မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 January 2010

1 စာရေးဆရာ နှင့် စာဟောပြောပွဲ




စာရေးဆရာ နဲ့ စာဟောဆရာ ဆိုတာ မတူပါဘူး။ ဘာလို့ မတူဘူး လို့ ပြောလို့ရတာလဲ ဆိုတဲ့ အထဲမှာ အချက်အလက်ပေါင်းများစွာ ရှိပေမဲ့ ကျွန်တော် အခု အရေးကြီးတဲ့ အချက်ကိုပဲ ပြောပါ့မယ်။

အငြိမ့်တစ်ခုမှာ လူရွှင်တော် ကိုမော့စ် ပြောခဲ့ဖူးတယ်။

“ ရုပ်ရှင် ၊ ဗီဒီယို နဲ့ အငြိမ့် ကပြရတာ မတူဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ရုပ်ရှင်တို့ ၊ ဗီဒီယိုတို့ ဆိုတာ မှားရင် ပြင်ရိုက်လို့ရတယ်။ အငြိမ့်ကတယ် ဆိုတာ မှားနေရင် ပြင်လို့မရဘူး။ သူက တကယ့်ကို Live ရှိုးပဲလေ။ ပရိတ်သတ်နဲ့ တိုက်ရိုက် ထိတွေ့ပြီး ဆက်ဆံနေရတာပါ။ ပရိတ်သတ်ကို ကြည့်ပြီး ပြောရတာ မှားရင် နောက်နေ့မှ ပြင်လို့မရဘူး။ ”



ကျွန်တော် ငယ်ငယ်ကတည်းက ( သူများတွေ ပြောသလို ) စာရူးပေရူးဆိုတော့ ကျွန်တော် စာတွေ တော်တော် ဖတ်မိတယ်။ နောက်တော့ တစ်ခု စဉ်းစားမိတာက စာရေးဆရာတွေသာ စာပေဟောပြောရင် တော်တော် နားထောင်လို့ ကောင်းမယ်ပေါ့လေ။ ဒါကြောင့် ကျွန်တော် စာပေဟောပြောပွဲတွေ တော်တော် စိတ်ဝင်စားမိတယ်။ ဒါကြောင့် ရန်ကုန်မြို့တွင်းမှာ စာပေဟောပြောပွဲ လုပ်တယ် ဆိုရင် ကိုယ်ကလည်း ဝါသနာပါလေတော့ စာပေသမားလို့ အယောင်ဆောင်ပြီး လွယ်အိတ်လေး တစ်လုံးနဲ့ အဝတ်အစား အရောင်ခပ်မွဲမွဲနဲ့ သွားနားထောင်မိတယ်။

ပထမအကြိမ် ၊ ဒုတိယအကြိမ် နားထောင်တဲ့ အကြိမ်တွေလည်း များလာရော ကျွန်တော် သဘောပေါက်တာ နှစ်ခု ရှိလာတယ်။

၁) စာရေးဆရာ ၊ ဆရာရေးဆရာမ ဆိုတာ ကျွန်တော် ထင်နေသလို လွယ်အိတ်ကြီးလွယ်ပြီး အဝတ်အစား အရောင်ခပ်မွဲမွဲနဲ့ ဆံပင် ရှုပ်ပွပြီး လျှောက်သွားနေကြတာ မဟုတ်ဘူး။

၂)
စာရေးဆရာ ၊ စာရေးဆရာမ တွေဆိုတာ သူတို့ စာတွေသာ ဖတ်လို့ ကောင်းတာ သူတို့ ဟောပြောတာက သူတို့ စာတွေ ဖတ်သလောက် ကောင်းတာ မဟုတ်ဘူး။

ဆိုတဲ့ ဒီနှစ်ချက်ကို ကျွန်တော် သူတို့ရဲ့ ဟောပြောပွဲတွေကို သွားနားထောင်ပြီး သိခဲ့ရတယ်။ ဟိုနေ့က ကျွန်တော် စာပေဟောပြောပွဲ သွားတော့ နားထောင်ဖူးနေတော့ ကျွန်တော့်အတွက် သိပ်တော့ မထူးပါ။ သို့သော် ဆရာမ “ ဂျူး ” ရဲ့ စာပေဟောပြောပွဲကိုတော့ နားမထောင်ဖူးတော့ ကျွန်တော် စိတ်ဝင်စားမိတယ်။ မြန်မာ အမျိုးသမီးတွေကို အတွေးအခေါ်တွေ ဖွင့်ပေးတဲ့ သူတစ်ယောက် အနေနဲ့ သူ့ကို ကျွန်တော် လေးစားတယ်။ ဒါကြောင့် ကျွန်တော် သွားခဲ့တာပါ။

ဆရာနေဝင်းမြင့်က အရင်ဟောပြောပါတယ်။ ဟောပြောပွဲဆိုတာ စာရွက်ပွဲ ၊ အမိန့်ပြန်တမ်း ရွတ်ရတဲ့ နေရာ မဟုတ်ဘူးဗျ။ ဒါကို အတွေ့အကြုံရင့်နေတဲ့ ဆရာနေဝင်းမြင့် နှင့် ဆရာ ချစ်ဦးညိုကတော့ သိပါတယ်။ ဒါကြောင့် စာပေဟောပြောပွဲမှာ သူတို့ ကဗျာတွေကို ဌာန်ကရိုဏ်း ကျကျ ရွတ်တယ်။ သီချင်းတွေကို ဆိုပေါက်ကျအောင် ဆိုပြီး သူပြောချင်တာ သူပေးချင်တာကို ပေးသွားခဲ့တယ်။

ဆရာမ “ ဂျူး ” ကကျတော့ သူတတ်လာကတည်းက . . .

“ ကျွန်မ က စာပေဟောပွဲ တွေဆိုရင် သိပ်ပြီး ဟောချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖိတ်တော့လည်း ကျွန်မ လာဟောရတာပါ။ ဘာလို့လည်း ဆိုတော့ ကျွန်မ က သီချင်းလည်း မဆိုတတ်ဘူး။ ကဗျာတွေကိုလည်း ရတု ဆို ရတု ပျို့ဆို ပျို့ ဖြစ်အောင် မရွတ်တတ်ဘူး ။ ဒါကြောင့် စာတွေကို ကျွန်မ အမြင်အတိုင်း စကားပြောသလို ပဲ ပြောတတ်လို့ ဒီအတိုင်းပဲ ဟောပါ့မယ်။ ”

လို့ စကားဦးသန်းထားခဲ့ပါတယ်။ တကယ်တော့ အဟောပြောသမား တစ်ယောက် အနေနဲ့ ဆိုရင် ဒီလို စကားဦးသန်းခြင်းဟာ လွန်စွာ ဆိုးပါတယ်။ သို့သော် ဆရာမ ဂျူး ဟာ စာရေးဆရာမ တစ်ယောက်မျှသာ ဖြစ်ပါတယ်။ သူရေးသော စာတွေကို သူ စင်ပေါ်မှာ ရွတ်ပြီး စင်အောက်က တစ်ယောက်က လိုက်ရေးပြီး စာအုပ်ထုတ်ခဲ့ခြင်း မဟုတ်ပါ။


သူ စာတွေကို “ မှော် ” ဝင်နေတဲ့ အချိန် သူစိတ်ကြိုက် ရေးဖွဲ့ပါလိမ့်မယ်။ ဒီလို ရေးနေရင်းက မှော် ပျောက်သွားရင် သူရပ်လိုက်ပြီး သူ “ မှော် ” ဝင်ချိန်မှာ ပြန်ရေးပါလိမ့်မယ်။ ( တကယ်တော့ လူတွေ ပြောပြောနေတဲ့ “ ဈာန် ” ဝင်တယ် ဆိုတာ “ မှော် ” ကို ပြောတာပါ။ တကယ်ဆို “ ဈာန် ” ဆိုတာ မြန်မာ စကားမှာ မရှိပါ။ International မှာလည်း “ မှော် ” ဆိုပြီးပဲ ရှိပါတယ်။ ) စာပေဟောပြောပွဲမှာတော့ ကျွန်မ “ မှော် ” မဝင်နေလို့ နောက်နေ့မှ ဟောမယ် လို့ လုပ်လို့မရပါ။ ရောက်နေတဲ့ အချိန် ရောက်နေတဲ့ နေရာမှာ ကိုယ်ပြောချင်တဲ့ ခေါင်းစဉ်ကို ကာလံဒေသံနဲ့ ကြိုက်ညီအောင် ပြင်ဆင် ဟော ပြောရပါတယ်။ ဒါကြောင့် ဒီနေရာမှာ စာပေရေးသားခြင်းထက် မိမိရဲ့ ခေါင်းထဲက ပရိတ်သတ်ကို ဘယ်လို အခြေအနေရှိနေတယ် ဆိုတာကို အကဲခတ်နိုင်ပြီး ဟော နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်။

ဟိုနေ့က ကျွန်တော် စာပေဟောပြောပွဲကို သွားတော့ ပရိတ်သတ်ကို အစွဲဆောင်နိုင်ဆုံး ဆရာကတော့ ဆရာ ချစ်ဦးညိုပါ။ ဆရာချစ်ဦးညို အတ္ထုပ္ပတိကို ဖတ်ပြီးတော့ ဒီ အတ္ထုပ္ပတိ ရှင်းပြပြီး ဟောပြောသွားလိုက်တာ. . ပြီးတဲ့ အထိ ပြီးလို့ ပြီးသွားမှန်း မသိအောင် ဆရာရဲ့ဟောပြောချက်က တကယ်ကို ကောင်းမွန်လှပါတယ်။ ဒါကြောင့်လည်း ဆရာက နောက်ဆုံးမှ ဟောသွားခဲ့တာပါ။

အတွေး အားကောင်းတဲ့ ဆရာ ၊ ဆရာမများ ဖြစ်တဲ့ အတွက် ပေးသွားတဲ့ အတွေးလေးကတော့ ကောင်းပါတယ်။ ဆရာနေဝင်းမြင့် ကတော့ သူဖြတ်သန်းခဲ့ရတဲ့ ဘဝလေးတွေကို သရုပ်ဖော်ပြပြီး “ အဖေတို့ ၊ အမေတို့ ၊ ကျွန်တော်တို့ ” ခေါင်းစဉ် ကို သရုပ်ဖော်ခဲ့ပါတယ်။ ဆရာပြောဟောခဲ့တဲ့ ထိုနေ့က ဟောပြောချက်ထဲမှာ ကျွန်တော် အကြိုက်ဆုံး အကြောင်းအရာကတော့ “ အမင်္ဂလာ ရှိတဲ့ လူတစ်ယောက် အကြောင်း ” ပါ။ ကျွန်တော် အလွန် နှစ်သက်ပါတယ်။

စာပေဟောပြောပွဲမှာ သူပေးချင်တဲ့ အတွေး ၊ သူပြောချင်တဲ့ အကြောင်းအရာကို ( အခု ကျွန်တော် ဒီဘလော့မှာ ရေးနေသလို ) Message ပုံစံလေးနဲ့ ဟောပြောသွားသူက ဆရာမ ဂျူး ပါ။ စာပေဟောပြောသူ တစ်ယောက် အနေနဲ့တော့ သူဟောပြောတာ မကောင်းပါ။ သို့သော် ကျွန်တော် နှစ်သက်ပါတယ်။ ဘာလို့လည်း ဆိုတော့ ဒီလို Message တိုလေးတွေနဲ့ ဟောပြောသွားတဲ့ အတွက် ကျွန်တော့်အတွက် ပိုတောင်မှ သူနဲ့ ပတ်သတ်ပြီး ရေးစရာ များပြားလှပါတယ်။ အတွေးစ ဆိုတာ ပိုပြီးတော့ အတွေးတွေကို ထွက်စေပါတယ်။

ကျွန်တော် စာပေဟောပြောပွဲက အကြောင်းတွေကို ဟောပါ့မယ်။ ဓါတ်ပုံတွေ ၊ အသံဖိုင်တွေ ၊ ဗီဒီယို ဖိုင်တွေက သူငယ်ချင်း ကိုကိုမောင့်ဆီမှာ ပါသွားလို့ ၊ ပြီးတော့ သူက မအားသူဆိုတော့ ကျွန်တော်လည်း သူ့ကို စောင့်နေရင်း စာပေဟောပြောပွဲက စာလေးတွေကို ပြန်ပြီး အချက်ထုတ်နေရင်း စောင့်နေလို့ပါ။

အခုတော့ အကြမ်းဖျဉ်း ရေးလိုက်တာပါ။ ( ဒီနေ့ ကျွန်တော် စက်ကို ကလိနေတာ စက်က Browser တွေ တစ်ခုမှ သုံးမရတော့လို့ စာမရေးလိုက်ရဘူး။ အခုမှပဲ ရတော့တယ်.ဟူး.......တော်ပါသေးရဲ့။ ကလိတာ မကောင်းဘူးဗျို့။ )


ကိုဇော်



.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

sanlinn said...

ဟုတ်တယ်..
ကျွန်တော်တက်တဲ့ ပွဲတုန်းကလည်း ဒီအတိုင်းပါပဲ။

ဆရာမ ဂျူး ဟောတော့ ထူးခြားမှုလေးတွေက ပရိတ်သတ်တွေ မျက်ခွံ့ခဲစွဲခံထားရသလိုပဲ...။

အဲဒါနဲ့ ကျနော့်သူငယ်ချင်း စာသမားတစ်ယောက်က ကျနော့်ကို ဘယ်လိုပြောတယ်မှတ်သလဲ...။

သူတို့က တကယ်စာပေသမားတွေမှမဟုတ်ဘဲကွာ...
ငါတို့ကတော့ အဲလို ငိုက်ချိန်တောင်မရလိုက်ဘူး... စာပေသမားဆိုတာ ဘာညာမရွေးရဘူးကွ... ငါက စာပေသမားလို အပြည့်အဝကျင့်သုံးတယ်တဲ့။
ကျွန်တော်တော့ ပြံးရယ်မိသေးတယ်။

ဟောပြောပွဲက အကြောင်းတွေကို အသေးစိတ် အချက်ကျကျ ပြန်ရေးနိုင်တာ လေးစားလောက်ပါတယ်။

ခင်မင်လေးစားလျက်
စံလင်းထွန်း