရွတ်ဆိုတော့ သွန်ပစ်လို့ အဖွားလည်း နောက် လာမထည့်ပေးတော့ဘူး။ ဘာဖြစ်လဲ သားဖာသာ ကုလားမကြီးဆိုင်က ချဉ်ပေါင်ကြော် နဲ့ စားမယ်။ မေမေ့ဟင်းချက်ရင် မေမေ့လက်ရာ မှ စားမယ်။

ဖေဖေ လုပ်ငန်းက ရှယ်ယာ မခွဲသေးလို့ပါ မေမေရာ။ ခဏတော့ စောင့်ပါ။ အဖွားဟင်းတွေတော့ သွားမစားနဲ့။ ဒါပေမဲ့ တစ်လမှာမှ ၅ ရက်လောက်သာ ချက်စားဖြစ်ခဲ သား နဲ့ မေမေ အတွက် မေမေချက်တဲ့ ဟင်းတွေက ကောင်းတယ် ၊ မေမေ ဘာပဲ ချက်ချက်ပေါ့။ မေမေကြော်ပေးတဲ့ ချဉ်ပေါင်ကြော်ကလည်း ကုလားမကြီး ဆိုင်က ကြော်တဲ့ ချဉ်စုပ်စုပ် ချဉ်ပေါင်ကြော်ထက် စားကောင်းပါတယ် မေမေရဲ့။

အခိုက်အတန့်လေးမှာပဲ သားတို့ ဒီလို စားနေရတာလေ မေမေ။ အဖွားဟင်းတွေကို မျက်စောင်းတောင်မှ သွားမထိုးနဲ့ မေမေ။ ဒါပေမဲ့ မျိုမကျတဲ့ ထမင်းတွေကို နယ်ဖတ်နေတဲ့ မေမေ့လက်တွေကို သား မြင်တော့ စိတ်မကောင်းဘူး မေမေရယ်။ မေမေ့ထမင်းပန်းကန်ထဲမှာ သားလည်း ဟင်းကောင်းကောင်း ထည့်ထားပြီး မေမေ နယ်ဖတ်စားနေတာ မြင်ချင်တာပေါ့။ ဒီအခိုက်အတန့်လေးပါ မေမေ . . ခဏလေးပါ . . ခဏလေးပါပဲ။ ထမင်းတွေ မကုန်ပဲ ထထသွားတတ်တဲ့ မေမေ့ကို မြင်တော့ သား စိတ်မကောင်းဘူး မေမေရာ။ သားက အခုမှ အသက် ၉ နှစ်အရွယ်ပါ။ သား ဒီထက် ပိုက်ဆံ ပိုရအောင် မေမေနဲ့ ဝိုင်းရှာမယ် မေမေ။.

အဲဒီနေ့ကတော့. . . . 

“ မေမေ ဘာချက်လဲ။ ”

“ သားပဲ. . .ကြက်သား ချက် ဆိုလို့ ချက်ထားတာလေ။ ”

“ သြ . . ဟုတ်သားပဲ။ မေ့သွားတယ်။ ”

မေမေ့ကို စားစေချင်လို့ ကြက်သား ချက်ခိုင်းရတာ သားတို့ ကြက်သား ချက်မစား ဖြစ်တာ တစ်နှစ်ကျော်ပြီ မေမေနော်။ အခု သားပြောသလို ဈေးထဲမှာ အင်ဖက် ရောင်းရုံတင် မကဘူး။ ကြက်သွန်ဖြူပါ တွဲရောင်းလိုက်တော့ သားတို့ ပိုပြီး ဝင်ငွေ ရလာတယ် မဟုတ်လား။ ဖေဖေပေးတဲ့ လခ ဆိုတာ ဘာမှမှ လုပ်မရတာပဲ မေမေရယ်။ ဖေဖေ့ကိုလည်း သား အားမရဘူး ဘာလို့ သူ့ညီအစ်ကိုတွေကို ညှာနေတာလဲ မသိဘူး။ သား သူတို့ အိမ်မှာ ညအိပ်တုန်းကလေ သူတို့ အိမ်က မီးဖိုက ပင်ကူအိမ် တွယ်နေတယ်။ ဒယ်အိုးက ဖုံတတ်နေတယ်။ ဒန်အိုးက ပေါက်နေတယ် မေမေ။

မေမေ သိရင် စိတ်ဆင်းရဲ ရမှာ စိုးလို့ သား မပြောတာ မေမေ။ သူတို့ ဘယ်ချက်စားမလဲ မေမေရာ။ လုပ်ငန်းက ရလာတဲ့ ဝင်ငွေတွေက သူတို့ လက်ထဲမှာလေ။ ဒီအထဲက သုံးနေရတော့ သူတို့ အဖို့ တစ်နေ့ သုံးလိုက်တာတွေက သုံးယောက် ဘုံထဲက မဟုတ်လား။ ဒါတွေနဲ့ သူတို့ ချက်မစားပဲ စားသောက်ဆိုင်ကိုပဲ ကားလေးနဲ့ ထွက်ထွက် စားနေတာ မေမေရ။ အဲဒီနေ့က သား ညအိပ်တော့မှ သိခဲ့ရတယ်။ ဖေဖေပြောသလို လုပ်ငန်း အရှိန်ယူနေတုန်းမို့ပါ မေမေရာ။ ဒါကြောင့် သားတို့ ဖာသာပဲ ရုန်းကန်ကြမယ်။ အဖွားကျွေးတာကို သွားမစားနဲ့။ သားတို့ အခုလို ပိုကြိုးစားပြီး မေမေ့ကို ဟင်းကောင်းတွေ ချက်ကျွေးမယ်. . နော် . . . မေမေနော်။

ဒီနေ့ တစ်နှစ်ကျော် မစားရတဲ့ ကြက်သားဟင်းမို့ မေမေကလည်း လက်စွမ်းပြ ချက်ထားပုံ ရတယ်။ မေမေ့လက်ရာ ကောင်းလိုက်တာ မေမေရယ်။ သား စားကောင်းတာထက် မေမေ အားရပါးရ စားနေတာကို သားပိုပြီး အားရှိတယ်။ အဲဒီနေ့က မေမေ ထမင်းနှစ်ခါတောင်မှ ထည့်တယ်လေ။ ဖေဖေ့ဆီကို ထမင်းသွားပို့တော့ ဖေဖေက အလုပ်မှာပဲ နစ်မြှုပ်လို့။ ဖေဖေ့လောက် သူ့ညီအစ်ကို မောင်နှမတွေ အပေါ်မှာ အနစ်နာခံတာ ဖေဖေပဲ ရှိတယ်။ အတူတူ အချိုးကျကို ဖေဖေချည်းပဲ လုပ်နေရတာပါပဲလား။

အဲဒီနေ့က ဖေဖေကလည်း မေမေ့လက်ရာ ကြက်သား ဟင်းကို စားလို့ ကောင်းမှာပါ။ ဒါပေမဲ့ နောက်ရက်တွေကတော့ ဖေဖေ့အတွက်သာ မေမေ့လက်ရာကို ထမင်းချိုင့်ပို့ရတာ သားကတော့ ကုလားမ ဆိုင်က ချဉ်ပေါင်ကြော်ကိုပဲ ဟင်းလုပ်စားခဲ့ရတယ်။ သား မေမေ့လက်ရာ ကိုပဲ အမြဲ စားချင်တာပေါ့ မေမေရာ။ ဒါပေမဲ့. . . . .သား ဒီအခိုက် အတန့်မှာ စားကောင်းခဲ့အောင် စားခဲ့ပါတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~


ဒီနေ့တော့ သား အရမ်းပျော်တယ် မေမေ။ ဖေဖေက သူ့အစ်ကိုတွေနဲ့ လုပ်ငန်းခွဲလာပြီး သားတို့ဖာသာ လုပ်ဖို့ ရှယ်ယာတွေရော ၊ လုပ်ငန်းပစ္စည်းတွေရော ခွဲခဲ့ကြတယ်။ လက်ရှိ အလုပ်က ဝင်ထားတဲ့ ငွေတွေကိုလည်း တစ်ခါတည်း ခွဲခဲ့တယ်။ ဖေဖေ လက်ထဲမှာ ငွေတွေ အများကြီးပဲ မေမေရေ။ မေမေ ထမင်းချည်းပဲ နယ်ပြီး မျိုချလို့ မရတဲ့ ဟင်းတွေ မစားရတော့ပါဘူး။ ဒါပေမဲ့ သားကတော့ ချဉ်ပေါင်ကြော်ကို စွဲနေပြီ။ ကုလားမကြီးဆိုင်က ချဉ်ပေါင်ကြော်ထက် မေမေကြော်တဲ့ ချဉ်ပေါင်ကြော်က ပိုကောင်းတာပဲ မေမေရာ။ အခု ဖေဖေဆီမှာ ပိုက်ဆံတွေ ရှိတော့ ဟင်းတွေလည်း ကောင်းကောင်းချက်စားရပြီလေ မေမေ။

သား ကုလားမကြီးဆိုင်မှာ ချဉ်ပေါင်ကြော် ဝယ်စားခဲ့ရတဲ့ လပေါင်းက နောက်တော့လည်း သားဘဝမှာ ဘာမှ မဖြစ်ခဲ့သလိုပါပဲလား။ ဝေတိမှုန်ဝါးလို့ . . ။ ချဉ်ပေါင်ကြော် စားချင်တယ် မေမေလို့ ဂျီကျပြီးတော့ကို မေမေ့ဆီက တောင်းဆိုမှ မေမေက ချဉ်ပေါင်ကြော် ကြော်ကျွေးရလောက်အောင်ကို သားတို့ အိမ်မှာ ဟင်းတွေက လျှံပယ်လာပြန်တယ်။ ဖေဖေ့ လုပ်ငန်းက ကိုယ့်ဖာသာ ဖြစ်သွားပြီကိုး မေမေရဲ့။ အခုတော့ သားလည်း ကုလားမကြီးဆိုင်ဘက်ကိုလည်း ခြေဦး မလှည့်ဖြစ်တော့ပြန်ဘူး။ တစ်ခါတစ်လေ အဲဒီကုလားမကြီးဆိုင် ရှေ့က ဖြတ်မိရင်တော့ သတိရမိသား မေမေရေ။ ဟိုတစ်ခါက ဆို ကုလားမကြီးက “ ကန်လေး နင် ပျောက်နေတယ်နော ” တဲ့။ သားကို လှမ်းပြောသေးတယ်။

အခုကျတော့ မေမေချက်သမျှ မေမေ့လက်ရာ တွေက အကုန် စားကောင်းတာပါလား မေမေ။ မေမေချက်သမျှ မှာတော့ သား အကြိုက်ဆုံးက ကုလားဟင်း ၊ ကြာဇံချက် ၊ ငါးခေါင်းဟင်းချို ၊ လက်ဖက်သုတ် ၊ ချဉ်ပေါင်ကြော်။ သား က ဒီလိုတောင်မှ စဉ်းစားထားတာ မေမေရ။ မေမေ မရယ်နဲ့နော်။ သား မိန်းမယူရင်တောင်မှ မေမေဆီမှာ ချက်ပြုတ်နည်း အရင် သင်ခိုင်းမယ်လို့  အဲဒီလိုကို စဉ်းစားထားတာ။ ဟော . . မေမေ့ကို ပြောမိတော့ မေမေ ပြောရင်း ဆိုရင် မေမေ ရယ်နေပြီ မလား။ တကယ်ပါဗျ ဒီလို လုပ်ချင်တာ  . . . ။

ဒီလို မေမေ့လက်ရာ တွေကို  သားစားလာခဲ့တာ နှစ်ပေါင်း ၁၅ နှစ်လောက်ကြာမှ သား အပြင်ထွက်ဖို့ သူငယ်ချင်း တစ်ယောက်နဲ့ ချိတ်ပြီးပြီး ယောင်ဝါးဝါး ထွက်လာခဲ့မိတယ်လေ။ အဲဒီတုန်းက မေမေချက်ပြီး ထည့်ပေးလိုက်တဲ့ ငါးခြောက်ထောင်းကြော်တွေ ၊ ကြာကြာခံအောင် လို့ ဆိုပြီး နေလှန်းပြီးမှ ကြော်ပေးလိုက်တဲ ချဉ်ပေါင်ရွက်ကြော်တွေ သား နှစ်လလောက်ကို စားခဲ့ရတာ။ တကယ်ကို အများကြီးကိုး။ ဒါပေမဲ့ . . . ဒါပေမဲ့ မေမေ. . ။ သား “ မေမေ့လက်ရာ ”  ကို နောက်ဆုံး စားခဲ့ရတာ မဟုတ်ဘူးလား။

ဟုတ်ပါတယ် . . သား မေမေ့စစ်စစ်ရဲ့ မေမေ့လက်ရာ ကို နောက်ဆုံး စားခဲ့ရတာပါ။

ဒီကြားထဲမှာ မေမေနဲ့ ဖုန်းပြောဖြစ်တိုင်း မေမေပြောလေ့ရှိတဲ့ “ ကုန်ဈေးနှုန်းတွေ တတ်တယ် သားရေ။ ဒူးရင်းသီး တစ်လုံး ရှစ်ထောင် ဖြစ်နေပြီ ၊ အလုံးကြီးရင် တစ်သောင်း  ” ဆိုတဲ့ မေမေ့ စကားတွေကြောင့် မေမေ့ကို သားက စားစေချင်လို့ “ မေမေ . . သားကို ယတြာချေပေးပါ။ ဒူးရင်းသီး လှူပေးပါ အလုံးကြီးကြီးနော်။ ” “ မေမေ  . သားကို ဖရဲသီး လှူပေးပါ။ ” “ သားကို နာနတ်ယိုလေး လှူပေးပါ။ ” ဆိုပြီး သားလှူခိုင်းခဲ့တာတွေက မေမေ့ကို စားစေချင်လို့ လုပ်ခိုင်းခဲ့တာတွေချည်းပဲ မေမေ။ ဘုရားလှူပြီးရင် လွှင့်ပစ်ရတာမှ မဟုတ်တာ မေမေရယ်။ ဒါ သား တမင် လှူခိုင်းခဲ့တာပါ။

အခုတော့ . . .  သား အချိန် မစေ့သေးပဲ ပွဲရပ်ခံလိုက်ရသူလို ရုတ်တရက်  အိမ်ပြန်လာတော့ ရင်မှာ ဟာတယ်။ မိသားစုတွေ စိတ်ဝမ်းကွဲပြား ၊ စီးပွားရေးတွေ ပါး ၊ လုပ်ငန်းတွေ ပျက်ပြား ၊ သားလည်း တော်တော် စိတ်တွေ ချောက်ခြားသွားတယ်။ ဒါကပဲ သား လျှာအရသာတွေကို ပျက်ပြားသွားစေတာလား။ သားကြိုက်မှန်း သိတဲ့ ချဉ်ပေါင်ကြော် ၊ ကုလားဟင်း နဲ့ ငါးတံခွန်ခြောက်ကြော် ထားတယ်တဲ့။ ဒါပေမဲ့ သား စားလို့ မကောင်းဘူး မေမေ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

မနက် သားစားနေကျ အသုတ်ဆိုင်ကလည်း သူ့လက်ရာက ဒီအတိုင်းပဲ မေမေ။ သူ့မုန့်ဟင်းခါးကလည်း ဒီအတိုင်းပဲ မေမေ။ ကျန်တဲ့ ကျန်နေတဲ့ ၄ နှစ်တာ ဝေးကွာ သွားကြတဲ့ သားစားနေကြ အရာတွေကလည်း ဒီအတိုင်းပဲ မေမေ။ သူတို့ အရသာ မပြောင်းလဲ ကြဘူး။ သားအတွက် သိသိသာသာ ပြောင်းလဲ သွားတာ “ မေမေ့လက်ရာ ” တစ်ခုတည်းပါပဲ။ မေမေ . . . မေမေ အရင်ကလို ဟင်းချက်ချိန်မှာ မေမေ့ စိတ်တွေ ဘယ်ကိုများ ရောက်ကုန်လို့လဲ မေမေ။

မေမေ့ ကုလားဟင်းကလည်း အရင်ကလို အရသာ မရှိတော့ဘူး။ မေမေချဉ်ပေါင်ကြော်ကလည်း မျှစ်နဲ့ ချဉ်ပေါင်ကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နဲ့ ဆီ ရောမွှေထားတဲ့ မွှေကြော် တစ်ခု ဖြစ်နေပြီ။ လက်ဖက်သုတ်တော့လည်း အရင်ကလို အစာပလာ စုံအောင် ဆိုတဲ့  အရင်ကလို မေမေ့စိတ်တွေ မရှိတော့ဘူး။ လက်ဖက်သုတ်ထဲမှာ ခရမ်းချဉ်သီးလည်း မပါ။ လက်ဖက်ကလည်း ချဉ်စပ်မဟုတ်ရင် သားမှ မစားတတ်တာ။ ဒါတွေ မေမေ မေ့ကုန်ပြီလား မေမေရယ်။ မေမေ့လက်ရာတွေ သား ဘယ်မှာ သွားပြန်ရှာယူရမလဲ။ အရင်လို မေမေ့လက်ရာ ထမင်းဝိုင်း တစ်ဝိုင်း လောက်တော့ စားချင်မိပါတယ်။

မေမေ့စိတ်တွေ ဘယ်ကို ရောက်ကုန်ပြီလဲ။

မေမေ . . . .

မေမေ . . . .

မေမေ . . . .

မေမေ့စိတ်တွေကလေ. . သား မကြိုက်ပါဘူး ဆိုတဲ့ အရာတွေ အပေါ်မှာပဲ ဝေ့ကာ ဝဲကာ စိတ်ရောက်နေတာပါလား။ မေမေရယ်. . . အရင်ကလို “ မေမေ့လက်ရာ ” ကို သား ဘယ်တော့များမှ စားရပါတော့မလဲ။ ရူးရူး မရူးရုးပေါ့ မေမေရယ်. . . ဘဝ မကူးခင်  . . . စိတ်ပါ လက်ပါ မေမေချက်ထားတဲ့ မေမေ့လက်ရာလေးကို သား နောက်ဆုံး တစ်ခါလောက်တော့ စားချင်ပါသေးတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~



နိဂုံး

ကမ္ဘာပေါ်မှာ မြစ်ပေါင်းများစွာ ရှိတယ်။ သူတို့ကတော့ သူတို့ ဖာသာ စိတ်ကြိုက်စီးဆင်းကြတယ်။ ဒါပေမဲ့ သူတို့က စီးနေကြတာက ထုံးစံ ဆိုတဲ့အတိုင်း မြောက်အရပ်မှ တောင်အရပ်သို့ စီးဆင်းကြတယ်။  ကမ္ဘာ့မြေပုံကို စာရွက်ပေါ်မှာ သရုပ်ဖော်သောအခါ မြစ်တို့ရဲ့ လားရာကို ဦးတည်ပြီး မြောက်ဘက် အရပ်ကို အပေါ်မှာ ထားပြီး ပုံဖော်ကြတယ်။ 

ဒါကြောင့် ကမ္ဘာမြေပုံမှာ မြောက် ဘက်အရပ် ဆိုတာတွေက အပေါ်မှာ ရှိနေပြီး တောင်ဘက် အရပ် ဆိုတာတွေက အောက်ဘက်မှာ ရှိနေခဲ့တယ်။ ကမ္ဘာမြေပုံပေါ်မှာ ရှိနေတဲ့ မြစ်များစွာကလည်း  မြောက်မှ တောင်သို့ စီးဆင်းကြတယ်။ သို့သော်. . . .

သို့သော်. . . 

မြစ်တစ်စင်းရှိတယ်။ သူ့ကို လူတွေ သိပ်မသိကြသလို သိပ်လည်း သတိမထားမိကြဘူး။ သူက သူများတွေလို မစီးဆင်းပဲ သူများတွေ စီးဆင်းရာ မြောက်မှ တောင်သို့ ကို ဆန့်ကျင်ပြီး “ တောင်မှ မြောက်သို့ ” စီးဆင်းတယ်။ ဒါပေမဲ့ ရှားတယ်။ ကမ္ဘာ့မြေပုံ ဆိုတာ ဘာမှန်း မသိတဲ့သူတွေ. . .  ၊ အရှေ့၊ အနောက် ၊ တောင် ၊ မြောက် ဆိုတာကို မသိသူတွေ အတွက် အရေးပါမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူကတော့ ကမ္ဘာ့မြေပုံကို ဆန့်ကျင်ပြီး စီးဆင်းတယ်။ 

ဒီလို မြစ်မျိုးက ရှားပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က အရေအတွက် အရ နည်းပါတယ်လေ။ တကယ်တော့လည်း “ အဖိုးတန် ” ဆိုတဲ့ အရာတွေ အားလုံးကလည်း ရှားပါးကြတယ် မဟုတ်လား။

တချို့က နောက်တစ်မျိုး ပြောတယ်။ စုန်ရေ ရဲ့ ပြောင်းပြန်မို့လို့  ဆန်ရေ တဲ့။ တကယ်တော့ သူက စုန်စီးနေတဲ့ ရေတစ်ခု ကို ဆန့်ကျင်ပြီး စီးဆင်းနေတဲ့ ဆန်ရေ မဟုတ်ပါဘူး။ သူက နဂိုကကို စုန်စီးခြင်း မရှိပဲ သူ့ဖာသာ တိတ်တဆိတ် ပြောင်းပြန် စီးဆင်းနေတာပါ။ သူ့ကို “ ပြောင်းပြန်စီးသော မြစ် ” လို့ ခေါ်ကြတယ်။ 

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

* * * “ လူငယ်တစ်ယောက်ရဲ့ ရင်တွင်း ဒိုင်ယာရီ ” ထဲကနေ အစ တစ်စကို ဆွဲထုတ် တင်ပြလိုက်တာပါ။ နောက်တစ်ခါ အစ ဆွဲမိရင်တော့ “ အိပ်မက်အိမ် ” ဖြစ်မလားပဲ။  * * *

လေးစားစွာဖြင့်
ကိုဇော် 
9.5.2010


Share/Bookmark

08 May 2010

8 ဆောရီးပါ . .မေမေ




ဘာလို့မှန်း မသိဘူး။ စိတ်တွေ စုစည်းလို့ မရဘူး။ ပူလို့ ထင်တယ်။ ကိုယ်က နေ့လည်ဖက် အိပ်ရတဲ့ သူဆိုတော့ ပိုသိသာတယ်။ ဒီကြားထဲ အိပ်လို့ ကောင်းနေတဲ့ အချိန်တွေမှာ အလုပ်က ပြန်လာသူတွေက သူတို့ရွာက လော်ကြီးနဲ့ ဖွင့်သလို ဖွင့်နေတော့ နားက ထပ်ပြီးပူ။ အဲဒီမှာ အပူတွေ စုဆုံကုန်ကြတော့တာပါပဲ။ ဒါနဲ့ စိတ်တွေလည်း စုပြုံပူပြီး စာကို ကောင်းကောင်း မရေးချင်တော့ဘူး။

အမှန်အတိုင်း ပြောရင် ဒီအတောအတွင်းမှာ ဝတ္ထုတိုလေး သုံးပုဒ် ရေးလိုက်သေးတယ်။ တင်မယ် လုပ်တော့ ဘယ်လိုမှ ကိုယ့်ဖာသာ ကိုယ် မကြိုက်ဘူး။ အရင်လို စကားလုံးတွေက စုစုစည်းစည်း တိုတိုထိထိ မရှိဘူး။ ဒက်ဖနေးရှင်း တူ ဒက်ဖနေရှင်းတွေ ဖြစ်ပြီး ပွ ထ နေတယ်။ ဒါနဲ့ ဟိုနားက ပြင် ဒီနားက ပြင်ရင်း စိတ်ပျက်ပြီး အကုန်ကို ဒလိ လုပ်လိုက်တယ်။ အေးရော။ စိတ်ပါမှပဲ ဒီအကြောင်းအရာတွေကို ပြန်ရေးတော့မယ်။

မနက်ဖြန် အမေများနေ့ ဆိုလို့ အဲဒီအတွက် တစ်ပုဒ်ရေးနေတုန်းပါပဲ။ အခု ဘလော့ တော်တော်များများမှာ အမေ အကြောင်းတွေ ရေးကြ ၊ တင်ကြ လို့ သွားဖတ်ပါတယ်။ ရေးလိုက်ကြတာ အမေကောင်းကြောင်း ၊ အမေကို ချစ်ကြောင်းတွေချည်းပဲ။ သြော်. . . သူတို့ပဲ အမေချစ်တတ်တာ ကြနေတာပဲလို့ တောင်မှ တွေးမိသေး :P ဆောရီးနော်. . နောက်တာပါ။ တကယ် ပြောတာ . . ။

ဒါကြောင့် ကျွန်တော် စဉ်းစားမိတာလေးပါ။ ဒီလောက်တောင်မှ ဘလော့ပေါ်မှာ အမေကို ချစ်တတ်နေရင် အပြင်မှာ အမေ ပြောသမျှ ဟုတ်ကဲ့ ဆိုပြီး နာခံတတ်တဲ့ သူလား လို့ပါ။ အပြင်မှာ နှုတ်လှန်ထိုးနေပြီး ဘလော့ပေါ်မှာမှ အမေကို ချစ်လိုက်တာ ဆိုတာမျိုးကြီး ဒီလိုတော့ ကျွန်တော် မခံစားတတ်ဘူး။ ကျွန်တော် မရေးချင်ဘူးဗျာ။ 

ဒါကြောင့် အခု ကျွန်တော် ရေးလက်စ အမေဝတ္ထုလေးကို အခုပဲ ဒလိ လိုက်ပါပြီ။ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ လေးလေးနက်နက် ပြောမယ်ဗျာ။ ကျွန်တော်က အဖေထက် အမေကို ပိုပြီး ချစ်ခဲ့တဲ့ သူပါ။ အမေ ပြောသမျှ ဟုတ်ကဲ့ ဆိုပြီး နာခံခဲ့တဲ့ သူပါ။ သို့သော်. . . .

သို့သော်. . . . ဆောရီး. . . ကျွန်တော် တခြား ရသ တစ်ခုပဲ ပေးနိုင်အောင် ကြိုးစား ရေးတော့မယ်။ လူမြင်ကောင်းအောင် ကျွန်တော် ချစ်ပြ မနေချင်တော့ဘူးဗျာ. . .။ ဒီအတွက် . . . ၊ ဒီပို့စ် အတွက်. . ၊ ပြီးတော့ . .နောက်ထပ် ရေးမဲ့ ပို့စ် အတွက်. . .

ဆောရီးပါ မေမေ. . ။


လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

12 March 2010

0 ကျေးဇူးပါ မေမေ




အဲဒီတုန်းက ကျွန်တော် ငယ်ပါသေးတယ်.။ ငယ်ဆို ကျွန်တော် ၁ တန်းကျောင်းသားလေးပဲ ရှိပါဦးမယ်.။ အဲဒီနေ့မှာ ကျွန်တော် ကျောင်းက ပြန်လာပြီး ညဘက် စာလုပ်မယ် ဆိုတော့ ကျွန်တော် အင်္ဂလိပ်စာ ပုံနှိပ်စာအုပ်မရှိတော့ဘူး.။ ကျွန်တော် လွယ်အိတ်ထဲသေချာ ထည့်ထားတာကိုတော့ သိတယ် ။ မုန့်စားဆင်းတော့ သူများတွေလိုပဲ ( သူများတွေထက်လည်း ပိုမှာပါ.။ ) မျောက်ရှုံးအောင်ဆော့တယ်လေ.။

မုန့်စားပြန်တတ်တော့ အင်္ဂလိပ်စာက သင်ပြီးတော့ ပြန်မစစ်မိတော့ဘူးလေ.။ ကျန်တဲ့ ဆရာမ သင်တဲ့ ဘာသာ တွေပဲ သင်ပြီး ပြန်လာတာ.။ သေချာတယ်.ကျွန်တော့် အင်္ဂလိပ်စာ စာအုပ် အခိုးခံရပြီ.။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ဖြစ်တာတွေကို အဖေ ၊ အမေကို ပြောရတဲ့ အရွယ်ဆိုတော့ ကျွန်တော် မေမေ့ကို အရင်ပြောတယ်.။ မေမေက တော့ ထုံးစံအတိုင်း ပွစိပွစိပေါ့.။ ဒါနဲ့ ဖေဖေပြန်ရောက်တော့ ဖေဖေ့ကိုလည်း ပြောတယ်.။

ဒီတော့ ဖေဖေက စကားတစ်ခွန်းတော့ ပြောတယ်.။

“ သားရယ်..။ ပစ္စည်းပျောက်တယ် ဆိုတာ ကိုယ်က ပေါ့ဆလို့ပဲ.။ ဒါထက် အခိုးခံရတယ် ဆိုရင် ကိုယ်က သတိမထားမိဆိုတာလည်း ပြတာပဲ.။ အလိမ်ခံရတယ် ဆိုတာကတော့  ကိုယ်ညံတယ် ဆိုတာ ပြတာ.။ ထားလိုက်ပါတော့ ငါ့သားကလည်း ပစ္စည်းမှ တစ်ခါမှ မပျောက်ဖူးတာလေ.။ ညကျရင် ဖေဖေတို့ လေဟာပြင်မှာ သွားဝယ်တာပေါ့ကွာ..။ ”

ဒီလိုပြောပြီး ညစာစားပြီး မြို့ထဲကို ထွက်လာတယ်.။ မေမေကတော့ ကားပေါ်မှာ ကတည်းက ပွစိပွစိ နဲ့ ပြောလာတယ်.။

“ ပျောက်သွားလို့ အသစ်ပြန်ဝယ်ရတာနော်.။ အခု ဝယ်တာ ဘယ်လောက်ပေးရလဲ.။ တစ်ကျပ် ဆိုရင် တစ်ချက်ရိုက်မယ်.။ နှစ်ကျပ် ဆိုရင် နှစ်ချက် ရိုက်မယ်.။ ”

ဒီစကားကတော့ ဘယ်လိုမှ ပျော်စရာမကောင်းပါ.။ အဲဒီတုန်းကတည်းကလည်း ညဘက်ဆို မြို့ထဲက လေဟာပြင် မှာ စီတယ်.။ အဝတ်အစားတွေ ၊ စားစရာတွေ ၊ စာအုပ်စာတန်းတွေ အစုံပါပဲ ချရောင်နေကြတယ်.။ တစ်နေရာရောက်တော့ ကျောင်းပုံနှိပ်စာအုပ်တွေကိုချရောင်းနေတာ တွေ့ရတယ်.။ ဖေဖေက မေးတော့ ဒီလူက အစုံလိုက်ဝယ်မှာလား လုပ်နေတယ်.။ ဖေဖေက မဟုတ်ဘူး. အင်္ဂလာလိပ်စာ တစ်အုပ်ထဲ ဆိုတော့ တစ်အုပ်ထဲ ဆိုရင်တော့ ဒီလူက.......

“ ကျွန်တော်တော့ ဘက်ပဲ့မှာလေ.။ ဒါကြောင့် ဈေးကိုတော့ ပိုပေးရမယ်.။ ကျွန်တော်လည်း အင်္ဂလိပ်စာ စာအုပ်ချည်းပဲ သီးသန့် ပြန်ရှာရဦးမှာလေ.။ ”

ဒီလို ပြောတယ်.။ သူက ဒီလို ပြောတာ အကြောင်းမဟုတ်ဘူးဗျာ.။ ကျွန်တော်က တစ်ကျပ် ပိုသွားရင် တစ်ချက်ပိုအရိုက်ခံရမှာလေ.။ ဒါကြောင့်မို့ ဖေဖေတို့ စစ် ၊ မစစ် ကျွန်တော်ကတော့ အတင်းကို စစ်တာပဲ..။ ကျွန်တော် ပြောတတ်သလိုပေါ့.။

“ ဦးလေးကြီးရယ်..၊ လျော့ပါဦးဗျာ.။ ဦးလေးကြီး လျော့မှဗျ..ဦးလေးကြီး ဈေးများလေ ကျွန်တော် က ပိုအရိုက်ခံရလေပဲ..။ ”

ကျွန်တော် ပြောတာကို သူ သဘောမပေါက်ပါဘူး..။ ဟုတ်ပါတယ်.။ ဘယ်လိုပေါက်မှာလဲ.။ အဲ..နောက်ဆုံးတော့ ကျွန်တော် မှတ်မှတ်ရရ ဒီအင်္ဂလိပ်စာ ပုံနှိပ်စာအုပ်လေးကို ၁၁ ကျပ် နဲ့ ဝယ်ခဲ့ရတယ်.။ ကျွန်တော် အိမ်ပြန်တော့ ဒီစာအုပ်လေးကို ကျစ်ကျစ်ပါအောင် ပိုက်ထားရင်း အိမ်ပြန်ရောက်ရင် အရိုက်ခံရမဲ့ ကြိမ်လုံးလေးကိုလည်း မြင်ယောင်နေမိတယ်.။ ကျွန်တော် အပြစ်နဲ့ ကျွန်တော် ဆိုတော့လည်း ဒီအပြစ်ကို ရှောင်ဖို့ စိတ်ကုး ကျွန်တော့်မှ မရှိပါဘူး.။ အရိုက်တော့လည်း ဘယ်သူကမှ မခံချင်ဘူးပေါ့.။

ဒီလို လမ်းလျှောက်လာရင်း ကျွန်တော်တို့ တရုတ်တန်း လျှောက်လိုက်သေးတယ်.။ အရင်ကဆို ဟိုဟာပူဆာ ဒီဟာ လိုချင် တယ် ပြောနေပေမဲ့ ဒီနေ့တော့ ကျွန်တော် ကိုယ်ပြဿနာ နဲ့ ကိုယ် မပျော်နိုင်ပါဘူး.။ စာအုပ်လေးကိုပဲ ပိုက်ထားမိတယ်.။ နောက် ကျွန်တော် စာအုပ်လေး ဘယ်ကို ရောက်နေပြီလဲလို့လည်း တွေးမိတယ်.။ ခိုးသွားတဲ့ သူကိုလည်း ဒေါသတွေ ထွက်နေတယ်.။

နောက်တော့ တရုတ်တန်းက ကျွန်တော် အရမ်းကြိုက်တဲ့ ကော်ပြန့်လိပ်သွားစားတယ်.။ နောက်တော့ ပြန်လာတယ်.။ အပြန်မှာ ဖေဖေက ငါ့သားပင်ပန်းနေပြီ လာ ဆိုပြီး ကျွန်တော့်ကို ချီတယ်.။ ဖေဖေက ချီခဲပါတယ်.။ ကိုယ့်ဖာသာကိုယ်သွားနိုင်အောင် လမ်းပဲလျှောက်ခိုင်းတတ်တယ်.။ အခုမှသာ...။ နောက်တော့ ကျွန်တော့်ကို တစ်ခု ပြောတယ်.။ မေမေ မကြားအောင် တိုးတိုးလေးပေါ့..။

“ သားရေ..။ စာအုပ်က ၁၁ ကျပ် ပေးရတာ ဆိုတော့..။ အိမ်ပြန်ရောက်ရင်တော့ မင်းတော့ ၁၁ ချက် အဆော်ခံရတော့မှာ သေချာတယ်.။ ဒါပေမဲ့ အရိုက်မခံရအောင် ဖေဖေတစ်ခု အကြံပေးမယ်.။ ဒီလိုလုပ်..။ ”

အဲ..ကျွန်တော်လည်း ကျနေတဲ့ စိတ်တွေ တတ်ကြွပြီး ပြန်ခေါင်းထောင် သွားတယ်.။ ဒီတော့မှ ဖေဖေက ဆက်ပြောတယ်.။

“ ဒီလိုလုပ် အခု ဖေဖေတို့ ပြန်ရင် ဖေဖေက ကားမောင်းနေတာ ဆိုတော့ ဖေဖေပေါ်မှာတော့ နေလို့မရဘူးလေ.။ သားမေမေပေါ်မှာ နေရမှ မဟုတ်လား. ။ ဒါဆိုတော့ သားမေမေပေါ်မှာ အိပ်ချင်ယောင်ဆောင်နေလိုက် အိမ်ရောက်တဲ့ အထိ မထနဲ့..။ နောက်..အိပ်နေတယ် ထင်ပြီး အိမ်ရောက်ရင် သားကို အိပ်ယာထဲ တန်းထည့်လိုက်လိမ့်မယ်.။ ဒါဆို အိပ်လိုက်တော့လေ.။ နောက်နေ့ သားနိုးလာတဲ့ အချိန်ဆိုရင် သားမေမေလည်း မေ့သွားပြီပေါ့.။ ဒါဆို အရိုက်မခံရတော့ဘူးပေါ့.။ ”

“ ဟာ..ဟုတ်တယ်နော် ဖေဖေ ။ ဒါဆို သား ဒီလို လုပ်မယ်.။ ”


ဒီလိုနဲ့ ..။ အပြန်မှာ ဖေဖေကားမောင်းနေတုန်း ကျွန်တော်က မေမေပေါ်မှာ ထိုင်ရင်း အိပ်ချင်ယောင်ဆောင်နေလိုက်တယ်.။ အိမ်ရောက်တော့ မေမေက

“ အိပ်ချင်ယောင်ဆောင်နေတာလား...။ ထ...ထ အရိုက်ခံပြီးမှ အိပ်နော်..။ ”

တဲ့..။ ကျွန်တော် မထဘူး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်.။ ဖေဖေကတော့

“ ငါ့သားလေး အိပ်နေပြီ .။”

ဆိုပြီး ကျွန်တော်ကို ပွေ့ရင်း တိုးတိုးလေးကပ်ပြောတယ်.။

“ ဘာမှ ပြန်မပြောနဲ့ အိပ်ချင်ယောင်ဆောင်ပြီး တခါတည်း အိပ်နေလိုက်တော့ ..။ ”

ကျွန်တော်လည်း အိပ်ချင်ယောင်ဆောင်ရင်းနဲ့ တစ်ခါတည်း အိပ်ပျော်သွားတာ မနက်မိုးလင်းတဲ့ အထိပါပဲ.။ မနက်မိုးလင်းတော့ မေမေ ဘာပြောမလဲလို့ ကျွန်တော် စောင့်ကြည့်တော့ မေမေ ဘာမှ မပြောတော့ပါ..။ ဟုတ်ပြီ..ဖေဖေပြောသလို မေမေမေ့သွားတာပဲ ဖြစ်မယ်.။ ဒါကြောင့် မေမေပြန်သတိရအောင် ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး.။ မသိမသာပဲနေတယ်.။ ဒီ အင်္ဂလိပ်စာအုပ်လေး ပျောက်သွားတာ သတိရပြီး ပြန်ဝယ်ပေးရလို့ ကျွန်တော့်ကို ၁၁ ချက်ရိုက်နေဦးမယ်.။

ဒါကြောင့် အင်္ဂလိပ်စာအုပ်လေး အသစ်ပြန်ဝယ်ပေးရတာကို သတိရမှာ စိုးလို့ ကျွန်တော် နောက်ထပ် ဘယ်အရာ ၊ ဘယ်ပစ္စည်းမှ မပျောက်အောင် သတိထားပါတော့တယ်.။ မုန့်စားဆင်းချိန်မှာ အရင်လို သွားဆော့မယ် ဆိုရင်တောင်မှ လွယ်အိတ်ကို လုံခြုံအောင် လွယ်အိတ်ကြိုးစကို သေချာ ချည်နဲံ့တယ်.။ ကျောပိုးအိတ်ဆိုရင်လည်း သေချာ ပိတ်တယ်.။ နောက် ကြိုးနဲ့ချည်ထားလိုက်တယ်.။

ဒါတွေက မေမေ ကျွန်တော်အင်္ဂလိပ်စာအုပ်လေး ပျောက်သွားတာကို အသစ်ဝယ်ပေးရလို့ ရိုက်မယ် ဆိုတာကနေ စပြီး ကျွန်တော် အစ္စည်းမပျောက်အောင် ဂရုစိုက် လာတတ်တာလေးတွေပါပဲ.။

တကယ်လို့ သူများမိဘတွေလို ပစ္စည်းပျောက်လို့ ကျွန်တော့်ကို ရိုက်လိုက် နှက်လိုက်မယ် ဆိုရင် ကျွန်တော် ဒီလို မှတ်မိမှာ မဟုတ်ပါဘူး.။ သေချာတာကတော့ ကျွန်တော် ဒီတစ်ကြိမ်က လွဲလို့ ပစ္စည်းပျောက်တယ် ၊ ကျန်ခဲ့တယ် ဆိုတာ မရှိတော့တာပဲ.။ ကျောင်းက ပြန်မယ် ဆိုရင်လည်း သေချာ စစ်တတ်လာတယ်.။ ကိုယ့်ပစ္စည်း ဘယ်လို ဆိုရင် ပျောက်သွားနိုင်တယ် ဆိုတာကိုလည်း စဉ်းစားတတ်လာတယ်..။

ဒါဟာ မိဘ တစ်ယောက်က သားသမီးတစ်ယောက်ကို ဆိုဆုံးမပုံလေး တစ်ခုပါပဲ..။ ဒါနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော် ကြီးလာမှ သိလာရတယ်.။ တကယ်တော့ လူကြီးတွေပဲ မနက်ဖြန် မနက်ကျတော့ မေ့သွားတယ် ဆိုတာဖြစ်မှ မဖြစ်နိုင်တာလေ.။ ဒါပေမဲ့ ကလေးတစ်ယောက် ဖြစ်နေတဲ့ ကျွန်တော်ကတော့ ငယ်တဲ့ အချိန်ဆိုတော့ တကယ်ပဲ ထင်ခဲ့တာပေါ့လေ.။ ဒီလို ဆုံးမတဲ့ အတွက် မေမေ့ကို တစ်ခုပဲ ပြောပါရစေ..။

“ ကျေးဇူးပါ မေမေ...။ ”


ကိုဇော် ခံစားပုံဖော်သည်။



http://zaw357.multiply.com/journal/item/711 မှာ 23.10.2009 က ရေးထားတာပါ။

.
Share/Bookmark