မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 December 2009

2 အစ်ကို ငါးယောက်ရှိသည်




ကျွန်တော့်မှာ အစ်ကို မရှိပါ။ သို့သော် ကျွန်တော့်မှာ အစ်ကို ငါးယောက် ရှိပါတယ်။ သူတို့က ကျွန်တော်နဲ့ မနီးသလို ၊ တချို့ဆိုလည်း ကျွန်တော် မတွေ့ဖူးပါဘူး။ ဒါပေမဲ့လည်း ကျွန်တော့်အတွက် တကယ့်ကို အကိုတွေ လိုပါပဲ။ သူတို့က အခုတော့ အားလုံးကို Online ကပဲ တော်ထားရပါတယ်။

အစ်ကို ၁)

ကျွန်တော် တွေ့ဖူးတဲ့ အစ်ကိုဆိုလို့ ရှားရှားပါးပါးထဲမှာ သူတစ်ယောက်ပါ။ သူ့နာမည်က “ ကိုမြင့်ဦး ” ကျွန်တော် လို့ခေါ်တယ်။ ကျွန်တော် သူရှိနေစဉ် အချိန်မှာ ဒီစက်ရုံကို ကျွန်တော်က နောက်ဆုံးက ရောက်ခဲ့တဲ့ သူတစ်ယောက်ပါ။ ဒီအချိန်မှာ သူက စက်ရုံရဲ့ Leader တစ်ယောက်ပါ။ နောက်ဆုံးမှ ရောက်လာပေမဲ့ မြင်မြင်ချင်းပဲ သူက ကျွန်တော့်ကို တော်တော်ခင်တယ်။

သူ အားနေရင် အလုပ်ပြီးတာကို ညဆိုင်းဖြစ်နေတဲ့ ကျွန်တော့်ဆီ နေ့ဆိုင်းဖြစ်တဲ့ သူက လာလာပြီး ထွေရာလေးပါး စကားတွေ ပြောနေတတ်တယ်။ သူနဲ့ပြောရတာ ကျွန်တော်လည်း ဗဟုသုတ တိုးပါတယ်။ ကျွန်တော်ကလည်း ကျွန်တော် စဉ်းစားမိတာတွေ သူ့ကို ပြောပြတတ်ပါတယ်။ ဥပမာ - ကော်ဖီမစ် ( Coffee Mix ) တွေရဲ့ အန္တရာယ်ရှိနေတဲ့ အကြောင်း ၊ တရုတ်ပစ္စည်းတွေရဲ့ လျှိုဝှက်ချက် ၊ စတိုပစ္စည်းတွေ အကြောင်း ၊ တန်ဖိုးလျှော့လျာထား ၊ မှီရှင်မှီစား ...ဘာညာပေါ့လေ။

အခုတော့ သူက ပြန်သွားပြီး မိန်းမယူ ကလေးတစ်ယောက်မွေးပြီး စင်ကာပူ ရောက်နေပါပြီ။ ကျွန်တော့်ကို နှစ်ရက်တစ်ခါ ၊ သုံးရက်တစ်ခါ လှမ်းလှမ်းဖုန်းဆက်ပြီး အမြဲ အရင်လိုပဲ ပေါက်ပေါက်ရှာရှာတွေ လျှောက်ပြောနေတတ်တယ်။ အခုလည်း ကျွန်တော် Blog ကို ဝင်ဝင်ကြည့်ပြီး “ မင်း..ပြောတဲ့ ကော်ဖီမစ် အန္တရာယ်အကြောင်း ရေးဦးလေကွာ။ ” ဟိုအကြောင်း ရေးဦးလေကွာ ဆိုပြီး အမြဲတမ်း တွန်းအားပေးတဲ့သူ တစ်ယောက်ပါ။ သူနဲ့ ဝေးပေမဲ့လည်း အစ်ကို မရှိတဲ့ ကျွန်တော့်အတွက် အမြဲဘေးမှာ အစ်ကို တစ်ယောက် ရှိနေသလိုပါပဲ။

သူ့ဆီက အမြဲတမ်း တစ်ခုခု ရနေတာ ရှိတယ်။


အစ်ကို ၂ )

ကျွန်တော် ဒီကို စရောက်ခါစက အလုပ်မလုပ်ဖူးတဲ့ ကျွန်တော် ၊ စိတ်ဆတ်တဲ့ ကျွန်တော် အဆင်မပြေလှပါ။ အလုပ်မဆင်မပြေတာ မဟုတ် ။ လူမှုရေးတွေ အဆင်မပြေတာ။ ဒီအချိန်မှာ ရပ်ကွက်ထဲမှာ ခင်နေတဲ့ အကို တစ်ယောက်က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ကျွန်တော့်ကို စကားလေးတွေ ၊ အယူအဆလေးတွေ ပြောပြတယ်။

သူက “ ကိုရီးယားမှာ အင်္ဂျင်နီယာ ” အလုပ်သွားလုပ်နေသူ။ သူ့ကို ကျွန်တော်က “ ကိုထွန်း ” လို့ပဲ ခေါ်တယ်။ သူ့ဆီက စကားလေးတွေ ကြားရတော့မှ လောကကြီးကို ကျွန်တော်လည်း အမှန်ပြန်မြင်မိတယ်။ ( ဒီအကြောင်းကို ကျွန်တော် ရေးတော့ ရေးဦးမှာပါ။ ) အခု အချိန်ထိလည်း ကျွန်တော့်ကို အမြဲ မဟုတ်ပေမဲ့ လိုရင် လိုသလို လှမ်းဆုံးမနေတဲ့ အကို တစ်ယောက်ပါ။

သူ့ဆီက အမြဲတမ်း တစ်ခုခု ရနေတာ ရှိတယ်။


အစ်ကို ၃)

ဆိုက်လေး တစ်ခုကို ဝိုင်းပြီး လုပ်ကြရင်းနဲ့ ဒီအစ်ကိုနဲ့ရင်းနှီးမိတယ်။ သူကတော့ ထိုင်ဝမ်ကပါ။ အသံအားအရမ်းကောင်းတယ်။ အသံရဲ့ ဆွဲဆောင်မှု အရမ်းကောင်းတယ်။ အသံကြားရင် ကြွေသွားတယ် ဆိုတဲ့ အသံမျိုးထင်တယ်။ သူ့ကို ကျွန်တော်က “ ကိုခွန် ” လို့ပဲ ခေါ်တယ်။ အရင်က ကျွန်တော့်စာတွေကို သူများတွေက ကူးပြီးတော့ တစ်နေရာရာမှာ ကူးတင်တယ်။ မေးလ်ကနေပို့လို့ ကျွန်တော့်နာမည်မပါဘူးဆိုရင် ကျွန်တော်လည်း တင်းတယ်။

ဆိုက်မှာ တင်ထားတာလို့ တစ်ယောက်ယောက်က လာပြီး သတင်းပေးတယ် ဆိုရင် ရှူးရှူးရှားရှား သွားပြီး ကျွန်တော် နာမည်မပါရကောင်းလား ၊ Blog ကို လင့်မချိတ်ရကောင်းလားလို့ ကျွန်တော်က သွားပြီး ဆူပူမိတတ်တယ်. . ဟီး။ တစ်နေ့တော့ သူနဲ့ ကျွန်တော် Gtalk ကနေ စကားပြောနေတုန်း ၊ သူငယ်ချင်းတစ်ယောက်က လှမ်းပြီး သတင်းပေးတယ်။ ဒီနေရာမှာ အကို့စာတွေ တင်ထားတယ် ဆိုတော့ ကျွန်တော် သွားကြည့်တာ ကျွန်တော်နာမည်ရော ၊ Blog ကိုပါ မညွှန်းထားတော့ ကျွန်တော်လည်း ရှူးရှူးရှားရှား သွားပြောမိတယ်။

သူနဲ့ ပြောနေရင်းက ဆိုတော့ သူက ဘာဖြစ်တာလဲ ကိုဇော် ဆိုတော့ ကျွန်တော်လည်း ဒီလိုပဲ အကိုလို့ ပြောပြတယ်။ ဒီတော့ ဒါများကွာ အောက်ကနေ မင်းသူ့ကို တင်ပေးတဲ့ အတွက် ကျေးဇူးပါ။ အောက်က လင့်လေးတော့ ချိန်ပေးပါ။ ဘယ်နေရာကနေ ကူးယူဖော်ပြပါသည် လို့ ဒီလို ဆိုရင် အားလုံးလည်း ဖတ်လို့ရတာပေါ့ကွာ။ ဒီလို ပြောတယ်။ ဒါတော့မှ ကျွန်တော်လည်း ဟုတ်ပေသားပဲ လို့ စိတ်ကူးရတယ်။ ဒါနဲပဲ သူပြောခဲ့သလို အခု အချိန်အထိ ကျွန်တော် လိုက်နာနေခဲ့တာပါ။

သူ့ဆီက အမြဲတမ်း တစ်ခုခု ရနေတာ ရှိတယ်။


အစ်ကို ၄)

ဆိုက်လေးတစ်ခုကို အတင်းလာဖိတ်လို့ သူနဲ့သိခဲ့တာပါပဲ။ ကျွန်တော့်ကို “ ကိုဇော်ကြီး . .ကိုဇော်ကြီး ” နဲ့ ပြောတာလည်း မရဘူး ခေါ်တတ်တယ်။ သူ့နာမည်က “ ကိုချမ်း ” ။ ကိုချမ်း ဘာလုပ်နေလဲ ဆိုရင် အေးကွာ ပျင်းလို့ ငါးဖမ်းလှေ လျှောက်လိုက်နေတယ် လို့ ပြောတတ်တယ်။ သူက “ ဂျပန် ” ကပါ။ ကိုချမ်း ပျင်းတာကလည်းဗျာ.။ ငါးမျှားပါလား ဆိုတော့ ဟ ပိုက်နဲ့ ဖမ်းတာထက် ပိုရဦးမလား ကိုယ့်လူ လို့ ပြောတတ်တယ်။

ကျွန်တော့်ဘဝမှာ စာရေးပြီး အများဆုံး ပြောဖူးတဲ့ သူဆိုလို့ သူပဲ ရှိမယ် ထင်တယ်။ သူထောင်ထားတဲ့ ကာစီနိုရုံကို ပစ်ပစ်ပြီး ပျင်းလို့ ငါးဖမ်းသင်္ဘော လိုက်နေတယ် ဆိုတဲ့ သူလေ။ သင်္ဘောပေါ်ကမို့လို့ ထင်တယ်။ တစ်ခါတစ်လေ လိုင်းက မမိဘူး။ ဒါပေမဲ့ သူက စိတ်ရှည်ရှည်လက်ရှည် စောင့်တယ် နဲ့ တူတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ တစ်ခါတစ်လေ ဒီဘက်မှာ အိပ်ပျော်နေပြီ။ အဲ..ပြောရဦးမယ်။ အခုတော့ သူလည်း ကျွတ်တမ်းဝင်ချင်လို့နဲ့ တူတယ်။ ကျွန်တော် ညီမ တော်ထားတဲ့ ကောင်မလေး တစ်ယောက်ကို ကြိုက်နေတယ် ထင်တယ်။

ဟဲ ဟဲ ယောက်ဖ လိုက်တော်နေတယ်။ ယောက်ဖ ယောက်ဖနဲ့ လိုက်ခေါ်နေတယ်။ ခက်တာက သူက ဘယ်သူ့ကို ကြိုက်နေမှန်း မသိတာပဲ..ဟီး (ဖွ လိုက်ပြီ မှတ်ထား။ ) ။ သူနဲ့ စကားပြောတိုင်း ....

သူ့ဆီက အမြဲတမ်း တစ်ခုခု ရနေတာ ရှိတယ်။


အစ်ကို ၅)


ကိုဇော်ရေ..ဘယ်လို ဆိုပြီး အမြဲပြောတတ်တဲ့ အစ်ကို တစ်ယောက်ပါ။ သူနဲ့ ကျွန်တော် အရင်ကတော့ သိပ်ပြီး မခင်ပါ။ ဟိုတလောက ဆိုက်တစ်မှာ ပြဿနာလေး တစ်ခု ဖြစ်တော့ ကျွန်တော်က ကြားကနေ ဝင်ပြီး ငြိမ်မလား လို့ လက်ဝင်လျှိုလိုက်တာမှာ ဟီး.. ဖြစ်ချင်တော့ ပြဿနာက ပိုပြီး ကြီးသွားတယ်။ ကျွန်တော်ကလည်း မလုပ်ရင် မလုပ်ပါဘူး။ လုပ်ရင်လည်း နောက်မဆုတ်တတ်ဘူး။ ဒါကြောင့် ထပ်ထပ်ပြောရင် ဆိုက်တစ်ခုမှာ ကိုယ်က မီးမွှေးတာ မဟုတ်ပဲ။ အောက်စီဂျင် ဖြစ်သွားတယ်။

ဒီမှာ ဒီအစ်ကို ကျွန်တော် သိခွင့်ရတာ.။ သူကတော့ စင်ကာပူက “ ကိုကြီး ( ကိုရီး ) ” ပါ။ သူပြောတဲ့ စကားတွေကြောင့် ကျွန်တော်လည်း ပြဿနာ တစ်ခု သေချာ မဖြေမရသေးပဲနဲ့ နောက်မဆုတ်တတ်တဲ့ ကျွန်တော် သူ့ကို လေးစားတဲ့ အနေနဲ့ နောက်ဆုတ်လိုက်ပါတယ်။ ကျွန်တော့်ဘဝမှာ ပထမဆုံး ကိစ္စ မပြတ်သေးပဲနဲ့ နောက်ဆုတ်လိုက်တာလည်းဖြစ်တယ်။ ဒါကတော့ သူ့ကို လေးစားသမှု နဲ့ ကိုယ့်ထက် ကြီးသူတစ်ယောက်ရဲ့ ပြောတာကို နာခံတဲ့ သဘောကြောင့်ပါ။

ဒီနောက်မှာတော့ ကျွန်တော်လည်း ဒီနေရာကနေ ရှောင်ခဲ့ပါတော့တယ်။ ဒီအစ်ကိုနဲ့ ကျွန်တော်ကတော့ ဘာပြဿနာမှ မရှိစွာနဲ့ပဲ ဆက်ပြီး အဆက်အသွယ် ရှိနေခဲ့ပါတယ်။ ကျွန်တော်ကလည်း တော်တော်ကို ခေါင်းမာတတ်တယ်။ ဒါပေမဲ့လည်း လူကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ဆိုတာ တခြားဟာ ယှဉ်ရရင်တောင်မှ အတွေ့အကြုံဆိုတာ ဘယ်လိုမှ ယှဉ်လို့ မရပါဘူး။

သူ့ဆီက အမြဲတမ်း တစ်ခုခု ရနေတာ ရှိတယ်။

Conclusion

အက်ဒီဆင်က ပြောတဲ့ စကားလေးတစ်ခွန်း ကျွန်တော် အမြဲတမ်း အမှတ်ရနေမိတယ်။ ဒါကတော့.. . .

“ အိပ်စက်ခြင်းဆိုတာ မူးယစ်ဆေးဝါး လိုပဲ။ လိုတာထက်ပိုပြီး သုံးရင် အမြဲတမ်း တောင့်တနေ တတ်တယ်။ ဘယ်လိုမှ ပုံမှန်လူလို မဟုတ်တော့ဘူး။ ”

တဲ့။ ကျွန်တော့်အဖေကလည်း ချွတ်ခနဲ့ ဆိုရင် နိုးနေတတ်တယ်။ အအိပ်အနေလည်း အလွန်နည်းတယ်။ ဒီ ကျွန်တော့်အဖက ကျွန်တော့်ကို ပြောတတ်တယ်။ သား အိပ်ရေးဝအောင် အိပ်ကွ တဲ့။ ဟုတ်ပါတယ်။ ကျွန်တော်ကလည်း အအိပ်အနေ အလွန်နည်းတယ်။ ကျွန်တော့်မှာ ဘာလို့မှန်း မသိအောင် အချိန်က နည်းလွန်းတယ်။ တစ်ခါတစ်လေ ဘာမှကို မလုပ်လိုက်ရဘူး ထင်ရတယ်။

ဒီလို ကျွန်တော်က အခု ကျွန်တော့် အစ်ကိုတွေနဲ့ တွေ့တော့ ကျွန်တော် အံ့သြခဲ့ရတယ်။ သူ့ဆီက အမြဲတမ်း တစ်ခုခု ရနေတာ ရှိတယ် ဒါကတော့ သူတို့က ကျွန်တော့်ထက် အအိပ်အနေနည်းကြတယ်။ ကြည့်လိုက်.. အမြဲတမ်း သူတို့ ရှိနေကြတယ်။ ဟုတ်ပါတယ်လေ.. တကယ်တမ်း လုပ်စရာ များနေသူတွေဟာ အိပ်ချိန်ကို တကယ်ကို လုနေခဲ့ကြရတယ်။

ဘာရယ် မဟုတ်ပေမဲ့ လေးစားခဲ့ရသော အစ်ကို ငါးယောက်အတွက် အမှတ်တရလေး ချရေးမိတာပါ။

ကိုဇော် ခံစားသည်။





Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

အစ်ကို ငါးယောက်တောင်ပါလား
ပျော်စရာကြီး

Anonymous said...

ညီမလည်းအထက်မှာအစ်ကိုအစ်မတွေမရှိတော့လိုချင်လိုက်တာ