ရေးလက်စ ပို့စ်တွေပေါ့။
လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်က ဖြစ်ပါလိမ့်မည်။ ငှားနေကျ စာအုပ်ဆိုင်ကို ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်ရောက်သွားပြီး စာအုပ်ငှားနေကြတုန်း “ ကလျာ ” မဂ္ဂဇင်း တစ်အုပ်ကို ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ဘာရယ် မဟုတ်ဘူး ကောက်ကိုင်ကာ ဟိုလှန် ဒီလှန် ဖတ်နေပါသည်။ နောက်တော့ သူက ငြိမ်ကာ စာအုပ်ရဲ့ တစ်နေရာကို ဖတ်နေလေတော့၏။
ပထမတော့ စာအုပ်ငှားဖို့ ရွေးနေကြတာ ဆိုတော့ သူ့ကို သတိမထားမိသေးပါဘူး။ အားလုံးလည်း စာအုပ် ငှားပြီးတော့မှ သူ့ကို သတိထားမိတော့၏။ ငြိမ်ချက်သား ကောင်းလွန်းလို့ သူ့ကို လှမ်းမေးလိုက်တော့မှ သူက သူဖတ်နေတဲ့ စာအုပ် စာမျက်နှာကို ကိုင်ကာ အလျားလိုက် ကမ်းပေးလာတော့သည်။
ဒီစာအုပ်ရဲ့ မျက်နှာလေးပေါ်မှာ ကဗျာလေး တစ်ပုဒ်ကို ပုံနှိပ်ကာ ဖော်ပြထားပါ၏။ ထိုကဗျာလေး နာမည်က “ လမ်းခွဲ ” တဲ့။ ဆရာ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရေးထားတာပါ။ ထိုနေ့က ထိုကဗျာလေးကို ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး မဂ္ဂဇင်း စာမျက်နှာကို စုပြုံကာ ခေါင်းတိုးဝှေ့ပြီး ဖတ်ခဲ့ကြရသည်။ ဒါနဲ့တင် မပြီးသေး။ ဒီကဗျာလေးက ကျွန်တော်တို့ကို လပေါင်းများစွာ ၊ နှစ်နဲ့ကို ချည်ကာ အတွေးငွေ့ငွေ့လေးတွေ ပေးပါ၏။
လမ်းခွဲ
လမ်းခွဲတာ မဟုတ်ပါဘူး
ကိုယ် တံတားကျိုးနေလို့
လမ်းလွှဲက လျှောက်ခိုင်းတာပါ။
ဒီလို ကဗျာလေးက အစချီထားပြီးတော့ စာပိုဒ် နှစ်ပိုဒ်ကို ကဗျာစပ်ပုံတူ စကားလုံးကွဲတွေနဲ့ တင်ပြထားသည်။ အတော်ကို “ တာ ” သွားသော ကဗျာလို့ ဆိုနိုင်ပါသည်။ ဒီအချိန်မှာ အသက် ၁၁ နှစ် အရွယ်သာ ရှိသေးသော ကျွန်တော့် နှမ အငယ်ဆုံးလေးကိုတောင်မှ ဒီကဗျာကို ပေးဖတ်ဖြစ်ပါသေး၏။ ဆော့ကစားဖို့သာ စိတ်ရှိနေသေးသော ကျွန်တော့် နှမ ဆီမှ ထိုကဗျာကို ဖတ်ပြီး မှတ်ချက်ပြုသံကို ကျွန်တော် အခုထိ မမေ့နိုင်သေးပါ။
လှမ်းလျှောက်နေရင်း
လမ်းပေါ်က ခလုတ်တိုက်မိတဲ့ ခဲလုံး တစ်လုံးကို တွေ့ရင်
တံတားအောက်က ချောင်းရေထဲကို ပစ်ချပေးပါ။
အဲဒီ ခဲလုံးက ကိုယ့် အသည်းနှလုံးလေ . . . ။
ဆိုတဲ့ နေရာလေးမှာ “ အဲဒီ ခဲလုံးက ကိုယ့် အသည်း နှလုံးလေ . . ” ဆိုတဲ့ နေရာလေး မိုက်တယ် လို့ ကလေး သာသာ ကျွန်တော့် နှမကတောင်မှ မှတ်ချက်ပြုခဲ့ပါသည်။ ဒါပေမဲ့ သူက ကဗျာကို ခံစားတတ်လား ဆိုတော့လည်း “ ဟင့်အင်း ” ပါပဲ။ စာတွေ ရေးလား ဆိုတော့လည်း “ No ” ပါပဲ။ သူကလည်း သူ့ကိုသူ ရဲဝံ့စွာ ကြွေးကြော်ပါသည်။
“ ညီမလေးက အရေးသမား မဟုတ်ဘူး။ အဖတ်သမား ” တဲ့။
တကယ်လည်း သူက စာတွေကိုသာ ကျွတ်ကျွတ်နေအောင် ဝါးမျို ဖတ်ရှု့သူ ဖြစ်ပါ၏။ ဖတ်သမျှကိုလည်း ပိစိပေါက်စ ကအစ မှတ်မိပြီး တိတိပပ ပြန်ပြောကာ တစ်ဘက်လူ သက်ပြင်းတွေ ရှည်သထက် ရှည်အောင် ကိုးကား ပြောတတ်သူ ဖြစ်ပါသည်။ သူပြောချင်တဲ့ “ အရေးသမား ” နဲ့ “ အဖတ်သမား ” ဆိုတာက ဖတ်ပြီးတော့ ပြန်ရေးတတ်သူ နဲ့ ဖတ်ယုံသာ ဖတ်သူကိုပဲ ဆိုချင်တာပါ။ မဖတ်ဘဲနဲ့တော့ ဘယ်သူကမှ ပြန်ရေးနိုင်မှာ မဟုတ်ပါ။ ထားတော့ . . . ။
ဒီကဗျာလေးကို ဖတ်ရပြီးကတည်းက ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ ကဗျာရေးတာ ၊ စာရေးတာလေးတွေ အတော်ကို ပြောင်းလဲ ကုန်ကြ၏။ ဒီကဗျာလေးကို တုပကာ ရေးဖြစ်ကြ၏။ မှီငြမ်း ချဲ့ထွင်ကာ ရေးဖြစ်ကြ၏။ ကိုးကားကာ ရေးဖြစ်ကြ၏။ အတော်ကို ပျော်စရာ ကောင်းခဲ့သော အချိန်အခါလေးဟု ဆိုရမည် ဖြစ်ပါသည်။
ဘာရယ် မဟုတ်ပါဘူး။ ဒီနေ့ ဒီကဗျာလေးကို ကျွန်တော် တော်တော်ကို သတိရမိသည်။ တစ်ခါတလေတော့လည်း “ လမ်းခွဲတယ် ” ဆိုပေမဲ့ သူများကိုတော့ “ လမ်းလွှဲ ” က လျှောက်စေချင်တဲ့ သဘောလား ၊ ဘာညာတွေလည်း လျှောက်စဉ်းစားမိပါသည်။ ဘာရယ် ညာရယ်လည်း မဟုတ်ပါဘူး။ ပျော်လို့လည်း မဟုတ်ပါဘူး ၊ ပျင်းလို့လည်း မဟုတ်ပါဘူး။ တောင်စဉ် ရေမရ စဉ်းစားမိတာပါ။
အခု ရက်ပိုင်းမှာ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ၊ အလုပ်ကိစ္စတွေ ၊ အထွေထွေ ကိစ္စတွေကြောင့် အတော်ကို မအားပါ။ ဒါပေမဲ့ အားတဲ့ အချိန်လေးတိုင်းမှာ စာတွေတော့ ချရေးဖြစ်ပါသည်။ တခြားလည်း ကျွန်တော့်မှာ လုပ်စရာ မရှိ ၊ လုပ်လည်း မလုပ်တတ်ခဲ့။ ဒါကြောင့် စိတ်ကူးထဲမှာ ပေါ်လာသမျှတွေကိုတော့ နေ့တိုင်း ရေးဖြစ်နေတာပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကူးတိုင်းကို သူများကို ချပြလို့ ရတာ မဟုတ်လေတော့ ဘလော့မှာတော့ မတင်ဖြစ်ပါ။ ကိုယ့်ဖာသာ ကိုယ်ပဲ တစ်နေရာမှာ စုထားမိပါ၏။
စိတ်ခံစားမှု အရ “ နှုတ်ဆက်ရင်တောင်မှ ပျော်ရွှင်စွာ ” နဲ့ပဲ နှုတ်ဆက်ချင်သူမို့ ဟာသပို့စ်လေး တစ်ခုကို ကျွန်တော် ကြိုးစားရေးပေမဲ့ ဘယ်လိုမှ ရေးလို့ မပြီးပါ။ ရေးရင်းနဲ့ပဲ အချိန်တွေ ကုန်ကာ အရာ မရောက်သလို ဖြစ်လာခဲ့၏။
“ နှုတ်ဆက်ပို့စ် ”
ဟုတ်ပါသည်။ ကျွန်တော် နှုတ်ဆက်ပို့စ်လေး တစ်ခုကို ဟာသဖြင့် ပျော်ရွှင်စေဖို့ ရေးနေမိပေမဲ့လည်း အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ပါ။ ဒါကြောင့် အခုတော့ ဒီအတိုင်းပဲ နှုတ်ဆက်ရပါတော့မည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများမြောင်နဲ့ အချိန် အတိုင်းအတာ တစ်ခု အထိ ကျွန်တော် မအားနိုင် ဖြစ်နေမှာမို့ ကျွန်တော် ဘလော့ပေါ်မှာ စာရေးခြင်း နဲ့ စာလိုက်ဖတ်ခြင်းကို အချိန် အတိုင်းအတာ တစ်ခုအထိ လုပ်နိုင်တော့မည် မဟုတ်ပါ။
ဘယ်လိုပဲ နှုတ်ဆက် နှုတ်ဆက် ၊ လမ်းခွဲ လမ်းခွဲ “
အပြုံးများနဲ့သာ နှုတ်ဆက် လမ်းခွဲချင်ပါသည်။ ”
ဒီပို့စ်လေးကလည်း ဆရာ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရဲ့ ကဗျာလေးထဲကလို ပြောရရင်တော့ “ လမ်းခွဲ ” တာ မဟုတ်ပါဘူး။ ကျွန်တော် တံတားကျိုး သလို မအားလပ်တော့လို့ ၊ တခြား ဘလော့တွေကို သွားဖတ်နိုင်ဖို့ သတိပေးတဲ့ “ လမ်းလွှဲပို့စ် ” လေးတစ်ပုဒ်ပါပဲ။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော် စိတ်အေး ၊ လက်အေး ၊ အေးအေးချမ်းချမ်း ဘဝလေး တစ်ခုမှာတော့ စာပြန် ရေးဖြစ်ချင်လည်း ရေးဖြစ်ပါမည်။ ရေးဖြစ်ချင်မှလည်း ရေးဖြစ်မည်ပေါ့။
“ လူဆိုတာ ပြောပြလို့ မရတဲ့ ဘဝရဲ့ ဖြစ်ရပ် ၊ ဖြစ်စဉ်တွေ ရှိတတ်ကြတယ် မဟုတ်လား။ ”
ကျွန်တော် ဘလော့ ရေးတဲ့ သက်တမ်း တလျှောက် ကောင်းကောင်း ၊ ဆိုးဆိုး ၊ ကောင်းရင်လည်း ကောင်းတယ် ၊ ဆိုးရင်လည်း ဆိုးတယ် ဆိုပြီး အားပေးသူများ အားလုံးကိုလည်း ရင်ထဲမှာ ထာဝရ ကျေးဇူးတင်နေမှာပါ။
ပျော်ရွှင်ကြပါစေဗျာ။
လေးစားစွာဖြင့်
နှုတ်ဆက် လမ်းခွဲ