မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

19 June 2013

5 ခေတ်သစ် ကုလားအုပ်ပုံပြင်




တစ်ခါက . . .

ကုလားအုပ်သားလေးက ကုလားအုပ် အမေကို မေးသတဲ့။

“ မေမေ . . . သားတို့မှာ ဘာလို့ သူများတွေထက် ကြီးတဲ့ ဘို့ကြီးတွေ ရှိနေရတာလဲ ဟင် ”

သားဖြစ်သူက အမေ့ရဲ့ လည်ပင်းရှည်ရှည်တွေကို သူ့ရဲ့ ဦးခေါင်းနဲ့ ပွတ်တိုက်ရင်း မေးလာတာကို အမေ ဖြစ်သူ ကုလားအုပ်မကြီးက သားငယ်ကို ချစ်လှစွာသော မျက်ဝန်းတွေနဲ့ ကြည့်ရင်း . . . .

“ ဒါဟာ မေမေတို့ ကုလားအုပ်တွေရဲ့ ထူးခြားချက်ပေါ့ သားရဲ့။ တခြား ဘယ်တိရစ္ဆာန်မှာမှ ဒီလောက်ကြီးတဲ့ ဘို့ကြီးတွေ မပါဘူး။ ဒီဘို့ကြီးတွေထဲမှာ မေမေတို့ ရက်ပေါင်းများစွာ သောက်သုံးဖို့ ရေတွေ သိုလှောင်ထားနိုင်တယ်။ ပမာဏနဲ့ ပြောရရင်တော့ ရေတစ်တိုင်ကီခွဲလောက်အထိ မေမေတို့လို အရွယ်ရောက်နေတဲ့ ကုလားအုပ်တွေက သိုလှောင်ထားနိုင်တယ် သားရဲ့။ ဒါဟာ ကုလားအုပ်တွေ အတွက် ဂုဏ်ယူစရာပဲပေါ့။ ”

မေမေ ကုလားအုပ်မကြီး ပြောနေတာကို ဘေးကနေ သားလေး ကုလားအုပ်က မျက်လုံးလေး ကလယ် ကလယ်နဲ့ မော့ကြည့်နေရှာတယ်။ ပြီးတော့မှ . . . . .

“ နောက်ပြီးတော့ ရှိသေးတယ် မေမေ။ ”

“ ပြောပါဦး ငါ့သားရဲ့။ ”

“ သားတို့ရဲ့ လည်ပင်းတွေကလည်း တခြား သတ္တဝါတွေထက် ရှည်တယ်နော် မေမေ။ သားတို့ထက် ရှည်တာ ဆိုလို့ သစ်ကုလားအုပ်တွေပဲ ရှိမယ်နော် မေမေ။ သူတို့ ရှည်တာနဲ့ သားတို့ ရှည်တာလည်း မတူဘူးနော်။ ”

သားရဲ့ စကားဆုံးတော့ မေမေ ကုလားအုပ်ကြီးက ဟက်ခနဲ တစ်ချက် ရယ်ရင်း . . . .

“ ဒါကလည်း မေမေတို့ ကုလားအုပ်တွေ အတွက် ထူးခြားချက်ပဲ သားရဲ့ မေမေတို့ အဓိက နေတာက သဲကန္တာရထဲမှာလေ။ သဲကန္တာရဆိုတာ သဲမုန်တိုင်း ဆိုတာနဲ့ ကင်းကွာနိုင်တာ မဟုတ်ဘူး သားရဲ့။ မကြာခဏ သဲမုန်တိုင်းတွေက တိုက်နေတာလေ။ ဒီလို သဲမုန်တိုင်း မတိုက်ခင်မှာ ကြိုတင်ပြီးတော့ မြင်နိုင်အောင်လို့ မေမေတို့ လည်ပင်းတွေက ရှည်ထားရတာ။ ပြီးတော့ ရှည်နေတဲ့ လည်ပင်းကလည်း အပေါ်ကို ရှည်ထွက်နေတာမျိုး မဟုတ်ဘဲ ၊ အရှေ့ကို ရှည်ထွက်နေမှ တိုက်ခတ်လာတဲ့ မုန်တိုင်းကို အံ့တုနိုင်မှာပေါ့ သားရဲ့။ ”

“ သြော် . . . ”

သားဖြစ်သူ ကုလားအုပ်လေးက တွေးတွေးဆဆ နဲ့ ခဏငြိမ်သွားပြီးမှ . . . .

“ သားတို့ရဲ့ မျက်လုံး တည်ရှိနေပုံ နဲ့ နှာခေါင်းပေါက် တည်ဆောက်ပုံတွေကလည်း သူများ သတ္တဝါတွေနဲ့ မတူဘူးနော် မေမေ။ ”

“ အမှန်ပဲပေါ့ သားလေးရေ။ မေမေ ခုနက ပြောခဲ့တဲ့ အတိုင်း မေမေတို့က ကန္တာရမှာ ကျင်လည်နေရတဲ့ ကုလားအုပ်တွေ ဆိုတော့ သဲမုန်တိုင်း တိုက်ခတ်လာတဲ့ အခါမှာ သဲတွေ မျက်လုံးထဲကို မဝင်ရလေအောင် သဘာဝက ပေးထားတဲ့ လက်ဆောင်ပေါ့ သားရယ်။ မျက်လုံးတွေထဲကို သဲတွေ မဝင်နိုင်အောင်လို့ မျက်လုံးက နှာရိုးရဲ့ အကွယ်မှာ ရှိနေတာပေါ့ကွယ်။ ဒါမှလည်း တော်ရုံ သဲတွေ မဝင်နိုင်မှာပေါ့။ နှာခေါင်းကလည်း ဒီလိုပဲ တိုက်ခတ်လာတဲ့ လေတွေ နှာခေါင်းထဲ တန်းမဝင်လေအောင် ထိပ်က နှာပွ အသားမာတွေနဲ့ ကာကွယ်ထားတာပေါ့ကွယ်။ ပြီးတော့ နှာခေါင်းဝမှာ ရှိနေတဲ့ အသားစိုင်ကလည်း လေတွေနဲ့ အတူ သဲတွေ ပါလာရင် ပိတ်ပြီးတော့ ကာကွယ်ထားနိုင်တယ်။ အသက်ရှူချင်မှ ပြန်ဖွင့်ပြီးတော့ ရှူနိုင်တာပေါ့ကွယ်။ ဒါကိုက မေမေတို့ ကုလားအုပ်တွေရဲ့ သဘာဝက ပေးတဲ့ ထူးခြားချက်ပေါ့ သားရယ်။ ”

သဘာဝက ပေးတဲ့ လက်ဆောင်တွေ အများကြီး ပိုင်ဆိုင်ထားမှန်း သိသွားတဲ့ အတွက် သား ကုလားအုပ်လေး မျက်လုံးထဲမှာ အရောင်တွေ လက်ထလာတယ်။ စိတ်အားလည်း တက်ကြွလာသလို ခံစားရတယ်။

“ ပြီးတော့ သားတို့ ခန္ဓာကိုယ်ပေါ်မှာလည်း အမွှေးတွေ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရှည်ရှည်တွေ ရှိပေမယ့်လည်း ထူထူထဲထဲတော့ များများစားစား ရှိနေဘူးနော်။ ဒါကလည်း ဘာကြောင့်လဲ မေမေ။ ”

အမေး အမြန်းထူတဲ့ သားငယ် ကုလားအုပ်လေးကို မေမေ ကုလားအုပ်မကြီးက ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်ပြီး . . .

“ ဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ မေမေတို့က ကန္တာရထဲမှာ နေရတာ ဆိုတော့ သဲမုန်တိုင်း ဒဏ်ကို ခံစားရပြီ ဆိုရင် သဲတွေရဲ့ ဒဏ်ကို ကာကွယ်နိုင်ဖို့ အမွှေးတွေကလည်း ကြမ်းကြမ်း ရှိနေရမယ်။ ဒါပေမယ့် အမွှေးတွေ များများကြီး ရှိနေပြန်တော့လည်း အမွှေးတွေ ကြားထဲမှာ သဲတွေ ကပ်ဝင်ကုန်ပြီးတော့ ကိုယ်ခန္ဓာကြီးက လေးလံပြီးတော့ ခရီး မတွင်မှာ စိုးလို့ သဘာဝက ပေးထားတဲ့ လက်ဆောင်ပါ သားရေ။ ဒါမှလည်း သဲတွေက ခန္ဓာကိုယ်ကို လာစင်ပြီးတော့ တွယ်ကပ် မနေဘဲ အောက်ကို လျှောကျပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ခရီးသွားရတာ တွင်ကျယ်မှာပေါ့ကွယ်။ ”

“ ဝေးးးးးးးးးးးး ”

မေမေ ကုလားအုပ်မကြီးရဲ့ စကားလည်း ဆုံးရော သားငယ် ကုလားအုပ်လေးက ပျော်ရွှင်ပြီးတော့ မြူးတူး ဟစ်ကြွေးလိုက်လေတယ်။ ပြီးတော့ ဟိုဟိုဒီဒီလည်း ပြေးလွှားလိုက်သေးတယ်။ မေမေ ကုလားအုပ်မကြီးကတော့ အခုမှ ကြီးကောင်ပေါက် ဖြစ်လာတဲ့ သားငယ်လေးကို ကြည့်ရင်း ပြုံးနေလေတော့တယ်။ ကုလားအုပ်တွေ ကြီးကောင်ပေါက်လာရင် လောကကြီး အကြောင်းကို သိလိုစိတ်ဖြင့် အခုလို စကားများကာ သိလိုတာတွေ မေးမြန်းလာတတ်ကြတာ ထုံးစံပဲ မဟုတ်ပါလား။

ကုလားအုပ်မကြီး ငယ်ငယ်ကလည်း သူ့ရဲ့ မေမေကို မေးခဲ့တာပါပဲ။ အဲဒီတုန်းကလည်း ကုလားအုပ်မကြီးရဲ့ မေမေကလည်း ကုလားအုပ်မကြီးကို အခုလိုပဲ ပြန်ဖြေခဲ့တာပဲ မဟုတ်လား။ ပြေးလွှားနေရာမှ အတန်ငယ် မောလာတော့ ကုလားအုပ်လေးက မေမေ ကုလားမကြီးဆီကို ပြန်ပြေးလာပြီးတော့ သူ့ရဲ့ ခြေထောက်နဲ့ခွာတွေကို ငုံ့ကြည့်ရင်း . . .

“ မေမေ . . . သားတို့ ကုလားအုပ်တွေရဲ့ ခြေထောက်ကလည်း တခြား သတ္တဝါတွေရဲ့ ခြေထောက်နဲ့ မတူဘူးနော် မေမေ။ အထူးသဖြင့် ခွာတွေဆိုရင် သူများတွေရဲ့ ခြေထောက်နဲ့ ခွာရဲ့ အချိုးအစားထက် ကြီးတယ်နော်။ ”

မေမေ ကုလားအုပ်မကြီးက ထပ်ပြုံးလိုက်ရင်း . . .

“ ဒါပေါ့ . . . သားရယ်။ ဒါကလည်း သဘာဝက ပေးတဲ့ ကုလားအုပ်တွေ အတွက် အထူးလက်ဆောင်ပေါ့ကွယ်။ ဒီလို မေမေတို့ ကုလားအုပ်တွေရဲ့ ခြေထောက်တွေက ပိန်သွယ်ပြီးတော့ ရှည်လျားထားမှ တကယ်လို့ သဲကန္တာရထဲကို ခြေကျွံကျသွားတယ် ဆိုရင်တောင်မှ ပြန်ဆွဲထုတ်ရ လွယ်တာပေါ့ သားရဲ့။ ဒါကလည်း ပြောမယ့်သာ ပြောရတာပါ။ မေမေတို့ရဲ့ ခွာက တခြားသော သတ္တဝါတွေရဲ့ ခြေထောက်နဲ့ခွာ အချိုးအစားကို ယှဉ်ကြည့်မယ် ဆိုရင် မေမေတို့ရဲ့ ခြေထောက်နဲ့ခွာရဲ့ အချိုးအစားက ပိုကြီးနေတယ် သားရဲ့။ ခွာပိုကြီးတဲ့ သတ္တဝါက ခွာသေးတဲ့ သတ္တဝါထက် ခြေကျွံကျဖို့ နည်းတာပေါ့ကွာ။ ဒါကလည်း ကုလားအုပ်တွေ အတွက် အထူး ရရှိထားတဲ့ သဘာဝရဲ့ လက်ဆောင်ပါပေါ့ သားရဲ့။ ”

မေမေ ကုလားအုပ်မကြီးက တက်ကြွစွာ ပြောလိုက်တော့ သားငယ် ကုလားအုပ်က အားရ ကျေနပ်သွားတဲ့ မျက်နှာဖြစ်သွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ သားငယ် ကုလားအုပ်လေးက ဘေးပတ်ဝန်းကျင်ကို မျက်စိ ဝေ့ကြည့်လိုက်ပြီး . . .

“ ဒါပေမယ့် မေမေရယ်။ ”

ဟု ဆိုကာ မျက်နှာလေး ချက်ချင်း ငယ်သွားတယ်။

“ ဘာဖြစ်လို့လဲ သားရဲ့။ ”

သားငယ် ကုလားအုပ်လေးက သက်ပြင်းရှည်ရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။ ပြီးမှ . . .

“ ဒါပေမယ့် မေမေရယ်။ သားတို့ရဲ့ ရေတစ်တိုင်ကီခွဲ ဆန့်ပါတယ် ဆိုတဲ့ ဘို့ကြီးရယ် ၊ သဲမုန်တိုင်း ဒဏ်ကို ခံနိုင်ပါတယ် ဆိုတဲ့ အမွှေးကြမ်းကြမ်းတွေ ရှိနေတဲ့ ခန္ဓာကိုယ်ရယ် ၊ သဲမုန်တိုင်းကို အဝေးကနေ မြင်နိုင်ပါတယ် ဆိုတဲ့ လည်ပင်းရှည်ရှည်တွေရယ် ၊ သဲတွေ မဝင်နိုင်အောင် သဘာဝက အကာအကွယ် ပေးထားပါတယ် ဆိုတဲ့ မျက်လုံး နဲ့ နှာခေါင်းပေါက်တွေရယ် ၊ သဲထဲကို ခြေမကျွံကျအောင် သဘာဝက လက်ဆောင် ကြီးပေးထားတဲ့ ခွာရယ် ၊ ခြေကျွံကျရင်တောင်မှ ပြန်နုတ်ရ လွယ်ပါတယ် ဆိုတဲ့ ခြေထောက်တွေရယ်က သားတို့ အတွက် အသုံးမဝင်ပါလား မေမေရယ်။ ”

သားငယ် ကုလားအုပ်လေးရဲ့ စကားသံကို ကြားတော့ မေမေ ကုလားအုပ်မကြီးက အလန့်တကြား ဖြစ်သွားပြီးတော့ သားငယ်လေးကို လှမ်းပြောလိုက်တယ်။

“ မဟုတ်တာဘဲ သားရယ်။ ဒါတွေ ရှိနေလို့ သဘာဝရဲ့ လက်ဆောင် ရရှိထားလို့ မေမေတို့က ကုလားအုပ် ဆိုပြီးတော့ သူများတွေထက် ထူးခြားနေတာပေါ့ သားရယ်။ ”

သားငယ် ကုလားအုပ်လေးက ဟိုးအဝေးကို ငေးကြည့်ပြီးတော့ ဆက်ပြောတယ်။

“ ဒါတွေ ရှိနေလို့ သားတို့က ကုလားအုပ်လို့ ခေါ်တာတော့ ဟုတ်ပါတယ် မေမေရယ်။ ဒါပေမယ့် သားတို့ အခု ရောက်နေတဲ့ နေရာက ကန္တာရနဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ နိုင်ငံ တစ်ခုရဲ့ တိရိစ္ဆာန်ရုံထဲကို ရောက်နေတာလေ မေမေ။ တိရိစ္ဆာန်ရုံရဲ့ သံမံသလင်းပေါ်မှာတော့ သားတို့ရဲ့ သဲကန္တာရကို အံ့တုနိုင်တဲ့ အစွမ်းတွေက ဘာမှ သုံးမရတော့ဘူးပေါ့ မေမေရယ်။ ”

“ x x x x x x ”

“ သဲကန္တာရမှာ ဒီလိုတွေ အသုံးဝင်ပါတယ် ဆိုတဲ့ အကောင် တစ်ကောင် ဒီနေရာမှာ ပြသ ခံနေရတာထက် သားတို့ရဲ့ အစွမ်းသတ္တိတွေက ဘာများ အသုံးကျတော့လို့လည်း မေမေရယ်။ ”

“ x x x x x x ”

သားငယ် ကုလားအုပ်လေးရဲ့ စကားလည်း ဆုံးရော မေမေ ကုလားအုပ်မကြီး ဘာမှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်ကာ နေလေတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။



တကယ်လို့ . . . .

တကယ်လို့ပေါ့ . . . .

ကျွန်တော်သာ ကုလားအုပ်လေး တစ်ကောင် ဖြစ်ခဲ့မယ် ဆိုရင် . . . ပြီးတော့ လူထုခေါင်းဆောင် ဆိုသော ( အများက အမေလို့ တင်စား ခေါ်ဝေါ်သော ) ကျွန်တော်တို့ မေမေကို ကျွန်တော်လည်း ပြောခွင့်သာ ရမယ် ဆိုရင် ပြောချင်လိုက်တာဗျာ။

“ မေမေရယ် . . . .

- နိုင်ငံရေး လုပ်တယ် ဆိုတာ နိုင်ငံ ရှိမှ နိုင်ငံရေး လုပ်လို့ ရတာပါ။ နိုင်ငံ မရှိတော့သူတွေ အတွက် နိုင်ငံဆိုတာ အရင် ရအောင် ပြန်လည် တိုက်ယူရတော့မှာပါ။ နောင်တစ်နေ့ ကျွန်တော်တို့ ပြန်လည် တိုက်ယူနေရတဲ့ လူနည်းစု မဖြစ်ချင်ဘူး မေမေ။

- လူနည်းစုကို မေတ္တာထားတယ် ဆိုတာကြောင့် လူအများစုကို လျစ်လျူရှု့တာမျိုးတော့ မဖြစ်စေချင်ဘူး မေမေရယ်။ လူနည်းစုက ပိုအရေးကြီးလား ၊ လူအများစုက ပိုအရေးကြီးလား မေမေ။

- ဖွံဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ လူ့အခွင့်အရေး ဆိုတာ အဓိက အရေးကြီးတာ ဖြစ်ပေမယ့် ဖွံဖြိုးဖို့ အားယူနေတဲ့ နိုင်ငံမှာတော့ လူ့အခွင့်အရေး ဆိုတာ နောင်မှ ကြွေးကြော်ပြီးတော့ တိုက်ယူရင်လည်း နောက်မကျသေးပါဘူး။ ပီကေကို တက်နင်းထားမိလို့ လမ်းဆက် မလျှောက်နိုင်တော့တဲ့ လူတစ်ယောက်လိုတော့ မဖြစ်စေချင်ဘူး မေမေရယ်။ ပီကေ ဆိုတာ ပီကေ လောက်ပဲ ကပ်မှာပေါ့ မေမေရယ်။

- ပြီးတော့ အခု ကျွန်တော်တို့ ရောက်နေတာက ကုလားအုပ်မကြီး ပြောနေသလို သဲကန္တာရကြီး မဟုတ်ဘူး မေမေ။ သံမံသလင်းပေါ်ကို ရောက်နေတာလေ။ ဒီတော့ ဒီအတွက် မေမေ ခြေကျွံကျမှာ စိုးပြီးတော့ အရမ်းကြီး စိုးရိမ်မနေပါနဲ့။

- ပြီးတော့ ကျယ်ပြောလှတဲ့ ကန္တာရကြီးကို တွေးတွေးပြီးတော့ ကိုယ်ရောက်နေတဲ့ တိရိစ္ဆာန်ရုံ အကျယ် အကျဉ်း ဆိုတာကိုလည်း မေ့မနေစေချင်ဘူး မေမေရယ်။

ပြောရရင်တော့ အများကြီးပဲ မေမေရယ်။ ဒါပေမယ့် သားကလည်း ကုလားအုပ်ငယ်လေး မဟုတ်လား။ သိချင်တဲ့ အရွယ် ၊ မေးမြန်းချင်တဲ့ အရွယ် ဆိုတော့လည်း မေးမိ ပြောမိတာတွေ ရှိသလို ၊ ပြောမိ ဆိုမိတာတွေလည်း ရှိတာပေါ့ မေမေရယ်။ သားက ဘာမှတော့ မသိပါဘူး။ ဒါပေမယ့် သားရောက်နေတဲ့ နေရာက သဲကန္တာရလို ကျယ်ပြောတဲ့ နေရာ မဟုတ်ဘဲ တိရိစ္ဆာန်ရုံလောက်သာ ကျယ်ဝန်းတဲ့ နေရာ ဆိုတာလောက်တော့ သားသိပါသေးတယ်။

ဘာလို့လဲ ဆိုတော့ သားက အမြင် မကျယ်ဘူးလေ။ မေမေကတော့ အမြင်ကျယ်ပါတယ်။ ဒါပေမယ့် မေမေရယ် . . . ကိုယ်ရောက်နေတဲ့ လက်ရှိနေရာဟာ ဘာလဲ ၊ ဘယ်လိုလဲ ဆိုတာတော့ အရှိအတိုင်း မြင်ဖို့ လိုမယ် ထင်ပါတယ်။

မေမေ ကျန်းမာ ပျော်ရွှင်ပါစေ။

သားသား ကုလားအုပ်လေး

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

09 March 2013

15 ကြုံရင် ပုံပြင်ပြောပါ ( ၃ )



         ကျွန်တော် ပုံပြင်လေးတွေကို စုပြီး ကလေးတွေ အတွက် ဒီခေါင်းစဉ်လေးမှာ မရေးဖြစ်တာ အတော်ကို ကြာသွားပါတယ်။ စုထားသော ၊ စဉ်းစားထားသော ပုံပြင်လေးတွေ ရှိပေမဲ့ လူက လျှာရှည်ပြီး ရေးကောင်းကောင်းနဲ့ ရေးလိုက်တာမှာ ပုံပြင်တိုလေးတွေ မဟုတ်တော့ဘဲ ရှည်ပြီး ဝတ္ထုတွေ ဖြစ်ဖြစ် သွားတယ် :P ဒါနဲ့ပဲ အဆက်ပြတ်သလို ဖြစ်သွားတာပါ။ အခုတော့ ဟိုနေ့က စီဘောက်မှာလည်း ပုံပြင်လေးတွေ ရေးပါဦးလို့ လာအော်သွားလို့ အကြမ်းမှတ်ထားတဲ့ စာရွက်ကလေး ထဲကနေ ချရေး ပေးလိုက်ပါတယ်။ ထုံးစံ အတိုင်း ပြောရမယ် ဆိုရင်တော့ ဒီနေရာက ပုံပြင်လေးတွေဟာ အဓိက အားဖြင့် ကလေးတွေ အတွက်သာ ဖြစ်ပါတယ်။ လူကြီးတွေကတော့ သဘောပါ။



ဆယ့်တစ်

       ဟိုးနှစ်ပေါင်း များစွာက အရှေ့ ဂျေရုစလင် မှာ အာရေဗစ် တက္ကသိုလ်ကြီး တစ်ခုရှိခဲ့ဘူးတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ သူငယ်ချင်း နှစ်ယောက်ဟာ ဂဏာန်းသချာင်္ အတတ်ကို လာသင်ကြတယ်။ ပညာစုံလို့ မွေးရပ်ကို ပြန်ကြတော့ လမ်းမှာ သူငယ်ချင်းနှစ်ယောက် ထဲက တစ်ယောက်က နောက်တစ်ယောက်ကို ပုစ္ဆာတစ်ခု မေးတယ်။ 

        “ ၁ + ၂ = ဘယ်လောက်လဲ ”

       တဲ့။ တစ်ယောက်က ဖြေတယ် ၃ တဲ့။ ဒီတော့ မေးခွန်း မေးသူက မှားတယ် ၁ဝ ဆိုပြီး ငြင်းကြရင်း အဆုံးဖြတ်ခံဖို့ ၊ ဆရာဆီကို ပြန်လာကြတယ်။ ဆရာဆီလည်း ရောက်ရော ၊ ဆရာက ၁၀ ဆိုတဲ့ လူကို ဘာမှမလုပ်ဘဲ ၊ ၃ လို့ ဖြေတဲ့ လူကို တုတ်နဲ့ ရိုက်သတဲ့။ အရိုက်ခံရတဲ့လူက . . .

       “ ဆရာအဖြေက ၃ မဟုတ်ဘူးလား ၊ ဘာလို့ရိုက်တာလဲ ”

       လို့မေးတော့ ဆရာက  . . . . 

       “ ဒီပုစ္ဆာကို ကလေးတောင် သိတယ်။ ဒါကို အလုပ်မရှိ အလုပ် ရှာပြီး ၃ မှန်း သိလျှက်နဲ့ ကိုယ်သွားမဲ့ ခရီး ဖြောင့်ဖြောင့် မသွားဘဲ ၊ ဟိုလူမိုက် ကို ဒုက္ခရှာပြီး ပြန်လှန် ချေပတာရယ်။ လောကမှာ အမှန်တရား ဆိုတာ အယူဝါဒကြောင့် ၊ အတွေးအခေါ် အယူအဆကြောင့် ၊ အသိဥာဏ် မဖွင့်ဖြိုးအောင် ပြုစုပျိုးထောင် ခံရခြင်းကြောင့် ၊ မွေးရာပါ ဗီဇကြောင့် အဲလို အကြောင်းတွေကြောင့် ၊ အမှန်တရားကို မသိကြဘူး။ 

       ဒီအထဲမှာ ဟိုလူမိုက်ဟာ ၃ ကို ၃ မှန်း မသိတာဟာ အယူဝါဒကြောင့်လည်း မဟုတ်ဘူး ၊ အတွေးအခေါ် ကြောင့်လည်း မဟုတ်ဘူး ၊ သူတပါးက အနိုင်ကျင့်လို့ ( တနည်း ) အသိဥာဏ် တုန်းအောင် လုပ်ခံ ထားရလို့လည်း မဟုတ်ဘူး ၊ မွေးရာပါ ဗီဇကြောင့်သာ သေသေချာချာ သင်ပေးထားပါလျှက် ၃ ကို ၃ မှန်းမသိတာ။ အဲဒီလို အသိတရား မရှိတဲ့ လူကို မင်းပြန်လှန်ပြီး ငြင်းခုန် ချေပတဲ့ မင်းဟာ အဲဒီ လူထက်ကို မိုက်လို့ ငါရိုက်တာ ” 

        လို့ ဆိုသတဲ့။
      


        ကလေးတို့ရေ . . .

       ကလေးတို့တွေလည်း အမှန်တရား ဆိုပေမဲ့လည်း မွေးရာပါ ဗီဇကြောင့် အမှန်ကို အမှန်မှန်း မသိအောင် ဖြစ်နေတဲ့ လူတွေ ၊ သူများက သွေးထိုးခံထားရတဲ့ လူတွေကို အမှန်တရားကို သိလိုဇောနဲ့ ကိုယ့်ရဲ့ အချိန်တွေကို အကုန်ခံကာ ပြောဆို ရှင်းပြနေတာမျိုး မဖြစ်စေနဲ့ပေါ့ကွယ်။ အခု ပုံပြောပြနေတဲ့ ကိုဇော် ဆိုတဲ့ ဦးဦးကလည်း မှားနေပါတယ် ဆိုရင် အဲဒီ မှားနေတဲ့ သူ သိများ သိလာနိုင်မလား ဆိုပြီးတော့ အရင်က အရမ်းကို ပြောဆို ရှင်းမိတတ်သူပေါ့ကွယ်။ အခုတော့လည်း ဒီပုံပြင်လေးက ဦးဦးကို အများကြီး ပြောဆို ဆုံးမ သင်ကြားပေး နေပါတယ်။

        ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။



ဆယ့်နှစ်

          တစ်ခါက . .

       တယောဆရာ တစ်ယောက်ဆီကို သူ့ကို တယောသင်ပေးတဲ့ သူ့ဆရာကြီးက အလည်အပတ် ရောက်နေသတဲ့။ ထိုတယောဆရာက အလွန်ကို နာမည်ကြီးသော တယောသင်ဆရာ တစ်ယောက် ဖြစ်တယ်။ သူဘယ်လောက်ပဲ နာမည်ကြီးကြီး သူ့ဆရာကိုတော့ သူ အလွန် လေးစားတယ်။ အခုလို သူ့ရဲ့ ဆရာ ရောက်နေတဲ့ အချိန်မှာ သူ့ရဲ့ သင်တန်းကိုလေ့လာပြီး လိုတာတွေကို ထောက်ပြပေးပါလို့ ဆိုသတဲ့။

        သူ့ဆရာ ရောက်လာပြီး ရက်အနည်းငယ်ကြာတော့ တယောဆရာရဲ့ သင်တန်းကို လူငယ်လေး နှစ်ယောက် ရောက်လာသတဲ့။ ပြီးတော့ သူတို့ဟာ တယောဆရာကြီးဆီမှာ သူတို့ကို တယောသင်ပေးဖို့ ပန်ကြားကြတယ်။ တယောဆရာကလည်း သူ့ရဲ့ ထုံးစံအတိုင်း သူ့ဆီမှာ တပည့်အဖြစ် လာရောက် သင်ကြားတဲ့သူတွေကို သူ့ရဲ့ မေးမြန်းနေကြ အတိုင်း မေးမြန်းတယ်။

       “ အမောင် လုလင်ငယ် နှစ်ယောက်ကို ဆရာ့ရဲ့ သင်တန်းမှာ သင်ကြားပေးဖို့ သဘောတူပါတယ်။ ဒါပေမဲ့ ဆရာ့ရဲ့ ထုံးစံ အတိုင်း နည်းနည်းတော့ စစ်ဆေးရမယ်။ အမောင်လုလင်တို့ရဲ့ အဖြေပေါ်မှာ မူတည်ပြီး လုလင်တို့ရဲ့သင်တန်းကြေးနဲ့ စတင် သင်ယူရမှာလည်း ကွာခြားသွားမှာ ဖြစ်ပါတယ်။ ”

      ဒီတော့ လာရောက် ပညာသင်တဲ့ လုလင်ငယ်နှစ်ယောက်ကလည်း “ ဟုတ်ကဲ့ပါ ဆရာ ” လို့ ခေါင်းညိတ်ကာ သဘောတူ လက်ခံကြတယ်။ ဒီတော့မှ ဆရာက ဆက်ပြောရင်း မေးတယ်။

      “ မင်းတို့မှာ တယောနဲ့ ပတ်သတ်ပြီး ဘယ်လောက် အခြေခံများများ တတ်ခဲ့ကြပြီလဲ။ ပြီးတော့ တခြား ဘယ်နေရာမှာ သင်ယူခဲ့ပြီးပြီလဲ။ ဒါကို ဆရာ့ကို ပြောပြပါဦး ”

       ဒီတော့ သင်တန်း လာတတ်တဲ့ လုလင် နှစ်ယောက်ကလည်း သူတို့ရဲ့ တယောတတ်ကျွမ်းမှု အခြေအနေကို ဆရာဆီကို တင်ပြပြောဆိုကြတယ်။ ဒီလို မေးမြန်း ပြောဆိုနေတာကို သင်တန်းဆရာရဲ့ ဆရာကြီးကတော့ ဘေးကနေ ဘာမှ မပြောဘဲ အသာအယာ ကြည့်နေသတဲ့။ ဆရာက မေးတော့ တပည့်တစ်ယောက်က ပြောတယ်။

        “ ကျွန်တော်ကတော့ သူများတွေ တယောထိုးနေတာကို မြင်မိလို့ တယောကို သင်ချင်ပါတယ် ဆရာ။ ဒါပေမဲ့ ဘယ်မှာမှ မသင်ဖူးသလို ၊ တစ်ခါမှလည်း မလေ့လာဖူး ၊ မတီးကြည့်ဖူး ၊ မစမ်းသပ်ဖူးပါဘူး။ ဒါကြောင့် ကျွန်တော့်မှာ တယောနဲ့ ပတ်သတ်သော ပညာ ဘာမှမရှိဘဲ  ၊ ဗလာလို့ ပြောလို့ ရပါတယ် ဆရာ ”

         လို့ ဖြေသတဲ့။ နောက်ထပ် တစ်ယောက်ကတော့  . . .

         “ ဆရာ . . . . ကျွန်တော်ကတော့ တယောကို အလွန်ကို ဝါသနာကြီးတဲ့ အတွက် ရောက်လေရာ နေရာမှာ သူများတီးတာကို သေချာ နားထောင်ပါတယ်။ ပြီးတော့ သူတို့ ဘယ်လိုတီးလဲ ဆိုတာကို လေ့လာမိပါတယ်။ တကယ်လို့ အခွင့်ကြုံရင်လည်း ကိုယ်နဲ့ ကြုံတဲ့ လူဆီက တစ်ကွက်ကျ ၊ နှစ်ကွက်ကျ သင်ယူမိပါတယ်။ ဒါကြောင့် တယောကို အကျွမ်းကျင်ကြီး မဟုတ်တာတောင်မှ အနည်းငယ်တော့ တီးတတ်ပါတယ် ဆရာ ”

      လို့ ဆိုသတဲ့။ ဒီတော့ တယောဆရာက သူ့ရဲ့ တပည့်နှစ်ယောက်ကို ကြည့်ပြီး . . .

      “ အိမ်း . . . ဘာမှမတတ်ဘူး ဆိုတဲ့ လုလင်ဆီကတော့ တယောသင်ယူခ ငွေသား ၂၀၀၀ ပဲ ယူပါ့မယ်။ ဟိုလူဒီလူဆီက အနည်းငယ် တတ်ထားတယ် ဆိုတဲ့ လုလင်ဆီကတော့ တယောသင်ယူခ ငွေသား ၅၀၀၀ ယူပါ့မယ်။ ဒါမှလည်း ဆရာ မင်းတို့ကို တယော သင်ပေးနိုင်ပါ့မယ် ”

       တယောဆရာကြီးက ဒီလိုလည်း ပြောလိုက်ရော . . . . ဘာမှ မတတ်တဲ့ လုလင်က ဘာမှ မပြောပေမဲ့ အနည်းငယ်တတ်တဲ့ လုလင်က တယောဆရာကို ပြန်မေးသတဲ့။

        “ ဆရာရယ်. . . ဘာမှ မတတ်တဲ့ လူကို ၂၀၀၀ ယူပြီး ၊ အနည်းငယ်တတ်တဲ့ ကျွန်တော့်ကို ကျတော့ ၅၀၀၀ တောင်မှ တောင်းတယ် ဆိုတာ လွဲမနေဘူးလား ဆရာ ”

         လို့ စောဒက တတ်သတဲ့။ ဒီတော့ တယောဆရာကြီးက . . . .

         “ ဒါက ဒီလို ရှိတယ် တပည့်ကြီးရဲ့၊ သူ့မှာက ဘာမှ မတတ်ဘူး ၊ ဒီတော့ သူက ဗလာစာရွက် အနေနဲ့ ပြောရရင် အဖြူထည်လို့ ခေါ်နိုင်သလို ၊ ခွက်ဆိုရင်လည်း ခွက်လွတ် တစ်လုံးပဲ။ ဒါကြောင့် သူ့ဆီကို ရေးချင်တာ ရေးလိုက်လို့ ရသလို ၊ ထည့်ချင်တာ ထည့်လိုက်လို့လည်း ရတယ်။ သူက အသင့်ဖြစ်နေတယ် လို့ ဆိုရမယ်။

        မင်းက ကျတော့ မင်းရဲ့ ဗလာစာရွက်မှာ ရေးလက်စတွေ ရှိနေတယ် ၊ မင်းရဲ့ ခွက်ထဲမှာ ထည့်ထားတာတွေ ရှိနေတယ်။ ဒီလို လက်ကျန် ရှိနေတဲ့ အရာပေါ်မှာ အသစ်ကို သွားထည့်ဖို့ ဆိုတာ လက်ကျန်ကို ပျောက်အောင် ရှင်းရတယ်။ ဘာလို့လဲ ဆိုတော့ မင်းက တခြားနေရာက ဖြစ်သလို သင်ယူလာတဲ့ အမှားတွေကို ငါက အရင်ဆုံး ပြုပြင်ပေးရဦးမှာကိုး။ အဲဒီအတွက် ဗလာစာရွက် ဆိုလည်း ရေးလက်စတွေကို ပျောက်ပြီး ဗလာ ဖြစ်အောင် အရင် ဖျက်ရဦးမယ် ၊ ခွက်ဆိုလည်း ရှိနေတာတွေကို သွန်ပြီး ဆေးကြော သန့်စင်ရဦးမယ်။ ပြီးမှ မင်းရဲ့ ဗလာစာရွက် ၊ ခွက်ထဲကို လိုအပ်တာတွေ ရောက်အောင် ရေးရ ၊ ထည့်ရမှာ မဟုတ်လား။ ဒါကြောင့် အရင်က အမှားတွေကို အရင် ရှင်းထုတ်ဖို့ မင်းကို ဈေးပိုယူရတာပါကွာ ”

       လို့ ရှင်းပြတယ်။ ဒီတော့ တယောကို လေ့လာဖူး ၊ အနည်းငယ် သင်ယူဖူးတဲ့ တပည့်ဟာ တယောဆရာရဲ့ ရှင်းပြမှုကို သဘောပေါက်သွားပြီး “ ကျွန်တော် နားလည်ပါပြီ ဆရာ ” လို့ ဆိုကာ ငြိမ်သက်သွားတော့သည်။

         ဒီအချိန်မှာ တယောဆရာရဲ့ တပည့်လက်ခံပွဲကို အစအဆုံး ဘာမှ မပြောဘဲ ဘေးနားက ထိုင်နားထောင်နေတဲ့ တယောဆရာ ရဲ့ ဆရာကြီးက တယောဆရာကို သေချာ လှမ်းကြည့်လိုက်ပြီး . . . .

        “ ဒီမှာ တပည့်ကြီး ၊ တပည့်ကြီး ဘာလို့ ဒီလို ဆုံးဖြတ်ရတာလဲ ဆိုတာကို ဆရာ့ကို ရှင်းလင်းအောင် ပြောပြနိုင်မလား ”

         ဒီတော့ တယောဆရာကလည်း သူ့ဆရာကို သူ့ရဲ့ လေ့လာထားမှုကို အရင်ကတည်းက ပြချင်နေတာ ဆိုတော့ ဝမ်းသာ အားရပဲ ပြောလိုက်တယ်။

          “ ရတာပေါ့ဆရာ ၊ ကျွန်တော် ဘာလို့ ဒီလို ဆုံးဖြတ်တာလဲ ဆိုတော့ ဟိုး ရှေးဟောင်း ရာဇဝင် တစ်ခုမှာလည်း ပညာရှိ စောင်းဆရာက ဒီလိုပဲ သူ့ဆီကို လာပြီးတော့ စောင်းပညာ လာသင်တဲ့ တပည့်တိုင်းကို ဒီလို မေးပြီး ဆုံးဖြတ်ခဲ့တဲ့ သဘောသဘာဝ ရှိနေခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်လေးကို ကျွန်တော် သဘောကျလွန်းလို့ ကျွန်တော့်ဆီမှာ လာပြီး ပညာသင်ကြားတဲ့ တပည့်တိုင်းကို ဒီလိုပဲ ဆုံးဖြတ်ခဲ့တာပါ ဆရာ ”

         လို့ ဖြေတယ်။ ဒီတော့ တယောဆရာ ရဲ့ ဆရာကြီးက ဦးခေါင်းကို လေးပင်စွာ ခါရမ်းလိုက်ပြီး  . . .

        “ ဒီလို ဆိုရင်တော့ ငါ့တပည့် အရမ်းကို မှားသွားခဲ့ပြီ။ တကယ်တော့ အဖြစ်အပျက် ၊ ပုံပြင် ၊ ဝတ္ထု ၊ ရာဇဝင် တွေ ဆိုတာ ခေတ်ကာလ တစ်ခုမှာ ဖြစ်ပျက်ခဲ့တာကို သင်ခန်းစာ ယူနိုင်အောင်လို့ ပညာပေးအနေနဲ့ ရေးခဲ့တာပဲ ဖြစ်တယ်။ ဒါကို ကိုယ်က ကိုယ့်ခေတ် ၊ ကိုယ့်ခါ နဲ့ လိုက်အောင် ကိုယ့်ရဲ့ ဥာဏ်နဲ့ ပြုပြင်ပြီး အသုံးပြုရတယ်။

        တပည့်ကြီး အခု ပြောသလိုသာ ဆိုရင် ဘာမှမသိ ၊ မတတ်သူကပဲ ၊ အနည်းငယ် သိသူ တတ်သူထက် ပိုပြီး အကျိုးရှိနေသလို ဖြစ်နေမှာပေါ့။ ဒါဆို တစ်ခုခုကို တကယ် ဝါသနာပါပြီး သင်တန်း တစ်ခုခုကို တတ်ရောက် သင်ယူခွင့် မရခဲ့တဲ့ လူတွေ အဖို့ သူတို့မှာ သင်တန်း မတတ်ရမချင်း သူတို့ ဝါသနာ ပါရာကို ထိတွေ့ပိုင်ခွင့် မရှိဘူးလား။ ဘာမှ မသိသူ မတတ်သူကို သူ ဝါသနာ မပါရာ ပညာ တစ်မျိုးမျိုးကို သင်ပေးရင်ရော အဆင်ပြေမယ် လို့ ထင်လား။

       ဒါဆိုရင် ငါ့တပည့်ကြီးတော့ လုံးဝ မှားသွားပြီ။ လောကမှာ လူဆိုတာ ကိုယ် ဝါသနာပါတယ် ဆိုသော ကိစ္စမှာ ပညာပေးသော သင်တန်းကျောင်းတွေကို တတ်ရောက် မသင်ယူနိုင်ခင် အထိတော့ သူတို့ဖာသာ ပြင်ပမှာ သူတို့ရဲ့ ဦးနှောက်နဲ့ မှီသလို သူတို့ဖာသာ လေ့လာထား မိတတ်ကြတယ်။ ဒီလို လေ့လာထား မိတာလည်း မှန်တယ်။ ဘဝ ဆိုတာ ဘယ်အချိန်မှာ ဘယ်သင်တန်းကျောင်းကို တတ်ရပါမယ် ဆိုပြီးတော့ သေချာ သတ်မှတ်ထားတာမှ မဟုတ်တာ။ ဒီတော့ မတတ်ရောက် ဖြစ်လိုက်ရင် သူ့အဖို့ သူ ဝါသနာပါရာ ကိစ္စကို တစ်သက်လုံး လုပ်ခွင့် မရှိတော့ဘူးလား။ တသက်လုံးပဲ လေ့လာခွင့် မရှိတော့ဘူးလား။

        တကယ်တော့ မိဘ ၊ ဆရာ ဆိုတာ တပည့်သားသမီး အပေါ်မှာ သင်ကြားလမ်းကြောင်း ပြနိုင်ရသလို ၊ တတ်မြောက်ပြီးသားကိုလည်း သူတို့ အနောက်ကနေ ဘယ်လို အသုံးချရမယ် ဆိုပြီးတော့ ပဲ့ကိုင်ပေးပြီး ထိန်းကျောင်းနိုင်ရမယ်။ ဒါမှလည်း တပည့်တွေရဲ့ ဝါသနာ ၊ ဗီဇ ၊ အရည်အသွေးတွေကို တိုးတတ်အောင် လုပ်ဆောင်ပေးနိုင်မှာပေါ့။ ဒီလို မဟုတ်ဘဲ ၊ ဘယ်ကပဲ ဘယ်လို တတ်လာခဲ့ တတ်လာခဲ့ ၊ ငါ့ဆီရောက်ရင် ငါ့ပုံစံခွက် အတိုင်း ဖြစ်စေရမယ် ဆိုရင်တော့ ငါ့တပည့်ကြီးရဲ့ တပည့်တွေ အရည်အသွေးက သူတို့ဖာသာ ဆန်းသစ်တီထွင်မှု ဆိုသော တီထွင်မှုကို ရရှိကြတော့မှာ မဟုတ်တော့ဘူး။

      တပည့်ကြီး ပြောသလို သူက ရေးလက်စ စာရွက် ဖြစ်နေပါစေ ၊ ဒီစာရွက်ရဲ့ အပေါ်မှာ ရေးထားတာကို ဘယ်လို ချိတ်ဆက်မိအောင် အောက်ကနေ ဘယ်လို ဆက်ရေးသွားရမယ်။ အပေါ်မှာ ဘယ်လို လက်ရေး မကောင်းတာကို ဘယ်လို ကောင်းအောင် လုပ်ရမယ် ဆိုပြီး ပဲ့ထိန်း လမ်းညွှန်ပေးနိုင်ရမှာ . . . ၊ အဲဒါ ဆရာ ဆိုသူရဲ့ အလုပ်လေ။ ခွက်ထဲမှာ လက်ကျန် ရှိနေလို့ ကျင်းပစ်ပြီး သွန်စရာ မလိုပါဘူး။ ဒီခွက်ထဲက အရည်က ဘာလဲ ဆိုတာကို အရင်လေ့လာရမှာ . . . ၊ ဒါမှ ဒီအရည်ကို ဘယ်လို အသုံးချရမလဲ ဆိုပြီးတော့  သိတော့မှာပေါ့။ ခွက်ထဲမှာ ရှိနေတဲ့ အရည်ကို ဘာမှန်း မသိဘဲ အရင်ဆုံး ကျင်းပစ်မယ် ဆိုရင် ဒီအရည်ဟာ ပျားရည်တွေ ဖြစ်နေပါပြီတဲ့ ၊ ဘယ်လောက်များ နှမြောဖို့ ကောင်းလိုက်လေမလဲ။

      ပြီးတော့ ဆရာတို့ တပည့်ကြီးတို့ လေ့လာ ဖတ်ရှုနေရတဲ့ စာပေ ၊ ကျမ်းဂန်တွေကလည်း စာရွက် အလွတ်တွေပေါ်မှာ ရေးသားထားတဲ့ စာတွေပဲ မဟုတ်လား။ ဒါကို စာရွက် အလွတ်က ပိုတန်ဖိုး ရှိတယ် ဆိုရင် ဆရာတို့ ၊ တပည့်ကြီးတို့ အဖို့ ဒီစာတွေကို လေ့လာစရာ မလိုတော့ဘူးလို့ ဖြစ်သွားတော့မှာပေါ့။ ဒါဆို စာရွက်တွေမှာ ရေးထားတဲ့ စာတွေကို ဖျက်ပစ်ရတော့မလား။ တကယ်တော့ ဗလာစာရွက် တစ်ရွက်ရဲ့ တန်ဖိုး ဆိုတာ သူ့ဖာသာသူ လောက်ပဲ တန်ဖိုး ရှိမှာပါ။ အဲဒီ ဗလာစာရွက်ပေါ်မှာ ကျလာမဲ့ စာလုံးတွေရဲ့ တန်ဖိုးကသာ စာရွက်ရဲ့ တန်ဖိုးကို ပိုပြီးတော့ အဖိုးတန်အောင် လုပ်ပေးနိုင်တာ မဟုတ်ဘူးလား တပည့်ကြီး။

      ဒါကြောင့် တပည့်ကြီးကို ဆရာကြီး ပြောလိုတာကတော့ ကိစ္စတစ်ခုမှာ ဝါသနာပါသူ ဆိုတာ ဘယ်သူ သင်ပေးပေး ၊ မသင်ပေးပေး သူ့ဖာသာ သူ့နည်း သူ့ဟန်နဲ့ လေ့လာတတ်ကြတယ်။ ဒီတော့ အနည်းငယ်တော့ တတ်မြောက်နေကြတာပေါ့။ ဒီမှာ ဘာမှ မတတ်မြောက်သူ ဆိုတာ တကယ်တော့ သူ ဒီကိစ္စမှာ သူ့အတွက် ထင်သလောက် ဝါသနာမပါဘဲ ၊ သူများတတ်လို့ လိုက်တတ်ချင်ယုံ ၊ သူများ လုပ်လို့ လိုက်လုပ်ချင်ယုံ ဆိုတဲ့ လူတွေကတော့ ဘယ်လိုလုပ် လေ့လာထား ၊ သင်ယူထားပါ့မလဲ။ ဒီလိုလေး ကွဲကွဲပြားပြား မြင်မယ်။ ပြီးတော့ သူတို့ တတ်မြောက်ထားတာကိုလည်း ကိုယ်က ပဲ့ပြင်ထိန်းကျောင်း ပေးနိုင်မယ် ဆိုရင် ပြီးပြည့်စုံတဲ့ ဆရာ ဖြစ်လာလိမ့်မယ် တပည့်ကြီး ”

        လို့ ရှင်းပြသတဲ့။ ဒီတော့ ဆရာကြီးရဲ့ စကားကို နာယူမှတ်သားပြီး တယောဆရာဟာ သူ့ရဲ့ တပည့်တွေ အပေါ်မှာ အရင်က သူဆုံးဖြတ်သလို လွတ်နေတဲ့ ခွက်က ပိုအဖိုးတန်တယ် ၊ ဗလာဖြစ်နေတဲ့ စာရွက်က ပိုတန်ဖိုး ရှိတယ် ဆိုသော အယူအဆကို စွန့်လွှတ်ပြီး သူ့ဆီကို ပညာလာသင်သော တယော သင်တန်းသား တပည့်တွေကို သူတို့ နဂို ဗီဇ အရ ဘယ်လိုတွေ လေ့လာထားတယ် ၊ ဘာတွေကို သင်ယူတတ်မြောက် ထားတယ် ဆိုတာကို လေ့လာပြီး သူတို့ရဲ့ တော်ရာ ၊ တတ်ရာကို ပဲ့ပြင် ထိန်းကျောင်းပေးရင်း ပို၍ အောင်မြင်သော တယောဆရာကြီး တစ်ယောက် ဖြစ်လာခဲ့လေတော့သည်။



       ကလေးတို့ရေ . . .

      ကလေးတို့တွေလည်း တစ်ခုခုကို ထည့်ထားတဲ့ ခွက်ထက် ဘာမှ မရှိတဲ့ ခွက် အလွတ်က ပိုကောင်းတယ် ၊ စာတွေ ရှိနေတဲ့ စာရွက်ထက် ဘာမှ ရှိမနေတဲ့ ဗလာစာရွက်က ပိုကောင်းတယ် ဆိုတာထက် ၊ ကိုယ်နဲ့ ထိတွေ့ အပ်စပ်မှုတိုင်းမှ ကိုယ့်အတွက် ဗဟုသုတ ၊ မှတ်သားဖွယ်တွေ ရသလောက် ယူထားနိုင်ရမှာပဲ မဟုတ်လား။ ပြီးတော့ ကိုယ် ဝါသနာပါရာကို စနစ်တကျ မသင်ယူနိုင်သေးခင် အချိန်မှာလည်း ကိုယ် ဝါသနာပါရာကို လေ့လာနိုင်သမျှ နေရာကနေပြီး လေ့လာထားကာ နောင်တစ်ချိန် ကိုယ်ဝါသနာပါရာကို စနစ်တကျ သင်ယူနိုင်ပြီ ဆိုတဲ့ အခါမှာ အစွမ်းကုန် ကြိုးစားကြရမှာပေါ့။

       ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



မှတ်ချက်။  ။ အရင်ကတော့ အပိုင်းတစ်ပိုင်းမှာ ပုံပြင်တိုလေးတွေ ( ၅ ) ခု ကျွန်တော် တင်ပါတယ်။ အခု အပိုင်း ( ၃ ) မှာတော့ ပုံပြင်ရှည်တွေ ဖြစ်သွားတာကြောင့် ၂ ပုဒ်ပဲ တင်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာ ကျွန်တော် ဆက်ရေးပေးပါ့မယ်။ အခု တလော စာတွေပဲ ဖတ်ဖြစ်နေပြီး စာ သိပ်မရေးချင်လို့ပါ။ ပုံပြင် နံပါတ် ( ဆယ့်တစ် ) ကိုတော့ ဒီနေရာက လူသား အားလုံးအတွက် ရေးထားတာကို ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ ကျန်တဲ့ ပုံပြင်ကတော့ ကျွန်တော့် အတွေးမျှသာ ဖြစ်ပါတယ်။

အရင်က ပို့စ်အဟောင်းကို ဖတ်ချင်ရင် . . .

- ကြုံရင် ပုံပြင်ပြောပါ

- ကြုံရင် ပုံပြင်ပြောပါ ( ၂ )


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

23 January 2012

13 ကြုံရင် ပုံပြင် ပြောပါ ( ၅ )



လူတွေမှာ အမျိုးမျိုး အစားစား ရှိတတ်ကြတယ် မဟုတ်လား။ တချို့က ဘာရယ် မဟုတ် ၊ ကိုယ့်အမြင် ကိုယ့်အတွေးတွေကို တိုက်ရိုက် ချရေးပြကြသလို ၊ တချို့ကျတော့လည်း ပုံတို ပတ်စလေးတွေ ၊ စကားပုံလေးတွေ ၊ ဆိုရိုးစကားလေးတွေ ၊ ပုံပြင်လေးတွေနဲ့ ပြောတတ်ကြတယ်။ ကျွန်တော်ကတော့ ပုံပြင်တွေကို ချစ်တယ်။

အခုတလော တိုက်ပွဲ ပြင်းထန်နေတဲ့ Facebook ပေါ်မှာ ဟိုဟိုဒီဒီ လိုက်ဖတ်ရင်းနဲ့ ဟိုးအရင်က ပုံပြင်လေးတွေကို ပြန်သတိရမိပါတယ်။ သတိရတဲ့ ပုံပြင်ထဲက နှစ်ပုဒ်ကို ဟိုးအရင်က ကျွန်တော့်ကို အိပ်ယာဝင် ပုံပြင်တွေ အနေနဲ့ အဘွား ဖြစ်သူက ပြောပြခဲ့ဖူးပြီး ကျွန်တော် နားထောင်ခဲ့ရဖူးတဲ့ အတိုင်း ပြန်လည် ဝေမျှလိုက်ပါတယ်။



ပုံပြင် ( ၁ )

တစ်ခါက . . .

ရွာကြီး တစ်ရွာမှာရှိတဲ့ လူတွေ အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နေနေကြရသတဲ့။ သူတို့တွေ ဘာကို ကြောက်နေကြတာလဲ ဆိုရင် သူတို့ ရွာကနေ အပြင်ကို သွားမယ် ဆိုရင် တောအုပ်ကြီး တစ်ခုကို ဖြတ်ကျော်ကာ သွားကြရသည်။ အဲဒီ့ တောအုပ်ကြီးထဲက ကျောက်ဂူကြီးထဲမှာ နေထိုင်တဲ့ ဘီလူးကြီး တစ်ကောင်ဟာ လာသမျှ လူတွေကို ဖမ်းဆီးပြီးတော့ စားသောက်လေ့ ရှိ၏။ လူတွေက ကြောက်တာတော့ ကြောက်တယ် ဘယ်လို သုတ်သင် ရှင်းလင်း ရမယ် ဆိုတာတော့ မသိခဲ့ကြဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ခံစားလာရတော့ ဒီဘီလူးကြီးကို ရှင်းလင်းသုတ်သင်ပစ်ဖို့ စဉ်းစားလာကြ၏။ ဒါပေမဲ့လည်း ဘယ်သူက ဦးဆောင်ပြီးတော့ ရှင်းလင်းမယ် ဆိုတဲ့ ခေါင်းဆောင်ကို ရှာမရတော့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရသတဲ့။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ ရွာလေးကို လူငယ်လေး တစ်ယောက် ရောက်လာခဲ့၏။ သူက ကိုယ်ခံပညာ သိုင်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ ဒါနဲ့ ထိုလူငယ်လေးက တောအုပ်ထဲမှာ မင်းမူနေတဲ့ ဘီလူးကြီးကို နှိမ်နင်းမယ် ဆိုပြီးတော့ လူငယ်လေးက ဆို၏။ နောက်တော့ သူက တောအုပ်ထဲကို တတ်ကြွစွာ ဝင်ရောက် သွားလေတော့သည်။ ဒါပေမဲ့ သူ့ကို ပြန်ထွက်လာနိုး ပြန်ထွက်လာနိုးနဲ့ ရွာက လူတွေက မျှော်လင့်နေပေမဲ့ ဘယ်တော့မှ ပြန်မထွက်လာတော့ဘူးတဲ့။

ဒီလိုနဲ့ အချိန် တစ်ပတ်လောက်လည်း ကြာရော တောအုပ်ထဲမှာ ဟိုးအရင်က ဘီလူးကြီး ပျောက်ကွယ် သွားကာ သိုင်းကျွမ်းကျင်သော ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာသတဲ့။ ဒီတော့ ရွာသားတွေ အရင်က ဘီလူးထက် ပိုပြီးတော့ ကြောက်ရွံ့လာခဲ့ကြရ၏။ အရင်က ရိုးရိုး ဘီလူးထက် သိုင်းတတ်သော ဘီလူးကို ပိုကြောက်လာရတော့သည်။ အချိန်ကာလ တစ်ခုကြာတဲ့ အထိ သိုင်းကျွမ်းသော ဘီလူးကြီးကို ဘယ်သူမှ မဖီဆန်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို ဓါးကိုင်ထားသော လူငယ်လေးတစ်ယောက် ရောက်လာခဲ့သည်။ သူက သူ့ကိုယ်သူ ဓါးသိုင်းပညာရှင်လို့ ဆို၏။ ရွာသားတွေကို ကြောက်လန့်အောင် ခြောက်လှန့်နေသော သိုင်းကျွမ်းတဲ့ ဘီလူးကြီးကို သုတ်သင်ပေးမယ် လို့ ကြွေးကြော်ကာ တောထဲကို ဝင်သွားလေတော့သည်။ ဒါပေမဲ့ တောထဲက ဘာသံမှ မကြားရဘဲ ဓါးကိုင်ထားတဲ့ လူငယ်လေးပါ ပြန်မထွက်လာတော့ဘဲ ပျောက်ကွယ်သွားတော့သည်။

ဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့  တောအုပ်ထဲမှာ ဓါးကိုင်သော ဘီလူးကြီး တစ်ကောင် သောင်းကျန်း ခြောက်လှန့်နေတော့သည်။ ရွာသားတွေ အားလုံးလည်း အရင်က ရိုးရိုးဘီလူးထက် သိုင်းတတ်တဲ့ ဘီလူး ၊ သိုင်းတတ်တဲ့ ဘီလူးထက် အခု ဓါးကိုင်တဲ့ ဘီလူးကို ပိုပြီးတော့ ကြောက်ရွံ့လာခဲ့ကြရ၏။ ဓါးကိုင်တဲ့ ဘီလူးကလည်း အရင်က ဘီလူးတွေနဲ့ ဘာမှ မဆိုင်အောင် ပိုပြီးတော့ ရက်စက် သတဲ့။ ဒီလိုနဲ့ အချိန်ကာလ တစ်ခုကြာတဲ့ အထိ ဓါးကိုင်တဲ့ ဘီလူးကို ဘယ်သူ့မှ မဆန့်ကျင်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို လှံကိုင်ထားတဲ့ လူငယ်လေး တစ်ယောက် ရောက်လာပြန်၏။ သူက လှံသိုင်းပညာရှင်လို့ ဆို၏။ ရွာသားတွေကို နှောက်ယှက်နေသော ဓါးကိုင် ဘီလူးကြီးကို သုတ်သင်မယ်လို့ ကြွေးကြော်သည်။ ပြီးတော့ ဓါးကိုင် ဘီလူးကြီး ရှိရာ တောအုပ်ထဲသို့ နှိမ်နင်းမယ် ဆိုကာ ဝင်သွားလေတော့သည်။ ဒါပေမဲ့ သူဝင်သွားပြီးတော့ ဘာသံမှ မကြားရတော့ဘဲ လှံကိုင်သော လူငယ်လေးပါ ပြန်မထွက်လာတော့ဘူးတဲ့။

ီဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့ တောအုပ်ထဲမှာ လှံကိုင်သော ဘီလူးကြီးတစ်ကောင် ပေါ်ထွက်လာပြီးတော့ ရွာသားတွေကို သောင်းကျန်း ခြောက်လှန့် နှောက်ယှက်နေတော့၏။ လှံကိုင်သော ဘီလူးကြီးကလည်း အရင်က ဘီလူး ၊ သိုင်းဘီလူး ၊ ဓါးဘီလူးတွေနဲ့ ဘာမှ မဆိုင်စွာ ပိုပြီးတော့ ရက်စက် ကြမ်းကြုတ်လာသတဲ့။ ဒီိလိုနဲ့ အချိန်ကာလ တစ်ခု ကြာတဲ့ အထိ ထိုလှံကိုင်သော ဘီလူးကြီးကို ဘယ်သူမှ မဆန့်ကျင်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို လေးနဲ့မြား ကိုင်ထားသော လူငယ်လေး တစ်ယောက် ရောက်လာခဲ့သည်။ သူက သူက မြားပစ် ဝိဇ္ဇာ ဟု ဆိုသည်။ ရွာသားတွေကို နှောက်ယှက်နေသော လှံကိုင်ထားသော ဘီလူးကြီးကို နှိမ်နင်းမည်ဟု ဆိုသည်။ ထို့နောက် သူ့ရဲ့ လေးနဲ့မြားကို ယူကာ ဘီလူးရှိရာ တောအုပ်ထဲသို့ ဝင်ရောက်သွားလေတော့သည်။ ဒါပေမဲ့ သူ ဝင်ရောက်သွားပြီးတဲ့နောက် ဘာသံမှ မကြားရတော့ဘဲ လေးနဲ့မြား ကိုင်ထားသော လူငယ်လေးပါ ပြန်မထွက်လာတော့ဘူးတဲ့။

ဒီလိုနဲ့ တစ်ပတ်လောက်လည်း ကြာရော တောအုပ်ထဲမှာ လေးနဲ့မြား ကိုင်သော ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ထိုလေးနဲ့မြားကိုင်သော ဘီလူးကြီးက အရင်က ရိုးရိုးဘီလူး ၊ သိုင်းကျွမ်းသော ဘီလူး ၊ ဓါးကိုင်သော ဘီလူး ၊ လှံကိုင်သော ဘီလူးတွေထက် ပိုဆိုးလာကာ ပို၍ ရက်စက်လာလေတော့သည်။ ထိုအခါမှာ ရွာသားတွေက ဟိုးအရင်က ဘီလူးပေါင်းများစွာထက် အခု လေးနဲ့မြား ကိုင်ထားသော ဘီလူးကို ပို၍ ကြောက်ရွံလာကြတော့သည်။

ဒီလိုမျိုး အခြေအနေတွေ အချိန်အခါတွေ များစွာ ပြောင်းလဲလာသော အခါမှာ ရွာသားတွေက စဉ်းစားလာကြ၏။ " ငါတို့မှာ ရိုးရိုးဘီလူးကို ကြောက်နေရတဲ့ အထဲ သိုင်းတတ်တဲ့ ဘီလူးက ပေါ်လာလို့ ပိုကြောက်ကြရတယ်။ သိုင်းတတ်တဲ့ ဘီလူးကို နှိမ်နင်းလို့ မရှိတော့ဘူး ဆိုပေမဲ့ ဓါးကိုင်တဲ့ ဘီလူးပေါ်လာလို့ ပိုပြီး ကြောက်ရပြန်တယ်။ ဓါးကိုင်တဲ့ ဘီလူးပျောက်သွားပြန်တော့လည်း ပိုဆိုးတဲ့ လှံကိုင်တဲ့ ဘီလူးပေါ်လာပြန်တယ်။ လှံကိုင်တဲ့ ဘီလူးပျောက်သွားပြန်တော့လည်း အခုဆို အရမ်းဆိုတဲ့ လေးနဲ့မြားကိုင်တဲ့ ဘီလူးပေါ်လာပြန်တယ်။ နောက် . . . ဒီအတိုင်းသာ ဆက်နေရင် ဒီ့ထက် ဆိုးတဲ့ ဘီလူးတွေပဲ ထပ်ပေါ်လာဦးမယ် ထင်တယ်။ ဒါကြောင့် ငါတို့ ရွာသားတွေရဲ့ စည်းလုံး ညီညွှတ်မှုနဲ့ပဲ ဒီလေးနဲ့မြားကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းရမယ်။ "

ဆိုပြီးဆုံးဖြတ်ကာ ရွာသားတွေ စုပေါင်းပြီးတော့ လေးနဲ့မြား ကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းလိုက်တော့သည်။ လေးနဲ့မြား ကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းပြီးလို့ ဘီလူးကြီး သေသွားတော့မှ သူနေထိုင်ရာ ကျောက်ဂူကြီးထဲကို ဝင်ကြည့်လိုက်တော့ ဒီကျောက်ဂူကြီးထဲမှာ ရတနာ ကျောက်သံပတ္တမြားတွေက အပြည့်ပဲကိုး။ ဒီရတနာတွေရဲ့ လောဘနဲ့ လူစင်စစ်ကနေ ဘီလူး ဖြစ်ပြီးတော့ ဒီနေရာက ရတနာတွေကို သူများတွေ လာယူမှာ စိုးသော စိုးရိမ်စိတ်ကြောင့် ရွာသားတွေကို နှောက်ယှက်ကာ ရက်စက်နေကြတော့တာ ဖြစ်တယ် ဆိုတာ ရွာသားတွေ အားလုံး သဘောပေါက်သွားကြတော့၏။

ဒါနဲ့ သေသွားသော လေးနဲ့မြားကိုင် ဘီလူးအလောင်းကို မြေမြှုပ်ပြီးတော့ ကျောက်ဂူထဲမှာ ရှိသော ရတနာတွေကို ခွဲခြမ်းစိတ်ဖြာ သယ်ယူကာ ရပ်ရွာ အတွက် ကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်ကာ ပျော်ရွှင်စရာကောင်းပြီး စိုးရိမ် ထိတ်လန့်ဖွယ် မရှိသော ရွာလေး တစ်ရွာ ဖြစ်လာခဲ့ပါတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ၊



ဒီပုံပြင်လေးကိုတော့ ငယ်ငယ်တုန်းက အပေါ်မှာ ကျွန်တော် ရေးပြထားတဲ့ အတိုင်း အဲဒီနေရာလောက် အထိပဲ ကျွန်တော် နားထောင်ခဲ့ရပါသည်။ အခုတော့ ဒီပုံပြင်လေးကို ရေးနေရင်းနဲ့ ကျွန်တော် ဆက်စဉ်းစားနေမိ၏။

ထိုပုံပြင်ရဲ့ အဆုံးသတ်မှာလို ကျောက်ဂူထဲက ရရှိလာတဲ့ ကျောက်မြတ်ရတနာတွေကို အညီအမျှ ဝေခွဲ မယူဘဲ သူတို့ရဲ့ ရပ်ရွာလူကြီး ( သို့ ) ခေါင်းဆောင်က လက်ဝါးကြီးအုပ်ကာ လောဘစိတ်နဲ့ ယူဆောင်သွားခဲ့မယ် ဆိုရင် အရင်က လေးနဲ့မြား ကိုင်သော ဘီလူး အပါအဝင် ဘီလူးပေါင်းများစွာထက် ပို၍ ဆိုးသော ဘီလူး တစ်ကောင်များ ထပ်မံ ပေါ်ပေါက် လာလေဦးမလားလို့ ကျွန်တော် ဆက်စဉ်းစား နေမိပါတော့သည်။



ပုံပြင် ( ၂ )

တစ်ခါက . . .

တိုင်းပြည် တစ်ပြည်မှာ အလွန်ဆိုးသော ၊ အလွန်ပင် ရက်စက် ကြမ်းကြုပ်သော ဘုရင် တစ်ပါး အုပ်စိုးသတဲ့။ ထိုဘုရင်က ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ ၊ တောင့်တချက်တွေ ၊ မျှော်လင့်ချက်တွေ ၊ တောင်းဆိုချက်တွေကို ဘယ်တော့မှ မဖြည့်ဆည်းပေးတဲ့ အပြင် အမြဲတမ်း လျစ်လျူရှု့နေသတဲ့။

တိုင်းသူပြည်သားတွေ ငတ်မွတ်ခေါင်းပါးလာပြီးတော့ ဆင်းရဲမွဲတေလာမှုကြောင့် လိုအပ်ချက်တွေကို သွားရောက်တောင်းဆိုသူတွေတော့ ရှိခဲ့ဖူးပါ၏။ သို့သော် ဆူပူမှုဖြင့် တိုင်းပြည် မငြိမ်မသက်အောင် လုပ်တယ် ဆိုသော အကြောင်းပြချက်ဖြင့် ထိုသို့ တောင်းဆိုသူများကို ဖမ်းဆီးလိုက်လေ့ရှိသည်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာလေတော့ လိုအပ်ချက်ကို တောင်းဆိုရဲသူက တောင်းဆိုလိုက် ဘုရင်က ဖမ်းဆီးလိုက် ဆိုတာကြောင့် ဘယ်သူမှ မတောင်းဆိုရဲကြတော့ဘူး။ တောင်းဆိုသမျှ လူတွေ အားလုံးကလည်း ဖမ်းဆီးခံကြရတာကိုး။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ထပ်ကြာအောင် သူတို့ ငတ်မွတ်စွာ ၊ ဆင်းရဲစွာ ထပ်နေကြရ၏။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ထဲက တစ်ယောက်သော ခေါင်းဆောင်က အကြံ တစ်ခု ရ၏။ ဒီအကြံက သူတို့ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုမှ တောင်းဆိုလို့ မရတဲ့ ဒီဘုရင်ကို မြန်မြန်သေအောင်လို့ သူတို့ အားလုံး စုပေါင်းက စိတ်ညွှတ်ပြီးတော့ ဆုတောင်းကြမယ် လို့ အဆိုတင်သွင်းသည်။ အားလုံးသော သူတွေကလည်း ဘုရင်ကို မုန်းတီးနေတာ ဆိုတော့ သူ့ရဲ့ အကြံအစည်က အထမြောက်သွားလေသည်။

ဒါနဲ့ တိုင်းသူပြည်သားတွေဟာ မြို့ထဲ ရပ်ကွက်ထဲမှာ ပေါ်ပေါ်တင်တင် လုပ်လို့ မရတဲ့ အတွက် ရွာတစ်ရွာရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဝေးလံခေါင်ပါးသော အရပ်ဒေသမှာ ရှိတဲ့ ကျောက်ဂူကြီး တစ်ဂူထဲမှာ တိတ်တဆိတ် ကျင်းပကြသည်။ တိတ်တဆိတ်လို့ ဆိုရတာကတော့ အားလုံးက အသံပြိုင်နဲ့ " ရှင်ဘုရင်ကြီး သေပါစေ " လို့ အော်ဟစ် ဆုတောင်းနေမယ် ဆိုရင် သူတို့အားလုံး အသံက ဟိန်းထွက်လာပြီးတော့ ကျောက်ဂူ အပြင်ဘက် အထိ ရောက်ပြီးတော့ ဘုရင့်ရဲ့ ဘက်တော်သားတွေ ကြားသိကာ သူတို့ အားလုံး ဖမ်းဆီးခံရကာ ဒုက္ခ ရောက်ကုန်မှာ စိုးလို့ပဲ ဖြစ်၏။

ဒါကြောင့် သူတို့ဟာ မဖြစ်မနေ အနေနဲ့ တစ်ပတ်ကို တစ်ကြိမ် ၊ အားလပ်သူများက တစ်ပတ်ကို နှစ်ကြိမ် ၊ ဒီထက် အားလပ်သူများကတော့ တစ်ပတ်ကို သုံးကြိမ် ၊ အလုပ်အကိုင် မရှိသော သက်ကြီးရွယ်အိုတွေကတော့ နေ့စဉ် ကျောက်ဂူထဲကို သွားရောက်ကာ " ဘုရင်ကြီး သေပါစေ " လို့ ရွတ်ဆိုကာ ဆုတောင်းကြသည်။ သူတို့မှာ ဒီလို လူမသိအောင် ကျိတ်ဆုတောင်းရုံက လွဲပြီး တခြား ဘယ်နည်းနဲ့မှလည်း ဖြေရှင်းစရာ နည်းလမ်း မရှိခဲ့ကြဘူး မဟုတ်လား။

ဒီလိုနဲ့ နေ့ရက်မှာ လပြောင်း ၊ လမှ နှစ်ကူး လာခဲ့၏။ အစ ပထမကတော့ သူတို့ရဲ့ ရင်တွင်း ခံစားချက်များကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခြင်း မလုပ်နိုင်လို့ သူတို့ဟာ ကျောက်ဂူထဲမှာ လွတ်လပ်တိတ်ဆိတ်စွာ ဆုတောင်းပြီး ကျိန်စာ တိုက်နေခဲ့ကြခြင်း ဖြစ်ပေမဲ့ လူတွေ အားလုံး တညီတညွှတ်ထဲ လေးနက်စွာ ဆုတောင်းနေကြလို့ စူးရှသော မေတ္တာ သက်ရောက်ကာ ပို၍ ထက်မြက်လာခဲ့လေတော့သည်။ ဘာလို့လဲ ဆိုတော့ သိပ်မကြာခင် အချိန်မှာ သူတို့ နိုင်ငံက ဘုရင်ကြီးဟာ လူကောင်း ပကတိကနေ ရုတ်တရက် သေဆုံး သွားခဲ့သည်။

ဘုရင်ကြီး သေဆုံးသွားတယ် ဆိုတဲ့ သတင်းလည်း ကြားရော ကျောက်ဂူထဲမှာ တိတ်တဆိတ် ဆုတောင်းပြီး ကျိန်စာ တိုက်နေခဲ့ကြသော တိုင်းသူပြည်သား များစွာ လမ်းမပေါ် တက်ပြီး ပျော်ရွှင်စွာနဲ့ ကခုန်ကြ၏။ သူတို့ကို ဆိုးသွမ်းစွာ ၊ ယုတ်မာစွာ အုပ်ချုပ်နေခဲ့သော ဘုရင်ကြီး သေဆုံးကာ အခုဆို သူတို့မှာ နောက်တက်မည့် ဘုရင်ကြောင့် အေးချမ်းစွာ နေကြရတော့မယ် လို့ သူတို့ မျှော်လင့်လိုက်လို့ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ မျှော်လင့်ချက် မှားသွားခဲ့သည်။ နောက်ထပ် တက်လာသော ဘုရင်က အရင်က သေဆုံးသွားသော ဘုရင်ထက် လွန်စွာမှ ဆိုးသွမ်းနေလေသည်။

လိုအပ်ချက်တွေ အတွက် တောင်းဆိုတဲ့ တိုင်းသူပြည်သားတွေကို ဖမ်းဆီးရုံတင် မကဘူး။ ကြီးစွာသော အပြစ်ဒဏ်တွေကိုပါ ပေး၏။ ဆူပူသော တိုင်းသူပြည်သားတွေကိုလည်း ရက်စက်စွာ နှိပ်ကွပ်၏။ ဒီလိုနဲ့ ပို၍ ဆိုးသော မင်းတစ်ပါးကို တိုင်းသူပြည်သားတွေ ရရှိခဲ့လေတော့သည်။ ဒီတော့ သူတို့ ဟိုးအရင်တုန်းကလိုပဲ ကျောက်ဂူကြီးထဲကို သွားကာ တိတ်တဆိတ်နဲ့ နောက်ထပ်လာတဲ့ ဘုရင် မြန်မြန်သေအောင် ဝိုင်းပြီးတော့ ဆုတောင်းကြ၏။ သူတို့ရဲ့ ဝိုင်းဝန်း ဆုတောင်းကြတဲ့ စိတ်ဓါတ် ၊ မေတ္တာ အစွမ်းက ကြီးမားတာလား မပြောတတ်ပါ။ နောက်တက်လာတဲ့ ဘုရင်က သိပ်ကြာကြာ ထီးနန်းမှာ မစံစားလိုက်ရဘဲ ဘာရောဂါမှ မရှိဘဲ သေဆုံးသွာ၏။

အခုလို နောက်တက်လာတဲ့ ဘုရင်လည်း ရုတ်တရက် သေဆုံးသွားတော့ တိုင်းသူပြည်သားတွေက ဒါဟာ သူတို့ အားလုံး တညီတညွှတ်တည်း ဝိုင်းဝန်း ဆုတောင်းကြလို့ ဆိုတာကို ပို၍ လက်ခံလာကြ၏။ သူတို့ ပျော်ရွှင်စွာ နေမယ် လို့ စဉ်းစားနေစဉ်မှာပဲ နောက်ထပ် ဘုရင် တစ်ပါးက နန်းတက်လာလေသည်။ ထိုဘုရင်သည် ဟိုးအရင်က ဘုရင်တွေထက် ပို၍ ရက်စက် ကြမ်းကြုပ်လာ၏။ ပို၍ အညှာအတာ ကင်းမဲ့လာ၏။ ထို့ပြင် သူက တိုင်းပြည် အုပ်ချုပ်နေသော ဘုရင်သေအောင်လို့ တိုင်းသူပြည်သားတွေ စုပြီး ဆုတောင်းရွတ်ဆိုနေတာကို သိနေလေသည်။

ထို့ကြောင့် သူက ဘုရင် ဖြစ်လာနဲ့ တပြိုင်နက် သူ့ကို သေပါစေ ဆိုပြီးတော့ ရွတ်ဆို ဆုတောင်းနေသော နေရာများကို စုံစမ်းကာ ပြင်းထန်စွာ အရေးယူလေတော့သည်။ ဒီတော့ တိုင်းသူပြည်သားတွေမှာ ပို၍ လုံခြုံသော နေရာကို ရှာဖွေကာ ဘုရင် မသိနိုင်သော အခြေအနေကျမှ ဆုတောင်းရလေတော့သည်။ ထိုသို့ ဘုရင်က ပို၍ ဆိုးလာသလို ၊ တိုင်းသူပြည်သားတွေကလည်း ဘုရင့် အပေါ်မှာ ပို၍ မုန်းတီးလာကြလေတော့သည်။ သူတို့မှာ တခြားလည်း လုပ်စရာ မရှိ ၊ လုပ်လို့လည်း မရတဲ့ အတွက် . . . သူတို့ လုပ်ခွင့် ရသော ဆုတောင်းခြင်း တစ်မျိုး ဖြစ်သော ဘုရင် မြန်မြန်သေပါစေ ဆိုတဲ့ ဆုတောင်းခြင်းကိုသာ ပို၍ စူးစိုက်စွာ လုပ်ဆောင် ကြလေတော့သည်။

ဒီလိုနဲ့ တိုင်းသူပြည်သားတွေရဲ့ ချစ်ခင်မှု ဆိုသော မေတ္တာစိတ်ကို မရဘဲ ၊ မုန်းတီးမှု ဆိုသော ကျိန်စာတွေသာ ရသော ဘုရင်ဟာလည်း သိပ်ကြာကြာ မခံဘဲ ဘာရောဂါမှ မရှိလျက် ရုတ်တရက် သေဆုံးသွားပြန်လေတော့သည်။ ဒီအချိန်မှာတော့ သူတို့ရဲ့ ရွတ်ဆို ဆုတောင်းပွဲဟာ တိုင်းပြည်မှာ လွန်စွာမှ ထင်ပေါ်ကျော်ကြားနေခဲ့ပြီ။ နောက်တက်လာမဲ့ ဘုရင်ကလည်း ဒီအကြောင်းကို ကြားသိထားခဲ့ပြီးသား ဖြစ်၏။ ဒီတော့ သူကလည်း သူ ဘုရင် ဖြစ်လာတာနဲ့ တပြိုင်နက် သူ့ကို သေပါစေ ဆိုပြီးတော့ ရွတ်ဆို ဆုတောင်းလို့ မရအောင် ပိုပြီးတော့ ရက်စက်စွာ နှိမ်နင်းလေးတော့သည်။ ဆုတောင်းပွဲ ရှိနေသော နေရာတွေကို စုံစမ်းကာ နှိမ်နင်း၏။ ဖမ်းဆီး၏။ အကျဉ်းချလေသည်။

ဒီလိုနဲ့ နောက်တက်လာသော ဘုရင်က ပိုပြီး ပိုပြီး ရက်စက် လာလေတော့သည်။ ဒါပေမဲ့ ဆုတောင်းသူများကလည်း ပို၍ လုံခြုံသော နေရာကို ရှာဖွေကာ ဆုတောင်းလျက် ၊ ကျိန်စာ တိုက်လျက်ပါပဲ။ လူထု အပေါင်းရဲ့ ကျိန်စာကို ခံစားရသော ဘုရင် ခဗျာမှာလည်း ရေရှည် သက်ဆိုး မရှည်နိုင်ဘဲ ဘာရောဂါမှ မရှိလေဘဲ ရုတ်တရက် မေတ္တာစူးကာ သေဆုံးရပြန်လေသည်။ ထို့နောက် ဒီထက် ဆိုးသော ဘုရင် တစ်ပါး နန်းတတ်လာလေတော့သည်။ ဒီတော့ တိုင်းသူပြည်သားတွေကို ပို၍ ရက်စက်စွာ နှိမ်နင်းပြန်လေသည်။ ပြည်သူတွေကလည်း ကျိန်စာတိုက်ကြပြန်သည်။

ဒီလိုနဲ့ ဘုရင် အသစ်တစ်ပါးပြီး တစ်ပါး တတ်လာလိုက် ၊ တက်လာသော ဘုရင် အသစ်ကလည်း ဟိုးအရင်က ဘုရင်တွေထက် ပို၍ ဆိုးလာကာ ပို၍ ရက်စက်လာလေတော့သည်။ ဒီမှာ တိုင်းသူပြည်သားတွေကလည်း ကျိန်စာ တိုက်လိုက်နဲ့ သူတို့ လုံးလည် ချာလည် လည်နေလေတော့သည်။

ဒီနေ့တော့ တိုင်းပြည်မှာ လေးစားရသော ဘုန်းတော်ကြီး တစ်ပါးက အကြံကောင်း တစ်ခုကို ရလေ၏။ သူ့အကြံကောင်းကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဒကာတွေကို ဖိတ်ခေါ်ကာ အေးဆေးစွာ ပြောပြလေသည်။ ပထမတော့ သူ့ရဲ့ ဒကာတွေက လက်မခံပေ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း ဆိုကြ၏။ နောက်တော့ ဘုန်းတော်ကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက်ကာ ဘုန်းတော်ကြီး ပြောဆိုတဲ့ အတိုင်း လိုက်နာကာ ကျင့်သုံးပါမည် ဟု ဝန်ခံ ကတိပြုလိုက်လေတော့သည်။

ဘုန်းတော်ကြီးရဲ့ အတွေးက ထူးခြားတယ် မဟုတ်ပေမဲ့ ဆန်းကြယ်မှုတော့ ရှိ၏။ တိုင်းသူပြည်သားတွေ ဘုရင် အဆက်ဆက် ဆိုးလွန်းလို့ ဆိုကာ မြန်မြန်သေကြေအောင် ဆုတောင်းကျိန်စာတွေ တိုက်ခဲ့ကြ၏။ ထိုသို့ လုပ်ခဲ့တဲ့ အတိုင်းလည်း ထိရောက်စွာ ထိုဘုရင်တွေသည် လျင်မြန်စွာ နန်းသက် မကြာဘဲ သေဆုံးခဲ့ကြရသည်။ ထိုသို့ ကျိန်စာ တိုက်ခြင်းတွေ ဘုန်းတော်ကြီးတွေ မပါပေမဲ့ ကန့်ကွက်ခြင်းတော့ မရှိခဲ့။ သေဆုံးသွားသော ဘုရင့် နေရာမှာ နောက်ထပ် တက်လာသော ဘုရင်က ရှေ့က ဘုရင်ထက် ပို၍ သာလွန်ကာ ဆိုးသွမ်းနေလေသည်။ ဒီတော့ တိုင်းသူပြည်သားတွေ ဒီဘုရင် သေအောင် ထပ်ကျိန်စာ တိုက်ကြပြန်လေတော့သည်။

ဒီလိုနဲ့ ဘုရင် အသစ်သေလိုက် ၊ နောက်ထပ် အသစ်တက်လာလိုက် ၊ တတ်လာတဲ့ ဘုရင်က အရင် ဘုရင်ထက် ဆိုးနေလိုက် ၊ တိုင်းသူပြည်သားတွေ ကျိန်စာတိုက်လိုက် ၊ သေဆုံးသွားလိုက် ၊ နောက်ထပ် အသစ် တတ်လာလိုက် ၊ တတ်လာတဲ့ ဘုရင် အသစ်ကလည်း အရင်က ဘုရင်တွေထက် ဆိုးလာလိုက်နဲ့ ငါတို့ လုံးလည် ချာလပတ် ရမ်းနေခဲ့ရပြီ။ အခုတော့ ဒကာတို့ ဒီလို မလုပ်သင့်တော့ဘူး ဟု ဘုန်းတော်ကြီးက ဆို၏။ အခု လက်ရှိ ဘုရင်ကို မကောင်းဘူး ဆိုကာ ကျိန်စာတိုက်တယ် ဆိုပါစို့။ ဒီဘုရင်က သေဆုံးပြီး နောက်ထပ် တတ်လာသော ဘုရင်က ပို၍ ဆိုးနေမည် ဆိုပါက ဒကာတို့ရဲ့ လိုအပ်ချက် ဖြစ်သော ဘုရင်ကောင်း ဆိုတာကို ဘယ်မှာ ရလာပါတော့မည်နည်း။

ဒါကြောင့် လုပ်သင့်တာက အခု လက်ရှိ ဘုရင်သာ သေသွားပြီး နောက်ထပ် ပိုဆိုးသော ဘုရင်သစ် တတ်မလာလေအောင် လက်ရှိ ဘုရင်ကိုပဲ အကောင်းဘက်ကို ပြောင်းလဲနိုင်အောင် အသက်ရှည်စေဖို့ ဝိုင်းပြီး ဆုတောင်းပေးရင် မကောင်းဘူးလား ဟု ဘုန်းတော်ကြီးက မြိန့်ကြားလေသည်။ အစ ပထမမှာ တိုင်းသူပြည်သားတွေက လက်မခံ ၊ မဖြစ်နိုင်ဘူးဟု ဆိုပေမဲ့ သူတို့လည်း သိတော့ သိနေခဲ့ပြီ။ ဒါနဲ့ နောက်ဆုံးမှာ ဘုန်းတော်ကြီး ပြောတဲ့ အတိုင်း လက်ခံပြီး သူတို့ ရွတ်ဆိုကာ " ဘုရင် မြန်မြန် သေပါစေ " ဆိုတဲ့ ကျိန်စာ အစား ၊ " ဘုရင် သက်တော် ရာကျော် ရှည်ကာ ကျန်းမာပါစေ ၊ ပြည်သူလူထုကို စောင့်ရှောက်ပါစေ။ " ဆိုတဲ့ ဆုတောင်းကို ပြောင်းဆုတောင်းခဲ့ကြသည်။

ဒီအချိန်မှာတော့ နောက်ထပ် တတ်လာတဲ့ ဘုရင်ကြီးက သူ့အပေါ်မှာ တိုင်းသူပြည်သားတွေ ဟိုးအရင်က ဘုရင်တွေလိုပဲ " မြန်မြန်သေပါစေ " လို့ပဲ ဆုတောင်းနေမယ် လို့ ထင်နေခဲ့ပြီး သူလည်း ကျိန်စာ သင့်ကာ မြန်မြန်သေတော့မှာပဲ လို့ ထင်နေခဲ့၏။ ဒါကြောင့် တိုင်းသူပြည်သားတွေ ကျိန်စာတိုက်မဲ့ နေရာတွေကို စုံစမ်းနေခဲ့၏။ စုံစမ်းလို့ ရသမျှ နေရာတွေကိုလည်း ဆက်လက် ဆုတောင်းလို့ မရအောင် နည်းမျိုးစုံနဲ့ နှောက်ယှက် ဟန့်တားသည်။ ဒီလိုနဲ့ လပေါင်း အတော် ကြာတဲ့ အထိ ဘုရင်ကြီး မသေဆုံးပေ။ သူ့အရင်က ဘုရင်တွေ ဆိုရင် လ အနည်းငယ်သာ ဘုရင်အဖြစ် စံစားရကာ သေဆုံး ကြရလေသည်။ အခုတော့ လမှ နှစ်တောင်မှ ကူးတော့မည် သူ ဘာဆို ဘာမှ မဖြစ်။

ဒီအချိန်မှာတော့ တိုင်းသူပြည်သားတွေဟာ ဘုန်းတော်ကြီးရဲ့ ဆိုဆုံးမမှု အောက်မှာ အားလုံး တညီတညွှတ်တည်း ဘုရင်ကို သေပါစေ ဆိုပြီး ကျိန်စာ မတိုက်တော့ဘဲ ၊ ဘုရင်ကြီး အသက်ရှည်ပါစေ ၊ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါစေ ဟုသာ ဆုတောင်းမေတ္တာ ပို့နေခဲ့ကြတော့သည်။ အချိန်ကြာလာတာနှင့်အမျှ တိုင်းသူပြည်သားတွေရဲ့ မေတ္တာပို့မှုကလည်း ပိုပြီးတော့ အင်အား ကောင်းလာခဲ့၏။ ဘုရင်ကြဲီး လအနည်းငယ်နဲ့ မသေရုံမက နှစ်စွန်းတောင်မှ ဘာဆို ဘာမှ မဖြစ်။ ကျန်းမာလျက်ပါပဲ။ ဒီအချိန်မှာ ဘုရင်ကြီးက အတော်ကို အံ့သြလျက် ရှိနေခဲ့ပြီ။

ဘာလို့လဲ ဆိုတော့ သူ စုံစမ်းခိုင်းလို့ တိုင်းသူပြည်သားတွေ ဟိုးအရင်ကလို ဆုတောင်းပွဲတွေ လုပ်နေတုန်း ဆိုတာကိုလည်း သတင်းက ရ၏။ ထိုဆုတောင်းပွဲတွေမှာ ဘာတွေ ဆုတောင်းနေတယ် ဆိုတာ သူက မသိပေမဲ့ သူ့အထင်တော့ " ဘုရင် မြန်မြန်သေပါစေ " လို့ဆိုတောင်းနေတာပဲ ဖြစ်ရမည် ဟု သူက ထင်၏။ ဒါကြောင့် ထိုဆုတောင်းပွဲတွေ မလုပ်ဖြစ်အောင် သူ နည်းမျိုးစုံနဲ့ နှောက်ယှက်ဟန့်တားလေ့ ရှိသည်။ အခုတော့ ဒီလို ဆုတောင်းပွဲတွေ တိုင်းသူပြည်သားတွေ လုပ်နေရင်းနဲ့ကို သူ အသက်မသေ ၊ အသက်ရှည်ကာ ကျန်းမာလျက် ရှိနေလေသည်။

ဒါဆို တိုင်းသူပြည်သားတွေ ဘာတွေကိုများ ဆုတောင်းနေကြသလဲ လို့ သူ သိချင်လာသည်။ ဒါကြောင့် တစ်ညသော အခါမှာ ဘုရင်ကြီးဟာ သူ့ရဲ့ လူယုံနဲ့ အတူ ရုပ်ဖျက်ကာ တိုင်းသူပြည်သားတွေ လျှို့ဝှက်စွာ ဆုတောင်းသော ဆုံရပ်နေရာကို တိတ်တဆိတ် စုံစမ်းကာ သာမာန်လူ အသွင်ဖြင့် သွားရောက်လေတော့သည်။ တိုင်းသူပြည်သားတွေ ဆုတောင်းနေသော နေရာကို ရောက်တော့ သူ့အထင်ထက် လွန်စွာမှ များပြားသော ဆုတောင်းနေသူတွေကို မြင်ရလေတော့သည်။ သူကလည်း ရောယောင် လိုက်ပါသွားကာ ဆုတောင်းသူ လိုလိုဖြင့် အထဲကို လိုက်ဝင်သွားလေတော့သည်။

အထဲကို ရုပ်ဖျက်ထားသော ဘုရင်ကြီး ရောက်သွားတော့ ဆုတောင်းနေသူများ၏ အသံများကို ကြားရလေတော့သည်။ တကယ်တော့ ဆုတောင်းနေသူများက တီးတိုး ရွတ်ဆိုကြခြင်းမျှသာ ဖြစ်၏။ သို့သော် လူပေါင်းများစွာရဲ့ ရွတ်ဆိုမှု ဆိုတော့ အသံတွေကို ထင်ရှားစွာ ကြားရလေတော့သည်။

" တိုင်းပြည်ကို အုပ်ချုပ်နေသော ဘုရင်ကြီး ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ပြည်သူ လူထုရဲ့ အကျိုးကို သယ်ပိုးနိုင်ပါစေ။ "

ဆိုသော အသံကို ဘုရင်ကြီး လုံးဝ မမျှော်လင့်ထားဘဲ ကြားလိုက်ရလေတော့သည်။ ဒီအသံကို ကြားလိုက်ရတော့ ဘုရင်ကြီးရဲ့ စိတ်ထဲမှာ နွေးခနဲ ဖြစ်သွားကာ ခေါင်းထဲမှာလည်း မိုက်ခနဲ ခံစားလိုက်ရသည်။ သူ့ရဲ့အထင်မှာ တိုင်းသူပြည်သားတွေက သူ့ကို သေပါစေ ဆိုကာ ကျိန်စာ တိုက်နေမယ် လို့ သူက ထင်ထားခဲ့ပေမဲ့ တကယ်တော့ တိုင်းသူပြည်သားတွေက သူ့ကို ဆုတောင်းမေတ္တာ ပို့သနေခဲ့ကြတာ မဟုတ်ပါလား။

အထင်နဲ့ အမြင် လွဲမှားမှုကို လက်တွေ့ မြင်ခဲ့ရသော ဘုရင်ကြီးဟာ အပြန်လမ်း တလျှောက်မှာ များစွာသော အတွေးတွေနဲ့ နန်းတော်ကို ပြန်လာခဲ့၏။ ငါကသာ ငါ့အပေါ်မှာ ကျိန်စာ တိုက်နေမှာပဲ ဆိုပြီးတော့ တားဆီးခဲ့တဲ့ ဆုတောင်းပွဲတွေမှာ သူတို့က တကယ်တော့ ငါ့အပေါ်မှာ ဆုတောင်းမေတ္တာပို့သနေတာပါလား။ ငါကသာ သူတို့ကို နှိပ်ကွပ်နေတာ တကယ်တော့ သူတို့က ငါ့ကို ကောင်းကျိုးလုပ်ပေးဖို့ ဆုတောင်းနေကြတာပါလား ဆိုတဲ့ အသိတွေ ၊ နောင်တတွေနဲ့ ပြန်လာခဲ့သည်။

ဒီလိုစိတ်ကူးတွေနဲ့ အသိတရားတွေ ရသွားခဲ့တဲ့ ဘုရင်ကြီးဟာ နောက်နေ့ မနက်မိုးလင်းတယ် ဆိုတာနဲ့ တပြိုင်နက် သူ့ရဲ့ တိုင်းပြည်မှာ ရှိသော တိုင်းသူပြည်သားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာ မက ဆုတောင်းရွတ်ဆိုပွဲများ ၊ လိုအပ်ချက်များကို လာရောက်တောင်းဆိုပွဲများကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးပြီးတော့ တိုင်းသူပြည်သားတွေရဲ့ တကယ့် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးကာ ပျော်ရွှင်စွာနဲ့ တိုင်းသူ ပြည်သားတွေ ချစ်သော ဘုရင် တစ်ပါး အဖြစ်နဲ့ နှစ်ပေါင်းများစွာ စိုးစံရင်း အသက်ကြီးရင့်ထိတိုင်အောင် အုပ်ချုပ်ကာ မင်းလုပ်သွားခဲ့ရလေတော့သည်။

ဒီဘုရင်ကြီးကို အတုယူပြီးတော့ နောက်ထပ် တတ်လာတဲ့ ဘုရင်တွေ အားလုံးကလည်း ဒီဘုရင်ကြီး အတိုင်းပဲ ဆက်လက် တိုင်းသူပြည်သားတွေရဲ့ ဆုတောင်းမှုတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးပြီးတော့ ၊ တိုင်းသူပြည်သားတွေရဲ့ ရင်တွင်းအသံတွေကိုလည်း နားထောင်ကာ ဖြည့်ဆည်းပေး၍ ကောင်းမွန်စွာ အုပ်ချုပ်ပေးနေလေတော့သည်။

အဲဒီအချိန်မှာတော့ တိုင်းသူပြည်သားတွေရဲ့ စုပေါင်းရွတ်ဆိုကာ ဆုတောင်းတဲ့ ဆုတောင်းကတော့  . . . .

" ဘုရင်မင်းကြီး ကျန်းမာ ချမ်းသာပါစေ ၊ အသက်ရှည်ပါစေ ၊ တိုင်းပြည်ရဲ့ အကျိုးကိုလည်း တိုးတတ်အောင် ဆောင်ရွက်နိုင်ပါစေ။ "

ဆိုသော သံပြိုင်ရွတ်ဆိုသံများပဲဖြစ်ပါတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ။



ဒီပုံပြင်လေးကိုတော့ ငယ်ငယ်တုန်းက အပေါ်မှာ ကျွန်တော် ရေးပြထားတဲ့ အတိုင်း အဲဒီနေရာလောက် အထိပဲ ကျွန်တော် နားထောင်ခဲ့ရပါသည်။ အခုတော့ ဒီပုံပြင်လေးကို ရေးနေရင်းနဲ့ ကျွန်တော် ဆက်စဉ်းစားနေမိ၏။

ဒီလို ဘုရင်မျိုးသာ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေခဲ့မယ် ၊ ရှိနေခဲ့တယ် ဆိုရင်ပေါ့လေ။ ကျွန်တော်တို့ တိုင်းသူပြည်သားတွေရဲ့ ရင်ထဲက တကယ်ကို ရွတ်ဆိုချင်နေတဲ့ အသံတွေကို ဒီလို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဘုရင်ကြီး ပြည်သူတွေထဲ အထိ ရုပ်ဖျက်ဝင်ရောက်ကာ လာရောက် နားထောင်နိုင်ပါစေ . . . လို့သာ။



ကျွန်တော် ငယ်ငယ်တုန်းက နားထောင်ခဲ့ရသော ပုံပြင်လေးတွေပါ။ အခုလို အရွယ်မှာ ပြန်လည် တွေးကြည့်တော့ ထပ်ပြီးတော့ ကွန့်ချင်သော အကြောင်းအရာလေးတွေ ပေါ်လာမိ၏။ ဒါကလည်း ကောင်းစေချင်တဲ့ စိတ်စေတနာနဲ့ပါ။ အခြေအနေ ပေးရင် တခြားသော ပုံပြင်လေးတွေ ဆက်ရေးပါဦးမယ်။ ဖြစ်နိုင်မယ် ဆိုရင်ပေါ့ . . . ဒီပုံပြင်လေးတွေကို ကလေးတွေရဲ့ စိတ် ၊ နား ၊ ရင်ထဲ ရောက်အောင် " ကြုံရင် ပုံပြင် အဖြစ်နဲ့ ပြောပြပေးပါ။ "


ဘာလိုလိုနဲ့ ကျွန်တော် စုထား ၊ စိတ်ကူးပုံဖော်ထားတဲ့ ပုံပြင်လေးတွေကို " ကြုံရင် ပုံပြင် ပြောပါ " ခေါင်းစဉ် အောက်မှာ ရေးခဲ့တာ အခုဆို နံပါတ် ( ၅ ) တောင်မှ ရောက်လာခဲ့ပြီ။ အားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အရင်က ပုံပြင်လေးတွေကို ဆက်ဖတ်ချင်ရင် - 







လေးစားစွာဖြင့်
ကိုဇော်
23-Jan-2012

Share/Bookmark

09 November 2011

19 မေတ္တာ ပေါင်းကူး တံတား




တစ်ခါက . . . 

တောင်ပေါ်ရွာလေး နှစ်ရွာဟာ ချောက်ကမ်းပါးကြီး တစ်ခုကို အလယ်မှာ ခြားလျက် မျက်နှာချင်းဆိုင် တည်ရှိနေသတဲ့။ ထိုချောက်ကမ်းပါးကလည်း ပေတစ်ရာ နီးပါးလောက် ကျယ်ပြီးတော့ ပေ ၃၀၀ လောက် နက်ကာ အောက်မှာတော့ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ ချောင်းလေး တစ်ခုကလည်း ရှိနေလေတယ်။ မနက် မိုးလင်းလိုပဲ ဖြစ်ဖြစ် ၊ ညနေ နေဝင်ရီတရောမှာပဲ ဖြစ်ဖြစ် တစ်ဘက်ကနေ တစ်ဘက်ကို လှမ်းကြည့်လိုက်ရင် ရွာလေး နှစ်ရွာဟာ တစ်ရွာကို တစ်ရွာ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်နေရပေမဲ့ ချောက်ကမ်းပါးကြီးက ခြားနေတဲ့ အတွက်ကြောင့် တစ်ဘက်နဲ့ တစ်ဘက် ကူးလူး ဆက်သွယ်ခွင့် မရကြရှာဘူး။

တစ်ဘက်မှာ မြင်နေရတဲ့ ရွာနဲ့ ဒီဘက်က ရွာ ဆက်သွယ်ကြဖို့ ဆိုတာ တောင်ပေါ်ကနေပြီးတော့ တောင်ကို ပတ်ပြီး ဖောက်ထားတဲ့ တောင်ပတ်လမ်းကနေ နှစ်နာရီလောက် ဆင်းသွားပြီးတော့ တောင်ခြေ မရောက်ခင်မှာ ဟိုဘက်ကို သိပ်မဝေးတော့တဲ့ နေရာကနေ တောင်ကို လှမ်းကူးထားတဲ့ ခိုင်ခိုင်ခံ့ခံ့ တံတားလေးကနေ ဟိုဘက် တောင်ကို ကူးပြီးမှ တောင်ပေါ်ကို နောက်ထပ် နှစ်နာရီလောက် တက်ရင် တောင်ပေါ်က ရွာလေးကို ရောက်သွားပြန်တယ်။ ဒီလိုနဲ့ပဲ မြင်နေရတဲ့ တောင်ပေါ် ရွာလေး တစ်ရွာကနေ နောက်ထပ် တောင်ပေါ်ရွာလေး ဆီကို ကူးသန်းကြရတယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ သူတို့ရဲ့ တောင်ပေါ် ရွာလေး နှစ်ရွာရဲ့ ကူးလူး ဆက်ဆံရေးဟာ ဒီလိုပဲ ရှိနေခဲ့တယ်။ လေငြိမ်နေတဲ့ အချိန်ဆိုရင် ဒီဘက် ချောက်ကမ်းပါးမှာ ရပ်နေတဲ့ လူတစ်ယောက်က ဟိုဘက် ချောက်ကမ်းပါးမှာ ရပ်နေတဲ့ လူကို လှမ်းအော်ပြီးတော့ စကားပြောလို့ ရပေမဲ့ တစ်ဘက်နဲ့ တစ်ဘက် ကူးသန်းဖို့ ကျတော့ ဒီဘက် တောင်ပေါ်က ဆင်းပြီးတော့မှ ဟိုဘက် တောင်ပေါ်ကို တက်ကြရတယ်။ အခုလို ကြားမှာ ခြားနေတဲ့ ချောက်ကမ်းပါးကို ကူးသွားနိုင်ဖို့ တံတားဆင်ဖို့ ဆိုတာကလည်း ကြိုးတံတားက လွဲလို့ မဖြစ်နိုင်ဘူး။ 

ဒီလို ကြိုးတံတား တည်ဆောက်ဖို့ သူတို့ အကြိမ်ပေါင်းများစွာ ကြိုးစားဖူးခဲ့တယ်။ လူပေါင်းများစွာ ၊ ပစ္စည်းပေါင်းများစွာနဲ့ လျှောက်လှမ်းနိုင်ဖို့ ဆိုတာ များစွာသော ဝန်ကို တံတားက ထမ်းထားရမှာ ဖြစ်လို့  တံတားကို အဓိက ထမ်းပိုးထားမဲ့ ကြိုးဟာလည်း အလွန်အားကောင်းပြီး ကျစ်လျစ် တုတ်ခိုင်တဲ့ ကြိုးဖြစ်ဖို့ လိုတယ် လို့ သူတို့ တွေးခဲ့ကြတယ်။ ဒါကြောင့် တံတားထိုးဖို့ ကြိုး အလုံးကြီးကြီးကို တစ်ဘက်ကမ်းကနေ ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လို ပို့ရမယ် ဆိုတာကို စဉ်းစား မရခဲ့ကြဘူး။ လူပေါင်းများစွာရဲ့ အလေးချိန် ၊ ပစ္စည်း အထွေထွေရဲ့ အလေးချိန်ကို ခံနိုင်ဖို့ ကြိုးတံတားကို ကြိုး အလုံး ကြီးကြီး နဲ့ သွယ်ဖို့ ထိုကြိုးအလုံးကြီးကို တဘက်ကမ်းဆီ ရောက်အောင် ဘယ်လိုမှ ဆက်သွယ် မရခဲ့ဘူး။

ကြိုးလုံးကြီးကို ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကို ရောက်အောင် လှမ်းပစ်တော့လည်း ဘယ်လိုမှ ဟိုဘက်ကမ်းကို မရောက်နိုင်။ သူတို့ ဟိုဘက် ကမ်းကို ကူးတဲ့ လမ်းကြောအတိုင်း ကျတော့လည်း ခရီးလမ်းက ရှည်တော့ ဘယ်လိုမှ ကြိုး အရှည်က မရောက်နိုင်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာဟာ ကူးလူးဆက်ဆံမှုက တောင်ပေါ်မှ တောင်ခြေကို ဆင်း ၊ တောင်ခြေမှ တခြားတောင်ခြေကို ကူးကာ တောင်ပေါ်ကို ပြန်တက်ရတဲ့ နည်းလမ်း တစ်ခုတည်းနဲ့တင် သူတို့ ရွာနှစ်ရွာရဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေခဲ့တယ်။ မြင်နေရတဲ့ တောင်ပေါ်မှ ချောက်ကမ်းပါးမှာ ဟိုဘက် ဒီဘက် ကူးဖို့ ကြိုးတံတား တည်ဆောက်ရေးကိုတော့ အားလုံးက မဖြစ်နိုင်ဘူး ဆိုတာ လျစ်လျူရှူ့ကာ မေ့ထားလိုက်လေတော့တယ်။



တစ်နေ့တော့ . . .  .

သူတို့ရဲ့ တောင်ပေါ် ရွာလေးဆီကို လူငယ် တစ်ယောက် ရောက်ရှိလာခဲ့တယ်။ အဲဒီ လူငယ်က တောင်ပေါ်ကနေပြီးတော့ လှမ်းကြည့်လိုက်တော့ ချောက်ကမ်းပါးသာ ခြားနေတဲ့ ဟိုဘက်က ရွာကို မြင်ပြီး ဒီချောက်ကမ်းပါးကို ကြိုးတံတားလေး ထိုးလိုက်ရင် ဟိုဘက် ဒီဘက် လွယ်ကူသွားမယ် ဆိုတဲ့ အကြောင်းကို ပြောလာခဲ့တယ်။ သူ့ဆီက စကားကို ဘယ်သူကမှ အရေးတယူ မရှိကြပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီလို အကြံကို သူတို့ တောင်ပေါ်ရွာက လူတွေ ရခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ကြပြီးတော့ ကြိုးတံတားလေး မထိုးနိုင်တာကလည်း အကြံရပြီးကတည်းက နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ မဟုတ်ပါလား။ တကယ်ကို ကြိုးစားခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။ သူတို့ အားလုံးလည်း တံတားထိုးဖို့ ကြိုးလုံးကြီးကို ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လိုမှ အောင်မြင်အောင် မကြိုးစားနိုင်ခဲ့ဘူး။

ဟိုဘက် ဒီဘက်ကို လှမ်းမြင်နေရတဲ့ တောင်ပေါ်ရွာလေး နှစ်ရွာကို ကြည့်ပြီး ကြိုးတံတား ထိုးဖို့ စိတ်အား ထက်သန်နေတဲ့ လူငယ်လေးကို ရွာက လူတွေ အားလုံးက ဝိုင်းပြီးတော့ နှစ်သိမ့်ကြတယ်။ သူတို့လည်း နှစ်ပေါင်းများစွာ ကတည်းက ဒီစိတ်ကူးကို ရခဲ့ကြဖူးပြီးတော့ ကြိုးစားကြဖူးကြောင်း ဒါပေမဲ့ လူအား ဝန်အားကို ခံနိုင်တဲ့ ကြိုးလုံး တုတ်တုတ်ကြီးတွေကို ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လိုမှ ပို့လို့ မရလို့ ဒီအတိုင်းသာ ထိုင်နေရတာ ဖြစ်ကြောင်း ဖျောင်းဖျကြတယ်။ သူတို့ရဲ့ စကားကို ကြားတော့ အလည်ရောက်နေတဲ့ လူငယ်လေးက သူတို့ကို ကြည့်ပြီးတော့ အံ့သြသွားတယ်။

“ ဒီကိစ္စကို မပူပါနဲ့။ ဟိုဘက်ကမ်းကို ရောက်အောင် ကြိုးပို့ဖို့ ခက်နေတယ် ဆိုရင် ဒါကို ကျွန်တော် ကူညီပေးလို့ ရပါတယ်။ ဟိုဘက် ဒီဘက် ကြိုးတစ်စ ဆက်သွယ် လိုက်နိုင်ပြီ ဆိုတာနဲ့ ကြိုးတံတား တည်ဆောက်ဖို့ အဆင်ပြေ သွားမှာပါ။ ကြိုးတံတား ထိုးဖို့ စိတ်ကူး ရှိတယ် ဆိုရင် ကျွန်တော် ပြောသလိုသာ လုပ်ပါ။ ”

ဆိုပြီး ပြောတယ်။ ရွာက အတွေ့အကြုံ ကြွယ်ဝသူတွေကလည်း လူငယ်လေးရဲ့ တတ်ကြွမှုကို မတားချင်ပေမဲ့လည်း နှစ်ပေါင်းများစွာ သူတို့ နည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားမှုကို ကိုယ်တွေ့ ခံစား သိရှိထားတော့ လူငယ် ပြောတာကို ဘယ်လိုမှ ဖြစ်နိုင်မယ် မထင်မိဘူး။ ဒါကြောင့် သူတို့ စိတ်မပါ လက်မပါနဲ့ ခေါင်းငြိမ့်ခဲ့ကြတယ်။ လူငယ်လေး ဘယ်လို ပြင်ဆင်မယ် ဆိုတာ မသိပေမဲ့ အားတတ်သရော မရှိကြဘူး။ ပြီးတော့ လူငယ်လေး ရဲ့ တံတားထိုးဖို့ လိုအပ်တယ် ဆိုတဲ့ ပြင်ဆင်မှုကိုလည်း ကြားရရော သူတို့ အားလုံး လူငယ်လေးကို ဝိုင်းပြီးတော့ နားမလည်နိုင်သလို ကြည့်ကြတယ်။ လူငယ်လေးက သူ့ရဲ့ လိုအပ်ချက်ကို ပြောပြတယ်။

" ကျွန်တော် အခု လောလောဆယ် လိုအပ်နေတာက စာပို့ခိုလေး တစ်ကောင်နဲ့ အပ်ချည်ကြိုး ရှည်ရှည် တစ်လုံးပါပဲ။ "

လို့ ဆိုတယ်။ လူငယ်လေးရဲ့ စကားကိုလည်း ကြားရော အားလုံးက လူငယ်လေးကို စိတ်မနှံ့သူလို့ ယူဆလိုက်မိသလို ဖြစ်သွားကြတယ်။ ဒါပေမဲ့ လူငယ်လေးကတော့ တည်ကြည်စွာ ဆက်လက် တောင်းဆိုနေခဲ့တယ်။ လူပေါင်းများစွာ ၊ အလေးချိန် များသော ပစ္စည်းပေါင်းများစွာနဲ့ ဖြတ်သန်းမဲ့ ကြိုးတံတားကို ဆောက်ဖို့ ခိုင်ခန့်တဲ့ ကြိုးတွေကို မတောင်းဘဲနဲ့ အပ်ချည်ကြိုးကိုပဲ တောင်းနေတော့ လူငယ်လေးကို နားမလည်နိုင်အောင် ဖြစ်ကြရတယ်။ ဒါပေမဲ့  လူငယ်လေး ထပ်ကာ ထပ်ကာ တောင်းဆိုနေတဲ့ အတွက် လူငယ်လေး လိုချင်တာကို စိတ်မပါဘဲ ပေးလိုက်ကြတယ်။

စာပို့ခို နဲ့ အပ်ချည်ကြိုး ရပြီ ဆိုတာနှင့် တပြိုင်နက် လူငယ်လေးက စာပို့ခိုလေးရဲ့ ခြေထောက်မှာ အပ်ချည်ကြိုးကို ချည်ကာ ဟိုနား ဒီနား လိုသလို ပျံသန်းနိုင်အောင် လေ့ကျင့်နေခဲ့တယ်။ လူငယ်လေးရဲ့ ရည်ရွယ်ချက်ကို သေချာ မသိသေးတဲ့ အတွက် ရွာခံလူတွေ အားလုံးကတော့ လူငယ်လေးကို သနားဂရုဏာ သက်နေကြတယ်။ လူငယ်လေးကတော့ ဘယ်သူ့ကိုမှ ဘာမှ မပြောတော့ဘဲ သူလုပ်စရာ ရှိတာကိုသာ လုပ်နေတော့တယ်။



ရက်အနည်းငယ် ကြာတော့ လူငယ်လေးက သူ လေ့ကျင်ပေးထားတဲ့ ခိုလေးကို ကိုင်ပြီးတော့ ရွာမှာ ရှိနေတဲ့ လူကြီးတွေ အားလုံးကို ခေါ်ယူကာ စုစည်းလိုက်တယ်။ ပြီးမှ . . .

" ကျွန်တော် ဒီနေ့က စပြီး ဟိုဘက် တောင်ပေါ်ရွာနဲ့ ဒီဘက် တောင်ပေါ်ရွာ နှစ်ရွာကို ဆက်သွယ်တဲ့ ကြိုးတံတားကို စဆောက်ပါတော့မယ်။ ဒါ့ကြောင့် ကျွန်တော့်ကို လိုတာလေးတွေ ဝိုင်းဝန်း ကူညီကြပါ။ "

လို့ ဆိုတယ်။ ဘယ်လို ဆောက်မယ် ဆိုတာ မသိပေမဲ့ တကယ် ဆောက်မယ် ဆိုတော့ အားလုံးလည်း တတ်ကြွလာကြတယ်။ ဝိုင်းဝန်း ကူညီဖို့ အားတတ်သရော ပြင်ဆင်ကြတယ်။ လိုအပ်တာတွေ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုတော့ လူငယ်လေးက သူလေ့ကျင့်ပေးထားတဲ့ ခိုလေးကို ကိုင်ပြီး ချောက်ကမ်းပါးကြီးရဲ့ အစွန်းမှာ ရပ်လိုက်တယ်။ ပြီးတော့ ဟိုဘက်မှာ လှမ်းမြင်နေရတဲ့ တောင်ပေါ်ရွာလေးကို လှမ်းကြည့်လိုက်တယ်။ ဟိုဘက်တောင်ပေါ်ရဲ့ ချောက်ကမ်းပါး အစွန်းမှာလည်း သူတို့ နှစ်ရွာကို ပေါင်းကူး တံတားလေး ဆောက်ပေးမယ် ဆိုတဲ့ အသိကြောင့် အားလုံး လိုလိုက လူငယ်လေးကို မျှော်လင့်ခြင်းကြီးစွာသော မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။

အားလုံးကို တစ်ချက် ဝေ့ကြည့်ပြီးတော့ လူငယ်လေးက သူ့လက်ထဲမှာ ကိုင်ထားတဲ့ စာပို့ခိုလေးကို ကောင်းကင်ယံသို့ လွှင့်မြှောက်ကာ ပျံသန်းစေလိုက်တယ်။ ဒီလို ပျံသန်းခွင့် ရသွားပြီ ဆိုရင်ပဲ စာပို့ခိုလေးဟာ လူငယ်လေး လေ့ကျင့်ပေးထားတဲ့ အတိုင်း ဟိုဘက် တောင်ကမ်းပါးမှာ ရှိနေတဲ့ လူတွေဆီကို ဦးတည်ပျံသန်းသွားတယ်။ ခိုလေးရဲ့ ခြေထောက်မှာ လူငယ်လေး ချည်နှောင်ပေးလိုက်တဲ့ အပ်ချည်ကြိုးလေးဟာ ဝေ့ဝဲပြီး ပါသွားတယ်။ အပ်ချည်ကြိုးကို ခိုလေးက ဆွဲယူပျံသန်းသွားတယ် ဆိုရင်ပဲ လိပ်ချည်ထားသော အပ်ချည်လုံးထဲမှ အပ်ချည်ကြိုးများကလည်း တလှစ်လှစ်နဲ့ ခိုလေး ပျံသန်း ဆွဲရာ နောက်ကို ဖြေလျော့ကာ ထွက်လိုက်သွားတယ်။

ပျံသန်းသွားတဲ့ ခိုလေးဟာ ဟိုဘက် ကမ်းပါးကိုလည်း ရောက်ရော ဟိုဘက်မှာ စောင့်နေတဲ့ လူတစ်ယောက်က ခိုလေးကို လှမ်းဖမ်းယူလိုက်ပြီးတော့ ခိုလေးရဲ့ ခြေထောက်မှာ ချည်နှောင်ပေးလိုက်တဲ့ အပ်ချည်ကြိုးကို ဖြုတ်ယူလိုက်ပြီး ခိုလေးကို လှောင်အိမ်ထဲ ထည့်လိုက်တော့တယ်။ သူ့လက်ထဲမှာ ရောက်ရှိနေတဲ့ အပ်ချည်ကြိုးကို ဆွဲယူလိုက်တော့ လျော့တိ လျော့ရဲနဲ့ ဖြစ်နေတဲ့ အပ်ချည်ကြိုးလေးဟာ ခပ်တင်းတင်းလေး ဖြစ်လာခဲ့တယ်။ တင်းလာတာနဲ့ အမျှ အပ်ချည်ကြိုးရဲ့ ပထမ စမှတ် ဖြစ်တဲ့ လူငယ်လေး ကိုင်ထားတဲ့ အပ်ချည်ကြိုး နေရာနဲ့ တစ်ဘက်က အပ်ချည်ကြိုး တို့ဟာ ဆက်သွယ်ထားသော ကြိုးတစ်ချောင်း ဖြစ်လာခဲ့တော့တယ်။

ဟိုဘက် ဒီဘက် ဆက်သွယ်ထားတဲ့ ကြိုးတစ်ချောင်းတော့ ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ ဒီကြိုးဟာ အပ်ချည်ကြိုးလေးမျှသာ ဖြစ်တယ်။ ဒီအပ်ချည်ကြိုးလေးပေါ်မှာတော့ ဘယ်လိုမှ လူသွားလို့ ရနိုင်တဲ့ တံတားဆောက်လို့ မရဘူး ဆိုတာ အားလုံးလည်း သိကြတယ်။ နှစ်ဘက် ရွာသားတွေ အားလုံး ကြောင်ပြီးတော့ ကြည့်နေတုန်းမှာ လူငယ်လေးက သူ့ဘက်မှာ ရှိနေတဲ့ အပ်ချည်ကြိုးစ ရဲ့ တစ်ဘက်ကို နောက်ထပ် ပိုးကြိုး ခပ်ကြီးကြီး တစ်ချောင်းနဲ့ ချည်လိုက်ပြန်တယ်။ ပြီးတော့ ဟိုဘက် ကမ်းပါးမှာ ကြိုးစ ကိုင်နေတဲ့ လူဆီကို လှမ်းဆွဲဖို့ အချက်ပြလိုက်တယ်။

သူ အချက်ပြလိုက်တယ် ဆိုရင်ပဲ ဟိုဘက်ကမ်းပါးမှာ အပ်ချည်ကြိုးလေး ကိုင်ပြီး စောင့်နေတဲ့ လူက အပ်ချည်ကြိုးစကို ဆွဲတော့တယ်။ ဒီတော့ ဒီဘက်မှာ အပ်ချည်ကြိုးနဲ့ ချည်ထားတဲ့ ပိုးကြိုးဟာ အပ်ချည်ကြိုးနဲ့ ချည်နှောင်မိပြီး ပါသွားတော့တယ်။ ဒီလိုနဲ့ ဟိုဘက် ကမ်းပါးက လူက ဆွဲရင်း ဆွဲရင်းနဲ့ သူ့ရဲ့ လက်ထဲကို အပ်ချည်ကြိုးက ကုန်ပြီးတော့ ပိုးကြိုးလေးက ရောက်သွားတော့တယ်။ ဒီလို အချိန်ကျတော့ ဒီဘက်က လူငယ်လေးက ပိုးကြိုးမှာ နိုင်လွန်ကြိုး တစ်ချောင်းကို ထပ်ပြီးတော့ ချည်နေလေပြီ။

ပြီးတော့ ဟိုဘက်ကမ်းပါးက လူကို ဆွဲခိုင်းလေတော့တယ်။ ဒီလိုနဲ့ ဟိုဘက်က ဆွဲလိုက် ၊ ဒီဘက်က လက်ရှိ ကြိုးထက် ပိုကြီးတဲ့ ကြိုးကို ထပ်ဆင့် ချည်နှောင်ပေးလိုက်နဲ့ တဖြေးဖြေး မူလ အပ်ချည်ကြိုးကနေ ဘာမှ မဆိုင်သော ကြိုးလုံး ကြီးကြီးများ ဖြစ်လာတယ်။ ထပ်ဆွဲရင်း ထပ်ချည်ရင်းနဲ့ နောက်ဆုံးမှာ ကြိုးလုံး အကြီးကြီးတွေ ဖြစ်တဲ့ ကြိုးတံတားဆောက်ဖို့ ကြိုးတွေကို ဆွဲလာနိုင်တော့တယ်။ ဒီလို ကြိုးလုံး အကြီးတွေကို ဆွဲတဲ့ အခါမှာတော့ ဒီဘက်ကမ်းပါးက ကမ်းပေးနေတဲ့ လူတွေကလည်း လူငယ်လေး တစ်ယောက်တည်းနဲ့ မရတော့သလို ဟိုဘက်ကမ်းပါးက ဆွဲနေတဲ့ လူကလည်း လူတစ်ယောက်တည်းနဲ့ မရတော့ဘဲ အားလုံး စုပေါင်းပြီး ဝိုင်းဆွဲကြတယ်။ ဒါပေမဲ့ ဒီလို ဆွဲရတဲ့အတွက် သူတို့ ပျော်နေကြတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ . . . .

နောက်ဆုံးမှာတော့ သူတို့ ရည်မှန်းထားတဲ့ ကြိုးတံတားဆောက်ဖို့ ကြိုးလုံးကြီးကြီးတွေကို ဟိုဘက်ကမ်းပါးကို ရောက်အောင် ပို့နိုင်ခဲ့တော့ပါတော့တယ်။ နှစ်ပေါင်းများစွာ ဟိုဘက် ကမ်းပါးကို ကြိုးလုံးကြီးတွေ ရောက်အောင် ပို့ခဲ့တာ မအောင်မြင်ခဲ့သမျှ ဒီနေ့မှာတော့ ၊ ဒီအကြိမ်မှာတော့ အောင်မြင်ခဲ့ပါပြီ။ ဒါပေမဲ့ ဘယ်လို ရအောင် ပို့ခဲ့တယ် ဆိုတာကိုတော့ မျက်မြင်မဟုတ်ရင် ယုံနိုင်စရာကို မရှိပါ။ လူပေါင်းများစွာ ၊ ကုန်ပစ္စည်းပေါင်းများစွာရဲ့ အလေးချိန်ဒဏ်ကို ခံနိုင်အောင် ဆောက်မဲ့ ကြိုးတံတားရဲ့ ဆိုင်းခံကြိုးလုံးကြီးတွေကို အပ်ချည်ကြိုး သေးသေးလေးတွေနဲ့ ဆွဲယူသွားတယ်လို့ ပြောရင် ယုံနိုင်ကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့  . . .  ဒါဟာ တကယ်ကို ဖြစ်ခဲ့တာပါ။ ဟိုဘက် ကမ်းပါးကို တံတားဆောက်ဖို့ ကြိုးလုံးကြီးတွေ ရောက်ပြီး မကြာခင်မှာပဲ သူတို့ နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့သော ကြိုးတံတား တစ်ခုကို အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။



ဒီပုံပြင်လေးက ကျွန်တော့်ရဲ့ စိတ်ကူးထဲက အတိုင်း ပုံဖော်ရင်း ချရေးလိုက်တာပါ။ တခြားရည်ရွယ်ချက်လေး ရှိပါသေးတယ်။

တကယ်တော့ ကျွန်တော် ရည်ရွယ်ချင်တာက လူတစ်ယောက်နဲ့ တစ်ယောက် ၊ မိတ်ဆွေ တစ်ယောက်နဲ့ တစ်ယောက် ၊ မိဘ နဲ့ သားသမီး ၊ ချစ်သူ နှစ်ဦး ၊ အိမ်ထောင်ဖက် နှစ်ဦး တို့ တစ်ယောက်နဲ့ တစ်ယောက် " မေတ္တာ ပေါင်းကူး တံတား " တည်ဆောက်တဲ့ အခါမှာ တစ်ယောက်က တစ်ယောက်ကို လောဘကြီးစွာ နဲ့ ကိုယ့်ရဲ့ ကမ်းပါးကနေ တစ်ဘက် ကမ်းပါးကို ရောက်အောင် တံတားထိုးမိစေဖို့ အလောတကြီးနဲ့ ခိုင်ခံ့သော ကြိုးလေးလေးကြီးများဖြင့် လှမ်းပစ် ချည်နှောင်တတ်ကြပါတယ်။

ဒီတော့ ကြိုးရဲ့ အလေးဒဏ် ၊ ခရီးရဲ့ ကွာဟမှုကြောင့် လိုအပ်တဲ့ နေရာကို မရောက်နိုင် ၊ လမ်းခရီးမှာပဲ အချိန်တွေ ၊ အင်အားတွေ ဆုံးရှုံးရတတ်ပါတယ်။ ဒီလို ကြိမ်ဖန်များစွာ ဖြစ်လာခဲ့ရင် အချိန်တွေ ကုန်ဆုံးပြီးတော့ စိတ်ဓါတ် အင်အားတွေပါ ကုန်ဆုံးတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် " မေတ္တာ ပေါင်းကူး တံတား " တည်ဆောက်ဖို့ အတွက် ဆိုတာ အထက်က ပုံပြင်လေး အတိုင်းပါပဲ။ သံယောဇဉ် ဆိုသော အပ်ချည်ကြိုးမျှင်လေးက စပြီးတော့ တစ်ပတ်ချင်း ၊ တစ်ရစ်ချင်း ရစ်ပတ် နှောင်ဖွဲ့ သွားပြီးမှ ဒီ့ထက် ခိုင်မာသော ကြိုးများဖြင့် တည်ဆောက်ရင် ထာဝရ ခိုင်မြဲနိုင်သော သူနဲ့ ကိုယ်တို့ရဲ့ " မေတ္တာ ပေါင်းကူး တံတား " ဖြစ်လာနိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခု ရှိနေတာက ကြိုးကြီးကြီးနဲ့ ရစ်ပတ်ရင် လေဟာနယ် ပိုများပါတယ်။ ကြိုးသေးသေးနဲ့ ရစ်ပတ်လေ ပိုပြီးကျစ်လျစ်ကာ နေရာ မလပ်သော လေဟာနယ် နည်းစေနိုင်မှာပါ။ အဲဒီ့ကြိုးဟာ သေးငယ်ပေမဲ့ ပြတ်တောက်ဖို့ ခက်သော " သံယောဇဉ် ကြိုး " မဖြစ်သင့်ဘူးလားဗျာ။

စာဖတ်သူ အားလုံးလည်း ထာဝရ တည်တံ့ခိုင်မြဲသော " မေတ္တာ ပေါင်းကူး တံတားများ " တည်ဆောက်နိုင်ကြပါစေ။



" တချို့နေရာတွေမှာ တောင်တန်းတွေ ရှိနေလိမ့်မယ်။ 
တချို့နေရာတွေမှာ ချိုင့်ဝှမ်းတွေ ရှိနေလိမ့်မယ်။ 
တောင်ပေါ်နေရာ ရောက်တဲ့ အခါ အထက်နဲ့ နီးသွားသလို အောက်ကို ငုံ့ကြည့်ရတာ အရသာ . . . 
ချိုင့်ဝှမ်းထဲ ရောက်တဲ့ အခါ အောက်ခြေကို စူးစမ်းရပြီး ကောင်းကင်ကို မော့ကြည့်ရတာ အရသာ . . 
တချို့နေရာတွေမှာ ကမုကထစ်တွေ ၊ အဖုအထစ်တွေ ရှိနေလိမ့်မယ်။
တချို့နေရာတွေမှာ တွင်းတွေ ၊ ပက်ကြားအက်တွေ ရှိနေလိမ့်မယ်။ 
ဘယ်လိုပဲ ဖြစ်နေပါစေ . . . 
မညီမညာ ဖြစ်နေရတာကိုက အပြောင်းအလဲလေး တစ်ခုပဲ မဟုတ်လား။ ညီညီညာညာသာ ဖြတ်သန်းခဲ့ရရင် ဘဝဆိုတာ ဘာမှ အမှတ်ရစရာ ရှိတော့မှာ မဟုတ်ဘူး။ ရင်ခုန်မှုတွေနဲ့ အတူ ဘဝကို အမှတ်တရတွေ နဲ့ ဖြတ်သန်းကြမယ်။ "


*** လေးစားရသော ဦး- - - နဲ့ ဒေါ် - - -  တို့ရဲ့ ၉.၁၁.၂၀၁၁ မှာ ကျရောက်သော မင်္ဂလာ နှစ်ပတ်လည်နေ့ အတွက် အမှတ်တရ ရေးပါသည်။ ***


လေးစားစွာဖြင့်
ကိုဇော်
9.11.2011

Share/Bookmark

15 October 2011

18 လူပု ပုံပြင်



တစ်ခါက . . .

မြို့တစ်မြို့မှာ လူပု ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့က သာမာန်လူတွေထက် အရပ်ပုတယ် ဆိုတာ သူတို့ တစ်မြို့လုံးက သိကြတယ်။ သူတို့ကိုယ်တိုင်ကလည်း သိကြတယ်။ ဒါပေမဲ့ သူတို့ လူပုဆိုတာ သူတို့ ဘယ်လိုမှ လက်မခံကြဘူး။ သာမာန်လူတွေ မလုပ်နိုင်တာကို ငါတို့ လုပ်ပြရင် ငါတို့ကို လူတွေက လူပုလို့ သတ်မှတ်တော့မှာ မဟုတ်ဘူး ဆိုပြီးတော့ သူတို့ ညီအစ်ကိုက တလွဲ အတွေးတွေ ဝင်နေကြတယ်။ ဒါကြောင့် သာမာန်လူတွေ မလုပ်နိုင်မဲ့ အရာ ၊ သာမာန်လူတွေထက် သာအောင် လုပ်နိုင်မဲ့ အလုပ်တွေကို လုပ်နိုင်ဖို့ သူတို့ အမြဲတမ်း စဉ်းစားနေကြတယ်။ 

ဒါနဲ့ တစ်နေ့တော့ လူပု အစ်ကိုက အကြံကောင်း တစ်ခုကို ရတယ်။ ဒီအကြံအတိုင်း လုပ်လို့ အောင်မြင်သွားရင် သူ့ကို ဘယ်သူ့မှ လူပု လို့ မထင်တော့ ၊ မမြင်တော့ ၊ မပြောကြတော့ဘူးလို့ သူက ထင်တယ်။ ဒါကြောင့် ဒီအကြံကို အကောင်အထည် ဖော်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီအကြံကို အကောင်အထည် ဖော်နိုင်အောင် သူ နေ့ရော ၊ ညပါ အားသွန်ခွန်စိုက် ကြိုးပမ်းတယ်။ ဒီအကြံအောင်မြင်ခဲ့ရင် သူ့ကို လူတွေ အားလုံး လေးစားလာကြလိမ့်မယ် လို့ ယုံကြည်နေခဲ့တယ်။

သူ့ရဲ့အကြံက ဘာလဲ ဆိုတော့ " တံတွေးကို ခပ်ဝေးဝေး ရောက်အောင် ထွေးနိုင်မယ် ဆိုရင် အရပ်ရှည်တယ် လို့ ယူဆနိုင်မယ် " ဆိုတဲ့ အတွေးအကြံလေးပါပဲ။ ဒီအကြံကို အကောင်အထည် ဖော်ဖို့ သူ ရောက်ရာ နေရာမှာ တံတွေးလေး တထွေးထွေးနဲ့ " ထွီ . . . ထွီ . . . " ဆိုပြီးတော့ အဝေးဆုံးကို ရောက်အောင် လှမ်းလှမ်း ထွေးလေ့ ရှိတယ်။ ပြီးတော့ သူ တံထွေး ထွေးလို့ ရောက်တဲ့ နေရာကိုလည်း ဂုဏ်ယူနေလေ့ ရှိတယ်။ သူနဲ့ နီးစပ်ရာ လူတွေကိုလည်း သူ့ရဲ့ တံထွေး ရောက်ရာ နေရာကို ပြပြပြီးတော့ ဂုဏ်ယူနေခဲ့တယ်။ 

ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို လူတွေက မသိကြဘူး။ ဘာလို့များ တံထွေးကို အဝေးကြီး ရောက်အောင် လှမ်းထွေးတာလဲ လို့ နားမလည်နိုင်ကြဘူး။ ပြီးတော့ လူဆိုတာက တံထွေးကို ရွံတတ်တဲ့ အမျိုးအစားတွေ ဆိုတော့ နောက်ပိုင်းမှာ သူနဲ့ တွေ့တဲ့ အချိန်မှာ သူ့ရဲ့ တံထွေး အစ အနတွေ စင်မှာ စိုးလို့ ခပ်ဝေးဝေးကပဲ ရှောင်ကွင်းသွားလေ့ ရှိတယ်။ ဒါပေမဲ့ သူကတော့ မသိရှာဘူး ၊ လူကြား သူကြား ရောက်တိုင်း သူကတော့ အဝေးဆုံး ရောက်အောင် အင်အားကို စုစည်းကာ အားကုန်သုံးပြီးတော့ တံထွေးကို လှမ်းလှမ်း ထွေးနေလေ့ ရှိတယ်။ 



နောက်ထပ် ညီတစ်ယောက် ဖြစ်တဲ့ ညီလူပုကတော့ တခြားသော အကြံအစည် တစ်ခုကို ရထားခဲ့တယ်။ သူ့ရဲ့ အကြံကလည်း သာမာန်လူတွေထက် သူက အရပ် မနိမ့်ကြောင်း သက်သေပြချင်တဲ့ အကြံအစည်လေးပါပဲ။

သူက ကျတော့ အတွေးတစ်မျိုး ရတယ်။ သာမာန်လူတွေ ကိုင်တဲ့ တုတ်ကောက်ထက် ပိုရှည်တဲ့ တုတ်ကောက်ကို ကိုင်ပြီးတော့ စမတ်ကျကျ လမ်းလျှောက်နိုင်မယ် ဆိုရင် သူ့ကို ဘယ်သူမှ လူပုလို့ မထင်တော့ဘူး လို့ အတွေးဝင်တယ်။ ဒါကြောင့် သူက သာမာန်လူတွေ ကိုင်တဲ့ တုတ်ကောက်ထက် ပိုရှည်တဲ့ တုတ်ကောက် တစ်ချောင်းကို ကိုင်ဆောင်ကာ လမ်းလျှောက်လေ့ ရှိတယ်။ ပြီးတော့ သူ တုတ်ကောက် အရှည်ကို ကိုင်ကာ လမ်းလျှောက်နိုင်တယ် ဆိုတဲ့ အကြောင်းကို လမ်းမှာ တွေ့သမျှ လူတွေ အားလုံးကို လှမ်းလှမ်းပြလေ့ ရှိတယ်။

ဒါပေမဲ့ ခက်တာက သူက လူပုလေး ဖြစ်နေတော့ တုတ်ကောက်ရဲ့ ထိပ်ပိုင်းကို ကိုင်လို့ မမှီဘူး။ တကယ်လို့ တုတ်ကောက် ထိပ်ကို ကိုင်လိုက်မယ် ဆိုရင်လည်း သူ တုတ်ကောက်ကို လမ်းမှာ ထောက်လို့ မရတော့ဘူး။ တုတ်ကောက်ကို လမ်းပေါ်မှာ တွန်းနေသလို ဖြစ်နေတတ်တယ်။ ဒီတော့ သူ တုတ်ကောက်ရဲ့ အလယ်ကိုပဲ ကိုင်ရရှာတယ်။ ဒီတော့မှ တုတ်ကောက်က လမ်းပေါ်ကို ထောက်လို့ ရတယ်။ ဒါပေမဲ့ သူနည်းနည်း သတိလွတ်သွားတာနဲ့ တုတ်ကောက်ရဲ့ အလယ်ကို ကိုင်ထားရတာ ဆိုတော့ တုတ်ကောက်ရဲ့ ဟန်ချက် ပျက်သွားရင် တုတ်ကောက်ရဲ့ အပေါ်ပိုင်းက လေးပြီးတော့ သူ့ရဲ့ ခေါင်းကို ရိုက်မိသလို ဖြစ်တယ်။ ဒါကြောင့် သူက သတိထားပြီးတော့ ကိုင်ရတယ်။ သူ့ခေါင်းမှာလည်း အဖုလေးတွေနဲ့ပေါ့လေ။

ဒါနဲ့ နောက်ထပ် တစ်မျိုး စဉ်းစားပြီးတော့ တုတ်ကောက်ရဲ့ အလယ်ကနေ မကိုင်တော့ဘဲ ၊ တုတ်ကောက်ရဲ့ ထိပ်ဖျားကနေပြီးတော့ ကိုင်ကာ လမ်းစမ်း လျှောက်ကြည့်တယ်။ ဒီတော့ တုတ်ကောက်ရဲ့ ထိပ်ဖျားကို မြေကြီးကို မထောက်နိုင်ဘူး။ တုတ်ကောက်ကို တွန်းသလို ဖြစ်နေပြန်တယ်။ ဘာလို့လဲ ဆိုတော့ တုတ်ကောက်က သူ့ထက် ရှည်နေပြီးတော့ သူက လူပုလေး တစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သူ လမ်းလျှောက်မယ် ဆိုရင် တုတ်ကောက်က သူ့ထက် အရှေ့ကို ရှည်ပြီးတော့ ရောက်နေလေ့ ရှိတယ်။ ဒီတော့ သူ လမ်းလျှောက်လို့ သိပ်မကြာခင်မှာ တုတ်ကောက်ရဲ့ ထိပ်ဖျားက မြေကြီးကို ထောက်ပြီးတော့ သူ့ကို ရှေ့ဆက်လို့ မရအောင် တွန်းထားသလို ဖြစ်နေတယ်။

ဒါပေမဲ့ ညီလူပုကတော့ သူ တုတ်ကောက် အရှည်ကြီး ကိုင်ကာ လမ်းလျှောက်ရတာကို ဂုဏ်ယူနေခဲ့တယ်။ သူ့ရဲ့ တုတ်ကောက်ကြောင့် သူ့ကို လူပု လို့ လူတွေ မထင်တော့ဘူးလို့ အထင်ရောက်နေခဲ့တယ်။ လူတွေ အားလုံးကတော့ သူ ဘာဖြစ်လို့ တုတ်ကောက် အရှည်ကြီးကို ကိုင်ပြီးတော့ လမ်းလျှောက်နေတယ် ဆိုတာ နားမလည်နိုင်ခဲ့ကြဘူး။ သူ့ကို ကြည့်ရတာ သူ့ရဲ့ တုတ်ကောက် အရှည်ကြီးက အလယ်က ကိုင်မိတဲ့ အခါကျတော့ သူ့ရဲ့ ခေါင်းကို ပြန်ရိုက်မိလို ရိုက်မိ ၊ ဒါမှမဟုတ် တုတ်ကောက်ရဲ့ ထိပ်ပိုင်းက ကိုင်မိပြန်တော့လည်း မြေကြီးကို တုတ်ကောက် ထိပ်က အလျားလိုက် ထောက်နေမိပြီးတော့ ရှေ့ဆက်ဖို့ ထောက်ကန် ခံနေမိလေတော့တယ်။

ဒါပေမဲ့ သူတို့ကတော့ သူတို့ရဲ့ အရပ်မနိမ့်ဘူးလို့ သက်သေ ပြချင်တဲ့ စိတ်ဆန္ဒနဲ့  တစ်ယောက်ကတော့ တံထွေးကို အဝေးဆုံး ရောက်အောင် လို့ လှမ်းထွေးရင်းနဲ့ သက်သေပြနေလေ့ ရှိပြီး တစ်ယောက်ကတော့ ကိုယ်နဲ့ မတန်သော တုတ်ကောက်ရှည်ကြီး တစ်ချောင်းကို ကိုင်ကာ ခေါင်းအဖုခံ ၊ ခရီးလမ်းမှာ အလျားလိုက် အထောက်ခံပြီးတော့ လျှောက်လှမ်းနေလေ့ ရှိတယ်။ ဒါပေမဲ့ သူတို့ကသာ သူတို့ကိုယ် သူ ထင်နေကြတာ။ သူတို့ကို မြင်တဲ့ လူတိုင်းကတော့ သူတို့ ဘာကြောင့် ဒီလို လုပ်နေတယ် ဆိုတာ နားမလည်နိုင်ကြဘူး။



အင်း . . .

ဒီလို လူပုလေးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်တော်ကို ပေါများပါတယ်။  ကိုယ့်ကို လူအထင်ခံချင်တာနဲ့ ကိုယ့်ရဲ့ တံထွေးကို အဝေးဆုံး ရောက်အောင် ထွေးလို ထွေး ၊ ကိုယ်နဲ့ မတန်တဲ့ တုတ်ကောက်ကြီး တကိုင်ကိုင်နဲ့ လမ်းသလားလို သလားနဲ့ သွားလာ လှုပ်ရှားနေတတ်ကြတယ်။ သူတို့ရဲ့ လုပ်ရပ်က ကိုယ့်အတွက် ဘာမှ မဖြစ်ဘူး ဆိုပေမဲ့ နည်းနည်းတော့လည်း မျက်စိနောက်တာ တစ်ခုပါပဲ။ ဒါပေမဲ့လည်း ဒါကလည်း သူတို့ရဲ့ ဘဝပေး ဝဋ်ကြွေး လို့များ ဆိုနိုင်မလား မသိပါဘူးလေ။

လေးစားစွာဖြင့်
ကိုဇော်
15.10.2011

Share/Bookmark

23 March 2011

13 ကြုံရင် ပုံပြင်ပြောပါ ( ၄ )




       တစ်ခါက . . .

      တံငါသည်ကြီး တစ်ယောက် ရှိသတဲ့။ သူ့မှာ သားနှစ်ယောက်လည်း ရှိတယ်။ သူက သူ့ရဲ့ ရွာမှာတင် မဟုတ်ဘူး ၊ ပတ်ဝန်းကျင် တံငါရွာတွေမှာကို နာမည်ကျော် တစ်ယောက် ဖြစ်တယ်။ သူ ဘာလို့ နာမည်ကျော်ရလဲ ဆိုတော့ သူများတွေ တစ်နေကုန် ငါးဖမ်းလှေလေးနဲ့ ပင်လယ်ပြင်ကို အန်တုကာ ငါးဖမ်းပြီးလို့ ပြန်လာတာတောင်မှ လှေဝမ်းထဲမှာ ငါးက တဝက်ထက် ပိုမပါကြဘူး။ ဒါပေမဲ့ တံငါသည်ကြီးကတော့ သူ့လှေဝမ်းထဲမှာ ငါးအပြည့် ပါလာလွန်းလို့ လှေနှုတ်ခမ်းက ရေပြင်နဲ့ ထိလုမခန်း နီးကပ်နေတတ်တယ်။

       သူများတွေ ငါးဖမ်းလှေနဲ့ ငါးများများရအောင် မနက်စောစော ထွက်တဲ့ အချိန် တံငါသည်ကြီးကတော့ အိပ်လို့ ကောင်းနေတုန်း။ သူများတွေ ညနေ နေတော်တော်စောင်း မှောင်ရီပျိုးမှ ပြန်လာချိန်မှာ တံခါသည်ကြီးကတော့ ညနေစောင်းလောက် ကတည်းက ပြန်ရောက်ပြီး ရေချိုးကာ ရွာအနှံ့ လမ်းလျှောက်နေလေ့ ရှိတယ်။ ဒါပေမဲ့ သူ့လှေထဲမှာက သူများတွေ မိုးချုပ်မှ ပြန်လာသူတွေထက် ငါးတွေပိုရလာလေ့ ရှိတယ်။

        သူများတွေ တစ်နေကုန် ငါးဖမ်းမှ နည်းနည်းလေး ရတာကို တံငါသည်ကြီးက ခဏလေးနဲ့ ငါးတွေ အများကြီး ရလာလေ့ ရှိလို့ တံငါသည်ကြီးတော့ ငါးတွေ အောင်းနေပြီး ၊ ငါးအများကြီး ရှိနေတဲ့ နေရာကို တွေ့ထားတယ် လို့ အားလုံးက ထင်နေကြတယ်။ ဒါကြောင့် တံငါသည်ကြီး ငါးဖမ်းထွက်ရာကို လိုက်သွားပြီး သူ ကွန်ပစ်ရာကို လိုက်ကာ ကွန်ပစ် ၊ ကွန်ထောင်ပေမဲ့ သူ့လောက် မရကြဘူး။ တံငါသည်ကြီးကတော့ သူ့နောက်ကို လိုက်ပြီး ကွန်ပစ်ကာ ငါးဖမ်းတာကို တားဆီးခြင်းလည်း မပြုပါဘူး။ သူ့ဖာသာ ခပ်မဆိတ်ဘဲ နေလေ့ရှိတယ်။

        ဒါပေမဲ့ ငါးဖမ်းသူတို့ ထုံးစံ အတိုင်း ဟိုဟိုဒီဒီ သွားပြီး ကွန်ပစ် ၊ ကွန်ထောင် သလို တံငါသည်ကြီးလည်း အဲဒီလိုတော့ ဖမ်းဆီးလေ့ ရှိတယ်။ ဒါပေမဲ့ အချိန်တန်လို့ အိမ်ပြန်လာပြီ ဆိုရင် တံငါသည်ကြီးဆီမှာ ငါးတွေ အပြည့်ပါလာပေမဲ့ သူတို့ဆီမှာတော့ ငါးတွေ တံငါသည်ကြီးလောက် ရလာလေ့ မရှိဘူး။ ဒါကြောင့် အားလုံးက တံငါသည်ကြီးကို အဓိက “ ကွန်ချက် ” မပြဘဲ သူ့ဖာသာပဲ ဖမ်းဆီးတယ် လို့ နောက်ကွယ်မှာ စောင်းမြောင်း ပြောဆိုကြတယ်။

       ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတော့ တံငါသည်ကြီးလည်း အဘိုးကြီး ဖြစ်လာတယ်။ တံငါသည်ကြီးရဲ့ သားနှစ်ယောက်ကလည်း လူလားမြောက်ပြီး အရွယ်ရောက်လာကြတယ်။ တံငါသည်ကြီးက သူ အသက် အရမ်းကြီးပြီ ဖြစ်လို့ ပင်လယ်ပြင်မှာ ထွက်ပြီးတော့ ကွန်ပစ် ၊ ကွန်ချကာ ငါးမဖမ်းနိုင်တော့ဘူး ဆိုတာကို သိလို့ ၊ သူ့ရဲ့ တတ်ကျွမ်းတဲ့ ငါးဖမ်းနည်း အားလုံးကို တစ်ခုမချန် သူ့သား နှစ်ယောက်ကို သင်ပေးခဲ့တယ်။ ငါးတွေရဲ့ အလေ့အထ ၊ ငါးတွေရဲ့ ကျင်လည် ကျက်စားရာ နေရာ ၊ ငါးတွေကို ဖမ်းပုံဖမ်းနည်း ၊ ငါးအုပ်ကို ခန့်မှန်း ဖမ်းဆီးနည်း စတာတွေကို အကုန် သင်ပေးခဲ့တယ်။

       ဒီလို တံငါသည်ကြီး သူ့မှာ တတ်ကျွမ်းတဲ့ ငါးဖမ်းနည်း ၊ ငါးတွေရဲ့ ဗဟုသုတတွေကို တစ်ခု မကျန် သူ့သား နှစ်ယောက်ကို သင်ပေးပြီးတော့ သူကတော့ ပင်လယ်ထဲ ထွက်ပြီး ငါးဖမ်းခြင်းကို လုံးဝ စွန့်လွှတ်လိုက်ပြီး သူ့ဖာသာ အိမ်မှာပဲ အေးချမ်းစွာ နေထိုင်တော့တယ်။ သူ့သား နှစ်ယောက်ကတော့ တစ်ယောက်ကို လှေတစ်စီးစီနဲ့ ပင်လယ်ထဲကို ငါးဖမ်းထွက်ကြတယ်။ သား နှစ်ယောက်လုံးကို သူတတ်သမျှ ငါးနဲ့ ပတ်သတ်သော ဗဟုသုတ ၊ ငါးဖမ်းနည်းတွေ သင်ပေးလိုက်ပေမဲ့ သားနှစ်ယောက်လုံး ငါးဖမ်းက ပြန်လာတော့ ရလာတဲ့ ငါးအရည်အတွက်က တူမနေကြဘူး။

        ပထမဦးဆုံး နေ့မို့လို့ ထင်ကြပေမဲ့လည်း နောက်နေ့ နောက်နေ့တွေမှာလည်း ရလာတဲ့ ငါးက မတူကြဘူး။ ရက်ပေါင်း များစွာ ကြာလာတဲ့ အထိ သားနှစ်ယောက် ငါးဖမ်း အတူတူ ထွက်ကြပေမဲ့ ပြန်ရောက်လာတဲ့ အခါမှာ တစ်ယောက်ကတော့ တံငါသည်ကြီး ငါးဖမ်းတုန်းက ကဲ့သို့ ငါးတွေ အများကြီး ရပေမဲ့ နောက်ထပ် တစ်ယောက်ကတော့ သာမာန်လောက်ပဲ ရတယ်။

       ဒီတော့ ပတ်ဝန်းကျင်က လူတွေက သူတို့ တုန်းကလည်း တံငါသည်ကြီးကို ကွန်ချက်ပညာ လျှိုထားတယ် လို့ ထင်တဲ့ အတိုင်း ငါးအရနည်းလာတဲ့ သားကိုလည်း မင်းကို ကွန်ချက်ပညာ မသင်ပေးဘဲ ဟိုတစ်ယောက်ကို ကွန်ချက် သင်ပေးလို့ အတူတူ သွားတာခြင်း အတူတူ မင်းက ငါးနည်းနည်းပဲ ရနေချိန်မှာ ဟိုတစ်ယောက်ကတော့ ငါးတွေ အများကြီး ရလာတာပေါ့ ဆိုပြီး ဘေးကနေ သွေးထိုးကြတယ်။

        ပထမတော့ မယုံပေမဲ့ ကာလ ကြာရှည်လာတော့လည်း ငါး အရနည်းတဲ့ သားက သူတို့ ပြောတာ တကယ် ဖြစ်နိုင်တယ် လို့ ယုံကြည်သွားတယ်။ ဒါကြောင့် ဖခင် တံငါသည်ကြီးကို . . .

         “ အဖေ . . . သားချင်း အတူတူကို သူ့ကို ကွန်ချက် ပိုသင်ပေးလိုက်လို့ ကျွန်တော် ငါး အရ နည်းတာ မဟုတ်လား ”

        လို့ အပြစ်တင်တယ်။ ဒါပေမဲ့ ဖခင် တံငါသည်ကြီးက ဘာမှ ပြန်မပြောဘဲ ခပ်ဆိတ်ဆိတ်သာ နေလေ့ ရှိတယ်။ ထိုသားက မနက်စောစော ကြိုထွက်တယ် ၊ ညနေမိုးချုပ်မှ ပြန်လာပေမဲ့ ဟိုသားရဲ့ လှေလောက် ငါးဖမ်း မိလေ့ မရှိဘူး။



        ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာပြီး . . . .

       တစ်ရက်မှာ တံငါသည်ကြီးက သူ့သား နှစ်ယောက်ကို ခေါ်ပြီး ရေကန်ကြီး တစ်ခုဆီကို ငါးမျှားတံ တစ်ယောက် တစ်ချောင်းဆီနဲ့ ထွက်လာခဲ့တယ်။ ရေကန်ကြီးကိုလည်း ရောက်ရော တံငါသည်ကြီးက ငါးတွေ ခိုအောင်းလို့ အကောင်းဆုံး နေရာက ဘယ်နေရာလဲ လို့ မေးလိုက်တယ်။ ဒီတော့ နှစ်ယောက် စလုံးက တပြိုင်နက် ဖြေကြတယ်။ သူတို့ ဖြေတဲ့ နေရာကို ရောက်အောင် တံငါသည်ကြီးနဲ့ သားနှစ်ယောက် သွားပြီး ငါးမျှားဖို့ ကိုင်းတံလေးတွေကိုထုတ်ကာ ငါးမျှားချိတ်မှာ အစာတပ်ကာ အသီးသီး နေရာယူကြတယ်။

        ထိုရေကန်ကြီးကလည်း ငါးတွေ အလွန်ပေါတယ်။ သားအဖ သုံးယောက် တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာဝေးတဲ့ နေရာမှာ ထိုင်ပြီး ငါးမျှားနေကြတယ်။ တစ်ယောက်ရဲ့ ငါးမျှားတံကို ငါးက ဟပ်လိုက် ၊ ဆွဲတင်လိုက်နဲ့ ငါးတွေ တော်တော် ရကြတယ်။ တံငါသည်ကြီးက ငါးဖမ်း အလွန်တော်တဲ့ တံငါသည်ကြီး ဆိုတော့ သူ့ရဲ့ ငါးမျှားတံကလည်း ခဏပဲ လေထဲမှာ ထားခွင့် ရလိုက်တယ်။ ငါးမျှားချိတ်ကို ရေထဲ ချလိုက်တာနဲ့ ချက်ချင်း ဆိုသလို ငါးတွေကလည်း ဟပ်ကြ ၊ ဆွဲကြတယ်။ ဒါဆို ငါးမျှားတံကို ကိုင်ပြီး ငြိမ်နေတဲ့ တံငါသည်ကြီးက ဆတ်ခနဲ ဆွဲတင်လိုက်ရင် ငါးတစ်ကောင် ပါလာတော့တာပါပဲ။

         တံငါသည်ကြီးရဲ့ သားတွေကလည်း သူ့လောက်သာ မတော်ကြတာ ညံ့တော့ မညံ့ကြဘူး။ သူတို့ရဲ့ ငါးမျှားတံလေးတွေကလည်း သုတ်ခနဲ သုတ်ခနဲပါပဲ။ ဒါပေမဲ့ သားနှစ်ယောက်ရဲ့ ငါးဖမ်းမိတာခြင်းတော့ မတူကြဘူး။ သားတစ်ယောက်က ငါးအတော် များများ ဖမ်းမိတဲ့ အချိန်မှာ နောက်ထပ် သားတစ်ယောက်ကတော့ သာမာန်လူတွေထက် အနည်းငယ်လောက်သာ ငါးမျှားလို့ ရခဲ့တယ်။ တံငါသည်ကြီးနဲ့ ယှဉ်လိုက်တဲ့ အခါမှာ တစ်ယောက်က သိပ်မကွာပေမဲ့ ၊ နောက်ထပ် တစ်ယောက်ကတော့ ထက်ဝက်နီးပါးလောက်ကို ကွာနေတယ်။ 

         နေ အတော်စောင်းလို့ ပြန်ချိန်တန်တော့ တံငါသည်ကြီးက သူ့သားနှစ်ယောက်ကို ခေါ်ပြီး ပြန်ဖို့ ပြင်ဆင်ကြတော့တယ်။ ပြန်ဖို့ ပြင်ဆင်တော့ တံငါးသည်ကြီး မျှားလို့ မိထားတဲ့ ငါးတွေက များပြားလှတယ်။ နောက်ထပ် သားတစ်ယောက်ကတော့ တံငါသည်ကြီးကိုသာ မမှီတယ် သူကလည်း မိထားတဲ့ ငါးတွေ အများကြီး ဖမ်းမိထားတယ်။ နောက်ထပ် တစ်ယောက်ကတော့ ဖမ်းမိတဲ့ ငါးက တံငါသည်ကြီးကို မဆိုထားနဲ့ ဟိုသားတစ်ယောက် လောက်တောင်မှ ဖမ်းမမိခဲ့ဘူး။ သူကလည်း သူဖမ်းမိတဲ့ ငါးတွေကို ကြည့်လိုက် ၊ တံငါသည်ကြီးနဲ့ ဟိုတစ်ယောက် ဖမ်းမိထားတဲ့ ငါးတွေကို ကြည့်လိုက်နဲ့ ဘာလို့ သူ ငါးဖမ်းတာ အများကြီး မမိလည်း ဆိုတာ သူ့ဖာသာသူ နားမလည်နိုင်ခဲ့ဘူး။

         တံငါသည်ကြီးက အသက် အတော်ကြီးပြီ ဖြစ်လို့ တံငါသည်ကြီး ဖမ်းလို့ မိတဲ့ ငါးတွေကို ညီအစ်ကို နှစ်ယောက် တစ်ယောက် တဝက် ခွဲကာ ထမ်းပြီး ပြန်လာခဲ့တယ်။ လမ်းတလျှောက် သားအဖ သုံးယောက် သာသာယာယာ လမ်းကလေးကို အေးအေးဆေးဆေး ဖြတ်လျှောက်လာပေမဲ့ ငါးနည်းနည်းသာ ဖမ်းမိခဲ့တဲ့ သားရဲ့ စိတ်ထဲမှာတော့ အတော်ကို ဘဝင်မကျ ဖြစ်နေခဲ့တယ်။ ဘာလို့ သူ ငါးဖမ်းတာ ဒီလောက် နည်းနည်းပဲ ရတယ် ဆိုတာကိုလည်း သူ့ဖာသာသူ နားမလည်နိုင်ခဲ့ဘူး။ တစ်နေရာတည်း ၊ တစ်ကန်တည်း ၊ ဘာမှ မကွာဘဲ လှမ်းမြင်နေရတဲ့ ကန်တစ်ခုတည်းမှာ ငါးမျှားတဲ့ အစာ အတူတူနဲ့ မျှားနေရင်းကို သူက ဘာလို့ ငါး အရ နည်းရတာလဲ ဆိုတာကို သူ အရမ်းသိချင်လာတယ်။

         “ အဖေ . . . . ”

         သူက မဝံ့မရဲ နဲ့ လှမ်းခေါ်လိုက်တော့ တံငါသည်ကြီးက သူ့ကို စောင်းငဲ့ကြည့်တယ်။ ဒါပေမဲ့ တံငါသည်ကြီးရဲ့ နောက်ထပ် သားတစ်ယောက်ကတော့ သူ့ဖာသာသူ ထမ်းစရာ ရှိတဲ့ ငါးတောင်းကို ထမ်းပြီး သူ့လမ်းကို သူ လျှောက်နေတယ်။ သူ့အဖေကို ခေါ်သံ ကြားလိုက်ပေမဲ့ သူ့ကို ခေါ်တာ မဟုတ်လို့ သူက လှည့်တောင်မှ မကြည့်။ တံငါသည်ကြီးက ခေါ်နေတဲ့ သားကို လှမ်းကြည့်ပြီး ဘာလဲ ဆိုသလို မေးဆတ်ပြတယ်။ ဒီတော့မှ လှမ်းခေါ်လိုက်တဲ့ သားက ဆက်မေးတယ်။

            “ တစ်နေရာတည်း ၊ တစ်ကန်တည်း ၊ တစ်ချိန်တည်းမှာ ငါးမျှားစာ အတူတူနဲ့ မျှားနေရင်းကို ဘာလို့ ငါးရပုံခြင်းက မတူရတာလဲ အဖေ ”

         လို့ လှမ်းမေးလိုက်တယ်။ ဒီတော့မှ တံငါသည်ကြီးက သူ ဖြေချင်လို့ အချိန်ပေါင်းများစွာကို စောင့်ဆိုင်းခဲ့တယ် ဆိုသလို မိန့်မိန့်ကြီး ပြုံးလေတော့သည်။ ပြီးမှ . . .

          “ ဘာကြောင့်လို့ ငါ့သား ထင်လဲ။ ”

          “ မပြောတတ်ဘူး အဖေ။ ”

          ဒီလို သူတို့ နှစ်ယောက် အချီအချ ပြောနေပေမဲ့ သူတို့ ဘေးမှာ လိုက်ပါလာတဲ့ သားကတော့ သူတို့ စကားကို နားစွင့်နေပေမဲ့ လှမ်းရမဲ့ ခြေလှမ်းက မပျက် ၊ သူတို့ကိုလည်း လှည့်ကြည့်ကာ ငေးမောခြင်း မပြုပေ။ တံငါသည်ကြီး ဆက်ပြောတယ်။

          “ ငါးမျှားနေရင်းနဲ့ ငါ့သား ငါးမျှားချိတ်ချထားတဲ့ ဖော့တံလေးကို ဘယ်လောက် အချိန်ကြာအောင်လို့ စောင့်ကြည့်နေလဲ။ ”

          “ တစ်ချိန်လုံးပဲလေ အဖေ ”

          “ ငါးမျှားတံ ဖော့လေးကို ထိုင်ကြည့်ရင်း သား ဘယ်နှစ်ခါ ဆေးလိပ် ထုတ်ဖွာလဲ။ ”

          “ သေချာတော့ မမှတ်မိပေမဲ့ ဆေးပေါ့လိပ် ၅ လိပ်ကုန်ခဲ့တယ် အဖေ ”

          “ ငါးမျှားတံဖော့လေးကို စောင့်ကြည့်နေရင်း ရေကရော ဘယ်နှစ်ကြိမ် သောက်ခဲ့လဲ။ ”

          “ ဒါလည်း ဘယ်မှတ်မိမလဲ အဖေရာ။ ရေဘူး နှစ်ဘူးစလုံးတော့ တတ်တတ်ပြောင်သွားတာပဲ။ ”

          “ ငါးမျှားတံဖော့လေးကို စောင့်ကြည့်နေရင်း အဖေ နဲ့ ငါးမျှားဖော်မှာ ငါး ဘယ်နှစ်ကောင် မိပြီလဲ ဆိုပြီး သား ဘယ်နှစ်ကြိမ် ထကြည့်လဲ။ “

          “ သေချာတော့ မမှတ်မိပေမဲ့ ၁၀ ကြိမ်လောက်တော့ ရှိမယ် ထင်တယ်။ ”

          “ ထိုင်ရာက ခဏထပြီး နေရာကို ပြန်ထိုင်တော့ ဟာ . .  ငါက ဆွဲနေတာကိုး ဆိုပြီး ဘယ်နှစ်ကြိမ် ကိုယ့်ဖာသာကိုယ် ရေရွတ်မိလဲ။ ”

          “ မသေချာ ပေမဲ့ အကြိမ် နှစ်ဆယ်လောက် ရှိမယ် ထင်တယ် အဖေ။”

          “ ဒါပဲလေ ငါ့သားရဲ့။ မင်း ဘာလို့ ငါးအမိနည်းတာလဲ ဆိုတာ ၊ ဒါက သက်သေပြနေတာပဲလေ။ ”

          “ ဗျာ . . . အဖေ ဘာကို ဆိုလိုတာလဲ ”

          ဒီတော့ တံငါသည်ကြီးက သူ့ရဲ့သားကို သနားစဖွယ် ကောင်းသော လူတစ်ယောက် အဖြစ် သေချာ ကြည့်လိုက်ပြီးတော့ ဆက်ပြောတယ်။

           “ တကယ်တော့ အဖေက အဖေ့မှာ တတ်ထားတဲ့ ငါးဖမ်းနည်း ၊ ငါးရှာနည်းတွေကို သားနှစ်ယောက်ကို အတူတူ သင်ပေးခဲ့တာပဲ။ ငါးကို ဘယ်လို ဖမ်းရမယ် ဆိုတာ အပြင် ၊ ငါးတွေ ဘယ်နေရာမှာ ခိုအောင်းတတ်တယ် ဆိုတာကိုလည်း အတူတူ သင်ပေးခဲ့တာပဲ။ ကွန်ချက်တင် မကဘူး ၊ ရှိသမျှ အကုန် ပုံပေးခဲ့တာပါ။ ဒါပေမဲ့ . . . ငါ့သားက အဖေ့ကို ပညာအတူတူ မသင်ပေးဘူး လို့ ထင်နေခဲ့တယ်လေ။ ”

          “ - - - - - -  ”

          “ မဟုတ်ဘူး ငါ့သားရဲ့။ တကယ်တော့ ပညာသင်တာခြင်း အတူတူတောင်မှ ကိုယ့်ရဲ့ “ အလုပ်အပေါ်မှာ စူးစိုက်မှု ” ဆိုတာ လိုအပ်သေးတယ်။ ပညာသင်ပေးနေချိန်မှာ တတ်အောင် စူးစိုက်ရမယ်။ တတ်ပြီ ဆိုရင်လည်း မမေ့အောင် စူးစိုက်ရမယ်။ မမေ့တော့ဘူး ဆိုရင်လည်း ကောင်းမွန်စွာ အသုံးချနိုင်အောင် စူးစိုက်ရမယ်။ အသုံးချနိုင်ပြီ ဆိုရင်လည်း အကောင်းဆုံး အသုံးချနိုင်အောင် စူးစိုက်ရတယ်။

           “ - - - -- - - - - ”

           “ အခုတော့ ငါ့သားက ငါးမျှားနေတယ်သာ ဆိုတယ်။ ဖင္က ဂဏွာမျငိမ္ဘူး။ ဟိုထလိုက် ဒီထလိုက်နဲ့။ ပြီးတော့ ကိုယ်မျှားလို့ မိမှ ကိုယ်ရတယ် ဆိုတာ သဘောပေါက်ရမှာ။ အခုတော့ ဟိုလူ ငါး ဘယ်နှစ်ကောင်မိပြီလဲ ဆိုပြီး ထကြည့်ရတာ တမျိုး ၊ ဆေးလိပ်ထဖွာရတာ တဖုံ ၊ ရေသောက်ရတာ တကြောင်း ၊ မျိုးကို စုံနေတာပဲလေ။

           ဒီအချိန်မှာ ငါ့သားရဲ့ ငါးမျှားချိတ်ကို လာဟပ်တဲ့ ငါးကို ငါ့သား ဘယ်လိုလုပ် သိလိုက်မလဲ။ ငါးစာကို အသာလေး ငုံထားတတ်တဲ့ ငါးဆိုရင် ကိုယ်က ဆတ်ခနဲ ဆွဲလိုက်မှ မိတာ မဟုတ်လား။ အခုတော့ ကိုယ်က တခြားမှာ အာရုံ ရောက်နေတော့ ဒီလို အချိန်ကောင်းတွေ လွတ်သွားတာပေါ့ကွာ။ ဒီတော့ ငါ့သား ငါးအမိနည်းတာ အဖေက ကွန်ချက် မပြလို့လား ၊ ငါ့သားရဲ့ အလုပ် အပေါ်မှာ အာရုံစိုက်မှု နည်းလို့လား။ ”

          “ - - - - - - - - ”

          “ ပြောပါဦး ငါ့သားရဲ့။ အရင်က လှေနဲ့ ငါးဖမ်း ထွက်ပြီး ပြန်လာရင် ငါ့သား ငါးအရ နည်းတော့ အဖေက သားကို တတ်သင့်တတ်ထိုက်တာတွေ မသင်လို့လား ၊ ကွန်ချက်ကို မပြလိုက်လို့လား။ ငါ့သားရဲ့ အလုပ်ပေါ်မှာ အာရုံ စူးစိုက်မှု နည်းလို့လား ၊ ဖြေကြည့်စမ်းပါဦး။ ”

           ဒီတော့မှ သားဖြစ်သူက ရုတ်တရက် အိပ်ယာမှ လန့်နိုးသူ တစ်ယောက်လို ဖခင် တံငါသည်ကြီးပြောတဲ့ စကားကို နားထောင်ပြီး သူ့ကိုယ်သူ ပြန်မြင်ကာ အမှားကို တွေ့သွားတော့တယ်။

            “ ဟုတ်တယ် အဖေ။ အဖေ ပြောမှ သားကိုသား ပြန်ပြီး မြင်တော့တယ်။ သားက လှေနဲ့ ငါးရှာထွက်တော့လည်း ဒီလိုပဲ ပိုက်ချပြီး လှေပေါ်မှာ မှေးချင် မှေးနေမိတာ။ ဒီတော့ ငါးအုပ်နဲ့ ဘယ်လို လွတ်သွားတယ် ဆိုတာကိုတောင်မှ မစဉ်းစားမိခဲ့ဘူး။ အခု အဖေ ပြောမှပဲ ဒါတွေ အားလုံးက ကိုယ့်ရဲ့ အလုပ်အပေါ်မှာ စူးစိုက်မှု နည်းခဲ့တာ ဆိုပြီး ပြန်မြင်ပါပြီ အဖေ။ အခု အချိန်က စပြီး သား အလုပ်အပေါ်မှာ အာရုံ စူးစိုက်နိုင်အောင် ပြင်ဆင်ပါတော့မယ်။ ”

            ဆိုပြီး ကတိပေးတယ်။ ဒီတော့ ဖခင် တံငါသည်ကြီးက ပြုံးပြီး ခေါင်းလေး တဆတ်ဆတ်ညိတ်ကာ ပြောသတဲ့။

           “ ငါ့သား ကိုယ့်ဖာသာ သဘောပေါက်သွားတာ ဝမ်းသာလိုက်တာ သားရယ်။ လောကမှာ လူတွေက ကိုယ် အောင်မြင်မှု မရဘူး ဆိုရင် ဘယ်သူကတော့ ဘယ်လို ပညာတွေ လျှိုထားလို့ ၊ ဘယ်သူကတော့ဖြင့် မကူညီလို့ ဆိုပြီး ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်အလုပ်မှာ မဆို ကိုယ့်ဖာသာ ပြင်ဆင်ပြီး အာရုံ စူးစိုက်ခဲ့မယ် ဆိုရင် အသေးအဖွဲလေးက အစ သတိထားမိပြီး အရာရာ ပြင်ဆင် လုပ်ကိုင် သွားတတ်မှာပါ။ ဒါဆို ဘယ်အလုပ်မှာ မဆို အောင်မြင်နိုင်ပြီပေါ့။ ”



           သင့်မှာရော . . . . ဘယ်အရာတွေမှာ ဘယ်သူ့ရဲ့ အကူအညီ မရဘူး ဆိုသော “ ကွန်ချက် မပြဘူး  ” ဆိုကာ ဖြစ်နေခဲ့ဖူးပါသလား။ ဒါဆိုရင် အခု ကိုယ်လုပ်နေတဲ့ အလုပ် အပေါ်မှာ မိမိ ဘယ်လောက် အာရုံ စူးစိုက်သလဲ ဆိုတဲ့ အချက်ကို ပြန်ပြီး လေ့လာ ဆန်းစစ် ကြည့်ပါ။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံ စူးစိုက်နိုင်ခဲ့ရင် ဒီအလုပ်မှာ သင်ဟာ တစ်နေ့ ထိပ်တန်း ဖြစ်လာပါလိမ့်မယ်။

           ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ သတိ မထားမိသော အရာမျှသာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ မိမိရဲ့ အာရုံစူးစိုက်မှု နည်းခဲ့လို့သာ ဖြစ်ပါတယ်။

         ပုံပြင်လေးကတော့ ဒါပါပဲ။


လေးစားစွာဖြင့်
ကိုဇော်
23.3.2011

Share/Bookmark

23 July 2010

10 ကုဋေတန်သော ပုံပြင်



တစ်ခါတုန်းက . . . .

စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ် လို့ ဆုံးဖြတ်ပြီး သူ၏ လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကို စီစဉ်သည်။ နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး ပစ္စည်းများ အသီးသီး၌ ဈေးနှုန်း တံဆိပ်ကလေးများ ကပ်ကာ ရောင်းချဖို့ပြသထားသည်။ စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်။

သို့သော် ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူ အတွက်လဲ အန္တရာယ် ရှိပုံမရသည့် သပ်ပုံသဏ္ဌာန် ပစ္စည်းလေးတစ်ခုကို တွေ့ရ၏။ ၄င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင် ကြီးမားနေသည်။ ထိုပြင် ထိုပစ္စည်းမှာ များစွာလည်း သုံးစြွဲပီး ဖြစ်ပုံရသည်။

“ ဒါက ဘာပစ္စည်းလဲဗျ။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ။ ”

ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်။

“ ဟာ . . . ဒါက စိတ်ဓါတ်ချ ကိရိယာပဲ။”

“ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ။ ”

ဈေးဝယ်သူက ထပ်မေးသည်။

“ ဒီကောင်က အရမ်း အစွမ်း ထက်တာဗျ။ လူတစ်ယောက်ရဲ့ သိစိတ်အာရုံထဲကို ကျွန်တော် တခြား ကိရိယာတွေနဲ့ ဘယ်လိုမှ ၀င်လို့ ၊ နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး ဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်။ ဒီကောင် အထဲဝင်လို့ ရပြီဆိုရင် ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ ရတော့တာပဲ။ ”

စေတန်နတ်ဆိုးက ရှင်းပြလေသည်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

မှန်သည်။ အနုတ်လက္ခဏာ ဆောင်သော လူ့အပြုအမူများ ၊ လုပ်ရပ်များ၏ နောက်ကွယ်၌ “ စိတ်ဓါတ်ကျဆင်းမှု ” သည်ပုန်းခိုလျက် ရှိနေတတ်သည်။ မည်သူ့မဆို နေ့စဉ်ဘ၀၌ စိတ်ပျက်စရာ ၊ စိတ်ဓါတ်ကျစရာ ကိစ္စကြီးငယ်များကို မပြတ် ကြုံတွေ့ကြရမည်ဖြစ်သည်။ ထိုသို့ နေ့စဉ်ကြုံတွေ့ရသည့် စိတ်ဓါတ်ကျစရာ အကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ်သွားသနည်း ဟူသော အချက်သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက် ပန်းတိုင်သို့ သင် ရောက်ခြင်းမရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် အကယ်၍ အကြောင်း တစ်စုံတစ်ရာကြောင့် စိတ်ဓါတ်ကျသည် ဆိုပါစို့။ ငါ အပျက်ဘက်ကို ရောက်နေမိပြီပဲ ဟု သတိရကာ ဒီအတွင်းမှ လမ်းကြောင်းထဲမှ မြန်မြန်ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ လောကကြီးမှာ အနှောင့်အယှက် အခက်အခဲဆိုတာ မလွဲမသွေ တွေ့ရမည့်အရာပဲ ဟု အားပေး ဆင်ခြင်သောစကားမျိုး မိမိကိုယ့်ကို ပြောပေးပါ။ သန်းခေါင်ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေးဆင်ခြင်သော စကားမျိုးဖြင့် မိမိကိုယ့်ကို အကောင်းမြင် အပြုတွေးသော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ပေးပါ။

ဘ၀မှာ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ့် စိတ်ဓါတ်ကျဆင်းနေတဲ့ အချိန်ကာလတွေ ရှိဖူးမှာပါ။ ကိုယ့်ဖာသာကိုယ် မမြင်နိုင်လောက်အောင် စိတ်ဓါတ်ပျက်ပြားနေတဲ့ အချိန်မှာ ဘ၀အဖော်ဆိုတဲ့ သူတွေက သင့်အတွက် ကူညီဖေးမပါလိမ့်မယ်။ ဘ၀အတွက် အဖော်ဆိုတာ ဒီလို ကိုယ်စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ ဖေးမ ခေါ်မြှင့်တင်ပေးတဲ့ သူ့ကို ပေးအပ်တဲ့ ဘွဲ့ထူး တစ်ခုပါ။



Bill Andatan ရဲ့ ပုံပြင်လေးကို A.L. Williams က သူရေးတဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough ! ဆိုတဲ့ စာအုပ်ထဲမှာ ထည့်ရေးထားတဲ့ ပုံပြင်လေးပါ။ “ ကုဋေတန်သော ပုံပြင် ” လို့တော့ ကျွန်တော့်ဖာသာ နာမည်ပေးထားတာပါ။ မူရင်းပုံပြင်က နာမည်မပါပါဘူး။ မြန်မာလို ဘာသာပြန်တာ ဖတ်ချင်ရင်တော့ ဆရာဖေမြင့် ရေးတဲ့ “ ခြုံကြားမှ ဘုံဖျားသို့ ” စာအုပ်ကို ဖတ်ကြည့်နိုင်ပါတယ်။ လူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓါတ်တွေ အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။ အရာရာမှာ လက်စွဲပြုနိုင်ပါတယ်။ ကျွန်တော်ရဲ့ Ideal စာအုပ်တစ်အုပ်ပါ။

ကိုဇော်

http://zaw357.multiply.com/journal/item/213 မှာ 17.4.2009 ကရေးထားတာပါ။




Share/Bookmark

21 July 2010

12 ကြုံရင် ပုံပြင် ပြောပါ ( ၂ )



    “ ကြုံရင် ပုံပြင် ပြောပါ ” ကို ရေးဖြစ်တာက “ ကလေးတွေ ” အတွက် တကယ်ကို ရည်ရွယ်ပါသည်။ သို့သော် စာဖတ်သူ လူကြီးတွေ အတွက်လည်း ဖျော်ဖြေမှု ပေးနိုင်ခဲ့သည် ဆို၍ ဝမ်းသာမိပါသည်။ ထို့ကြောင့် ဖတ်မိ ၊ မြင်မိ ၊ တွေးမိသမျှ ပုံပြင်များကို ကျွန်တော် နားလည်သလို ကလေးများကို ဆက်၍ ပြောပြချင်ပါသည်။ ဒါကြောင့်. . . .

“ ကြုံရင် ပုံပြင် ပြောပါ ( ၂ ) ”



ခြောက်




တစ်ခါက . . . 

လူနဲ့ နံပြားတို့ အကြွားပြိုင်ရင်း ပြဿနာ ဖြစ်ကြသတဲ့။ အမှန်တကယ်ကတော့ ပြိုင်စရာကို မလိုပါဘူး။  တူမှ မတူဘဲနဲ့။ ဒါပေမဲ့လည်း ပြိုင်မိပြီဆိုတော့ ကိုယ်နိုင်အောင်လို့ သူ့အပြစ်တွေကို ပြော ၊ သူရှုံးအောင်လို့ ကိုယ့်ဂုဏ်တွေကို ဖော်ပြီး ပြောသတဲ့။ 

ဒါပေမဲ့လည်း နဂိုကကို သဘာဝ မတူညီလေတော့ သူတို့ရဲ့ ပြိင်ပွဲကို ဘယ်သူကမှလည်း စိတ်မဝင်စားပဲ သူတို့ဖာသာ တအုံနွေးနွေး ကျင်းပနေတဲ့ ပြိုင်ပွဲကြီး ဖြစ်နေသတဲ့။ သူနိုင် ကိုယ်နိုင် အပြိုင်ပြောတဲ့ ပြိုင်ပွဲ ဖြစ်လေတော့ နောက်ဆုံး လူသားက သူ့မှာ ပြိုင်ပြောစရာ မရှိတော့ဘဲ စိတ်ကူးပေါက်ရာကို ပြောလိုက်မိတယ်။

“ ဟေ့  . . . ငါက ငယ်ရာက ကြီးလာတဲ့ လူသားကွ။ ”

ဆိုပြီး သူက ကျိန်းဝါးလိုက်တယ်။ ဒီတော့ နံပြားက ဘယ်လိုလုပ်ပြီး ပြန်ပြောရမှန်း မသိတော့ဘူးတဲ့။ ပြန်မပြောနိုင်ရင်လည်း သူက ရှုံးဦးမှာ ဆိုတော့ သူက ချက်ချင်း စဉ်းစားလိုက်ပြီးတော့ ပြောချလိုက်တယ်။

“ ငါက ကြီးရာက ငယ်လာတဲ့ နံပြားကွ။ ”

တဲ့။ နံပြားက ဒီလိုလည်း အော်လိုက်ရော လူသားနဲ့တကွ ကျန်တဲ့ အရာတွေ အားလုံးကလည်း အံ့သြသွားတာပေါ့။ ဘာလို့ ဒီလို အော်ရတာလဲ ဆိုတာကိုလည်း အရမ်းကို သိချင်သွားတယ်။ ဒါကြောင့် နံပြားကို ဝိုင်းမေးကြတော့ နံပြားလေးက ဖြေတယ်။

“ ငါတို့ နံပြားဆိုတဲ့ အရာဝတ္ထုတွေက လူတွေလို တစစ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးတော့ မကြီးထွားနိုင်ဘူးလေ။ လူတွေရဲ့ လိုအပ်ချက်အရ ကုန်ဈေးနှုန်းတွေ တတ်လာပြီ ဆိုရင် ငါတို့က ဈေးနှုန်း တတ်မရတော့ ငါတို့ ခန္ဓာကိုယ်ပဲ အလိုလို သေးသွားရတယ်။ တကယ်လို့ ငါတို့ နဂို ခန္ဓာကိုယ်အရွယ်ကို ပြန်ရောက်တဲ့ အချိန်ကတော့ ငါတို့ကို ဈေးတတ်လိုက်တဲ့ အချိန်ပဲ။ ”

လို့ ဆိုသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။


ကလေးတို့ရေ. . . . 

ကလေးတို့တွေလည်း လူသားစစ်စစ်ဆိုတာကို ပြနိုင်အောင်လို့ နေ့စဉ် ဦးနှောက် နဲ့ ကိုယ်ကာယက ဖွံဖြိုးတိုးတတ် ပါစေကွယ်။ မဟုတ်ရင်တော့ နံပြားလေးလို သူများတွေ ဈေးနှုန်းတတ်သွားတာနဲ့ အမျှ ကိုယ်က သေးငယ်ပြီး နေရာကျုံ့ ပေးလိုက်ရလိမ့်မယ်ကွယ့်။



ခုနှစ်



တစ်ခါက . . . 

မိုးပျံပူဖောင်းသည် တစ်ယောက်ဟာ လမ်းမပေါ်မှာ မိုးပျံပူဖောင်းတွေကို လက်ကဆွဲပြီး ရောင်းနေတယ်။ ခဏကြာတော့ သူ့ကို လူတွေက သတိမထားမိတော့ဘဲ သိပ်မရောင်းရတော့ဘူးတဲ့။ ဒီတော့ သူက မိုးပျံပူဖောင်းလေး တစ်လုံးကို မိုးပေါ် ကြိုးဖြတ်ကာ လွှတ်လိုက်တယ်။ ဒီတော့ မိုးပျံပူဖောင်းလေး တစ်လုံး မိုးပေါ် ပျံတတ်သွားတာကို လူတွေက ကြည့်ပြီး ဘယ်က လာတာပါလိမ့် ဆိုကာ သူ့ကို သတိထားသွားမိကြတယ်။ ဒီတော့ ကလေးတွေကလည်း မိုးပျံပူဖောင်း လိုချင်တယ် ပူဆာရင်း မိုးပျံပူဖောင်းသည်ကြီး မိုးပျံပူဖောင်းတွေ ရောင်းရပြန်တယ်။

ဒါပေမဲ့ ခဏကြာပြန်တော့ လူတွေက သွားရင်း လာရင်း သူ့ကို သတိမထားမိတော့ပြန်ဘူး။ ဒီတော့ သူက သူ့ မိုးပျံပူဖောင်း ထဲက ခုနက လွှတ်လိုက်တဲ့ အရောင်နဲ့ မတူတဲ့ တခြား အရောင် မိုးပျံပူဖောင်းလေး တစ်လုံးကို မိုးပေါ် လွှတ်တင်လိုက်ပြန်တယ်။ ဒီတော့ လူတွေက သတိထားမိပြီး သူ့မိုးပျံပူဖောင်းတွေ ရောင်းလာရပြန်တယ်။ ဒါပေမဲ့ ခဏနေတော့ လူတွေ သတိမထားမိပြန်ဘူး။ ဒီတော့ သူက အရောင်မတူတဲ့ နောက်ထပ် မိုးပျံပူဖောင်းလေး တစ်လုံးကို ထပ်ဖြတ်ပြီး ကောင်းကင်ပေါ်ကို လွှတ်တင်လိုက်ပြန်တယ်။ သူလွှတ်တင်နေတဲ့ မိုးပျံပူဖောင်း အရောင်တွေကတော့ အဖြူ ၊ အပြာ ၊ အဝါ ၊ အနီ ၊ အစိမ်း အတူဘူးပေါ့ကွယ်။

သူ ဒီလို လုပ်နေတာကို ဘေးနားကနေပြီး ကပ္ပလီလေး တစ်ယောက်က ကြည့်နေပြီး သူ့ရဲ့ ခံစားချက်ကို မိုးပျံပူဖောင်းသည်ကြီးကို မေးလိုက်တယ်။ 

“ ဦးလေး မိုးပေါ်ကို လွှတ်တင်နေတဲ့ မိုးပျံပူဖောင်းတွေမှာ အမည်းရောင် မိုးပျံပူဖောင်း ဆိုရင်ရော အထက်ကို တတ်ပါ့မလားဗျ။ ဦးလေး လွှတ်တင်တဲ့ အထဲမှာ အမည်းရောင် တစ်လုံးမှ ကျွန်တော် မပါလို့ မေးကြည့်တာပါ။ ”

လို့ မေးသတဲ့။ ဒီတော့ မိုးပျံပူဖောင်းသည် ဦးလေးကြီးက ကပ္ပလီလေးကို သေချာကြည့်ပြီး ပြောလိုက်တယ်။ ကပ္ပလီဆိုတာကလည်း အသားမည်းသူ တစ်ယောက်ပဲ မဟုတ်လား။ 

“ ဒီမှာ ကလေးရဲ့။ တကယ်တော့ မိုးပျံပူဖောင်း မိုးပေါ်ကို တတ်တယ် ဆိုတာ သူ့ရဲ့ အပြင်က အရောင်တွေနဲ့ လုံးဝ မဆိုင်ဘူး။ မိုးပျံပူဖောင်းထဲမှာ ထည့်ထားတဲ့ ဓါတ်ငွေ့ကြောင့်သာ ပူဖောင်းက အပေါ်ကို တတ်တာကွဲ။ ပူဖောင်းက အနီရောင်ပဲ ဖြစ်ဖြစ် ၊ အဖြူရောင်ပဲ ဖြစ်ဖြစ် ၊ အမည်းရောင်ပဲ ဖြစ်ဖြစ် သူ့မှာ မိုးပေါ် တတ်စေတဲ့ ဓါတ်ငွေ့ မထည့်ထားရင် သူ ဘယ်လိုမှ အပေါ်မတတ်ဘူး။ မိုးပေါ်ကို တတ်စေတဲ့ ဓါတ်ငွေ့ထည့်မှသာ မိုးပျံပူဖောင်း ဆိုတာ ဖြစ်လာတာ။ ”

လို့ ရှင်းပြသတဲ့ကွယ်။ ကပ္ပလီလေး မေးတာကို ပညာရှိသော မိုးပျံပူဖောင်းသည် ဦးလေးကြီးက ဖြေလိုက်တာပေါ့။ သူက ဆက်ပြီးတော့ ပြောတယ် ။ “ မိုးပျံပူဖောင်းမှ မဟုတ်ဘူး ၊ လူတွေမှာလည်း ဘယ်သူက ဘယ်လို အသားအရောင် ၊ ဘယ်လို ရုပ်ရည်တွေက အဓိက မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ အထက်ကို တတ်စေနိုင်တဲ့ စိတ်ဓါတ်ကြောင့်သာ လူတွေက အထက်ကို ရောက်နိုင်ကြတာပါ။ ” လို့ ရှင်းပြသတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



ကလေးတို့ရေ. . . . 

ကလေးတို့တွေလည်း လူတစ်ယောက်ကို အသားအရောင် ၊ ရုပ်ရည်တွေနဲ့ မဆုံးဖြတ်ဘဲ။ သူ့ရဲ့ ရင်ထဲမှာ ရှိနေတဲ့ စိတ်ဓါတ်ကို မြင်အောင် ကြည့်နိုင်ပြီး ကိုယ်ကိုယ်တိုင်လည်း ရုပ်ရည် ၊ အသားအရောင်တွေ ဆိုတာထက် အထက်ကို ရောက်စေနိုင်တဲ့ “ စိတ်ဓါတ် ” လေးကိုပဲ ကောင်းအောင် မွေးမြူကြပေါ့ကွယ်။



ရှစ်




တစ်ခါက . . . .

အရမ်းကို ဆင်းရဲတဲ့ ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့ဟာ ဆင်းရဲလွန်းလို့ အဆင်ပြေအောင်တောင်မှ မနည်း လုပ်ကိုင်စားသောက်နေရသတဲ့။ တစ်နေ့တော့ ဒီလို ဆင်းရဲစွာ နေရတာကို မခံနိုင်တဲ့ အဆုံး အစ်ကို လုပ်သူက မိဘတွေ သူတို့ကို အမွေအဖြစ်ပေးသွားတဲ့ “ မျက်လုံးတစ်လုံးရွာသို့ ” ဆိုတဲ့ မြေပုံအတိုင်း သွားပြီး အဲဒီမှာရွာမှာသာ တကယ်ကို မျက်လုံးတစ်လုံးနဲ့ လူတစ်ယောက်လောက်ကို ဖမ်းပြီး ရုံသွင်းပြစား လိုက်ရင် သူတို့အတွက် အဆင်ပြေမယ် လို့ စဉ်းစားမိတယ်။

ဒီတော့ အစ်ကို လုပ်သူက ညီဖြစ်သူကို မျက်လုံးတစ်လုံးရွာကို သွားပြီး မျက်လုံးတစ်လုံးနဲ့ လူကို ဖမ်းခေါ်လာဖို့ စည်းရုံးတယ်။ ဒါပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားဘူး။ အစ်ကိုလုပ်သူလည်း ညီဖြစ်သူကို မျိုးစုံ ဆွဲဆောင်ပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားလို့ နောက်ဆုံးတော့ ကိုယ့်ဖာသာ တစ်ယောက်တည်း သွားမယ် ဆိုပြီး ဆုံးဖြတ်လိုက်သတဲ့။ ဒါကြောင့် သူက ညီဖြစ်သူကို နှုတ်ဆက်တယ်။

“ အစ်ကိုကတော့ မျက်လုံးတစ်လုံးရွာကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ ညီလေးက စိတ်မဝင်စားတော့လည်း မလိုက်နဲ့ပေါ့။ ဒါကြောင့် အစ်ကို မြေပုံလေးကို ညီလေးအတွက် ထားခဲ့မယ်။ အစ်ကို ထွက်သွားပြီး လအနည်းငယ်ကြာလို့မှ မျက်လုံးတစ်လုံးလူနဲ့ အတူတူ အစ်ကို ပြန်မရောက်လာဘူး ဆိုရင်တော့ အစ်ကိုနောက်ကို လိုက်ခဲ့ပါ။ ”

လို့ ဆိုပြီး ထွက်သွားတော့တယ်။ ညီဖြစ်သူကလည်း အစ်ကို ပြောသွားတဲ့ အတိုင်း စောင့်နေခဲ့တယ်။ ဒါပေမဲ့ လပေါင်းများစွာသာ ကြာသွားတယ် သူ့ရဲ့ အစ်ကို ပြန်မလာဘူး။ ဒါကြောင့် နောက်ဆုံးမှာ အစ်ကို မှားကြားထားတဲ့ အတိုင်း မြေပုံလေး ကိုင်ပြီး အစ်ကို သွားတဲ့ မျက်လုံးတစ်လုံးရွာကို လိုက်လာခဲ့တယ်။ မြေပုံအညွှန်းက အရမ်းကောင်းလွန်းတော့ မကြာခင် အချိန်မှာပဲ မျက်လုံးတစ်လုံးရွာ အဝင်ဝကို ရောက်သွားခဲ့တယ်။ ပြီးတော့ သူ ရွာထဲကို ဝင်လာခဲ့တယ်။

သူရောက်သွားတဲ့ အချိန်မှာပဲ အဲဒီရွာက လူတွေက ရုံကြီးတစ်ခုထဲကို လက်မှတ်လေးတွေ ဝယ်ပြီး ဝင်သွားကြတယ်။ ရုံမှာရေးထားတာက “ လူထူးဆန်းပြပွဲ ” လို့ ဆိုတယ်။ ညီဖြစ်သူကလည်း ထူးဆန်းတာကို ဝါသနာပါလေတော့ ရုံထဲကို လက်မှတ်ဝယ်ပြီး ဝင်ကြည့်လိုက်တယ်။ သူလည်း အထဲကို ရောက်ပြီး အထဲမှာ ပြထားတဲ့ လူထူးဆန်းကို ကြည့်လိုက်တော့ သူ့အစ်ကို ဖြစ်နေတယ်။ ညီဖြစ်သူလည်း အရမ်းကို တုန်လှုပ်သွားပြီး သူ့အစ်ကိုကို မေးလိုက်တယ်။

“ အစ်ကို ဘယ်လိုဖြစ်ပြီး အခုလို လူထူးဆန်း ပြပွဲရုံထဲ ရောက်နေရတာလဲ။ ”

လို့ သူက မေးလိုက်တော့ သူ့အစ်ကိုက ပြန်ဖြေတယ်။

“ ဒီလို ညီလေးရေ ၊ အစ်ကိုက မျက်လုံးတစ်လုံးထဲ ရှိတဲ့ လူကို ဖမ်းပြီး အစ်ကိုတို့ မျက်လုံး နှစ်လုံး ရှိနေတဲ့ လူတွေဆီမှာ လူထူးဆန်း ဆိုပြီး ပြစားရင် ပိုက်ဆံတွေ ရမယ် ဆိုပြီးသာ စဉ်းစားခဲ့မိတယ်။ ဒါကြောင့် သူတို့ထဲက တစ်ယောက်ကိုပဲ ဖမ်းပြီး ခေါ်ဖို့ ကြိုးစားနေတာလေ။ တကယ်တော့ မျက်လုံးတစ်လုံးထဲ ရှိနေတဲ့ လူတွေဆီမှာတော့ မျက်လုံးတစ်လုံးက မထူးခြားဘူးပေါ့ကွာ။ သူတို့ဆီမှာက အစ်ကိုတို့လို မျက်လုံးနှစ်လုံး ရှိနေသူတွေကသာ ထူးခြားကြတာလေ။

ဒါကြောင့် သူတို့ အစ်ကိုလည်း မြင်ရော  ဝိုင်းဖမ်းပြီးတော့ လူထူးဆန်း ဆိုပြီး ရုံသွင်းပြလိုက်တာပါပဲကွာ။ တကယ်တော့ ကိုယ့်မှာ မထူးဆန်းပေမဲ့ သူများဆီမှာ ထူးဆန်းနေတတ်ပြီး သူများဆီက ထူးဆန်းနေတာက ကိုယ့်မှာ ဘာမှ မဟုတ်ဘဲ ဖြစ်ချင် ဖြစ်နေတတ်တယ် ညီလေး။ ”

လို့ ပြောသတဲ့ကွယ်။


ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



ကလေးတို့ရေ. . . . .

ကလေးတို့တွေလည်း ကိုယ့်မှာ ရှိနေတာကို တန်ဖိုး မထားတတ် ၊ မထူးဆန်းသလို ဖြစ်ပြီး သူများမှာ ရှိနေတာကိုမှ ထူးဆန်းတယ် ဆိုပြီး ဖြစ်ကာ အားကျနေရင် မျက်လုံးတစ်လုံးရှိတဲ့ လူကို ဖမ်းချင်တဲ့ အစ်ကိုလိုမျိုး နောက်ဆုံးမှာ ကိုယ်က ရုံသွင်းဖို့ကို မသွင်းလိုက်ရဘဲ ကိုယ့်ကိုယ် ပြန်ပြီး ရုံသွင်းခံ လိုက်ရလိမ့်မယ်ကွယ်။ ကိုယ့်ကိုယ်ကိုယ်သာ ရှုမြင်ပေါ့ကွယ်။



ကိုး



တစ်ခါက . . . .

တရုတ်ပြည်မှာ အရမ်းဆင်းရဲလို့ လမ်းဘေးမှာ လှည်းလေးနဲ့ တွန်းပြီး ဆန်ပြုတ် ၊ ခေါက်ဆွဲပြုတ် ရောင်းရတဲ့ မြေးအဘိုး နှစ်ယောက် ရှိသတဲ့ကွယ်။ သူတို့ဟာ ဆင်းရဲလွန်းတော့ သူတို့ရဲ့ လှည်းလေးကိုလည်း အရမ်းကောင်းအောင် မပြင်နိုင်ဘူးတဲ့ကွယ်။ သူတို့ရဲ့ လှည်းလေးရဲ့ ဘီးတွေက တွန်းလို့ ရယုံပဲ ဖြစ်နေသတဲ့။ ဒီတော့ သူတို့ဆန်ပြုတ်ရောင်းတဲ့ အခါမှာ ထည့်တဲ့ ကြွေပန်းကန်လုံးလေးတွေ ကွဲမှာ စိုးလို့ လှည်းပေါ်တောင်မှ တင်ပြီး မတွန်းနိုင်ဘူးတဲ့။ သူတို့လှည်းလေးက အဲဒီလောက်ကို စုတ်နေပြီးတော့ ခုန်နေတာတဲ့ကွယ်။

ဒါကြောင့် သူတို့ ဆန်ပြုတ်ရောင်းဖို့ ဆိုင်သွားဖွင့်တာပဲ ဖြစ်ဖြစ် ၊ ဆိုင်ဖွင့်ပြီး ပြန်လာတာပဲ ဖြစ်ဖြစ် သူတို့ မြေးအဘိုး နှစ်ယောက်ဟာ လှည်းလေး ခုန်နေလို့ ကွဲရှနိုင်တဲ့ ပန်းကန်ခွက်ယောက်တွေကို တင်ပြီးတော့ တွန်းလို့ မဖြစ်တော့ အဲဒီ ပန်းကန်ခွက်ယောက်တွေကို ခြင်းကြီးထဲမှာ ထည့်ပြီး တစ်ယောက်က လက်က ဆွဲရသတဲ့။ ဒီအချိန်မှာတော့ နောက်ထပ် တစ်ယောက်က ခေါက်ဆွဲတွေ ၊ ဆန်ပြုတ်အိုးတွေ ၊ မီးဖိုတွေ တင်ထားတဲ့ မကောင်းတဲ့ လှည်းလေးကို ရွေ့အောင် အားစိုက် တွန်းရသတဲ့။ လှည်းလေးကလည်း မကောင်းတော့ လက်နှစ်ဘက်လုံးနဲ့ ဆန့်ကာထားပြီး ခြေအစုံကိုလည်း အားစိုက်ယက်ကာ တွန်းကြရတယ်။

ဒီလိုနဲ့ သူတို့ ဈေးရောင်းတဲ့ နေရာကို ရောက်တယ် ဆိုရင်ပဲ တစ်လမ်းလုံး လက်တစ်ဘက်ဆီကို ပြောင်းပြီး ပန်းကန်ခွက်ယောက်တွေ ဆွဲလာရတဲ လူကလည်း ညောင်းညာကိုက်ခဲနေပြီ။ လှည်းလေးကို တောက်လျှောက်တွန်းလာရတဲ့ သူကလည်း ခြေထောက်တွေ တောင့်တင်းပြီး ခါးတွေလည်း ညောင်းလှပြီ။ ဒါပေမဲ့လည်း ဒါဟာ သူတို့ရဲ့ ဘဝပေးကြောင့် ဖြစ်လာရတာလို့ တွေးမိပြီး အံကြိတ်ကာ ဆက်လုပ်ကြရတယ်။ ဒီလိုနဲ့ နေစဉ် ရက်ဆက်ပေါ့။

ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ ဒီလို လာပြီး ဆိုင်ဖွင့်တော့ သူတို့ဆိုင်နားမှာ အရုးတစ်ယောက်က သူတို့ မြေးအဘိုးကို ကြည့်နေပြီး . . . . .

“ သြော်. . . တော်တော် မိုက်တဲ့ လူတွေပါလား။ “ မမောခင် နား ”  ဆိုတာကို မသိကြပါလား ”

လို့ ပြောသတဲ့။ ဒီတော့ သူတို့က သူတို့ကို ပြောနေတယ် ဆိုတာကိုတော့ သိတယ်။ ဒါကြောင့် အရူးကြီးကို ဘယ်လို အဓိပ္ပါယ်လဲလို့ မေးတော့ . . . ၊ အရူးကြီးက

“ မင်းတို့ကိုပဲ ကြည့်လေ။ တောင်းထဲက ပန်းကန်တွေကို ဆွဲတဲ့ လူကလည်း လိုချင်တဲ့ နေရာ ရောက်တဲ့ အထိ ဆွဲနေတယ်။ လှည်းကို တွန်းနေတဲ့ လူကလည်း လိုရာကို မရောက်မချင်း တွန်းနေတယ်။ တကယ်တော့ လောကကြီးမှာ လျှို့ဝှက်ချက် ရှိတယ် ဆိုပေမဲ့ အဲဒီ လျှို့ဝှက်ချက်ကိုတော့ ဘယ်သူကမှ ဖုံးထားလို့ လျှို့ဝှက်ချက် ဆိုပြီး ဖြစ်လာတာ မဟုတ်ဘူး။ ကိုယ့်ဖာသာကိုယ်ပဲ မဖော်နိုင်တာလေ။ ”

ဆိုပြီး ပြောတယ်။ ဒီတော့ သူတို့ မြေးအဘိုးက ....

“ ဟုတ်ကဲ့။ ကျွန်တော်တို့ကို ညွှန်သင်ပေးပါလို့ ဆိုတယ်။ ”

ဒီတော့မှာ အရူးကြီးက . . .

“ တကယ်ဆိုရင် ပန်းကန်ခြင်းတောင်းကို ဆွဲလာတဲ့ လူကလည်း ဓါတ်တိုင်နှစ်တိုင် စာလောက်ကို ဆွဲလာလိုက် ၊ လှည်းတွန်းတဲ့ သူကလည်း သူ့ဘေးကနေ ဓါတ်တိုင် နှစ်တိုင်စာလောက် တွန်းလာလိုက် ပြီးရင်တော့ အချင်းချင်း လူချိန်းလိုက်ပေါ့။ အခုတော့ မင်းတို့က ဘဝခရီးကို တောက်လျှောက် ရိုးရိုးကြီး ဖြတ်သန်းနေတော့ ပျင်းရိစရာကောင်းပြီး ပင်ပန်းတာပေါ့။ ခဏလေး လုပ်လိုက် ပြီးရင် အပြောင်းအလဲလေး လုပ်လိုက် ဒီလို ဆိုမှ ဘဝဆိုတာ နေပျော်တော့ မပေါ့။

မှတ်ထား ဒါကို ခေါ်တာကွ “ မမောခင် နား ” ဆိုတာ။ အခုတော့ မင်းတို့က ခရီးဆုံးသည် အထိ တောက်လျှောက်ကြီး တစ်ခုတည်းကို လုပ်နေတော့ မင်းတို့ ဘဝတွေက မောပန်းတာပေါ့လေ။ ဟား . . ဟား . . ဟား. . .အရူးတွေ ...အရူးတွေ ”

လို့ ပြောပြီး ထွက်သွားပါတော့တယ်.

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



ကလေးတို့ရေ......

ကလေးတို့တွေလည်း ဘဝမှာ ဘာပဲ လုပ်လုပ် မပြီးမချင်းဆိုတဲ့ အတိုင်း ထိုင်ရာ မထ လုပ်နေကြနဲ့ကွဲ။ တချို့ အရာတွေကျတော့ ခဏနားလိုက် ပြီးမှ ပြန်လုပ်ရင် ပိုပြီးတော့ အလုပ်ပြီးတတ်တယ်။ ဘဝဆိုတာကလည်း အရမ်းမောပန်းသွားအောင်လို့ အလုပ်လုပ်မိသွားရင် လူက မလှုပ်နိုင်တော့သလို ဖြစ်ပြီး ပင်ပန်းသွားကာ စိတ်ဓါတ်တွေ ကျတတ်တယ်ကွယ်။ ဒါကြောင့် မမောခင် နားတတ်ကြပါစေကွယ်။



တစ်ဆယ်



တစ်ခါက. . . .

ဘိုးဘွားရပ်သာ တစ်ခုကို လေ့လာတဲ့ အဖွဲ့တစ်ဖွဲ့က ရောက်လာပြီး ဘိုးဘွားရိပ်သာထဲက ဘိုးဘွားတွေကို စစ်ဆေးကြတယ်။ အဲဒီတော့ အားလုံးက သတိမထားမိတဲ့ အဖြစ်လေး တစ်ခုကို သူတို့က ဖော်ထုတ်လိုက်နိုင်တယ်။ ဒါက ဘာလဲ ဆိုတော့ ဘိုးဘွားတွေဟာ ပြုံးရယ် ပျော်ရွှင်မှု အရမ်းနည်းသွားပြီး သူတို့ကိုယ် သူတို့လည်း အရမ်းကို အိုမင်းသွားပြီ လို့ ခံစားနေကြတယ်တဲ့။ ဒါကြောင့် ဘိုးဘွားတွေဟာ အရမ်းကို စိတ်ဓါတ်ကျသလို မသွက်လက်ကြတော့ဘူးတဲ့။

ဒီလို လေ့လာတွေ့ရှိချက်ကို သူတို့ ဆက်ပြီး ဘယ်လို ပြုပြင်မလဲ ဆိုတာကို တိုင်ပင်ခဲ့ကြတယ်။ နည်းမျိုးစုံ နဲ့ ဘိုးဘွားတွေကို စိတ်ဓါတ်တွေ မြင့်တင်ပေးပေမဲ့ ဘိုးဘွားတွေ အတွက် ဘယ်လိုမှ မထူးခြားခဲ့ကြဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ အဖွဲ့ထဲက တစ်ယောက်က သူ့ဖာသာ အလှပြင်ရင်း မှန်ထဲမှာ ကြည့်မိပြီး စဉ်းစားမိတယ်။ ငါတို့တောင်မှ လှအောင် မိတ်ကပ်လိမ်းရသေးတယ်။ မိတ်ကပ်လိမ်းပြီးရင် စိတ်ထဲမှာလည်း ကိုယ့်ဖာသာ ပိုလှသွားတယ် လို့ ထင်မိပြီး ယုံကြည်မှုလည်း ပိုရလာတယ်။ ဒါဆို ဘိုးဘွားတွေကိုလည်း မိတ်ကပ်လိမ်းပေးရင် သူတို့ကို သူတို့ ပိုပြီးတော့ ယုံကြည်မှု ရလာနိုင်တယ်  လို့ တွေးမိတယ်။

ဒီလို သူတွေးမိတဲ့ အတိုင်း သူတို့ လေ့လာရေးအဖွဲ့ကို တင်ပြတယ်။ ပထမတော့ ဘယ်သူမှ သူပြောတာကို လက်မခံဘူး။ ဒါပေမဲ့လည်း ဒါကို စမ်းကြည့်လို့ ဘိုးဘွားတွေ စိတ်ဓါတ်တတ်ကြွလာမယ် ၊ ပြန်လည် နုပျိုလာမယ် ဆိုရင် သူတို့ စမ်းသပ်သင့်တယ် လို့ ယူဆပြီး ဘိုးဘွားများကို ခေါ်ကာ ရေမိုးချိုးသန့်စင်ပေးပြီး အဘိုးတွေကိုဆိုလည်း မျက်နှာသစ်ဆေး ၊ မျက်နှာပေါင်းတင် ၊ မျက်နှာလိမ်းခရင် တွေနဲ့ လိမ်းပေးစေတယ်။ အဘွားတွေကိုဆိုရင်လည်း မျက်နှာသန့်စင်ပေး ၊ မျက်နှာပေါင်းတင် ၊ မိတ်ကပ်တွေလိမ်းပေး ၊ မျက်ခုံးလေးတွေ ဆွဲပေး ၊ ပြီးတော့ လိုင်နာတွေ ဘာတွေနဲ့ အလှပြင်ပေးလိုက်တယ်။

ဒီတော့ တကယ့်ကို အံ့သြစရာ တစ်ခု သူတို့ တွေ့လိုက် မြင်လိုက်ရတော့တယ်။ အရင်က အမြဲတမ်း ညှိုးနွမ်းနေတဲ့ မျက်နှာထားနဲ့ နေနေတဲ့ ဘိုးဘွားတွေဟာ အဲဒီလို သူတို့ကို အလှလည်း ပြင်ပြီးတော့ သူတို့ကို သူတို့ မှန်ထဲမှာ ပြန်ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးသွားကြတယ်။ များသော အားဖြင့် အဘိုးတွေက သူတို့ကို အလှပြင်ပေးပြီးတော့ လမ်းလျှောက်တဲ့ ခြေလှမ်းတွေက အစ ပိုပြီး သွက်လက်လာတယ်။ အဘွားတွေကျတော့ အလှလည်း ပြင်ပြီးရော “ ကျွန်မ အသက်က ၅၀ လောက် ပြန်ပြီး ဖြစ်သွားပါရောလား။ ” ဆိုကာ သူတို့ အသက် ၇၀ ၊ ၈၀ ဆိုတာကို မေ့ကာ ပြောမိတတ်ကြတယ် ဆိုပဲ။

အဲဒီအချိန်မက စပြီး ဘိုးဘွားများကို လေ့လာသူများက “ လူဆိုတာ ပြုပြုပြင်ပြင် နေထိုင်မယ် ဆိုရင် ကိုယ်ကိုယ်တိုင်လည်း နုပျိုစေသလို ထိုသူကို မြင်ရသူများကလည်း နုပျိုစေနိုင်တယ် ” ဆိုပြီး မှတ်ချက်ချခဲ့ပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



ကလေးတို့ရေ. . . .

ကလေးတို့တွေလည်း ပေပေရေရေ ၊ ညစ်ညစ်ပတ်ပတ် နေမယ် ဆိုရင် ကိုယ်တိုင်လည်း စိတ်မရွှင်လန်းသလို ကိုယ့်ကို မြင်နေရတဲ့ သူတွေကလည်း မတတ်ကြွစေဘူးပေါ့။ ဒါကြောင့် မိမိကိုယ်ကိုယ် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပြီး သပ်သပ်ရပ်ရပ် ကျကျနနလေး ဖြစ်အောင် နေပြီး ကိုယ်တိုင်လည်း စိတ်ရွှင်လန်း ကိုယ့်ကို မြင်သူတွေကလည်း စိတ်ဓါတ်တတ်ကြွအောင် နေထိုင်ကြရမယ်နော်။ ဒီလို တစ်ဦးချင်းစီ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းသွားရင် တစ်ကမ္ဘာလုံးလည်း တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းလာမှာပေါ့ကွယ်။ ဒါကြောင့် “ ဘဝမှ ပြုပြုပြင်ပြင်လေးတော့ နေကြပါကွယ်။ ”



ဒီပို့စ်ကို ဖတ်ရသောသူများ ခင်ဗျား။ 

ကျွန်တော်ကတော့ ကျွန်တော်နဲ့ တွေ့ကြုံရသော ကလေးတွေကိုသာ ဒီပုံပြင်လေးများကို ပြောပြနိုင်ပါလိမ့်မည်။ ဒါကြောင့် အခု ဒီပို့စ်ကို  ဖတ်ရသူများက ကျွန်တော် လက်လှမ်း မမှီနိုင်သော တခြားကလေးများကို “ ကြုံရင် ဒီပုံပြင်လေးတွေ ပြောပြပေးပါ။ ”

source; Zig Ziglar , DeDe and Everything ( Read , See & Think ).

လေးစားစွာဖြင့်
ကိုဇော်
21-7-2010

.

Share/Bookmark