မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


Showing posts with label Management. Show all posts
Showing posts with label Management. Show all posts

15 January 2011

22 အရှုံးသမား ဆိုတာ ဘာလဲ



        တစ်ခါက . . .

      လူငယ်လေး တစ်ယောက်ဟာ ဖခင် ရဲ့ ညွှန်ကြားမှုကြောင့် ကုန်သည်ကြီး တစ်ယောက်ထံကို  စီးပွားရေး သဘောတရားများကို လေ့လာဖို့ သွားရောက် သင်ယူသတဲ့။ ထိုကုန်သည်ကြီးက စီးပွားရေး ကိစ္စမှာတင် အောင်မြင်နေတာ မဟုတ်ဘဲ လူမှုရေး လုပ်ငန်းများမှာလည်း အလွန် အောင်မြင်ပြီး ကျော်ကြားနေသူ ဖြစ်တယ်။ သူ့မှာ လုပ်ငန်းပေါင်း များစွာ ရှိပြီး အနယ်နယ် အရပ်ရပ်မှ ကုန်ပစ္စည်းများကို ဒိုင်အဖြစ် လက်ခံ ဝယ်ယူကာ တဆင့် ပြန်လည် ရောင်းချသလို ၊ နောင်တစ်ချိန် ဈေးတတ်လာနိုင်သော ကုန်ပစ္စည်းများကိုလည်း ခန့်မှန်း တွက်ချက်ကာ သိုလှောင်ထားလေ့ ရှိတယ်။ 

        လူငယ်လေး ရောက်သွားပြီး ကုန်သည်ကြီးဆီက စီးပွားရေး သဘောတရားများ ၊ စီးပွားရေး ခံယူချက် အမြင်များကို လေ့လာ သင်ယူနေခဲ့တယ်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့ရဲ့ ထုံးစံ အတိုင်း နောင်တစ်ချိန်မှာ ဈေးတတ်လာနိုင်သော ပစ္စည်းများ ၊ ဈေးကျလာနိုင်သော ပစ္စည်းများကို သူ့ရဲ့ အတွေ့အကြုံနဲ့ တွက်ချက်ပြီး ဘယ်ပစ္စည်းကိုတော့ သိုလှောင်သင့်တယ် ၊ ဘယ်ပစ္စည်းကိုတော့ မသိုလှောင် သင့်ဘူး လို့ ဆိုကာ ဆုံးဖြတ်ပြီး နောင်တစ်ချိန် ဈေးတတ်လာနိုင်တယ် လို့ ထင်တဲ့ ပစ္စည်းတချို့ကို သိုလှောင် ထားခဲ့တယ်။ 

        လူငယ်လေးကလည်း ကုန်သည်ကြီးရဲ့ အကဲဖြတ်ပုံ ၊ ခန့်မှန်း တွက်ချက်ပုံ ၊ အတွေ့အကြုံများကို သေချာ လေ့လာ သင်ယူမှတ်သား ထားခဲ့တယ်။ နာမည်ကြီး ကုန်သည်ကြီးလည်း ဖြစ် ၊ သူခန့်မှန်း တွက်ချက်ပြီး သိုလှောင်တဲ့ ပစ္စည်းတိုင်းကလည်း  ဈေးတတ်၍ အောင်မြင်ကာ အကျိုးအမြတ်များ ရရှိသောကြောင့် တခြားသော ကုန်သည်များကလည်း ကုန်သည်ကြီး ဘယ်ပစ္စည်းကို သိုလှောင်တယ် ဆိုတာကို အမြဲမပြတ် လေ့လာ စုံစမ်း နေခဲ့ကြတယ်။ အခုတော့ ကုန်သည်ကြီး ဒီပစ္စည်းကို သိုလှောင်နေတယ် ဆိုတာကို သိတာနဲ့ သူတို့လည်း ထိုပစ္စည်းများကို လိုက်လံ သိုလှောင်တယ်။

        ကုန်သည်ကြီး ထိုပစ္စည်းကို သိုလှောင်တယ် ကြားတာနဲ့ တခြားသော ကုန်သည်များလည်း လိုက်ပြီး သိုလှောင်ကြတဲ့ အတွက် ကုန်ပစ္စည်းတွေဟာ ခဏပြတ် သွားသလို ဖြစ်တာကြောင့် ထုတ်လုပ်သူတွေက ရောင်းအား ပိုကောင်းတယ် ထင်ကာ အဆက်မပြတ် ထုတ်လုပ်လာကြတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ထိုကုန်ပစ္စည်းတွေက အလွန်ပေါများ လာသလို ဖြစ်ပြီး ထိုကုန်ပစ္စည်းတွေဟာ ကုန်သည်ကြီး ခန့်မှန်းသလို ဈေးတွေ တတ်မလာတော့ဘဲ ဈေးတွေ ကျသထက် ကျလာခဲ့တယ်။ 

       ထိုကုန်ပစ္စည်း ဈေးနှုန်းတွေ ဘယ်လောက်တောင်မှ ကျလာသလဲ ဆိုရင် ကုန်သည်ကြီး ခန့်မှန်းထားသလို တတ်ရမဲ့ အချိန်မှာ တတ်မလာတဲ့ အပြင် သာမာန် ရောင်းဈေးထက်ကို ကျလာတယ်။ အားလုံးကလည်း အမြဲတမ်း ကုန်သည်ကြီး ခန့်မှန်း သိုလှောင်တိုင်း အမြတ်ကြီး မြတ်နေခဲ့ပြီး ဒီတစ်ခါ ဘာလို့ ကုန်ပစ္စည်းတွေ ဈေးနှုန်း ထိုးကျရတာလဲ ဆိုတာကို တွေးပြီး အံ့သြနေကြတယ်။ ကုန်ပစ္စည်း ဈေးနှုန်းတွေကလည်း ကျလာလိုက်တာ တစစ သိုလှောင်တုန်းက ဈေးနှုန်းကို ရောက်လာတဲ့ အထိ ဆက်လက် ကျနေဖို့ အနေအထားတွေက ပြနေသေးတယ်။

         ဒီတော့ ကုန်သည်ကြီး ပစ္စည်း သိုလှောင်လို့ လိုက်ပြီးတော့ သိုလှောင်သူတွေကလည်း ဆက်လက်ပြီး ဈေးတွေ ကျလာနိုင်တဲ့ အတွက် မမြတ်ချင်လည်း နေပါစေတော့ အရှုံးတော့ မခံနိုင်ဘူး ဆိုပြီး ဆက်လက် သိုလှောင် မထားတော့ဘဲ ကုန်ပစ္စည်းတွေကို ထိုးရောင်းတော့တယ်။ ဒီတော့ ဈေးကွက်ထဲမှာ ထုတ်လုပ်သူတွေရဲ့ ပစ္စည်းတွေရော ၊ သိုလှောင်ထား သူတွေရဲ့ ပစ္စည်းတွေပါ ထိပ်တိုက် ဆုံမိတဲ့ အတွက် ကုန်ပစ္စည်းတွေဟာ ပိုပြီးတော့ ပေါများနေခဲ့တယ်။ ကုန်ပစ္စည်းတွေ ပေါများနေတဲ့ အတွက် ဈေးနှုန်းတွေက ပို၍ ပို၍ ကျလာခဲ့တယ်။

       ကျလာတဲ့ ကုန်ပစ္စည်း တန်ဖိုးတွေက ပိုပြီး ပိုပြီး ကျလာတဲ့ အတွက် နောက်ဆုံးမှာ ကုန်ပစ္စည်းတွေဟာ မူရင်း သိုလှောင်ထားတဲ့ ဈေးနှုန်းထက်ကို ကျလာခဲ့တယ်။ ဒီအချိန်မှာတော့ အရင်က ဝယ်ဈေးနဲ့ တူနေတဲ့ အထိ ဆက်လက် သိုလှောင်ထားသူတို့လည်း အရှုံးခံကာ ဆက်လက် သိုလှောင် မထားတော့ဘဲ အရှုံးနည်းနေတဲ့ အချိန်မှာ ကုန်ပစ္စည်းများကို ထုတ်ရောင်းကြတယ်။ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေက ထုတ်လုပ်သူတွေ ၊ သိုလှောင်ထားသူတွေ ဆီက အပြိုင်ထွက်ကြတော့ ဈေးတွေကလည်း ကျသထက် ကျလာပြန်တယ်။ အားတင်းကာ သိုလှောင်ထားသူတွေလည်း ဆက်လက် အားမတင်း နိုင်တော့ဘဲ ပစ္စည်းများကို ထိုးရောင်းကြတော့တယ်။ 

        ဒီလို ကုန်ပစ္စည်းတွေကို တခြားသော ကုန်သည်တွေ ထိုးရောင်းချပေမဲ့ ကုန်သည်ကြီးကတော့ မူရင်း သိုလှောင်ဈေးထက် အဆမတန် ထိုးကျကာ အရှုံးကြီး ရှုံးနေသော်လည်း ပစ္စည်းများကို လုံးဝကို ထုတ်မရောင်းဘဲ အပြုံးမပျက် နေနေတယ်။ ကုန်သည်ကြီး ဆီမှာ စီးပွားရေး သဘောတရားတွေ လာရောက် သင်ယူ လေ့လာတဲ့ လူငယ်လေးက ကုန်သည်ကြီးကို ကြည့်ပြီး အလွန် အံ့သြနေခဲ့တယ်။ ကုန်သည်ကြီးကိုလည်း ကုန်ပစ္စည်းတွေ ဈေးနှုန်းကျနေတဲ့ အကြောင်း ၊ ဆက်ထားရင်လည်း ဆက်ကျကာ ပို၍ ရှုံးနိုင်တဲ့ အကြောင်းကို သတိပေးမိတယ်။

       “ ဦးကြီးခင်ဗျား ၊ အခု ဆိုရင် ဦးကြီး သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေက ဈေးကွက်ထဲမှာ ဦးကြီး ခန့်မှန်းထားသလို ရှားပါးပြီး ဈေးတတ်မလာဘဲ ၊ ဈေးနှုန်းတွေ အရမ်းကို ထိုးကျနေပါတယ်။ အခုဆိုရင် ဈေးနှုန်းတွေက မူရင်း ဝယ်ဈေးထက်ကို ကျနေတဲ့ အတွက် အရှုံးတောင်မှ ပေါ်နေပါပြီ။ ဒါကို ဆက်ပြီး သိုလှောင်ထားမယ် ဆိုရင် ကျဈေး မို့လို့ ထပ်ပြီးတော့ အရှုံးပေါ် နိုင်ပါတယ်။ ဒါကြောင့် အခု ဈေးနှုန်းနဲ့ ထုတ်ရောင်းမယ် ဆိုရင် မမြတ်သော်လည်း အရှုံးကြီး မရှုံးဘဲ အရှုံးနည်းနည်းနဲ့ သက်သာနိုင်ပါတယ် ဦးကြီး ”

       လူငယ်လေးက ကုန်သည်ကြီးကို ဒီလို ပြောတော့ ကုန်သည်ကြီးက သူ သိုလှောင်ထားသော ဂိုထောင်ကြီးကို တစ်ချက် လှမ်းကြည့်ပြီး  . . . . 

       “ အခု ဦးကြီး သိုလှောင်ထားတဲ့ ပစ္စည်းတွေ အရှုံးပေါ်နေပြီ လို့ ဆိုလိုတာလား တူမောင် ”

       လို့ ဘာမှ နားမလည်သလို ပြန်မေးတယ်။ ဒီတော့ လူငယ်လေးကလည်း လက်ရှိ ပေါက်ဈေးနဲ့ မူရင်း ဝယ်ဈေးကို တွက်ပြကာ တကယ်ကို အရှုံးပေါ်နေပြီ ဖြစ်ကြောင်း ထပ်ပြောတယ်။

        “ ဟုတ်ပါတယ် ဦးကြီး။ အခုဆိုရင် ကုန်ပစ္စည်းတွေ မူရင်းဈေးထက် ကျနေလို့ တော်တော် တောင်မှ ရှုံးနေပါပြီ။ ထပ်ထားလို့ ထပ်ကျမယ် ဆိုရင် ထပ်ပြီးတော့ ရှုံးဦးမှာပါပဲ။ ဒါကြောင့် အခု ဈေးနှုန်းနဲ့ ထုတ်ရောင်းလိုက်ရင် အရှုံးသက်သာ နိုင်ပါတယ် ဦးကြီး ”

       လူငယ်လေးက ဒီလို ပြောတော့ ကုန်သည်ကြီးက သူ့ရဲ့ နှုတ်ခမ်းမွှေးကို သပ်ရပ်စွာ ပွတ်သပ်ပြီး ပြောတယ်။ 

       “ ဦးကြီး သိုလှောင်ထားတဲ့ ပစ္စည်းတွေ အရှုံးပေါ်နေတယ် ဆိုတာ ဦးကြီး နားကို မလည်ဘူးကွယ်။ ဦးကြီး သိုလှောင်ထားတဲ့ ပစ္စည်းတွေ မရှုံးသေးပါဘူးကွဲ့ ”

        လို့ ပြောကာ ထထွက်သွား တော့တယ်။ ဒီတော့ လူငယ်လေးလည်း အလွန်ကို စိတ်ပျက်သွားတယ်။ သူ့ကို စီးပွားရေး ပညာရပ်များ လေ့လာဖို့ လွှတ်လိုက်တဲ့ သူ့ရဲ့ ဖခင်လည်း မှားပြီလို့ တွေးလိုက်မိတယ်။ လူငယ်လေး စိတ်ပျက်ပြီး ဖခင်ဆီကို ပြန်လာကာ သူ့ဖခင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ဒီတော့ သူ့ဖခင်က . . . 

       “ သူပြောတာ ဘာကြောင့် ပြောတာလဲ ဆိုတာတော့ အကြောင်း ရှိမှာပေါ့ ငါ့သား။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကုန်သည်ကြီးဆီမှာ ဆက်ပြီးတော့ လေ့လာ သင်ယူပါဦး။ သူ နာမည်ကြီး ကျော်ကြားတယ် ဆိုတာ ဘာကြောင့်လဲ ဆိုတာကိုလည်း သေချာ ထပ်ပြီး လေ့လာပါဦး ”

        လို့ ဆိုကာ ကုန်သည်ကြီးဆီကို ပြန်လွှတ်လိုက်တယ်။ လူငယ်လေး ကုန်သည်ကြီးဆီကို ပြန်ရောက်လာခဲ့ပြီး အချိန် အတန်ကြာအောင်ကို ကုန်သည်ကြီး သိုလှောင်ထားသော ပစ္စည်းဈေးနှုန်းတွေက ကျသထက် ကျနေဆဲပဲ ဖြစ်တယ်။ တင်းခံကာ သိုလှောင်ထားသူတွေလည်း ဘယ်လိုမှ တင်းမခံနိုင်တော့ဘဲ ရရာ ဈေးနှုန်းနဲ့ ထိုးလိုက်ရောင်းပြီး ဈေးထပ်ကျကာ ပို၍ အရှုံးပေါ်မှာကို အရှုံးနည်းနည်းနဲ့ ကာကွယ် သွားကြတယ်။ 

        ဒါကြောင့် ထိုကုန်ပစ္စည်း သိုလှောင်ထားသူ ဆို၍ ကုန်သည်ကြီး တစ်ယောက်သာ ကျန်တော့တယ်။ ဈေးကွက်ထဲမှာလည်း ထိုကုန်ပစ္စည်းတွေက အလွန်ပေါများနေ၍ ထုတ်လုပ်သူတွေကလည်း ဆက်မထုတ်တော့ဘဲ ၊ ရပ်ဆိုင်းကာ တခြားသော ဝယ်လိုအားကောင်းသော ပစ္စည်းများကိုသာ ဆက်လက် ထုတ်လုပ်ကြတယ်။ ဒါနဲ့ ဈေးကွက်ထဲမှာတော့ ပုံမှန် ဝယ်လိုအားသာ ရှိနေခဲ့တယ်။

       ဈေးကွက်ထဲမှာ ထုတ်လုပ်သူတွေ ဘက်ကလည်း ရပ်ဆိုင်း ၊ သိုလှောင်ထားမှု တွေကလည်း မရှိတော့တဲ့ အခါမှာ ဈေးကွက်ရဲ့ ပုံမှန် ဝယ်လိုအားကြောင့် ထိုပစ္စည်းတွေက တစစ ရှားပါးလာခဲ့ပြီး ဈေးနှုန်းတွေကလည်း တစစ ပြန်လည် မြင့်တတ်လာခဲ့တယ်။ ဒီအချိန်မှာတော့ ထုတ်လုပ်သူတွေကလည်း တခြားသော ဈေးကွက်ကို အာရုံစိုက်ကာ ထုတ်လုပ်နေလို့ ဒီကုန်ပစ္စည်း လိုအပ်လာမှု အတွက် ချက်ချင်း မဖြည့်ဆည်းနိုင်ဘူး။ ဈေးကွက်ရဲ့ လိုအပ်ချက်ကို ဖြည့်ဖို့ သိုလှောင်ထားသူတွေဆီမှာလည်း မရှိတော့ ဈေးနှုန်းတွေက တစစ တတ်လာခဲ့တယ်။ 

       ဒီအချိန်မှာ ဈေးကွက်ရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ကုန်ပစ္စည်း သိုလှောင်ထားသူက ကုန်သည်ကြီး တစ်ယောက်ပဲ ရှိတော့တယ်။ ဈေးကွက်ထဲမှာ ကုန်ပစ္စည်း ပြတ်လတ်မှုတွေရဲ့ အကျိုးဆက် အဖြစ် ကုန်ဈေးနှုန်းတွေက တတ်လာခဲ့တယ်။ ဝယ်လိုအားရဲ့ နောက်ကို ရောင်းလိုအားက မလိုက်နိုင်တဲ့ အတွက် ကုန်ပစ္စည်း လိုအပ်သူတွေက ဈေးနှုန်းကို တတ်ဈေးပေးကာ ဝယ်ယူကြရတယ်။ ဒါနဲ့ အရင်က ထိုးကျနေတဲ့ ထိုကုန်ပစ္စည်း ဈေးနှုန်းတွေက ချက်ချင်းကို တတ်လာကာ မူရင်း ဝယ်ယူ သိုလှောင်စဉ်က  ဈေးနှုန်းထက် အမြတ်များစွာ ပိုရခဲ့တယ်။ ဒီအချိန်မှာ လူငယ်လေးက ကုန်သည်ကြီးကို ဝမ်းသာ အားရဖြင့် . . . .

        “ ဦးကြီး . .  ဦးကြီး ဝယ်လှောင်ထားတဲ့ ပစ္စည်းတွေ ဈေးကွက်မှာ ပြတ်နေလို့ အခုဆိုရင် ဈေးနှုန်းတွေ အရမ်းတတ်နေပြီ။ ဦးကြီး ထုတ်ရောင်းချင် ရောင်းလို့ ရပြီ။ ဒါဆိုရင် အမြတ် အများကြီး ရမှာ သေချာတယ်။ ”

        လို့ ပြောလိုက်တော့ ကုန်သည်ကြီးက လူငယ်လေးကို ပြုံးကြည့်ပြီး ပြောတယ်။ 

       “ ဟေ . . . မြတ်ပလားကွဲ့ ”

       လို့ မေးတယ်။ လူငယ်လေးကလည်း . . . 

       “ ဟုတ်ကဲ့ . . . အခု ထုတ်ရောင်းရင် မြတ်နေပြီ ဦးကြီး ”

        “ အရင်က မင်းပြောတော့ အရှုံးတွေ ပေါ်နေပြီဆို ”

        “ ဟုတ်တယ်လေ ဦးကြီးကလဲ ၊ အရင်က ဈေးနှုန်းတွေ ကျနေတာကိုး ၊ အခုတော့ ဈေးနှုန်းတွေ တတ်နေတယ်လေ ”

        ဒီတော့ ကုန်သည်ကြီးက လူငယ်လေးကို သေချာ ပြုံကြည့်ပြီး လေးလေးနက်နက် စကား ပြောတယ်။

        “ ငါ့တူ တွေးပုံလေး နည်းနည်း လွဲနေတယ်ကွ။ တကယ်တော့ ဦးကြီး သိုလှောင်ထားတဲ့ ပစ္စည်းက အခုထိ မြတ်လည်း မမြတ် ၊ ရှုံးလည်း မရှုံးသေးပါဘူးကွ။ တကယ်တော့ သိုလှောင်ထားတဲ့ ပစ္စည်းတွေက သိုလှောင်ထားတုန်းက ဈေးအတိုင်းပဲ ရှိနေတာပါ။ ပြင်ပ ဈေးကွက်မှာ ပေါက်နေတဲ့ ဈေးနှုန်းက သိုလှောင်ဈေးထက် ကျနေတယ် ဆိုတိုင်း ရှုံးတာ မဟုတ်ပါဘူးကွ။ ထုတ်ရောင်းလိုက်မှ ရှုံးတာပါ။ ထုတ်မရောင်း မချင်း မရှုံးသေးပါဘူး။ 
        
        အခုလည်း ပြင်ပ ဈေးကွက်မှာ ပေါက်နေတဲ့ ဈေးနှုန်းက တတ်နေတယ် ဆိုတော့ ထုတ်ရောင်းရင် မြတ်တယ် ဆိုပေမဲ့လည်း ထုတ်မရောင်း မချင်း မမြတ်သေးပါဘူး။ မူုရင်း တန်ဖိုး အတိုင်းပဲ ရှိပါသေးတယ်။ ဈေးကွက်မှာ ဈေးနှုန်းကျရင် လူတွေက ကိုယ် သိုလှောင်ထားတာ အရှုံးပေါ်ပြီ ဆိုပြီး ထုတ်ရောင်း တတ်ကြတယ်။ တကယ်တော့ သူတို့ ဆက်ပြီး သိုလှောင်ထားရင်လည်း သူတို့ အတွက် မူရင်း ဈေးအတိုင်းပါပဲ။ သူတို့ မရှုံးသေးပါဘူး။ တကယ် ထုတ်ရောင်းလိုက်မှသာ ရှုံးသွားကြတာ။ 

         လောကမှာ လူတွေ ပြောပြောနေတဲ့ “ အရှုံး ”  ဆိုတာ ဒီသဘောပဲ။ ကိုယ်က “ ရှုံးပါပြီ ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်တဲ့ အချိန်ကျမှ တကယ်ကို ရှုံးသွားတာပါ။ သူများက ကိုယ့်ကို အရှုံး လို့ သတ်မှတ်တိုင်း ကိုယ်က ရှုံးသွားတာ မဟုတ်ဘူး။ သူများက ကိုယ့်ကို ဘယ်လိုပဲ သတ်မှတ်နေပါစေ ကိုယ်တိုင်က ဒါ အရှုံး မဟုတ်သေးဘူး ၊ ဒါဟာ လတ်တလော မအောင်မြင်မှုဘဲ ဖြစ်တယ် လို့ ခံယူထားရင် ဒီလူဟာ ဘယ်တော့မှ အရှုံးနဲ့ ရင်မဆိုင်ရဘူး။

        အခု လောလောဆယ် သူကြုံတွေ့နေရတဲ့ သူများတွေ သတ်မှတ်နေတဲ့ “ အရှုံး ” ဆိုတာ “ လတ်တလော မအောင်မြင်မှုလေး တစ်ခု ” ပါပဲ။ ကိုယ်တိုင်က ဒါဟာ “ အရှုံး ” လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြီး ကြေငြာ လိုက်ပြီ ဆိုရင် ဒါဟာ တကယ့်ကို “ အရှုံး ” ဖြစ်သွားတော့တာပဲ။ ”

         ကုန်သည်ကြီး ပြောနေတာတွေ လူငယ်လေး သေချာစွာ နားစိုက်ထောင် နေခဲ့တယ်။ သူ့အတွက် ရိုးသား ရှင်းလင်းလှသော ကိုယ်တွေ့ သာဓက ၊ စီးပွားရေး အတွေးအခေါ် ၊ လူမှုရေး စိတ်ဓါတ်များကိုပါ တစ်ခါတည်းနဲ့ ရလိုက်သလို ခံစားမိတယ်။ သူ စိတ်ဝင်တစား နားထောင်နေတာကို မြင်တော့ ကုန်သည်ကြီးက ဆက်ပြောတယ်။

        “ ဒါကြောင့် ကုန်ပစ္စည်းတွေ ဈေးကျတယ် ဆိုတိုင်း ရှုံးတာ မဟုတ်ဘူး။ အဲဒီ အရှုံးဈေးနဲ့ ကိုယ်က ထုတ်ရောင်းလိုက်မှ ကိုယ်က ရှုံးတာ ၊ ဒီလိုပဲ လူတစ်ယောက်ကို “ အရှုံးသမား ” လို့ ဆိုတိုင်း ဒီလူဟာ ရှုံးသွားတာ မဟုတ်ဘူး။ သူကိုယ်တိုင်က ငါဟာ အရှုံးသမားပါ လို့ မခံယူ အချင်း သူဟာ “ မအောင်မြင်သေးတဲ့ လူတစ်ယောက် ” ပဲဖြစ်တယ်  ၊ “ အရှုံးသမား ” လုံးဝ မဟုတ်ဘူး။ ဒါကို သဘောပေါက်ထားဖို့ လိုတယ်။ ”

        “ ဟုတ်ကဲ့ ဦးကြီး။ ကျွန်တော် သဘောပေါက်ပါပြီ။ ကုန်ပစ္စည်း တစ်ခုရဲ့ အရှုံး ဆိုတာကိုလည်း သဘောပေါက် သွားသလို ၊ လူတစ်ယောက်ရဲ့ “ အရှုံးသမား ” ဆိုတဲ့ အကြောင်းကိုလည်း သဘောပေါက် နားလည်သွားပါပြီ။ ”

         ဒီတော့မှ လူကြီးက မိန့်မိန့်ကြီး ပြုံးကာ . . . . 
       
       “ ဒါဆို ကုန်ပစ္စည်း တစ်ခုရဲ့ အရှုံး ဆိုတာ ဘာလဲ ၊ လူတစ်ယောက်ကို အရှုံးသမား လို့ သတ်မှတ်တာက ဘယ်အချိန်မှာလဲ ၊ ပြန်ပြောကြည့်ပါဦး ”

        “ ကုန်ပစ္စည်း တစ်ခုရဲ့ အရှုံး ဆိုတာ ကိုယ်ဝယ်ထားတဲ့ ဈေးနှုန်းထက် ရှုံးနေတဲ့ ဈေးနှုန်းနဲ့ ထုတ်ရောင်းခဲ့တာ ဖြစ်ပြီး ၊ အရှုံးသမား ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ သတ်မှတ်ထားတဲ့ လူပါပဲ။ တကယ်တော့ “ အရှုံးသမား ” ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရှုံးသမား လို့ မခံယူ မချင်း လူတစ်ယောက်ဟာ အရှုံးသမား မဟုတ်သေးပါဘူး။ သူဟာ “ မအောင်မြင်သေးတဲ့ လူတစ်ယောက် ” ပဲ ဖြစ်နေပါသေးတယ်။ ”




*** ကျွန်တော့် အဖေ သူငယ်ချင်း ပြောပြခဲ့ဖူးသော ဖြစ်ရပ်လေး တစ်ခုပါ။ ပုံပြင်သဘောနဲ့ “ ကြုံရင် ပုံပြင်ပြောပါ ” မှာ ရေးမလားလို့။ ရှည်နေလို့ တစ်ပုဒ်တည်းပဲ တင်လိုက်ပါတယ်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

19 March 2010

0 ဘယ်သူအရေးပါဆုံးလဲ

.


တစ်ခါက

ကျောင်းတစ်ကျောင်းမှာ ကျောင်းကပွဲလေးတစ်ခု ကျင်းပတယ်။ ကျောင်းက ကျင်းပတဲ့ ကျောင်းကပွဲ ဆိုတော့ ဒီကပွဲလေးမှာ ပါဝင်သရုပ်ဆောင်တဲ့ သူတွေ ၊ ကပြအသုံးတော်ခံမဲ့သူတွေ ၊ ကပွဲလေး ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီသူတွေ အားလုံးကလည်း ကျောင်းက ဆရာ ၊ ဆရာမ တွေနဲ့ ကျောင်းသူ ၊ ကျောင်းသားတွေပဲပေါ့။

ဒါနဲ့ ဆရာ ၊ ဆရာမ ၊ ကျောင်းသူ ၊ ကျောင်းသားတွေလည်း ကိုယ်တတ်နိုင်ရာ လုပ်သင့်လုပ်ထိုက်တာကို အစွမ်းကုန် လုပ်ကြတယ်။ ကိုယ် ကျွမ်းကျင်ရာ ကျွမ်းကျင်ရာပေါ့။ ဒါနဲ့ သူတို့ ကပွဲပြင်ဆင်နေတာကို မြို့နယ် ပညာရေးမှူး ဆရာကြီးက လာရောက်ကြည့်ရှု့တယ်။ ပညာရေးမှူးလာမယ် ဆိုတော့ အားလုံးကလည်း ပိုပြီး သတိထားလုပ်ကြတာပေါ့။

ဒီအချိန်မှာ ပညာရေးမှူး ဆရာကြီးက ကျောင်းသား ၊ ကျောင်းသူတွေကို တစ်ယောက်ချင်းစီ လိုက်မေးတယ်။ ပထမဦးဆုံး ဆရာကြီးက သွားမေးတာ မင်းသား ၊ မင်းသမီးသရုပ်ဆောင် အဖွဲ့တွေကို။

“ ငါ့သား ၊ သမီးတွေက ဒီကပွဲမှာ ဘယ်နေရာကနေ ပါဝင်မှာလဲဟေ့..။ ”

ဒီတော့ ကျောင်းသူ ၊ ကျောင်းသားတွေက...

“ ကျွန်တော်တို့က မင်းသား ၊ မင်းသမီးတွေ နဲ့ သရုပ်ဆောင် နေရာကနေ ပါဝင်မှာပါ.။ ”

“ သြ..ဟုတ်လား။ ကောင်းတာပေါ့ကွာ။ ကပွဲဆိုမှ တော့ သရုပ်ဆောင်တွေ မပါပဲ ဘယ်ဖြစ်တော့မလဲ မဟုတ်ဘူးလား။ မင်းတို့ နေရာက အရေးကြီးတယ်နော်။ ”

နောက်ပြီး ပညာရေးမှူးက နောက်ထပ် တစ်ဖွဲ့ဆီကို သွားပြီး မေးခဲ့တယ်။

“ ဒီက သားတို့ ၊ သမီးတို့ အဖွဲ့ကရော ကပွဲရဲ့ ဘယ်နေရာကနေ ပါဝင်ကြမှာလဲကွယ်။”

“ ကျွန်တော်တို့က ကပွဲရဲ့ စားသောက်ဖွယ်ရာ ချက်ပြုတ်ရေး အဖွဲ့ကပါ။ ”

“ ဟာ..ကောင်းတာပေါ့ကွာ.။ မင်းသား ၊ မင်းသမီး သရုပ်ဆောင်တွေ ဘယ်လောက် သရုပ်ဆောင် ကောင်းကောင်း အစာမစားရရင်တော့ သူတို့လည်း သရုပ်ဆောင် နိုင်မှာ မဟုတ်ဘူးလေ။ သားတို့ ၊ သမီးတို့ နေရာယူထားတဲ့ နေရာက အရမ်းအရေးကြီးတဲ့ နေရာပေါ့။ ”


ပညာရေးမှူးဟာ နောက်ထပ် အဖွဲ့ တစ်ဖွဲ့ဆီကို ရောက်သွားပြန်တယ်။


“ သားတို့ ၊ သမီးတို့ကရော ကပွဲရဲ့ ဘယ်နေရာမှာ ပါဝင်တာလဲ။ ”

“ ကျွန်တော်တို့က ကပွဲ အတွက် အဝတ်အစား ချုပ်လုပ်ဖန်တီးရတဲ့ အပိုင်းကပါ။ ”

“ ကောင်းလိုက်တဲ့ နေရာပဲ။ တကယ်လို့ အဝတ်အစား အလှတန်ဆာတွေသာ မပါဘူး ဆိုရင် ဒီကျောင်းကပွဲက လမ်းဘေးက ကလေးတွေ ညစ်ညစ်ပတ်ပတ် ပေပေရေရေ အပျော်ဆော့နေသလို ဖြစ်နေတော့မှာပဲ။ သားတို့ ၊ သမီးတို့ နေရာကလည်း အရမ်းအရေးကြီးတယ်။ ကောင်းကောင်းလုပ်ကြနော်။ ”

ဒီလိုနဲ့ ဆရာကြီး နောက်ထပ် တစ်ဖွဲ့ဆီ ရောက်သွားပြန်တယ်။


“ သားတို့ ၊ သမီးတို့ကရော ကပွဲမှာ ဘယ်နေရာကနေ ပါဝင်ကြတာလဲ..။ ”


“ ကျွန်တော်တို့က ကပွဲတည်ဆောက်ရေးကပါ။ ကပွဲ အတွက် စင်ကို တည်ဆောက် အလှဆင်ရတာပါ။ ”

“ အရမ်းကောင်းတဲ့ နေရာကနေ ပါဝင်နေတာပေါ့ကွာ။ တကယ်လို့ သားတို့ သမီးတို့ကသာ ဒီလို ကပွဲအတွက် စင်ကို လှလှပပ မတည်ဆောက်ဘူးဆိုရင် ဒီကပွဲကြီးဟာ လမ်းဘေး မြေဝိုင်းသဘင် ဖြစ်သွားပြီပေါ့။ ဘယ်လိုလုပ် အဆင့်တန်းရှိရှိ ကျင်းပနိုင်တော့မလဲ။ မင်းတို့ ပါဝင်နေတဲ့နေရာက အရမ်းအရေးကြီးတယ်နော် ဂရုစိုက်ကြ။ ”

ဒါနဲ့ ဆရာကြီး နောက်ထပ် အဖွဲ့တစ်ခုစီ ရောက်သွားပြန်တယ်။

“ သားတို့ ၊သမီးတို့ကရော ကပွဲမှာ ဘယ်နေရာကနေ ပါဝင်ကြတာလဲ။ ”

“ ကျွန်တော်တို့က ကပွဲမှာ တီးဝိုင်းနဲ့ နောက်ခံတေးဂီတ အသံတွေကို ထည့်တဲ့နေရာကပါ။ ”

“ ဟာ အရမ်းကောင်း ၊ အရမ်းအဆင့်မြင့်တဲ့ နေရာပေါ့။ ဂီတသံသာ မပါရင် ဒီကပွဲကြီးက တိတ်ဆိတ်ပြီး ဟိုးအရင်ခေတ်ဟောင်းက အသံမဲ့ ဓါတ်ရှင်ကြည့် နေရသလို ပေါ့ပျက်ပျက်ကြီးဖြစ်နေတော့မှာပဲ။ သားတို့ ၊ သမီးတို့ ပါဝင်တဲ့ နေရာက အရမ်းအရေးကြီးတယ်နော် ကြိုးစား။ ”

ဒီလိုနဲ့ ဆရာကြီးဟာ အဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပြောင်းပြီး မေးလာလိုက်တာ အဖွဲ့တွေ အကုန်ကုန်သွားတယ်။ မေးလို့ရသမျှ အဖွဲ့တွေကိုလည်း သူတို့နေရာဟာ အရေးကြီးကြောင်း အားပေးလာလိုက်တာ ကြားသမျှ လူတွေ အားလုံးလည်း အားတတ်ကြတယ်။


ဒါနဲ့ ဆရာကြီး ကျောင်းသား ၊ ကျောင်းသူတွေ အားလုံးကို သေချာကြည့်လိုက်တော့ ဆရာကြီးရဲ့ အားပေးမှုကြောင့် အားလုံးက တတ်ကြွနေကြတယ်။ ဒါပေမဲ့ အခန်းထောင့်တစ်နေရာမှာ ကျောင်းသားလေး တစ်ယောက်ကတော့ အများနဲ့ မတူပဲ ငိုင်နေတယ်။ ဆရာကြီး ကျောင်းသားလေးကို ကြည့်ပြီး သေချာ စဉ်းစားလိုက်တော့ သူ ဒီကျောင်းသားနဲ့ စကားမပြောရသေးဘူးလို့ အမှတ်ရတယ်။


ဒါကြောင့် ကျောင်းသားလေးဆီကို ဆရာကြီး သွားပြီး...

“ သားကရော ဘယ်နေရာကနေ ဒီကပွဲကြီးမှာ ပါဝင်တာလဲကွ။ ”

ဆရာကြီး ဒီလို လာမေးတော့ ကျောင်းသားလေးဟာ အံ့သြပြီး လန့်သွားတယ်။ နောက်မှ....

“ ကျွန်တော့်နေရာက ဘာမှ မပြောပလောက်ပါဘူး ဆရာကြီး။ ”

“ ဟေ ဘာလို့ မပြောပလောက်တာလဲ။ ပြောပါဦး။ မင်းက ဘယ်နေရာမှာ တာဝန်ယူရတာလဲ။ ”

“ တာဝန်ရယ်တောင်မှ မဟုတ်ပါဘူး ဆရာကြီးရယ်။ ကျွန်တော်က သူများတွေလို ဘာမှ မတတ်လေတော့ သူများတွေလို မလုပ်နိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော်က အခုကပွဲမှာ ကပွဲရဲ့ ကုလားကာ လိုက်ကာ အတင် ၊ အချအတွက် ကုလားကာ လိုက်ကာ ကားဆွဲပါ။ ”

“ ဟာကွာ.။ ဒီနေရာက ဘာလို့ အရေးမကြီးရမှာလဲ။ ကပွဲတစ်ခုမှာ ဒီနေရာက အရေးအကြီးဆုံးပဲကွ။ ဘာလို့လဲဆိုတော့ မင်းသာ ဒီကုလားကာကြီးကို ဆွဲတင်မပေးဘူးဆိုရင် ကပွဲပြင်ဆင်သူတွေ ပြင်ဆင်ထားတဲ့ ကပွဲစင်ကြီး အပြင်အဆင်ကို ပရိသတ်ကြီး ဘယ်လိုမှ မတွေ့နိုင်ဘူး။


ဒီလိုပဲ မင်းသား ၊ မင်းသမီးတွေ ၊ သရုပ်ဆောင်တွေလည်း သူတို့ သရုပ်ဆောင်မှု ဘယ်လောက်ကောင်းကောင်း မင်းသာ ဒီလိုက်ကာကြီးကို ဆွဲမတင်ပေးရင်သူတို့ သရုပ်ဆောင်တာတွေကို ပရိသတ်ကြီး ဘယ်လိုမှ မြင်ခွင့်ရမှာ မဟုတ်ဘူး။


တခြား တခြားသော ကပွဲ ပြင်ဆင်သူထားသူတွေဟာ မင်းရဲ့ ကုလားကာ လိုက်ကာကြီး ဆွဲမတင်ပေးရင် ဒီကပွဲ ဆိုတာကို မြင်တွေ့ရမှာ မဟုတ်ဘူးလေ။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ကုလားကာ လိုက်ကာကြီးကို မြန်မြန်ချ ရဦးမယ်လေ။ ဒါကြောင့် ဒီကပွဲမှာ သူတို့တွေ ဘယ်လောက် ကြိုးစားထားထား မင်းသာ တစ်ခုခု ပေါ့လျော့လိုက်ရင် ဒီကပွဲကြီး အလကား ဖြစ်သွားပြီ..။ မအောင်မြင်နိုင်တော့ဘူး။


ဒါကြောင့် ဒီကပွဲမှာ မင်းက အရေးအကြီးဆုံးပဲ။ ဒါကြောင့် ကုလားကာ လိုက်ကာတွေ ၊ ဆိုင်းကြိုးတွေကို သေချာ ဂရုစိုက် ၊ ကြိုးတွေမှာ ဆွေးတာတွေ ၊ ပြတ်တာတွေ မဖြစ်စေနဲ့ ဟုတ်ပြီလား။ ”
ပညာရေးမှူး ဆရာကြီး ဒီလို ပြောအပြီးမှာတော့ ခုနက ငိုင်နေတဲ့ ကျောင်းသားလေးဟာ ငါက ဒီလောက်တောင်မှ အရေးပါပါလား ဆိုပြီး တတ်တတ်ကြွကြွုဖြစ်လာခဲ့တယ်။

အခု စာဖတ်သူ သူငယ်ချင်းတွေကရော ဘယ်လို ထင်ပါသလဲ။ လောကမှာ အရေးမပါတဲ့ သူဆိုတာ ရှိနိုင်ပါ့မလား။ တကယ်လို့ အရေးမပါတဲ့ သူကို တွေ့ထားတယ် ဆိုရင်တော့ ဒီလူကို ကိုယ်က မသုံးတတ်တာ ၊ သူရဲ့ အစွမ်းအစကို မကြည့်တတ်တာပဲ ဖြစ်ပါလိမ့်မယ်။


ဒီ ပညာရေးမှူး ကျောင်းဆရာကြီးဟာ နောင်တစ်ချိန်မှာ “ အမျိုးသားပညာဝန် ဦးဖိုးကျား ” ဆိုပြီး ကျော်ကြားလာပါတော့တယ်။


source; ကျွန်တော် ဦးလေးပြောပြတာပါ။
ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/772 မှာ 22.11.2009 က ရေးထားတာပါ။

.

Share/Bookmark

05 March 2010

0 တွန်းမလား...ဆွဲမလား



တစ်ခါက . . .


အက်ဒီဆင်မှာ အားအကိုးရဆုံး တပည့်ကြီး တစ်ယောက်ရှိတယ်။ သူဟာ အက်ဒီဆင်ရဲ့ အားအကိုးရဆုံးသော တပည့်ကြီး တစ်ယောက်ဖြစ်တယ်။ တွေးခေါ်စဉ်းစား လုပ်ကိုင်မှု အားအလွန် ထက်သန်ကောင်းမွန်တယ်။ လုပ်ရည်ကိုင်ရည် ပြည့်ဝတယ်။ အက်ဒီဆင်ပြီးရင် သူ့ကို အားလုံးက အလေးစားဆုံး ဖြစ်ခဲ့ကြတယ်။ ဒါကို သူက ဒီလို ပြောတယ်။

“ တကယ်တော့ဗျာ။ ကျွန်တော် က ဘာမှ တတ်တဲ့ သိတဲ့ တော်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်ဟာ သာမာန်လူတစ်ယောက်ပါ။ ဒါပေမဲ့ အရမ်းကို တတ်ကြွ ဖြတ်လတ် နေတတ်တဲ့ ကျွန်တော့်ဆရာနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ကျွန်တော်မှာ အင်အားတွေ အလိုလို ရှိလာတယ်။

အတွေးတွေ ထက်မြက်လာတယ်။ ကျွန်တော့်မှာ စိတ်ပျက်နေမိတဲ့ နေ့ရက်တွေ ၊ အင်အားမဲ့နေတဲ့ အချိန်တွေမှာ ဆရာရဲ့ အမြဲတမ်း သွက်လက်နေမှုက ကျွန်တော့်ကို အမြဲတမ်းသွက်သက် ထက်မြက်လာအောင် ဆွဲဆောင် လှုံ့ဆော်သွားတာပါပဲ။ ”





တကယ်တော့ ကျွန်တော်ဟာ ဒီစကားလေးကို သဘောပေါက် နားလည်ဖို့ အချိန်တွေ များစွာ ပေးခဲ့ရ ပါတယ်။ ကျွန်တော် ငယ်ငယ်ကတော့ ဖေဖေက ဒီစကားလေး သဘောပေါက်စေဖို့ ကျွန်တော့်ကို ခဲလုံးလေး တစ်လုံး ၊ အပ်ချည်ကြီုးတစ်စ ၊ တုတ်လေး တစ်ချောင်း ပေးပြီး စမ်းသပ်စေခဲ့ပါတယ်။

ခဲလုံးလေး တစ်လုံးကို နေရာရွှေ့အောင် တွန်းကြည့်စေခဲ့တာပါ။ ဒီမှာ ခဲလုံးလေး နေရာ ရွေ့စေဖို့ တုတ်ချောင်းလေး တစ်ချောင်းနဲ တွန်းပြတယ်။ နောက်တော့ ဒီခဲလုံးကိုပါပဲ နေရာ ရွေ့စေဖို့ အပ်ချည်ကြီုးနဲ့ ကြိုးစားတွန်းကြည့်ရာမှာ ၊ အပ်ချည်ကြိုးက ဘယ်လိုမှ ခဲလုံးကို နေရာ ရွေ့အောင် မတွန်းနိုင်ပါဘူး။ သူက နဂိုကကို ပျော့ပြောင်းနေတာလေ။ ဒါကြောင့် ဘယ်လိုမှ တွန်းလို့ မရ။ ဒါပေမဲ့ ဒီခဲလုံးလေးကိုပဲ ဒီအပ်ချည်ကြိုးလေးနဲ့ ချည်ပြီး ဆွဲလိုက်တော့ ခဲလုံးလေး နေရာ ရွေ့လာပါတော့တယ်။

ဒီနောက်မှာတော့ ကျွန်တော် စာအုပ်လေးတွေ လိုက်ဖတ်နေရင်း ရုပဗေဒ ဆိုင်ရာ သဘောတရားမှာ အရွေ့တစ်ခု အတွက် တွန်းမှု နဲ့ ဆွဲမှု အင်အားစိုက်ထုတ်ရမှုမှာ အရာဝတ္ထု တစ်ခု ရွေ့ရှားဖို့ အတွက် ဆွဲအားထက် တွန်းအားက အနည်းဆုံး ၅ ဆလောက် ပိုပြီး အားစိုက်ထုတ်ရကြောင်း ” ဖတ်လိုက်ရပါတော့တယ်။

ဒါလေးကို ကျွန်တော် ဆက်စပ်ပြီး လူ့လောကနဲ့ ပတ်သတ်ပြီး တွေးကြည့်မိပါတော့တယ်။ လူတွေမှာ ပြောတတ်ကြတယ်လေ။ အထူးသဖြင့် မိဘတွေကလေ.။ သူတို့ သားသမီးကို ဖြစ်စေချင်ဇော နဲ့ အတင်းတွန်းပို့ မိတတ်ပါတယ်။ ဒီတော့ သားသမီးနဲ့ ဝါသနာ အကြောင်းအရာ မတူလေတော့ လုပ်ရပ် တော်တော်များများမှာ အခက်အခဲပေါင်းများစွာ ရှိတတ်ကြပါတယ်။

တကယ်ဆို လူတစ်ယောက်ကို အောင်မြင်စေလိုရင် တွန်းပို့မှုထက် ဆွဲဆောင်မှုက အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့လိုလည်း အဖေ ဆရာဝန် ၊ အမေဆရာဝန်က မွေးတဲ့ သားသမီးတွေက ဆရာဝန်တွေ ဖြစ်တယ် ဆိုတာ တကယ်တော့ မိဘတွေက တော်နေလို့ ဆိုတာထက် သူတို့ရဲ့ ဆွဲဆောင်မှု နောက်ကို သားသမီးတွေက လိုက်သွားတာပါ။

အခု ကျွန်တော် ပြောတာတွေ တော်တော်ရှည်နေပါပြီ။ အကြောင်းအရာတွေ များနေလို့ ထုံများသွားမလားပဲ။ တကယ်တော့ ဒါဟာ Management တစ်ခုပါ။ Manager တွေ အတွက် အရေးကြီးမှု တစ်ခုပါ။

Manager တွေဟာ အောက်က လူတွေကို အမိန့်တွေပေး ၊ အတင်းတွန်းပို့တတ်ကြပါတယ်။ တကယ်တော့ ကိုယ်ကလည်း တတ်တတ်ကြွကြွ နဲ့ လုပ်ကြည့်ပါ။ ကိုယ်က နေရာတကာမှာ တတ်ကြွနေရင် ကိုယ့်ရဲ့ တတ်ကြွမှုတွေက သူတို့ကို ကူးစက်ပြီး အလိုလို ပါလာပါလိမ့်မယ်။ ဒါဆို အတင်းတွန်းပို့စရာ မလိုတော့ပါဘူး။

သူများကို ဆွဲဆောင်နိုင်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းထား ရပါလိမ့်မယ် ဆိုတာကတော့ ပြောစရာ မလိုဘူးလို့ ထင်ပါတယ်။


ကိုဇော် ခံစားပုံဖော်သည်။



http://zaw357.multiply.com/journal/item/696 မှာ 17.10.2009 က ရေးထားတာပါ။

.

Share/Bookmark

13 February 2010

2 တရုတ်ကို ဘိန်းကျွေးတယ် ၊ မြန်မာကို. . . . . .




အမှာ။ ။ အကြိမ်ကြိမ်ရေးဖို့ စဉ်းစားမိသလို အကြိမ်ကြိမ် မတင်တော့ဘူးလို့လည်း စဉ်းစားမိပြန်တယ်။ အခုတော့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရမို့ အားတင်း မျက်စိမှိတ်ကာ ရေးလိုက်ပါတယ်။ ဘယ်သူ့ကို မရည်ရွယ်ပါ။ သဘောတရား. . . . မျှသာ။

“ နဂါးတွေ အိပ်ပျော်နေပါစေ။ နဂါးတွေ နိုးလာရင် ကမ္ဘာကို ဒုက္ခပေးလိမ့်မယ်။ ”

ဒီစကားလေးကို ပြောခဲ့သူက စစ်ဘုရင် နပိုလီယံ ။ ခေါင်းဆောင် တစ်ယောက်ဆိုတာ သူ့မှာ သူများတွေနဲ့ သူမတူ ထူးခြားသော အတွေးအမြင်တွေ ရှိနေကြတယ်။ နပိုလီယံရဲ့ စကားလေးကို တစ်ကမ္ဘာလုံးက အထူးဂရုစိုက်ပြီး အလေးထားကြတယ်။

နပိုလီယံက ပြောထားခဲ့တယ်။ နဂါး တဲ့။ ဘယ်က နဂါးကို အိပ်ပျော်ခိုင်းတာလဲ။ သူဆိုလိုသော နဂါး ဆိုတာ နဂါးတွေကို အဓိက ရိုးရာ လာဘ်ကောင်းစေသော အထိမ်းအမှတ် အဖြစ် မှတ်ယူသော “ တရုတ် လူမျိုး ” တွေကို ပြောချင်ခဲ့တာ။

နပိုလီယံ စကားကို နိုင်ငံ အသီးသီးကလည်း နားလည်သဘောပေါက်ကြတယ်။ လူဦးရေ များပြားလှသော တရုတ်လူမျိုးများ နိုးကြားတတ်ကြွလာရင် ၊ စီးပွားရေး ခေါင်းထောင်လာရင် ကမ္ဘာကို ဒုက္ခပေးလာမယ် ၊ ထိန်းရတာ ခက်လာမယ် ဆိုသော အတွေးများကြောင့် တရုတ်တွေကို မတိုးတတ်အောင် ဘယ်လို လုပ်ရမလဲလို့ သူတို့ စဉ်းစားကြတယ်။

ဒီမှာ အင်္ဂလိပ်တွေက အကောင်းဆုံးသော နည်းလမ်းကို တွေ့ပြီး သူတို့ ဒီနည်းလမ်းကို အသုံးချတယ်။ ဒါကတော့ တရုတ်တွေကို ဘိန်းကျွေးလိုက်တာပါပဲ။ တရုတ်တွေ ဘိန်းစား၍ ဘိန်းမူးနေပြီး တိုးတတ်ချင်စိတ် မရှိ ၊ လေးလံထိုင်မှိုင်းကာ နှစ်ပေါင်းများစွာ အိပ်မောကျနေပါတော့တယ်။

ဒါကို ပြုပြင်ပြောင်းလဲဖို့ အခုနောက်ပိုင်းမှ တရုတ်နိုင်ငံမှာ ဘိန်းတိုက်ဖျက်ရေးလုပ်ပြီး ဖမ်းဆီးတားဆီးနေလို့ ဘိန်းသုံးစွဲသူတွေ ကျဆင်းပြီး တရုတ်နိုင်ငံက စီးပွားရေးဘက်ကို ပြန်ပြီး အခြေချ မျက်နှာမူလာခဲ့တယ်။ ဒါပေမဲ့လည်း သန်းနဲ့ ချီနေသော ဘိန်းသုံးစွဲနေသော ဘိန်းစားများ ရှိနေပါသေးတယ်။ ဆက်လက်လည်း ပြုပြင်နေဆဲပါပဲ။

ဘာလို့ အင်္ဂလိပ်တွေက တရုတ်တွေကို ဘိန်းကျွေး ရတာပါပဲ။ အတိုဆုံးနဲ့ အရှင်းဆုံး အဖြေက “ ပျက်ဆီးစေချင်လို့ ဖျက်ဆီးလိုက်တာပါ။ ”။ တရုတ်တွေကို ပျက်ဆီးစေချင်ရင် ဘိန်းကျွေးတယ် ဆိုတော့ မြန်မာတွေကို ပျက်ဆီးအောင် သူတို့ ဘာလုပ်ကြပါသလဲ။

မြန်မာတွေကို . . . . . . . ။ မြန်မာတွေကို ပျက်ဆီးစေဖို့ သူတို့ ဒီလို လုပ်ပါတယ်။ ကျွန်တော် အတွေ့အကြုံလေး တစ်ခုနဲ့ ပြောပြမယ်။


စာဖတ်သူများ ခင်ဗျား။

ကျွန်တော့်ဆီကို ဟိုနေ့က “ အောင်ဆန်းပေးသော မြန်မာပြည် ” ကဗျာကို သူရေးတာပါ ဆိုပြီး မေးလ်ပို့လာသူ တစ်ယောက်ကို အံ့သြစွာ တွေ့ရပါတယ်ဗျာ။ ကျွန်တော့်ဆီကို နေ့တိုင်း မေးလ်မှ တဆင့် ဒီလို အပို့ခံနေရတာ ကြာပါပြီ။

ဒါကြောင့် ဗိုလ်ချုပ်နဲ့ ပတ်သတ်တာ ကျွန်တော် မရေးတော့ဘူးလို့ စဉ်းစားမိခဲ့ပါတယ်။ အခုတော့ အားလုံးကိုလည်း ဖတ်စေချင်လို့ ဒီလို pdf ဖိုင်နဲ့ ပဲ တင်ပေးလိုက်ပါတယ်။ ထပ်မံပို့ချင်တယ် ဆိုရင်တော့ ဖိုင်လိုက်သာ ကျေးဇူး ပြုပြီး ပို့ပေးပါဗျာ။

ကျေးဇူးတင်ပါတယ်။


pdf ဖြင့် ဒီနေရာ မှာ ဆက်ဖတ်ပေးပါ။


“ သြော်...ဗိုလ်ချုပ်. . .ဗိုလ်ချုပ် တယ်လည်း အမျှော်အမြင် ရှိလှပါလား ” လို့ ဒီနေ့ ဗိုလ်ချုပ်မွေးနေ့မှာ ဒီစာလေးကို ချရေးမိပါတယ်။

မှတ်ချက်။ ။ ဗိုလ်ချုပ်မွေနေ့ အမှတ်တရလေးပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်လိုခြင်း မရှိပါ ခင်ဗျား။ ကျွန်တော့်အလုပ်က အတွေ့အကြုံတစ်ခုပါ။


ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

12 February 2010

2 ဗိုလ်ချုပ်အောင်ဆန်း သင်ပေးသော Management



မင်္ဂလာရှိနေသော တနင်္လာနေ့လေးကို စတင်သော ဒီနေ့ မနက်ကလေးက သာသာယာယာ လှပနေလျက်ပါပဲ..။

လှပတဲ့ နေရက်လေးရဲ့ အလှကို ညနေ ၃ နာရီထိုးတော့ အရေးပေါ် အစည်းအဝေးကနေ ဖျက်ဆီးလိုက်ပါတယ်.။ အစည်းအဝေးခေါ်တဲ့ ဖုန်းဝင်လာတော့ ကျွန်တော် Lab ထဲမှာပါပဲ..။ Upstairs Meeting ကို နိုင်ငံခြားသားထဲမှာ နီပေါ တစ်ယောက်နဲ့ကျွန်တော်သာ တတ်ရတယ်.။ စက်ရူံမှာ အားလုံးက တရုတ်တွေ ဆိုပေမဲ့. Eng လိုပဲ ပြောကြပါတယ်.။ အထူးသဖြင့်. Meeting မှာပေါ့.။

အစည်းအဝေးရဲ့ အဓိက အချက်က QA Manager Ms Kho ရုတ်တရက် အလုပ် ထွက်စာတင်လို့ အရေးပေါ်ခေါ်သော အစည်းအဝေး ..။ အခု အစည်းဝေးမှာ သူမပါဘူးပေါ့လေ.။ သူကြောင့် လုပ်ရတဲ့ Meeting ဆိုတော့...။ Ms Kho ဆိုတာ စက်ရုံမှာ GM ပြီးရင် သူပဲလေ.။ လုပ်ပိုင်ခွင်တွေရော..အာဏာရော စက်ရုံမှာ GM ပြီးရင် သူ..။ ပြီးတော့ လခ ဆိုတာလည်း ပြောမနေနဲ့တော့ ဒါဆို ဘာလို့ အလုပ်ထွက်တာလဲ ဆိုတာ စဉ်းစားစရာပဲ..။ (ဒါကိုတော့ ကျွန်တော် Knowledge Management ကျမှပဲ ဆက်ရေးပါမယ်.။ ဒီနေရာနဲ့ မဆိုင်လို့ပါ..။)

ဒီလို ခေါင်းဆောင် တစ်ယောက် အလုပ်က ရုတ်တရက် ထွက်မယ် ဆိုတော့ အားလုံးလည်း သွေးပျက်သလို ခံစားသွားကြရတယ်.။ ဥပမာ - ISO , CE , ဒါတွေ လာရင် ဘယ်သူက ရင်ဆိုင် ဖြေရှင်းမလဲ.။ ဒါတွေက အစ ....နောက်ဆုံး Customer Complain တွေကို အထိ ဘယ်သူက ကိုင်မလဲ.။ GM က Marketing နဲ့ တခြား ကိစ္စတွေ ရှိနေသေးတယ်..။ ဒီတော့ ...သူ့နေရာကို ဘယ်လိုလုပ်မလဲ ဆိုတာ ရှိနေတယ်.။

တစ်ခုတော့ ခံသာတာက ဒီမှာ အလုပ်ထွက်မယ်ဆိုရင် ကိုယ့်သဘောနဲ့ ကိုယ်ထွက်တယ် ဆိုရင် တစ်လတော့ စောင့်ပြီး လုပ်ပေးရသေးတယ်.။ ဒီနေ့ ထွက်စာတင် မနက်ဖြန် မလာတော့လို့ မရဘူး.။ ဘာလို့လဲ ဆိုတော့ လုပ်ငန်းကို နောက်လူခေါ်တယ် ဆိုရင်တောင်မှ ဒီလူသစ်ကို Training ပေးရမှာတွေ ရှိတယ်.။ နောက် Procedure (လုပ်ထုံးလုပ်နည်း) တွေ ဒါတွေ နောက်လူကို သင်ပေးရဦးမယ်.။ ဒါပေမဲ့ ..Ms Kho လုပ်ထားတဲ့ လုပ်သက်က ၄ နှစ် သူ့ရဲ့ ကျွမ်းကျင်မှု နဲ့ Management အတွက် ဒီလို တစ်လ လောက်လေးနဲ့ နောက်လူက အံဝင်ပါ့မလား..။

ဒီလို အတွေးတွေနဲ့ Meeting တစ်ခုလုံး ဘာမှ အသံမကြားရဘူး..။ GM ကိုယ်တိုင်ကလည်း သူရဲ့ လက်ရုံးပြုတ်သလို ခံစားနေရတာ သိသာတယ်.။ အားလုံးကလည်း သူ့ကို လခတိုးပေးပြီး ဆက်ထားစေချင်တယ်.။ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဘာလို့လဲ ဆိုတော့ သူက အလုပ်မှာ အဆင်မပြေလို့ ထွက်တာ မဟုတ်..။ လခနည်းလို့ ထွက်တာ မဟုတ်ဘူး.။ သူထွက်ရတဲ့ အကြောင်းရင်း Knowledge Management ကြောင့် ထွက်တာ.။ သူ့ကိုယ်ရေးကိုယ်တာ ဘယ်လိုမှ သူ့ကို သွားညှိလို့ မရဘူး.။

ဒီတော့ Meeting က တိတ်ဆိတ်မှုတွေ နဲ့ပဲ ဘာမှ မဖြေမရပဲ ပြီးသွားခဲ့တယ်..။ GM က စကားလေး တစ်ခွန်းနဲ့ အဆုံးသတ်သွားတယ်.။ “ တကယ်လို့ အကြံကောင်း တစ်ခုသာ ရရင် ကျွန်တော့်ကို အချိန်မရွေးလာပြောကြပါ...။ ” ကျွန်တော်တွေ့ဖူးသမျှထဲမှာ အမြဲပြုံးနေတတ်တဲ့ GM မျက်နှာမှာ ဒီနေ့တော့ စိတ်မချမ်းသာစရာ အကောင်းဆုံးပါပဲ..။ ကျွန်တော့်မှာလည်း အကြံက မရှိဘူး..။ ကျွန်တော့်ခေါင်းလည်း ချာချာလည်နေတယ်.။ အကြံတွေထက် အံ့သြမှုတွေနဲ့ Ms Kho ကို လုပ်ရက်လေခြင်း ဆိုပြီး ကျွန်တော် အပြစ်တင်တာက ပိုများနေမိမယ် ထင်တယ်.။

ဒီလိုနဲ့ တိတ်တဆိတ် ပြီးခဲ့တဲ့ Meeting လေးနဲ့ အတူ ကျွန်တော်တို့လည်း တိတ်တဆိတ် ပြန်လာကြတယ်.။ အလုပ်ချိန်ပြီးလို့ အခန်းသာ ပြန်လာတယ်..။ ကျွန်တော် မပျော်တော့ဘူးဗျာ.။ စားလို့လည်း လည်ပင်းမှာ တစ်ခုခု တစ်နေသလို ဖြစ်ပြီး ရေသောက်တာတောင်မှ နင်နေတယ် ၊ အိပ်ရတာလည်း မပျော်ဘူး.။ ဒါနဲ့ ည ၁ နာရီ ကျော်တော့ ကိုယ်က အိပ်လို့ မပျော်လို့ လူးလှိမ့်နေပေမဲ့ အခန်းထဲ့ တခြား သူငယ်ချင်းတွေက နှစ်နှစ်ကာကာ အိပ်ပျော်နေကြတယ်လေ.။ ကျွန်တော် သူတို မနိုးပေမဲ့ အားနာလာလို့ အိပ်ယာဘေးက တွေ့ရာ စာအုပ်လေး ဆွဲပြီး ထမင်းစားခန်းဖက် ထွက်လာလိုက်တယ်.။

ထမင်းစားခန်းထဲရောက်တော့ ကျွန်တော့် ကော်ဖီဖျော်ဖို့ ရေနွေးတည်ထားလိုက်သေးတယ် .။ နောက်ထိုင်စောင့်နေရင်း လက်ထဲက တွေ့ရာဆွဲလာတဲ့ စာအုပ်ကို ကြည့်လိုက်တော့ ဆရာတက္ကသိုလ်နေဝင်း ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်လေး.။ ကျွန်တော် အလေးစားဆုံး Ideal ပုဂ္ဂိုလ်တွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်း က နံပါတ် ၃ မှာ ပါတယ်လေ.။ ဒါကြောင့် ဗိုလ်ချုပ် အကြောင်း ကျွန်တော် ခဏခဏ ဖတ်ဖြစ်ပါတယ် ။ ဒီလို ဝမ်းနည်းပြီး စိတ်ညစ်နေတဲ့ အချိန်မှာ ဗိုလ်ချုပ်အကြောင်း ဖတ်ရတာ ကောင်းတော့ မကောင်းဘူး ။ ဒါပေမဲ့..ဗိုလ်ချုပ်ဆီက ကျွန်တော်ဘာများ တစ်ခုခု ထပ်ရမလဲလို့ ကော်ဖီဖျော်ဖို့ စောင့်ရင်းနဲ့ ဗိုလ်ချုပ် စာအုပ်လေး ကျွန်တော် ဖွင့်ဖတ်လိုက်တယ်.။

ဘာရယ် မဟုတ်ပါဘူး.အိပ်လည်း အိပ်မှ မပျော်တာလေ.ဖတ်ရင်းနဲ့ ရေနွေးဆူလာတော့ လည်း ကျွန်တော် ကော်ဖီဖျော်ရင်း ဆက်ဖတ်နေမိတယ်.။ ဒီလိုနဲ့ ဗိုလ်ချုပ် အင်္ဂလန်သွားပြီး “ အောင်ဆန်း - အက်တလီ ” စာချုပ်ချုပ်တယ်.နောက်..ဗိုလ်ချုပ်ပြန်လာပြီး တောင်တန်းဒေသက လူတွေကို စည်းရုံးရေးဆင်းတယ်.။ နောက်တော့...မထင်မှတ်ပဲ ကျွန်တော်တို့ဗိုလ်ချုပ်ကို အာဏာလိုချင်တဲ့ လူတစ်စုက သေနတ်နဲ့ ပတ်ခတ်လုပ်ကြံလိုက်ကြတယ်.။ ကျွန်တော် ဒီစာအုပ်လေးကို အကြိမ်ကြိမ် ဖတ်ပြီးပါပြီ.။ ဒီတစ်ခါ ဖတ်ရတာတော့ ဘာရယ် မဟုတ် တစ်ခုခု ထူးဆန်းနေသလိုပါပဲ..။

ကျွန်တော်တို့ ဗိုလ်ချုပ် မရှိတော့ဘူး.။ လုပ်ကြံခံလိုက်ရပြီ.။ ဒီတော့ ဗိုလ်ချုပ်ကို ချစ်သော မိတ်ဆွေများနဲ့ ပြည်သူတွေ ဝမ်းနည်းစွာ ငိုကြွေးကြတယ်.။ ဒါပေမဲ့...တချို့လူတွေ မငိုကြဘူး.။ ဒီနေ့ရာဟာ ထူးဆန်းနေတယ်.။ ဒီမငိုကြတဲ့ သူတွေဟာ ဗိုလ်ချုပ်သေသွားတာကို ဝမ်းသာနေကြတဲ့ သူတွေလား.။ မဟုတ်ပါ.။ ဗိုလ်ချုပ်ကို သူတို့ အသက်ထက် လေးစား မြတ်နိုးကြသူတွေပါပဲ.။ သူတို့ ဘာလို့ မငိုကြတာလဲ.။ အရှိကို အရှိအတိုင်း လက်ခံလိုက်ကြလို့ပါပဲ..။ ပြန်လည် မရှင်သန်နိုင်တော့ တဲ့ ဗိုလ်ချုပ်ကို ပြန်လည် တမ်းတနေရင်း သူတို့ သူတို့ရဲ့ အင်အားတွေကို အကုန်မခံကြတော့ပါ.။

ဗိုလ်ချုပ်ချမှတ်ထားတဲ့ လမ်းကြောင်းကို လိုက်ဖို့ ....ဗိုလ်ချုပ်ကြိုးစားထားသော လွတ်လပ်ရေး လမ်းစဉ် နောက်ကို လိုက်ဖို့ပဲ သူတို့ စဉ်းစားကြတော့တယ်.။ ကွယ်လွန်နေတဲ့ ဗိုလ်ချုပ် ကိုထိုင်ပြီး တမ်းတနေမဲ့ အလုပ်ကို သူတို့ လုပ်မနေကြတော့ဘူး..။ အခုလောလောဆယ် ပိုအရေးကြီးတာ တိုင်းပြည် လွတ်လပ်ရေး ရဖို့လေ.။ ဒါကြောင့် ကွယ်လွန်သူ ဗိုလ်ချုပ်ကိုယ်စား ဦးနုက နောက်တစ်ခေါက် သွားပြီး “ နု - အက်တလီ ” စာချုပ်ကို ချုပ်လိုက်နိုင်တယ်..။ ဒီနောက်မှာတော့ ..ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရဖို့ ကျန်နေခဲ့သော နိုင်ငံချစ်သူများက မြန်မာနိုင်ငံကြီးကို လွတ်လပ်ရေးရဖို့ ဆက်ကြိုးစား သွားကြတယ်.။

ဒီမှာ ကျွန်တော် တစ်ခု သွား သဘောပေါက်လိုက်တယ်.။ ဗိုလ်ချုပ်မရှိလည်း မြန်မာနိုင်ငံ လွတ်လပ်ရေး ရတယ် ဆိုတာပါပဲ.။ ဒီ သဘောပေါက်တာလေးကို ကျွန်တော့်သူငယ်ချင်းတွေကို ပြောပြတော့ သူတို့ ပထမ သဘောမတူတာ အပြင် ဝိုင်းကန့်ကွက်ကြတယ်..။ မဟုတ်တာ..လွတ်လပ်ရေးကို ဗိုလ်ချူပ်က ကြိုးစားပေးခဲ့တာကွ..မင်း ဗိုလ်ချုပ်ကို မစော်ကားနဲ့ ဆိုပြီး ထိုးမယ် ကြိတ်မယ်တောင်မှ ဖြစ်ကြတယ်.။ ဒါပေမဲ့ ...သူတို့ သဘောမပေါက်ကြသေးလို့ပါ..။ ကျွန်တော်ပြောတာက ဟုတ်ပါတယ်.မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး ကြိုးစားခဲ့တာပါ.။ ဒါပေမဲ့ ဗိုလ်ချုပ် မရှိတော့တဲ့ နောက်ပိုင်း ဗိုလ်ချုပ် မရှိတော့တဲ့ အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေး မရတော့ဘူးလား..။ မဟုတ်ပါ. ဗိုလ်ချုပ် မရှိတော့ဘူး ဆိုပေမဲ့ လွတ်လပ်ရေးကို ရယူလိုချင်သော တခြားသော ခေါင်းဆောင်များက ဗိုလ်ချုပ်ချမှတ်ထားသော လမ်းစဉ်များကို လိုက်နာ ကျင့်သုံးပြီး လွတ်လပ်ရေးကို အရယူသွားတာပါပဲ..။

ဒီမှာ ကျွန်တော် သဘောပေါက်သွားတယ်.။ ကျွန်တော်တို့ အခု ဖြစ်နေတဲ့ ပြဿနာဟာ ဒါပါပဲ..။ အခု Ms Kho မရှိတော့ဘူးလေ.။ ဒါပေမဲ့..အလုပ်ထွက်သွားလို့ အားလုံးက သူ့ကို မထွက်စေချင်လို့ မထွက်ရေးကိုပဲ ဝိုင်းစဉ်းစားနေကြတာ..၊ ကျွန်တော် ပြောင်းစဉ်းစားလိုက်တယ်.။ တကယ်လို့ Ms Kho အလုပ်ထွက်တာ မဟုတ်ဘူး..သေသွားတာ ဆိုရင် ဘယ်လို လုပ်မလဲ..။ ဒါဆို ကျွန်တော်တို့ ဘယ်လိုမှ သူ့ကို ပြန်ခေါ်လို့ မရတော့ဘူးလေ.။ ဒါဆိုရင် Ms Kho မရှိတော့တာနဲ့ ကျွန်တော်တို့ စက်ရုံကို ဖျက်သိမ်းတော့မှာလား...မဟုတ်တာ..။ ဒါဆိုရင်လည်း နောက်ထပ် ရောက်လာတဲ့ သူ ...ဒါမှ မဟုတ်.. လက်ရှိလူတွေနဲ့ပဲ အစွမ်းကုန် လည်ပတ်ရမှာပဲ မဟုတ်လား..။

ဒီမှာ..ကျွန်တော်တို့ သူလို အားကိုးရတဲ့ သူ မရှိတော့လို့ လုပ်ငန်းတွေ လည်ပတ်မှု နှောင့်နှေးသွားနိုင်ပါတယ်.။ ဒါပေမဲ့..သူမရှိတော့လို့ လုပ်ငန်းကို ဖျက်သိမ်း လိုက်ရတယ် ဆိုတာတော့ ဘယ်သူ့မှ မဖြစ်ခံမယ် မဟုတ်ပါ.။ ဗိုလ်ချုပ် ကျဆုံးသွားသောကြောင့် ဗိုလ်ချုပ်လို တော်သူ တစ်ယောက် ကျွန်တော်တို့ မရနိုင်တော့ဘူးပဲ ထား..ဒီနေရာမှာ တခြား လူတော် နှစ်ယောက်က တာဝန်ခွဲပြီး လုပ်မယ်.။ ဒါနဲ့မှ မရသေးဘူးလား..။ သုံးယောက်ဗျာ..မရသေးဘူးလား လေးယောက်ဗျာ..။ ကျွန်တော် ဒီလို စဉ်းစားလို့ ရပြီးတော့ ဗိုလ်ချုပ်ကို ကျွန်တော် လေးစားစွာ အလေးပြုမိပါတယ်.။။

အခု ..Ms Kho နေရာမှာ သူ့လို လူတော် တစ်ယောက် ကျွန်တော် တို့ မရနိုင်တော့ဘူးဗျာ..။ ဟုတ်ပြီ..။ ဒီတော့ ကျွန်တော်တို့ စက်ရုံကိုလည်း မဖျက်သိမ်းနိုင်ဘူး မဟုတ်လား.။ဒီတော့ ကျွန်တော်တို့ သူ့လို စွမ်းရည်မျိုးရအောင် လူတော်တွေ သုံးမယ်ဗျာ..။ သူ့နေရာမှာ နှစ်ယောက်သုံးမယ် ..။ မရရင် သုံးယောက် သုံးမယ်..မရရင် လေးယောက်ဗျာ..နောက်...မရရင်.....နောက်....နောက်.....။ လုပ်ငန်းတော့ အပျက်မှ မခံနိုင်တာလေ..။ မဟုတ်ဘူးဗျာ..ဗိုလ်ချုပ်မရှိပေမဲ့လည်း ကျွန်တော်တို့ လွတ်လပ်ရေးရအောင် ယူရမှာပါပဲ...။ ဒီအတိုင်းမှ ဝမ်းနည်းပြီး ထိုင်မနေနိုင်တာ...။

အဲဒီညက ကျွန်တော် မအိပ်လိုက်ရပါ..။ ဒါပေမဲ့...ကျွန်တော် မနက်မိုးအလင်းကို ရွှင်လန်းစွာပဲ ထိုင် စောင့်နေလိုက်တယ်..။ ညက လုံးဝ မအိပ်ထားရပေမဲ့..ကျွန်တော် မိုးလင်းတော့ ရေချိုးပြီး စက်ရုံကို တတ်ကြွစွာပဲ ကျွန်တော်ထွက်လာခဲ့ပါတယ်..။ ကျွန်တော့်အထက်မှာ Manager က Ms Ng ပါ..။ သူ့ကို ကျွန်တော်တွေ့တော့ သူလည်း ညက အိပ်မပျော်ပုံ ရတယ်.. ။ သူ့ကို ကျွန်တော် တွေ့ရှိချက်ကို ပြောပြဖြစ်ပါတယ်.။ နောက်တော့ GM ရောက်လာတော့ ကျွန်တော် တွေ့ခွင့်တောင်းပြီး ဝင်တွေ့လိုက်တယ်.။

GM နဲ့တွေ့တော့ ကျွန်တော် စကားတစ်ခွန်းပဲ အရင်ပြောလိုက်ပါတယ်.။

“ Mr Heng ...Ms Kho သေသွားပါပြီ..။”

“ ဟေ...”

သူ အံ့သြပြီး အသံတစ်မျိုးဖြစ်သွားတယ်.။ နောက်မှ ကျွန်တော် ဆက်ရှင်းပြလိုက်တယ်.။ သူကတော့ တစ်မျိုးထင်သွားတာ ထင်တယ်.။

“ ဟုတ်ပါတယ်..Mr Heng .။ Ms Kho ဒီစက်ရုံကနေ သေသွားပါပြီ..။ ကျွန်တော်တို့ သူ့နေရာအတွက် ပြင်ရပါတော့မယ်.။ ”

တကယ်တော့ ရုပ်ရှင်ထဲကလိုမျိုး ခေါင်းဆောင်တွေက ဘာမှ အသုံးမကျပဲ အောက်ခြေက လူတွေ ပြောသမျှ ၊ ဖားသမျှ နားယောင်ပြီး ဘာမှ မသိပဲ သူ့ဖားတော်သားတွေ ပြောသမျှသာ နားထောင်နေတယ် ဆိုတာ မဟုတ်ပါဘူး.။ ခေါင်းဆောင်ဆိုတာ သူ့မှာ သူတပါးထက် ထူးချွန်သော စွမ်းရည်တွေ ရှိနေပါတယ်.။ ကျွန်တော် စကားလေး ဒီလောက်ပြောတာနဲ့တင် သူက စက်ရုံမှာ GM လေဗျာ..။ သူ ချက်ချင်း သဘောပေါက်ပါတယ်.။ သူ တစ်ခုခုကို ချက်ချင်းရလိုက် သလို ပြုံးပြီး ကျွန်တော့်ကို မေးတယ်..။

“ မင်း...ဘယ်လို စဉ်းစားမိလာတာလဲ...။ ”

ကျွန်တော်အသင့်ယူလာတဲ့ ဗိုလ်ချုပ်စာအုပ်လေးကို ထုတ်ပြ လိုက်ပြီး သူ့ကို ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောပြ လိုက်ပါတယ်.။ နောက်တော့ ...သူ ဘာလုပ်တယ် ထင်ပါသလဲ...။ သူ ကျွန်တော့်ကို လက်ဆွဲ မနှုတ်ဆက်ခင် ဗိုလ်ချုပ်အသက်တွေ ရှင်သန်နေတဲ့ စာအုပ်လေးကို အလေးပြုပါတယ်.။ နောက်တော့မှ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ရင်း...

“ မင်းတို့ ဗိုလ်ချုပ်က ကျဆုံးသွားတာတောင်မှ သူ့အသက်ဝိညဉ်တွေက လူတွေကို ဆက်ပြီး အလင်းရောင်ပြပေးနေတုန်းပါလား..။ ” တဲ့.။

ဒီနောက်မှာတော့ ...Ms Kho မရှိပေမဲ့ စက်ရုံရဲ့ ဆက်လက်လည်ပတ်ရေး အစဉ်အစီကို ကျွန်တော်တို့ အစည်းအဝေး ထပ်ခေါ်တယ်.။ အဲဒီ အစည်းအဝေးရဲ့ အလည်မှာ ဗိုလ်ချုပ် စာအုပ်လေးက အားလုံးရဲ့ လေးစားမှုကို ခံယူရင်းပေါ့ဗျာ..။ နောက်တော့ ...Ms Kho အလုပ်ထွက်သွားတယ် ဆိုတဲ့ တစ်လ အချိန်ကျော်လွန် သွားပေမဲ့လည်း ကျွန်တော်တို့ စက်ရုံ ဆက်လက်လည်ပတ်နေခဲ့ပါတယ်.။ ထင်သလောက်လည်း လုပ်ငန်း နှေးကွေးသွားခြင်းမျိုးလည်း မရှိခဲ့ပါဘူး.။

ဒိအချိန်က စပြီး ကျွန်တော့်ဘဝမှာ အကောင်းဆုံးသော ဆောင်ပုဒ် တစ်ခု တိုးလာတယ်ဗျာ..။ ဗိုလ်ချုပ်ကိုလေးစားစွာနဲ့ပေါ့..။

“ ဗိုလ်ချုပ်က လွတ်လပ်ရေးကို ဦးဆောင်ကြိုးပမ်းခဲ့တယ် ..ဟုတ်တယ်...ဒါအမှန်ပဲ..။ ဒါပေမဲ့ ..ဗိုလ်ချုပ်မရှိလည်း လွတ်လပ်ရေးရတယ်.။ ဗိုလ်ချုပ်ချမှတ်ထားတဲ့ လမ်းစဉ်ကို လိုက်ပြီး ကျန်တဲ့သူတွေက လွတ်လပ်ရေး ရအောင် ကြိုးစားရမယ်.။ ”

“ ဗိုလ်ချုပ် မရှိလည်း လွတ်လပ်ရေးရပါတယ်.။ ”



ကိုဇော် တင်ပြသည်။


မှတ်ချက်။ ။ ဤအထက်ပါ စာနဲ့ ပတ်သတ်၍ နိုင်ငံရေးလုပ်ရေးခြင်း လုံးဝ မဟုတ်ပါ.။ နိုင်ငံရေးဆိုတာ အရမ်းကြီးကျယ်တဲ့ ကိစ္စပါ..။ ကျွန်တော့်လို ဦးနှောက် သေးသေးလေးနဲ့ မဖြစ်နိုင်ပါ.။အကျိုး အကြောင်း ဆက်စပ်စဉ်းစားမိခြင်း တစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါသည်..။


http://zaw357.multiply.com/journal/item/642 မှာ 17.9.2009 က ရေးထားတာပါ။

.
Share/Bookmark

11 February 2010

1 Time Management



တစ်ခါက...

အလုပ်အရမ်းကြိုးစားတဲ့ ကောင်လေး တစ်ယောက်ရှိတယ်.။ သူက ကုမ္ပဏီရဲ့ ဒေသခွဲမှ ဒု-ဥက္ကဌလည်း ဖြစ်တယ်.။ အသက်ငယ်ငယ်လေးနဲ့ ဒု-ဥက္ကဌ ဖြစ်လာသော ဒေးဗစ် တိုင်းလ် က အလွန် အလုပ်လုပ်နိုင်သူ တစ်ယောက် ဖြစ်တယ်.။ ကုမ္ပဏီကို ဝင်လာပြီး တစ်နှစ်တိတိလောက်မှာ အရောင်း အကောင်းဆုံး စံချိန်တင်ဆုရကာ ကုမ္ပဏီ စရိတ်ဖြင့် ဗီယင်နာ နဲ့ ပါရီ သို့ အလည်အပတ် သွားခွင့် ရခဲ့သည်.။အလုပ်ကောင်းသူ ဖြစ်သည့် အလျောက် သူ့ဝင်ငွေကလည်း အလွန်ကောင်းပါတယ်..။

သူက လောလောဆယ်မှာ သူ့လုပ်ငန်း ပမာဏ မည်မျှရှိကြောင်း ၊ အလုပ်များသော်လည်း သူမှာ အတွင်းရေးမှူး မထားကြောင်း အမြဲဂုဏ်ယူ၍ ပြောလေ့ရှိသည် ။ သူပြောလိုတာက သူ့အလုပ်ကို သူနိုင်ကြောင်း ဂုဏ်ယူစွာ ပြောလိုခြင်း ဖြစ်သည်.။

တစ်နေ့ ကျွန်တော်နဲ့ တွေ့တော့ သူက ထိုကဲ့သို့ပင် ပြောလေသည်..။ ကျွန်တော်က...

“ ဒေးဗစ်ရေ..။ ဒါကတော့ မင်းမှာ နေပြီကွ..။ မင်းပိုက်ဆံ ချွေတာပုံ နေရာလွဲနေပြီ.။ မင်းရဲ့ အချိန်ဟာ အခုဆို တစ်နေရာကို ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ ကြားထဲမှာ တန်တာလေကွာ .။ ဒီနေရာမှာ မင်းကိုယ်တိုင် လုပ်မဲ့ အလုပ်တွေကို အတွင်းရေးမှူး တစ်ယောက်ထားလိုက်ရင် မင်းမှာ တန်ဖိုးရှိတဲ့ အချိန်တွေ အများကြီး ပိုထွက်လာမယ် ”

ဟု ကျွန်တော် အကြံပေးခဲ့ပါတယ်.။ ကျွန်တော့်စကားကို သူစဉ်းစားသွားသည်.။ ထိုနောက် တကယ်လည်း သူလုပ်ဖြစ်ခဲ့ပါတယ်.။ နောက်တစ်လလောက်နေတော့ ကျွန်တော် သူနဲ့ ပြန်တွေ့ဖြစ်သည်..။ ထိုအခါ ကျွန်တော်က “ ဘယ်လိုလဲ.။” ဟု မေးကြည့်တော့ သူက ဝမ်းသာ အားရနဲ့ ..

“ မယုံကြည်နိုင်လောက်အောင်ပါပဲ..အာ့တ်ရေ..။ အတွင်းရေးမှူးတစ်ယောက် ခန့်ထားလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော့်လုပ်ငန်း ၂၅ % လောက်အထိကို တတ်လာတယ်ဗျ..။”

ဟု အားရ ပါးရ ပြောသည်..။


Manager ကောင်းတို့ မည်သည် ဘယ်တော့မှ အားလုံးကို ကိုယ်တိုင် ဆန္ဒနဲ့ အချိန် မရှိကြပါဘူး.။ တကယ်လို့ ဒီလိုတွေ လုပ်နေပြီ ဆိုရင်လည်း ဒါဟာ Manager တစ်ယောက် မဟုတ်တော့ပါဘူး.။ လုပ်ပိုင်ခွင့်တွေ ရှိနေတဲ့ အလုပ်သမား တစ်ယောက်ပဲ ဖြစ်နေပါတယ်.။ ဘယ်သူမဆို ကိုယ့်က ကြီးမားသော လုပ်ငန်း တစ်ခုကို လုပ်ချင်ရင် ကျန်တဲ့ တခြား အပိုင်းတွေ သင့်တော်သော အောက်လက်ငယ်သားကို လွဲပေးတတ်ရပါတယ်.။ တကယ်လို့ မလွဲပေးတတ်ရင် ဒီလူဟာ..ကောင်းမွန်သော Manager တစ်ယောက် ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး.။



မှတ်ချက်.။ ။ ကျွန်တော် management နဲ့ ပတ်သတ်ပြီး ရေးခဲပါတယ်.။ လူတွေ လက်မခံမှာ
စိုးလို့ပါ.။ ဒါပေမဲ့..ကျွန်တော် ကျွမ်းကျင်တာကလည်း ဒါပဲ ရှိတယ်ဗျာ..။ နောက်
အဆင်ပြေရင် ထပ်ရေးပါဦးမယ်.။


http://zaw357.multiply.com/journal/item/635 မှာ 15.9.32009 ကရေးထားတာပါ။

.
Share/Bookmark