မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 January 2010

15 ကျွန်တော် နှင့် မင်္ဂလာဆောင်



နိဒါန်း


အင်း................... 

ဒီစာကိုဖတ်ပြီး ခင်ဗျားတို့ ရယ်ကြလိမ့်မယ်။ ပြီးတော့ ဒီစာကို ဖတ်ပြီးတဲ့ လူတွေ ပြောတဲ့အတိုင်း ကျွန်တော့်ကို အရူးလို့ပြောလိမ့်မယ်။ ခင်ဗျားတို့ မပြောနဲ့ ကျွန်တော့်အမေကတောင်မှ ကျွန်တော့်ကို ပြောတယ်။





၁)

ကျွန်တော် ငယ်ငယ်ကတော့ ဘယ်သိဦးမလဲဗျာ။ လူကြီးတွေ မင်္ဂလာဆောင်သွားတယ် ဆိုရင် လိုက်ချင်တာပေါ့။ အ၀တ်အစားလှလှ ၀တ်ရတယ် ၊ ရေခဲမုန့်စားရတယ်.၊ ဒါပဲသိတာကိုး ၊ မလိုက်ရရင် အာပြဲအောင်ငိုမယ် ၊ ဘာမှလဲ မသိဘူး ၊ ဘာမှလဲ မကြည့်ဘူး ၊ လက်ဖွဲ့ပေးရတာလဲ မသိဘူး ၊ ကျွန်တော် သိတာ ရှေ့က ရေခဲမုန့်ခွက်ပဲ ၊ ဒါကုန်ရင် ဘယ်မှာ ထပ်ယူရမလဲပေါ့။ တချို့ အလိုက်သိတဲ့ လူကြီးတွေကျတော့ . . . .

“ ဟာ ကိုဇော် ကုန်သွားပြီလား နောက်တစ်ပွဲ ” 

တချို့က ကျတော့ အလိုက်မသိဘူး ၊ ကျွန်တော့ရှေ့က ခွက်ပါတစ်ခါတည်း သိမ်းသွားတယ် ၊ သွားပြီ ကျွန်တော် မစား ရတော့ဘူး။ ( ငတ်ကြီး ကျတယ်လို့ ခင်ဗျားတို့ရဲ့ တန်ဖိုးရှိတဲ့ ပါးစပ်က မပြောနဲ့ဗျ ၊ ငတ်ကြီးကျတာ မဟုတ်ပါဘူး ၊ စားချင်တာပါ။ ဟဲဟဲ ကလေးကိုးဗျ။ )





၂)


ဒါနဲ့ အရွယ် နည်းနည်း ကြီးလာတော့ လူကြီးတွေ မအားဘူး ဆိုရင် လက်ဖွဲ့လေးကိုင်ပြီး သွားတတ်လာပြီ ၊ ဟိုဟိုဒီဒီ ကြည့်တတ်လာပြီ သတို့သား ဘာဝတ်တယ်။ သတို့သမီး ဘာဝတ်တယ်။ ဘယ်လိုနေတယ် ၊ သေသေချာချာ မဟုတ်ပေမဲ့ နည်းနည်းတော့ ကြည့်တတ်လာပြီ။ လက်ဖွဲ့ ကို ၀င်ဝင်ချင်း ကောင်တာမှာပေး ၊ သူပြန်ပေးတဲ့ ဆေးလိပ်ကို ယူ ၊ သူတို့ပေးတဲ့ နေရာမှာ ထိုင် ၊ လာချတဲ့ ရေခဲမုန့် ကိုစား ကုန်သွားလို့ စားချင်နေပေမဲ့ ငယ်ငယ်တုန်းကလို မဟုတ်တော့ဘူး ဟန်လေးနဲ့ နေတတ်လာပြီ။ ပြီးရင် ဘေးကလူနဲ့ သိမသိတဲ့ တွေ့ရာ လျှောက်ပြော တတ်လာပြီ။ ခဏနေတော့ သတို့သားနဲ့ သိရင် သတို့သား ၊ သတို့သမီးနဲ့ သိရင် သတို့သမီး.....၊

“ အစ်ကို ၊ အစ်မကျွန်တော်ပြန်တော့မယ် ။ ”

လို့ နှုတ်ဆက် အဲဒီမှာ သူတို့ပြောကြတယ်။

“အေးကွာ . . . ကိုဇော် မင်းလာတာ အရမ်းဝမ်းသာတယ်။ ” တဲ့။

ကျွန်တော် အိမ်ကို ပြုံးပြုံး ပြန်လာပြီး မေမေကို့ပြောတယ်။

“ မေမေ သားကို သားလာလို့ သတို့သား ၊ သတို့သမီးတွေက ၀မ်းသာတယ်တဲ့။ ”

ဒီတော့ မေမေကပြောတယ်။

“ ဒါကတော့ သားရယ် ဒီလိုပဲပြောတာပေါ့။ ” တဲ့။

“ ဟင် . . .”

ဒီကစပြီး ကျွန်တော် မင်္ဂလာဆောင် ဆိုတာကို ကျွန်တော် စ စဉ်းစား လာခဲ့မိတာပါ။ ဟုတ်တာပဲ ကျွန်တော် မလာလို့ သူတို့ ၀မ်းနည်း နေမှာလား။ ကိုဇော် မလာလို့ ကျွန်တော် ၊ ကျွန်မတို့ မင်္ဂလာ မဆောင်တော့ပါဘူး ၊ မင်္ဂလာဆောင် မဖြစ်မြောက်တော့ပါဘူး လို့ ကြေငြာမှာလား။ မင်္ဂလာဆောင်ကို ဖျက်သိမ်းမှာလား။ ဒါအပိုတွေပါ။ ဒါပေမဲ့ . . . ကျွန်တော်သေချာ မသိသေးပါ။




၃)
ကျွန်တော် သေချာသိတာကတော့ ကျွန်တော့် သူငယ်ချင်း “ တင့်လွင် ” မင်္ဂလာဆောင်မှာပါ။ အစ အနောက် ၊ မျက်နှာပြောင်တဲ့ နေရာမှာ အထူးဆု ရမယ်ဆိုတဲ့ သူပေါ့လေ။ ကျွန်တော်တို့ စတယ် ၊ နောက်တယ်ဆိုတာ သူ တည်နေသလောက်ပါ။

သူ့မင်္ဂလာဆောင်မှာ ကျွန်တော် သေသေချာချာ သူ့ကို နောက်ဖို့ ပြင်ဆင် သွားခဲ့တာပါပဲ။ ဟဲဟဲ . . အသေးစိတ်တော့ မရေးတော့ ပါဘူး။ လက်ဖွဲ့ ကြီးကြီး ပိုက်ပြီး ကျွန်တော် မင်္ဂလာ ခန်းမထဲ ရောက်တော့ မိနစ် ၂၀ လောက် နောက်ကျနေပြီဗျ။ ကောင်တာမှာ လက်ဖွဲ့ မပေးသေးဘဲ သှူုဆီတန်း ယူသွားတော့ ကောင်တာက မိန်းကလေးကလဲ ကြောင်တောင်တောင်နဲ့လေ။ သူ့ရှေ့ရောက်တော့ သတို့သား တင့်လွင်က...

“ ဟာ . . . ကိုဇော် ၊ မင်းကလဲကွာ လက်ဖွဲ့ကြီး ကောင်တာမှာ ထားပါကွ။ ”

ဆိုပြိး သူကိုယ်တိုင် သယ်လာပြီး ကောင်တာမှာ ထားတယ်။ နောက် ကျွန်တော်ကို့ သူငယ်ချင်းတွေ ခုံမှာ နေရာချ ပေးတယ်လေ။ တခြား သူငယ်ချင်းတွေကိုကြည့် လိုက်တော့ ကျွန်တော်လိုပဲ အိပ်မက်ထဲမှာ လမ်းလျောက်နေရသူလို ၀ိုးတ၀ါးနဲ့ ထိုင်နေကြတယ်။ မျက်နှာပြောင် ၊ အစအနောက် သန်ပါတယ်ဆိုတဲ့ တင့်လွင် က ....

“ လာပါ ၊ ကြွပါ ၊ သုံးဆောင်ပါ ၊လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ”

စတဲ့ စကားတွေနဲ့ သူ့ကောင်မလေးကို လက်တွဲပြီး ဧည့်ခံနေတယ် ၊ တင့်လွင် ပုံစံက ကျောင်းတုန်းက တင့်လွင် နဲ့ တခြားစီလေ။ ဒါနဲ့ ကျွန်တော် အတွေးရခဲ့ပါတယ်။

“ သြော် . . . မင်္ဂလာဆောင် ဆိုတာ ဒါကိုး . . . . ”
 



၎)

ကျွန်တော် အားကျခဲ့ရတဲ့ မင်္ဂလာဆောင် နှစ်ခု ရှိတယ်။ ကျွန်တော့် အစ်မ ၀မ်းကွဲ မသူဇာ မင်္ဂလာဆောင် နဲ့ မင်းသမီး ခိုင်သင်းကြည် မင်္ဂလာဆောင်ပါ။ ကျွန်တော်အစ်မ မသူဇာရဲ့ မင်္ဂလာဆောင် ကတော့ သှူုခေတ် သူ့အခါမှာတောင်မှ သိန်းနဲ့ ချီမြတ် ခဲ့ပြီး လက်ဖွဲ့ပေါင်း ၄၀၀ ကျော်ရခဲ့တာပါ။ ဒါတောင်မှ သူက ရေခဲမုန့်ကို အရံမုန့်၎ မျိုးနဲ့ ကျွေးတာနော်။ ဒါတောင်မှ သိန်းနဲ့ ချီပြီးမြတ်တယ်ဗျာ။

မင်းသမီး ခိုင်သင်းကြည် မင်္ဂလာဆောင်ကတော့ ပြောမနေနဲ့တော့။ ကျွန်တော်လဲ ပြောမနေတော့ဘူး။ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေမှာ မြင်တဲ့ အတိုင်းပဲလေ။ လက်ဖွဲ့တွေ . . . ဟီးဟီး . . . ကျွန်တော် အားကျတယ်ဗျာ။




၅)

ကျွန်တော် အားကြိုးမာန်တတ် ကူညီခဲ့ဖူးတဲ့ မင်္ဂလာဆောင် နှစ်ခုရှိတယ်ဗျာ။ ကျွန်တော် သူငယ်ချင်းတွေပါပဲ။ ကိုကိုအောင် မင်္ဂလာဆောင် နဲ့ တင်နှင်းရီ မင်္ဂလာဆောင် ပါ။ ကိုကိုအောင် မင်္ဂလာဆောင်မှာက အိမ်မှာပဲ ဆောင်တာပါ။ သတို့သားတဲ့ဗျာ ၊ အေးအေးဆေးဆေး မနေဘူး။ စားပွဲ ၊ ကုလားထိုင် ငှားတာက အစ ပြင်ဆင်တာ အဆုံး သူကိုယ်တိုင် လိုက်လုပ်နေတယ်ဗျာ။ သူ့မင်္ဂလာဆောင်မှာ လှလှပပ ဖြစ်ချင်တာ ကျွန်တော်တို့ လဲသိပါတယ်။ ကျွန်တော်တို့လဲ အစွမ်းကုန် လိုက်လုပ်နေတာပါပဲ။ သူက မနက် ၄ နာရီထိုးတဲ့ အထိ လိုက်လုပ်နေတော့ မနက် မင်္ဂလာလဲ ဆောင်ရော မျက်တွင်း ဟောက်ပက်နဲ့ သတို့သားကို မင်္ဂလာဆောင်လာတဲ့ လူတိုင်းတွေ့နေ ရတယ်လေ။ သူက ဒါမျိုး . . . . 


တင်နှင်းရီ မင်္ဂလာဆောင်ကိုတော့ ရပ်ကွက်ထဲက ခန်းမမှာ လုပ်တာဆိုတော့ ခန်းမက ကျယ်တော့ လုပ်လို့ ကောင်းပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ လုပ်လိုက်ရတာ ဖတ်ဖတ်ကို မောရော။ မနက်မိုးလင်း တော့ ဆောင်းဘောက်တွေနဲ့ သီချင်းတွေဖွင့်တော့မှ မင်္ဂလာဆောင် အလှပန်းအိုးတင်ဖို့ ခုံမယူရသေးလို့ ကျွန်တော်တို့ အပြေးအလွှား ယူလိုက်သေးတယ်လေ။ အဓိက လုပ်ရတဲ့ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် ခန်းမထဲကို လူတွေဝင်လာမှ ပေရေနေတဲ့ ကျွန်တော်တို့ အ၀တ်အစားတွေကြောင့် ခန်းမ နောက်ပေါက်ကနေ ပြန်လာခဲ့ရတယ်။

ကျွန်တော်တို့ကို တွေ့တော့ ရပ်ကွက်ထဲက လူတွေက ...

.“ အံ့ပ ကိုဇော်ရယ် ၊ နင်တို့ မရှက်ဘူးလား။ နင်တို့က မိန်းကလေးရှင် ဘက်ကလေ။ ဘာလုပ်စရာလိုလဲ။ ဒါ ယောက်ျားလေးတွေ ဘက်က လုပ်ရမှာလေ ၊ နင်တို့ မရှက်ဘူးလား။ ”

တဲ့။ ကျွန်တော်တို့ တကယ်မသိပါ။ ကျွန်တော်တို့ သိတာက ကျွန်တော့် သူငယ်ချင်း မင်္ဂလာဆောင်မှာ တင့်တင့်တယ်တယ် ဖြစ်စေချင်တာပဲ သိတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ရှက်ဖို့ နေနေသာသာ ရေချိုးပြီးတော့ တင်နှင်းရီ မင်္ဂလာဆောင်မှာ စားပွဲထိုး လိုက်ကြပါသေးတယ်။ ဘာပဲ ပြောပြော ကျွန်တော်တို့ ပျော်ခဲ့ကြပါတယ်။




၆)

ကျွန်တော် အလွန် စိတ်ပျက်ခဲ့ရတဲ့ မင်္ဂလာဆောင် နှစ်ခု ရှိပါတယ်။ သူငယ်ချင်းတွေပါပဲ ၊ နာမည်တော့ မပြောတော့ဘူးဗျာ။ ကိုယ့်ရဲ့ ချို့တဲ့မှုကို လက်မခံပဲ ၊ သူများတွေနဲ့ တန်းတူ မင်္ဂလာဆောင်ချင်တဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ အိမ်ထောင် တစ်ခုမှာ မင်္ဂလာဆောင်မှ မင်္ဂလာရှိမယ် လို့ သူတို့ ယူဆကြတယ် ထင်တယ်။ သူတို့ ချေးငှားပြီး မင်္ဂလာ ဆောင်ကြတာပါ။

တစ်ယောက်က အိမ်မှာ ဆောင်တာပါ။ သူတို့ရဲ့ ချို့တဲ့မှုကို သိလို့ ကျွန်တော် သူများတွေထက် ပိုလက်ဖွဲ့တာပါပဲဗျာ။ ဒါပေမဲ့ သူတို့ရဲ့ လိုအပ်ချက် ပြည့်မှီအောင် မပေးနိုင်ခဲ့ပါဘူး။ မင်္ဂလာဆောင် ပြီးတော့ သူတို့မှိုင်နေကြတယ်။ တစ်နာရီခွဲ ၊ နှစ်နာရီစာ ပျော်ခဲ့တာလေးဟာ မင်္ဂလာဆောင် မဏ္ဍပ်တောင်မှ မဖျက်ရသေးဘူး။ သူတို့ လက်ဖွဲ့ငွေတွေ တွက်နေကြတယ်။ မနေနိုင်လို့ မေးကြည့်လိုက်တော့ သူတို့ အရင်းမကျေ ကြဘူးတဲ့။ အရင်းကျေအောင် ကျွန်တော် မတတ်နိုင်ခဲ့လို့ သူတို့ မင်္ဂလာဆောင် ဓါတ်ပုံတွေအတွက် ကျွန်တော်နဲ့ သူရ ထပ်လက်ဖွဲ့ ခဲ့ရတယ်။

နောက်တစ်ယောက်ကတော့ ခန်းမမှာမှ ဆောင်မယ် ဆိုပြီး ပိုချေးငှား ဆောင်ခဲ့တယ်လေ။ ကျွန်တော်တို့ သူငယ်ချင်းတွေ အာလုံးပြောပါတယ်။ ရှုံးမယ် ဆိုတာ သေချုာတယ်လို့ ပြောတယ်လေ။ ဒါပေမဲ့ မရပါဘူး ၊ မင်္ဂလာခန်းမမှာ မင်္ဂလာဆောင်မှ မင်္ဂလာရှိတယ် လို့ ယူဆထားတဲ့ သူတို့ အတွက်ကတော့ ဒီတစ်ရက်ကလေး မင်္ဂလာပွဲ ပျော်ရွှင်ဖို့ အတွက် သူတို့ အကြွေးတွေကို စိတ်ဆင်းရဲခြင်း များစွာဖြင့် လပေါင်းများ စွာ လင်မယား နှစ်ယောက် ဆပ်နေကြရတာပါ။ သူတို့ အကြွေးတွေ ကျေအောင် လက်မဖွဲ့နိုင်တဲ့ အတွက် ကျွန်တော် စိတ်မကောင်းနိုင်ခဲ့ပါ။




၇)

ကျွန်တော် ကြောက်လန့် တုန်လှုပ်ခဲ့ရတဲ့ မင်္ဂလာဆောင် နှစ်ခု ရှိပါတယ်။ ကျွန်တော်တို့ ဘေးရပ်ကွက်မှာ ဖြစ်ခဲ့တာပါ။ တစ်ခုက ကောင်လေး နဲ့ ကောင်မလေး ငယ်ငယ်လေး ခိုးပြေးသွားပြီး ပြန်လာလို့ မင်္ဂလာဆောင် ပေးတာပါ။ မင်္ဂလာဆောင် ပြီးတော့ လက်ဖွဲ့ ငွေတွေကို သတို့သား ၊ သတို့သမီးတို့ နှစ်ဘက်လုရင်း မင်္ဂလာ ခန်းမမှာတင် ရိုက်ကြ ၊ နှက်ကြ ဖြစ်ကြသတဲ့လေ။ ဒါနဲ့ပဲ ကောင်မလေးနဲ့ ကောင်လေး ကွဲသွားကြတယ်။

နောက်တစ်ခုကတော့ မင်္ဂလာဆောင်ပြီး မင်္ဂလာဦးညမှာ လက်ဖွဲ့တွေ ၊ လက်ဖွဲ့ ငွေတွေတွက်ရင်း ငါ့မိဘက ဘယ်လောက် စိုက်ထားတာ ၊ ငါ့မိဘက ပိုကုန်တယ် ဆိုပြီး ငြင်းကြ ခုန်ကြရင်း လက်သီဒဏ်ကြောင့် မျက်ခုံးကွဲသွားတဲ့ သတို့သမီးနဲ့ သနပ်ခါးတုံးကြောင့် ခေါင်းကွဲသွားတဲ့ သတို့သားတို့ ညတွင်းချင်း ရပ်ကွက်ရုံးမှာ ကွာရှင်းလိုက်ကြသတဲ့။ သူငယ်ချင်း ပြောပြတော့ ကျွန်တော် ကြက်သီး ထမိအောင် တုန်လှုပ်ခဲ့ရတယ်။ ဒါဆို ဘာလို့ မင်္ဂလာဆောင်ကြသေးလဲဗျာ။ ဘယ်မှာ မင်္ဂလာရှိလို့လဲ။ ဒီလို မင်္ဂလာဆောင်မျိုး ကျွန်တော်ကြောက်တယ်ဗျာ။




၈)

ကျွန်တော့်ဘ၀မှာ မင်္ဂလာ နှစ်ခါဆောင်ဖူးတယ်။ ( ဟာ. . ဟေ့ . . ဟေ့. . .  နေပါဦး။ စကားကိုပြီးအောင် နားထောင်ပါဗျ ၊ ခင်ဗျားကလဲ။ ခက်တာပဲ။ ကျွန်တော် မင်္ဂလာဆောင်တာ အပြင်မှာ မဟုတ်ပါဘူးဗျ။ အိပ်မက်ထဲမှာပါ . . . . ဟူး။ )

ပထမ တစ်ခါ မင်္ဂလာဆောင်တော့ ကျွန်တော် ခန်းမမှာ ဆောင်တာတဲ့။ ဖြစ်ချင်တော့ ချစ်သူက ကျွန်တော့်မှာ မရှိသေးတော့ အိပ်မက်ထဲက မင်္ဂလာဆောင်မှာ ကျွန်တော် လက်ကို တွဲထားတဲ့ သတို့သမီးက မျက်နှာမပါဘူး။ မျက်နှာဗြောင်ကြီးတဲ့လေ။ မျက်နှာဗြောင် တိုက်တယ်ဆိုတာ ဒါပဲနေမှာ။ အေးလေ အပြင်မှာ မရှိတော့ အိပ်မက်ထဲမှာ မျက်နှာ မပါတာ ဆန်းလား။ ဒါပေမဲ့ ကျွန်တော် အိပ်မက်ထဲမှာ တောင်မှ ရှက်နေတယ်ဗျာ။ အမြဲတမ်း တွေ့ဆုံနေတဲ့ လူတွေ ၊ သူငယ်ချင်းတွေကို ဒီနေ့ကျမှ ဟိတ်ကြီး ဟန်ကြီးတွေနဲ့ ဆက်ဆံရမှာလေ။ မင်္ဂလာဆောင် ဆိုတာကလဲ အမြဲတမ်း ရင်းနှီး တွေ့ဆုံနေတဲ့ လူတွေကို ဖိတ်တာ မဟုတ်လားဗျာ။ လုရင်းတွေကို ဖိတ်တာလေ။ ဒီလိုလူတွေကို အရင်နေ့က....

“ ဟေ့ကောင် ဘယ်ဒိုးမလို့လဲ။ ပုံးဆွဲပြီးပြီးလား ၊ ပြီးရင် ဗုံးကြဲလေ ၊ ဟီးဟီး . . . ဟားဟား..”

ဒီလိုပြောနေတဲ့ သူငယ်ချင်းတွေကို ဒီနေ့ကျမှဗျာ..........

“ လာပါခင်ဗျာ။ ကြွပါ စားပါ သောက်ပါ။ ”

ဆိုပြီး ဟိတ်ကြီးဟန်ကြီးနဲ့ ဆက်ဆံရမှာ ကျွန်တော် တကယ် ရှက်တယ်ဗျာ။ နောက်နေ့ကျတော့ ပြန်တွေးရင် တကယ် ရှက်စရာကြီးဗျာ။ ဟုတ်တော့ ဟုတ်ပါတယ်လေ။ မင်္ဂလာဆောင် ဆိုတာ နေချင်သလို နေလို့ ဘယ်ရမလဲ။

“ လာ . . . ဟေ့ကောင် ထိုင်ချင်တဲ့ နေရာမှာ ဖိနပ်ခု ထိုင်လိုက် ၊  ပျင်းရင် လေးဖြူ သီချင်း ဟစ်နေကွာ။ ငါ . . ဗံဒါသီး ထုစားဖို့ သွားကောက်ဦးမယ်။ ”

ဆိုပြီး ဒီလိုလဲ လုပ်လို့ မရဘူးလေ။ ဒါပေမဲ့ ဟိတ်ကြီး ဟန်ကြီးတွေနဲ့ လုပ်ရပြောရမှာ ကျွန်တော် မုန်းတယ်ဗျာ။ ( ပြီးတော့ ဟန်ဆောင်တာကို ကျွန်တော်မုန်းတယ်။ )

သတို့သမီးက မျက်နှာဗြောင်နဲ့ ဆိုတော့ ရှက်မရှက် မသိပေမဲ့ ကျွန်တော်ကတော့ တော်တော် ရှက်တယ်ဗျာ။ ကျွန်တော် မနေတတ်ဘူး။

နောက်တစ်ခါ မင်္ဂလာဆောင်တော့ ကျွန်တော် သိပ်မရှက်ရ တော့ဘူးလေ။ ဘယ်ရှက်ရမလဲဗျာ။ ကျွန်တော်က အထူး အစဉ်အနေနဲ့ တစ်ဧက ပတ်လည်ကို ကာထားလိုက်တယ်။ ပြီးတော့မှ ဒီအထဲမှာ ကျင်းပတာလေ ၊ မင်္ဂလာဆောင် အချိန်က ဒီမင်္ဂလာဆောင် အချိန်အတောအတွင်း ဘယ်မှမထွက်ရ ၊ ဟန်းဖုန်းမပြောရ ၊ ကျွန်တော့်မင်္ဂလာဆောင်ကို လာတဲ့လူတွေကို ကောင်တာမှာ လက်ဖွဲ့ပေးပြီးတာနဲ့ မျက်နှာဖုံးတစ်ခု ပေးလိုက်တယ်လေ။ ကျွန်တော်လည်း မျက်နှာဖုံးနဲ့ပဲလေ။ သတို့သမီးကတော့ မျက်နှာဗြောင်ထက် စာရင် တော်သေးတယ် ဆိုပြီး ပျော်တောင်မှ ပျော်နေသေး ၊ အေးလေ သူလဲ ပထမ တစ်ခါကထက်စာရင် တော်သေးတာပေါ့လေ။ မျက်နှာဗြောင်နဲ့ မဟုတ်တော့ဘူးလေ။

ကျွန်တော်ကလည်း မျက်နှာဖုံးနဲ့ ဆိုတော့ ကျွန်တော် ပျော်နေတယ် ၊ ပြုံးနေတယ် ၊ မဲ့နေတယ် ၊ ငိုနေတယ် ၊ ရှက်နေတယ် ၊ သူတို့ မမြင်ရဘူးလေ ၊ ကောင်းမှကောင်း။ မင်္ဂလာဆောင်လာတဲ့ လူတွေကို ကျွန်တော်က ကျေးဇူးတင် ကဒ်လေးတွေ လိုက်ဝေတယ်လေ။ ဒီကဒ်မှာ ကျွန်တော်က ဒီလို ရေးထားတယ်။

“ ကြွရောက်တဲ့ အတွက် ကျေးဇူး တင်ပါတယ် ခင်ဗျာ။ လိုအပ်တာများကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်မှာ စားနိုင်ကြပါတယ်။ ”

လို့ရေးထားတယ်လေ။ ဟီဟိ . . . သူတို့ခဗျာ အပြင်လည်း ထွက်မရ ၊ ပွဲချိန်ကလည်း ၅ နာရီတောင် ကြာတော့ ဗိုက်ကလည်းဆာ ၊ H/P ကလည်း ခေါ်မရ ၊ ဘာလုပ်ရမှန်း မသိကြဘူး ၊ ပြီးတော့ လူဆိုတာ သိတယ်မဟုတ်လား။ ဟန်ကို့ဖို့ဆိုတာ ရှိသေးတယ်လေ။ ဒီကြားထဲမှာ ပါလာတဲ့ ကလေးတွေကလည်း ဟိုဟာ စားမယ် ၊ ဒီဟာ စားမယ်နဲ့ပေါ့။ ဒါနဲ့ပဲ သူများတွေ စားသလိုမျိုး အားကျမခံ ၀ယ်စားရတော့တာပေါ့။

ဒီမှာ ကျွန်တော်က ဈေးကို အပြင်ထက် ၃ ဆလောက် တင်ထားသေးတယ်လေ။ ဒါနဲ့ပဲ ကျွန်တော့် မင်္ဂလာဆောင်က ကျွန်တော် အစ်မ မသူဇာ နဲ့ ခိုင်သင်းကြည် မင်္ဂလာဆောင် တို့ထက် သာသွားတယ်ဗျာ။ ချက်ချင်း ကုဋေကြွယ် သူဌေး ဖြစ်သွားတယ် တဲ့။ ဒါပေမဲ့ . . တစ်ခုပဲ ခက်နေတယ်ဗျာ။ ဒါက အိပ်မက်ထဲမှာလေ။ ပြီးတော့ မျက်နှာဖုံး စွပ်ပြီး အပြင်မှာ မင်္ဂလာဆောင်တယ် ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ထုံးစံမှ မရှိတာ အင်္ဂလန် ၊ ပြင်သစ် ၊ အမေရီကားတွေမှာတော့ ကြားဖူးတယ်လေ။




၉)
ဒီနောက်တော့..........


မင်္ဂလာဆောင်နဲ့ ပတ်သတ်ပြီး ကျွန်တော့်ဆရာနှစ်ယောက်က ဒီလိုပြောပြတယ်..။

“ မင်္ဂလာဆောင်ဆိုတာ ဗုဒ္ဓဘာသာရဲ့ အယူမှာ ဖူးစာရေစက် အနေနဲ့ ဘယ်ဘ၀ ရောက်ရောက် မေးကြပြီ ဆိုရင် ဤလင် ၊ ဤမယား ကုသိုလ်ကောင်းမှု စိတ်တူကိုယ်တူ ပြုဖူးပါသလား ဆိုပြီး မေးရိုး ထုံးစံပဲရှိတယ်။ ဒါကြောင့် . . မင်္ဂလာဦး ဆွမ်းကျွေးကြတာလေ။ နောက်မှ လူတွေက ထွင်ပြီး တတ်နိုင်သလောက် မင်္ဂလာဆောင် အခမ်းအနားတွေ လုပ်လာကြတာ။ တကယ်တော့ ဘ၀ရေစက်မှာ မင်္ဂလာဆောင်ခြင်းက အရာ မရောက်ဘူး။ မင်္ဂလာ ဆွမ်းကျွေးခြင်းသာ သံသရာ အထိပါတယ်။ ”

ကျွန်တော် အံ့သြခဲ့ရတယ်။ လူတွေ လူတွေ မလိုတာတွေ ချဲ့ကြတာပါလား။ နောက် ဆရာ တစ်ယောက်က . . .

“ တကယ်တော့ကွာ စဉ်းစားကြည့်....။ ဟိုးအရင်က.....

 
၁) ဘုန်းကြီးပင့်ပြီး မင်္ဂလာ ဆွမ်းကျွေးကြတယ်။
၂) ရှေ့ ခုနှစ်အိမ် ၊ နောက် ခုနှစ်အိမ် အသိအမှတ် ပြုတယ်ဆိုရင် အကြင်လင်မယား မြှောက်တယ်။
၃) ပုဆိုးတန်းတင်ရင် အကြင် လင်မယား အရာမြောက်တာပါပဲ။ တကယ်တော့ သူနဲ့ ကိုယ် စိတ်တူ ကိုယ်တူ အတူတူ နေကြတာပါ။ ဒါကို လူတွေက ချဲ့လာကြတာ။

စဉ်းစားကြည့်ရင် လင်မယား ဆိုတာ အတူတူနေတာ မဟုတ်လား။ ( ဆောရီးဗျာ။ ကျွန်တော့်ဆရာပြောသလို ပွင့်ပွင့်လင်းလင်း ရေးရလို့ပါ။ ) ဒါကို သူတို့က လူတွေ အများကြီး သိအောင် ခန်းမမှာ မင်္ဂလာဆောင်ပြီး ကျွန်တော် ကျွန်မတို့ ဒီကိစ္စ ၊ ဒီဟာ ကို တရားဝင် လုပ်ပါတော့မယ်လို့ လူတွေကို ကြေငြာနေသလို မဟုတ်ဘူးလားကွာ။ သေချာစဉ်းစား ကြည့်ရင် ရှက်ဖို့ ကောင်းတယ်ကွာ။ ကိုယ်တွေ ဒါလုပ်မှာကို လူတွေကို ကြော်ငြာနေတာ။ ”

ဟာ  . . . ဟုတ်တာပဲ။ ကျွန်တော် မင်္ဂလာဆောင်ရမှာ ရှက်တဲ့ ပိုရှက်မိတယ်ဗျာ။ ဘယ်လိုကြီးမှန်းလဲ မသိတော့ဘူး။ ခက်တော့ ခက်နေပြီ။




၁၀)

အင်း . . . တကယ်လို့ပေါ့ ၊ ကျွန်တော့်မှာ ချစ်သူရှိလာရင် ပြီးတော့ ကျွန်တော် ချစ်သူနဲ့ လက်ထပ်ဖို့ တိုင်ပင်ရင် ကျွန်တော်ဒီလို ပြောကြည့်မယ်ဗျာ။

“ ချစ်သူရေ ၊ ကိုယ်လေ မင်္ဂလာဆောင်ရမှာ ရှက်လို့ပါ။ သိကျွမ်း ရင်းနှီးနေတဲ့ သူတွေကို ဒီနေ့ကျမှ ဟိတ်ကြီး ၊ ဟန်ကြီး နဲ့ လုပ်ရမှာ ရှက်လို့ပါ။ ကိုကလေ. ဒီလိုလုပ်ချင်တယ်။ ဗုဒ္ဓဘာသာဓလေ့ နဲ့လည်း ညီအောင် မိတ်ဆွေတွေ ဖိတ်ပြီး မင်္ဂလာဆွမ်း ကျွေးမယ်။ လက်ဖွဲ့လည်း မျှော်လင့်နေနဲ့တော့။ မင်္ဂလာခန်းမမှာ မင်္ဂလာဆောင်လို ကုန်ကျမဲ့ဟာကို ဘိုးဘွားရိပ်သာ ဖြစ်ဖြစ် ၊ မိဘမဲ့ ကလေးတွေကို ဖြစ်ဖြစ် လှူချင်တယ်။ ချစ်သူ ဘယ်လို သဘောရလဲ။”

ဒီတော့....သူက.....

“ ဟုတ်တယ် ၊ သူလည်း ဒီလိုပဲ တဲ့။ မင်္ဂလာ ဆွမ်းကျွေးပြီး ဘိုးဘွားရိပ်သာမှာ လှူချင်နေတာ။ ”

တဲ့။ ဟာ . . . ကျွန်တော် ၀မ်းသာတယ်ဗျာ။ ကျွန်တော့် ချစ်သူကိုလည်း အရမ်းချစ်သွားတယ်။

“ မရဘူးတဲ့။ မင်္ဂလာ ခန်းမမှာပဲ မင်္ဂလာ ဆောင်မယ် တဲ့။ လက်ဖွဲ့တွေလည်း လိုချင်တယ်တဲ့။ သတို့သမီး ၀တ်စုံလည်း ၀တ်ချင်တာ တဲ့။ DVD လည်းရိုက်မှာပဲ တဲ့။ မရဘူး . . .  မင်္ဂလာဆောင်မယ်။” ..

တဲ့။ ဟာဗျာ . . .ကျွန်တော်လေ ကျွန်တော့်ချစ်သူကို ချစ်လို့သာ အလိုလိုက်ပြီး မင်္ဂလာဆောင်ရမှာဗျာ။ တကယ်ပြောတာ မယုံရင်ကြည့် ဒီမင်္ဂလာဆောင်မှာ ကျွန်တော်ရှက်နေလိမ့်မယ်။ ကျွန်တော်နေတတ်မှာ မဟုတ်ဘူး။




နိဂုံး

 
ဒါကြောင့် ကျွန်တော် ပြောတယ်လေ။ ဒီစာကို ဖတ်ပြီး ခင်ဗျားတို့ ရယ်ကြလိမ့်မယ်။ ပြီးတော့ ဒီစာကို ဖတ်ပြီးတဲ့ လူတွေ ပြောတဲ့အတိုင်း ကျွန်တော့်ကို အရူးလို့ ပြောလိမ့်မယ်။ ခင်ဗျားတို့ မပြောနဲ့ ကျွန်တော့် အမေကတောင်မှ ကျွန်တော့်ကို ပြောတယ်။

မှတ်ချက်။ ။ ကျွန်တော် ငယ်ငယ်က ရေးမိတဲ့ အကြောင်းအရာလေးပါ။ အခု Renew ပြန်ရေးလိုက်တာပါ။ ခုနောက်ပိုင်း ကျွန်တော် စဉ်းစားမိတာကတော့ မင်္ဂလာဆွမ်းကျွေးပြီး ဘိုးဘွားရိပ်သာ ၊ မိဘမဲ့ ကလေးဂေဟာကို တစ်ဝက်လှူ ၊ ကျန်တ၀က်ကို မရောက်ဖူးတဲ့ နေရာကို ပျားရည်ဆမ်း ခရီး ထွက်သင့်တယ်။ အိမ်ထောင် နှစ်ကြာလာရင် သွားဖို့က မလွယ်တော့ဘူးလေ။ ကျွန်တော် ဒီလို တွေးမိတယ်။

ခင်မင်စွာဖြင့်

ကိုဇော်


http://zaw357.multiply.com/journal/item/228/228
မှာ 28.4.2009 ကရေးထားတာပါ။


Share/Bookmark

15 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

လာဖတ်ပါတယ်ကိုဇော်
ဆိုက်ပြင်ထားပါတယ်

Orange Chit Thu said...

I like this post so much...
I like the way of your expression about different people and different idea...and also the situation after marriage....
Good Post!
This reflects real life...

ချစ်ကြည်အေး said...

မောင်လေးဇော်ရေ....အမထက် ငယ်မယ်ထင်လို့ ပါ...၊ အမတို့တုန်းကလဲ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး၊ အမကိုယ်တိုင် ဆိတ်သားဟင်းချက် ဆရာတော်လှူခဲ့တာ၊ မောပေမဲ့ ပျော်ခဲ့တယ် ၊ ငွေရှိတဲ့လူတွေ ချဲ့ သမျှ မရှိပဲနဲ့ လိုက်လုပ်ကြတော့ ခက်ကုန်တာပေါ့...၊ စာလေးဖတ်ပြီး အရူးလို့ ပြောမသွားဘူးနော်...အရူးစကား၊ ကလေးစကားဆိုတာ မှန်တတ်သတဲ့...:D

ခင်မင်စွာ
အမ ချစ်ကြည်အေး

Flower said...

ဒီသရော်စာလေးကလဲ တစ်မျိုးကောင်းပါတယ်.ထိထိမိမိရှိပါ့ရှင်.. ဖတ်ပြီးလဲ ပြုံးမိပါရဲ့ ...တစ်ခုတော့ရှိတယ်.. ကိုဇော့် သတို့သမီးလောင်း ကိုတော့ ဒီပိုစ့်လေး မဖတ်မိစေနဲ့နော်.. မင်္ဂလာဆောင်ဖို့လဲရှက်သေး.. မင်္ဂလာဆောင်မှာ ဈေးရောင်းဖို့လဲ ကြံသေး.. သတို့သမီးကိုလဲ မျက်နှာဗြောင် တိုက်တယ်ပြောသေးဆိုပြီး.. မင်္ဂလာစကား မစခင်.. တပ်လှန်ပြေးရမဲ့ အဖြစ်ရောက်လိမ့်မယ်.. :)

Anonymous said...

Ko Zaw ,

Di post ka pyan tin htar tar lar.
I though I've already read it before new year.Is it right ?
Nyi Ma sate htel ma tay char lo par.
I like this post too much.

Regards

ဒဏ္ဍာရီ said...

ဒီပိုစ့်လေးကို သဘောတကျလေး ဖတ်သွားတယ် မောင်လေးရေ.. စိတ်ကူးလေးနဲ့ ဆောင်ခဲ့တယ် မင်္ဂလာဆောင်ရယ် တကယ့်လက်တွေ့မှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာလေးတွေကို အတွေးကောင်းလေးနဲ့ ရေးထားတာပဲ။ အရူးလို့ မပြောနိုင်ပါဘူး။ ဒါဟာ လောကမှာ ဖြစ်ပျက်နေကြတဲ့ ပကာသနတွေလေ။

ခင်မင်လေးစားလျှက်

Unknown said...

ကောင်းပါလေ့ ၊ ကိုဇော်ရာ Buzz ကနေ ရောက်လာပါ၏ ။

ဒါနဲ့ ကိုဇော်မင်္ဂလာမဆောင်သေးဘူးလားဗျ .. :P

Mee Chit said...

good
ဟုတ်တယ်.. တစ်ဝက်လှူပီး တစ်ဝက်ဂိုးမယ်...
ဒန် တန့် တန် :D

တူးတူးကလျာ said...

အဟင့်.. အစ်ကိုစာဖတ်ပြီးမှ မင်္ဂလာဆောင်ချင်တဲ့ စိတ်တောင်ပျောက်သွားပြီ... ပြောင်ပြောင့်ကိုသွားမပြနဲ့နော်.. တော်ကြာ မဆောင်ပေးပဲ နေဦးမယ်.. အဟင့်.. ဘာလုပ်ရမှန်းတောင် မသိတော့ဘူး.. တကယ်ပဲ...

Anonymous said...

တော်တယ်ဗျာ .. ရှာရှာ ဖွေဖွေ တွေးတတ်တယ် ... ရယ်မလို ငိုရမလို ဖြစ်သွားတယ်...ကျနော် မြန်မာ blog ကို
ုပထမဆုံး သေချာ စဖတ်မိတာဖြစ်သလို အကို စာတွေ အကုန် လိုက်ဖတ် ပြီး အကုန် သဘောကျပါတယ် ... ဒီမှာပဲ ရှေ့က post တွေအတွက် ကော ခု ဟာ ပါဖတ်လိုက်ရတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောသွားတယ် :)
have a good time bro :)

အင်္ဂါဟူး said...

အောင်မာ မတ်နာဖုန်းဆွတ်ပြီး မင်ဂါဆောင်မတဲ့.. လုပ်မှလဲ ဟုတ်ပါဆရာရယ်.. သတို့သမီးကို တစ်ပတ်ရိုက်ပြီးပြေးမလို့လား။ မင်္ဂလာဆောင်မှာ ဈေးရောင်းတော့ နံမည်ပေးခဲ့မယ်


သူငယ်ချင်းများစုံညီ “ မင်္ဂလာဈေးရောင်းပွဲတော်” လို့

ဝက်ဆလူး said...

ဒီပို့စ် ဖတ်ဖူးသလိုပဲ ဒါပေမယ့် ကွန်မန့် မပွတ်မိဘူးနဲ့တူတယ် များ လက်ရာမတွေ့ဘူး အဟေးးအဟေးးး

များလဲ ကြီးကြီးကျယ်ကျယ်မဆောင်ဘူးသိလား မင်္ဂလာဆွမ်းကျွေးမယ် ၂ ဖက် မိဘကို ကန်တော့မယ် ပြီးတော့ သူငယ်ချင်းတွေ အတွက် ဒင်နာလေးလုပ်မယ် ကိုဇော်လဲ လာခဲ့နော် အဲဒီကျရင် ဖိတ်မယ် သိလား
ဒီလောက်ဆို လုံလောက်ပြီလေ အဲဒီ အဝတ်စားကြီးတွေ ဝတ်ချင်ဘူး မွန်းကျပ်လို့

မရူးပါဘူး ကိုဇော် တခါတလေ ကျရင် ကိုဇော့်အတွေးကိုထောက်ခံပါတယ် ဟဲဟဲ

minmawkhaine said...

အမျိုးမျိုး အထွေထွေ ရှိကြသည်ပေါ့လေ။ ကျွန်တော်လည်း ခန်းမထဲမှာ လက်ချင်းချိတ်ပြီး လမ်းလျှောက်၊ လာသမျှလူ ပြုံးပြ ။ တော်တော် ပင်ပန်း မဲ့အပြင်ကို တော်တော် ရှက်စရာကောင်းတယ်လို့ထင်သဗျ။ အဲ..အဲ..မိန်းကလေးများကြတော့ တစ်သက်မှာ တစ်ခါ ကြီးကြီးကျယ်ကျယ် ဆောင်ချင်ကြတယ်ဆိုပဲ။ ယောက်ျားလေးလည်း တစ်သက်မှာ တစ်ခါ ပဲပေါ့နော့။ ဟုတ်တာမဟုတ်တာတော့ မသိဘူး။ ကြားဖူးတာတော့ ယောက်ျားလေးများသည် မိန်းမလိုချင်၍ မင်္ဂလာဆောင်သည်။ မိန်းကလေးများသည် မင်္ဂလာဆောင်ချင်၍ ယောက်ျားယူကြသည်တဲ့။ ဖတ်ဖူးတဲ့ စာထဲကပါ။ ကျွန်တော်ပြောတာ မဟုတ်ရပါ။

khin oo may said...

တယ်စိတ်ကူးယဉ်သကိုး .

kiki said...

ကိုဇော်..တကယ့် မင်္ဂလာဆောင်ဖြစ်မယ် ဆိုရင်..ဖိတ်စာပို့ ဖို့ မမေ့ပါ နဲ့..
အထက်က အချက်တွေနဲ့ ဘယ်နှစ်ခု ကိုက်ညီမလည်း ဆိုတာ ကြည့်ဖြစ်အောင်ကို လာကြည့် မှာ...း))
စိတ်ချ အရင်းကျေစေရမယ်.. ( အဖျားတော့ ကျေ မကျေ မသိ..ခွိး)))