မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 December 2009

8 အိပ်မက်ရစ်သမ်

ကျွန်တော်စိတ်ကူးထဲမှာ ချစ်သူတစ်ယောက်ရှိတယ် ။ သူ့နာမည်က “ ထာဝရ ” တဲ့။ ဘယ်သူဘာပြောပြော သူနဲ့ ကျွန်တော်ဟာ အရမ်းချစ်ခဲ့ပြီး ၊ အရမ်းလည်း လွမ်းခဲ့ကြဖူးပါတယ်။ အခုလည်း ဘယ်သူဘာတွေပြောပြော ကျွန်တော် သူ့အတွက် ကဗျာလေးရေးမိတယ်။ ကဗျာလေး နာမည်က “ အိပ်မက်ရစ်သမ် ” တ့။ဲ

“ အိပ်မက်ရစ်သမ် ”
(ဝ)
ငါ့ရင်ဘတ်မှာ
တစ်ခုပဲ ရှိတယ်. . .။

“ ထာဝရ ”
တဲ့. . ။

ဒါဟာ ငါ့ကဗျာ တစ်ပုဒ်ပေါ့. . .။


ငါ့ဖာသာ ကိုယ်ပိုင်သံစဉ်
တစ်ပုဒ်နဲ့
မရေမရာ
သီဆိုကခုန်ဖူးတဲ့

အိပ်မက်တစ်ခုအကြောင်းပေါ့. . .။


(၁)

သတိတရ ဆိုတာ

အသိမဲ့တဲ့ညရဲ့

အိပ်မက်တွေကို

အပိုင်စီးထားတယ်. . ။


ကြယ်ရောင်တွေ ကွေးကွေးကောက်ကောက်

ညရဲ့အိပ်မက်တချို့မှာမှ
ငါဟာ….
အတိတ်ကို ခပ်စိမ်းစိမ်းကြည့်နေမိသူလား..။


အနာဂတ်ဆိုတာ
အမိမဲ့သားလိုမျိုး

မုန့်ဖိုးလိုတိုင်း
ငိုနေရတာလား ။

ဒီလိုဆို
ဘဝတွေက
တော်တော်ခြားတယ်.။
တချို့ကလည်း

ခါးတယ်လို့ ပြောကြတယ်..။


ငါဟာ ဖြစ်ချင်ရာဖြစ်ဆိုပြီး

ငါ့အဘိဓါန်မှာတောင်မှ
နင့်နာမည်လေး သုံးလုံး

ခပ်ပြုံးပြုံးရေးချင်ခဲ့သူပါ..။


ဘယ်သူမှလည်း

သတ်ပုံပြင်ပေးစရာ မလိုဘူး.။

ဒါဟာ..
ငါ့အဘိဓါန်ဖြစ်သလို

ငါ့ သမိုင်းလည်း ဖြစ်တယ်..။

ငါ့ရာဇဝင်လို့ အမည်တွင်ချင်ရင်လည်းတွင်..။


(၂)

ဘယ်သူကြင်ကြင် ၊ မကြင်ကြင်

ချစ်ခြင်းဆိုတာ

သမုဒ္ဒရာတွေမှာလို
အနားသတ်တော့
ရှိနေလေရဲ့. . .။

ဝေမယ် ၊ ကြွေမယ်…ဆိုရင်လည်း

နင်ကြိုက်ရာရွေးပါ . . .၊

ပင်မြင့်ထက်မှာ

ပန်းအဖြစ်. .ဝေမှ မဟုတ်ဘူး. . .၊

မြေပြင်မှာလည်း
ပန်းတွေနဲ့ ဝေနိုင်ပါသေးတယ်.၊

တစ်ခုပဲ…တစ်ခုပဲ. . .တစ်ခုပါပဲ . . .

ခံစားတတ်ဖို့သာ. . .။

ငါ့ကလည်း ငါ့ဇာတာလေး
ကျောက်သင်ပုန်းပေါ်
ကျောက်တံလေးနဲ့

ခပ်ဆွေးဆွေး ပြန်စစ်မယ်ဆိုပြီး. . .

တတောက်တောက်ခေါက်

ငါတွက်ကြည့်တယ်. . .။

ဧပြီ ၁၀ ရက်မှာ
ငါ့ကို ဖွားတော့. . .

မိဿဖွားပါ. . .
အညတရဖွား မဟုတ်ပါဘူး. . .။


ဘယ်လိုပဲ ဆိုဆို

ငါဟာ တေလေတွေရဲ့
အိမ်အိုမှာလည်း

ငြိမ်သိမ်စွာ နေတတ်ခဲ့သူ. . .။
ဒါကြောင့်. . .

သူငယ်ချင်းတွေ ပြောပြောနေတဲ့

ဇရက်မင်းစည်းစိမ်နဲ့

ဝက်မင်းစည်စိမ်ဆိုတာတွေကို

တကယ်ကို နားမလည်နိုင်ခဲ့..။


(၃)

ဘဝဆိုတာ တိုတို

အရသာချိုချို

ရှာကြရအောင်..တဲ့ ၊

ဘယ်သူက ဘယ်သူ့ကို

ဘယ်လောက်ပေးပြီးပြီလဲ. . .။


ဟန်မဆောင်တတ်သူအတွက်

မျက်နှာဖုံးဆိုတာလည်း
အလကားပါပဲ. . .။
ငါ. . ထပ်ပြောမယ်. . .

“ ငါ မျက်နှာဖုံးတွေကို မုန်းတယ်.။ ”

မုသားဆိုတာ ဆေးဆိုရင်တောင်မှ

မလိမ်တတ်သူတွေအဖို့. .

သောက်ရခက်သော “ ဆေး. . .”


သူငယ်ချင်းတစ်ယောက်ပြောသလို

ဘဝဆိုတာ တိုက်ပွဲ. . .

ဒီတိုက်ပွဲမှာ လူတိုင်းက

စစ်အောင်နိုင်ချင်ကြတာချည်းပဲလား. . .။

စစ်တိုင်းမှာ အောင်အောင် ၊ ရှုံးရှုံး

ဘယ်သူတွေ ပြုံးနိုင်ကြလို့လဲ. . .။


စစ်ဖြတ်သန်းရာ ဒေသတွေမှာ

စစ်ရဲ့ ဒဏ်ရာတွေ ခံစားရစမြဲ..တဲ့. . .။

အချစ်ဖြတ်သန်းရာ ဒေသတွေမှာရော
. . .
. . . . . . . . . . . . . . . . . . . . . . . . . .
“ ဗျာ. . . အမေခေါ်နေပြီ . . ။” ဆိုပြီး
စကားစဖြတ်သွားမလား. . . ။

တွေးတယ် ၊ ငေးတယ် ၊ ဆွေးတယ်. . ဆိုတာ

ပြေးဝယ်လို့ မရပါဘူး. . .

သူ့ကို လွတ်လပ်ခွင့်တော့ ပေးလိုက်ပါ. . .။


(၄)
ဟိုးအရင် တစ်နေ့နေ့က . .

ရင်ခုန်သံတွေ
သန်မာမြန်ဆန်နေတုန်းကပေါ့. . .

သွေးသံရဲရဲ နေ့တွေမှာတောင်မှ

ငါဟာ. . .
နင့်နာမည်လေးကို
ဘယ်ဘက်ရင်ဘတ်ပေါ်မှာ

ရေးခဲ့ချင်သူ. . .။

နှလုံးသားနဲ့ နီးအောင်လေ. . ။

နေဝင်ကွယ်ပျောက်

တိမ်တောက်နေချိန်မှာတောင်မှ

ငါ့ရင်မှာခေါ်

နင့်ကို မျှော်တယ်. . .။


သူငယ်ချင်းတစ်ယောက်ကိုတော့

ခပ်တွေးတွေး ခပ်လေးလေးပြောဖူးတယ်. . .။

သူငယ်ချင်း အချင်းချင်း

မကြည့်ချင်တော့လောက်အောင် မုန်းချင်ရင်
ပိုက်ဆံ များများချေးလိုက်. . .

နောက်ပြီး “ သူပြန်မှ ဆပ်နိုင်ပါ့မလား ။ ” လို့. . .

မကြာခဏတွေးပေး. . .

ဒါဟာ “ သံသယ ” ကို
မွေးပေးတယ်လို့လည်း မည်တယ်. . ။


ဒါဆို သူကလည်း. . .

ဒီကောင်ဘာကောင်လဲ. .။
ငါ့ကို မယုံသလိုကြီး ဆိုပြီး

နင့်တို့ စိတ်ချင်း တီးကြလိမ့်မယ်. . .၊

ဒါ “ သံသယ ” အကျိုးပဲ.။

ကောင်းတယ်လို့တော့ . .
ငါ မပြောပါဘူး. . .။
စမ်းချင်ရင် နင့်သဘောလို့ပဲ

ငါပြောတာနော်. . .။

တကယ် စမ်းရင်တော့ ဒါ နင့်ဘဝပေါ့. . .။


ချစ်သူတွေမှာလည်း. .
“ သံသယ” ကို
ဘာနဲ့မှ ခဝါမချနိုင်ဘူး. . ။

တစ်ခုပဲ ရှိနေတယ်. . ။

နာကြည့်လိုက်လေ. . .
ခပ်မာမာလေးပေါ့..။

ဒါကို “ မာန ” လို့ ခေါ်တာလား. . .။


(၅)

ငါကလည်း ခက်တယ်. .။

ကဗျာရေးတာတောင်မှ

“ အမေကို လွမ်းတဲ့ ည

တစ်ရေးရသေးရဲ့. . .၊

ချစ်သူကို လွမ်းတဲ့ည

အိပ်မရခဲ့. . .။ ”

လို့
ရေးမိနေတဲ့ ကောင်. . .။

ဒါပေမဲ့. . .

လူတွေ ပြောသလို

သဲထဲ ရေသွန်ရင်

သဲမှာ အရာကျန်နေဦးမယ်. . ။
အခုက . . ရေထဲသဲသွန်လိုက်တာ. . .၊
ခဏပါကွာ. . .

နောက်တော့လည်း သူ့ဖာသာ ပျော်သွားမှာပါ. . .။


သူငယ်ချင်းတွေကတော့

နင့်အကြောင်းမေးကြပါတယ်. . .
ငါ. . မရယ်ပေမဲ့
ခပ်ကြွယ်ကြွယ်ပဲ ပြောလိုက်တယ်. . .။

“ ကြာတော့လည်း လွမ်းဖို့မေ့နေတယ်. .။ ”
လို့. . ။

ဒါပေမဲ့. . .
ငါ့ဖာသာ မေ့ ၊ မမေ့. . .
သူတို့ဝင်ကြည့်လို့ရတာမှ မဟုတ်တာ. . .။


တစ်ခုတော့ ရှိတယ်. . .။

တြိဂံရဲ့ အတွင်းထောင့် သုံးထောင့်
ပေါင်းလဒ်ကို ၁၈၀ ဒီဂရီလို့

ပြောကြတယ် မဟုတ်လား. . .။

ဟိုတလောကပဲ . . .

သချာင်္ပညာရှင်တစ်ယောက်က

သူရဲ့ သီအိုရီတွေကို
ထုတ်ပြီး တွက်ပြတာ. . .

ကြိဂံရဲ့ အတွင်းထောင့်
သုံးခု ပေါင်းလဒ်က

၁၈၀ ဒီဂရီထက် ကြီးနေတယ်. . .။


ဒီမှာ နောက်တစ်ယောက်ကလည်း
သူ့သီအိုရီတွေကို
ထုတ်တွက်ပြပြီး. .

တြိဂံရဲ့ အတွင်းထောင်သုံးခုပေါင်းလဒ်ကို
၁၈၀ ဒီဂရီထက် ငယ်ကြောင်း
ပြသွားပြန်တယ်. . .။


ဘယ်သူ့ကိုမှ သွားငြင်းလို့ မရဘူး . .

သူတို့ သီအိုရီတွေကလည်း
မှန်နေတယ်. .

နင်ကရော . . .

ကျောင်းက ဆရာမကို ငြင်းရဲလို့လား. . .။


၁၈၀ ဒီဂရီဆိုတာ
မျဉ်းဖြောင့် မဟုတ်လား. . .။


ဒီလိုပဲ. . .

ငါလည်း တစ်ခါတစ်လေ. . .

၁၈၀ ဒီဂရီပြည့်နေရဲ့သားနဲ့

မငြင်းရဲဘူး. . .။
အဲ. . . မငြင်းရက်တာ ဖြစ်မယ်. .

မှန်မှန် ၊ မှားမှားပေါ့. . .။


(၆)

သူငယ်ချင်းတစ်ယောက်က

မလှမပ ဥပမာတစ်ခုပေးဖူးတယ်. . ။

“ ကျကွဲဖူးတဲ့ ဖန်ခွက်တစ်ခုလိုပေါ့. . ။” တဲ့.။
ဘယ်လိုပဲ ပြန်ဆက်ဆက်

အကောင်းအတိုင်းမဖြစ်တော့ဘူးပေါ့တဲ့. . .။


ငါ မေးလိုက်ပါတယ်. . .။

မင်းက ဆက်ဖူးလို့လား. . .
ဆိုတော့
သူခေါင်းခါတယ်. . ။
“ မကောင်းနိုင်ပါဘူးဆိုမှ
လွှင့်ပစ်လိုက်တယ်လေ. .”
တဲ့. .။


ငါလေ. .

ဖန်ခွက်လေးကို သနားတယ်. . .
ငါဆိုရင် ရလိုရငြား ဆက်ကြည့်မိမှာ. . .။


နှလုံးသားသာ ကျကွဲသွားရင်
ပြန်ဆက်နိုင်မလား. . ။
အဲ. .
တစ်ခု သတိပေးမယ်နော်. .

အစအနတွေ အကုန်ပြန်ရဖို့တော့လိုတယ်. .။

နို့မို့ဆို . . . မပြည့်စုံနိုင်ဘူး. . .။

လွတ်တစ်ကွက် . .
ပြည့်တစ်ကွက်ဆိုတာက

ခေါင်းကွက်ကြားရိပ်ခံထားရတဲ့
လူလိုပဲ

ဘယ်လိုမှ ကြည့်မလှဘူး. . ။

ဒီလိုပုံနဲ့ ဘယ်သူက
အလှူကို သွားချင်မှာလဲ. .။

ဂတုံးတုံးလိုက်တာမှ အေးမယ်. . ။

သူငယ်ချင်းတစ်ယောက်ကလည်း

ငါ့ကို ဂရုဏာဒေါသော

ခပ်မောမော ပြောဖူးတယ်. . .

“ အသည်းကွဲ၍ မသေနိုင်ပါ..။”
တဲ့. . .

ငါ ဆက်ပြောလိုက်တယ်. . .
“ မသေပဲနဲ့ အသည်းကွဲနေသူသည် သေသူနဲ့ မခြား. . .။ ”
လို့. . .။

ဘာပဲ ပြောပြော တိမ်ညိုတွေနဲ့
ငါ. . . . . . . . . . . .။

(၇)

လူနှစ်ယောက် ခွဲခွာဖို့

အကောင်းဆုံးနေရာလေးက

ရထားဘူတာ နေရာလေးပေါ့. . .။

တစ်ယောက်ကလည်း ရထားပေါ်မှာ ပါသွားပြီ. . .

ဟိုးအဝေးကြီးကို. . .၊

တစ်ယောက်ကလည်း ရထားအောက်မှာ ကျန်ခဲ့ပြီ. . .

ဟိုးအဝေးကြီးမှာ . . .၊
အော်သံ ၊ ဟစ်သံ ၊ ဟွန်းသံ ၊ လူခေါ်သံတွေ မရှိတော့ . . .။

ငါလည်း. . .

ငါလည်း. . .

ငါလည်း. . .။

ငါလည်း. . .

နင့်ကို ပြင်းပြင်းရှရှ
သတိရတဲ့ အခါ. . .

အမှတ်တရ. . .

ဘူတာရုံမှာ တစ်ညလောက်တော့. . .

သွားလွမ်းပါရစေ. . .“ ထာဝရ ” ရယ်. . .။


လက်ခုပ်ဆိုတာ. . .

နှစ်ဖက်တီးမှ မြည်တယ် ဆိုပေမဲ့. . .
လွမ်းဖို့ကျတော့. . .

ငါ. .တစ်ယောက်တည်းလည်း ဖြစ်တယ်. . .။


အလွမ်းဆိုတာကလည်း ခက်တယ်. . .။

ဘာမြေသြဇာ ၊ နေရောင်ခြည်မရလည်း

အလိုလို ရှင်သန်နေနိုင်တာပါပဲလား. . .။

ပိုခက်တာက . . .
ကြာလာလေ ကြီးထွားလာလေလေ. . .။

ငါလေ. . .

တောတောင်ရိပ်တွေ အုပ်မှိုင်း
လွမ်းငွေ့တွေ သိုင်းမှ မဟုတ်ပါဘူး. . .

လူကူးမျဉ်းကြားပေါ်မှာလည်း
နင့်ကို လွမ်းတယ်. . .။


ဒီမှာ. . .
ငါ့ကို သတ်

ငါ့ရင်ကို ထိုးဖောက်

ငါ့နှလုံးသားကို ခွဲ

နင်တစ်ခုတော့ တွေ့ရလိမ့်မယ်. .။
“ ဝ ဝ ၁ ဝ ၇ ”

မဟုတ်ဘူး. . .မဟုတ်ဘူး. . .။
ဒါဂဏာန်းတွေ မဟုတ်ဘူး. . .။

နင့်နာမည်လေ. . .
“ ထာဝရ ” တဲ့. . .။

ထာဝရ ရေ. . .

ထာဝရ ရေ. . .

ထာဝရ ရေ. . .

လူသူကင်းမဲ့ရာမှ

နင့်နာမည် ငါ ခေါ်မိတာ

ဘာလို့ပါလဲ. . .။


(၈)

ငါတို့က

အတွေးတွေ တူ

စိတ်တွေ တူ

အချစ်တွေ တူ

အလွမ်းတွေ တူ နဲ့

အရာရာတူလာကြတာ. . .

အခု. . .

ဝေးကြတော့လည်း အတူတူပေါ့. . .။


နင်ပြောခဲ့ဖူးသလိုပေါ့. . .

သဲသောင်ပြင် ညနေခင်းမှာ

နေလုံးညိုညို
လေပြေးတွေနဲ့. . .
အခုတော့ . . .

ငါ. . .

ငါ. . .တစ်ယောက်တည်းပဲ
လမ်းလျှောက်နေဦးမယ်. .။


ဟိုတစ်နေ့က

ဘလော့လေးရေးနေရင်း

သတိရလာလို့ စာလေးတောင်မှ

နင့်အတွက် ရေးထားသေးတယ်. . .

“ ငါလွမ်းသလို မင်းလည်း လွမ်းမယ်ဆို

မင်းမှာ ခံနိုင်ရည်တောင်မှ ရှိပါ့မလား. . .။ ”

ဒါပေမဲ့. . . ငါ မမေးရက်ပါဘူး. .
“ ထာဝရ ”
ရယ်. .။


ဘဝခြားတာ မဟုတ်. .

ခဏခြားတာလည်း မဟုတ်တော့. .

ငါ့ဖာသာ ညတွေကို ထိုင်စားတယ်. . .။

(၉)
ဟင်း. . .
ဟင်း. . .
ဟင်း. . .

ငါ့သက်ပြင်းတွေက

ပင့်သက်လှိုက်မော

ငါ့ရဲ့ ရင်ကို

သက်ပြင်းနဲ့ပြောတယ်. .။


တစ်ခါတစ်လေ
အမှန်တရားဆိုတာ

ကိုယ့်နှုတ်ခမ်းကို ကိုယ်ကိုက်ပြီး

စကားပြောရသလိုပါပဲ. .

နားလည်ရတော်တော်ခက်တယ်. .။


ဖြစ်ချင်ရာသာ ဖြစ်ပါစေတော့
အချစ်ဆိုတာ

နင်းမိုင်းတစ်ခုလိုပါပဲ. .
ငါ. . .

ဆက်နင်းထားပါရစေ. .

တစ်သက်လုံးပေါ. . .။


ငါ နင့်အတွက်

ကဗျာလေးတစ်ပုဒ်ရေးဖူးတယ်. . .၊

သူငယ်ချင်းတွေကတော့ ပြောတယ်. .

ဒီလောက်ကြီးတော့ မကောင်းဘူးတဲ့. .၊
သူတို့အတွက် ဒီလောက်ပေမဲ့. .

ငါ့အတွက် တကယ်မလောက်ပါဘူးလေ.။


“ ချစ်သူရေ.... ”


မင်း...ထိုင်ဆို

ကိုယ်...မထ...။


မင်း...အိပ်ဆို
ကိုယ်...မနိုး...။

မင်း...ချစ်ဆို

ကိုယ်...မမုန်း...။


မင်း...လာဆို

ကိုယ်...မနေ...။


မင်း..သွားဆို

ကိုယ်..မရပ်..

ချစ်တတ်လို့ပါ...။ ။

ဒီလိုပါပဲ. . .

မိုးလင်းရင် Good morning လို့ နှုတ်ဆက်. .၊

တေးကလေးတွေ ဆို. . .၊

စာလေးတွေ ရှာဖတ်ပြီး. . .၊

နင့် . . .
ငါ့ကို . . .
မေ့ . . သွား . .မှာ . . ပါ. . .။
 

ကိုဇော်

မှတ်ချက်။ ။ လေးစားရသော ဆရာ တာရာမင်းဝေ ရဲ့ မီးတောက် ရစ်သမ် ကဗျာကို နှစ်သက်လွန်း၍ အားကျစွာဖြင့် ရေးထားခြင်း ဖြစ်ပါသည်။ 



ကိုဇော် ခံစားရေးသားသည်။


.

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဒီကဗျာ တည်ဆောက်ပုံက ဆရာတာရာမင်းဝေရဲ့ ကဗျာနဲ့ဆင်တယ်။
ဖတ်လို့ကောင်းပါတယ်။
ရင်တွင်းကဗျာဆိုပြီးရေးထားတာကတော့
ဆရာတာရာမင်းဝေရဲ့ ချစ်သူဆိုတာ ဆိုတဲ့ကဗျာ အလိုက်နဲ့တော်တော်လေးတူတယ်။ စာဖြတ်တောက်ပုံ၊သုံနှုန်းထားတဲ့အသုံးအနှုန်းမှာ သူငယ်ချင်းနဲ့ချစ်သူသာလွဲသွားတယ်။
ဆောရီးနော်။
ဆရာတာရာမင်းဝေပရိသတ်မို့မြင်တွေ့မိတာပြောမိသွားတယ်။

ကိုဇော် said...

ရင်တွင်းကဗျာ လို့ ကျနော် မရေးထားမိပေမဲ့ ဒီလို ခံစားမိသွားတဲ့ အတွက် ကျေးဇူးတင်မိပါတယ်။ ဒီကဗျာက ဆရာတာရာမင်းဝေ ကဗျာနဲ့ ဆင်တာ မဟုတ်ပါဘူး။ ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သံ ဆိုတဲ့ ကဗျာရှည်ကို ဖတ်မိပြီး အတုယူပြီးတော့ကို ရေးထားတာပါ။ ချစ်သူ ဆိုတဲ့ ကဗျာ မဟုတ်ပါဘူး။

ဆရာ တာရာမင်းဝေ ရဲ့ ပရိတ်သတ် ဆိုရင် မီးတောက် ရစ်သံကို ဖတ်ဖူးမှာပေါ့နော်။ ဒီအကြောင်းလည်း ကျနော် ပို့စ်တစ်ပုဒ်ရေးပြီး ရှင်းပြထားပြီးသားပါ။ ကျနော့် အမြဲတမ်း စာဖတ်သူတွေက သိပြီးသားပါ။ ဒီကဗျာက အတော်ကို ကြာခဲ့ပါပြီ။

ဆောရီးစရာ မလိုပါဘူးဗျာ။ ကိုယ့်ကဗျာကို ဒီလောက်တောင်မှ အချိန်ယူပြီး ဖတ်ပေးတဲ့ စာဖတ်သူပဲ။ လွဲတာလေးကိုတော့ ပြန်ပြီး ဖြေရှင်းပြတာပါ။ ကျေးဇူးပါပဲ။

Nyi Maung said...

ကျနော် လဲ မီးတောက်ရစ်သမ် နဲ့ ဆင်တယ်ပြောမလို့။ ဒါပေမဲ့ ကိုဇော် က ဒီလို ၀န်ခံထားတော့ ပြောအားရှိတာပေါ့။ မဟုတ်ရင် စော်ကားသလိုဖြစ်နေမှာ။

Unknown said...

@Anonymous

ထက်နေသွေး said...

ကမ္ဘကျော်မျက်လှည်.ဆရာကြီးဒေးဗစ်ကိုပါဖီးကိုတေ.ရင်ပြောပေးပါ။ကျွန်တော်သူ.အပေါ်ချစ်တဲ.အချစ်တွေပျေက်အောင်ဖျောက်နိုင်ရင်ကြိုက်ကြေးပေးမယ်လို. ကျွှ်ကမ္ဘာမှာဘုရား5ဆူပွင်.တယ်တဲ. နောက်ဘုရားတစ်ဆူပွင်.၇င်....... အရာအားလုံးပျက်သုဉ်းမယ်တဲ. ဒါပေမဲ.မပျက်ဘဲကျန်ခဲ.တာတစ်ခုရှိတာအဲဒါက မင်းကိုချစ်တဲ.အချစ်တွေဘဲ.........

Angelhlaing(May everybody be happy and healthy! said...

ရင်နဲ့ရေးလို့ ထင်ပါရဲ့အကို အနှစ်တွေပဲ ...
ဖတ်လို့ကောင်းလိုက်တာ ...

Unknown said...

မီးတောက်ရမ်သမ်နဲ့ တူမတူတော့ မသိဘူး ငြိမ်းခဲ့တာကြာပီဖြစ်တဲ့  ရင်ထဲကမီးတောက် ဟုန်းကနဲပြန်ထလာသလိုပဲ ကိုဇော်ရေ။အနုပညာမြောက်ပါတယ်။ကျေးဇူးပဲ bro !

Anonymous said...

ရှည်လိုက်တာဗျား)
ဖတ်သွားတယ် လူပြိုကြီးတိုဂျော်ရေ

း) မောင်ဘကြိုင်