ကိုဝေ လို့ ကျွန်တော် ခေါ်တဲ့ သူငယ်ချင်းအကို တစ်ယောက် ရှိတယ်။ သူငယ်ချင်းလို နေနေလို့သာပါ။ ကျွန်တော်တို့ထက် အသက် ၆ နှစ်လောက်ကြီးတယ်။သူက အိမ်ထောင်နဲ့လေ။သူ့ကို ကျွန်တော်တို့ တော်တော် ကြောက်တယ်။
သူ့ရှေ့မှာ စကားအပြောအဆို အနေအထိုင် ဆင်ခြင်ရတယ်။ မဆင်ခြင်လို့ မရဘူးဗျ။ သူက သူ့ရှေ့မှာ အမြင်မတော်တာ တစ်ခုခု တွေ့တာနဲ့ ဥပမာလေးတွေနဲ့ ဖဲ့တယ်လေ။
“ မင်းပုံကလည်း မျောက်သေ ပါးရိုက်ထားသလိုပဲ။”
“ ဟ...ဘယ်လိုလဲကွ၊ မျက်နှာက အေးစက်စက်နဲ့ မသာရေခဲရိုက် မျက်ခွက်နဲ့။ ”
“ မင်းက ကျန်ကျောင်းအိတ်ပေါက်နဲ့ ဖားကောက်နေတာကိုး။”
“ လှချက်ကတော့ ညမထွက်ရ အမိန့်လို့ပဲ။”
စုံနေတာပဲဗျာ။ ဒီတော့ . . ကျွန်တော်တို့က သူနဲ့တွေ့ရင် စကားပြောတာ နေတာ ထိုင်တာ ကို သတိထားတယ်။ ဒါတောင်မှ မရဘူး တစ်ခု မဟုတ် တစ်ခု ပြောတာ ခံရတာပဲ။ ဒါကြောင့် တစ်နေ့ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီး သူ့ကို ဝိုင်းကြပ်တယ်ပေါ့လေ။
“ ကိုဝေ..အကို့က ကျွန်တော်တို့ကိုပဲ ဥပမာတွေနဲ့ ပြောနေတာ၊ အကို့ မိန်းမအကြောင်းကိုလည်း ကျွန်တော်တို့ကို ဥပမာလေးနဲ့ ပြောပြပါဦးဗျာ။”
ဒီတော့ သူ ခဏငြိမ်သွားတယ်။ ကျွန်တော်တို့ကတော့ ဟဲဟဲ ကိုဝေတော့ ဂျောက်ကျပြီလို့ထင်တာပေါ့ဗျာ။ သူ့မိန်းမ အကြောင်းကျတော့ ဥပမာ နဲ့ မပြောနိုင်တော့ဘူးလို့ တွေးမိတာပေါ့။ ဒါပေမဲ့....ထင်တာမှားသွားမယ်။ သူပြောပြတဲ့ ဥပမာကြောင့် ကျွန်တော်တို့တွေ လက်ဖျားခါယူရတော့တယ်။ သူက ဒီလိုပြောတယ်။
“ အေးကွ . . . ငါ့ မိန်းမကို ငါက အရမ်းချစ်တာ ၊ ငါ့ မိန်းမကို ငါ ယူခါစက တီဗီ လေးတစ်လုံးလိုပဲကွ ၊ အချိန်တိုင်းထိုင်ကြည့်နေချင်တာ။ ”
သူခဏ..စကားရပ်လိုက်တော့....၊ ကျွန်တော်တို့က “ အခုရော...” လို့ ထောက်ပေးလိုက်တယ်။
“ အေး . . အခုတော့ . . ဘောလုံးလေး တစ်လုံးလိုပဲဟေ့၊ မြင်တာနဲ့ ပြေးပြေးကန် ချင်တာတဲ့လေ။ ”
အံ့လောက်ပါရဲ့ ကိုဥပမာရယ်။
ကိုဇော် ခံစားတင်ပြသည်။
http://zaw357.multiply.com/journal/item/395/395 မှာ 4.6.2009 ကရေးထားတာပါ။
.

0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment