မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 January 2010

0 ပြိုင်မြင်းတို့ရဲ့ ခွာသံများ ( မဖတ်မဖြစ် ဖတ်ရမဲ့ စာအုပ် )


ပြိုင်မြင်းတို့ရဲ့ ခွာသံများ ( မဖတ်မဖြစ် ဖတ်ရမဲ့ စာအုပ် )



စာအုပ်လေး တစ်အုပ်ရှိသည်။ မြန်မာလို ရေးထားတာပဲ ဖြစ်သည်။ သို့သော် သူ့ထဲမှာ အင်္ဂလိပ်လို မပါမဖြစ်သော စကားလုံးလေးတွေတော့ပါသည်။ ထိုစကားလုံးတွေကလည်း ကျွန်တော် ညွှန်းဆိုပြထားသလို တကယ်ကို မပါမဖြစ်မို့သာ ထည့်ထားခြင်း ဖြစ်ပါသည်။

ထို စာအုပ်လေး နာမည်က “ ပြိုင်မြင်းတို့ရဲ့ ခွာသံ “ တဲ့။ ဝတ္ထု မဟုတ်ပါ။ ဒါကြောင့် ပျော်စရာကောင်းသော မင်းသား ၊ မင်းသမီး ဆိုတာ ဇာတ်ကောင်တွေ တွေ့ရလိမ့်မည်လည်း မဟုတ်ပါ။ သို့သော် ထိုမင်းသား ၊ မင်းသမီးများဖြင့် သင်ကိုယ်တိုင် ဇာတ်လမ်းလေး တစ်ပုဒ်ရေးတော့မည် ဆိုရင် ဒီစာအုပ်လေးကို မဖတ်မဖြစ် ဖတ်ထားသင့်သည် ဟု ကျွန်တော် ယုံကြည်ပါသည်။

စာမရေးဘူး ၊ ကျွန်တော် / ကျွန်မ က စာဖတ်ရုံပဲ ဆိုရင်လည်း ဒီစာအုပ်လေးကို ဖတ်ကို ဖတ်ထားသင့်သည်။ ဘာလို့လဲဆိုတော့ တချို့ စာရေးသူ ၊ ကဗျာဆရာများက လူတွေ သဘောပေါက် နားမလည်နိုင်သော ကဗျာများ ၊ စာများကို ရေးကြသည်။ ဥပမာ - ကျွန်တော့်ကို ပေးဖတ်သည် ဆိုပါစို့။ ကျွန်တော်က “ နားမလည်ဘူးဗျာ ” ဆိုတော့ သူတို့က “ အေး..ဟုတ်တယ်။ ငါ့ကဗျာက တော်ရုံတန်ရုံ လူ နားမလည်ဘူးကွ ။ ဒါက အဆင့်မြင့်တယ် ၊ ပို့စ်မော်ဒန်..။ ” တဲ့။ ဒီတော့ ပို့စ်မော်ဒန် နဲ့ ဘာမှ မသိသော ကျွန်တော့်မှာ ပိနေပါတယ်။

ကဲ. . တော်တော်ရုံတန်ရုံ လူ နားမလည်တာနဲ့ပဲ ဒါကို ပို့စ်မော်ဒန် ကဗျာ ၊ စာ ဆိုပြီး ခေါင်းစဉ် တပ်လိုက်တယ်။ ဒါဆို “ ပို့စ်မော်ဒန် ကဗျာ ၊ စာ ဆိုတာ လူနားမလည်တဲ့ ကဗျာ ၊ စာ လား။ ” ဒီလို ပြောပြီးတော့ ကျွန်တော် ပို့စ်မော်ဒန် ကဗျာ ၊ စာ သမားများရဲ့ မေတ္တာကို မခံယူလိုပါ။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်ပါတော့တယ်။

ကျွန်တော်တို့ ငယ်ငယ်က က - ကလေးငယ် ချစ်စဖွယ် ၊ ခ - ခရေကုန်း မလေးပြုံး ဆိုသော ကဗျာ မပီ ၊ စာမညီ များကို အော်ဟစ် သီဆိုပြီး ပျော်ခဲ့ကြသည်။ အခု ခေတ်မှာတော့ ဒီစာသားလေးများကို “ ဟစ်ဟေ့ ( Hip Hop ) ” လို့ ခေါ်ဝေါ်သော သံစဉ်များဖြင့် အော်ဟစ် မြူးကြွကြသည်။ သူ့ခေတ်နဲ့ သူအခါ ပျော်ကြပါသည်။ ( ဒီမှာလည်း ခက်နေတတ်တဲ့ ကျွန်တော်က Hit Hot လို့ပဲ ခဏခဏ ရေးမိသည်။ )

ကျွန်တော်တို့ကရော ငယ်ငယ်က စိုင်းထီးဆိုင် သီချင်းနဲ့ ညဘက်ဆိုရင် သာနေတဲ့ လမင်းကြီးကို အိမ်အပေါ်ထပ် ပြူတင်းပေါက်က ငေးရင်း စိတ်ကူးယဉ် သီဆိုခဲ့သည်။ ( ချစ်သူ ၊ ရည်းစားလည်း ရှိ၍ မဟုတ်။ )

ထို့နောက် ဇော်ဝင်းထွဋ် ပေါ်လာသည်။ “ ရန်များကို ကိုယ်ရှင်းမည်။ ” တဲ့။ အော်သည် ဟစ်သည် ခုန်ပေါက်သည် ။ ဒီတော့ ကျွန်တော်တို့ အရွယ်ရောက်လာတော့ ကျွန်တော် တို့လည်း သူတို့နဲ့ အတူတူ အော်သည် ဟစ်သည် ခုန်ပေါက်သည်။ ဘယ်သူ့ ရန်တွေကို ရှင်းချင်လို့မှလည်း မဟုတ်ပါ။ ကိုယ်ကလည်း မရှင်းပေးနိုင်သေး။

နောက်.. “ အလင်းရောင် ” ဆိုသော သီချင်းဖြင့် လေးဖြူ ပေါ်လာတယ်။ ကျွန်တော်တို့ ရင်ထဲမှာလည်း အလင်းရောင်တွေနဲ့ မှုန်ရီပျံနှံ့နေသည်။

ထိုနောက် ဟူး...ဝေးပြီ ဘေဘီ တဲ့ ။ အငဲ ။ ထိုနောက် နေဆယ်စင်း သီချင်းနဲ့ ဝိုင်ဝိုင်း ။ ဒီအချိန်မှာ ကျွန်တော်တို့ ရင်တွေ တော်တော် ပူနေလောက်ပြီ နေဆယ်စင်းတောင်ဆိုမှ ကိုး။ သို့သော် ကျွန်တော် အော်သည် ဟစ်သည် ပျော်သည်။ နောက်တော့ အော်ဟစ်ပေါက်ကွဲဆူညံ့သံနဲ့ “ ကျောက်စာများ ” ခွေနဲ့ အတူ “ မျိုးကြီး ” ပေါ်လာသည်။ ကျွန်တော်တို့ လည်း ကိုယ့်သမိုင်းကိုယ် ကျောက်ထက် အက္ခရာ တင်ကြသည်။

ထိုနောက်....ထိုနောက်....ထိုနောက်....ထွက်ပေါ်လာသော အဆိုတော်တွေ များလှပါသည်။ သို့သော် ခေတ်နဲ့ အတူ ဂီတ ရေးစီးကြောင်းက မရပ်။ ဆက်လက် ထွက်ခွာသွားကြသည်။ ဆက်လက် မောင်းနှင်ကြသည်။ ဆက်လက် ရွေ့လျားကြသည်။ ဆက်လက် ဖြတ်သန်းကြပါသည်။

ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းပါသည်။

စာပေ လောကကိုကျတော့ အရင်ရောက်နှင့်နေသော ၊ ရောက်ရှိ အခြေကျနေသော ဆရာ ၊ ဆရာကြီးများက ခြေကုတ်ယူကာ “ ကဗျာ ဆိုတာ ကာရံပါ ရမယ်။ ကာရံ မပါရင် စကားပြေပဲ။ ” ဆိုသော အသွားထက်ထက် ၊ စကား ဓါးတစ်လက်နဲ့ ခုတ်ပိုင်းပစ်ကြသည်။

“ မင်းလားကွ ။ မော်ဒန် ဝတ္ထုဆိုပြီး ဝတ္ထုဆိုတာ နိဒါန်း ၊ စာကိုယ် ၊ နိဂုံး ( အကြောင်းအရာ ၊ ဖြစ်စဉ် ၊ ဖြစ်ရပ် ၊ ဇာတ်သိမ်း ) ဒါမှ မပါရင် တောင်ရေး မြောက်ရေး အရူးရေးတာကွ။ ” ဆိုပြီး တိတိကျကျ တိုင်းထွာ သတ်မှတ်ထားပြီး ကျကျနန ထုပ်ပိုးပြုပြင်ထားသည့် “ ပေတံ ” အောက်မှာ ကျွန်တော်တို့ မော်ဒန်ဝတ္ထူသမားများ အလဲလဲ အကွဲကွဲ။

မော်ဒန် ကဗျာလေးတွေ ၊ မော်ဒန်ဝတ္ထုလေးတွေ ရေမျောကမ်းတင် ဘယ်သောင်ပြင်မှာ ဆိုက်ကပ်ရမှန်း မသိ။ ဒီကြားထဲ ကျွန်တော်ကိုယ်တိုင် အရင်က ကြုံခဲ့ဖူးပါတယ်။ “ ဒီလို ဝတ္ထုတွေ ထည့်မယ် ဆိုရင် မင်းတို့ တိုက်ကို ငါ့ဝတ္ထုတွေ မပို့တော့ဘူး။ ” ဟု ဆိုကာ မဂ္ဂဇင်းတိုက်ကို လည်ပင်းကို သူရဲ့ နာမည်ကျော်ကြားမှု ဆင်ခြေထောက်နဲ့ နင်းပါတယ်။ မဂ္ဂဇင်းတိုက်ခင်ဗျာမှာ ဖုတ်လိုက် ဖုတ်လိုက်။ ဒီတော့ ကလောင်သစ်လေးတွေက မော်ဒန်ဝါဒကို ဆုပ်ကိုင်ရင်း ရင်ထဲမှာ တဖြစ်တောက်တောက် ရှားမီးကျည်ခဲလေးတွေနဲ့ သူတို့စာတွေ သူတို့ မှတ်စုထဲမှာသာ များပြားလာခဲ့တယ်။

ဒီကြားထဲ သူလိုကိုယ်လို မော်ဒန် စိတ်ရှိသူ အချင်းချင်း ကူညီရိုင်းပင်းရင်း တစ်ယောက်စ ၊ နှစ်ယောက်စ စာလေးတွေ ခေါင်းထောင်လာပြီ ဆိုပါစို့ ။ “ ကဗျာ ဆိုတာ ကာရံပါရတယ် ၊ ကာရံ မပါရင် စကားပြေ ” “ ဝတ္ထုဆိုတာ အကြောင်းအရာ ၊ အဖြစ်အပျက် ၊ ဇာတ်အိမ် ရှိနေရမယ်။ မရှိရင် ဒါ အရူး ရေး ။ ” ဟု ဆိုကာ စင်ပေါ်မှ အသွားထက်သော ကလောင်မြားတံတွေနဲ့ ခက်ခက်ခဲခဲ ကုတ်ကပ် တွယ်တတ်လာခဲ့ရတဲ့ သူတွေကို စာပေ တောင်ထိပ်ကနေ စီးပစ်တယ်။ အားက ပြတ်ပြတ် ၊ အလူးအလဲ ၊ အကွဲအပြဲ နဲ့ စင်ပေါ်ကနေ အောင်နိုင်သူတွေရဲ့ မြားခ ခဲ့ကြသူတွေ မနည်းပါ။

ဒီလို အဖြစ်အပျက်တွေကို တွန်းထိုးတိုက်ခိုက်ပြီး မော်ဒန်ဝတ္ထုတွေကို တစိုက်မက်မက် ရေးလာခဲ့သော လူငယ်တစ်ယောက်ရဲ့ စာပေ လေ့လာ ဖြေရှင်းမှု ဆောင်းပါး ပေါင်းချုပ် စာအုပ်လေးပါ။ သူ့ကိုတော့ အားလုံး သိကြတဲ့ နာမည်အတိုင်းပါပဲ “ တာရာမင်းဝေ ” လို့ခေါ်တယ်။

ဒီစာအုပ်လေးကို ရေးရသော အကြောင်းကတော စာအုပ်ထဲမှာလည်း ဆရာ တာရာမင်းဝေက ညွှန်းထားပါသည်။ မော်ဒန် ဝတ္ထုတွေကို သုတ်သင်ပြီး ရေးသားထားသော ဆရာ တက္ကသိုလ် ဘုန်းနိုင် ၏ ဝေဖန်ရေးဆောင်းပါးများ ထွက်လာအပြီးမှာ ဆရာ တာရာမင်းဝေက ဒီစာများကို ဆောင်းပါ အနေနဲ့ ရေးပါတယ်။ နောက်တော့ စာအုပ်အနေနဲ့ ဒီစာအုပ် ထွက်လာပါတော့တယ်။

ဒီစာအုပ် ထွက်လာတော့ ဘာဖြစ်ပါသလဲ။ ကျွန်တော် ပြောနေကြ အတိုင်းပြောရရင် “ မကြည်တင် အကြော်ဝယ်စားသလိုပါပဲ။ ” လို့ ပြောရမှာပါ။ အဲ...မကြည်တင်က ဘယ်လို အကြော်ဝယ်စားလို့လဲ။ ဒီလိုပါ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ မကြည်တင် ဆိုတာ ရှိတယ်။ ဒါပေမဲ့ သူက အကြော်ဆိုင်က မထွေးညို နဲ့ မတည့်ဘူးဗျ။ ဒါပေမဲ့ မထွေးညိုရောင်းတဲ့ အကြော်တွေက အရမ်းကောင်းတယ်။ ဒီနား ပတ်ဝန်းကျင်က အကြော်တွေ တစ်ဆိုင်မှ မမှီဘူး။ ဒီတော့ မကြည်တင် က မထွေးညို အကြော်လည်း စားချင်တယ်။ သူနဲ့လည်း မတည်လေတော့ သူ့ရဲ့ ကလေးကို မထွေးညို ဆီက အကြော်ဝယ်ခိုင်းတယ်။ “ ဟဲ့..ဟဲ့ ငါ ဝယ်ခိုင်းတယ် ဆိုတာလည်း မသိစေနဲ့နော်.။ ကိုယ့်ဖာသာ ဝယ်သလို ဝယ်လာခဲ့။ ” ဆိုပဲ။ ဝယ်လာပြီး အိမ်ရောက်မှ သူက စားတယ်။

အခုလည်း ဒီလိုပါပဲ။ ဆရာ တာရာမင်းဝေ ရဲ့ အခု ပြိုင်မြင်းတို့ရဲ့ ခွာသံများ စာအုပ်လေးလည်း ထွက်လာရော စာပေ သမားတွေ ၊ စာရေးဆရာ တွေက မကြည်တင် အကြော်ဝယ်စားသလိုပါပဲဗျ. သူတို့ ဘယ်တော့မှ မဝယ်ဘူး။ သူများကပဲ တဆင့်ဝယ်ခိုင်းတယ်။ ဒါနဲ့ပါပဲ.....ဒါနဲ့ပါပဲ...ဒီစာအုပ်လေးက ထွက်ပြီးပြီးချင်း ဆိုရလောက်အောင် ကုန်သွားတယ်။ ဒါကြောင်း အကြိမ်ရေ နဲ့ထပ်ခါ ထပ်ခါ ပုံနှိပ် ထုတ်ဝေခဲ့ရတဲ့ စာအုပ်လေးပါ။ မည်သူမဆို အားလုံးတော့ ဖတ်စေချင်ပါတယ်။

ကျွန်တော်က စာအုပ်မျိုးစုံ ဖတ်သူပါ။ ဆရာဘုန်းနိုင် စာအုပ်တွေ ဖတ်သလို ၊ ဆရာတာရာမင်းဝေ စာအုပ်တွေလည်း ဖတ်ပါတယ်။ ဒါတင်ပဲလား ။ မဟုတ်ဘူးဗျာ။ သမိန်ပေါသွပ်လည်း ဖတ်သလို ၊ တွတ်ပီလည်း လက်မလွှတ်ခဲ့ပါဘူး။ ဘိုဘို စာအုပ်တွေလည်း ဖတ်ပါတယ်။ ဒါပေမဲ့ စာပေနဲ့ ပတ်သတ်လာရင် တစ်ခုသော လမ်းကို ရွေးပါ ဆိုရင် အားနည်းရာကို အားပေးတတ်တဲ့ ကျွန်တော် စိတ်သဏ္ဍာန် ဝိညာဉ်နဲ့ စွဲကပ်နေသော ဆန္ဒတွေ အရ ကျွန်တော် မော်ဒန် စာပေ ဘက်က လက်ခုတ်တီးမိမှာပါ။

သူတို့ နှစ်ဖက် စီးချင်းထိုးကြပြီ ဆိုပါစို့ ။ ငါတို့က ရိုးရာ အရ ပုဂံခေတ်က စစ်ဝတ်တန်ဆာတွေနဲ့ စစ်ဆင်မယ်။ မင်းတို့က မော်ဒန် သမားတွေဆိုတော့ ကျွတ်ကျွတ်အိတ်ကို ခေါင်းကစွပ် လို့ ပြောလည်း ကျွန်တော် ကျန်ကျောင်းတော့ မဟုတ်ဘူး ၊ ဂျင်ဆန်းမီ လည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ဒီဝတ်စုံကို ရွေးပါ့မယ်။ အခုလည်း ဆရာ တာရာမင်းဝေက မော်ဒန်ကဗျာ ၊ မော်ဒန် စာပေ အကြောင်းကို ပြောပြထားတာပါ။ ( ရှင်းပြတယ်လို့တော့ ကျွန်တော် အတတ်မပြောရဲပါ။ )

ဒီမှာ ဆရာ တာရာမင်းဝေ က မင်းသား မန္တလေး သိန်းဇော် ရဲ့ ကဗျာလေး တစ်ပုဒ်ကို ဥပမာပေးတယ်။ ကဗျာလေးက ဒီလို...။

ရှုမျှော်ခင်း

အဆုံးအစ မရှိအောင် ကျယ်ဝန်းလှတဲ့ အမှားထဲ
တိမ်တွေက လှလိုက်တာ

ကိုယ် တရားနဲ့ ဖြေရတယ်။


မောင်သိန်းဇော်


ဒီ မောင်သိန်းဇော် ဆိုတာ ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် ဆိုတဲ့ ကိုသိန်းဇော် ပါပဲ။ သူကဗျာတွေလည်းကလည်း တန်ဖိုးရှိလှပါတယ်။ ဘာလို့လဲ ဆိုတော့ မော်ဒန် စစ်လို့ပါပဲ။ ( ဒီနေရာမှာ ပို့စ်မော်ဒန် ဆိုတာကြီးကို ကျွန်တော် သဘောကို မပေါက်တာ။ လက်ရှိတောင်မှ အဆင်မပြေနေသေးတာကို။ သူတို့က အဖြစ်သေးတဲ့ ဟိုးအရင်ကို ကြိုစပ်တာတဲ့။ ကျွန်တော် ဦးနှောက် ပိန်းနေတာပဲ ဖြစ်မှာပါ။ )

ဒီစာအုပ်လေးမှာ နောက်ထပ် ထူးခြားချက် တစ်ခုက “ ဝေဖန်မှု ” ။ ဝေဖန်ရေး ဆိုတာကို ကျွန်တော် ဘယ်လိုမှ နားလည်လို့ မရပါ။ ဝေဖန်မှု ဆိုတာ ကောင်းကျိုးကို ပေးတယ်တဲ့။ ဟုတ်ရဲ့လား။ ကျွန်တော်ကတော့ မထင်ပါ။ ဝေဖန်မှု ဆိုတာ အကျိုးလိုလို့ ပြောကြားသော စကားမဟုတ်ပါ။ ဝေဖန်တယ် ဆိုတာ အားလုံးလည်း ကြားဖုးပြီးသား ပုံပြင်လေးလို “ သားအဖ နှစ်ယောက်နဲ့ မြင်းတစ်ကောင် ” ပုံပြင်လေးလို ထ ထပြန်ပြီ ၊ ထိုင် ထိုင်ပြန်ပြီ ၊ ကုန်း ကုန်းပြန်ပြီ ၊ သွား သွားပြန်ပြီ ၊ အိပ် အိပ်ပြန်ပြီ ၊ စား စားပြန်ပြီ။ ကြာတော့ဗျာ လူက ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။

အခုတော့ ဆရာ တက္ကသိုလ် ဘုန်းနိုင် ရဲ့ မော်ဒန် စာပေ လောက အပေါ် ဝေဖန်မှု တွေကို ဆရာ တာရာမင်းဝေက “ ဆရာကရော ဘယ်လိုတွေ ရေးနေတာပဲလေ။ ဆရာ က မော်ဒန် ဆိုတာကို သိလို့လား ၊ မော်ဒန်ဆိုတာရော ရေးဖူးလို့လား ။ ” အစ ရှိသဖြင့် ပြန်လည် မဝေဖန်ပဲနဲ့။ ဆရာ တာရာမင်းဝေ လုပ်သွားတာကတော့ မော်ဒန် ဆိုသော သဘောသဘာဝ ၊ မော်ဒန် ဖြစ်တည်လာမှု ၊ သမားရိုးကျရဲ့ သဘောသဘာဝ ၊ ဒီနှစ်ခုရဲ့ ဖြစ်တည်မှု စတာတွေပဲ ဖြေရှင်းပြပြီး ပြန်လည်ဝေဖန်မှု မလုပ်သွားခဲ့တာပါပဲ။

ဝေဖန်တယ် ဆိုတာ ကောင်းရာကို ညွှန်ပြတယ် လို့ဆိုပြီး လက်ခံထားသူတွေကို ကျွန်တော် တစ်ခုတော့ အကြံပေးချင်တယ်။ ကိုယ်မွေးလာတဲ့ သားသမီးပေါ့ဗျာ.၊ (ကျွန်တော် ထပ်ပြောပါ့မယ်.) ကိုယ်ကိုယ်တိုင် မွေးလာတဲ့ သားသမီးကျရင် ဒီလိုတွေ ထိုင်ပြီး ဝေဖန်ပေးပါ။ “ ဟဲ့ ထ ပြန်ပြီ ၊ စားပြန်ပြီ ၊ အိပ်ပြန်ပြီ ၊ သွားပြန်ပြီ ၊ ကစားပြန်ပြီ။ ” လုပ်ကြည့်ပေးပါ။

သို့သော် ထို ကလေးအတွက် ကျွန်တော် အလွန် ရင်လေးမိပါသည်။ ထိုကြောင့် အခုလို ဝေဖန်ရေးသမား ဆိုသူတွေကို ကျွန်တော် ခပ်ရှင်းရှင်း သရုပ်ခွဲကြည့်ရလျှင် သူတို့နဲ့ဘာမှ မပတ်သတ်သော သူ ၊ ဘာမှ မဆိုင်တဲ့ သူမို့လို့ ဝေဖန်တာလို့ပဲ မြင်မိပါတော့တယ်။ အင်းလေ.. ကိုယ့်သားသမီး ဆိုတာ ဝေးပါသေးတယ်။ အိမ်က အမေ ကို တစ်ရက်လောက်ပါပဲ။ ဘေးကနေ ထိုင်ကြည့်နေပြီး ဝေဖန်ကြည့်ပါဦး။ (အဲ..ကျန်တာ ကျွန်တော်နဲ့မဆိုင်ဘူးနော်။ )

အခု ဆရာ တာရာမင်းဝေကတော့ ဝေဖန်မှု ကို ဒါကတော့ ဒီလို အကြောင်းလေးတွေဗျ ဆိုပြီးပဲ တင်ပြထားပါတယ်။ သူရေးထားတာတွေ အားလုံးမှာ ကျွန်တော်တို့နဲ့ လုံးဝ အပ်စပ်နေပါပြီလို့တော့ ကျွန်တော် မပြောပါ။ မော်ဒန် ၊ မော်ဒန် ၊ မော်ဒန် .....၊ ပို့စ်မော်ဒန် ဆိုပြီး အော်ဟစ်နေသူများကို ဒီစာအုပ်လေးတော့ အရင် ဖတ်ကြည့်ကြပါလို့ပဲ တောင်းဆိုချင်ပါတယ်။ ကျွန်တော်ကတော့ ဒီစာအုပ်လေးကို ဘယ်နှစ်ကြိမ်မှန်း မသိအောင် ဖတ်ခဲ့မိပြီးပါပြီ။

သို့သော် တစ်ခါဖတ်တိုင်း တစ်နေရာရာမှာ “ ဟာ.ခနဲ့ ” ၊ “ ဟင် ခနဲ့ ” အမြင်သစ်တွေ ရစေပါတယ်။ အခုလည်း ဖတ်ဆဲ ၊ နောင်လည်း ဖတ်မိနေဆဲ ဖြစ်နေဦးမှာပါ။ ကျွန်တော်အတွက်တော့ လိုတရ စေသော စာအုပ်တစ်အုပ် မဖြစ်နိုင်ပေမဲ့ အမြင်သစ်တွေ တော်တော်များများ ဖွင့်လှစ်ပေးနိုင်တဲ့ စာအုပ်လို့ ဆိုရပါလိမ့်မယ်။

ဒီလို ပြောနေလို့ ကျွန်တော် ဆရာ တာရာမင်းဝေ ရေးသမျှ “ မြင်သမျှ တွေ့သမျှ အားလုံး သဘောကျ ” ဆိုပြီး နှစ်သက်နေတယ် လို့တော့ မထင်ပါနဲ့။ ကျွန်တော် ဆရာ တာရာမင်းဝေ ရေးသားသော “ အရှေ့မြို့ရိုးမှ မိုးစက်ပွင့်များ ” စာအုပ်ကို ဖတ်ပြီးတော့ ဆရာ တာရာမင်းဝေ ဆိုလိုသော အကြောင်းအရာကို သဘောပေါက်မိပါတယ်။

အဲဒီအချိန်က သုတစွယ်စုံကလည်း လက်မလွှတ်တမ်းဖတ်နေတော့ လူတွေက ဖြစ်ချင်ဇောများလာရင် ၊ စိတ်ထဲမှာ အရမ်းထက်သန်လာရင် ကိုယ့်ဖာသာ အလိုလို မီးလောင်ကျွမ်းနိုင်တယ် ဆိုတာ ဖတ်ဖူးထားတော့ ဆရာ တာရာမင်းဝေရဲ့ ဆိုလိုရင်းကို သဘောပေါက်မိပါတယ်။ ဒါပေမဲ့ စာရေးသူ တစ်ယောက် အနေနဲ့ ဒီလောက်တော့ မမိုက်မဲ သင့်ဘူး ဆိုပြီး ဒီနောက်ပိုင်း ဆရာ တာရာမင်းဝေ စာအုပ်တွေ ကျွန်တော် မဖတ်ပဲ ရပ်ထားခဲ့သေးတယ်။

နောက်တော့ “ လရောင်ကို ပန်၍ ညဦးယံ၌လည်း မွှေးမြဖြူစင်နိုင်ပါစေ ” ဆိုတဲ့ စာအုပ်လေးကို ပြန်ဖတ်မိပြီးမှ ကျွန်တော် ဆရာ တာရာမင်းဝေ စာအုပ်တွေ ပြန်ရှာ ဖတ်ဖြစ်ခဲ့တယ်။ ဒီတော့မှ ဆရာ တာရာမင်းဝေကလည်း “ အရှေ့မြို့ရိုးမှ မိုးစက်ပွင့်များ ” ထုတ်ပြီးတော့ သူ့ဆီကို ဝေဖန်စာတွေနဲ့ စာဖတ်သူများရဲ့ အားပေးမှု ကို သိလိုက်ရလို့ သူလည်း အကြောင်းအရာနဲ့ တင်ပြပုံ ပြောင်းရေးတယ် လို့ သိလိုက်ရပါတယ်။ ဒီတော့မှ ဆရာ တာရာမင်းဝေ စာအုပ်တွေက သာမာန်လူတွေရော ဖတ်ပျော် ရှုပျော်ဖြစ်တော့တာပါပဲ။

ကျွန်တော် ဒီစာအုပ်လေးကို အညွှန်းရေးနေတာ တော်တော် ရှည်နေမိပြီ။ ဒီတော့ ကိုယ်တိုင်ပဲ ဖတ်ကြည့်ပါတော့လို့ပဲ ကျွန်တော် ပြောချင်ပါတော့တယ်။ ကျွန်တော်ကတော့ဗျာ ဒီစာအုပ်လေးကို ဖြစ်နိုင်ရင်ပေါ့လေ ( ကျွန်တော် ရင်ထဲက စိတ်ကူးလေး ပြောပြတာပါ။ ) မူပိုင်တောင်မှ ဝယ်ထားချင်တာ။ ပြီးရင် ကျွန်တော့်ဖာသာ ထုတ်မယ်။ မောင်ပိုင်စီးဖို့တော့ မဟုတ်ပါ။

စာပေရေးဖို့ အပျံသင်သူများကို “ ရော့..ဖတ် ၊ မဖတ်မနေရ ။ ” ဆိုပြီး အတင်းပေးဖတ်ချင်လို့ပါ။ ဝယ်မယ် ဆိုရင် သူတို့ ဈေးမတတ်နိုင်မှာလည်းစိုးတယ်။ ဒါပေမဲ့ ပေါ့လေ။ စာပေ ဝါသနာ ပါသူတွေဆိုတာက မစားနဲ့ ဆို မစားဘူးဗျ။ စာအုပ်တော့ ဖြစ်အောင် ဝယ်ကြတယ်။

ကဲ...လျှာကလည်း တော်တော် ရှည်မိပါတယ်။ အညွှန်းရေးတာ ဒီလောက်တောင်မှ ရှည်ရလား။ ကဲဗျာ...တိုက်ရိုက်ဖတ်ချင်တဲ့ စာဖတ်သူတွေက ဒီနေရာ ကို နှိပ်ပြီး ဖတ်ပါ။ ပြီးရင် ကူးသိမ်းလိုရင်လည်း Save လိုက်ပေါ့ဗျာ။

မူရင်းစာအုပ်ကို ဝယ်ဖတ်ခြင်းဖြင့် စာပေသမိုင်းကို ကူညီပါ။

ကိုဇော် တင်ပြသည်။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: