တကယ်တော့ များသော အားဖြင့် ကိုယ်လည်း သေချာ မသိတာတွေ ( အထူးဖြင့်ပေါ့ ) ဆေးပညာရပ်တွေ ဘာညာ မရေးပေါင်ဗျာ။ ကိုယ်မှ မသိ ၊ နားမလည်ဘဲကိုး။ ဒါပေမဲ့ ဗဟုသုတ အနေနဲ့ အတွေးအခေါ် အနေနဲ့တော့ ရေးချင်မိသား။ ပညာရပ်သမားတွေ ဘာတွေ ကတော့ လွဲနေရင်လည်း ထောက်ပြပြီး ပြင်ဆင်ပေးသွားကြပါ ကုန်လော့။
“ အိုဗျာ . . . မကိ ကလည်း အထင်ကြီးရမှာပေါ့။ အဲဒီ လင်ဇီးက ပိုက်ပိုက်တွေ အများကြီး အရောင်း ကိုယ်စားလှယ်တွေ အတွက် ရှာပေးတာကိုး။ ”
ဆိုပြီးတော့ ရေးမလို့ပါ။ ပို့စ်လေးကို စစ ဖတ်တုန်းကပေါ့လေ။ ဒါပေမဲ့ ဖတ်ရင်း ဖတ်ရင်းနဲ့ သူ့ကြောင့် လူ့ အသက်သေခဲ့ရတာ ဆိုတော့ ကျွန်တော် ဒီလို မရေးဖြစ်တော့ပါဘူး။ တကယ်လည်း စိတ်မကောင်းပါဘူး “ဇနီး ဆုံးခဲ့ရသော ကိုညောင်ရမ်း အတွက် ” ၊ ဒါပေမဲ့ ရင်ထဲမှာတော့ . . . “ ငါတောင်မှ ကံကောင်းလို့ဟ ” ဆိုပြီးတော့ တွေးမိကာ ကျွန်တော် သာမာန် စာဖတ်သူ အနေနဲ့ပဲ မန့်ခဲ့ပါတော့တယ်။ ဘာလို့ ငါတောင်မှ ကံကောင်းလို့ ပြောရလဲ ဆိုတော့ အရင်က ကျွန်တော်တို့ သူငယ်ချင်းတွေတောင်မှ အဲဒီ “ လင်ဇီး အရောင်း ကိုယ်စားလှယ် ” တွေ ဖြစ်တော့မဲ့ ဆဲဆဲ ( ဆဲချင်လည်း ဆဲသွားပါတော့ ) ဖြစ်ခဲ့လို့ပါပဲ။
ကျွန်တော်တို့ ရပ်ကွက် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေက အတော်ကို သြဇာ ရှိပါတယ်။ အုပ်စုကလည်း တောင့်သဗျ။ ပြီးတော့ အုပ်စုထဲ ( အဲ . . “ အုပ်စု ” အစား “ အဖွဲ့ ” လို့ ပြောင်းသုံးတာ ပိုသင့်တော်မယ် ထင်ပါ့။ ) ကျွန်တော်တို့ အဖွဲ့က သူသူ ကိုယ်ကိုယ် အားလုံးလည်း ပညာတတ်လေးတွေ ဖြစ်ကြတော့ ရပ်ကွက်ကလည်း ရှိန်ကြပါတယ်။ ကျွန်တော်တို့ ညဘက် အရက်သောက်ပြီး အော်ဟစ် သီချင်း ဆိုရင်တောင်မှ မနက်ဆို ကျွန်တော်တို့လို ရပ်ကွက်က ညက ဆူပူတဲ့ အရက်သမားတွေက ကျွန်တော်တို့လို့ မထင်အောင်ကို အထင်ကြီး ချစ်ကြသဗျ။ ကံကောင်းပုံများ ပြောပါတယ်။
ထားပါတော့ . . ။ အဲဒီလို ကျွန်တော်တို့ အဖွဲ့ဆီကို တစ်နေ့တော့ ဝင်းထွန်း ဆိုတဲ့ ကောင်က သတင်းတစ်ခု သယ်လာပါတယ်။ ထမ်းပိုးလာတာတော့ မဟုတ်ဘူးပေါ့။ ပေါ့ပေါ့ပါးပါးပဲ စကားလုံးလေးတွေနဲ့ ဆောင်ကြဉ်း လာတာပါ။ ပြီးတော့ အမြဲတမ်း ပြတ်လပ်နေတဲ့ ကောင်က အိတ်လေး တဖောင်းဖောင်းနဲ့။ သူခိုးရွှေရ တမြမြ ဆိုသလို ပိုက်ဆံကို ထုတ်ထုတ် ရေနေတတ်သေးတယ်။ နောက်တော့ ပွင့်ကျလာတာပါပဲ ၊ စကားလုံးတွေ ပြောပါတယ်။
အခု သူ အသင်း တစ်ခုကို ဝင်ထားကြောင်းနဲ့ ဝင်ဝင်ချင်းကို သူ့ကို ပိုက်ပိုက်တွေနဲ့ သူ့ကို ထောက်ပံ့လိုက်ကြောင်း ပြောလာပါတော့တယ်။ ဒီတော့ အားလုံး မျက်လုံးတွေ အလယ်ကို စုတော့သကိုး။ ဟုတ်တယ်လေ။ ဘယ်အသင်းကများ အသင်းဝင်သူကို အဲဒီလို ဝင်ဝင်ချင်း ထောက်ပံ့လိုက်တယ် လို့ ကြားဖူးလို့သတုန်း။ ( ဟိုအသင်း ဒီအသင်းတွေ ကျွန်တော် တကယ်ကို ရိုးရိုးရှင်းရှင်းပဲ မသိပါ။ တကယ် . . တကယ် . . ) မျက်လုံးတွေ အလယ်စုရာကနေ ခေါင်းတွေပါ အလယ်ကို စုသွားလိုက်ပါတော့တယ်။ အသံတွေလည်း ထွက်သပေါ့ “ ဘယ်နှယ့်ဟာတုန်း ” ဘာညာ ဆိုတဲ့ အမေးသံတွေနဲ့ပေါ့။
သူက “ ဒီနှယ်ပါ ” လို့ ပြန် မဖြေပါဘူး။ သိချင်ရင် လိုက်ခဲ့ ဆိုပဲ။ နောက်ပြီး ပြောသေး။ ကျွန်တော်တို့ ဘယ်နှစ်ယောက် သူတို့ ဟောပြောပွဲကို လိုက်ရင် သူက ဘယ်လို ကော်မရှင် ထပ်ရမယ် ဆိုပဲ။ နိပ်ဟ။ ငါ့လိုလူ ဇဗ္မူမှာ ရှိသေးလားလို့တောင်မှ အော်ရမလိုလို။ တယ်လည်း ကံကောင်းချက်များ ပြောပါတယ်။ ဝင်းထွန်း . . . ဝင်းထွန်း . . . ပါ ၊ ကျွန်တော်တို့ မဟုတ်သေးဘူး။ သူက ထပ်ပြောသေးတယ်။ မင်းတို့လည်း အဲဒီလို ဖြစ်ချင်ရင် ဟိုရောက်ရင် အသင်းဝင်လိုက် ဆိုပဲ။
အဲဒီမှာ သူများ တချို့တွေ တတ်ကြွချင် တတ်ကြွ သွားနိုင်ပေမဲ့ ကျွန်တော်ကတော့ ငိုင်သွားမိ ပါတော့တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက သူများယောင်တိုင်း ယောင်စိန် ပေါင်စိန် နဲ့ ဟိုဟိုဒီဒီ အသင်းတွေ ဝင်တတ်တာ မဟုတ်ဘူး။ ဖင်ခေါင်းကျယ်ပြီး မဝင်တာ မဟုတ်ဘူးဗျ။ ကိုယ်လည်း ဘာမှ သေချာ မလုပ်နိုင်ဘဲ ၊ အသင်းသားဖြစ် ပြီးရော ဆိုပြီး နာမည်လေး ပါယုံ ကျွန်တော်က ကျေနပ်တဲ့ လူစား မဟုတ်လို့။ ဒါကြောင့် ကျောင်းမှာ ကတည်းက ဟိုဟိုဒီဒီ အသင်းဝင်ကြမယ် ဆို ခေါင်းငုံ ဖြတ်လျှောက်နေကြ။ အဲ . . အခန်း အတွက် မဝင်မဖြစ်တဲ့ “ အသင်း ” ထဲမှာတော့ ပါရတာပေါ့။ ကျွန်တော်က အမြဲတမ်း “ အလောင်းဘုရား ” အသင်းပဲ ကျတတ်တယ်။ ထားတော့ . . ။
ဒါနဲ့ပဲ ငိုင်တိုင်တိုင် နဲ့ သူတို့ အသင်းရဲ့ ဟောပြောပွဲကို ရောက်သွားပါလေရော။ အောင်မာ . . ကိတ်မုန့်တွေ ကာဖီတွေနဲ့ တည်ခင်း ဧည့်ခံတာပါလား။ နိပ်ဟ လို့ မအော်မိပါဘူး ကိုယ်မှ မကြိုက်ဘဲ။ ပြီးတော့ စားဖူးနေတာတွေ။ ဘိန်းမုန့် ဆိုရင်တောင်မှ သွားရည်ယိုဦးမယ်။ ဝင်းထွန်း ပြောတဲ့ အတိုင်းပဲ လို့ ပြောရင် အားမနာရာ ရောက်ပါလိမ့်မယ်။ အဲဒီမှာ ပြောသွားတဲ့ “ ဝါးတီးကုတ် ” နဲ့ ဦးလေးကြီးတွေ ၊ “ ပုဝါနှစ်စ အသာချ ” ပြီး ပြောသွားတဲ့ ဒေါ်ဒေါ် ၊ မမ တွေက ပိုသာသပေါ့။ တော်ကီတွေ အလွန်ကောင်းဗျာ။ ငေးသွားမယ် ၊ ငိုင်သွားမယ် ၊ ယိုင်သွားမယ်။ ( ယိုင်သွားရင်တော့ သိတယ် မဟုတ်လား ၊ ဒိုင်စားမှာပေါ့ဗျာ ) ကျွန်တော်တို့ကလည်း ဟောပြောပွဲကို ဝင်သွားလိုက်တာ သူငယ်ချင်းပေါင်း အယောက် ၃၀ ကျော်။
ဒီတော့ ခန်းမ ဆိုတဲ့ ခရစ်ယာန် ဘုရားကျောင်း အဖြစ် ပြုပြင်ပြောင်းလဲ ထားတဲ့ အိမ်ခန်းရဲ့ ၅ ပုံ ၂ ပုံ လောက်က ကျွန်တော်တို့ ဖြစ်နေတယ်။ “ ကာဖီ . . . ကာဖီ ထပ်ပေးပါဦး ” ဆိုတဲ့ ကောင်တွေရော ၊ “ အန်တီက ကိတ်မုန့် မစားနဲ့ ချောင်းဆိုးမယ်နော် ” ဆိုပြီး ဘေးနားက ပဲများနေတဲ့ အန်တီကြီးဆီက ကိတ်မုန့်ကို မျက်နှာပြောင်ပြီး ဆတ်ခနဲ ယူစားလိုက်တဲ့ ကောင်တွေရော။ အို . . . . စုံအောင်ကို ဗရုတ်ကျ နေတာပါ။ အထက်တန်း ကျောင်းက ထွက်ပြီးတဲ့ နောက်ပိုင်း ဒါက ပထမဦးဆုံး စုံညီပွဲတော် လိုလို ဖြစ်နေတာကိုး။
အဲ . . အဲဒီလို ဗရုတ်ကျ ရှုပ်ပွ နေတာတောင်မှ အပေါ်က ဦးဦးတို့က မျောက်နှာ မပျက်ဘူး ခင်ဗျ။ ပြုံးပြုံး ပြုံးပြုံးပါပဲ။ မျောက်နှာကြီးကို ပြုံးနေတာ. . ။ “ ကိတ်မုန့်စားရင် သွားချေး တတ်တယ် ” ဆိုပြီး စိတ္တဇ ရှိတဲ့ ကျွန်တော် အပါအဝင် သူငယ်ချင်း ၄ ၊ ၅ ယောက်ကတော့ အဲဒါတွေ မစားဘဲ ဦးဦး ၊ မမတွေ ပြောနေတာတွေ ငေးပြီး နားထောင်နေပါတယ်။ အဲ . . အဲ . . . သူတို့ ပြောတဲ့ ဆေး ဘာတဲ့။
“ လင်ဆေး ” . . . အဲလေ. .
“ လင်ဇီး ” ဆိုတာကို အဲဒီတုန်းကလည်း “ လင်ဆေး ” ဆိုတော့ “ လင်ကို တိုက်လိုက်ရင် အသစ်ရသလို ဆေးလိုက်တာလားဟင် ” ဆိုပြီး ပြောရယ် ရယ်ခဲ့ပါသေးတယ်။ ဘာရယ် ညာရယ် သိလို့တော့ မဟုတ်ဘူးနော်။ လူတွေက လူနောက်တွေကိုး။ “ မယား အသစ်ရအောင် ဆိုရင် “ မယားဆေး ” လို့ မှည့်ရမှာလား ဘာညာပေါ့။ ”
အဲ . . . ကျွန်တော် နားထဲမှာ သူတို့ရဲ့ ဟောပြောပွဲကို အတော်တော့ သဘောကျနေတာပါ။ အဲဒီ လင်ဇီး ကို သောက်ရင် ဘယ်လို ရောဂါတွေ ပျောက်တယ် ဆိုတဲ့ စကားကြောင့်တော့ မဟုတ်ဘူး။ အဲဒီ လင်ဆေး . . အဲ . . မှားပြန်ပြီ ၊ လင်ဇီး ( ဒါလည်း ပြောရတာ ခက်လိုက်တာ “ လင် ” ပါ ဆိုမှ ဘယ်လိုလုပ် “ ဇီး ” ရှိမှာတုန်း ၊ ဟုတ်သေးပါဘူး ) . . . ထို လင်ဇီးကို ရောင်းရင် ဘယ်လောက် ဘယ်လောက် ကော်မရှင် ရမယ် ဘာညာပေါ့။ ဝှိုက်ဘုတ် ဖြူဖြုကြီးပေါ်မှာ ဆော့ပင် ပြာပြာကြီးနဲ့ ရေးလိုက်တာမှ . . . အိုဗျာ . . . အောက်ရောက်လေ ဂဏာန်းတွေ ၊ လယ်ပုဇွန်လုံးတွေက ကြီးသွားလိုက်တာ ( အညာလေသံနဲ့ ပြောရရင် ) နည်း မှတ်လို့ ၊ လွှတ်ကောင်းဗျာ။
တောက်ခနဲ . . . တောက်ခနဲပဲ။ လျှာကို အလုပ်လုပ်ပြီး ဗြောက်အိုး ဖောက်တာ မဟုတ်ဘူးနော် ၊ သွားရည်ကျသံတွေ ပြောပါတယ်။ အားကျနေတာ . .။ ကိုယ့်အိမ်တွေက အဲဒီတုန်းက ချို့ချို့တဲ့တဲ့မို့ မဟုတ်ပါဘူး။ လူငယ်တို့ရဲ့ သဘာဝအရ ကျွန်တော် ဘယ်လောက် ရှာနိုင်တယ် ဆိုပြီးတော့ မာန် . . လေ. . မာန်ပေါ့ . .။ မာန်တတ်ချင်တဲ့ သဘာဝလို့ ထင်တာပါပဲ . . အဟစ် . . အဟစ်. . . ။ ကျွန်တော် ကြိုက်တဲ့ မာဘိုရိုကို အတောင့်လိုက် ကျောပိုးအိတ်ထဲ ထည့်ပြီး တွေ့တဲ့ သူငယ်ချင်းတိုင်းကို ကြေးအိုး တိုက်ပစ်မကွပေါ့ အဟစ်ဟစ်. . . ။ စိတ်ကူးတွေ ပြောပါတယ်။ ပြီးတော့ လာသေးတယ်။ သူတို့ဆီကို စားသုံးသူ ၊ ဖောက်သည် တစ်ယောက် ရောက်အောင် လုပ်ပေးရင် ဘယ်လောက် ကော်မရှင်တဲ့။ နိပ်ဟ ( ဒုတိယ အကြိမ် နိပ်ခြင်းပေါ့။ )
အဲဒီ ဟောပြောပွဲက အပြန်မှာတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ရွတ်လာတဲ့ ဂါထာ ရှိပါတယ်။ အဲဒီဂါထာလေးက
“ ရောင်းမယ် . . . ရောင်းမယ် . . . လင်ဇီး ရောင်းမယ် ၊ ဖောက်သည်ရှာမယ် ၊ ကော်မရှင် ယူမယ်။ ” ဆိုတာပါပဲ။ ပျော်လို့ ၊ ရွှင်လို့ ။ တခြား ဘာမှ မသိပေါင်ဗျား။ အပျော်တွေက မျက်နှာပေါ်တတ်တော့ အပြုံးတွေ ဖြစ်ပြီး အိမ်ကို ပြုံးပြုံးကြီး ပြန်လာတော့ အဘွားက အပမှီလာတယ် မှတ်လို့ ရေမန်းနဲ့ လှမ်းတောက်တယ်။ အမေက လည်ပင်း ပုတီး ပြေးစွပ်တယ်။ အဖေက ဆေးက ဆေးကြိမ်လုံး အသင့်ကိုင်ထားတယ်။ အဲဒီလိုကို ဖြစ်လို့ . . . ။ ဆိုးချက်. . ။
နောက်မှ ဖြစ်ကြောင်း ကုန်စင် အပြုံးရခြင်း အကြောင်းကို မေးတော့ “ လင်ဇီး ” . . . “ လင်ဇီး ” နဲ့ သူ့လင်ကြီး ဇီးကပ်နေတာထက် ပိုမဖြေနိုင်ပေါင်။ လင်ဇီး ဆိုတာ ဘာမှန်းကို သေချာကို မသိပါဘူး။ ကိုဇော်တို့များ တုံးချက် ၊ နဂိုကလည်း မထက်ပေါင်။ လင်ဇီး ဆိုတာ ဘယ်နှယ့်ဟာတုန်း ဆိုပြီး ပြန်တွေးတော့မှ သူတို့ ဟောပြောပွဲမှာ ဝေလိုက်တဲ့ လက်ကမ်းစာစောင်လေးကို ဟန်ပါပါနဲ့ ဖွင့်ဖတ်ပြီး အဖေ့ကို အဖြေပေးလိုက်ပါတယ်။
“ ဟာဗျာ . . အဖေကလည်း လင်ဇီး ဆိုတာ မှို ဗျ ” လို့ . . . အဟစ် ဟစ် . . ။
“ အဲဒီ မှို က ဘာဖြစ်သတုန်း ” တဲ့။ အဖေက ထပ်မေးတော့ . . .“ အဲဒီမှိုက ပိုက်ဆံ ရတယ် အဖေရဲ့၊ ဒါကို ကိုယ်က စားသုံးသူတွေ ထံကို ရောင်းပေးလို့ ဝယ်ကြရင် ကိုယ်က ပိုက်ပိုက် ရမှာလေ ” လို့ သူဌေးကြီး ဦးကပ်စေး စတိုင်လ်နဲ့ ဖြေလိုက်တော့ အဖေကလည်း အားကျသွားပုံ ရပါတယ်။ ခင်မောင်သိန်းထွန်းဝင်း လို ပြန်မေးတယ် . . “ စားသုံးသူတွေက စားကြလို့ အခန့် မသင့်ဘဲ သေရင်ရော ၊ ငါ့သား ဘာဆေး လက်မှတ်မှ မရှိတော့ ထောင် မကျနိုင်ဘူးလား ” တဲ့။
“ ဟဲ့. . . ညက်ချွတ်ဖျား ” ဆိုပြီး သူခိုးကြီး ငထက်ဖြား အော်သလို အော်မိလိုက်ပါတော့တယ်။ “ ဘယ်လိုတုန်း အိုင်ပီ ” ရဲ့ ဆိုသလို အဖေက ဆားပုလင်း နှင်းမောင် စတိုင်လ် နဲ့ မေးတော့ ကျွန်တော်ကလည်း ပေါင်ချိန် စတိုင်လ်နဲ့ပဲ ဖြေရတော့တာပါပဲ။
“ အဲဒီလို အဖြစ်တွေ ရှိသလား ” လို့ . . .ပေါ့ဗျာ။
အဲဒါနဲ့ ကျွန်တော့် အဖေက အဖြစ်အပျက်တွေကို ဥပမာ ၊ သာဓက ၊ နမူနာ ၊ ဖြစ်ရပ်မှန်လေးတွေနဲ့ ပြောပြပါတော့တယ်။
သိပ်မကြာသေးတဲ့ ကာလမှာတဲ့။ သိပ်မကြာသေးပေမဲ့လည်း ၁၀ နှစ်ကျော် ၁၅ နှစ်လောက်တော့ ရှိပါပြီ။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာ တစ်ခုမှာ ကျောက်မြတ် ရတနာတွေ ၊ ရွှေတွေ ထွက်သတဲ့။ ဒီတော့ ရွှေသိုက် ဆိုရင် လူလိုက် ဆိုသလို လူတွေကလည်း “ ကျွန်ုပ် ချမ်းသာခဲ့ရင် ...” ဆိုတဲ့ ငယ်ငယ်က စာစီစာကုံးကို အိပ်မက်လုပ်ပြီး ထိုရွှေ ၊ ကျောက်မြတ် ရတနာတွေ ထွက်တဲ့ နေရာကို ခရီးထွက်ကြ ပါတော့တယ်။ “ အောင်ရမည် ” ဘယ်ညာတော့ မအော်ဘူးပေါ့။ ဝါသနာပါရင်တော့ ရုပ်ရှင်ထဲကလို နောက်ခံ တီးလုံးနဲ့ ကိုယ့်ဖာသာကိုယ် သရုပ်ဖော်ကြည့်ပါ။
အို . . .ဘာတဲ့။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ငါးပွက်ရာ ငါးစာ ဝိုင်းချလိုက်ကြတာ။ ထိုဒေသမှာ ၁၃၅ မျိုး ဆိုသော မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ ရောက်ပြီး ဖင်ချင်း ပေါက်နေကြသတဲ့။ ထွက်မလို ထွက်မလို ဖြစ်နေတဲ့ လိပ်ခေါင်းလေး ခင်ဗျာမှာ လူတွေ အားလုံး ဝိုင်းကြည့်နေတော့ ရှက်သွားဘိသကဲ့သို့ . . . ဖွတ်ချက် . . . ဖွက်ချက် ထွက်နေတဲ့ ရွှေတွေ ကလည်း ဝိုင်းတူးလိုက်ကြတာ ညတောင်မှ ကောင်းကောင်း မအိပ်ရဲဘူး ဆိုပဲ။ ကိုယ့်နဖူး မှားတူးမှာ စိုးလို့။ ခေါင်းထဲမှာတော့ ရွှေ မရှိတာ သေချာတယ်လေ။ ဘာမှ ကောင်းကောင်း မရကြပါဘူး ဆိုတာကတော့ ကောလဟာလပါ လို့ ကျွန်တော့် အဖေက ပြောတယ်။
သူတို့ ရကြပါတယ် တဲ့
“ ငှက်ဖျား နဲ့ ဘိန်းစွဲတာ ” ဆိုပဲ။ အေးလွန်းတော့ အအေးဒဏ်ကို ခံနိုင်အောင် ဘိန်းစားရတယ် တဲ့။ လက်ခစား ၊ ရရစားစား ဆိုတော့ တိုက်ခန်းမှာ ဇိမ်နဲ့ ၊ ဇန်လေးနဲ့ ဘယ်နှယ်လုပ် နှပ်နေနိုင်မလဲ။ တွေ့ရာတဲမှာ ကြုံသလို ကွေးရတော့ ခြင်တွေကလည်း “ ဆွဲမှာပဲ ၊ ဆွဲမှာပဲ ” ဆိုတာကို ဟစ်ဟော့လို ဆိုသပေါ့လေ။ ဒီတော့ ငှက်ငှက်ကလည်း ဖလပ်ဖလပ် ဆိုပြီး အတောင်ပံ မခတ်ဘဲကို အရောက်ဝင် လာတော့တာပဲ။ အဲဒီငှက်က “ ငှက်ကြီး ” ဆိုတဲ့ ကိုထူးအိမ်သင် ဆိုရင်လည်း အသံလေးတောင်မှ နဝင်ပီယံ ရှိဦးမယ်။ အခုတော့ ငှက်တောင်မှာ ကြောက်ပြီး ဖျားယူရတဲ့
“ ငှက်ဖျား ” ဆိုပဲ။ ငှက်ဖျားပိုး ရှိရာမှာ ကျီးကန်းတောင် ဘယ်တော့မှ မရှိဘူးတဲ့။
ရာသီဥတုက အေးအေး ၊ ငှက်ဖျားပိုးက ထွေးထွေး ၊ လူတွေက ကွေးကွေး ချင်ပေမဲ့ မကွေးနိုင်ဘူး ဖြစ်ပြန်တော့ တုန်ချိနေရင်းက ရွှေကျင်ဖို့ ဗန်းလေးကိုင်ပြီး မှော်ထဲ တိုးရတယ် ဆိုပဲ။ ငှက်ဖျားကြောင့် သေတာက မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ၂၀၀၆ စစ်တမ်း အထိကို သူက နံပါတ်ဝမ်း ပါပဲတဲ့။ အဲဒီထိ ဗိုလ်စွဲထားတာပါ။ သူသာတတ်လာရင် အို . . .စောင် ၅ ထပ်နဲ့ လူ ၄ ယောက်လောက် ဖိထား ၊ သူကတော့ ပရောဂ မှန်ရင် တုန်ဆင်းသွားမယ် ဆိုတဲ့ အတိုင်းပဲ။ အဲဒီ အပေါ်က လူတွေကိုတောင်မှ တုန်ဆင်း ပြေးခိုင်းတာ။ အဲဒီလောက်ကို ဆိုးတယ်။
ဒါပေမဲ့ မပူလေနဲ့ . . . မပူပါလေနဲ့။ အနာသိ ဆေးရှိ ဆိုသလို။ ရောဂါဒဏ်တွေ ခံစားနေရတော့လည်း ရောဂါကို စေတနာနဲ့ ကုပေးချင်နေတဲ့ လူတွေ ၊ ဆေးရုံတွေ သူတို့ဖာသာ ပေါ်လာတယ်။ ဟောဗျာ . . အံ့သြစရာ မကောင်းဘူးလား။ အလကား ၊ အခမဲ့ ၊ ဖရီး ( Free ) ၊ နိုးမန်းနီး ပါတဲ့။ တကယ်ဗျ . . . အဟုတ် ပြောတာ. . ။ တကယ်ကို အဲဒီလို ပေါ်လာတာ။ လာဖွင့်ပေးတဲ့ လူတွေကတော့ တခြားက မဟုတ်ဘူး။ ဟိုဘက်ကမ်း က မီးထိန်ထိန် ဖြစ်နေတဲ့ ကျွန်တော်တို့ ပေါက်ဖော်ကြီးတွေ ဆီကတဲ့ဗျာ။
“ စောင်ရှိစောင်ခြုံ ၊ ခြင်ထောင်ရှိ ခြင်ထောင်ခြုံ ၊ ခြံစည်းကျော် ခွေးဆွဲ ” ( တရုတ်သံဖြင့် ဖတ်ရန် ) ဆိုသကဲ့သို့ တရုတ်စကားများ ပြောသော ကိုကိုပေါက်ဖော်ကြီးများ လာဖွင့်တာပါ။ ဟီးဟီးထနေအောင် ဆောက်လုပ်ထားတဲ့ ဆေးရုံကြီးမှာ အလကားကို ထမင်းကျွေး ၊ နင်းပေး ၊ ရေမိုးချိုးပေး ဆိုပြီး ကုသပေးတာတဲ့။ ဟုတ်နိုင်ပါ့မလား မမေးနဲ့ဦး။ ဘာလို့လဲ ဆိုတော့ အဲဒီလို ကျွန်တော့် အဖေ ပြောပြနေတုန်း ကျွန်တော့် အဖေကို ကျွန်တော်ကလည်း မေးခဲ့တာကိုး။ တကယ်ကို ရှိနေခဲ့တာ ၊ ရှိလည်း ရှိနေသေးမယ် ထင်တယ်။
ထမင်းလည်း ကျွေး ၊ နင်းလည်းပေး ၊ ဆေးလည်း ကုသပေး ဆိုမှတော့ အလကားရရင် “ ရေကို ပါဆယ် ထုပ်မယ် ၊ တောမီးကို ချွေးထွက်အောင် လှုံမယ် ၊ ငါးအရိုး သွားကြားထိုးတံ လုပ်မယ် ” ဆိုတဲ့ ကျွန်တော်တို့ ၁၃၅ လူမျိုးပေါင်းစုံကလည်း အဲဒီဆေးရုံကို သွားပြီး မြန်မာနိုင်ငံသား ပီပီ တစ်ခုခု ဆိုရင် အုတ်ရောရော ၊ ကျောက်ရောရော စာရင်းပေး ကြတာပေါ့။ လုပ်ပါဦး ကျွန်တော့် နာမည်လေး အရင်ရေးပေးပါ။ ကျွန်တော် အရင်ရောက်တာဗျ။ ကျွန်မ နာမည်လေး အရင်သွင်းလိုက်ပါ အိမ်မှာ ကလေးငိုနေ လို့ ဆိုတာမျိုးလေးတွေပေါ့။
တချို့ကျတော့လည်း နေမကောင်းတာက နည်းနည်း ၊ စားစရာ မရှိ ၊ ဝတ်စရာ မရှိ ၊ နေစရာ မရှိ ဖြစ်လာရင် အဲဒီ ဆေးရုံမှာ သွားနေလိုက်တယ် ဆိုပြီးတော့တောင်မှ တဘောင် စကားတွေက ပေါ်လာသေး။ တစ်ဘောင်ကနေ နှစ်ဘောင် ၊ နှစ်ဘောင်ကနေ သုံးဘောင် ၊ နောက်တော့ လေးဘောင်လည်း ပြည့်ရော ထွက်မရတော့ဘူး ဆိုတဲ့ ပိတ်ကစားနည်း အတိုင်းပေါ့လေ။ ဘာဖြစ်တာလဲ လို့ သူတို့ မေးတယ်။ ကျွန်တော် ငှက်ဖျားပါ။ ဟုတ်လား . . . လို့ ဆိုတယ်။ ပြီးတော့ စမ်းသပ်တယ်။ နောက်တော့ ဆေးထိုးပေးတယ်။ သောက်ဆေးပေးတယ်။ သူတို့ ဆေးမှတ်တမ်းမှာ ဘူးသီးကြော် ၊ ပဲပင်ပေါက်ကြော်တွေကို ကြောင်ခြစ် လက်ရေးနဲ့ ရေးတယ်။ လိုက်မဖတ်နဲ့ ကိုယ့်ဖာသာ ကိုယ်တောင်မှ ခေါင်းမူးနေတာ လှဲနေ . . . ပိုမူးမယ် . . အဲသလို . . အဲသလို . . . နားလည်း မလည်ဘူးလေ။
ဆေးသောက်လိုက်တော့ ပေါ့ပါးသွားသလိုပဲ ၊ တော်တော် တော်တဲ့ ကိုကိုပေါက်ဖော်တွေ ၊ ကျန်းမာပါစေ ၊ ချမ်းသာပါစေပေါ့။ အဖျားတွေ ဘာတွေလည်း ပျောက်လို့ ၊ ဒီတော့ ကြာကြာ မနေနိုင်ဘူး။ ပိုက်ပိုက် လာရှာတာ မဟုတ်လား။ တော်တော် ကောင်းသွားတာနဲ့ ဆင်းချင်နေပြီ။ မဆင်းပါနဲ့ဦး ရောဂါကို ပျောက်အောင် ကုပါတဲ့။ ထမင်းကျွေး ၊ နင်းပေး ၊ ဆေးကုပေး ၊ အဝတ်အစား ပေးတဲ့ အပြင်ကို ဆေးရုံ တတ်နေစဉ်မှာ သုံးဖို့ ထောက်ပံ့ကြေးတောင်မှ ထုတ်ပေးလိုက်သတဲ့။ နိပ်ဟ ( တတိယအကြိမ် နိပ်ခြင်း ) “ အမေရယ် . . . အမေ့သား ကောင်းစားနေတာကို မြင်စေချင်လိုက်တာ ၊ အမေ့ကိုတောင်မှ ဒီဆေးရုံကို ခေါ်ထားချင်သေး . . .” ဆိုပြီး အိပ်မက်တွေ ဘာတွေတောင်မှ မက်လို့ . . . ။
အဲ . . . သူတို့ကတော့ အချိန်မှန်ပဲ ၊ ဆေးထိုးချိန် လာထိုးတယ် ၊ ဆေးတိုက်ချိန် စကပ်တိုတို နဲ့ နပ်စ်လေးတွေက လာတိုက်တယ် ( ဂလု ) ၊ မန်းမန်းလည်း ကောင်းကောင်းကျွေးတယ် ၊ ပိုက်ပိုက်ကလည်း ပေးသေးတယ်။ ကိုယ်ဖြစ်နေတာလည်း အတော် သက်သာသွားတယ်။ နေကောင်းကောင်းနဲ့ နေလိုက်တာ နှစ်ပတ်လောက်ကြတော့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ပြန်ကြည့်လိုက်တာ ဆံပင်တွေ ဖြူကုန်တယ်။ ဟဲ့ ညက်ချွတ်ဖျား ဆိုပြီး ဆရာဝန် ၊ ဆရာမတွေဆီကို ပြေးတော့ ဘာမှ မဖြစ်ဘူး ၊ ရောဂါ ပြင်းတော့ ဆေးရဲ့ အက်ဖက် ဆိုလားပဲ။ အီဖက် ဆိုလားတဲ့။ အက်တတ်တတ် နဲ့ ဖက်ဖက် ၊ အီတတ်တတ် နဲ့ ဖက်ဖက် ဆိုမှတော့ ကောင်းပါတော့မလား . . . ကြည့်စမ်းပါဦး။
ဂတုံးတုံးလိုက်ရင် ကောင်းမလား လို့ စဉ်းစားနေတုန်း ၊ ကိုယ်နဲ့ ဘဝတူ မှော်ထဲမှာ ငှက်ဖျား ဖြစ်နေတဲ့ လူနဲ့ တွေ့တယ်။ သူ့ကို မေးလိုက်တော့ သူကလည်း ငှက်ဖျားနဲ့ လာတတ်တာ ဆိုပဲ။ သူလည်း ငှက်ဖျားတော့ သက်သာပြီး တစ်ကိုယ်လုံးကတော့ ဖောသွပ်ပြီး ယောင်လာတယ်။ နောက်တော့ ဟိုဟိုဒီဒီ လျှောက်သွားမရ ဆိုတဲ့ သူတို့စည်းကမ်းကို ထမင်းရည်ပူ စည်းလို သဘောထားကာ အသာလေး ကျော်ပြီး တခြား လူနာဆောင်တွေကို သွားကြည့်လိုက်တော့ တုပ်ကွေးသမားလည်း သူ့လို ဆံပင်ဖြူ သွားသူတွေ ရှိတယ်။ ကိုယ်တွေ ဖောသွပ်ကုန်သူ ရှိတယ်။ မျက်စိ စွေသွားသူတွေ ရှိတယ်။ ဆံပင်တွေ တစ်ချောင်းမကျန် ကျွတ်ကုန်သူတွေ ရှိတယ်။ အကြော ဆွဲသွားသူတွေ ရှိတယ်။ အသားတွေ နေ့ခင်းကြောင်တောင် မိုးချုပ် သွားသူတွေ ရှိတယ်။ အို . . . အစုံပဲ ဆိုပဲ . . .။
ဆေးရုံက ဆင်းမယ် ဆိုရင် ဆေးပတ် မလည်သေးဘူး ဆိုပြီး ဟိုဟိုဒီဒီ တားနေတဲ့ ဆရာဝန် ၊ ဆရာမ ၊ နပ်စ်တွေ ၊ လုံခြုံရေးတွေ ကြားထဲကနေ နောက်ဆုံး သူလည်း ခိုးကြောင်ခိုးဝှက် ထွက်ပြေး လာရသတဲ့။ တချို့ကတော့ ဘာဖြစ်လို့ ဖြစ်မှန်း မသိဘဲ ၊ ပြန်မလာကြတဲ့ လူတွေလည်း ရှိပြီး ၊ တချို့ကျတော့ ပြန်တော့ လာပါရဲ့။ တုပ်ကွေးနဲ့ သွားလိုက်တာ ဘာဖြစ်မှန်း မသိဘဲ နောက်ဆုံး သေခါနီးမှာ ပြန်ရောက်လာသတဲ့။ ဒါတွေ . . . . ဒါတွေ . . . သူ ဘာမှ မသိပေမဲ့ သူ သိလိုက်တာကတော့ သူ့ကလည်း အချိန်တန်ရင် ငှက်ဖျားက ပြန်ထမြဲ ၊ တစ်ခေါင်းလုံးကတော့ ဆွတ်ဆွတ်ကို ဖြူလို့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆေး မဆိုးရဘဲ ပန့် လိုလို ၊ အီမို လိုလိုနဲ့ အဘိုးကြီးကို ဖြစ်ခဲ့ရတယ် တဲ့။
“ အဲဒါတွေက ဘာဖြစ်လို့လဲ ” လို့ ကျွန်တော့် အဖေက မေးတော့ “ တိဘူး ” လို့ပဲ ဖြေနိုင်ခဲ့တယ်။ တကယ်လည်း သိမှ သိဘဲကိုး။ “ အဲဒါ ဆေးလာစမ်းတာ ” လို့ ကျွန်တော့် အဖေက ပြောတော့မှ လိပ်ပတ် လည်တော့တယ်။ လိပ်က ပက်လက်လှန်ထားရင် တော်တော်နဲ့ မထနိုင်ဘူးလေ ၊ အခုတော့ တပတ်လည်ပြီး ထလာနိုင်ပြီ။ ဆေး ဆိုတာ တကယ့် တရားဝင်ဆိုရင် ကြွက် နဲ့ စမ်း ၊ ပြီးရင် ယုန် ဆိုလား ၊ နောက်တော့ မျောက် ဆိုလား ၊ ဒါတွေနဲ့ စမ်းပြီးမှ ၁၀၀ % သေချာတယ် ဆိုမှ တကယ်ကို ရောဂါ ဖြစ်နေတဲ့ လူကို စမ်းသပ် ကုသကြည့်ရတာ ဆိုပဲ။ အဲဒါ တရားဝင်ပေါ့။ ( ဆိုလား ဆိုလား တွေက ကိုယ်လည်း ဆရာဝန် မဟုတ်တော့ သေချာ မသိလို့ပါ။ ) အဲ . . . ကုသနေရင်း မှားယွင်းမှု တစ်ခုခု ဖြစ်ရင် လျော်ကြေး ဘာညာ လာထားပဲ ၊ ဟုတ်လား . . . ဒီလို ကိစ္စတွေ ကတယ် ရှိလား လို့ ဆိုရင် “ ဒီလိုကိစ္စတွေ တကယ် ရှိပါတယ် ” လို့ ပေါင်ချိန်ကို ပြန်ဖြေလိုက်ပါ။
အခုတော့ အလကား ၊ အခမဲ့ ဆိုပြီး လူတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်း ယူပြီး သူတို့ ဆေး အောင်မြင်ရင် ကမ္ဘာကို ရောင်းစားဖို့ လူကို သတ္တဝါလို သဘောထားပြီး ဆေးလာ စမ်းသွားတာပါ တဲ့။ ဒါဆိုရင်တော့ မနိပ်တော့ဘူးဗျာ . . တကယ်ကို မနိပ်တော့ပါဘူး။ အနိစ္စ ဖြစ်တော့မှာလေ။ အနိစ္စ ဖြစ်ဖို့ အနိပ်ကလေးနဲ့ စနေတာကိုး။ ဒါကို ဗဟုသုတ နည်းတော့ မသိကြဘူး။
“ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးနဲ့ အထိရောက်ဆုံး ဆေးက ဘယ်နိုင်ငံက နည်းပညာလို့ ထင်လဲ ” တဲ့။ ကျွန်တော့် အဖေက မေးဖူးတယ်။ ထုံးစံ အတိုင်းပဲ ကျွန်တော် ခေါင်းခါပြရတာပေါ့။ ဒီတော့ ကျွန်တော့် အဖေက ပြောတယ်။ “ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး ဆေးက ဂျာမနီ ၊ နာဇီတွေရဲ့ ဆေးပဲ ” တဲ့။ အမ်. . . ဟမ် . . . ဟမ်. . . ဘယ်က နာဇီက ပါလာတာလဲ ပေါ့လေ။ ဟုတ်တယ်. . . ဟစ်တလောခေတ်မှာ ဖမ်းထားတဲ့ ဂျူးပေါင်းများစွာကို ရောဂါပိုးတွေ ထိုးထည့်ပြီးတော့ စမ်းသပ်ခဲ့တဲ့ ဆေးပဲ။ လူတွေနဲ့ တိုက်ရိုက် စမ်းသပ်ခဲ့တာ။ ရောဂါကြောင့်လည်း လူပေါင်းများစွာ ရောဂါကြောင့် သေကြေခဲ့ပြီး ဒဏ်ခံခဲ့ရတာပါပဲ တဲ့။
ဒါကြောင့် အဲဒီဆေးဟာ လူနဲ့ တိုက်ရိုက် စမ်းသပ် ထုတ်လုပ်ထားတာ ဖြစ်တော့ တကယ်လည်း အစွမ်းထက်တယ်။ ဂျာမနီ နာဇီတွေရဲ့ ဆေးက အပြာရောင် ၊ အနီရောင် ၊ အစိမ်းရောင် စတဲ့ အရောင်လေးတွေနဲ့ လုပ်ထားတဲ့ အရည်လေးတွေချည်းပဲ။ တခြား ဘာမှ ထူးထူးခြားခြား မဟုတ်ဘူး။ ဒါပေမဲ့ တကယ်ကို ဆေးစွမ်းက ထက်တယ်။ ထိရောက်တယ်။ ဒါပေမဲ့ ကမ္ဘာကတော့ သူ့ရဲ့ ဆေးကို လူအသက်နဲ့ ရင်းပြီး ထုတ်တဲ့ ဆေးမို့ ပယ်ထားကြတယ်။ သူ့ကို လူရာ မသွင်းဘူး။ နောက်တော့ နာဇီတွေ ကျရှုံးတော့ သူတို့နဲ့ အတူ ဒီဆေးပညာကလည်း ပျောက်သလို ဖြစ်ပြီးတော့ အဲဒီ ဆေးဆရာတွေက ကမ္ဘာအနှံ့ကို ပုံစံမျိုးစုံနဲ့ ရောက်နေခဲ့တယ်။ သူတို့ကို မြန်မာလို ဆိုရင်
“ မြေလျှောက်သမားတော် ” လို့ ခေါ်ကြတယ်။ သူတို့က အဲဒီလို အနေနဲ့ ကမ္ဘာကို လျှောက်သွားပြီး ကြုံတဲ့ လူတွေကို ကုသလေ့ ရှိတယ် လို့ ပြောပြဖူးတယ်။
ဒီ “ မြေလျှောက် သမားတော် ” အကြောင်းကို ကျွန်တော် ဖေဖေ ပြောပြလို့သာ ကြားဖူးပေမဲ့ ကျွန်တော့် ညီ ဝမ်းကွဲက ဒုတိယနှစ် ဆေးကျောင်းသားနဲ့ ပတ်သတ်ပြီးတော့ တကယ်ကို ကြုံခဲ့ရဖူးပါတယ်။ သူက ဘောလုံးကန်တာ အလွန် ဝါသနာပါ ပါတယ်။ သူ အပူရှပ်ပြီး ဖျားတော့ ဆေးရုံကို တင်ရတဲ့ အထိ ဖြစ်ဖူးတယ်။ ရောဂါ ရှာမရဘူး။ ( အခု တလော နာမည်ကြီးနေတဲ့ ပြည်မြို့က အဖြစ်အပျက် အတိုင်းပါပဲလေ ) နောက်ဆုံးတော့ လက်လျော့ပြီး အိမ်ပြန် ခေါ်လာခဲ့တယ်။ အဲဒီမှာ အဘိုးကြီး တစ်ယောက်ကို အသိတစ်ယောက်က ခေါ်လာတယ်။ မြန်မာ သမားတော်လည်း မဟုတ်ဘူး။ ကျွန်တော့် ညီကလည်း အိပ်ယာက မထနိုင်တော့ဘူး။ ဆရာဝန်တွေကလည်း ဆရာဝန် ဖြစ်လာမဲ့ လူကို လက်လျော့ထားလိုက်ရပြီ။ အိမ်မှာပဲ ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေတုန်း အဲဒီ အဘိုးကြီးနဲ့ ကြုံတယ်။
သူက ကျွန်တော့်ညီ လက်ကောက်ဝတ်ကို စမ်းပြီးတော့ “ ဘာမှ မဖြစ်ပါဘူး ၊ ကောင်းသွားမှာပါ ” တဲ့။ ရုပ်ရှင်ထဲကလို ဝမ်းသာတဲ့ မျက်နှာတွေ လုပ်မပြနိုင်ပါဘူး။ ဆေးရုံက ဆရာဝန်တွေကိုက ရောဂါ ရှာမရဘဲ လက်လျော့လိုက်တာကိုး။ အပ မှီသလိုလို ၊ ပယောဂ ဝင်သလိုလို ထင်လို့ ဟိန်း ၊ ဟောက်တဲ့ ဆရာတွေကိုလည်း ခေါ်ပြီးပေါ့။ ဘာ ပူးတယ် ၊ ဘာ နှောက်ယှက်တယ် ဆိုပြီး ပွဲတွေလည်း ပေး ၊ သိုက်တွေလည်း ခေါ်တာပဲ မရဘူး။ သူ့အစ်ကို အရင်း ( ကျွန်တော့်ညီဝမ်းကွဲ နောက်တစ်ယောက် ) က ဓါးကိုင်ပြီး သူ့ညီကို ပယောဂ ဝင်တယ် ဆိုပြီး ကြိမ်လုံးနဲ့ ရိုက်လို့ကတော့ ခုတ်မယ် လုပ်နေလို့ ထင်ပါတယ်။ ပယောဂ ဆရာတွေလည်း သူတို့ မနိုင်ဘူး ဆိုပြီး လစ်ကုန်တာပါပဲ။ တကယ်တော့ မနိုင်တာက ဓါးကိုင်ထားတဲ့ မျက်ထောင့်နီနဲ့ ကောင်ကို ထင်တယ်။ သူတို့ ဇတ်ပြုတ်မှာ ကြောက်တာ နေမှာ။
အဲ . . အဲဒီ အဘိုးကြီးကတော့ အေးဆေးပါပဲ။ လက်ကောက်ဝတ်လေးကို ကိုင်ကြည့်ပြီး ဈေးထဲက ဇာတိပ္ဖိုလ်သီး နှစ်လုံး ဝယ်ခိုင်းပြီး ကျောက်ပျဉ်မှာ သွေးပြီး တိုက်ခိုင်းတယ်။ ဇဝေဇဝါနဲ့ တိုက်ရနိုးနိုး ဖြစ်နေသေးတယ်။ နောက်တော့ ဆရာဝန်တွေကတောင်မှ လက်လျော့ထားတာပဲလေ ဆိုပြီး သွေးတိုက်လိုက်တော့ ၁၀ မိနစ်ပဲ ကြာတယ် ၊ တကိုယ်လုံး အကွက်အကွက်တွေ ထလာတယ်။ အဘိုးကြီးက ပြောတယ်။ “ တွေ့တယ် မဟုတ်လား ၊ ဘာမှ မဖြစ်ဘူး ၊ သူ အပူရှပ်နေတာ ” တဲ့။ မိုးရွာ မရှောင် ၊ နေပူ မရှောင် ဘောလုံးကန်တဲ့ အကျိုးတွေပေါ့။
နောက်ထပ် သောက်ဖို့ဆေး ဆိုပြီး အရည်လေး သုံးလေးမျိုး စပ်ပြီး သုံးရက်စာ ပေးခဲ့တာမှာ နှစ်လကျော် ဆေးရုံမှာ ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေတဲ့ ကောင်က နောက်တစ်ပတ်လောက် နေတော့ ဘောလုံး ထွက်ကန်နေလို့ သူ့အဖေက ကြိုးတုပ်ထားသတဲ့။ အဲဒီ အဘိုးကြီးကို “ လင်ကြီး ဇီးကပ်နေတဲ့ ဆေး . . လင်ဇီးဆေး ” လိုမျိုးလည်း သိန်းနဲ့ ချီပြီး ပေးဝယ် မသောက်ရပါဘူး။ နောက်နေ့ လာမှ ပေးပါ ဆိုပြီး အဲဒီအထဲက ဘယ်ပျောက်သွားမှန်းကို မသိတော့တာပါပဲ။ ဒီအကြောင်းတွေကို ဟိုနေ့ကတောင်မှ ကျွန်တော်. . . ညီလို ကောင်လေး တစ်ယောက်ကို အကျယ် ပြောပြနေမိ ပါသေးတယ်။ ( အခြေအနေ ပေးရင် ကျွန်တော် အကျယ်ရေးပါဦးမယ်။ ) အခုတော့ လင်ဇီး အကြောင်းကိုပဲ ဆက်ပြောရအောင်. . . .။
လင်ဇီး မကောင်းဘူး ၊ ကောင်းတယ် လို့တော့ ကျွန်တော် မပြောပါ။ လင်ဇီးနဲ့ ကျွန်တော် ဝင်ငွေဖြောင့် နေရင်တော့ “ လင်ဇီးဆေးကလေ အရမ်း အရမ်းကို ကောင်းတာပါပဲ ရှင် ” ဆိုပြီး ဟိုကြော်ငြာ မင်းသမီးလို လေသံနဲ့ ကျွန်တော် ပြောမှာပါပဲ။ အဲ . . . နားထောင်မိတဲ့ လူကသာ “ ဘာကောင်းတာလဲ ဟင် ၊ မင်း ဝင်ငွေ ကောင်းတာလား ၊ ဆေးက ကောင်းတာလား ” လို့ ပြန်မေးရမှာပါ။ မဟုတ်ရင်တော့ ကျွန်တော့် ရင်ထဲမှာ
“ လင်ဇီးကြောင့် ငါဝင်ငွေ ကောင်းတာလေ ” လို့ ပဲ့တင်ထပ်နေမှာပါ။
အခု ကျွန်တော် စာပို့စ်ကို ရေးတာက လင်ဇီး အရောင်းကိုယ်စားလှယ်တွေရဲ့ ထူထဲလှသော မေတ္တာကို ခံယူချင်လို့ မဟုတ်သလို ၊ လင်ဇီး ကုမ္ပဏီတွေရဲ့ ကွန်ပျူတာမှာ ကျွန်တော့် ဘလော့ကို ဖွင့်ပြီး ချေးနဲ့ ငုံထွေးတာကို ခံချင်လို့လဲ မဟုတ်ရပါဘူး။ အားလုံးကို နည်းနည်းလေး စဉ်းစားမိစေချင်လို့ပဲ။ ဒါကို သုံးလို့ ၉၆ ပါး ရောဂါတွေ ပျောက်မယ်။ AIDS ပျောက်မယ် ၊ ကင်ဆာ ပျောက်မယ် ဆိုရင် နည်းနည်းလောက် စဉ်းစားကြည့်ဗျာ။ ကမ္ဘာ့ ဆေးသုတေသနက AIDS ကုသဆေး ၊ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပါပြီ ၊ ကင်ဆာ ကာကွယ်ဆေး ၊ ကုသဆေး ထုတ်လုပ်နိုင်ပါပြီ။ ဒီဆေးဟာ
“ လင်ဇီး ” က ထုတ်လုပ်ပါတယ် ဆိုပြီးတော့များ ပြောတာ ကြားမိပါသလားဗျာ။
အဲဒီလို လက်သိပ်ထိုး ဆေးကြော်ငြာတွေ တွေ့ရင် ကျွန်တော် ဟိုတီဗီက လူသိရှင်ကြား ကြော်ငြာတဲ့ ဆေးကြော်ငြာကို သွားသွား သတိရမိတယ်။
“ စားသုံးသူ လုပ်သား ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှီလိုက်ပြီး မထုတ်လုပ်နိုင်တဲ့ အတွက် စားသုံးသူ ပြည်သူများကို အထူးပဲ တောင်းပန်ပါတယ်။ ကျွန်တော်တို့ အလျင်မှီအောင် ကြိုးစား ထုတ်လုပ် ပေးပါ့မယ်။ ”
ဆိုတဲ့ ကြော်ငြာကို ပေါ့ဗျာ။ သူ တောင်းပန်တာကိုလည်း ကြည့်ဦးလေ။ ဘယ်သူမှ မသုံးတဲ့ သူ့ဆေး အတွက် ဘယ်လောက်တောင်မှ ဂုဏ် ရှိလိုက်ပါသလဲ။ ကျွန်တော်တို့ သွားတတ်ခဲ့တဲ့ လင်ဇီး ဟောပြောပွဲမှာ ဒီလင်ဇီးဟာ ဘယ်လောက် ရှားပါးတယ် ၊ ဘယ်လိုတောင်မှ ခက်ခက်ခဲခဲ စိုက်ပျိုး ရတယ် ဆိုတာတွေတောင်မှ ပါပါသေး။ ဒီလိုပဲ ပြောရမှာပေါ့ဗျာ။ ဒီလင်ဇီးကတော့လေ လမ်းဘေးက ခွေးသေးပန်းပင်တွေ လိုပါပဲဗျာ ပေါလိုက်တာမှ ၊ ကျွန်တော်တို့ ကန်တော်ကြီး စောင်းက နုတ်ပြီးတော့ လာရောင်းတာပါ ဆိုရင် ဘယ်လိုလုပ် စိတ်ဝင်စားတော့မလဲ။
အဲဒီလို . . . . အဲဒီလို ဟိုဟိုဒီဒီက သိတဲ့ တတ်တဲ့ နားလည်တဲ့ လူကြီးသူမ ၊ ဆရာဝန် ၊ ဆေးပညာ ကျွမ်းကျင်သူတွေကို မေးအပြီး မှာတော့
ကျွန်တော် လက်မတင်လေးတင် လူတွေကို တဖက်လှည့်နဲ့ သတ်မိတော့မလို ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုကနေ လွဲခဲ့ရပါတော့တယ်။ နို့မို့ဆို ပိုက်ဆံ မျက်နှာ တစ်ခုတည်းနဲ့ လူတွေကို . . “ ကောင်းတယ် . . . အရမ်းကောင်းတာ . . အဒေါ်တော့ စားနော် ၊ ကျွန်တော်တော့ မစားသေးဘူး ” ဆိုပြီး လိမ်ရောင်းမိဦးမလား မသိပါဘူး။ ဒါမှ မဟုတ်ရင်လည်း ကျွန်တော့် မိဘတွေသာ ဗဟုသုတ နည်းခဲ့ရင် ကျွန်တော် ဒီ လင်ဇီးကို တိုက်ကျွေးမိပြီး မိဘကို ပြန်သတ်မိသော
“ ကံကြီးထိုက်သူ ” ဖြစ်လာဦးမလား မဆိုနိုင်ပါဘူး။
ရောဂါ လက္ခဏာတွေ ပြလာရင်တောင်မှ “ ဒါဟာ အရင်က ရောဂါတွေ ထကြွလာတာ ၊ ဘာမှ စိတ်မပူနဲ့ ဆက်သာ သောက် . . ” ဆိုပြီး ပါးစပ်က ပြောမိပြီး စိတ်ထဲကတော့ “ ဆက်သာသောက်. . နောက်ဆုံး သေရင် ပျောက်သွားမှာပဲ ” ဆိုကာ ပိုက်ဆံ မျက်နှာ တစ်ခုတည်း ကြည့်ကာ ပြောမိနေမလား မသိပါ။ ဒါပေမဲ့ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော်တင်မဟုတ်ပါ။ ကျွန်တော်တို့ သူငယ်ချင်း အားလုံးနဲ့ ရပ်ကွက်က လူတွေ အားလုံး ကံကောင်းခဲ့ပါတယ်။
နောက်ထပ် . . .နောက်ထပ် လာလုပ်တဲ့ လင်ဇီး ဟောပြောပွဲတွေမှာ သူတို့ ကျွေးသမျှကို စားပြီး ကျွန်တော်တို့ထဲက အလွန် စကားတတ်သော “ ကိုသက် ၊ မျိုးဇော် ၊ ဝင်းထွန်း ၊ ဖိုးလပြည့် ” စသူတို့နဲ့ သူတို့ကို ကျွန်တော်တို့ အုပ်စုလိုက် အင်အား ကောင်းကောင်းနဲ့ မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။
“ အဲဒီဆေးကို ဦးလေးတို့ ကိုယ်တိုင်ရော သုံးနေလား ”
“ အခု နမူနာ အနေနဲ့ တစ်လုံးလောက် သောက်ပြပါလား ”
“ ဒီမှိုက ဒီလောက် ရှားတယ်လည်း ပြောသေးတယ်။ အခု နမူနာ ပြထားတော့လည်း မှိုတွေက အများကြီးပါလား ”
“ ကင်ဆာ ရောဂါ ပျောက်တယ် ဆိုတဲ့ ဆေးဝါးအဖွဲ့က ထောက်ခံချက် ရှိလား ”
ဘာညာ အစုံပဲ ကျွန်တော်တို့ ရပ်ကွက်ကို ရောက်လာတိုင်း ဝိုင်းပြီး ပေါက်ပေါက် ဖောက်လိုက်တာမှာ နှစ်ခေါက်ထပ် ပိုမလာတော့ပါဘူး။ သူတို့မှာ အတည်ကို ပြောလို့ကို မရတော့ဘူးလေ။ ကျွေးတာတွေ တနင့်တပိုး စားပြီး သူတို့ကို အောက်ကနေ အားမနာ လျှာမကျိုး ဟာသ လုပ်နေတော့ စိတ်ပျက်သွားပုံ ရပါတယ်။ ရိုင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူဆိုတာ ဒီလိုပဲ ကိုယ့်အသက် ၊ ကိုယ်နဲ့ ပတ်သတ်နေတဲ့ လူတွေ အသက်ကိစ္စ မဟုတ်လား ၊ မေးမေးမြန်းမြန်းလေးတော့ လုပ်သင့်တာပေါ့ဗျာ။
ရောဂါ လက္ခဏာ တစ်ခုခု ပြလာရင် မရေမရာ သူတို့ ပြောနေကြ အတိုင်း . . . “ အဲဒါ ရောဂါဟောင်းတွေ ကြွတတ်လာတာတို့ ၊ ဆေးရဲ့ အရှိန်ပြလာတာတို့ ၊ ဆေးနဲ့ ရောဂါ နဲ့တော့ တွေ့နေပြီ ” ဆိုတာတို့ကတော့ နည်းနည်းတော့ ရိုးအီသင့်နေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်က သူငယ်ချင်းတွေ နောက်ပြောသလို . . .
“ ပါရာစီတမော နဲ့ ဟိုဟာ နဲ့ အတူတူ မသောက်နဲ့ ၊ မတည့်ဘူး ” ဆိုတာမျိုးပေါ့။
“ ဘယ်ဟာနဲ့လဲ ” ဆိုတော့မှ . . . .
“ ကြွက်ဆေး နဲ့လေ ” ဆိုပြီး ပြန်ဖြေဖူးပါတယ်။ ကြွက်ဆေးနဲ့ကတော့ ဘာနဲ့ သောက်သောက်ပေါ့ဗျာ နော့။ မယုံရင်လည်း စမ်းကြည့်ကုန်ပါလော့။ တကယ်ကို သေပါတယ်။ ခပ်ပြင်းပြင်းလေးသာ ချပါ။
ကျွန်တော် အကျဉ်းချုပ်ပြီး နိဂုံး အနေနဲ့ ပြောချင်တာကတော့ . . . .
ဒီပို့စ် ရေးတာဟာ လင်ဇီး ကုမ္ပဏီကြီးများရဲ့ ပို့သသော မေတ္တာ အကြည်ဓါတ်ကို ခံယူလို၍ မဟုတ်သလို ၊ အရောင်း ကိုယ်စားလှယ်ကြီးများရဲ့ ချေးနဲ့ ငုံထွေးတာကို ခံချင်လို့လည်း မဟုတ်ရပါ။ သူတို့ကိုလည်း ညဥ့်ဘက်မှာ အိပ်မက် မကောင်းတာတွေ ဝူးဝူးဝါးဝါးနဲ့ မမက်စေချင်ပါ။
အထက်က ကျွန်တော် ပြောပြခဲ့သလို သူများရဲ့ ဒီဆေး ကောင်း မကောင်း စမ်းသပ်တဲ့ အရာကို ကိုယ်က ပိုက်ဆံနဲ့ ဝယ်ကာ အစမ်သပ်ခံတယ် ဆိုရင်တော့ အလွန်ကို . . . ( ထပ်ပြောပါရစေ ) အလွန်ကို မိုက်မဲလွန်းရာ ကျပါလိမ့်မယ်။ တရုတ်နဲ့ နယ်စပ်မှာ လာဖွင့်တဲ့ ဆေးရုံကမှ အလကား ဆေးလာ စမ်းပြီး ထောက်ပံ့ကြေး ရပါသေးတယ်။ အခုတော့ သူတို့ ဆေးစမ်းတာကို ကိုယ့်ပိုက်ဆံနဲ့ အစမ်းခံတယ် ဆိုတာကတော့ တကယ်ကို လွန်လွန်သွားပြီ မဟုတ်ပါလား။
လင်ဇီးဆေးကို မကောင်းဘူး ၊ လုံးဝ မကောင်း ၊ ဖင်ဘူးထောင် မကောင်း ၊ ဖင်ပိတ် မကောင်း လို့လည်း ကျွန်တော် မပြောပါ။ ကောင်းလား လို့ မေးခဲ့ရင်တော့ “ ကောင်းရင်လည်း ကောင်းမှာပေါ့ . . . . . လေ ” လို့ ကျွန်တော် မျက်နှာလွဲကာ အားနာပါးနာ ဖြေပါ့မယ်။ ပြီးမှ . . . “ ငါကတော့ မသုံးဘူး . . . မင်း အရင် သုံးပြ ” လို့ပဲ ပြောချင်ပါတယ်။ “ ကောင်းရင်တော့ အလကား ပေးသုံးနော် ” လို့လည်း တောင်းဆိုးချင်ပါ သေးရဲ့။
လင်ဇီးဟာ တရုတ်က ထုတ်လို့ . . . ၊ တရုတ် ရိုးရာဆေး ဘာညာ သာရကာ နေကြာကွာစိ မို့ ၊ အလကားကုပြီး ဆေးစမ်းတဲ့ ဆေးရုံကလည်း တရုတ်ကမို့လို့
“ ဆွေမျိုး ပေါက်ဖော် တရုတ်ကြီး ” တွေကို မကောင်းဘူးလို့ ကျွန်တော် ပြောခြင်း မဟုတ်ပါ။ ဒီလို ပြောရင် ကျွန်တော်တို့ ဆွေမျိုးပေါက်ဖော် တွေကိုလည်း တရုတ်နှစ်သစ်ကူး နားနီးမှ စော်ကားသလို ဖြစ်နေမှာပါ။ ပြီးတော့ အခုက တရုတ်နှစ်သစ်ကူးခါ နီးကြီးပါ။ ဟိုဘဝမှာ ရွှေစက္ကူ ၊ ငွေစက္ကူ စောင့်နေတဲ့ ဘိုးဘွား ဆွေမျိုးပေါက်ဖော်တွေ ကျွန်တော့်ကို ကလော်တုပ် နေပါဦးမယ်။ ဒါပေမဲ့လည်း ဖြစ်ခဲ့တာကိုတော့ ဖြစ်ခဲ့တယ် ၊ မဟုတ်တာကိုတော့ မဟုတ်ဘူး လို့တော့ ပြောရမှာပါပဲ။ ကောင်းတာတွေ တွေ့တဲ့ အခါလည်း ကောင်းတယ် လို့ ကျွန်တော် ပြောမှာပါပဲ။
အခုတော့ .. . . လင်ဇီး အကြောင်းကတော့ ဒီလောက်ပဲ ပြောချင်တယ်ဗျာ။ တကယ်တော့ သေချာ စဉ်းစားကြည့်ပါ။ သူ့နာမည်ကိုက ကျက်သရေကို မရှိတာ။ ဖောက်လွှဲဖောက်ပြန်လည်း ဖြစ်နေသေးတယ်။ ဘယ်နှယ့်ဗျာ . .
“ လင်ကြီးကို ဇီးကပ် ခိုင်းရတယ် ” လို့ ၊ ဟုတ်ကို မဟုတ်သေးဘူး ထင်တာပဲ။
*** မကျေနပ်သူများ ချေးနဲ့သာ ငုံထွေးသွားကြပါကုန်လော့ :P ***
လေးစားစွာဖြင့်
ကိုဇော်
အိုဘဲ့ . . . . လင်ဇီး