တစ်ခါက...
မင်းညီလာခံမှာ ဘုရင်ကြီးက ပညာရှိ အမတ်ကြီးကို မေးသတဲ့..
“ အမတ်ကြီး...လောကမှာ လူနုံလူအ ဆိုတာ ဘာလဲ...။ ”
ဒီတော့ အမတ်ကြီးက ...
“ အရှင်မင်းကြီး... လောကမှာ ကိုယ်ကိုယ်တိုင်လည်း မျက်မြင် မတွေ့ ၊ ကိုယ်ကိုယ်တိုင်လည်း မတွေ့ကြုံရပဲ..သူများပြောတဲ့ အတိုင်း လက်ခံနားထောင် ယုံကြည်တဲ့သူကို လူနုံလူအ လို့ ခေါ်ပါတယ်..။ ”
ဒီတော့...ဘုရင်ကြီးက....
“ အမတ်ကြီး ငါသဘောပေါက်တော် မမူဘူးကွဲ...။ ငါ သဘောပေါက်အောင် ဥပမာလေးနဲ့ ပြောပြစမ်းပါ။ ”
လို့ ပြောတော့..အမတ်ကြီးက....
“ မှန်လှပါ..အရှင်မင်းကြီး။ ကျွန်တော်မျိုး အခုနေ ဥပမာပြရမှာ ခက်ခဲလှပါတယ်။ နောင်တစ်နေ့ ကြုံရင် တပည့်တော် ဥပမာ ပြပါမယ် အရှင်မင်းကြီး..”
လို့ ဖြေသတဲ့။ ဒီလိုနဲ့ လပေါင်း အတော်ကြာတော့ ဘုရင်ကြီးနဲ့ အမတ်ကြီးဟာ နိုင်ငံရဲ အခြေအနေကို စစ်ဆေးဖို့ တော်ရွာလေး တစ်ရွာကို သွားရောက်စစ်ဆေးဖို့ ကိစ္စပေါ်လာတယ်။ ဒါပေမဲ့..သူတို့ဟာ ဒီရွာက သူကြီးတွေ မသိအောင် စစ်ဆေးရမှာ ဆိုတော့ နှစ်ယောက်သား သာမာန်လူတွေလို ဝတ်စားပြီး ထွက်လာခဲ့သတဲ့။
ဒီလိုနဲ့ ရွာကို မရောက်ခင် တောအုပ်တစ်ခုကို ဖြတ်ရတော့...သူတို့ရဲ့ ရှေ့မှာ ရွာသား ခရီးသွားတစ်ရောက်လည်း သူတို့လိုပဲ အထုပ်လေး ကို တုတ်လေးနဲ့ လျှိုထမ်းပြီး ခရီးသွားနေတာ တွေ့ရတယ်..။
ဒီလိုနဲ့ တောအုပ်ကို တော်တော်ဖြတ်မိတော့...နေမွန်းတည့်ရော သူတို့ ရှေ့က ခရီးသွားဟာ သစ်ပင်တစ်နေရာမှာ ထိုင်ပြီး ပါလာတဲ့ ထမင်းထုပ်လေးကို ထုတ်ပြီး ဖြေစားသတဲ့။ ဒီတော့ ရုပ်ဖျက်ထားတဲ့ ဘုရင်ကြီးနဲ့ အမတ်ကြီးဟာလည်း ပါလာတဲ့ ထမင်းထုပ်လေးကို ထုတ်ပြီး ဖြေစားကြတာပေါ့လေ။
ဒီလိုနဲ့ စားနေပေမဲ့ သူတို့ အရင်စားတဲ့ ခရီးသွားကြီးဟာ တွေတွေငေးငေးနဲ့ ထမင်းစားနေတာ ဆိုတော့ သူတို့သာ ပြီးတာ ခရီးသွားကြီးက မပြီးသေးဘူး။ ဒီအချိန်မှာ ခရီးသွားကြီးနားကို လာပြီး အစာတောင်းတယ်..။ ဒီတော့ တွေတွေငေးငေး စားနေတဲ့ ခရီးသွားကြီးဟာ ခွေးကို ကြည့်ပြီး သူစားနေတဲ့ ထမင်းထုပ်ကနေ ခွဲပြီး ဖက်လေးတစ်ရွက်နဲ့ ချကျွေးသတဲ့။ ဒါကို မြင်တော့ အမတ်ကြီးဟာ...ခရီးသွားကြီးနားကို သွားပြီး
“ ခင်ဗျားက ခွေးတော်တော်ချစ်တတ်တယ် ထင်တယ်နော်။”
လို့မေးလိုက်တယ်...။ ဒါကို ခရီးသွားကြီးက....
“ ချစ်တာပေါ့ဗျာ။ ခွေးတွေက သခင်အပေါ် တကယ် ဂရုစိုက်တယ်ဗျာ။ ”
ဒီလြိုပန်ဖြေတယ် ဆိုရင်ပဲ အမတ်ကြီးက...
“အေးဗျာ...ပြောရတာ တော့ စိတ်မကောင်းပါဘူး။ ခင်ဗျားအိမ်က ခွေးကတော့ သေရှာပြီဗျာ။ ”
“ ဟင်...ဘယ်လိုဖြစ်တာလဲဗျာ...။”
“ ပိုးထိတာလေဗျာ...။ ”
“ ဟာ...ဘယ်မှာ ထိတာလဲ။ ကျွန်တော့် အိမ်မှာပဲလား။ အိမ်မှာ မြွေတွေ ပေါနေပြီ ထင်တယ်။”
“ အေးဗျာ။ ဒီတော့ ခင်ဗျား အိမ်မှာ လိုက်ကျောင်းမဲ့ ခွေးက မရှိလေတော့ခင်ဗျား မြင်းကြီးလည်း ဆုံးရှာပြီဗျာ။ ”
“ ဗျာ။ ဘယ်လိုဖြစ်တာလဲဗျာ။”
ဆိုပြီး ခရီးသွားကြီးဟာ စားလက်စ ထမင်းလုပ်ကို ပါးစပ်ထဲ မထည့်နိုင်ပဲ ရပ်နေသတဲ့။
“ အေးလေဗျာ။ မြင်းကို လိုက်ကျောင်းပေးမဲ့ ခွေးက မရှိတော့ မြင်းက သွားချင်ရာသွားပြီး ချောက်ထဲကျသေတာဗျာ။ ဒါကို ခင်ဗျားသားလေးက လိုက်ရှာရင်း သူပါ ချောက်ထဲ ထိုး ကျသွားပါလေရောဗျာ။ ”
“ ဗျာ......”
ဆိုပြီး ခရီးသွားင်္ကြီး စားဖို့ လမ်းခုလပ်မှာ ရပ်တန့်နေတဲ့ ထမင်းလုပ်ကြီးဟာ လွတ်ကျသွား သတဲ့...။
“ ဟုတ်တယ်ဗျာ။ ခင်ဗျား သားလေး အဖြစ်အပျက်ကို ကြားတော့ ခင်ဗျား မိန်းမလည်း ရင်ကွဲနာကျပြီး သေပါလေရောလား။ ”
“ ဗျာ.....ဖြစ်ရလေဗျာ။ ကျုပ် သုံးနှစ်လုံးလုံး တစ်မြေတစ်ရွာမှာ မစားမသောက်ပဲ စီးပွားရှာခဲ့တာ သူတို့အတွက်လေ...အခုတော့ သူတို့ မရှိတော့ ဒီပိုက်ဆံတွေ ဘာလုပ်ရမှာလဲ။ အလကားဖြစ်ပြီပေါ့ . .ဟီးဟီး။”
ဒီစကားလည်းကြားရော ခရီးသွားကြီး ချုံးပွဲချ ငိုပါရောဗျာ...။
ခဏကြာတော့မှ အမတ်ကြီးက...
“ ဟေ့လူ....ဟေ့လူ ..နေပါဦးဗျ။ ခင်ဗျား ကျွန်တော့်ကို သိသလား။”
လို့မေးတော့ ခရီးသွားကြီးက အမတ်ကြီးကို သေချာ ကြည့်ပြီး...
“ တွေ့တော့ မတွေ့ဖူးဘူးဗျ။”
“ ဒါများဗျာ။ ခင်ဗျား ဘာလို့ ကျွန်တော်ပြောနေတာတွေကို လိုက်ယုံနေရတာလဲဗျ။” “ သြော်..ဒါကတော့ ခင်ဗျားက ကျွန်တော့် အကြောင်းတွေ အကုန်သိနေတော့ ကျွန်တော့်တို့ အိမ်နီးနားချင်း အောက်မေ့တာပေါ့ဗျာ။ နေပါဦး ခင်ဗျားကရော ဘယ်လိုလုပ်ပြီး ကျွန်တော့် မိသားစု အကြောင်း အကုန် သိနေရတာလဲ။”
ဒီတော့ အမတ်ကြီးက ဒီလို ရှင်းပြတယ်..။
“ မဟုတ်သေးဘူး...မိတ်ဆွေ။ ကျွန်တော်က ခင်ဗျားက ထမင်းစားနေတုန်း ထမင်းလာတောင်းတဲ့ ခွေးကို ကြင်ကြင်နာနာနဲ့ ဖက်ရွက်လေးပေါ်မှာ ထမင်းချကျွေးနေတော့ ခင်ဗျားတို့ အိမ်မှာလည်း ခွေးရှိမယ်လို့ တွက်မိတယ်။ ခွေးရှိမှတော့ ဟိုနားဒီနား စီးဖို့ မြင်းတစ်ကောင်လည်း ရှိမယ်လို့ တွက်မိပြန်တယ်။ ခင်ဗျား မရှိတာတောင်မှ မြင်းကို ဒီအတိုင်းထားတယ်ဆိုတော့ ခင်ဗျားမှာ သားတစ်ယောက်လည်း ရှိမယ်လို့ တွေးမိပြန်တယ်။ သားတစ်ယောက်ကို ဒီ အတိုင်း ထားသွားမှာတော့ ခင်ဗျားမှာ ဇနီးလည်းရှိဦးမယ်လို့ တွေးမိလို့ ကျွန်တော်ပြောလိုက်တာပါ။
တကယ်တော့ ခင်ဗျားကို ကျွန်တော် မသိပါဘူး။ ခင်ဗျားဗျာ။ ကိုယ်နဲ့ လည်းသိတာ မဟုတ်ပဲနဲ့ အခုမှ တွေ့တဲ့ လူပြောတာ ယုံရလားဗျာ။ ကိုယ်ကိုယ်တိုင် မျက်လုံးနဲ့မြင်အောင် ၊ ကိုယ်ကိုယ်တိုင် လက်တွေကြုံအောင် လေ့လာစူးစမ်း ပြီးမှ အရာရာကို လက်ခံသင်တယ်။”
လို့ပြောပြီး...သူတို့ လမ်းခွဲလာသတဲ့။ သူတို့လမ်းခွဲလာပြီး ခဏကြာတော့မှ အမတ်ကြီးဟာ ဘုရင်ကြီးဘက်ကို လှည့်ပြီး....
“ အရှင်မင်းကြီး။ အရှင်မင်းကြီး တစ်ခါက မေးခဲ့တဲ့ “ လူနုံလူအ ” ဆိုတာ ဒီလို လူမျိုးပါပဲ....။”
လို့ လျောက်တင်သတဲ့....။
ထုံးစံ အတိုင်းပဲပေါ့လေ...။
ပုံပြင်လေးကတော့ ဒါပါပဲ...............။
ဒီပုံပြင်လေးကို ဖတ်ပြီး သူငယ်ချင်းတို့တတွေလည်း ........................................ ........................................ဟီး... ပြောတော့ဘူး....ကိုယ့်ဖာသာကိုယ်ပဲ နားလည် လိုက်တော့....... နို့မို့ဆို နေရာ တကာ ဆရာလိုက်လုပ်တယ် ဖြစ်မယ်...ဟီး...........။
ကိုဇော် ခံစားတင်ပြသည်။
http://zaw357.multiply.com/journal/item/404/404 မှာ 18.6.2009 ကရေးထားတာပါ။
.
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment