မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 December 2009

0 စာတစ်ပုဒ်မွေးဖွားခြင်း (၃)



ဟုတ်ပါပြီ။ စာရေးဖို့ ဖတ်မိသမျှ စာတွေ ၊ တွေ့သမျှ မြင်သမျှကိုလည်း ကိုယ်က ထပ်ကွန့်ပြီး စဉ်းစားတတ်လာပြီ ၊ သူတို့ လိုနေတဲ့ နေရာ ၊ ဒီလို ရေးလိုက်ရင် ပိုကောင်းနိုင်တယ်လို့လည်း စဉ်းစားမိလာပြီ။ နောက်ပြီး ကိုယ်မြင်နေကြပုံစံ မဟုတ်ပဲ ရှုထောင့် အသစ်ကလည်း ကြည့်တတ်လာပြီ ဒါကြောင့် စာရေးဖို့ အကြောင်းအရာလေးတွေ ရလာပြီ။

ဒီတော့ သူတို့ မေးနေကြ စကားလေး တစ်ခွန်းရှိပါတယ်။

“ စာတစ်ပုဒ်ကို ဘယ်နေရာက စရေးရမလဲ။ ”

တဲ့။ တကယ် မနောက်ပါ။ တကယ်ကို အတည်ပြောပါတယ်။

“ ရေးချင်တဲ့ နေရာကသာ ချရေးလိုက်ပါ။ ”

လို့. . ။ ဒါဟာ တကယ်ပြောတာပါ။ ကျွန်တော် မနောက်ပါ။ ဘာလို့လဲ ဆိုတော့ စာစီစာကုံး တစ်ပုဒ်မှာ “ နိဒါန်း ၊ စာကိုယ် ၊ နိဂုံး ” ဆိုပြီး ရှိရင် ရှိမယ်။ ဝတ္ထုတစ်ပုဒ် ၊ ဆောင်းပါးတစ်ပုဒ် ၊ ရသစာလေး တစ်ပုဒ်မှာ ဒီလို မရှိသင့်ပါ။ တချို့ကတော့ ရေးတတ်ပါတယ်။ ဖတ်လည်း ဖတ်ဖူးမှာပါ။

ထွဋ်ခေါင်ကျော်စွာကျော်ဇော်မင်းခေါင်ဘုန်းပြည် (မင်းသားနာမည်)

အမေရိကန်မှာ ကျောင်းသွားတတ်ပြီး ပြန်လာတယ်။ နောက်ဆုံးပေါ် ဘာကားကြီးကို စီးပြီး ဘယ်လို ကုမ္ပဏီထောင်ထားတယ်။ အမေက ဂျပန်မှာ ၊ အဖေက အမေရိကန်မှာ ၊ အကိုက အောဇီမှာ ၊ အမက စလုံးမှာ သူကတော့ မြန်မာနိုင်ငံမှာ အခြေချပြီး လုပ်ငန်းလုပ်ဖို့ ပြင်နေတယ်။ နောက်....


ဖြူဖွေးနုဖတ်ချောကလျာပြည့်ပြည့်ဖူး (မင်းသမီးနာမည်)


မာနမှာ ပြိုင်စံရှားတယ်။ ဘယ်ယောကျာ်းမှလည်း လူမထင်ဘူး။ ( သူက နွားကို ယူမှာ ထင်တယ်။) အင်္ဂလန် အော့ဖို့စ်တက္ကသိုလ်မှာ စာရင်းကိုင်နဲ့ စီမံခန့်ခွဲရေး ဘာသာကို ၆ နှစ် အထူးပြုသွားတတ်ပြီး မြန်မာနိုင်ငံကို ပြန်ပြီး ကုမ္ပဏီထောင်ဖို့ ပြန်လာသူ။ မိဘတွေအားလုံးက အမေရိကန်မှာ အပြီးပြောင်းနေကြတယ်။ ဘာ..ညာပေါ့။


ဒီလို လူမပေးတဲ့ နာမည်ထူးထူးဆန်းဆန်း ရှည်ရှည်တွေနဲ့ သူတို့ အရည်အသွေးကို ဝတ္ထုစစဖွင့်ချင်းမှာ ရေးပြထားပြီးမှ သူတို့ ဘယ်နေရာမှာ ဘယ်လို ထိတွေတယ်။ နောက်တော့ ထုံးစံ အတိုင်း သူတို့ ပြဿနာ စတွေ့တယ်။ နောက်တော့ မာနတွေ ပြိုင်ကြတယ်။ နောက် အဆင်ပြေတယ်။ ဒီလိုတွေ ရေးတတ်ကြပါတယ်။ သူတို့တွေရဲ့ မိဘတွေကို နိုင်ငံခြား အဝေးပို့ထားလိုက်တော့ အနှောင့်အယှက် ကင်းသွားတယ်လို့ ရေးသူက ယူဆထားသလို ဖြစ်နေတယ်။


ထားပါ။ ဒါကတော့ သူတို့ ကြိုက်သလို သူတို့ ရေးတာပါ။ ကျွန်တော် အရမ်းကြိုက်တဲ့ ဆရာ “ နွမ်ဂျာသိုင်း ” ဝတ္ထု “ အချစ်၏အမြဲတမ်းနေရပ်လိပ်စာ ” စာအုပ်မှာဆိုရင် ဆရာနွမ်ဂျာသိုင်းက ဝတ္ထုစစဖွင့်ဖွင့်ချင်းကို လက်ရှိကပဲ စဖွင့်ပြီး အခုလက်ရှိ တစ်ခန်းရေးလိုက် ၊ အတိတ်ကို တစ်ခန်းရေးလိုက်နဲ့ ရေးသွားတာ နောက်ဆုံးမှာ သူလိုချင်တဲ့ ဇာတ်လမ်းသိမ်းကျမှ လက်ရှိအချိန်ကို ပြပြီး အဆုံးသတ်သွားတာ.။ ကောင်းလိုက်တဲ့ ဝတ္ထုဗျာ။

တစ်ခါလာ “ နိဒါန်း ၊ စာကိုယ် ၊ နိဂုံး ” ဆိုရင် ဘယ်လိုလုပ် စာတစ်ပုဒ်က စိတ်ဝင်စားဖို့ ကောင်းတော့မလဲ။ ဒါကြောင့် ကျွန်တော် ပြောတာ ဘယ်နေရာက စရေးရမလဲ . . .၊ ရေးချင်တဲ့ နေရာကသာ စရေးလိုက်ဗျာ။ နောက်မှ ကိုယ်လိုချင်တဲ့ နေရာလေးကို ရောက်အောင် ဆွဲရေးသွားလိုက်ပါ။

၁) အခု လက်ရှိကို စရေးပြီးမှ အတိတ်ကို ပြန်ဆွဲသွား. .ပြီးရင် အနာဂတ်ကို ချပြ. .

၂)
အတိတ်ကို အရင်ရေးမှ လက်ရှိကို လာ . .ပြီးရင် အနာဂတ်ကို ဆွဲခေါ်သွား..


၃) အနာဂတ်ဖြစ်ချင်တာကို အရင်ပြ. .ပြီးရင် အတိတ်မှာ ဘာဖြစ်ခဲ့တယ် . . ဒါကြောင့် အနာဂတ် အတွက် ဘာလုပ်နေတယ်။

ဒီလိုမျိုး အကြမ်းဖျဉ်းပိုင်းပြီး ချရေးလိုက်။ ( တကယ်ကို အကြမ်းဖျဉ်းနော်။) ချသာရေးချလိုက်ဗျာ။ နောက်မှ ကိုယ် အခုရေးနေတာတွေက ဘယ်နေရာ ရောက်နေလဲ ကြည့်.ပြီးရင် လိုသလို ဆွဲခေါ်သွားလိုက်. .ပြီးရင် လိုချင်တဲ့ နေရာကို ဆက်ရေး။ ဒါဆို ရပါပြီ.။ ဘယ်နေရာက စရမယ် ဆိုပြီး စာတစ်ပုဒ်ကို ချုပ်မထားသင့်ပါဘူး။

အားလုံးပဲ သတိထားမိမယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ ငယ်ငယ် ကျောင်းသားဘဝက စာမေးပွဲတွေမှာ စာစီစာကုံး ဖြေရရင် စာစီစာကုံး အမျိုးအစားက ( ၃) ပုဒ်မှာ အနည်းဆုံး (၂) မျိုး ဒါမှမဟုတ် (၃) မျိုး အနေနဲ့ မေးတတ်ပါတယ်။

၁) အကြောင်းအရာ

၂)
အရေးအသား

၃) သရုပ်ဖော်

ကျွန်တော်ကတော့ ဘယ်တော့မှ “ အကြောင်းအရာ ” ကို မဖြေပါဘူး။ ဘာလို့လည်း ဆိုတော့ အကြောင်းအရာဆိုတာ “ သမိုင်း ” အချက်အလက်တွေ လိုတယ်။ ဥပမာဗျာ အာဇာနည်နေ့ အကြောင်းကို ရေးပါ ဆိုတာမျိုး။ သမိုင်းမှာ ဂျိုးကပ်အောင် ညံ့တဲ့ ကျွန်တော်နဲ့ မဖြစ်ဘူး။ ပြီးတော့ ဝါသနာလည်းမပါဘူးဗျာ။ ဒါကြောင့် ကျွန်တော် ရေးရင် အမြဲတမ်း
“အရေးအသား ” ကိုရွေးတယ်။ တကယ်လို့ “အရေးအသား ” မပါဘူးဆိုမှ “ သရုပ်ဖော် ” ကို ကျွန်တော် ရွေးတယ်။

“ အရေးအသား ” ဆိုတာ ကိုယ်စိတ်ကူးတည်ရာကို ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ အချက်လေးတွေနဲ့ ပုံစံချပြရတာလေ။ ဒါကြောင့် ကိုယ်ထည့်ပေးလိုက်တဲ့ အချက်အလက်လေးတွေ သူတို့ ဖတ်လို့ကောင်းသွားပြီး ရင်ထဲ ရောက်သွားရင် ရတာပါပဲ။ ဥပမာ “ ကျွန်တော့်အိမ်က ခွေးကလေး ” ပေါ့.။ ကိုယ့်အိမ်က ခွေးတစ်ကောင်အကြောင်းကို ဘယ်လို ရှိပါတယ် ဆိုပြီး အချက်အလက်လေးတွေနဲ့ ရေးရတာလေ။

“ သရုပ်ဖော် ” ကတော့ သူတို့မျက်စိထဲမှာ ပုံပေါ်လာအောင် ရေးရတာပေါ့ဗျာ။ ဥပမာ “ ဆောင်းနှင်းမှုန်သီသော ဒီဇင်ဘာ ” ဆိုပါတော့။ ဒါဆိုရင် ဆောင်းကာလ ဒီဇင်ဘာလမှာ ဘယ်လို အေးပြီး မနက်မှာ နှင်းတွေ ဘယ်လို ကျနေတယ် ဆိုတာမျိုးပေါ့။ ဒါကို ကိုယ်က ကိုယ်နှစ်သက်သလို ကိုယ့်စာဖတ်သူ ရင်ထဲမှာ ၊ မျက်စိထဲမှာ မြင်ယောင်အောင် တင်ပြနိုင်ရင် ရပါပြီ.။

ဒါကြောင့် ကျွန်တော် အဓိက ပြောချင်တာကတော့ စာတစ်ပုဒ်ကို ဘယ်လို စရေးရမယ် ဆိုတာ မရှိပါဘူး.။ မိမိ ဘယ်နေရာကို အနှစ်သက်ဆုံး ၊ စိတ်အဝင်စားဆုံး ၊ စိတ်အပါဆုံး ဖြစ်နေလဲ ဒီနေရာကပဲ စပြီး ချရေးလိုက်ပါ။ စာတစ်ပုဒ်ဖြစ်ဖို့ ဆိုတာ ဘယ်ဟာ အခက်ဆုံးလို့ ထင်ပါသလဲ.။ အခက်ဆုံးနေရာကတော့ . .

“ ပထမဦးဆုံး စပြီး ချရေးဖြစ်ဖို့ပါ.။ ”

စပြီး ချရေးဖြစ်သွားပြီဆိုရင်တော့ ကိုယ့်ဖာသာ စိတ်ကူးတွေထွက် ၊ အမှားတွေ ပြင်ပြီး ထာဝရ အကောင်းဆုံးမဟုတ်တောင်မှ ဒီအချိန်မှာ အဆင်အပြေဆုံး စာတစ်ပုဒ်ကို ရရှိလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ပြောချင်တာကတော့ . .

“ စာတစ်ပုဒ်မွေးဖွားစေဖို့ “ အခု ” ပဲ ရောက်ရာ နေရာကနေ ချရေးလိုက်ပါ.။ ”



ကိုဇော် ခံစားတင်ပြသည်။




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်:

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.