မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 January 2010

0 ယောက်ျား နဲ့ မိန်းမ

.

ကျွန်တော့်မှာ မလေး သူငယ်ချင်းတစ်ယောက် ရှိတယ်။ ကျွန်တော့်ဘဝမှာ ဒီလို သူငယ်ချင်းတွေနဲ့ ဘဝတလျှောက်လုံး တွေ့ဆုံခွင့်ရတဲ့ အတွက် ဝမ်းသာလို့ မဆုံးပါဘူး။ သူက မိန်းကလေးပါ။ ကျွန်တော့်ထက်လည်း ၂ နှစ်ငယ်တယ်။ ကိစ္စတစ်ခုခုကို ရှုမြင်သုံးသပ်ပုံ အရမ်းကောင်းမွန်သူ တစ်ယောက်ဖြစ်တယ်။

သူ့ဆီက လောကကြီးကို အမြင်ရှင်းစွာ ကြည့်တတ်ပြီး ထူးထူးဆန်းဆန်း စကားလုံးတွေကို ကျွန်တော် ကြားရတတ်တယ်။ ဥပမာ - သူက ကလေးတစ်ယောက်ရှိတယ်။ ကလေးနေမကောင်းလို့ သူ ခွင့်ယူတယ် ဆိုရင် ဘယ်တော့မှ MC ဆိုပြီး ခွင့်မယူဘူး။ တခြားမလေးမတွေက သူတို့ ကလေးနေမကောင်တာတို့ ၊ သူတို့ လုပ်စရာ ၊ သွားစရာ တစ်ခုခု ရှိနေတယ် ဆိုရင် လစာဖြတ်မှာ စိုးလို့ MC ဆိုပြီး သူတို့ ခံစားပိုင်ခွင့်ကနေပြီး ခွင့်ယူလေ့ရှိကြတယ်။

သူကတော့ ဘယ်တော့မှ MC မယူဘူး။ အဲ..ပြောဖို့ မေ့နေတယ် သူ့ရဲ့ နာမည်က “ Izar ” တဲ့။ ကျွန်တော်က သူ့ကို . . .

“ သူများတွေ အလုပ်နားတာကို MC ယူကြတယ်။ ဒါကလည်း သူတို့ရဲ့ ခံစားပိုင်ခွင့်ထဲကပဲလေ။ နင်ကျတော့ အလုပ်နားတာ ဘာလို့ MC မယူတာလဲ ။ ”

လို့ ကျွန်တော် မေးတော့ သူက လောကကို ခပ်ရှင်းရှင်းပဲ မြင်တတ်သူတို့ ထုံးစံ အတိုင်း ကျွန်တော့်ကို ပြောတယ်။

“ ငါက ဘာဖြစ်လို့လဲ။ ဘာမှ မဖြစ်ဘူးလေ။ ငါ့က နေကောင်းနေတာပဲ။ ငါ့ဖာသာ သွားစရာ ရှိလို့ ၊ ကလေးနေမကောင်းလို့ အလုပ်ပျက်တာလေ။ ကလေးနေမကောင်းတာ နေမကောင်းတာပေါ့။ ဘာလို့ ကိုယ် နေကောင်းနေတာကို နေမကောင်းဘူးဆိုပြီး လိမ်ပြောရမှာလဲ။

ကိုယ်နေကောင်းနေတာကို နေမကောင်းဘူး ဆိုပြီး လိမ်ပြောစရာမှ မလိုတာ ။ ကိုယ့်ဖာသာ ပျက်ချင် ပျက်တာပေါ့ဟာ။ ဘာလို့ လိမ်နေရမှာလဲ။ သူများတွေ လိမ်ပြောလည်း ငါက လိမ်မှာ မှ မဟုတ်တာ။ သူများတွေ ဆိုတာလည်း ငါမှ မဟုတ်တာ။ ”

ဟုတ်ပါတယ်။ သူများတွေဆိုတာ သူ မဟုတ်ပါ။ ဒါကြောင့်လည်း အလုပ်ဝင်ပြီး ၇ လ နဲ့ သူရဲ့ QA မှာ Leader တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့မှာအလုပ်ပျက်ရက်လည်းမရှိ။ အလုပ်နဲ့ပတ်သတ်ရင်လည်း ကိုယ့်အလုပ်လို သဘောထားတယ်။ ဒီလို လူကို ဘာလို့ အလုပ်က အလုပ်ရှင် သူဌေး ၊ မန်နေဂျာ က ရာထူး မတိုးပေးရမှာလဲ။ အလုပ်ကျတော့ ခိုပြီး ရာထူးတိုးပေးပါလို့ အော်ဟစ်နေသူတွေကို ကျတော့ ဘယ်လို ပြောရပါ့မလဲ။

တစ်နေ့တော့ သူနဲ့ ကျွန်တော် ဒီလိုပဲ ဟိုပြော ဒီပြော ၊ ပြောရင်း ယောက်ျားနဲ့ မိန်းမ အကြောင်းကို ပြောတော့ သူက ကျွန်တော့်ကို အောက်ပါ အတိုင်း မရပ်မနား ၊ ရှည်ရှည်လျားလျား ပြောသွားခဲ့ဖူးပါတယ်။

“ ဒီလိုဟ.. ။ ငါ့ယောက်ျား ငါ့ကို လိုက်တော့ ငါက ကြည့်လို့ရတာ မဟုတ်ဘူး။ ဆံပင်ကလည်း အရှည်ကြီး နားပေါက်ကလည်း ဖောက်ထားသေးတယ်။ နောက် ဆေးလိပ်ကလည်း ဖွာလိုက်တာမှ ၊ ပြီးတော့ ငါ့နောက် တကောက်ကောက် လိုက်နေတယ်လေ။

ငါလည်း သိပ်ပြီး ကြည့်လို့မရတော့ သူ့ကို ခပ်ရှောင်ရှောင်နေတယ်။ နောက်တော့ သူက အတင်းလိုက်ပါများတော့ ငါက ငါ့ကို ကြိုက်ရင် ဆံပင်တွေ ညှပ် ၊ နားကပ်တွေ ချွတ် ၊ အဝတ်အစားလည်း သပ်သပ်ရပ်ရပ်ဝတ် ဆိုတော့ သူက ငါပြောသလို လိုက်လုပ်လာတယ်.။

ဘယ်လိုမှ ကြိုက်မိမယ် မှန်း မသိတာကြီးကို နောက်တော့ ပြန်ကြိုက်မိသွားတယ် ဆိုပါတော့ ၊ ဒါနဲ့ သူ့နဲ့ ကြိုက်တယ် ဆိုရင်ဖြင့် များလိုက်တဲ့ စကားတွေ ပြောမနေနဲ့။ တွေ့လိုက်တာနဲ့ ပြောလိုက်တာ ဟိုသွားမယ် ၊ ဒီသွားမယ် ၊ ဟိုဟာစားမယ် ၊ ဒီဟာ စားမယ် စုံနေတာပဲ။

ဘာပဲ ပြောပြောပါ သူက စကားတွေ အများကြီးနဲ့ ဆယ်ခွန်းလောက် ပြောမှ ငါက တစ်ခွန်းပဲ ။ ဒီစကားကလည်း တစ်လုံးတည်း “ အင်း ” ။ နောက်ကျတော့လည်း ညနေဘက်ဆိုရင် ဖုန်းဆက်လိုက်ရတာ ကုန်လိုက်တဲ့ ဖုန်းဖိုးပဲ။ ညပိုင်း ညဈေးရှိတယ် ဆိုရင် သူ့မှာ သွားချင်လိုက်ရတာ အမော။ ငါ့ကို ဖုန်းဆက်ပြီး ညဈေးကို လာခဲ့ပါလား ၊ ဘာညာပေါ့။ ငါကလည်း “ ဘာလုပ်ဖို့လဲ အိမ်မှာ အကုန်ရှိနေတာပဲ။ ” ဆိုတော့ ဒီပြင်ဟာလေးတွေ ဘာညာ ကြည့်ရတာပေါ့တဲ့။ ဒါပေမဲ့ သူ ဆယ်ခါခေါ်မှ ငါ တစ်ခါပဲ သွားတယ်။ ဒီတစ်ခါကလည်း “ ခဏလေး ” ပဲ။

ဒါနဲ့ သူနဲ့ ငါလည်း ယူပြီးရော ယောက်ျားနဲ့ မိန်းမ ဆိုတာ မယူခင်နဲ့ ယူပြီး ပြောင်းပြန်ဖြစ်တယ် ဆိုတာ တကယ်ကို ကြုံရတော့တာပဲ...ဟီး။ သူက ငါနဲ့ ယူပြီးကတည်းက ဆွံအ သွားတာလေ။ ငါကကျတော့ သူနဲ့ ယူလိုက်ကတည်းက များလာလိုက်တဲ့ စကား ငါ့ကိုယ်ငါလည်း သိတယ်။ သူ့ကို တွေ့တာနဲ့ ပြောချင်လိုက်တဲ့ စကားတွေ ၊ ဟိုအကြောင်း ဒီအကြောင်း ဟိုဟာဖြစ်တာ ဒီဟာဖြစ်တာတွေ စုံနေတာပဲ။ သူကတော့ ငါ့ကို ဘာမှ မပြောတော့ဘူး။

လင်မယားတွေ့ပြီ ဆိုတာနဲ့ ယောက်ျားရေ ဟိုဟာဖြစ်တယ် ၊ ဒီဟာပြုတယ် ဆိုပြီး ငါက ပြောလိုက်တဲ့ စကားတွေ အများကြီး ဆယ်ခု လောက်မှ သူက တစ်ခွန်းပဲ ပြန်ပြောတော့တယ်။ အဲဒီတစ်ခွန်းကလည်း “ အင်း ” ။ နောက်..ငါ့ဆီလည်း လုံးဝ ဖုန်းမဆက်တော့ဘူး။ ငါကသာ ယောကျာ်းရေ အလုပ်ထဲမှာ ဘယ်လို နေလဲ ၊ အဆင်ပြေလား ဘာညာပေါ့လေ။ ဒီလို ဆက်နေရတာ။ သူ့ကို မေးတော့ အိမ်ရောက်လည်း တွေ့ရမှာပဲကွာ တဲ့။

နောက်တော့ ငါတို့ အိမ်နားမှာ ညဈေးရှိတယ် ဆိုရင် ယောက်ျားရေ ညဈေးသွားရင် ကောင်းမလားဆိုတော့ “ ဘာလုပ်မှာလဲကွာတဲ့ အိမ်မှာလည်း အကုန်ရှိနေတာပဲ။ ရေခဲသေတ္တာထဲမှာလည်း အပြည့်ပဲလေ ” လို့ ပြောတယ်။ နောက်ဆုံးပြောပါများလို့ ဆယ်ခါလောက်မှ တစ်ခါလောက်ပဲ သွားတော့တယ်။ သွားပြန်ရင်လည်း “ ခဏလေး ” ပဲ။

ဒါကြောင့် ငါလည်း မှတ်ထားတယ်။ နင်လည်း မှတ်ထား. ယောကျာ်းနဲ့ မိန်းမဆိုတာ မယူခင် နဲ့ ယူပြီး ပြောင်းပြန် ဖြစ်အောင်ကို ပြောင်းလဲ တတ်တယ်ဟ။ ”

လို့ ကျွန်တော့်ကို ပြောဖူးပါတယ်။

ဒါကြောင့် ကျွန်တော် စဉ်းစားမိတယ်။ တကယ်လို့ပေါ့။ မယူရခင်ကတောင်မှ စကားအရမ်း နည်းတဲ့ ယောက်ျားဆိုရင် ယူပြီးရင်တော့ အသံတောင်မှ ထွက်ပါတော့မလား ။ အရမ်းစကားများနေတဲ့ မိန်းမသာဆိုရင် ဟီး.... မတွေးရဲဘူးဗျာ။

ဒါပေမဲ့လည်းပေါ့လေ။ ကိုယ်ချစ်တဲ့ သူဆိုတော့.....၊ အင်း... နောက်ဆိုလည်း ဒီလို စကားများလာတာလေးကိုက ပိုချစ်ဖို့ ကောင်းလာတာဗျာ...။ ဒီလို တိတ်ဆိတ်နေတာကိုက တည်ကြည်လို့ ပိုချစ်လာတယ် ဆိုပြီး ဖြစ်လာဦးမှာပေါ့လေ။

အင်း... ဒါနဲ့ သူငယ်ချင်းတို့ ချစ်သူတွေကရော စကားများလားဗျ....၊ စပ်စုကြည့်တာလေ.။

မှတ်ချက်။ ။ အတွဲတစ်တွဲကို စောင်းမြောင်းရေးပါသည်ဟု ဝန်ခံပါသည်...ဟီး။ သိကြပါစေ..ဟိဟိ။

ကိုဇော် ကြုံသမျှ စပ်စုသည်။





Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: