မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 January 2010

0 ဆက်ရေးလို့မရတဲ့ အချစ် ပုံပြင်



ပထမတော့ သူ သူမ ကို သတိမထားမိသေးပါ..။

အဲဒီနေ့က သူလျှောက်နေကျအတိုင်း လက်ဝဲဘက်ကို ကပ်မလျှောက်ပဲ လက်ယာဘက်မှ ကပ်လျှောက်လာမိရင်း... လက်ဝဲဘဘက်ကို ကပ်လျှောက်လာတဲ့ သူမ ကို စတွေ့မိတာ...။ မျက်နှာချင်းဆိုင်ပေမဲ့ သူ သတိမထားမိသေးပါ..။

သူ့ဘေးနားက သူမ ဖြတ်လျှောက်သွားတော့မှ သူမ တိုးတိုးလေးပြောသွားသလို သူ ကြားလိုက်ရတယ်...။သူ လှည့်ကြည့်ပေမဲ့ ..သူမ ကတော့ ဖာသိဖာသာ ဆက်လျှောက်သွားတယ်...။ ညဆိုင်းအလုပ်ကပြန်လာတဲ့ သူ နဲ့ နေ့ဘက် အလုပ်သွားတဲ့ သူမ နဲ့ လမ်းမှာတွေ့ကြတာပါ...။

နောက်နေ့ သတိထားမိသွားတဲ့ သူက သူမနဲ့ ဆုံအောင် လက်ယာဘက်က ကပ်လျှောက်တယ်...။သူမ ကတော့ မသိမသာ ပါပဲ...။ ပါးစပ်ကလေးလှုပ်ရင်း လျှောက်လာတယ်..။ သူ ဘေးနားကဖြတ်သွားတော့ တစ်ခုခု ပြောသွားသလို ကြားလိုက်ရတာပါပဲ...။ သူလဲ သဲသဲကွဲကွဲ မကြား....။ သူမ ဘာပြောတာမှန်းမသိလိုက်...။ သူမ စကားပြောသွားတာလား ၊ တစ်ခုခုရေရွတ်နေတာလား ၊ တေးဆိုသွားတာလား..။

ဒီလိုနဲ့နောက်နေ့..နောက်နေ့...နောက်နေ့ပေါင်းများစွာ ပါပဲ....။ သူမဘေးနားက ဖြတ်လာတိုင်း သူမ ရဲ့ ဘာရယ်မသိတဲ့ စကားသံလေး ၊ တေးဆိုသံလေး သဲ့သဲ့ကို သူကြားရတယ်..။ မသဲကွဲတဲ့ အသံလေးပေမဲ့ သူရဲ့ ရင်ကို လာထိတယ်...။ ဘာရယ်ညာရယ် မသိပေမဲ့ အချစ်ဆိုတာ ဒါလား သူစဉ်းစားတယ်..။ သူမကတော့ ဒီလိုပါပဲ...မထူးမခြား ပါးစပ်ကလေးလှုပ်ရင်း ၊တစ်ခုခုကို ရေရွတ်ရင်း တေးလေးဆိုရင်း သူ့ဘေးက ဖြတ်လျှောက်သွားတာပါပဲ...။ သူ သူမကို စကားလေးတစ်ခွန်းပြောဖို့စဉ်းစားတယ်....။ ပြီးတော့...သူမ ဆီက စကားလေးတွေ သူ ကြားချင်လာတယ်..။

ဒါပေမဲ့... ဒါပေမဲ့.... သူ ပြန်စဉ်းစားတော့ သူမ ပြောတဲ့ စကားတွေက ခုလို တီးတိုးပြောနေတဲ့ စကားတွေ ၊ တစ်ခုခုကိုရွတ်နေတာ ၊ တေးဆိုသွားတာ လောက် သာယာဖို့ကောင်းပါ့မလား..။ ဒါဟာလဲ မသေချာမှု တစ်ခုဖြစ်တယ်...။ တကယ်လို့ သူမ နဲ့ သူ ချစ်သူတွေ ဖြစ်ကြရင် ဒီလို သူမ ရဲ့ မပွင့်တပွင့် စကားသံလေးတွေ ကြားရပါတော့မလား..။ မသေချာတော့......။ သူ ပြန်စဉ်စား ကြည့်လိုက်တော့ သူ သူမကိုချစ်နေ ၊ မြတ်နိုးမိတယ်..၊ ဆိုတာထက် ဒီမကြားတကြား အသံလေးကို သူ ပိုသာယာနေမိတာ.....၊ သူများတွေပြောတဲ့ ချစ်သူတို့ရဲ့ တွတ်တီးတွတ်တာ အသံဆိုတာ ဒီလို သာယာဖွယ်ကောင်းပါ့မလား..။

သူ စဉ်းစားတယ်..။ သူမ ကို ချစ်သူ အဖြစ်ပိုင်ဆိုင် ချင်တာထက် .. ဒီ အသံလေး မပျောက်မပျက်ဖို့ သူ ပိုလိုလားတယ်..။ ဒါနဲ့ သူ သူမ ကို ဘာမှ ပြောတော့ပါ..။ ဘေးကဖြတ်သွားတိုင်း သူမ အသံလေးကိုသာ နားစွင့်နေတယ်..။ ဒါနဲ့ ပဲ သူ ကြည်နူးတယ်..။ သူမ ကလဲ သူ က ဘာမှ လာမပြောတဲ့ အတွက် ဘာမှ မသိပါ...။ သူမ ဖာသာ စကားလေးတွေ တီးတိုးပြောရင်း ၊ အကြောင်းအရာလေးတွေ ပြန်တွေးရင်း ၊ တေးသီချင်းလေးတွေ ရွတ်ဆိုရင်း လောကကြီးကို အလျားလိုက် ဖြတ်သန်းနေပါတယ်..။

သူမ ကတော့ သူမ ဘေးက ဖြတ်သွားသုတွေကို သတိမထားမိပါ..။ ဒါကြောင့် သူ့ ကိုလဲ သူမ သတိမထားမိပါ.။ ဒီလိုနဲ့ ပဲ လောကကြီးက ပုံမှန် လည်ပတ်နေပါတယ်..။ သူမ က လမ်းလျှောက်ရင်း တီးတိုးရေရွတ်နေပါတယ်...။ သူ က သူမ ဘေးကဖြတ်သွားရင်း အသံလေးကို နားစွင့်နေပါတယ်..။

သူ နဲ့ သူမ ဘာမှ မဟုတ်ပါ.....။

ဒါကြောင့်ပါပဲ .. ကျွန်တော်လဲ ဘာမှ ဆက်ရေးလို့မရပါ..။


“ ဆက်ရေးလို့မရတဲ့ အချစ်ပုံပြင် .. ” တစ်ခု ဆိုပါတော့....။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှတ်ချက်။ ။ ဂျစ်ပစီတွေ ရေးတတ်တဲ့ အော်တာနေးတစ် ၀တ္ထုအမျိုးအစားပါ..။ အမေရိကား နဲ့ ပြင်သစ် မှာ ခေတ်စားပါတယ်..။ မြန်မာနိုင်ငံမှာတော့ ဆ၇ာ တာရာမင်းဝေ က နှစ်ပုဒ်လောက်ရေးဖူးပါတယ်..။ “ ဒီဒီဒါဒါ ” ၀တ္ထုတွေလောက် ခေတ်မစားပေမဲ့ သူဖာသာသူတော့ ရသမြောက်ပါတယ်..။ အကြောင်းအရာတစ်ခုကို ပုံစံမျိုးစုံနဲ့ တင်ပြတာပါ...။ ဥပမာ- လမ်းလျှောက်တာတစ်ခုထဲကို .. လျှောက် ၊လှမ်း ၊သွား ၊ လာ ၊ ကြွထွက် ၊ နင်းလာ ။ ဖြတ်သန်း စသဖြင့် တင်ပြတတ်တဲ့ ပုံစံလေးတစ်ခုပါ..။

ခံစားတတ်ရင် အလွန်ရသမြောက်ပါတယ်...၊ ခံစားကြည့်ပါ..၊ ပြီးတော့ တွေးကြည့်ပါ..၊ ပြီးရင် ရေးကြည့်ပါ...။


ကိုဇော် ခံစားတင်ပြသည်။

http://zaw357.multiply.com/journal/item/246/246 မှာ 3.5.2009 က ရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: