မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 December 2009

1 စာတစ်ပုဒ်မွေးဖွားခြင်း (၄)




စာတစ်ပုဒ်ရေးဖို့ အချက်အလက်တွေလည်း ရပြီ ၊ ကိုယ်ကလည်း ရေးချင်နေပြီ ၊ အခုချက်ချင်းကို ချရေးတော့မယ် ဆိုရင် “ စာကို ဘယ်လို ပုံစံ ရေးရမလဲ။ ” လို့ ထပ်မေးတတ်ကြပါတယ်။ ဒီမှာတော့ “ ရေးချင်သလို ရေးလိုက်လေ . ။ ” လို့ ကျွန်တော် ပြောလို့မရတော့ပါ။

ဘာလို့လဲ ဆိုတော့ ကိုယ်ရေးတဲ့ စာ တခြားလူတစ်ယောက် စိတ်ထဲ ၊ မျက်လုံးထဲ ၊ အတွေးထဲ ၊ နှလုံးသားထဲမှာ ပေါ်လွင်ထင်ရှားနေစေဖို့ ရေးနည်းနှစ်မျိုးနဲ့ ရေးရပါတယ်။ ဒီရေးနည်း နှစ်မျိုးက အကြောင်းအရာ ၊ အရေးအသား ၊ သရုပ်ဖော် ဘာပဲ ဖြစ်ဖြစ် ဒီနှစ်နည်းနဲ့ပဲ ရေးရပါတယ်။

၁) ဖြေးညှင်းညင်သာစွာ ဆွဲဆောင်ရေးနည်း

၂)
သွက်သွက်လက်လက် ချပြရေးနည်း


လို့ အကြမ်းဖျဉ်း ( အကြမ်းမျဉ်း မဟုတ်ပါ။) မှတ်ထားလို့ရပါတယ်။



၁) ဖြေးညှင်းညင်သာစွာ ဆွဲဆောင်ရေးနည်း

ဒီရေးနည်းကတော့ လူတစ်ယောက် ဆွတ်ပျံ့ပြီး မိမိလိုရာ ရောက်အောင် ဝါကျရှည်ရှည်တွေနဲ့ ရေးသားတင်ပြတာပါ။

ဥပမာ- “ ဒီလို ဆောင်းရာသီဆိုရင် ကျွန်တော်သူ့ကို အလွန် သတိရမိတယ်။ သူနဲ့ အတူတူ လက်တွဲပြီး လမ်းလျှောက်သွားခဲ့ရာ နံနက်ခင်း နေထွက်ခါစ တက္ကသိုလ်ကျောင်းက လမ်းလေးတွေကို ပိုသတိရမိတယ်။ အခုတော့ ကျွန်တော် ဘေးနားမှာ သူမရှိတော့..သူအစား ငွေနှင်းမှုန်မှုန်တို့သာ ကျွန်တော့်ဘေးကို တဖွဲဖွဲကျနေတယ်။ ဒါပေမဲ့လည်း ကျွန်တော် ငွေနှင်းတို့ကို မမြင်မိ ၊ ကျွန်တော့်ဘေးမှာ သူရှိနေတယ် လို့ပဲ ထင်မိတယ်။ ”

အဲ....အဲသလို ဝါကျရှည်ရှည်တွေနဲ့ သရုပ်ဖော်ရေးရတယ်။ ဒါမှ ဖတ်သူမျက်လုံးထဲမှာ ဆွတ်ပျံ့ဖွယ်ဖြစ်ပြီး ပုံရိပ်တွေ ထင်ဟပ်လာစေတယ်။


၂) သွက်သွက်လက်လက် ချပြရေးနည်း

ဒီနည်းကတော့ မိမိတင်ပြလိုတဲ့ ပုံရပ်ကို ထင်းခနဲ့ ဖြစ်အောင် ရေးသား တင်ပြတာပါ။ အမြန် ၊ ခပ်သွက်သွက်နေရာတွေမှာ ရေးသားရပါတယ်။

အနီးစပ်ဆုံး ဥပမာပေးရမယ် ဆိုရင် ၁၀ တန်းတုန်းက သင်ခဲ့ရတဲ့ “ ဦးပေါင်းကျား နဲ့ မြင်းကျားရှင် ” မှာ သုံးထားတဲ့ စာသားလေးတွေကို ယူပြီး တင်ပြရမယ်။

“ ချင်းတုံခွာတုံပြု ”

“ ရှေ့ကပေါက်တုံ ၊ နောက်ကပေါက်တုံ ”

“ ကြောက်ရွံခြင်းပြင်း ”


ဒီစကားလုံးလေးတွေလို တိုတိုနဲ့ ထိထိကို သုံးလိုက်မှ စာဖတ်နေသူက မျက်လုံးထဲမှာ ခပ်သွက်သွက်လေး မြင်လာရတယ်ဗျ.။ ဒါကို အနှေးနည်းနဲ့ ရေးကြည့် ဘယ်လိုဖြစ်သွားမယ် ထင်လဲ။

“ သူတို့သည် မြင်းကို ကပ်ချည်တစ်ခါ ၊ ခွာချည်တစ်လှည့်လုပ်ကြသည်။ “

“ မြင်းဖြင့် အရှေ့မှ ခွာဖြင့်ပေါက်သကဲ့သို ပြု၍ လည်းကောင်း ၊ အနောက်မှ ခွာဖြင့်ပေါက်သကဲ့သို့ ပြု၍လည်းကောင်း မြင်းဖြင့် ကစားကြသည်။ ”


“ မင်းကြီးက ထိုသို့ ပြောလိုက်သော အခါမှ အမတ်ကြီးများလည်း လွန်စွာမှ ကြောက်ရွံခြင်း ဖြစ်ပေါ်သွားကြ လေတော့သည်။ ”

ဒီလိုတွေ ရေးရင် စာသားကြောင့် စာဖတ်သူ မျက်လုံးထဲမှာ ဘယ်လို ပေါ်နေလဲ ဆိုတော့ မြင်းနဲ့ သူတို့ မြင်းရေးကစားပြီး တောပုန်းကြီးကို ဖမ်းနေတာ ၊ တောပုန်းကြီးက သူတို့ကို ပြန်ပြီး မြင်းရေးကစားသွားတာကို ခပ်သွက်သွက် မြန်မြန်မပေါ်ပဲ။ မြန်မာကားတွေမှာ ပြသလို စလိုးမိုးရှင်း ( Slow Moving ) နဲ့ ပြသလိုကြီး ဖြစ်မနေဘူးလား။


ကျွန်တော် နောက်ထပ် ဥပမာ တစ်ခု ထပ်ရေးပြမယ်။

“ ဖမ်းမိထားတဲ့ ဘောလုံးကို အောင်အောင်ဦးက နောက်တန်းက ကျော်လင်းထွန်းကို ပစ်ပေးလိုက်တယ် ။ ကျော်လင်းထွန်းကနေ အလယ်တန်းက မင်းသူဆီ ပို့လိုက်တယ်။ မင်းသူ... မင်းသူဆွဲပြီး စိုးမြတ်မင်းနဲ့ တွဲကစားတယ် ၊ စိုးမြတ်မင်း မလွတ်ဘူးခင်ဗျ ၊ စိုးမင်းဦးကိုထိုးပေးတယ် ၊ စိုးမင်းဦးကနေ ရန်ပိုင် ၊ ရန်ပိုင် မနားတန်း ကန်တယ် ခင်ဗျား ၊ ဂိုးသမား ဒိုင်ဗင်ပစ်ပြီး ဖမ်းတယ်၊ မမိဘူး လွတ်သွားတယ် ၊ အောင်မလေးခင်ဗျာ ဘောလုံးဟာ ဂိုးဘားတန်းနဲ့ နည်းနည်းလေး ကပ်ပြီး ထွက်သွားတယ်ခင်ဗျာ။ ”

ဒီလို ဘောလုံးပွဲ ကြေငြာမှ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြန်မြန်ဆန်ဆန်မြင်ရမှာပေါ့။ ဒါကို ဒီနေရာမှာ ဝါကျရှည်တွေနဲ့ ရေးခဲ့မယ် ဆိုရင် စာဖတ်သူ အခု မျက်လုံးထဲ မြင်ကြည့်ဗျာ.။

“ အောင်အောင်ဦးပေါ့ခင်ဗျာ. ဖမ်းမိထားပါတဲ့ ဘောလုံးလေးကို ရင်ဝယ်မှာ ပိုက်ထားရာကနေ ဖြေးဖြေးချင်းထတယ် ခင်ဗျ ။ နောက်တော့ ဘောလုံးလေးကို ညာဘက်လက်နဲ့ အားယူပြီး သူရဲ့ အရှေ့အရပ်မှာ ရှိနေတဲ့ နောက်တန်းကစားသမား ကျော်လင်းထွန်းဆီကို ပစ်ပေးလိုက်တယ်ခင်ဗျာ။ ဘောလုံးလေးကလည်း ဘောလုံးဆိုတဲ့ အတိုင်း လိမ့်ကာ လိမ့်ကာနဲ့ ကျော်လင်းထွန်းဆီကို ရောက်သွားတယ်ခင်ဗျ။

ဒီမှာ ကျော်လင်းထွန်းက ဘောလုံးကို ညာခြေထောက်နဲ့ အသာလေးထိန်းပြီး ဟိုဟိုဒီဒီ ကြည့်တယ် ခင်ဗျာ။ ဘယ်ကို ပေးရင် ကောင်းမလဲလို့ပေါ့။
ပြီးတော့ နောက်ဆုံး မထူးပါဘူး ဆိုပြီး ဘယ်ဘက်မှာ ရှိနေတဲ့ နောက်တန်း ဘယ်ဝင်းကစားသမား မင်းသူ ဆီကို ဘောလုံးကို ထိုးပေးလိုက်တယ်။ ထိုးပေးတယ် ဆိုတာ လက်သီးနဲ့ မဟုတ်ပါဘူးခင်ဗျာ။ ခြေထောက်နဲ့ပါပဲ. မင်းသူဆီရောက်အောင် ကန်ပေးလိုက်တယ် လို့ပြောတာပါ။ မင်းသူက ရောက်လာတဲ့ ဘောလုံးကို သေချာ ကြည့်တယ် ခင်ဗျ။ ကိုင်ကြည့်တာ မဟုတ်ပါဘူး။ ကိုင်ကြည့်ရင် ပြဿနာ ဖြစ်မှာပေါ့ခင်ဗျာ။ သူ ဘယ်ကို ထပ်ပေးရင် ကောင်းမလဲလို့ ကြည့်တာပါ။ နောက်တော့ ရှေ့မှာ လွတ်နေတယ်လို့ ထင်တဲ့ စိုးမြတ်မင်းကို ကန်ပေးလိုက်တယ်။

စိုးမြတ်မင်းကလည်း သူ့ဆီရောက်လာတဲ့ ဘောလုံးကို ကြောက်တယ် ထင်တယ်။ ချက်ချင်းပဲ ပြန်ပြီး မင်းသူဆီကို ပြန်ပို့ပေးတယ်။
တကယ်တော့ စိုးမြတ်မင်း ကြောက်တာ မဟုတ်ဘူးခင်ဗျ။ ဘာများကြောက်စရာ လိုလည်းလေ ဘောလုံးက သူ့ကို မကိုက်နိုင်ပါဘူး။ သူ့ကို လူတွေ ကပ်ထားလို့ မလွတ်တာနဲ့ မင်းသူ ဆီကို ပြန်ကန်ပေးလိုက်တာပါ။ မင်းသူကလည်း သူ့ဆီရောက်လာတဲ့ ဘောလုံးကို ခဏပြန်ကြည့်ပြီး ( ဒီနေရာမှာ အထက်က ပြောခဲ့သလိုပါပဲ ကိုင်ကြည့်တာ မဟုတ်ပါဘူး။ ) ပြန်လွတ်သွားတဲ့ စိုးမြတ်မင်းကို ပြန်ပေးတယ်။

စိုးမြတ်မင်းပြန်လွတ်သွားတယ် ဆိုလို့ သူ့ကို ဘယ်သူမှ ကြိုးနဲ့ မတုပ်ထားပါဘူး ခင်ဗျာ.။ ပြောချင်တာက စိုးမြတ်မင်းကို အသေကပ်ထား သူတွေရဲ့ အလွတ်မှာ ပေးလိုက်တာကို ဆိုလိုတာပါ။ ဒီလို ပေးလိုက်တော့ စိုးမြတ်မင်းရသွားတယ် ခင်ဗျ။ ဒီတော့မှ စိုးမြတ်မင်းက ချက်ချင်း ဘောလုံးကို ညာဘက် ခြေထောက်နဲ့ ဆွဲယူပြီး လွတ်နေတဲ့ စိုးမင်းဦးဆီကို မရောက်ရောက်အောင် ကန်ပေးလိုက်တယ်ခင်ဗျ။
ဒီတော့ စိုးမင်းဦးက သူ့ဆီရောက်လာတဲ့ ဘောလုံးလေးကို ညာခြေထောက်လေးနဲ့ ခဏထိန်းထားပြီး အရှေ့ကို ကြည့်လိုက်တော့ ရန်ပိုင်က သူလွတ်နေတယ် လို့ဆိုပြီး လက်ထောင်ပြတယ် ခင်ဗျ။

လွတ်နေတယ် ဆိုလို့ အောက်စ လို့လည်း မထင်ပါနဲ့ခင်ဗျာ.၊ ဘောလုံးသမားတွေက ပုဆိုး မဝတ်ကြပါဘူး။ အားလုံး ဘောင်းဘီနဲ့ပါ။ ဒီတော့ ဘယ်လိုလုပ် အောက်စလွတ်မလဲ ၊ လွတ်မဲ့လွတ် အပေါ်စပဲ လွတ်မှာပေါ့။ အခုတော့ သူ့ကို ကပ်ထားမဲ့သူ မရှိဘူး လွတ်လွတ်လပ်လပ် ဖြစ်နေတယ်လို့ လက်ထောင်ပြတာပါ။
ဒီမှာ ဘောလုံးကို ငြိမ်အောင်ထိန်းထားတဲ့ စိုးမင်းဦးက ( ထိန်းတယ် ဆိုတာ ကလေးထိန်းသလို “ အိုအို အေးအေး ” ဆိုပြီး ထိန်းတာ မဟုတ်ပါဘူး။ ခြေထောက်နဲ့ ငြိမ်အောင် ဖမ်းထားတာကို ပြောတာပါ.။)

လွတ်နေတယ် ဆိုတဲ့ ရန်ပိုင်ဆီကို ဘောလုံးကို ထိုးပြီး ကန်ပေးလိုက်တာမှာ ရန်ပိုင့်ဆီကို ဘောလုံးက ရောက်သွားပြီး ရန်ပိုင်က ဂိုးသမားရဲ့ အနေအထားကို ကြည့်တယ် ခင်ဗျ။ ထိုင်နေတာလား ၊ ထနေတာလား ၊ အိပ်နေတာလား ဒါကို ပြောတာ မဟုတ်ဘူးဗျ။ ဂိုးသမားရဲ့ ဘောလုံးဖမ်းနိုင်တဲ့ အနေအထားကို ကြည့်ပြီး လွတ်နေတယ် လို့ ထင်တဲ့ နေရာကို ကန်လိုက်တာမှာ ဘောလုံးက အားပြင်းပြင်းနဲ့ ထွက်သွားတယ်ခင်ဗျာ။

ဒီလို အားပြင်းပြင်းနဲ့ ဝင်လာတာကို ဂိုးသမားက မမှီမကမ်းဆိုတော့ ဒိုင်ဗင်ပစ်ပြီး လှမ်းဖမ်းလိုက်တာ။ မမှီဘူးခင်ဗျ။ ဒီမှာ မမှီလို့ လှေကားလည်း ထောင်လို့ ရတာ မဟုတ်ဘူးလေ။ ဒီတော့ အတင်းခုန်ပြီး ဖမ်းတာပါပဲ။ ဒါပေမဲ့ မမိဘူး။ ဒီမှာ ဘောလုံးဟာ ဂိုးသမားကို ကျော်သွားတယ်။ ကျွန်တော်တို့လည်း အားကြိုးမာန်တတ်ကြည့်နေတဲ့ အချိန်မှာပဲ ဘောလုံးလေးဟာ ဝေ့ကာ ဝဲကာ ဝှက်ကာ နဲ့ ဂိုးဘာတန်းဘေးကနေ အပြင်ကို စိတ်လိုလက်ရ ထွက်သွားပါတယ်ခင်ဗျာ.။ ”


ဟီး...။ ဒီလိုတွေ သွားရေးလို့ကတော့ စာဖတ်သူ မျက်လုံးထဲမှာ ဘယ်လို ပုံတွေ ပေါ်နေမလဲ။ ဘောလုံးသမားတွေ တွန်းတွန်းတိုက်တိုက်ကစားနေတယ်လို့ မပေါ်ပဲ ။ ဘောလုံးကို အရှေ့ချပြီး စလိုးမိုးရှင်းနဲ့ ကစားနေသလို ဖြစ်မနေဘူးလား။ သွက်သွက်လက်လက်လည်း မရှိတော့ဘူးလေ။

ဒါကြောင့် ကျွန်တော် ပြောချင်တာက ရေးချင်တဲ့ အကြောင်းအရာလည်း ရပြီ။ ရေးဖို့ အချက်အလက်တွေလည်း စဉ်းစားပြီးပြီ ၊ အခု ရေးဖို့လည်း ဆုံးဖြတ်ပြီးပြီ ၊ အခု ဘယ်လို ပုံစံနဲ့ စရေးရမလဲ ဆိုရင် ကျွန်တော် အခုပြောတဲ့ စာရေးနည်းနဲ့ပဲ ရေးလိုက်ပါ။ ကိုယ်မြန်မြန်ဆန်ဆန် သရုပ်ပေါ်စေချင်တာဆိုရင် ဝါကျတိုလေးတွေနဲ့ ရေးပါ။ လွမ်းလွမ်းဆွေးဆွေး သရုပ်ပေါ်စေချင်တာ ဆိုရင် ဝါကျရှည်လေးတွေနဲ့ ရေးပါ။

ဒါဆို အဆင်ပြေပါပြီ.။ ကဲ..အခုပဲ စပြီး ကိုယ့်ရဲ့ အဖြစ်အပျက် တစ်ခုထဲကနေ စဉ်းစားပြီး စရေးကြည့်ကြပါစို့.။


ကိုဇော် ခံစားတင်ပြသည်။




Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ရေးကြည့်မယ်ဆရာ။
may

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.