မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


Showing posts with label အဖေ. Show all posts
Showing posts with label အဖေ. Show all posts

16 October 2010

13 မျောက်နှစ်ကောင်



လူဆိုတာ သတ္တဝါတွေ ထဲက အကောင် တစ်ကောင်ပါပဲ။ ဒါကြောင့် သတ္တဝါတွေလိုပဲ မှားတတ်ကြတယ်။ မှားတာမှ ကိုယ်မမြင် ၊ မသိ ၊ မကြားတာကို သူများက ဒီလိုလို့ ပြောတာနဲ့ ကိုယ်ရဲ့ ယုံကြည့်မှု ၊ အတွေ့အကြုံများကို လက်လွှတ် အဆုံးရှုံးခံကာ သူများ ပြောတာကို လိုက်ပြီး လက်ခံ ယုံကြည်ကာ မိမိ ယုံကြည်မှု ၊ အတွေ့အကြုံများကို စွန့်လွှတ် လိုက်တတ်ပြီး မှားတတ်ကြတယ်။

ဒီအကြောင်းအရာ နဲ့ ပတ်သတ်ပြီး သုတေသန ပြုသူများရဲ့ မှတ်တမ်းလေး တစ်ခုက ဒီလို ပြောတယ်။

တစ်ခါက . . .

သုတေသန ပြုသူများဟာ မွေးကင်းစ မျောက်လေး နှစ်ကောင်ကို မွေးလာတယ် ဆိုကတည်းက သူတို့ အသင့်ပြုလုပ်ထားတဲ့ သီးသန့် အခန်းထဲမှာ ထည့်ထားလိုက်တယ်။ ဒီအခန်းထဲမှာက မျောက်ကလေး နှစ်ကောင်အပြင် မြွေတွေ ၊ ကင်းခြေများတွေ ၊ ပင့်ကူတွေ ၊ တခြား အဆိပ်ရှိတဲ့ သတ္တဝါတွေနဲ့ အတူတူ ဒီမျောက်လေး နှစ်ကောင်ကိုလည်း အတူတူ ထားလိုက်တယ်။

ဒီလိုနဲ့ မျောက်လေးတွေဟာ တစ်နေ့တခြားကြီးလာခဲ့တယ်။ ဒါပေမဲ့ သူတို့ နဲ့ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့တဲ့ မြွေ ၊ ကင်းခြေများ ၊ ပင့်ကူ အစ ရှိတဲ့ အဆိပ်ပြင်း သတ္တဝါတွေကို ကြောက်ရကောင်းမှန်း သူတို့ မသိကြဘူး။ ငယ်ငယ်ကတည်းက အတူတူနေလာတာ ဆိုတော့ ဒီအကောင်တွေက သူတို့ကို ရန်ပြုနိုင်တယ် ဆိုတာ သူတို့ နားမလည်ခဲ့ကြဘူး။

ဒါနဲ့ မျောက်လေးနှစ်ကောင် တစ်နှစ်သားလောက်မှာ သူတို့ အထဲက မျောက်လေး တစ်ကောင်ကို ဒီအခန်းထဲက ခွဲထုတ်ပြီး အပြင်မှာ ရှိနေတဲ့ သူ့မျောက်မိခင်တွေ ရှိရာ မျောက်အုပ်ဆီကို လွှတ်လိုက်တယ်။ ဒီမျောက်လေး ဝင်ခါစမှာတော့ မျောက်အုပ်ကြီးက ချက်ချင်း လက်မခံဘူး။ ကိုက်ကြ ဖဲ့ကြပေါ့။ နောက်မှ မျောက်ကလေးကို သူတို့ မျောက်အုပ်ကြီးထဲကို ဝင်ခွင့်ပေးလိုက်ကြတယ်။

ဒီတော့မှ မျောက်လေးဟာ အပြင်လောကရဲ့ အတွေ့အကြုံတွေကို စတင် သင်ကြားခွင့်ရတော့တယ်။ မျောက်ကလေးဟာ သူ အရင်က နေခဲ့ရတဲ့ နေရာကလို မြွေတွေကို တွေ့တော့ သွားကိုင်မယ် လုပ်ရင် တခြားမျောက်တွေကသူ့ကို တားကြတယ်။ သူတို့ ကိုယ်တိုင်လည်း အပင်ပေါ်ကို ပြေးတတ်ကြတယ်။ ဒီတော့ မျောက်လေးလည်း ဘာမှန်း ညာမှန်း မသိပဲ သူတို့လို လိုက်ပြေးတတ်တယ်။ သူတို့က “ မြွေဆိုတာ ကိုင်စရာ မဟုတ်ဘူး သေတတ်တယ် ” လို့ ပြောတယ်။

ဒီလိုပါပဲ. . မျောက်လေး အရင်က အခန်းထဲမှာ သိခွင့် မရတဲ့ အရာတွေကို အပြင်လောက က
တခြားသော မျောက်တွေက သင်ပေးကြတယ်။ ဒါနဲ့ မျောက်လေးဟာ အပြင်လောက က မျောက်တွေ ကြားမှာ အရာရာ သင်ကြားခဲ့ရတယ်။ တစ်လလောက် ရှိတော့ မျောက်လေးကို ပြန်ဖမ်းပြီး သူအရင်နေခဲ့တဲ့ အခန်းထဲကို ပြန်ထည့်လိုက်တယ်။

ဒီတော့ မျောက်လေးဟာ အရင် သူနဲ့ တစ်နှစ် အတူတူ နေခဲ့တဲ့ မျောက်လေး လို မဟုတ်တော့ပဲ ၊ အခန်းထဲက မျောက်လေး မြွေတွေနဲ့ ဆော့ ၊ ကင်းခြေများတွေကို ကိုင် ၊ ပင့်ကူတွေနဲ့ ထိတွေ့နေတဲ့ အချိန်မှာ သူကတော့ ဒီအကောင်တွေဟာ ငါ့ကို အန္တရာယ်ပြုနိုင်တယ် ဆိုပြီး သစ်ပင်ပေါ်ကတောင်မှ မဆင်းတော့ဘူး၊

အခန်းထဲက မျောက်လေးက သူ့ကို အရင်လို ဆော့ဖို့ ခေါ်တာတောင်မှ သူ့စိတ်ထဲမှာတော့ ဒါတွေက အန္တရာယ်ပြုနိုင်သော အကောင်တွေ ဆိုပြီး သူ့စိတ်ထဲမှာ တခြားသော မျောက်တွေက ပြောသော စကားများကို ကိုယ်တိုင် မကြုံဖူးပဲ နားဝင်နေခဲ့ပြီ။

တကယ်တော့ ဒီမျောက်ကလေးမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူတွေလည်း ဒီလိုပါပဲ။

ဒီကမ္ဘာ လောကကြီးထဲမှာ ရှိနေတဲ့ နေထိုင်တဲ့ အခိုက်အတန့်လေးမှာ ကိုယ်ကိုယ်တိုင် လေ့လာ ဝေဖန် ဆုံးဖြတ် ဖို့ထက် အရင်က လူတွေက ဘယ်လို ပြောသွားတယ် ဆိုတာကို ပိုပြီးတော့ နားဝင်နေတတ်တယ်။ ကိုယ့်ရှေ့က လူတွေကလည်း နောက်လူတွေကို ဘယ်လိုက ဘယ်လို ဖြစ်တယ် ဆိုပြီး ကိုယ်တိုင် လေ့လာဖို့ထက် သူများ လေ့လာပြီးသားတွေကိုပဲ ခေါင်းထဲ ရိုက်သွင်းတတ်ကြတယ်။

ဒါကြောင့် လူတစ်ယောက် အကြောင်းကို မသိသေးဘူး “ ဒီလူက ဘယ်လိုလေ ” ဆိုပြီး တခြားသူ တစ်ယောက်က ပြောတဲ့ စကားကို ခေါင်းထဲ တစ်သက်လုံး စွဲနေတတ်တယ်။ ဒီလူပြောတာ ဟုတ်မဟုတ် ဆိုတာ ကိုယ်ပိုင် လေ့လာ ဆန်းစစ်သင့်ပါတယ်။

အဖြစ်အပျက်လေးကတော့ ဒါပါပဲ။ 


ဒါနဲ့ . . . အခု စာဖတ်သူကရော အထဲက မျောက်လား ၊ အပြင်က မျောက်လား။

 

*** ငယ်ငယ်က ဖေဖေ ပြောပြခဲ့သော အကြောင်းအရာလေး တစ်ခုပါ။ ***
 

ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

16 March 2010

4 ခဏလောက်တော့ နောက်ပြန်လှည့်ကြည့်ပေးပါ


ကျွန်တော် အရင်ကတော့ ဘာရယ်မဟုတ်ပါဘူး.။ ဒီ Blog လေးကို လုပ်ပြီး အထွေထွေတင်လာခဲ့တယ်.။ အဲဒီနောက်မှာတော့ တစ်နေ့.. စိတ်ထဲမှာ တစ်မျိုးတော့ ဖြစ်သွားတယ်။ ငါကသာ ရေးနေ ၊ တင်နေတာ ငါ့စာတွေကို လာဖတ်တဲ့သူ ရှိပါရဲ့လားလို့ စိတ်ကူးက ပေါ်လာတယ်။ ဒီလို စိတ်ကူးပေါ်လာရတဲ့ အကြောင်းလေးကလည်း ရှိနေသေးတယ်။ ဒီလိုနဲ့ ကျွန်တော် Visitor Counter လေးတွေကို လုပ်ဖြစ်ခဲ့တယ်။

ဒါလေးကို ကြည့်ုပြီးမှ သြော် ငါ့ Blog လေးကို လူတွေ ဖတ်ကြသားပဲလို့ ကျွန်တော် အားပြန်တတ်ခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်တော် ဟိုနေ့က စိတ်ကူးလေး ရလို့ မဲပေးတဲ့ မဲရုံလေး တစ်ခု ထပ်လုပ်ဖြစ်ခဲ့ပါတယ်။ ဒါလေးကို ငါ့သူငယ်ချင်းတွေ မဲပေးကြပါမလားလို့ တွေးမိပြန်ပါတယ်။

ဒါပေမဲ့လည်း ခင်မင်ရပါသော သူငယ်ချင်းတွေက ကျွန်တော့်ကို မမြင်ဖူးပေမဲ့ ခင်မင်စွာနဲ့ မဲပေးကြပါတယ်။ ဒါပေမဲ့လည်းပေါ့လေ..နောက်ပြီး ပေးတာလား ၊ ဘာလားတော့ မသိဘူး.။ “ အလွန်ညံ့ပေါ့ ” ဆိုတဲ့ Bad မှာ တစ်ဦးက မဲပေးသွားသေးတယ်။ သြော်..ငါ့ကို မကြိုက်တဲ့သူက တစ်ယောက်တော့ ရှိနေသေးတာပေါ့လို့ ခံယူမိလိုက်ပါတယ်။

ဒီအတွက်တော့ ကျွန်တော် ဘာမှ မတတ်နိုင်ပါ။ ကျွန်တော် တတ်နိုင်တာကတော့ ဒီထက် ပိုကောင်းအောင်ကြိုးစားကြဖို့ပါပဲ။ ဒီလိုကြောင့် ကျွန်တော် ရေးထားမိသမျှ စာလေးတွေကို နောက်ကြောင်းပြန်ပြီး ဘယ်လို စာလေးတွေကို လူတွေပိုအားပေးလည်းလို့ ပြန်လှည့်ကြည့်ဖြစ်ခဲ့ပါတယ်။ ဘဝမှာလည်း ဒီလို နောက်ပြန်လှည့်ကြည့်မိဖို့ ဆိုတာ တကယ်ကို လိုအပ်ပါတယ်။ ကျွန်တော် ကျွန်တော့်အဖေ လက်တွေ့သင်ပေးခဲ့တဲ့ သင်ခန်းစာလေးနဲ့ ပြောပြပါ့မယ်။



~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


အဲဒီနေ့က ဖေဖေနဲ့ ကျွန်တော် အိမ်ပြန်လာတော့ လမ်းမှာ ကားပျက်သွားတယ်။ ဒီအချိန်က ည ၉ နာရီလောက်ကြီး။ ဒီလိုကားပျက်ရင် တော်တော် ရှက်တယ်ဗျာ။ အဲဒီတုန်း ကျွန်တော်ကလည်း ငယ်သေးတာလည်းပါတယ။ ဖေဖေကတော့ အတွေ့အကြုံ များသူတို့ ထုံးစံအတိုင်း ခပ်တည်တည်ပါပဲ။ ဖေဖေကလည်း ပြောဖူးတယ် အိမ်မှာ ကားရေဆေးခိုင်းရင် ကျွန်တော်က သိပ်ပြီး စိတ်က မပါချင် ၊ ဒီမှာ ဖေဖေက ပြောတယ်.။ “ မဟုတ်သေးဘူး.သား.။ ကားရှိမှ ကားဆေးရတာကွ။ ”

ဒါပေမဲ့လည်း ငယ်သူတို့ ထုံးစံအတိုင်း ကျွန်တော် ရှက်နေတာပါပဲ။ အခုလည်း ကားက ပျက်ပြီ။ ဘာဖြစ်တာလဲတော့ မသိ။ ဘာပဲ ဖြစ်ဖြစ် ဆင်းပြင်ရတော့မှာပါပဲ။ ညဘက် ဖြစ်နေတော့ သိပ်တော့ မရှက်မိဘူးပေါ့။ ဖေဖေက ကားခေါင်းအဖုံးကို ဖွင့်ပြီး ကားထဲငုံ့နှိုက်နေတယ်။ နောက်တော့ “ ကာဗရိုက်တာက ဆီယိုနေတာကွ.” လို့ ဆိုရင်း ကားနောက်ခန်းထဲက ပြင်ဖို့ ပစ္စည်းတွေကို ထုတ်တယ်။ ဒီတော့ ကျွန်တော်လည်း ဖေဖေနဲ့ ဝိုင်းလုပ်နေတာပေါ့လေ။

ကာဗရိုက်တာ ဆီယိုတာ ဘာမှ မခက်ပါ။ ဒါပေမဲ့ ညဘက် ဖြစ်နေတော့ ပြင်ရတာ ခက်ပြီး လက်ဝင်တာပေါ့လေ။ ဒါနဲ့ပဲ နောက်ဆုံးတော့ လက်နှိပ်ဓါတ်မီးလေးနဲ့ ပြင်ရင်း ကားပြန်ကောင်းသွားတယ်။ ကားစက်နှိုးလိုက်တော့ “ ဒေါက်..ဝူး ။ ” ပေါ့။ ဒါနဲ့ ကျွန်တော်လည်း ပြင်တဲ့ ပစ္စည်းတွေကို သိမ်းပြီးတော့ အဝတ်စုတ်လေးနဲ့ လက်ကို သုတ်ပြီး ကားထဲ ဝင်ထိုင်လိုက်တော့ ဖေဖေက...

“ သားရေ..၊ အောက်ခဏ ဆင်းဦးကွ..။ ဘာပစ္စည်းတွေ ကျန်နေခဲ့လဲ.။ သွားကြည့်ပါဦး.။ ”

“ မကျန်ဘူး..ဖေဖေ.။ သားအကုန်ယူခဲ့ ပြီးပြီ..။ ”

ဖေဖေက ပြုံးရင်း...

“ အင်းလေ။ မကျန်လည်း ဘာဖြစ်လဲကွ။ ခဏလေး အောက်ဆင်းကြည့်ရတာပဲလေ။ ညက မှောင်နေတော့ ရိုးရိုး ဒီမျက်လုံးနဲ့ ဆိုရင် မတွေ့မှာ စိုးလို့ ဖေဖေ အခု ကားစက်နှိုးပြီး ကားမီးနဲ့ နောက်ဆုတ်ပြီး ထိုးပေးမယ်။ ဒါဆို သားက ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့လေ။ ဒါလေး ဖေဖေတို့ နောက်ပြန်ဆုတ်ပြီး ပြန်ကြည့်လိုက်တာ ဘယ်လောက်မှ မကြာပါဘူးကွ။ ”

ကျွန်တော် ဘာမှ မပြောပဲ ကားအပြင်ထွက်လာခဲ့တယ်။ ကျွန်တော် သေချာ သိမ်းပြီးပြီပေါ့လေ စိတ်ထဲမှာလည်း။ ဒါပေမဲ့..ဖေဖေ ကားစက်နှိုးပြီး နောက်ဆုတ်လိုက်တော့ ကားမီးအောက်မှာ ကားဘီးအောက်ကို ရောက်နေတဲ့ ဝက်အူလှည့် တစ်ချောင်းကို တွေ့လိုက်ရတယ်။ ကျွန်တော်လည်း အံ့သြသွားသလို ဘာမှ မပြောတော့ပဲ ကောက်ပြီး ကားနောက်ခန်းထဲမှာ သွားသိမ်းလိုက်တယ်။ ကားထဲ ဝင်ပြီး မောင်းလာတဲ့ အထိလည်း ဖေဖေ ဘာမှ မပြောပါ။

ဒါနဲ့... လမ်းတစ်နေရာမှာ လက်ဖက်ရည်သောက်မယ်ကွာ ဆိုပြီး ဖေဖေ ပြောပြီး လက်ဖက်ရည်ဆိုင် တစ်ခုတည်း ဝင်လာခဲ့တယ်.။ ကျွန်တော်လည်း နောက်က ပါလာတာပေါ့လေ..။

လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီး စားသောက်ပြီး ပြန်ဖို့ ထတော့မှ ဖေဖေက ...

“ သားရေ..။ ခဏလောက်တော့ နောက်ပြန်လှည့်ကြည်လိုက်ပါဦးကွာ။ ”

“ ဗျာ...။ ”

ဖေဖေပြောတာ ကျွန်တော် နားမလည်ပါ..။ ဒါပေမဲ့ ဘာရယ် မဟုတ် ကျွန်တော် နောက်ပြန်လှည့် ကြည့်လိုက်တော့ ကျွန်တော် ခုနက ထိုင်ခဲ့တဲ့ နေရာ နောက်မှ ကျွန်တော် တစ်ရှူးထုပ်လေး ကျနေတယ်.။ ရင်ထဲကပါ အသံတွေ ကျွန်တော် ထွက်သွားတယ်.။

“ အာ...။ ”

ဖေဖေက ကျွန်တော် ပုခုံးကို ဖက်လိုက်ရင်းပြောတယ်.။

“ ဒါတွေက ဘာမှ မဟုတ်ပါဘူး..သားရာ.။ လောကကြီးမှာ လူတွေ ဖြစ်တတ်နေတဲ့ သဘောသဘာဝလေး တစ်ခုပါပဲ.။ ဘာပဲ လုပ်လုပ် ၊ လုပ်စရာပြီးသွားရင် သူတို့ သွားစရာက ပိုပြီး အရေးကြီးတယ် ဆိုပြီး ကိုယ်နေခဲ့တဲ့ နေရာလေးက နောက်ကြောင်းလေးကို ခဏလေးတောင်မှ သူတို့ နောက်ပြန် လှည့်မကြည့်နိုင်တော့ဘူးလေ.။ ဒီတော့ သူတို့ တစ်ခုခု ကျန်နေတဲ့တယ် ဆိုတာကိုလည်း သူတို့ သတိမထားမိတော့ဘူး.။

အဲ...နောက်မှ သူတို့ လိုချင်တဲ့ ပစ္စည်းကို သတိထားမိတော့မှ ဟာ..ငါ ဘယ်မှာ ကျန်ခဲ့ပြီ ဆိုပြီး သတိရကြတယ်.။ ဒီတော့ ဒီပစ္စည်းလေးကို ပြန်ရဖို့ အရင် ခဏနေခဲ့တဲ့ နေရာကို ပြန်လာရတယ်လေ.။ ဒီမှာ ရှိနေရင်တော့ ကောင်းသား..။ မရှိတော့ရင် တော်တော် ခက်သွားပြီ..။ ဒါတွေ မဖြစ်ဖို့ တစ်ခုပဲ လိုတယ် သားရေ...ဘာပဲလုပ်လုပ် လုပ်ပြီးရင် နောက်လေးကို ခဏလောက်တော့ ပြန်ပြီး လှည့်ကြည့်ပေးဖို့ပါပဲ။


ဒါဆိုရင် ကိုယ်မေ့ကျန်နေခဲ့တဲ့ အရာတွေ ၊ ကိုယ်သတိမထားမိပဲ ကျကျန်ခဲ့တဲ့ အရာတွေကို ပြန်ပြီး တွေ့မိလာမှာပေါ့.။ မဟုတ်ဘူးလား.။ ဒါဘာမှ ခက်တာ မဟုတ်ဘူးနော်..။ ဘာမှလည်း ပင်ပန်း ဝန်ကြီးတာ မဟုတ်ဘူး.။ ခဏလေးပဲ နောက်လေး ပြန်လှည့်ကြည့်ရမှာလေ.။ ဒါဆိုရင် မေ့ကျန် ၊ ကျကျန်ခဲ့တယ် ဆိုတာတွေ မဖြစ်နိုင်တော့ပါဘူး..။ သား..ဒီနည်းလေးကို စမ်းသုံးကြည့်ပါလား..။ ”

ဟုတ်ပါတယ်.။ ဖေဖေပြောတဲ့ နည်းလေးကို ကျွန်တော် ဒီခဏလေး မဟုတ်ပါ..။ ကျွန်တော် အခု အချိန်အထိ လက်တွေ့ သုံးစွဲနေတုန်းပါပဲ.။ တကယ်လည်း ကိုယ်သတိမထားမိပဲ ဘတ်စ်ပေါ်မှာ ဘောင်းဘီထဲက သော့ထွက်ကျကျန်ခဲ့တာမျိုး ၊ ထီးမေ့ကျန်ခဲ့တာမျိုး ၊ ထမငိးချိုင့်ကျန်ခဲ့တာမျိုးတော့ မဖြစ်တော့ပါ..။ ဒါဟာ ဘာမှ မဟုတ်ပါ..“ ခဏလေး နောက်ပြန်လှည့်ကြည့်လိုက်တာပါပဲ..။ ”

အခု စာဖတ်သူတွေလည်း ဒီနည်းလေးကို သုံးကြည့်ပါလားဗျာ.။ ကားပေါ်က ထိုင်နေရာကနေ မဆင်းခင် ထပြီးရင် ခဏလောက် နောက်ပြန်လှည့်ကြည့်လိုက်ပါ.။ စားသောက်ဆိုင်မှာ စားပြီးလို့ ထိုင်ရာက ထပြီးရင် ခဏလောက် နောက်ပြန်လှည့်လိုက်ပါ.။ ဘာပဲ လုပ်လုပ်ပြီးပြီး နောက်လှည့်ကြည့်လိုက်ပါ.။ သေချာပါတယ်.ကျွန်တော် ပြောရဲတယ်.။ စာဖတ်သူ ပစ္စည်းမေ့ကျန်ခဲ့တယ် ၊ ကျကျန်ခဲ့တယ် ဆိုတာ ၉၀ % မဖြစ်နိုင်တော့ပါဘူး.။


ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/754 မှာ 15.11.2009 က ရေးထားတာပါ၊

.
Share/Bookmark

01 March 2010

7 ကျေးဇုးပါ. . . ဖေဖေ. . .



တိတ်ဆိတ်နေတဲ့ ဒီည။
မဟုတ်ဘူး မှားတယ်။ ၁၂ နာရီ ကျော်သွားပြီ။
တိတ်ဆိတ်ညင်သာနေတဲ့ ဒီမနက်အာရုံခင်း ၊ ခပ်လင်းလင်း နွမ်းနွမ်းလေး။
သြော်. . .ဒီနေ့က ဖေဖေ့မွေးနေ့တဲ့။
ဖေဖေ အသက် ၅၆ နှစ်ပြည့်ပြီ။

ဝေ့ဝဲကျန်ရစ်ခဲ့တဲ့ အတိတ်နေရက်တွေကို ပြန်ရစ်တင်ကြည့်တော့ ဘဝဆိုတာ မှော်ဆရာ တစ်ယောက်ရဲ့ ဝတ်ရုံလိုပါပဲလား။

ဒီဝတ်ရုံခြုံထားရာကနေ ဝတ်ရုံကြီး ချွတ်လိုက်ရင် မင်းသားလေး ဖြစ်သွားမလား ၊ ဘီးလူးကြီး ဖြစ်လာမလား ၊ အပြစ်ကင်းတဲ့ ကလေးငယ်လေး ဖြစ်လာမလား ၊ မူလရုပ်သွင်နဲ့ နှာခေါင်းကောက်ကောက် မှော်ဆရာကြီး ပေါ်လာမလား ဘယ်လိုမှ မှန်းလို့ မရ။

ကျွန်တော့်ဘဝကိုလည်း ဒီမှော်ဆရာက သူ့ဝတ်ရုံကို ကျွန်တော် မခြုံချင်ပဲ အလကား ခဏခဏငှားပြီး လာလာစွတ်တယ်။ ဒီလိုနဲ့ပဲ သူ့ဝတ်ရုံပြန် အလှန်လိုက်မှာ ကျွန်တော့်ဘဝဆိုတဲ့ အဆစ်ချိုးတွေ ခဏခဏ ပြောင်းတယ်။ ဒီအထဲမှာ ခေါင်းမာလွန်းလှတဲ့ ကျွန်တော်က တစ်ခါတစ်လေ ကျောက်ရုပ် ၊ တစ်ခါတစ်လေ ရွံစေး ၊ တစ်ခါတစ်လေ လူငယ်တစ်ယောက်ရဲ့ဗလွရွှတ်တ ရာဇဝင်နဲ့ သိပ်သိပ်သည်းသည်း မဲမှောင်လို့။

အို. . . .ကြာခဲ့ပါပြီ။

ဒီလို ငယ်ဘဝကို ကျွန်တော် ပြန်သွားရင် ရင်ဘတ်ထဲမှာ ချိုင့်ပေါလှတဲ့ နေရာမှာ လှည်းစီးနေရသလို . . .ပြီးတော့ မြွေတွေ တွန်တယ်။

--------------------------------------------------------------------------------------------

“ အန်တီလေး လှလား။ ”

လို့ မေးလို့. .

“ အန်တီလေးက လှတယ်။ ”

ဆိုပြီး ပြန်ဖြေရင် ချောကလက်တစ်တောင့် စားရတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော် ခပ်ဝါးဝါး ရှင်သန်နေခဲ့ ရဖူးတယ်။ ကျွန်တော့်ကို ခေါင်းမာမာ ၊ ပေကပ်ကပ်မှန်း သိသိကြီးကို ကျွန်တော့်ဆီကမှ ဒီလို စကားမှ ကြားချင်တဲ့ “ အန်တီလေး ” က လာမေးတော့ သူ့အိပ်မက်တွေ သူ့ဖာသာ ဖြိုချခံရတယ်။

“ အာ . . မလှပါဘူး။ ဆံပင်တွေကလည်း ပွလို့ ၊ မျက်ခွံမှာ ဆွဲထားတာတွေကလည်း ကုလားမကြီး ကျနေတာပဲ။ ”

ဒီလို ကျွန်တော့်ချီးကျူးသံ အဆုံးမှာ အပြင်သွားဖို့ ပြင်ထားတဲ့ အန်တီလေးက မျက်ရည်တွေ ငေါက်တောက်ပန်းထွက်ပြီး အပြင်မသွားပဲ ဖေဖေ့ဆီ သွားပြီး ကျွန်တော့်ရဲ့ စကားတွေကို အကျအန ပြန်ရွတ်ပြတယ်။

မျက်ထောင့်နီနဲ့ ဖေဖေ ကျွန်တော့်ကို ခေါ်တော့ ပါးစပ်ထဲက ပီကေ လေးကို ဖာသိဖာသာပဲ ဆက်ဝါးနေရင်း ကျွန်တော် ရောက်သွားတယ်။

“ သား. .အန်တီလေးကို ဒီလို ပြောတယ်ဆို. . .။ ”

“ ဟုတ်တယ်လေ..ဖေဖေ ၊ သားကို အန်တီလေးက လှလား ဆိုတော့ သားကလည်း မလှကြောင်းပြောတာပါ။ ”

“ တွေ့လား. . .တွေ့လား...ကိုကို ၊ ကိုကို့သားက . . . ”

မျက်ရည်တွေက ပန်းထွက်လာပြန်တယ်။

“ အေး..မင်းကို ဖေဖေ အိမ်ရောက်မှ သေချာ ဆုံးမမယ်။ အခု ဖေဖေ အလုပ်များနေလို့ ။ သွား ဟိုနားမှာ သွားထိုင်နေ. . ။ ညီမလေးလည်း တိတ်တော့ အပြင်သွားမှာ သွားတော့လေ.။ ”

အဲဒီနေ့က အန်တီလေးလည်း အပြင်မသွားပါ။ ဖေဖေလည်း အလုပ်များ ၊ ကျွန်တော်လည်း ထိုင်နေရာက အိပ်ပျော်သွားတယ်။

ဖေဖေ့အလုပ်ရုံကနေ အိမ်ပြန်လာတော့ ဖေဖေက သားရေ လမ်းလျှောက်ရအောင် ဆိုပြီး ဈေးသည်တွေ ကျို့တို့ကျဲတဲ ရှိတတ်တဲ့ နေရာကို လမ်းလျှောက်ရင်း ဆနွင်းမကင်း ဝယ်စားတယ်။ အထဲမှာ ဖရုံယိုတွေ ပါရင် ကျွန်တော် ပိုကြိုက်တယ်။ ဒါပေမဲ့ ဒီအသည်က မပါ။

“ သားရယ် . . မြင်တဲ့ အတိုင်း လျှောက်ပြောတာ ကောင်းတယ်ကွ။ ဒါပေမဲ့ မင်း အန်တီလေးက အရမ်းလှချင်တာလေ။ သူ့ခဗျာ သားက တစ်ခါမှ အကောင်း မပြောတော့ သူက သားပြောတဲ့ လှပါတယ် ဆိုတဲ့ စကားကို အရမ်းကို အရေးကြီးနေတာကွ။ ”

“ အန်တီလေးက လှတယ်လေ။ ဒါပေမဲ့ ဒီဟာတွေ ခြယ်ထားရင် မလှဘူး။ ”

“ အေးလေ..ဒါကို သားက ဒီလိုကြီး ပြောတော့ မင်းအန်တီလေး ငိုတာပေါ့။ ”

“ ဒါဆို ဘယ်လိုပြောရမှာလဲ။ ”

ဆင်ဝှေ့ ရန်ရှောင် ၊ ခက်တင်မောင်းနင်း ဆိုတဲ့ စကားကြီးတွေလိုပေါ့ သားရယ်။ အခု မလှတာကို ထားပြီး သူဘယ်လိုဆို လှတယ် ဆိုတာကိုပဲ ပြောပေါ့။

ဒါနဲ့ပဲ နေ့ရက်တွေ တစ်ရက်ဆန်းသစ်တဲ့ နေ့မှာ ကျွန်တော့်ရဲ့ အဘိဓါန်မှာ အသစ်တစ်ခု တိုးခဲ့တယ်။

“ သားဇော်ရေ. . .အန်တီလေး လှလား ။ ”

အမှတ်မရှိတဲ့ အန်တီလေးကလည်း ခဏခဏ မေးတာပါပဲ။ ဒါပေမဲ့. .. ကျွန်တော် ဖေဖေ့စကားနဲ့ သမိုင်းစာမျက်နှာ တစ်ခုတော့ ရေးထိုးထားနိုင်ခဲ့တယ်။

“ ဒီလိုထက် အန်တီလေးက သနပ်ခါးလေးနဲ့ ပိုလှတယ်။ နှုတ်ခမ်းနီလေး ဆိုးလိုက် လှမှလှ. .။ ဆံပင်လေးကို စုစည်းလိုက် ပိုလှ.။ ”

ဒါနဲ့ပဲ သူ့ဆီက အပြုံးတွေ ကြွကျပြီး ကျွန်တော်ပဲ ချောကလက် ခဏခဏ စားရတယ်။ ဒီလိုပါပဲ အချိန်တွေကိုလည်း ပြောင်းလဲတတ်ပါတယ်။ ရာသီဥတုတွေလည်း တည်မြဲတာမှ မဟုတ်တာ။

ကျွန်တော်က အပြောအဆို ညက်ညောလှသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ ပြောတတ်အောင် ဖေဖေက ဒီလို သင်ပေးခဲ့ပါတယ်။

ဒီအတွက် ကျေးဇူးပါ. . .ဖေဖေ. . .။

--------------------------------------------------------------------------------------

ငယ်ငယ်က ဖေဖေ့အလုပ်မှာ ထုတ်နေတဲ့ ကားပစ္စည်းတွေ အတွက် နာမည်သာ ရှိတာ “ လိုဂို ” ဆိုပြီး မရှိ။ ဒီအတွက် လိုဂိုလေး လုပ်သင့်တယ် ဆိုပြီး သူတို့ဖာသာ အကြံရကြတယ်။ သူတို့ဖာသာ အကြံက ကျွန်တော်တို့ သားသမီးတွေဆီကို ကူးစက်တယ်။ ဒါနဲ့ပဲ ဖေဖေရဲ့ ညီအကို မောင်နှမ ၅ ယောက်ရဲ့ သားသမီးတွေအားလုံး လိုဂို ပြိုင်ဆွဲတဲ့ ပြိုင်ပွဲကြီး ဖြစ်လာတယ်။ အချိန်ကာလ ၃ ရက်ကြာ ကျင်းပတယ်။

ကျွန်တော်ကလည်း ပန်းချီဆို အမြင်တော်တော် ကြွယ်ဝတဲ့ လူတစ်ယောက် ၊ ငယ်ငယ်က ဆရာမက ကျောက်သင်ပုန်းပေါ်မှာ “ ကြောင် ” ပုံလေး ဆွဲပြတယ်။ အားလုံး ဆွဲဖူးသလိုပါပဲ လွယ်ပါတယ်။ အပေါ်က အဝိုင်းလေး အောက်က အဝိုင်းကြီး ၊ ဒါကို အမြီးလေးတပ် ၊ မျက်လုံး နှာခေါင်း နားရွက်လေးတပ်. . .ကဲ ကြောင်ဖြစ်။ ဒါကို ကူးဆွဲကြ ဆိုပြီး ခိုင်းတော့ ဆရာမဆီ သွားပြရတယ်။

တတ်တတ်ကြွကြွပဲ ကျောက်သင်ပုန်းပေါ်က ဆရာမ ဆွဲပြထားတဲ့ ကြောင်ပုံလေးကို ကူးဆွဲပြီး သူများတွေလို ဆရာမဆီ စာအုပ်ထပ်ပြီး ပြလိုက်တော့ ခဏနေ ဆရာမက နာမည်ခေါ်တယ်။ ငါတော့ ဘဲထီင်္းဂွတ် ရနေပြီ ထင်တယ်လို့ . . ။ ဘယ်ဟုတ်မလဲ. . .ဘဲမ ဂွတ်. .။ လက်ဝါးဖြန့်တဲ့ . . လက်ကို နှစ်ချက်ရိုက်တယ်။ ပြီးတော့မှ အတန်းဘက်ကို လှည့်ပြီး ကျွန်တော့်စာအုပ်ကို အားလုံးဆီ ထောင်ပြတယ်။

“ ဒီမှာ ကြည့်ကြစမ်း ၊ ကိုဇော် ဆွဲထားတဲ့ ကြောင်ပုံ တဲ့။ ကူးဆွဲထားတာတောင်မှ . . . ”

ဆရာမက တစ်ချက် လှမ်းကြည့်တယ်။ ကျွန်တော်ကတော့ ထုံပေပေပါပဲ။ အပြစ်မရှိသူကို အပြစ်ရှာတယ် ဆိုတဲ့ မျက်နှာပေးနဲ့.. ။ ဆရာမထောင်ပြတဲ့ ကျွန်တော် ပန်းချီကျော်ကို ကျောင်းသားတွေ ကြည့်ပြီး ဝါးခနဲ ရယ်တယ်။ ပြီးမှ ဆရာမက ဆက်ပြောတယ်။

“ ကူးဆွဲတာတောင်မှ ကြောင်မှာ “ အမြီး ” ပါမလာဘူး။ ”

တဲ့။ တပည့်မကောင်း ဆရာ့ခေါင်း ဆိုပေမဲ့ ဆရာမက သူ့ကို သူ မခေါက်ပဲ ကျွန်တော့်ခေါင်းကို မကျေမချမ်း ထပ်ခေါက်တယ်။ မခေါက်ပါနဲ့ ဆရာမ ၊ ခေါက်ကြည့်မနေပါနဲ့ ၊ ကျွန်တော်က ခေါင်းမာပြီးသားပါ။ အဟဲ. . .ကျွန်တော်ကလည်း ဒီလို . .။

ဒါနဲ့ အခုလို လိုဂို ပြိုင်ဆွဲမယ် ဆိုတော့ နည်းနည်းတော့ ရင်ခုန်သား။ ဖေဖေက အကြံပြုသူ ဖြစ်ပြီး အကဲဖြတ် အဖွဲ့ထဲမှာ မပါ။ ဒီအတွက် တစ်ခု ပြောတယ်။

“ ဖေဖေ့သားကို ဖေဖေ ယုံလို့ ၊ ဖေဖေ ပါနေရင် မျက်နှာလိုက်ပြီး ရွေးတယ် ဖြစ်မယ်။ ”

တကယ်လည်း ဖေဖေက လိုဂို ပုံအတွက် လိုချင်တဲ့ အခြေအနေ ပုံစံတွေကို ပြောပြီး ဘာမှ ဝင်ပြီး အကဲဖြတ် မနေတော့။ ဆွဲကြတယ် အပြိုင်အဆိုင်ကို ဆွဲကြတယ်။ ကျွန်တော်က ဒီအချိန်မှာ နာမည်ကြီးနေတဲ့ မြန်မာ့အသံက ဇာတ်လမ်းတွဲ The Flash ကားထဲက မင်းသား ရင်ဘတ်က တံဆိပ်လေးကို နည်းနည်းပြင်ဆွဲတယ်။ ကျွန်တော့်တံဆိပ်လောက်လည်း ဘယ်သူမှ မလှ။ ကလေးပီပီ မြောက်ကြွကြွ နဲ့ ကျွန်တော့်ပုံကို အလုပ်က ပြိုင်ပွဲ မျက်နှာစာမှာ ကပ်ထားတယ်။

အလုပ်လာအပ်သူတွေ ၊ မိတ်ဆွေတွေ ၊ အမျိုးတွေ အကုန်လုံး ဒီနေရာမှာ ကပ်ထားတဲ့ လိုဂိုတွေကို ကြည့်ပြီး အားလုံးက ကျွန်တော် လိုဂိုလေးကို ပဲ သဘောကျကြတယ်။ အားလုံးလည်း နှစ်သက်တယ်။ ဒါပေမဲ့ အချိန်က မစေ့သေး။ နောက်ဆုံး တစ်ရက်မှာ ဖေဖေ့အကိုကြီးက ရောက်လာပြီး လိုဂို တစ်ခု ကို ပြတယ်။ တော်တော်မိုက်တဲ့ ဒီဇိုင်းလေး။ ဒါကို နည်းနည်းပြင်ဆွဲရမယ်။

တစ်ခါမှ မမြင်ဖူးတဲ့ ဒီဇိုင်းဆိုတော့ အမြင်တွေ ပေါင်းပြီး ပြင်ဆွဲရတယ်။ ရုတ်တရက် ဆွဲထားပြီးတာတွေက အသုံးမဝင်တော့သလို ဖြစ်သွားတယ်။ နောက်ထပ် ရောက်လာတဲ့ လိုဂိုလေးကို အားလုံး ထပ်ဆွဲကြတယ်။ အပြိုင်အဆိုင်ပါပဲ။ ပြိုင်ပွဲ သတ်မှတ်ထားတဲ့ နောက်ဆုံး ညနေ အချိန်မှာ အားလုံး ဆွဲလို့ပြီးကြတယ်။ ဒီပုံတွေကိုပဲ သီးသန့်တစ်နေရာမှာ စုကပ်လိုက်တော့ အရောင်ခြယ်ထားတာ သပ်ရပ်တာမှာ ကျွန်တော့်ပုံကို ဘယ်သူမှ မမှီ။

အားလုံးလည်းပဲ သူပဲ ရမှာပဲ ဆိုတဲ့ အချိန်မှာ အကဲဖြတ်ဦးလေးက လိုဂို တံဆိပ်လေး ယူလာတဲ့ ဖေဖေ့အကိုကြီး သားကို ဆုပေးလိုက်တယ်။ ကျွန်တော်မပြောနဲ့ တခြားမောင်နှမတွေတောင်မှ ဒေါသ အတောင့်လိုက်။ ကျွန်တော်ကလည်း မျက်ရည်တွေ အတောင့်လိုက်။ သူကတော့ လိုဂို ဆုရှင် အနေနဲ့ ဆုငွေ ၁၀၀ ကျပ် ရသွားတယ်။ ဒီအချိန်မှာ ကြက်ဥ တစ်လုံးမှ ၅ ကျပ် ရယ်။

ကိုယ့်လျှာကို ကိုယ် ဗျောက်အိုး လုပ်ဖောက် မနေပင်မဲ့ တိတ်ဆိတ်စွာနဲ့ ကိုယ့်နှုတ်ခမ်းတွေကို ကိုယ်ဝါးနေခဲ့တယ်။
ဆွေးမြေ့နေတဲ့ ညချမ်းနဲ့ ကျွန်တော်နဲ့ ဖေဖေ အိမ်ပြန်လာတော့ ဖေဖေက ဆိုင်ကယ်ပေါ်မှာ ပြောတယ်။

“ သားက ဆုမရလို့ ဖြစ်နေတာလား။ ”

“ မဟုတ်ပါဘူး။ ရွေးသင့်တာကို ကြည့်မရွေးလို့။”

ဒါနဲ့ လမ်းဘေးက လက်ဖက်ရည်ဆိုင်မှာ ဆိုင်ကယ်ရပ်ပြီး အထဲမှာ ဝင်ထိုင်ရင်း. . .

“ ရော့. .သားရဲ့ ကြိုးစားမှု အတွက် ဖေဖေပေးတဲ့ မုန့်ဖိုး ။”

ကျွန်တော် လှမ်းမယူ။

“ ရော့လေ.၊ ”

“ မယူဘူး ဖေဖေ ။ ”

“ ဘာလို့လဲ ဒါလည်း ၁၀၀ ပဲလေ။ ”

“ သားလိုချင်တာ ပိုက်ဆံ မဟုတ်ဘူး။ တကယ်ကောင်း မကောင်း စမ်းသပ် အရွေးခြယ်ခံချင်တာ .. . ဒါပါပဲ။ ”

“ ဒီလို သားရဲ့ တချို့က သူတို့ အတွင်းစိတ်မှာ ရှိတဲ့ ညာဉ် မပျောက်တတ်ဘူး။ သူတို့ သူများတွေ တကယ်ကောင်းတယ် ဆိုတာကို လက်မခံ မရွေးခြယ် နိုင်ကြဘူး။ ဒါကို အတ္တစွဲ လို့ ခေါ်တယ်။

အခုလည်း သူက ဖေဖေ့ကို ပြောပါတယ်။ ဒီဇိုင်းစ ယူလာတဲ့ ကိုကြီးသား မို့လို့ အားနာလို့ ပေးလိုက်တာ တဲ့။ ”

ကျွန်တော် ပြောမလို့ မော့ကြည့်လိုက်တော့ ဖေဖေက လက်ကာပြီး ဆက်ပြောတယ်။

“ တကယ်ဆို ဘယ်သူပဲ ယူလာ လာလေ။ လက်ရာကောင်းတာ ၊ ပုံပေါ်အောင် ဆွဲနိုင်သူကိုပဲ ပေးရမှာပေါ့။ သူ့ကိုယ်သူလည်း လိပ်ပြာ မလုံဘူးသား။ ဒါကြောင့် သူက ဒါတွေ လာရှင်းပြနေတယ်။ ဖေဖေ တစ်ခုပဲ မေးမယ်။ အခု သား ဒီပုံလေးကို စိတ်ကြိုက်ဖြစ်လား။ ကျေနပ်လား။ ”

“ ဟုတ်ကဲ့. .စိတ်ကြိုက်ဖြစ်တယ်။ အားရတယ်။ ”

“ ဒါဆို ရပြီ သား။ ဘယ်သူမှ ဘာမှ ကိုယ့်ကို ဂုဏ်ပြုမနေရင်လည်း အကြောင်းမဟုတ်ဘူး။ ကိုယ်လုပ်ထားတာ ကိုယ့်ဖာသာ ကိုယ် စိတ်ကျေနပ်မှု ရတယ် ဆိုရင် ဒါဟာ ပွဲပြီးတယ်။

ဒါနဲ့ပဲ ။ လက်ဖက်ရည်ဆိုင်က ကျွန်တော်တို့ ထွက်လာခဲ့တယ်။ ဖေဖေ့ဆီက မုန့်ဖိုး ၁၀၀ ကျွန်တော် မယူခဲ့သလို ၊ ဆုကြေးငွေ ၁၀၀ လည်း ကျွန်တော် မရခဲ့ပါဘူး။ ဒီလိုပဲ ရွေးခြယ်ခံရတယ် ဆိုတဲ့ လိုဂိုလေးဟာလည်း ဘယ်သူမှ ဆက်မသုံးကြတော့ဘူး။ ကျွန်တော်ရဲ့ The Flash လိုဂိုလေးတွေလည်း “ မှိန်ပြပြ ” ဒဏ်ရာတွေနဲ့ ဗူးလေးထဲမှာ ကွဲကြေတိုးတိတ်လို့ ။

ဒါပေမဲ့ ကျွန်တော့်မှာ ဖေဖေ ပြောတဲ့ စကားတော့ ရင်ထဲ ငြိစွဲ ကျန်နေခဲ့တယ်။

ဒီအတွက် ကျေးဇူးပါ. . .ဖေဖေ. . .။

------------------------------------------------------------------------------------------

“ အမလေးလေး. . .လူရုပ်ကို ကြည့်ပါဦး။ ကုလားရုပ်ပေါက်နေတာပဲ။ ”

အိမ်ထဲကို ပြန်ဝင်လာလာချင်း မေမေက ကြွကြွရွရွ လှမ်းချီးမွမ်းတယ်။ ကျွန်တော် မှန်ထဲ ပြန်ကြည့်လိုက်တော့ . . .

“ ဟိုက်. . ။”

ကိုယ်ရုပ်ကိုယ်တောင်မှ မမှတ်မိ။ နေကို မျက်နှာမူထားပြီး တစ်နေကုန်ထားလို့ မျက်နှာတွေ နေလောင်ပြီး မည်းသဲလို့။

“ ဘယ်လို ဖြစ်ပြီး ဒီလောက်တောင်မှ ဆော့ရတာလဲ။ ”

မေမေက လက်က မရိုက် ၊ စကားလုံးတွေနဲ့ ပူပြင်းစွာ ရိုက်တယ်။

“ ကျွန်တော်လည်း မသိဘူးလေ.. .မေမေ ၊ အစွမ်းကုန်တော့ ဆော့လိုက်တာပဲ ”

လို့ ပြန်ဖြေရင် မေမေ သဘောကျမှာ မဟုတ်။ ဒါကြောင့် ရေသောက် ခဏနေပြီး ရေချိုး သနပ်ခါးတုံးကြီးကို သွေးပြီး ခပ်ထူထူ လိမ်းထားလိုက်တယ်။

“ မဖြစ်ဘူး . .မဖြစ်ဘူး..မင်းကိုတော့ မင်း အဖေ နဲ့ တိုင်မှ ရတော့မယ်။ ”

ဒီလိုသာ ပြောတယ်။ ဖေဖေက ကျွန်တော်တို့ကို ရိုက်တတ်သူ မဟုတ်။ မေမေကတော့ စိတ်မထင်ရင် တံမြက်စည်း ရောင်းသူ ပျော်အောင် ရိုက်တတ်တယ်။ မေမေလည်း တံမြက်စည်း အသစ်ရတာပေါ့လေ။ တံမြက်စည်းရောင်းသူကလည်း အိမ်နားမှာ ခဏခဏ ဝဲနေတတ်တယ်။ ဒါကို တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ ခေါ်မလား မသိဘူး။

ဖေဖေ ပြန်လာတော့ မေမေက ပွစိပွစိ လုပ်တယ်။ ကျွန်တော်ကလည်း တိုင်နေမှန်း သိတော့ စာကျက်နေသလိုနဲ့ “ မြန်မာနိုင်ငံသည် အာရှတိုက်ထဲတွင် ပါဝင်သည်။ ” လို့ စာတွေ အော်ရွတ်ပြီး ပွစိပွစိ လုပ်ပြနေတယ်။ နားကတော့ ဟိုနားမှာ. . . စွင့်လို့။ ဖေဖေက ဘာမှ မပြော။ ရေမိုးချိုး ထမင်းစား တီဗီကို သူ့ဖာသာ ထိုင်ကြည့်နေတယ်။ ဒါနဲ့ အတိတ်အလန့်ဆိုတဲ့ စကားလုံးကို ပိုက်ပြီး ကျွန်တော်လည်း အိပ်ယာဝင်ခဲ့တယ်။

မနက် မိုးလင်းတော့ အထိတ်တလန့်တွေကို ပိုက်ပြီး နိုးလာရင်း အလန့်တကြား ကြည့်လိုက်တော့ ဖေဖေက ဖာသိဖာသာပဲ မနက်စာ စားနေတယ်။ ကပြာကယာနဲ့ မျက်နှာသစ် ၊ သွားတိုက် ဆိုတဲ့ ကိစ္စတွေ လုပ်နေတုန်း ဖေဖေက လှမ်းခေါ်တယ်။

“ အကြော်သည် လာပါဦး။ ”

တဲ့.။ ကျွန်တော့်ကို ခေါ်တာမဟုတ်ပါ။ သူ့ဖာသာ အကြော်စားချင်လို့ လှမ်းခေါ်တာ။ ပြီးမှ . . .

“ သား စားဦးမလား။ ”

တဲ့။

“ ဟုတ်..သား ပဲကပ်ကြော် ၂ ခု။ ”

ဒီလို မှာပြီး ဖေဖေ ဘေးမှာ ရာသီဥတုက ငါ ထင်သလို မဆိုးဘူး ဟ ဆိုပြီး အထိတ်တလန့်တွေကို လွှတ်ချပြီး ထိုင်လိုက်တယ်။ ပဲကပ်ကြော်တင် မကဘူး။ ဘူးသီးကြော်တွေရော။ ဘူးသီးကြော်ဆို ကျွန်တော်က မုန့်နှစ်ထဲမှာ ငှက်ပျော်သီး ထည့်မကြော်ရင် မစားချင်။ ကြိုက်သော်လည်း ဒါမဟုတ်ရင် မစား။ ဒီလို ချေးများများ။

“ မနေ့က သားမေမေက ပြောတယ်။ တနေကုန်ပဲ စွန်လျှောက်လွှတ်နေတယ်ဆို။ ”

ခုနက လွှတ်ချထားတဲ့ အထိတ်တလန့်ကြီး ပြန်ကောက် ကိုင်ထားလိုက်ရတယ်။ ပြီးတော့ ပြန်ဖြေရတယ် တစ်လုံးတည်း . .

“ ဟုတ်. . ၊ ”

“ သား ပြန်လာတော့ မျက်နှာကြီး မည်းသဲနေအောင် နေလောင်ထားတယ်ဆို။ ”

“ ဒါတော့ မသိဘူး ဖေဖေ ၊ သားမှ မမြင်ရတာ။ မေမေပြောလို့ သနပ်ခါးတော့ ထူထူလိမ်းထားတယ်။ ”

“ သြ...။ ”

ဖေဖေ ဘာမှ ဆက်မပြော။ နောက်မှ. . .

“ သား အခု စွန် တော်တော် လွှတ်တတ်နေပြီလား။ ”

စွန်လွှတ်တာ အိုးထဲက ငါး ရေထဲ လွှတ်တာလောက် မလွယ်တာတော့ လူတိုင်း အသိ။

“ ဟုတ်. . နည်းနည်းတော့ လွှတ်တတ်နေပြီ။ ”

“ ဘယ်လောက် ကျွမ်းနေပြီလဲ။ ”

“ မျှားတော့ မျှားတတ်နေပြီ။ ဒါပေမဲ့ လူတိုင်းကိုတော့ မနိုင်သေးဘူး။ ”

“ ဟုတ်ပြီ။ ဒါဆို ဖေဖေ မေးမယ်။ ဘယ်အချိန် သား စွန်ကောင်းကောင်း လွှတ်တတ်မလဲ။ ”

“ မသိဘူးလေ ဖေဖေ။ ”

“ ဟာ ဒီလိုလုပ်လို့မရဘူးလေ။ ဘယ်ကိစ္စ မဆို ၊ ဘယ်ပညာရပ်မဆို အချိန်အကန့်အသတ်ရှိရတယ်။ ဥပမာကွာ ကျောင်းတတ်တယ်နော်။ ၈ လကျော်တတ်တယ်။ အတန်းတင်စာမေးပွဲကြီး ဖြေရတယ်။ ဒီမှာ အောင်တယ် ဆို အောင် ၊ မအောင်ရင် ကျ ဒါပဲ။ တစ်နှစ်တစ်ခါတော့ တတ် မတတ် စစ်ရမှာပဲ။

အခုလည်း သား ဘယ်အချိန်လောက်ဆို စွန်လွှတ်တတ်မလဲ။ ”

“ နှစ်လဆိုရင်တော့ သား ကောင်းကောင်း လွှတ်တတ်မှာပါ။ ”

“ ဟုတ်ပြီ။ ဒါဆို သားကို ဖေဖေ လိုသလောက် ပိုက်ဆံပေးမယ်။ ဒီနှစ်လ အတွင်းမှာ သူများထက် သာအောင် စွန် လွှတ်စမ်း။ ဒါပေမဲ့ တစ်ခု ရှိတယ်။ စွန်တော့ လုံးဝ မလိုက်ရဘူးနော်။ စွန်လိုက်တာ အန္တရာယ် ရှိတယ်။ ”

“ ဟုတ်..လုံးဝ မလိုက်ပါဘူး ဖေဖေ။ သားက စွန်ပဲ လွှတ်တာပါ။ ”

တကယ်လည်း ကျွန်တော် လုံးဝ စွန် မလိုက်ပါ။ တစ်ကောင်ပြတ် တစ်ကောင်တပ် လွှတ်နေနိုင်တာပဲလေ။ နှစ်လတာ အချိန်မှာ စွန်လေးနဲ့ အတူ ကိုယ့်ဖာသာ မိုးပျံအောင် ကျွန်တော် စွန်လွှတ်တယ်။ စွန်မျှားတဲ့ နေရာမှာ ကိုသာဓု ဆိုသူ တစ်ယောက် ကျွန်တော့်တို့နားမှာ နေတယ်။ သူက အရင်က လွတ်လပ်ရေး ပြိုင်ပွဲတွေမှာတောင်မှ စွန်မျှားပြိုင်ပွဲမှာ ဆုရဖူးသူ။

သူနဲ့ ခင်မင်မိတဲ့ နေက စပြီး စွန်လွှတ်ခြင်း ရသ ကို ကျွန်တော် သိခဲ့ရတယ်။ သူက ကြိုးလေးပေါ်မှာ စွန်ကို ချိတ်လိုက်ပြီး လွှတ်တတ်သူ မဟုတ်။ သူ ကိုယ်တိုင်ပါ ပါဝင် ဝေ့ဝဲတတ်တယ်။ စွန်တစ်ကောင်ကို အရင် သေချာ ကြည့်တယ်။ ကိုင်း ၊ စာရွက် ၊ ကြိုး ဒါတွေကို သေချာ ရှင်းပြတယ်။ ပြီးတော့ သူ့မှာ ထူးခြားတာ စိတ်ရှည်မှု။ ပြိုင်ဆွဲလို့ မနိုင်နိုင်တဲ့ ကိစ္စတွေမှာ သူ ဘယ်တော့မှ ပြိုင်မဆွဲ ၊ အစွမ်းကုန် ဆိုတာထက်ပိုပြီး သူ လျော့တယ်။

ဘယ်လောက်တောင်မှ သူလျော့လည်း ဆိုရင် ပြိုင်လျော့နေရင်း စွန်က သူရော ၊ ကိုယ်ရော မမြင်ရတော့ ဒီအချိန်တိုင်အောင် သူက လျော့နေဆဲ။ တစ်ဖက်လူက စိတ်မရှည်ပဲ ဆွဲလိုက်တော့မှ ဆွဲသူ ပြတ်သွားခဲ့တယ်။ ဒီတော့မှ သူက မမြင်ရတော့တဲ့ နေရာက စွန်လေးကို စိတ်အမှန်းနဲ့ ပြန်ရစ်တင်တတ်တယ်။ အကြိမ် ၁၀၀ မှာ ၉၈ ခါတော့ ပြန်တတ်လာတာပါပဲ။

တကယ်လို့ ပြန်ကို မတတ်လာပဲ တစ်နေရာရာနဲ့ ညှိနေရင် သူက တိတ်တဆိတ်ပဲ ဆွဲဖြတ်လိုက်လေ့ရှိတယ်။ ဒီအချိန်မှာ သူ့ကို စောစောက ဆွဲလိုက်ရောပေါ့ ကိုသာဓု ရာ ဆိုရင် သူ ပြန်ပြောတဲ့ စကားက လှပ သေသပ်လှတယ်။

“ ကျွန်တော်က စွန်မျှားနေရာက မရှုံးချင်လို့. .ဒီလိုပဲ တစ်နေရာရာနဲ့ ငြိပြီး အဆုံးခံလိုက်တာ။ ”

တဲ့။ သူဟာ ကျွန်တော့်ရဲ့ ဆရာကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်။ မနက် မိုးလင်းကတည်း ကျွန်တော်ကလည်း ရစ်ဘီးပိုက်ပြီး ကျွန်တော် ထွက်တယ်။ ညနေစောင်းမှ ကျွန်တော် ပြန်ဝင်တယ်။ မျက်နှာတွေ အသားတွေလည်း မည်းမည်းမှောင်ပြီး ရဲရဲနီနေတယ်။

ဒီလိုနဲ့ နှစ်လပြည့်ခါနီးတော့ စွန်လွှတ်တဲ့ လောကမှာ ကျွန်တော်က အချစ်တော် ဖြစ်လာခဲ့တယ်။ ကျွန်တော် စွန်တတ်လာပြီ ဆိုရင် အားလုံးက သိမ်းသွားတယ်။ ကျွန်တော် စွန်လွှတ်နေတယ် ဆိုရင် ဘယ်သူမှ အပေါ်ကို မတတ်ကြ။ နောက်ဆုံးတော့ ကျွန်တော် သဘောပေါက်မိ သလိုလို ၊ သူများတွေရဲ့ ပျော်ရွှင်မှုကို ငါက လိုက်မျှားပြီး ဖျက်ဆီးနေသလို ဖြစ်နေတာလား လို့။ ဒါပေမဲ့ ဒီအချိန်ကာလက ဘာမှ မကြာခဲ့ပါ။

နှစ်လပြည့်တော့ ဖေဖေက . . .

“ သား ဘယ်လိုလဲ စွန်လွှတ်တတ်ပြီလား။ ”

“ ဟုတ်ကဲ့. .ဖေဖေ လွှတ်တတ်ရုံမကဘူး။ လွှတ်ချင် စိတ်ကို မရှိတော့တာ။ ”

ဒီတော့ ဖေဖေက မေးတယ်။

“ ဘယ်လို ဖြစ်လို့လဲ သားရဲ့။ ”

“ သားတတ်လာရင် သူများတွေက သိမ်းသွားတယ်။ တစ်ယောက်တည်း လွှတ်သလို ဖြစ်နေတော့တာပေါ့။ မျှားစရာလည်း လူမရှိတော့ဘူး။ ”

ငါးခူပြုံးလား ၊ ငါးသလောက်ပြုံး လားတော့ ကျွန်တော် သေချာ မကြည့်မိလို့ ကျွန်တော်လည်း မသိ။ ဒါပေမဲ့ ဖေဖေက ဒီလို ပြုံးတယ်။

“ ဒီလိုပဲသားရဲ့။ ကိုယ့်ရဲ့ ပျော်ရွှင်မှု က တစ်ခါတစ်လေ သူများကို အနှောက်အယှက် ဖြစ်နေတတ်တယ်။ တကယ်တော့ကွာ ..ပျော်ရွှင်မှု ဆိုတာ ကိုယ်လည်း လွတ်လပ်စွာ ပျံသန်းနိုင်ရင်း သူများတွေလည်း လွတ်လပ်စွာ ပျံသန်းခွင့်ကွ။

ဒါတွေ ထားပါတော့လေ။ သား အခု စွန်လည်း လွှတ်တတ်ပြီ ၊ နှစ်လလည်း ပြည့်ပြီ ဆိုတော့ စွန်လွှတ်တာကို နားလိုက်တော့ကွာ။ သား မေမေက မကြိုက်ဘူးဟေ့။ ”

ဒီအချိန်က စပြီး ကျွန်တော့် ရစ်ဘီးလေး ဖုန်တတ်နေခဲ့တာ အခု အချိန်အထိပါပဲ။ ( အခုလည်း ရှိပါသေးတယ်။ ကြိုးတွေကတော့ ရည်းစား မရှိပဲ ဆွေးမြေ့လို့။ ) ဒီလို ကိစ္စတစ်ခုကို မလုပ်စေချင်လို့ ၊ မကြိုက်လို့ ဆိုတိုင်း “ တော်ပြီ မလုပ်နဲ့တော့ အခု ရပ် ” ဆိုပြီး မပြောပဲ။ အစွမ်းကုန် လုပ် ၊ တတ်ရင် ရပ် လို့ ဖေဖေက သင်ပေးခဲ့တယ်။

ဒီအတွက် ကျေးဇူးပါ. . .ဖေဖေ. . .။

-------------------------------------------------------------------------------------------

ိခြံထဲမှာ အပင်တွေ တော်တော် စုံစုံ ရှိတယ်။ ကျောက်မြောင်းက အိမ်မှာ ဆို နောက်ဖေးမှာ အုန်းပင်တင် မနည်း။ ငှက်ပျောပင်ကလည်း တောထနေတယ်။ ပျင်းပျင်း ရှိရင် ကျွန်တော်က အဘိုးရဲ့ ငှက်ကြီးတောင်ကြီး ဖြုတ်ပြီး “ ဒေးဗစ်ချမ်း ” လည်း မဟုတ်ပဲ ၊ သူ့ကားတွေ ကြည့်ပြီး ဓါးရေး ဝင်ဝင်ပြလေ့ရှိတယ်။

ကျွန်တော့်ကို သူတို့ မယှဉ်နိုင်။ အားလုံး အတုန်းအရုံး ကျဆုံးလို့။ ခွေခေါက် ပွကျဲနေတဲ့ ငှက်ပျောပင် အစိတ်အပိုင်းတွေ တွေ့ရင် အဖွားက ဒေါ်မြလေး မဟုတ်ပဲ သူရဲ့ စကားကို ခဏခဏ ယူသုံးတယ်။

“ မပြောချင်ဘူး . . ပြောကို မပြောချင်ဘူး။ ဘယ်လို ကောင်လေးမှန်း မသိဘူး။ မျောက်မူးသေ လေး။ ”

ဒီလို ကပ်ပွန်းတပ်ပြီး ဆက်ပြောတတ်တယ်။

“ ငါ တို့ဖို့ ဆိုပြီး ထားထားတဲ့ ငှက်ပျောဖူးလေးတွေပါ ကုန်ပါပြီ။ ”

တဲ့ ။ ဒီတော့မှ အဖွား ဒေါသထွက်ရတဲ့ အကြောင်းကို သိတော့တယ်။ သူစားစရာတွေကို ထိလို့။ ဒီလို အမှိုက်ဖွတတ်သူ တစ်ယောက်ကို ဖေဖေက တစ်နေ့တော့ ဒီလို ပြောတယ်။

“ သားရေ . .၊ သားနဲ့ ဖေဖေ အိမ်ဆေးသုတ်ရအောင်။ ”

လုပ်လိုက်လေ ကြာသလားလို့ပေါ့။

“ သုတ်လေ ဖေဖေ။ သားလည်း ဝိုင်းသုတ်မယ်။ ”

ဖေဖေက ခေါင်းခါရင်း . .

“ မဟုတ်ဘူး. . သားရဲ့။ ဖေဖေ ဆေးသုတ်ချင်တာ စိတ်ကူးထဲမှာ. . .။ ”

“ ဟင်. . .ဘယ်လိုသုတ်မှာလဲ။ ”

“ ဆေးသုတ်တာလည်း သားလည်း တွေ့ဖူးတာပဲလေ။ ဒါကို စိတ်ကူးထဲကနေ သုတ်ရအောင်။ သား လူဘယ်နှစ်ယောက် ယူမလဲ။ ”

“ သုံးယောက် ဖေဖေ။ ”

“ အိုကေ. . . ရပြီ စတော့. . .။ ”

“ ဟဲဟဲ အိမ်ဆိုတာ ခေါင်မိုးကို အရင်သုတ်မှ ခေါင်မိုးမသုတ်ပဲ ဘေးတွေ သုတ်ပြီးမှ ခေါင်မိုးကို သုတ်ရင် ခေါင်မိုးက ဖုန်တြွေုပန်ပေမယ်။ ”

“ ဟုတ်တယ် အမှန်ပဲ။ ကဲ စသုတ်တော့. . ။ ”

“ C20 ခေါင်မိုးသုတ်ဆေး အစိမ်းရောင် ဝယ်ပြီး သုတ်မယ်။ ”

“ ဘာလို့ အစိမ်းရောင် ဝယ်သုတ်ရတာလဲ။ ”

“ ဖေဖေ ပြောဖူးတယ်လေ။ ခေါင်မိုးသုတ်ဆေးမှာ အနီရောင်က သောက်ရေခံလို့ မရဘူး။ အစိမ်းရောင်ပဲ ရေသောက်ခံလို့ရတယ်ဆို. .။ ”

“ ဟုတ်တယ်. . မှန်တယ်။ စသုတ်တော့မလား။ ”

“ ဟုတ်ကဲ့. .သုတ်ပြီ။ ”

“ သုတ်ရင် မှားပြီ ခေါင်မိုးမှာ ဖုန်တွေ ရှိနေတယ်၊ ဒါကြောင့် ဖုန်တွေနဲ့ ဆေးတွေ ရောပြီး သုတ်လို့ မရတော့ဘူး။ ထွေးထွေးကြီး ဖြစ်နေပြီ။ ”

“ ဒါဆို ဓါတ်ဆီနဲ့ ဖြန်ဖျက်ခိုင်းရမယ်။ ”

“ ဟုတ်ပြီ.. အလုပ်သမားတွေက ဓါတ်ဆီ ၄ ပုလင်းလိုတယ် လို့ ပြောပြီး ၂ ပုလင်းပဲ သုံးပြီး ၂ ပုလင်းကို ခိုးထုတ်တယ်။ ”

“ အင်. . ။ ”

ဒီလိုနဲ့ အိမ်တစ်လုံးကို စိတ်ကူးထဲမှာ ဆေးသုတ်တာ . . ၊ အိမ်တစ်လုံး မပြောနဲ့ အိမ်ခေါင်မိုးနဲ့ တင် ကျွန်တော် ၃ ရက်ကြာသွားတယ်။ အိမ်တစ်လုံးလုံးကို စိတ်ကူးထဲက ဆေးသုတ်တာ ၂ ပတ်လောက် ကြာသွားတယ်။

သူများတွေ ပြောပြောနေသလို စိတ်ကုးနဲ့ လုပ်တာ လွယ်တယ် ဆိုတာ ဖေဖေက ဒီလို သေချာ ပြောပြတော့ စိတ်ကူးနဲ့ လုပ်တာတောင်မှ မလွယ်လှပါ။ တကယ်တော့ ဒါဟာ Management တစ်ခုကို သင်ပေးတယ် ဆိုတာ ကျွန်တော် အသက်ကြီးမှ သဘောပေါက်ခဲ့ရတယ်။

ဒီအတွက် ကျေးဇူးပါ. . .ဖေဖေ. . .။

----------------------------------------------------------------------------------------

အရွယ်ရောက်လာတော့ ဖေဖေက ကျွန်တော့်ကို ခေါ်ပြောဖူးတယ်။

“ သား ဆေးလိပ်သောက်တတ်ပြီလား။ ”

အဖေတစ်ယောက် အနေနဲ့ သားတစ်ယောက်ကို ဒီလို မေးတယ် ဆိုတာ တော်တော်တော့ စွန့်စားတာ ဖြစ်မိစေတယ်။ ဒီအချိန်မှာ ကျွန်တော်ကလည်း မသောက်တတ်သေး။

“ မသောက်တတ်ပါဘူး ဖေဖေ။ ”

“ အေး ဒါဆို ဖေဖေ ပြောထားရဦးမယ်။ ဆေးလိပ်ဆိုတာ တကယ်တော့ ဘာမှတော့ အရသာ မရှိပါဘူး။ လုံးဝ အရသာ မရှိဘူးတော့ မဟုတ်ပြန်ဘူး။ ဒီတော့ ဖေဖေက သားကို အကြံပေးချင်တယ်။ ဆေးလိပ် သောက်မယ် ဆိုရင် တွေ့ကရာတွေတော့ မသောက်နဲ့ မကောင်းဘူး။ ကောင်းတာတွေပဲ ဝယ်သောက်ကွာ။

တကယ်ကို သေသေချာချာ ထုတ်ထားတဲ့ ဆေးလိပ်တွေပဲ ဝယ်သောက်ကွာ။ 555 တို့ ၊ Marlboro တို့ ဒါတွေပဲ သောက်ကွ။ ပြီးတော့ တစ်လိပ်ချင်း ဝယ်မသောက်နဲ့ အတုမိမယ်။ ဘူးလိုက်သာ ဝယ်သောက်။ ”

ကျွန်တော်ကတော့ ဆေးလိပ်မသောက်ခင် အချိန်ဆိုတော့ ဘာမှ ထူးထူးထွေထွေ မခံစားရပေမဲ့ ဖေဖေ့သူငယ်ချင်းတွေကတော့ သားသမီးကို ဆုံးမတာ လွှဲနေပြီ လို့ ဆိုကြတယ်။ ဒါနဲ့တင် မရပ်သေးဘူး ဖေဖေက ထပ်ပြောသေးတယ်။

“ သား. .သူငယ်ချင်းတွေ နဲ့ ဆုံရင် ဖေဖေတို့ တုန်းက အရက်သောက်ဖြစ်တယ်ကွ။ သားတို့လည်း သူငယ်ချင်းတွေနဲ့ ဆုံရင် အရက်သောက်မလားဟေ့ ဆိုပြီး အရက်သောက်ဖြစ်မှာပဲ။ ဆုံတယ် ဆိုရင်တော့ သောက်ချလိုက်ကွာ။ ဒါပေမဲ့ တမင် ဘယ်နေ့သောက်ကြမယ်ဟေ့ ဆိုပြီး ဆုံအောင်တော့ မလုပ်နဲ့။ နောက်ပြီး အရက်သောက်မယ် ဆိုရင် ဘယ်မှာ သောက်မှာလဲ ဖေဖေ့ကို ပြောသွား ၊ မူးလဲနေရင် ဖေဖေ လာထမ်းရအောင်. . ။

ဖေဖေက ဒီလိုတွေ ဖွင့်ပေးထားလို့ ထင်ပါတယ်။ ကျွန်တော် ဆေးလိပ်လည်း သောက်ချင်ရင် ဖေဖေပြောသလို မာဘိုရို ဗူးလိုက်ဆွဲသောက်တယ်။ အရင်က မြန်မာနိုင်ငံမှာ ရှိတယ်လေ။ နောက်တော့ ဘောလုံးကန်နေတာနဲ့ ဆေးလိပ်လည်း မသောက်ဖြစ်။ အရက်ကတော့ သူငယ်ချင်းတွေနဲ့ ဆုံတိုင်း သောက်ဖြစ်ခဲ့တယ်။ ဖေဖေပြောသလို တမင်ဆုံအောင်တော့ မလုပ်ဖြစ်ပေမဲ့ သူငယ်ချင်းတွေ များနေတဲ့ အတွက် နေ့တိုင်းကို ဆုံဖြစ်ကြတယ်။

ဒါပေမဲ့ ကျွန်တော် ဘယ်တုန်းကမှလည်း ဖေဖေ လိုက်တွဲ ၊ လိုက်ထမ်းရတယ် လို့ မရှိပါ။ အရက်မသောက်ဘူး ဆိုပြီး အိမ်က တားထားတဲ့ ကျွန်တော့် သူငယ်ချင်းတွေကတော့ မူးရူးပြဿနာတတ် အိမ်နဲ့ ကွိုင်တတ်နေချိန်မှာ ဖွင့်ထားတဲ့ ဖေဖေ့ကတော့ ဘယ်မှ မလိုက်ရသလို အချိန်တန်ရင်လည်း ကျွန်တော် အိမ်ကိုပဲ ပြန်အိပ်နေကြပါပဲ။

အခုတော့ ဖေဖေက ကြုံရင် ၊ ဆုံရင် သောက် ဆိုတာတောင်မှ မသောက်ဖြစ်တော့ဘူး။ ဒီမှာကတော့ ပိုပြီး ကြုံစရာ ၊ ဆုံစရာတွေ များတယ်လေ။ တချို့စည်းကမ်းကြီးတယ် ဆိုသော သူငယ်ချင်း မိဘတွေရဲ့ သားသမီးတွေ အရက်သမားဖြစ်နေတယ် ဆိုတာကို ကြားမိတိုင်း ဖေဖေရဲ့ မျှော်မြင်ဆုံးမ တတ်မှုကို ကျွန်တော် လွမ်းဆွတ် သတိရမိတတ်တယ်။

ဖိထားလွန်းရင် ကြွတတ်လာသလို ၊ နှိမ်ထားလွန်းရင်လည်း ကန်ထွက်တတ်လာတဲ့ သဘောတရားကို သိရှိပိုင်နိုင်စွာ ဖေဖေက ကျင့်သုံးခဲ့တယ် ဆိုတာ ကျွန်တော် အရွယ်ရောက်လာမှ သိခဲ့ရတယ်။

ဒီအတွက် ကျေးဇူးပါ. . .ဖေဖေ. . .။

--------------------------------------------------------------------------------------

ကျွန်တော့်မှာ အဖေ တစ်ယောက်ရှိပါတယ်။

မနှိုင်းယှဉ်ကောင်းပေမဲ့ ဖေဖေကတော့ သား ဖေဖေထက် တော်အောင် ကြိုးစား လို့ အမြဲပြောတတ်တယ်။ အဖေ့ထက် သားက တော်မှ မျိုးဆက်ဆိုတာ တိုးတတ်တာ လို့လည်း အမြဲဆုံးမတတ်တယ်။

ဒါပေမဲ့. . .

ကျွန်တော့်အဖေကို ကျွန်တော် သာအောင် ဆိုတာထက် ဖေဖေ့ကို မှီအောင်တောင်မှ ကျွန်တော် တတ်နိုင်မယ် မထင်ပါ။ ဖေဖေက အလွန်တော်သူတစ်ယောက် ဖြစ်တယ်။ ဖေဖေရထားတဲ့ လက်မှတ်တွေမျိုးလည်း ကျွန်တော်မှာ ဂြိုလ်သား ET လက်တစ်ဖက်တောင်မှ မရှိ။ ဖေဖေကတော့ ဒါတွေ ကြွယ်ဝတယ်။

ဖေဖေလို့ ရင့်သန်သော ရှေ့နောက်မြင်တတ်တဲ့ စွမ်းရည်မျိုးလည်း ကျွန်တော့်မှာ မရှိ။ ဖေဖေလိုလည်း ကရာတေး ကျွန်တော်က မတတ်။ မြန်မာ့သိုင်းတော့ နည်းနည်းရတယ် . .အဟီး။ ဖေဖေလိုလည်း ဂျူဒို မတတ်။ ဖေဖေလိုလည်း ကျွမ်းဘား မထိုးတတ်။ ( ကျွမ်းဘားထိုး ဇာတ်ကျိုး ဆိုတာမျိုး ကျွန်တော်က..။) ဖေဖေလို ရေကူးရင်လည်း ပလုံ ဆို ပြန်မပေါ်။ ဖေဖေလိုလည်း အသက် ၂၅ မှာ သားတစ်ယောက် မပိုင်ဆိုင်နိုင်သေး။

အခုတော့ ဖေဖေနဲ့ ကျွန်တော် ခပ်ပါးပါးလေးဆိုသော နံရံတစ်ဖက်ခြားနေခဲ့ပြီ။ လာချင်ရင် အနီးလေး ဆိုပေမဲ့ ၊ မလာချင်တာ မဟုတ်ပေမဲ့ ဝေးနေခဲ့တာ ကြာပြီ။ အရင်ကလို လေသံထက်ပိုတိုးပြီး ပြောတတ်တဲ့ ဖေဖေ့စကားသံတွေ အားဖျော့စွာ ကြားရတယ်။ ဘာပဲ ဆုံးမ ဆုံးမ အမေးစကားတွေနဲ့ ပြောတတ်တဲ့ ဖေဖေ အသံကို အားလျော့စွာ ကြားမိတယ်။

“ ယောက်ျားဆိုတာ ငုပ်မိသဲကိုင် ၊ တတ်နိုင်ဖျားရောက်ပဲ။ ” လို့ တိုတိုဆုံးမဖူးပေမဲ့ ကျွန်တော် သဲလည်း မထိသေးသလို ၊ အဖျားကိုလည်း မမြင်ရသေးဘူး ဖေဖေ။

ဖေဖေပြောဖူးသလို “ ညောင်သီးလည်း စားရင်း လေးသံလည်း နားစွင့်ရတာ။ ” ကြာလာတော့လည်း နားစွင့်ရင်း ခရီးဖင့်တယ်။

တစ်ခါတစ်လေလည်း ညောင်ညိုရွက်တွေ ဝေဝေ ၊ ညောင်ကိုင်းတွေ တွေတွေကျနေတတ်တဲ့ နေရာတွေမှာ တွယ်တတ် ဆော့ဖူးတာတွေကို ပြင်းပြင်းပြပြ သတိရမိသေးရဲ့။ ဆောင်းတွင်း မနက်တိုင်း လမ်းလျှောက် ထွက်ဖုးတတ်တဲ့ ကန်တော်ကြီး ပတ်ဝန်းကျင်မှာ လက်ခုပ်သီး ဆိုတာ ဘာ ၊ ကဗွီးပင်ရဲ့ ထူးခြားချက် ၊ ရေစပ်မှာ ပုစွန်ဆိတ်လေးတွေ ဖမ်းဖူးတာတွေကိုလည်း သတိရမိပါသေးတယ်။ ဒီအချိန်မှာ ဖေဖေနဲ့ ကျွန်တော် အနီးကပ်ဆုံး အချိန်တွေပါပဲ။

ဖေဖေရေ. . .

တစ်ခါတစ်လေ စိတ်က ရောက်ပေမဲ့ လူက မရောက်နိုင်ခဲ့ဘူး။ မနေ့က ကျွန်တော် တစ်နေ့လုံး လက်ကျန် လက်ခံထားတဲ့ အလှူငွေတွေ လွှဲပေးဖို့ မြို့ထဲကို ငွေသွားလွှဲတယ်။ ပြန်လာတော့ ကားပေါ်မှာတင် အစ်ကိုလို ခင်ရသူက သူ့သားလေးကို ဓါတ်ပုံရိုက်ပေးဖို့ ခေါ်တယ်။ ဒီကိုသွားနေတုန်း စုပါဗိုက်ဆာ တရုတ်က သူ့အိမ်က ကွန်ပျူတာ ဘာဖြစ်လဲ လာကြည့်ဖို့ လာခေါ်တော့ လိုက်သွားရတယ်။ အားလုံးပြီးလို့ ပြန်ရောက်တော့ ညနေ ၄ နာရီ နီးပါး။

ဒါနဲ့ ပြန်ရောက်တာနဲ့ ထိုးအိပ်လိုက်တာ အလုပ်သွားခါနီးမှ နိုးတယ်။ ကမန်းကတန်းပြင်ပြီးတော့ အလုပ်ကို ထွက်လာတော့ ၁၀ မိနစ် အလို။ အလုပ်ထဲ Finger Print နှိပ်ရင်း ဖုန်းထဲကို စစ်လိုက်တော့ ဖုံးထဲမှာ လက်ကျန် Credit က ၈ ကျပ် ကျော်မျှသာ။ ထပ်ဖြည့်ဖို့ အချိန်ကလည်း မလောက်တော့ ။ တစ်နေကုန် သုံးထားရတဲ့ ဖုန်းကြောင့် လက်ကျန်က နည်းသွားတယ်။

၂ နာရီကျော်လို့ ဒီစာကို အစ ရေးနေရင်း ဖေဖေ့ဖုန်းကို ခေါ်လိုက်တော့ ပါးလျတဲ့ လေသံနဲ့ ဖေဖေ လာကိုင်တယ်။ “ ဟလို ” တဲ့။ များများပြောချင်ပေမဲ့ Load က ပြောခွင့်မပြု။ ဖေဖေမွေးနေ့အတွက် ဆုတောင်းပေးရင်း ဖေဖေ့ဆီက မထင်မှတ်တဲ့ အချိန် ဖုန်းဆက်လို့ ပျော်ရွှင်မှု အသံကို နားထောင်စွင့်ရင်း အချိန် အနည်းငယ်မှာပဲ ဖုန်းရပ်သွားတယ်။

ကျွန်တော့်ကို အမြဲတမ်း ဘဝတစ်လျှောက်လုံး ပြောဆို ဆုံးမခဲ့ပေမဲ့ ဖေဖေ့မွေးနေ့မှာ ကျွန်တော် အချိန်များများ မပြောလိုက်နိုင်တဲ့ အတွက် ကိုယ့်ဖာသာကိုယ်ပဲ အပြစ်တင်လိုက်ပါတယ် ဖေဖေ။ ဖေဖေ့ဆီက များများ မကြားလိုက်ရပေမဲ့လည်း အရင် စကားတွေနဲ့တင် နှလုံးသွေးတွေ ရဲနေနိုင်ပါတယ်ဖေဖေ။ ဟိုးအရင်က ဖေဖေ ပြောဆို ဆုံးမတာတွေကို သားအကုန်တောင်မှ လိုက်မလုပ်နိုင်သေးပါဘူး ဖေဖေ။

အမြဲတမ်း ဆိုဆုံးမမှုတွေ အတွက် အမြဲတမ်း ကြားယောင် မှတ်သားနေလျှက်ပါ။

ဒီအတွက် ကျေးဇူးပါ. . .ဖေဖေ. . .။


ဖေဖေ့ အသက် ၅၆ နှစ်မြောက် မွေးနေ့ အမှတ်တရ ရေးပါသည်။

ကိုဇော်


.


Share/Bookmark

21 February 2010

0 ဒါမရှိဘူးဆိုရင် မဖြစ်တော့ဘူးလား



အဲဒီနေ့ကို ကျွန်တော် ကောင်းကောင်း မှတ်မိနေပါသေးတယ်.။ အဲဒီနေ့က ဖေဖေနဲ့ ကျွန်တော် ဒီလိုပဲ စကားတွေ ပြောနေရင်း ဖေဖေက တစ်ခု မေးတယ်.။

“ သား...၊ ဥပမာကွာ...တိုယိုတာ ကုမ္ပဏီက ကား အသစ်ထုတ်တယ်.။ မာစီဒီး ကုမ္ပဏီက ကားအသစ်ထုတ်တယ်.။ ဒီလို သူတို့ ကားအသစ်တွေ ထုတ်တာ ထူးဆန်းလား..။ ” “ အာ..ထူးဆန်းတာပေါ့ ဖေဖေရာ..။ ကားတစ်စင်းဖြစ်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ..။ နောက်ပြီး ကားထဲက ပစ္စည်းတွေကလည်း အများကြီးပဲလေ..။ လူတို့ တော်တော် ဦးနှောက်ခြောက်မှာပေါ့ ဖေဖေရ..။”

ဒီတော့ ဖေဖေက ကျွန်တော့်ကို ပြုံးပြီး ပြောပါတယ်.။

“ မဟုတ်သေးဘူး သားရဲ့.။ တကယ်တော့ ကားထုတ်တယ် ဆိုတာ ထူးဆန်းတာတွေ ပါပါတယ်.။ ဟုတ်တယ်.။ ဒါပေမဲ့ ...ကားထုတ်နိုင်တယ် ဆိုတာ မထုးဆန်းပါဘူး.။ သူတို့က ကားထုတ်နိုင်တဲ့ ပစ္စည်းတွေ ရှိနေလို့ ကားထုတ်နိုင်တာလေ.။ တကယ်လို့ပေါ့ ကားထုတ်လုပ်ဖို့ ပစ္စည်းတွေ မရှိပဲနဲ့ ကားထုတ်နိုင်တယ် ဆိုမှ ထူးဆန်းတာလေ.။ ဥပမာကွာ..ဟိုတလောက သားကို ဖေဖေ သုတစွယ်စုံ စာအုပ်ထဲမှာ ပြတယ်လေ..။ ကားထုတ်ဖို့ ဘာပစ္စည်း ကိရီယာမှ မရှိပဲနဲ့..။ သူ့အိမ်မှာ ရှိနေတဲ့ သစ်သား ၊ လွှ ၊ ဖောက်စက် ဒါတွေနဲ့ သစ်သားကား ရအောင် ထုတ်နိုင်တဲ့ သူလေ..။ ဒီလူ လူမျိုးမှ ထူးဆန်းတာကွ..။

ဒါကြောင့် ..ငါ့သားမှတ်ထား..။ ဒါမရှိလို့ ဒါမလုပ်ရပါဘူးဆိုတဲ့ သူတွေဟာ ဘယ်တော့မှလည်း သူတို့ဘဝ တိုးတတ်ပြောင်းလဲလာမှာ မဟုတ်ဘူး.။ သူတို့ တစ်ခုမဟုတ်တစ်ခုကို ဟိုဟာ မရှိလို့ ၊ ဒီဟာ မရှိလို့ ဆိုပြီး အကြောင်းတွေပြရင်း အချိန်တွေ ကုန်သွားပါလိမ့်မယ်.။ ဒါကြောင့် ..သူများထက် ထူးခြားချင်တဲ့ သူဆိုတာ ဒီလို ဟိုဟာ မရှိလို့ ဒီဟာ မရှိလို့ ဆိုပြီး ငြီးတွားနေသူတွေ ထက် ဘာမှ မရှိလည်း ရှိတာနဲ့ ရအောင်လုပ်မယ် ဆိုတဲ့ စိတ်တော့ ကိန်းအောင်းနေဖို့ လိုတယ်.။ ဖေဖေ ပြောတာ သားသဘောပေါက်လား.။”

ဒါလေးကို ပြောပြီး ဖေဖေမေးတော့ ကျွန်တော် ခေါင်းငြိမ်ပြမိပါတယ်.။ အဲဒီတုန်းက ကျွန်တော် ၁၃ နှစ်သား (၈) တန်းကျောင်းသားလေးပါ.။ ကျွန်တော့် ခေါင်းငြိမ်တဲ့ အဖြေလည်း ဖေဖေရရော..။

“ ဟုတ်ပြီ..ဒါဆို သားကို ဖေဖေ ဥာဏ်စမ်းတစ်ခု မေးမယ်.။ ဟိုမှာ တွေ့လား..3K Battery အိုး ဒီအိုးမှာ အလွယ်တကူ ဆွဲကိုင်ဖို့ လက်ကိုင်ကိုင်း မပါဘူးလေ..တွေ့လား..။ ( အခု ကျွန်တော်ပြထားတဲ့ အိုးကတော့ လက်ကိုင်ကိုင်းပါပါတယ်.။ နှိပ်ကြည့်ပါ..။ အဲဒီအချိန်တုန်းက 3K Battery တွေက လက်ကိုင်ကိုင်း မပါသေးဘူး.။ ) အဲဒီ ဘက်ထရီအိုးကို လွယ်လွယ် ကိုင်းလေးနဲ့ ဆွဲသွားလို့ ရအောင် ဖေဖေကိုင်းလေး တပ်ချင်တယ်.။ အဲဒါ သားကို တာဝန် ပေးတယ်ကွာ...။ သားလုပ်ကြည့်စမ်း..။ ”

ဒီတော့ ကျွန်တော် စိတ်ဝင်စားပြီး တခြားအိုးတွေကို လိုက်ကြည့်တယ်.။ သူတို့က အိုးကိုင်းလေး ကို ဘက်ထရီရဲ့ ဘေးနှုတ်ခမ်းနားက ဘောင်လေးမှာ တပ်ထားကြတယ်လေ.။ အဲဒီတုန်း 3K Battery တွေမှာ ကိုင်းတပ်ဖို့က ဘောင်လေးက ကြီးကြီးမားမား မပါဘူး.။ ကျွန်တော် ခေါင်းစားနေတယ်.။ ဘယ်လိုလုပ်ရမလဲ ဒီကိုင်းကို ဒီဘောင်သေးသေးလေးမှာ ဘယ်လို တပ်ရမလဲ..။ ဒါနဲပဲ ကျွန်တော် တစ်ပတ်ကြာသွားပါတယ်.။ မရသေးဘူး..။ တစ်ပတ်ပြည့်တော့ ဖေဖေက .....

“ ဘယ်လိုသား ရပြီလား.။ ”

“ မရသေးဘူး ဖေဖေ ..။ ကိုင်းတပ်ဖို့ နေရာက သေးနေလို့ စဉ်းစားနေတာ. ။ သူများအိုးတွေက ဒီဘောင်လေးက ကြီးတော့ တပ်လို့ လွယ်တယ်လေ.။ ”

“ အင်း..ငါ့သားက သူများတွေ လုပ်တာကို သွားကြည့်ပြီး ကိုယ်ဖြစ်နေတာနဲ့ လာယှဉ်နေတာကိုး.။ တကယ်တော့ သူများတွေ ဘယ်လို လုပ်ထားထား.။ ကိုယ်က ဘယ်လို ဖြစ်နေတယ်ဆိုတာ အခြေအနေကို ကြည့်ပြီး အသင့်ပြင် ထားရမှာ..။ သူများလုပ်သလို လိုက်လုပ်ဖို့ စဉ်းစားရင် ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာပေါ့..။ ကိုယ်အခြေအနေအရပဲ အဆင်ပြေအောင် လုပ်ရမှာလေ.။ ဒီမှာ ကြည့်......သား..။ ”

ဒီလို ဖေဖေက ပြောပြီး 3K Battery အိုးကို အောက်ချလိုက်ပြီး ဘေးက သံပတ်ပြားနဲ့ ဘက်ထရီအိုး တစ်လျှောက်ဘေးကနေ လိုက်ပြီး ဘောင်အတိုင်း ဘေး ။ အောက်ခြေ ၊ နောက်ထပ် ဘေးဘက် တွေကို ပုံစံကျအောင် ချိုးလိုက်ပြီး ဘက်ထရီအိုး တလျှောက် အထိန်းလုပ်လိုက်တယ်..။ နောက်တော့ ...

“ ကဲ..ဆွဲဖို့ အတွက်ကတော့ အပေါ်ကနေ ဝါယာကြိုးတစ်ခုခုနဲ့ ဆွဲသွားလိုက်ရုံပေါ့လေ..။ ”

ဆိုပြီး အပေါ်က ဆွဲဖို့ လက်ကိုင်နေရာမှာ ဝါယာကြိုးလေးကို တပ်ပြီး ဆွဲလိုက်တော့ 3K Battery ဟာ လက်ဆွဲကိုင်းလေးနဲ့ ဖြစ်သွားပါလေရောဗျာ.။

“ ဒါပဲ သား..။ ဒါမရှိလို့ ဒါမလုပ်နိုင်ဘူးဆိုတာ မဖြစ်စေနဲ့..။ ထူးဆန်းတယ် ဆိုတာ ဒါမရှိပေမဲ့ လည်း ဒါကို ဖြစ်အောင် လုပ်နိုင်ကြတဲ့ သူတွေ ချည်းပဲ..။

ဒါဟာ..ကျွန်တော့်ဘဝအတွက်လည်း သင်ခန်းစာ တစ်ခုပါ..။ ဒီအချိန်က စပြီး ကျွန်တော် ဘဝမှာ ဒါရှိမှ ဒါဖြစ်တယ်.၊ ဒါရှိမှ ဒါလုပ်လို့ ရတယ် ဆိုတဲ့ ဘောင်တွေကို အမြဲ ဆန့်ကျင့် တွန်းလှန် တိုက်ခိုက်ခဲ့ပါတယ်.။

ဒါရှိမှ ရမယ် ဆိုတာတွေကိုလည်း ဒါမရှိရင်လည်း ( ဥပမာ - တောထဲ တောင်ထဲ ရောက်သွားပြီ ဆိုပ်ါတော့ စီသွပ်ဗူး ၊ အသားဗူး ၊ ငါးဗူးတွေ ပါလာတယ် ဆိုပါတော့ ဖောက်စရာ ဖောက်တံ မပါလို့ မစားရတော့ဘူးလား..။ ကျွန်တော်တို့ ရအောင် ဖောက်စားရမှာပါပဲ.။ ) ဖြစ်တယ် ဆိုတာမျိုး ဖြစ်အောင် ကျွန်တော် ကြိုးစား စဉ်းစားလုပ်ဆောင်ခဲ့ပါတယ်.။

တကယ်တော့ ဒါမရှိရင် မဖြစ်ဘူးဆိုတဲ့ စိတ်ကြောင့် တော်တော်များများ က ခက်နေတတ်ပါတယ်.။ ဒီမှာ သူငယ်ချင်း..၊ ကျွန်တော် ပြောပြမယ်..။ စမ်းလုပ်ကြည့်စမ်းပါ.။ ဒါမရှိရင် မဖြစ်ဘူးလို့ ဖြစ်နေတဲ့ အချိန်ကျရင် ဒါမရှိပေမဲ့ ငါ ရှိတာ နဲ့ ဖြစ်အောင် လုပ်မယ် ကွာလို့ တွေးပြီး ကြိုးစားကြည့်လိုက်စမ်းပါ..။ ခုနက ခက်နေတယ် ဆိုတာတွေ အလိုလို လမ်းပွင့်သွားပါလိမ့်မယ်.။ မယုံဘူးလား...။ မယုံရင် ဒီစိတ်ဓါတ်လေးကို လက်ကိုင်ထားပြီး ပြင်းပြင်းပြပြ ကြိုးစားလုပ်ကြည့် လိုက်စမ်းပါဗျာ..။


လေးစားစွာဖြင့်
ကိုဇော်



http://zaw357.multiply.com/journal/item/674 မှာ 7.10.2009 က ရေးထားတာပါ။

.

Share/Bookmark

04 February 2010

0 ဖေဖေရဲ့ ဆုံးမ စကား



ကျွန်တော့်ကို ငယ်ငယ်တည်းက ဖေဖေ ဆုံးမ စကားတွေ အများကြီး ပြောပါတယ်။ တချို့ ကျွန်တော်မှတ်မိသလို တချို့ကျတော့လည်း မမှတ်မိဘူး။ ဒါပေမဲ့. ဖေဖေ ဘယ်စကားပဲ ပြောပြော ဆုံးမ စကားပြောပြီးရင် အမြဲ ပြောနေကြ စကားလေး တစ်ခွန်းတော့ ရှိတယ်...။

စာကို ဘယ်လို ကြိုးစားရမယ်....ပြီးရင်....

အလုပ်ကို ဘယ်လို လုပ်ရမယ်...ပြီးရင်.....


ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ရတယ်....ပြီးရင်....


လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်နေပြောသင့်တယ်....ပြီးရင်....


ဖေဖေ့ ဆုံးမ စကားလေးတွေရဲက နောက်ဆုံးမှာ အမြဲပါတဲ့ စကားလေးပါ...။


“ ဒီမှာ သား...မလုပ်ချင် ဘာမှ မလုပ်နဲ့။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ၊ ဘာတွေပဲ လုပ်လုပ် လုပ်ပြီဆိုရင်တော့ ဒုတိယ မဖြစ်စေနဲ့ သား။ လောကမှာ ဆုဖလား ဆိုတာ ပထမ ဆိုတဲ့ လူအတွက် တစ်ခုပဲ ရှိတယ်။ ဘာပဲ လုပ်လုပ် ၁၁၀ % ကြိုးစားလုပ်။

ဘာလို့လဲ ဆိုတော ၁၀၀ % ဆိုရင် ကိုယ်လိုပဲ ၁၀၀ % နဲပ လုပ်တဲ့ သူနဲ့တွေ့ရင်
သရေ ကျသွားလိမ့်မယ်။ ၁၁၀ % ဆိုတော့ ကိုယ်က သာဖို့ ပို အခွင့်အရေးရှိတာပေါ့။ မှတ်ထားသား ၁၀၀ % လုပ်တယ် ဆိုတဲ့ သူတွေက ဒုတိယ ပဲ ရကြတယ်။ ”

ဖေဖေ..သို့....


ကိုဇော် သင်ယူခဲ့သမျှ

http://zaw357.multiply.com/journal/item/489/489
မှာ 21.7.2009 ကရေးခဲ့တာပါ။
.


Share/Bookmark

18 January 2010

2 ဘယ်လို ဇနီးရွေးမလဲ...


ကျွန်တော် ငယ်ငယ်က ဘာရယ် မဟုတ်ပါဘူး။ ဖေဖေ့ ကို မေးမိတာပါ။ အဲဒီနေ့က အစ်ကိုဝမ်းကွဲ တစ်ယောက် မင်္ဂလာဆောင်တယ်လေ။ ဒါကို အကြောင်းပြုပြီးတော့ မေးဖြစ်သွားတာပါ။

“ ဖေဖေ . . သားအိမ်ထောင်ပြုလို့ မိန်းမယူရင် ဘယ်လို မိန်းမကို ယူရမလဲ။”

ဒီတော့ . . . ဖေဖေက ပြုံးပါတယ်။

“ သားက ယူတော့မလို့လား။ ”

“ မဟုတ်ပါဘူး . . . ဖေဖေရ ၊ သားက ကိုကြီး မင်္ဂလာတောင်တော့ သားဖာသာ အတွေးဝင်လာလို့ မေးတာပါ။ ”

ဖေဖေ . . . ဒုတိယ အကြိမ်မြောက်ပြုံးပြန်ပါတယ်။

“ ဟာ . . . ဖေဖေကလည်း ပြုံးနေတာပဲ။ ပြောပါ . . . ဘယ်လို မိန်းမမျိုးကို ယူရမှာလဲ။ ”

ဒီတော့မှ. . . . ဖေဖေက ကျွန်တော့်အတွက် တစ်သက်စာ စကားပြောခဲ့ပါတယ်။

“ သားရယ်။ ဘယ်လိုပုံစံ မိန်းမမှ ၊ ဘယ်လိုမိန်းမမှ ယူမယ်ဆိုပြီး လိုက်ရှာမနေနဲ့ သား.။ ငါ့သား ကြိုက်ရင် ယူသာ ယူလိုက်။ ငါ့သား မိန်းမ ယူလိုက်တဲ့ အတွက် နှစ်မျိုးပဲတွေ့ရလိမ့်မယ်။ ဒီအတွက်လည်း ငါ့သားက လူနှစ်မျိုးထဲက တစ်မျိုးတော့ ဖြစ်မှာပေါ့လေ။ ဒီအတွက် ငါ့သား ပူမနေနဲ့။ ငါ့သားလို့ချင်တာသာ ယူလိုက်တော့ ၊ ငါ့သားဟာ . . . ဘုရားလူကြီး နဲ့ တရားကြီး နှစ်မျိုးထဲမှာ တစ်မျိုးတော့ ဖြစ်မှာပေါ့လေ။


၁) ငါ့သားယူလိုက်တဲ့ မိန်းမက အရမ်းတော်နေရင် သူလုပ်သမျှ ကိစ္စတွေအတွက် သားနာမည်နဲ့ လှူမယ်လေ။ ဒါဆိုရင် ငါ့သားက အလိုလိုနေရင်း ဘုရားလူကြီး ဖြစ်လာမယ်လေ။


၂) ငါ့သားယူလိုက်တဲ့ မိန်းမက အရမ်း . . . ဟဲဟဲ . . . ဆိုးနေခဲ့ရင် သူလိုက်လုပ်သမျှ ပြဿနာတွေကို ငါ့သားက လိုက်ရှင်းရတော့မယ်လေ။ ဒါဆိုရင် ငါ့သားက အလိုလိုနေရင်း ပြဿနာတွေကိုဖြေရှင်းဖို့လိုက် ရှာဖွေရင်း ငါ့သားဟာ တရားသူကြီး ဖြစ်လာမယ်လေ။


ဒါပါပဲ ငါ့သား။ ယူသာယူလိုက်ပါ။ ဖေဖေအာမခံတယ် . . .ငါ့သား “ ဘုရားသူကြီး နဲ့ တရားသူကြီး ”ထဲက တစ်ခုခုတော့ သေချာဖြစ်မှာပါ။

ပြီးတော့ . . . ဖေဖေ တတိယအကြိမ် ပြုံးပြန်ပါတယ်။ ဒီအပြုံးကို ကျွန်တော်ဘယ်တော့မှ မမေ့နိုင်တော့ပါ။

မှတ်ချက်။ ။ ဒီစကားကို ကျွန်တော် အမြဲတမ်းခေါင်းထဲမှာ ရှိနေတာပါ။ ဒါပေမဲ့.. ကျွန်တော် မျှော်လင့်မိပါတယ်။ ဘုရားသူကြီး ဖြစ်ဖို့ပါ။ ဒီ Post ကို ဖေဖေအတွက် ရည်ရွယ်ပြီး အမှတ်တရ ရေးတာပါ။

ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/301/301 မှာ 15.5.2009 ကရေးထားတာပါ။

.


Share/Bookmark

15 January 2010

5 ကြွေပန်းကန်


ကပေါက်တိ ကပေါက်ချာ သားတစ်ယောက်ကို မွေးထားတဲ့ ထူးထူးခြားခြား တော်သော ကျွန်တော့်အဖေက တစ်နေ့တော့ ဘယ်က ယူလာတာမှန်း မသိတဲ့ အဏုကြည့်မှန်ပြောင်း ( Microscope ) ကြီးကို မချလာပါတော့တယ်။

“ ဒါ ဘာကြီးလဲ ဖေဖေ။ ”

ကျွန်တော်က မေးလိုက်တော့. . .

“ ဒါ.. အဏုကြည့်မှန်ပြောင်းလေ။ ”

“ ဘာလုပ်ရတာလဲ ဖေဖေ။ ”


“ ကြည့်ရတာပေါ့ သားရ..၊ ဒီမှာကြည့်...။ ”

ဆိုပြီး ဖေဖေက ခေါင်းကနေ ဆံပင် တစ်မွှေးကို ဆွဲနုတ်လိုက်ပြီး အဏုကြည့်မှန်ပြောင်းအောက်ကို ထည့်လိုက်တယ်။ ပြီးတော့. . ဖေဖေက ကြည့်တယ်..နောက်မှ. .

“ လာ. .သား လာကြည့် ။ ဘာမြင်ရလဲ ဆိုတာကို....။ ”

“ ဟာ...။ ”

ဒါနဲ့ ကျွန်တော် ကြည့်လိုက်တော့ ဆံပင်သေးသေးလေးမှာဗျာ နည်းနည်းနောနော် မဟုတ်တဲ့ ဘာကောင်ကြီးတွေက လာတွယ်နေပါလိမ့်ဗျာ။ ကြီးတာမှ ဒိုင်နိုဆောတွေလောက်ကြီးတာ ။ ကြောက်ဖို့လည်း ကောင်းတယ်။

ဒါနဲ့ပါပဲ နဂိုကတည်းက တစ်ခုခု ထူးထူးဆန်းဆန်းတွေ့ရင် ငြိမ်ငြိမ်မနေတတ်တဲ့ ကျွန်တော် တစ်ခုခု တွေ့တာနဲ့ အဏုကြည့်မှန်ပြောင်းအောက် ပြေးထည့်တော့တာပဲ။ နောက်ဆုံး လျှာကို ပလတ်စတစ်ပြားလေးနဲ့ ခြစ်ပြီး ဒီအောက်ကို ထည့်ကြည့်လိုက်တော့ ကျွန်တော်တို့ လျှာမှာဗျာ အကောင်ကြီးတွေ အများကြီးပဲဗျ.၊ ကြောက်စရာကြီးတွေ မယုံရင် အဏုကြည့်မှန်ပြောင်းအောက်ကို ထည့်ကြည့်ဗျ။

ပစ္စည်းမျိုးစုံ ကျွန်တော့်ကြောင့် အဏုကြည့်မှန်ပြောင်းအောက်ကို ရောက်ခဲ့ရပေမဲ့ ပစ္စည်းတစ်ခုကိုတော့ ကျွန်တော်မေ့နေတယ်ဗျာ။ ဒါက ဘာလဲ ဆိုတော့ “ ကြွေပန်းကန် ” ပါပဲ။ ဒါကို အဏုကြည့်မှန်ပြောင်းအောက်ကို ထည့်ကြည့်ရလိမ့်မယ်လို့လည်း ကျွန်တော် မထင်မိဘူးလေ။ ဒါပေမဲ့ တစ်နေ့တော့ ဖေဖေက ကျွန်တော့်ကို ခေါ်ပြီး. .
“ သား..မစမ်းရသေးတဲ့ အရာ တစ်ခု ဖေဖေ လက်တွေ့ပြမယ်။ ”

“ ဘာလဲ ဖေဖေ။ ”

“ အင်း . . ကြွေပန်းကန်ပေါ့၊ သားမစမ်းရသေးဘူး မဟုတ်လား။ ”

“ ဟုတ်တယ် ဖေဖေ။ စမ်းဖို့လိုလို့လား ဖေဖေ။ ဘာထူးခြားလို့လဲ။ ”


“ ဘာထူးခြားလည်း သိချင်ရင် မီးဖိုထဲက ကြွေပန်းကန် တစ်ချပ် သွားယူလိုက်လေ သားရေ ။ ”


ဒါနဲ့ မီးဖိုထဲက ထမင်းစား ပန်းကန် တစ်ချပ် ကျွန်တော် ယူလာတော့ ဖေဖေက ကြွေပန်းကန်ကို ရေခြောက်မခြောက် သေချာ ကြည့်ပြီး အဏုကြည့်မှန်ပြောင်း အောက်ကို ထည့်လိုက်တယ်။ ပြီးတော့ ဖေဖေက အရင်ကြည့်တယ်။ ပြီးတော့မှ. . .

“ သား လာကြည့်ကွ။ ”

ကျွန်တော် ကြည့်လိုက်တော့ ဘာမှ ထူးထူးခြားခြားတော့ မမြင်မိဘူး။ ကြွေပန်းကန်မှာ အစက်အပျောက်တွေ ၊ ချိုင့်ခွက်တွေ နည်းတာကိုတော့ တွေ့လိုက်တယ်။ ဒါနဲ့ ဖေဖေက မေးတယ်။

“ ဘာထူးခြားတာ တွေ့လဲသား.။ ”

“ ဘာမှတော့ ထွေထွေထူးထူး မတွေ့ဘူး ဖေဖေ ။ ကြွေပန်းကန်ရဲ့ မျက်နှာပြင်တွေက ချိုင့်ခွက်တွေ နည်းပြီး ညီညာနေကြတယ်။ သား စတီးမျက်နှာပြင်ကိုလည်း ကြည့်ဖူးတယ်။ သူတို့မှာ ပြောင်လက်နေတာတောင်မှ မျက်နှာပြင်တွေက ချိုင့်ခွက်တွေ ရှိနေတယ်။ ”


“ ဟုတ်တာပေါ့ သားရယ်။ ဒါပဲ ။ ဖေဖေ ပြချင်တာလည်း ဒါပဲ။ ဘာကြောင့် စားသောက်ဆိုင်ကြီးတွေ ဟော်တယ်ကြီးတွေမှာ စားသောက်ဖို့ ပန်းကန် ခွက်ယောက်တွေကို စတီးတွေ မသုံးလည်းဆိုတော့ ဒီလို ချိုင့်ခွက်တွေ ရှိနေလို့ပဲ။ ဒါကြောင့် သူတို့ ကြွေပန်းကန်ကိုပဲ သုံးတယ်လေ။

ကြွေပန်းကန်တောင်မှ ကြွေသားက ကမ္ဘာပေါ်မှာ ပြင်သစ်နဲ့ ဂျပန်နိုင်ငံက ကြွေထည်တွေက အကောင်းဆုံးပဲ ။ ဘာလို့လည်း ဆိုတော့ သူတို့က လုပ်ထားတဲ့ ကြွေပန်းကန်တွေ ၊ ကြွေထည်လက်ရာတွေက အခုလိုပဲ မျက်နှာပြင် အသားပိုပြီး ညီညာပြန့်ပြူးလို့ပါပဲ။ ဒီလို မျက်နှာပြင် ပြန့်ပြူးတော့ ဘာဖြစ်လဲ သိလား။ ”

“ မသိဘူး ဖေဖေ။ ”

“ အေး..သိချင်ရင် မီးဖိုထဲက ကြွေပန်းကန် တစ်ချပ်မှာ ပဲ့နေတာ ပါနေတဲ့ ပန်းကန် တစ်ချပ် ရှာယူခဲ့။ ”


ဒါကတော့ “ မျောက်မူးလဲ ” တွေ ရှိနေတဲ့ ကျွန်တော်တို့ အိမ်မှာ ကျိန်းသေရှိတာပေါ့ ။ ကျွန်တော် မီးဖိုထဲက အနားမှာ ပဲ့နေတာလေး ရှိနေတဲ့ ကြွေပန်းကန် တစ်ချပ်ကို ယူလာတော့..

“ ဒီ ပဲ့နေတဲ့ နေရာလေးကို သားဖာသာပဲ အဏုကြည့်မှန်ပြောင်းအောက်ကို ထည့်ပြီး ကြည့်လိုက်တော့. . ”

ဟာ . . . ကျွန်တော် အံ့သြသွားတယ်။ ဒီပဲ့နေတဲ့ နေရာလေးမှာ အကောင်ကြီးတွေ နေနေကြတာကိုး။ ဒါနဲ့ သူဘေးက ညီညာနေတဲ့ မျက်နှာပြင်ကို ကြည့်လိုက်တော့ ဘာကောင်မှ ရှိမနေဘူး။ ဒီပဲ့နေတဲ့ နေရာမှာပဲ ပိုးမွှားဆိုတဲ့ အကောင်ကြီးတွေ နေနိုင်တာ။

“ ဘာလို့လဲ ဖေဖေ။ ”

“ ဘာလို့လဲ ဆိုတော့ မျက်နှာပြင် ညီညာနေတယ် ဆိုတဲ့ နေရာမှာ ပိုးမွှားတွေက နေထိုင်လို့ မရဘူးလေ။ သူတို့အတွက် နေစရာ မဟုတ်ဘူး။ အခုလို ပဲ့နေတဲ့ နေရာလေးက မျက်နှာပြင်တွေက မညီတော့ဘူးလေ။ ဒါကြောင့် သူတို့ အတွက် နေလို့ ရသွားစေတယ်။

ဒါနဲ့ တင် မပြီးသေးဘူးသားရဲ့။ ”

“ ဟုတ်ကဲ့..ဘာဖြစ်လဲ ဖေဖေ။ ”

“ လူတစ်ယောက်မှာ ရှိတဲ့ “ ကိုယ်ကျင့်တရား ” ဆိုတာကလည်း ဒီလိုပဲ မျက်နှာပြင် ညီညာ ဖြောင့်မတ်နေတဲ့ အချိန်မှာ ဘယ်ကမှ ပိုးမွှားဆိုတဲ့ မကောင်းတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင် ဖြစ်စေမဲ့ စိတ်ဓါတ်တွေ ဖြစ်မလာဘူး။ လူမှာ အခုလိုပဲ ကြွေပန်းကန် ကလို နည်းနည်းလေး ပဲ့သွားတယ် ဆိုရင်တော့ မျက်နှာပြင်မှာ ညီညာနေတဲ့ နေရာလေးက မချောမွေ့ ၊ မပြန့်ပြူးတော့ဘူးလေ။

ဒါကြောင့် မညီညာ မပြန့်ပြူးတဲ့ နေရာမှာ ပိုးမွှားတွေ နေနိုင်သလိုပဲ ၊ ညီညာဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားကနေ နည်းနည်းလေး ပဲ့သွားတာနဲ့ မကောင်းမှု ဆိုတဲ့ ကိုယ်ကျင့်တရားကို ပျက်စီးစေနိုင်တဲ့ ပိုးမွှားတွေ ဖြစ်လာတာပါပဲ။ နည်းနည်းလေးပဲ ဖြစ်ဖြစ် ၊ များများကြီးပဲ ဖြစ်ဖြစ် ပိုးမွှားဆိုတာကတော့ ရောဂါ ဖြစ်စေနိုင်တာပဲလေ။ ဒီလိုပဲ ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာလေး နည်းနည်းလေးကလည်း ကိုယ့်ရဲ့ ဘဝတစ်ခုလုံးစာမှာ ၊ ကိုယ့်သမိုင်းမှာ မကောင်းမှု ဆိုပြီး တစ်သက်လုံး ရာဇဝင် တွင်ကျန်ခဲ့စေမှာပါပဲ။ ဒါကြောင့် ကိုယ်ကျင့်တရားဆိုတာ ဘယ်သူမှ မသိပါဘူး ဆိုပြီး ကိုယ်က နည်းနည်းလေးမှ ထိပါး ပွန်းတီးလို့ ရတာ မဟုတ်ဘူး။ နည်းနည်းလေး နည်းနည်းလေးဆိုပြီး ထိပါ များလာရင် ပန်းကန်တစ်လုံးက မျက်နှာပြင်တွေ ပျက်ဆီးကုန်သလိုမျိုး ကိုယ့်ရဲ့ ကိုယ်ကျင့်တရားတွေလည်း တစစ ပျက်ဆီးကုန်တာပါပဲ။

ကိုယ်ကျင့်တရားဆိုတာ ဖြောင့်မတ်ကောင်းမွန်နေသမျှ ဘယ်ကမှ ကိုယ့်ဆီကို မကောင်းမှု ပိုးမွှားတွေ ဝင်မလာနိုင်ပါဘူး သား။ ”

ဒီလိုမျိုး ဖေဖေက ကျွန်တော့်ကို လက်တွေ့နဲ့ ဆုံးမ ပြောပြခဲ့ဖူးတယ်။

ဒါကြောင့်လည်း ကျွန်တော့်အတွက် ငယ်ငယ်ကတည်းက အခုထိ ဆောင်ပုဒ်လေး တစ်ခု လက်စွဲ ဖြစ်ရခဲ့ပါတယ်။ ဒီဆောင်ပုဒ်လေး ဖြစ်လာတဲ့ ပုံကို ကျွန်တော် ( ဆောင်ပုဒ်ကိုယ်စီ ရှိသင့်သည်။ ) ခေါင်းစဉ်နဲ့ ထပ်ရေးပါဦးမယ်။ ဒီဆောင်ပုဒ်လေးကို ကျွန်တော် ၁၂ နှစ်သားလောက်က ဆောင်ပုဒ်ဆိုတော့ အင်္ဂလိပ်လို သဒ္ဒါ အထားအသို မှားသည် ဖြစ်စေ ၊ မှန်သည် ဖြစ်စေ ဒီအတိုင်းပဲ ဆက်သုံးသွားပါမည်။ ကျွန်တော့်ဆောင်ပုဒ်လေးက ဒီလိုပြောတယ်။

“ You do all performance on everything is your morally. ”

“ အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်၏ ကိုယ်ကျင့်တရားပင် ဖြစ်သည်။ ”


ကိုဇော် ခံစားတင်ပြသည်


pdf ဖြင့် ဒီနေရာ မှာ ယူပါ။


.

Share/Bookmark