မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 January 2010

12 “ တောက် ” . . .ဒါ မြန်မာလား



“ တောက်... ”


ဘယ်နှစ်ခါမှန်း ကျွန်တော် မသိတော့ဘူး။ တစ်ခုခုကို ခေါက်လိုက်တာ မဟုတ်သလို ၊ အရာဝတ္ထုတစ်ခုခုနဲ့ ထိမိတာလည်း မဟုတ်ပါ။ ကိုယ့်လျှာကို ကိုယ့်ဖာသာ အသံမြည်အောင် ဒေါသကို ဖောက်ခွဲလိုက်တာပါ။

“ တောက်...”

ကျွန်တော် လမ်းလျှောက်နေရင်း ခြေထောက်က လမ်းကို ထိနေရဲ့လားလည်း မသိပါ။ သေချာတာကတော့ ကျွန်တော် ခြေသံက အသံမြည်မယ် ဆိုရင် ဘေးပတ်ဝန်းကျင်က ဝိုင်းကြည့်နေလောက်တယ်။ ပြီးတော့ ကျွန်တော့်ရင်ထဲမှာ လူသူ မကြားရပဲ အော်ဟစ်နေတဲ့ စကာားသံတစ်ခု ရှိနေတယ်။

“ ဒါ. . မြန်မာလား ၊ ”

“ ဒါ . . မြန်မာ တဲ့လား။ ”

“ ဒါ . . မြန်မာသွေးကို ပြတာတဲ့လား။ ”

အခု ကျွန်တော် လမ်းလျှောက်နေတာ ကားပျက်လို့လည်း မဟုတ်ဘူး။ ကားဂိတ်နဲ့ အိမ်နဲ့ ဝေးနေလို့လည်း မဟုတ်ဘူး။ ကျွန်တော့်ဖာသာ ကျွန်တော် လမ်းလျှောက်ချင်လို့ ကားပေါ်က ဆင်းလျှောက်နေတာ။ ဆင်းမလျှောက်ရင်လည်း ကျွန်တော်. . . . . . ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိစ္စရှိလို့ ကျွန်တော် မြို့ထဲကို ဒီနေ့ သွားတယ်။ တွေ့စရာရှိတဲ့ သူငယ်ချင်းတွေ နဲ့ တွေ့ ၊ ဝယ်စရာ ရှိတာတွေ ဝယ် ၊ ပြောစရာ ရှိတာတွေ ပြောပြီး ပြန်လာခဲ့တယ်။ နေ့လည်ခင်းသာသာပဲ ရှိသေးတယ်။ ကားဂိတ်မှာလည်း လူတွေရှင်းနေတယ်။ ကားဂိတ်မှာ ကျွန်တော် ခဏစောင့်လိုက်တော့ ဘတ်စ် ရောက်လာတယ်။ ကျွန်တော် ဘတ်စ်ပေါ် ခဏထိုင်ပြီး ပါလာတဲ့ စာအုပ်လေး ဖတ်နေရင်း ကားအထွက်ကို စောင့်နေမိတယ်။

ဒီအချိန်မှာ ဘတ်စ်ပေါ်ကို လူ ၃ ယောက်တတ်လာတယ်။ ကျွန်တော် ဘာရယ်မဟုတ်ဘူး လှမ်းကြည့်လိုက်တော့ မြင်သာပါတယ်။ ဒါ “ မြန်မာ ” ဆိုတာ။ သူတို့ ဝတ်တာစားတာက အစပေါ့ သိသာတယ်။ ပြီးတော့ သူတို့ မူးနေတယ်။ ယိမ်းယိုင်တွန်းထိုးအောင် မူးနေတာ မဟုတ်ပေမဲ့ သူတို့ မျက်နှာတွေ နီပြီး စိတ်လွတ်ချင်ချင် ဖြစ်နေတယ်။ ကျွန်တော်နဲ့လည်း မဆိုင်လေတော့ ကိုယ့်ဖာသာပဲ ထိုင်နေလိုက်တယ်။ မလွတ်မလပ်များ ဖြစ်ချင်တော့ ကျွန်တော့်အနောက် ၂ ခုံကျော်မှာ နှစ်ယောက်က တစ်တွဲ လာထိုင်တယ်။ သူ့ရဲ့ နောက်မှာ နောက်ထပ် တစ်ယောက်က ထိုင်တယ်။

ကားစထွက်တော့ ကျွန်တော်လည်း သတိမထားမိပါဘူး။ ကိုယ့်ဖာသာ ကိုယ်ပဲ ထိုင်နေမိတယ်။ ကားပေါ်လူနည်းနည်း စရောက်ခါစက ကျွန်တော့်ဆီကို လက်မှတ်လာရောင်းပြီးသား ၊ လက်မှတ်လာရောင်းတာက မလေးအဒေါ်ကြီး တစ်ယောက်။ သူက အခုမှ စပြီး ဒီအလုပ်ကို ဝင်တာနဲ့ တူတယ်။ သူ မကျွမ်းကျင်သေးတာ သူရဲ့ လှုပ်ရှားမှုက ဖော်ပြနေတယ်။ သူ အထစ်ထစ်ငေါ့ငေါ့နဲ့ လက်မှတ်ဝယ်သူ တစ်ယောက်ယောက်က တစ်နေရာရာလို့ ပြောရင် သူ ယာဉ်စီးခ ဘယ်လောက်လဲလို့ စာရွက်လေးကို ပြန်ပြန်ကြည့်နေရတယ်။ ဒါ မကျွမ်းကျင်သေးတဲ့ သဘော။ ကျွန်တော် သွားမဲ့ ခရီးစဉ်က တစ်ကျပ်ခွဲပဲ ကျတာပါ။

ကျွန်တော် လက်မှတ်ဝယ်ပြီး ၊ ကျွန်တော်နဲ့ အတူတူ ကားပေါ်က လူတွေ လက်မှတ်ဝယ်ပြီးမှ ခုနက မြန်မာ သုံးယောက်တတ်လာတာ။ သူတို့တတ်လာတာ လက်မှတ်ရောင်းတဲ့ အဒေါ်ကြီး သိလိုက်လား ၊ မသိဘူးလား ကျွန်တော်လည်း သတိမထားမိဘူး။ ကျွန်တော်ကတော့ ကိုယ်က လက်မှတ်ဝယ်ပြီးပြီဆိုတော့ ဒီလက်မှတ်လေးကို စာလက်စ စာအုပ်ကြားထဲမှာ ညှပ်ပြီး စာဖတ်နေမိတယ်။ ခဏကြာတော့ ဘတ်စ်က ထွက်ပါလေရော။ စာဖတ်နေရင် ဘာမှ ပတ်ဝန်းကျင်ကို သတိမထားမိတတ်တဲ့ ကျွန်တော်ကတော့ စာဖတ်ရင်း လက်ရှိလောကနဲ့ အဆက်ပြတ်နေတယ်။

ကျွန်တော့်ကို လက်ရှိလောကထဲ ပြန်ခေါ်ဆောင်လာတာက လက်မှတ်စစ်။ သူက ကျွန်တော် ရှေ့က လူတွေကို ပုခုံးကို တို့ပြီး လက်မှတ်လို့ တောင်းတော့မှ ကျွန်တော် သတိဝင်မိတော့တယ်။ ဒါနဲ့ စာအုပ်ကြားထဲ ညှပ်ထားတဲ့ လက်မှတ် သူ့ကို ထုတ်ပေးဖို့ အသင့်စောင့်နေမိတယ်။

လက်မှတ်စစ်က လက်မှတ် တစ်စောင်ကို စစ်ရင် သေချာလား သူ့မှာ ပါတဲ့ စာရင်းနဲ့ တိုက်ကြည့်တယ်။ ပြီးမှ စစ်ဆေးပြီးကြောင်း ဖောက်တံလေးနဲ့ ဖောက်ပြီး ပြန်ပေးတယ်။ ကျွန်တော် ရှေ့ဘက် ခုံက လူတွေကို စစ်ဆေးနေတယ်။ ဒီအချိန်မှာ ကျွန်တော့်နောက်က မြန်မာ ၃ ယောက်ဆီက အသံထွက်လာတယ်။

“ ရှာရှာ..တွေ့တာသာ ကောက်ကိုင်ထားလိုက် ငါ ပြောမယ်။ ”

“ လက်မှတ် မတူရင် ပြဿနာ တတ်မယ်နော်.။ ”

“ ငါ့တာဝန် ထားစမ်းပါကွာ ။ ရတာသာ ကောက်ထားလိုက်. ။ ”

“ ဒါဆိုလည်း ပြီးရော။ ”

“ ဘာတွေ လုပ်နေကြတာပါလိမ့် ” ဆိုပြီး ကျွန်တော် လှည့်ကြည့်လိုက်တော့ သူတို့ ကုန်းကုန်းကွကွနဲ့ ထိုင်ခုံအောက်ကို မျက်လုံးတွေက ရောက်နေပြီး ကားမှတ်တိုင်ရောက်လို့ လွှင့်ပစ်ထားခဲ့တဲ့ သူများတွေရဲ့ လက်မှတ် အဟောင်းတွေကို လိုက်ရှာနေကြတာ။ ဒါဆို သူတို့ လက်မှတ် မဝယ်ထားဘူးပေါ့။ အရင် ကားအခေါက်က လက်မှတ်ဆိုတာ အခု အခေါက်က လက်မှတ်မှ မဟုတ်တာ။ လက်မှတ်စစ်ကလည်း သူ့မှာ ရှိနေတဲ့ လက်မှတ် နံပါတ် လက်ခံ အမှတ်အသားအတိုင်းပဲ စစ်တာ။ ဒီ နံပါတ်တွေနဲ့ ရှေ့နောက် အစီအစဉ်အလိုက် တူနေမှ သူတို့ လက်ခံတာ။ တကယ်လို့ လက်မှတ် မတူဘူး ၊ လက်မှတ် မဝယ်ထားဘူးဆိုရင် ဒဏ်ငွေ ၁၀ ဆောင်ရတယ်။ ဒါပါပဲ။

အခုတော့ သူတို့ လက်မှတ်လည်း ဝယ်ထားပုံမရဘူး။ ပြီးတော့ ဒီထက် စကားပြောရအောင် သူများပစ်ထားတဲ့ လက်မှတ်အဟောင်းကို သွားပေးဦးမယ်။ ကျွန်တော် ဒီလို တွေးနေတဲ့ အချိန်မှာပဲ ကျွန်တော့်ဆီကို လက်မှတ်စစ်ရောက်လာပြီး လက်မှတ်စစ်တယ်။ ကျွန်တော် ဖတ်နေတဲ့ စာအုပ်ကလည်း မြန်မာလို မဟုတ်လေတော့ မြန်မာလို့ တော်ရုံတန်ရုံ ကျွန်တော့်ကို သတိမထားမိတတ်ဘူး။ နောက်တစ်ခုက ကျွန်တော်က မွေးရာပါ မျက်နှာကြောက တင်းနေတတ်တယ်လေ။ ကျွန်တော့်ကို လက်မှတ်စစ်ပြီး သူတို့ဆီ လက်မှတ်စစ် ရောက်သွားတော့ . . သူတို့ သူများပစ်ထားတဲ့ လက်မှတ်တွေကို ပြကြတယ်။

ကျွန်တော်ကလည်း မနေတတ်သူဆိုတော့ မသိမသာလေး လှည့်ကြည့်နေမိတယ်။ ဒီလူ သုံးယောက်ကတော့ ကျွန်တော့်ကို မြန်မာလို့ မရိပ်မိပုံရတယ်။ နောက်တစ်ခုက သူတို့ မူးနေတော့ သတိမထားမိတာလည်း ဖြစ်နိုင်တယ်။ သူတို့ လက်မှတ်တွေကို ကြည့်ပြီးတော့ လက်မှတ်စစ်ဆီက အသံကြားရတယ်။

“ မင်းတို့ ဒီလက်မှတ် ဘယ်က ဝယ်တာလဲ။ ”

“ ဒီကားကပဲလေ။ ရှေ့က အဒေါ်ကြီးပဲ ရောင်းလိုက်တာပဲ။ ”

သူတို့ ဒီလို ပြောတော့ လက်မှတ်စစ်က လက်မှတ်ရောင်းတဲ့ အဒေါ်ကြီးကို ခေါ်တော့တာပဲ။ ပြီးတော့ သူတို့ သုံးယောက်ဆီက လက်မှတ် သုံးခုကို လက်မှတ်စစ် အဒေါ်ကြီးကို ပေးလိုက်တယ်။ ဘယ်လို ဖြစ်တာလဲပေါ့။ တကယ်တမ်းလည်း သူက ဒီလက်မှတ်ကို ရောင်းထားတာ မဟုတ်တော့ သူ ဘယ်လိုလုပ် သိမှာလဲ။ ဒီတော့ လက်မှတ်စစ် အဒေါ်ကြီးက . .

“ သေချာလေး ရှာပေးပါလားကွယ်။ ဒါ အဒေါ်ရောင်းလိုက်တဲ လက်မှတ် မဟုတ်ဘူးလေ။ တခြား လက်မှတ် အဟောင်းတွေနဲ့များ မှားနေလား။ သေချာ ရှာပေးပါဦး။ ”

ဒီတော့ သူတို့ သုံးယောက်က. . .

“ ဒီလက်မှတ်ပဲလေ။ ခင်ဗျားပဲ ခုန ကျွန်တော်တို့ကို ရောင်းသွားတာ ဒီလက်မှတ်ပဲလေ။ တခြား ဘာလက်မှတ်မှ မရှိဘူး။ ”

ဒီတော့ လက်မှတ် ရောင်းတဲ့ အဒေါ်ကြီးဆီကို ပြဿနာက လှည့်ဝင်တော့တာပဲ။ သူကလည်း ဒီမှာ လုပ်ခါစဆိုတော့ ကျွမ်းကျင်သူ မဟုတ်ဘူးလေ။ ဒါကြောင့် သူလည်း ဘယ်လို ဖြေရှင်းရမှန်း မသိ ၊ ခြေမကိုင်မိ ၊ လက်မကိုင်မိ ဆိုသလို ဖြစ်နေတယ်။ လက်မှတ်စစ်ကလည်း လက်မှတ်ရှိနေပြီး မှားရောင်းတယ် ဆိုရင် သူ့ကိုပဲ ဒဏ်ရိုက်ရမယ်။ လက်မှတ် မပါဘူး ဆိုရင် လက်မှတ် မဝယ်တဲ့ သူကို ဒဏ်ရိုက်မယ် ။ ဒါပဲလေ။ အခုတော့ လက်မှတ်စစ်က လက်မှတ်ရောင်းတဲ့ အဒေါ်ကြီးမှားရောင်းတယ် လို့ပဲ ထင်နေတယ်။

ဖြစ်သမျှ အစ အဆုံး နီးပါး သိနေတဲ့ ကျွန်တော် ၊ ပြီးတော့ မနေနိုင်တဲ့ ကျွန်တော် ပါးစပ်ယားနေမိတယ်။ ကိုယ့်ကိုယ်ကိုယ် မနည်းချိုးနှိမ်ပြီး နေလိုက်ရတယ်။ စိတ်ထဲက တကယ်ကို မကောင်း။ နောက်ဆုံး လက်မှတ်စစ်က လက်မှတ်ရောင်းတဲ့ အဒေါ်ကြီး လက်မှတ် အဟောင်းတွေ မှားရောင်းတယ် ဆိုပြီး လက်မှတ်ရောင်းသူကိုပဲ ဒဏ်ရိုက်ဖို့ ဝန်ခံလက်မှတ်ထိုး ခိုင်းသွားတာ ကျွန်တော် မြင်လိုက်ရတယ်။

ဒါနဲ့ ဟို မြန်မာ သုံးယောက် ကို ကြည့်လိုက်တော့ သူတို့ပဲ မဟုတ်သလိုနဲ့ ရုပ်တွေက ခပ်မာမာတွေနဲ့။ သူတို့ မျက်နှာမှာ ဖြစ်ပေါ်နေတဲ့ ပုံစံ ၊ အရေးအကြောင်းတွေကို ကျွန်တော် တော်တော် မုန်းတယ်။

အားလုံးကို လက်မှတ်စစ်ပြီးတော့ လက်မှတ်စစ်ကလည်း နောက်ထပ် ကားဂိတ်တစ်ခုမှာ ဆင်းသွားတယ်။ လက်မှတ်ရောင်းအဒေါ်ကြီးလည်း သူ့ဖာသာ နောက်ထပ် တတ်လာသူတွေကို လက်မှတ်ရောင်းနေတယ်။ ကျွန်တော်လည်း စိတ်ထဲက မတင်မကျနဲ့ ဒီလိုပဲ ကားရှေ့ဖက် ပြန်လှည့်ပြီး စာအုပ်လေး ဖတ်နေတုန်း သူတို့ သုံးယောက်ဆီက စကားသံကြားလိုက်ရတယ်။ ကျွန်တော့်ကို ပြောတာတော့ မဟုတ်ပါ။ သူတို့ဖာသာ ပြောတာပါ။ ခက်တာက မြန်မာ
မြန်မာ မြန်မာ ဆိုတဲ့ စကားလုံးတွေ ပါနေလို့..

“ တွေ့တယ် မလား။ ငါပြောသားပဲ အသာလေးပါကွ။ ”

“ အေးလေ။ ဒါပေမဲ့ မင်းက ဒီလို လုပ်မယ် ဆိုတာ ငါကမသိတော့ ဘာလုပ်မှန်း မသိပဲ ကြောက်နေတာပေါ့ကွ။ နောက်ပြီး လက်မှတ်စစ်ကို လက်မှတ်ဟောင်းကြီး သွားပြရင် ပြဿနာ တတ်မယ် ဆိုတာ သိနေတာပဲလေ။ ”


“ ဒါပေါ့ကွ။ ဒါပေမဲ့ လက်မှတ်ဟောင်းက သူတို့ပဲ ရောင်းတာ ဆိုရင် ရောင်းသူ အပြစ်ဖြစ်ပြီပေါ့။ ”

“ အေးလေ။ ဟားဟားဟား ကားခ အလကားစီး ရတဲ့ နည်းသစ်လေးပေါ့ကွာ။ ”

“ ဒါပေါ့ကွာ။ ဒီလို ပုံစံနဲ့ ငါတို့ မြန်မာနိုင်ငံမှာ လာပြီး စပယ်ယာ လာလုပ်စားရင် မွဲသွားမှာပေါ့။ ဒီမှာ မို့လို့ သူတို့ ခံသာနေတာ။ အခုတော့ ငါတို့ မြန်မာတွေနဲ့ တွေ့တော့ ဘယ်ရမလဲကွာ။ ”


“ အေးလေ. . ဟုတ်တယ်။ ငါတို့ မြန်မာ ဥာဏ်ကိုတော့ ဘယ်မှီမလဲ။ ”

“ ဒါကြောင့် ဗိုလ်ချုပ်က ပြောတာလေ။ ”

“ ဟေ . . ဘာပြောတာလဲ။ ”

ရဲဘော်တို့ အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး။ ယခု ကားခိုးစီးရမယ်။ အလိမ်အညာတွေနဲ့ ရင်ဆိုင်ရမယ်။ မြန်မာ ပီပီ မြန်မာ့သွေးကို ပြကြပါ ဆိုတာလေ။

“ ဒါဆို ငါတို့က အခု မြန်မာ့သွေးကို ပြလိုက်တာပေါ့။ မိုက်တယ်ကွာ။ ”


ကျွန်တော် ပါးစပ်တွေ လက်တွေ ငြိမ်နေလို့ မရတော့ပါ။ ကျွန်တော် ဆင်းရမဲ့ ကားမှတ်တိုင် ၃ မှတ်တိုင်လောက်လိုနေသေးတယ်။ ဆက်နေရင် ဒီကောင်တွေကို ကျွန်တော် ပြောမိတော့တယ်။ ပြောမိရင် မူးနေတဲ့ သူတွေနဲ့ ကျွန်တော် ဖြစ်ရတော့မယ်။ သုံးယောက်ဆိုတာ အရေအတွက်ပါပဲ။ ပြီးတော့ အခု ရောက်နေတာက ကျွန်တော့်နယ်မြေ ၊ ဘယ်နေရာကို ကြည့်ကြည့် သူငယ်ချင်းတွေ ရှိတယ်။

တကယ်လို့ ဖြစ်လာပြီ ဆိုရင် သူတို့က အမှန်တွေလည်း ဟုတ်ပုံမပေါ် ၊ Overstay တွေဖြစ်နိုင်တယ်။ ဒီတော့ ပြဿနာ ဖြစ်လို့ ရဲရောက်လာရင် ကျွန်တော်က စာရွက်စာတမ်းရှိပေမဲ့ သူတို့က ပါသွားဦးမယ်။ ဒါဆို ကိုယ့်မြန်မာအချင်းချင်း ၊ ဒါပေမဲ့လည်း သူတို့ ပြောနေတာတွေ ကျွန်တော် ဆက်မကြားနိုင်တော့ပါ။

ဒါကြောင့် ကားနံရံက ခလုပ်ကို နှိပ်လိုက်ပြီး ကျွန်တော် ဆင်းဖို့ ၃ မှတ်တိုင်လောက် အလိုမှာ ကျွန်တော် ဆင်းခဲ့တယ်။ ဒါကြောင့်ပဲ ကျွန်တော် ဘတ်စ်စီးလာပြီး ဘတ်စ်လည်း မပျက်ပဲ ဒေါသတွေ ဗလပွနဲ့ ပါးစပ်ထဲက လျှာကို အသံမြည်အောင် ကိုယ့်ဖာသာ ဖောက်ခွဲရင်း လမ်းတွေကို ဖနောင့်နဲ့ ပေါက်နေမိတယ်။

“ တောက်...။ ”

“ တောက်....ဒါ မြန်မာတဲ့လား။ ”

“ ဒါ . . မြန်မာသွေးကို ပြလိုက်တာတဲ့လား။ ”


ဒါဆိုရင် ကျွန်တော်တို့ ရောက်လေရော နေရာမှာ ဘယ်လိုလုပ် .. ... .. ... ... .. .. ... . .. .. . .. .. .. .. .. .. . . . . . . . . . . . . . . . . . . .တော်ပါပြီ။ ကျွန်တော် မပြောချင်တော့ပါ။ ကျွန်တော် တစ်ခုပဲ ပြောချင်တယ်။


“ တောက်...ဒါ မြန်မာလား။ ”


ကိုဇော် ခံစားတင်ပြသည်။



Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

တကယ့်လူတွေပဲဗျာ..။ တလွဲဆံပင်ကောင်းနေလိုက်ကြတာ..။
ဗိုလ်ချုပ်တောင်ထည့်ပြောလိုက်သေးတယ်..။
အစ်ကို့နေရာမှာကျွန်တော်သာဆို စိတ်ထိန်းနိုင်ပါ့မလားတောင်မသိဘူး.

~ဏီလင်းညို~ said...

ကိုဇော်ရေ...
ဟုတ်တယ်ဗျာ...။ ကျွန်တော်လည်း...အဲ့ဒါမျိုးတွေကို မမြင်ချင်လွန်းလို့ အပြင်တောင်သိပ်မထွက်ဖြစ်တော့ဘူးဗျာ...။ ဒီမှာရှိတဲ့ မြန်မာဆိုင်တွေဆို ပိုဆိုးပါတယ်...။ သွားကိုမသွားတော့ဘူး....။ မကြားချင်မိတာတွေ ကြားရလို့လေ...။ ပြောရရင် ကိုကပဲ ကြီးကျယ်တယ်ဖြစ်သွားနိုင်သေးတယ်လေ...။
ဒီလင့်ခ်လေးတွေမှာတောင် ကျွန်တော်ရေးခဲ့ဖူးသေးတယ်...။
နည်းနည်းလေးအားခဲ့ရင်... ဖတ်ကြည့်လိုက်ပါဦး....
http://www.ainmat.com/index.php?/archives/2574-......html
ခင်မင်တဲ့
ဏီလင်းညို

Flower said...

ကိုဇော်ရေ..
မဖတ်ခင်ကတော့ ကိုဇော် ဘာတွေ ဒေါသဖြစ်နေပါလိမ့်လို့ တွေးမိတယ်..
ဖတ်နေရင်းနဲ့ ကိုဇော်လိုဘဲ ဒေါသထွက်မိပါတယ်..
ဖတ်ပြီးသွားတော့ ရင်ထဲမှာ တွေးစရာကျန်ခဲ့တယ်... လူတစ်ယောက်၂ယောက်ရဲ့ အပြုအမူဟာလည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို ကောင်ကောင်းကြီး ထိခိုက်စေနိုင်တယ် ဆိုတာ ဘာကြောင့်များ လူတွေ အသိ နည်းနေ သေးပါလိမ့်နော်.. ဒီလိုလူစားမျိုးတွေ လောကမှာ အများအပြား ရှိမနေပါနဲ့လို့ ဆုတောင်းရမှာဘဲ...

Anonymous said...

ကျွန်တော်လည်း မလေးမှာနေတာပါ
ဒိထက်ဆိုးတဲ့သူတွေကိုတောင်ကျွန်တော်တွေ့ဖူးတယ်
ပြန်ပြောရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ
တိုင်းပြည်ကြောင့် အနှိမ်ခံရတာတစ်မျိုး
သူတို့လိုလူမျိုးတွေကြောင့် အနှိမ်ခံရတာတစ်မျိုး
မြန်မာဆိုရင်သိပ်အထင်မကြီးကြတော့ဘူးဗျ
ဘင်္ဂလားလူမျိုးတွေနဲ့ တစ်တန်းတည်းအဆက်ဆံခံရတယ်ဆိုတဲ့နောက်တော့
သွားပြီပေါ့ဗျာ
အခုဆိုပိုဆိုးလာတယ်
ဒါကြောင့် ကျွန်တော့် offday ဆိုဘယ်မှမထွက်ပဲ အခန်းပဲအောင်းနေတယ်
တွေ့နေရရင် ကိုယ်ပဲစိတ်ညစ်မှာလေ

Anonymous said...

ကျွန်တော်လည်း မလေးမှာနေတာပါ
ဒိထက်ဆိုးတဲ့သူတွေကိုတောင်ကျွန်တော်တွေ့ဖူးတယ်
ပြန်ပြောရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ
တိုင်းပြည်ကြောင့် အနှိမ်ခံရတာတစ်မျိုး
သူတို့လိုလူမျိုးတွေကြောင့် အနှိမ်ခံရတာတစ်မျိုး
မြန်မာဆိုရင်သိပ်အထင်မကြီးကြတော့ဘူးဗျ
ဘင်္ဂလားလူမျိုးတွေနဲ့ တစ်တန်းတည်းအဆက်ဆံခံရတယ်ဆိုတဲ့နောက်တော့
သွားပြီပေါ့ဗျာ
အခုဆိုပိုဆိုးလာတယ်
ဒါကြောင့် ကျွန်တော့် offday ဆိုဘယ်မှမထွက်ပဲ အခန်းပဲအောင်းနေတယ်
တွေ့နေရရင် ကိုယ်ပဲစိတ်ညစ်မှာလေ

Unknown said...

ကိုဇော်
ဒေါသတွေကြီးနေတာကိုး
နှစ်သစ်မှာစိတ်ကိုလျှော့
စာကြွေးတွေတဝဖတ်သွားတယ်

ဆောင်းမြူခိုး said...

အမှန်ဆို သူများနိုင်ငံမှာ နေတာ ကိုယ့်နိုင်ငံမှာ နေတာထက်ကို ပို စည်းကမ်းရှိ.. ပို သိက္ခာရှိသင့်တယ်.. ဒါ လူတစ်ဦးတစ်ယောက်တည်း လုပ်ရပ်မျိုးမဟုတ်ဘဲ.. နိုင်ငံကို ကိုယ်စားပြုနေသလိုမျိုး ဖြစ်သွားပြီလေ.. အဲ့လို မြန်မာတွေ မဟုတ်တာလုပ်ရင် ငါလည်း အလုပ်ထဲမှာ သိပ်စိတ်ညစ်တယ်။ အလုပ်ထဲကလူတွေက သတင်းစာထဲ တစ်ခုခုမြင်ရင် ငါ့လာပြောကောပဲ။

သက်တန့်ချို said...

ဟုတ်တယ်ဗျာ လူနည်းစု အတွက် တစ်မျိုးသားလုံး သွားရောပဲ.. မဖြစ်သင့်တော့တဲ့အရာတွေ ဘယ်တော့များမှ ပျောက်သွားမှာပါလိမ့်း(

GreenGirl said...

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်နေတာကြာပါပြီလေ...

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်နော်...
စိတ်ပျက်စရာကြီးတွေပါပဲ...
ကမ္ဘာမှာ မြန်မာတွေ အနှိမ်ခံနေရတာ
အဲဒီလို မြန်မာတွေရှိနေလို့ပေါ့...။

Kie Kie said...

တကယ့် လူတွေဘဲနော် အရှက်မရှိဘူး..ကိုယ်ချင်းစာစိတ်လည်း မရှိဘူး..ကိုဇော်လည်း ဒေါသထွက်သင့်ပါတယ်..ကျနော်တောင်ဖတ်ရင် ..စိတ်တိုလာတယ်..တကယ် မဖြစ်သင့်ဘူး...ခုလို ကွက်ကွက်ကွင်းကွင်း သိအောင် ဖော်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်.

Anonymous said...

တော်တော် အရှက် သိက္ခာ ကိုယ်ချင်းစာတရား မရှိတဲ့သူတွေပဲ။
ဒီလို လူမျိုးတွေကြောင့် ခက်ပါဘိ။
may