မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 June 2010

17 သူဌေး နှာဘူးမကျရင် အလုပ်ထွက်မဲ့ လူစားများ



လောကမှာ “ သူဌေးက နှာဘူးကျလို့ အလုပ်ထွက်ခဲ့ရတယ်။ ”  ဆိုပြီးတော့ ကြားဖူးကြမှာပါ ၊ ဖြစ်ရိုးဖြစ်စဉ်ကိုး။ အခုတော့ဗျာ မပြောပေမဲ့ ကြားနေရတယ် ဆိုသလိုပဲ ဖြစ်နေတယ်။ ( တိုးတိုးလေး ပြောပြမယ်။ ) ကျွန်တော့် အလုပ်မှာလေ “ သူဌေးက သူတို့ကို နှာဘူး မကျလို့ အလုပ်ထွက်မယ်။ ” ဆိုပြီး ဖြစ်နေကြပါရောလား။ ခက်တယ် . . . ခက်တယ်. . . တကယ်ကိုလည်း ဒီသဘောပဲ ဖြစ်နေပါတော့တယ်။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အခုတလော ကျွန်တော် တကယ်ကို စိတ်မကောင်း ဖြစ်နေမိတယ်။ ပြီးခဲ့တဲ့ လက စတိုက မန်နေဂျာလို့ ပြောလို့ ရတဲ့ တရုတ်မက အလုပ်ထွက်မယ် လို့ ပြောတယ်။ သူက ဒီမှာ ၈ နှစ်ရှိပြီ။ သူပြီးရင် အကုန်ပြီး သလောက်ပါပဲ။ ဒါကို ဘာပြဿနာမှလည်း ဖြစ်တာ မကြားဘဲ ထွက်မယ်ဆိုတော့ ကျွန်တော်လည်း အံ့သြပြီး သူ့ကို မေးမိတယ်။ 

“ ဘာလို့ ထွက်မှာလဲ။ ”

သူနဲ့ ကျွန်တော်က အတော်ကို ခင်ပါတယ်။ သူ့ကလေးတွေ ဓါတ်ပုံ ၊ သူတို့ မိသားစု ဓါတ်ပုံတွေဆိုရင် ကျွန်တော်က ဖိုတိုဖရိန်လေးနဲ့ လှလှပပ လုပ်ပေးနေကြ ဆိုတော့ သူကလည်း ခင်တာပေါ့လေ။ ဒါကြောင့် သူက တိုးတိုး တိုးတိုးပဲ ပြောတော့ ကျွန်တော်ကလည်း သူ့အနားကို တိုးတိုး တိုးတိုးပြီး နားထောင်ရပါတယ်။

“ ဘော့စ်က “ အန်း ” ကို နှာဘူး ထနေတယ်လေ။ ဒါကြောင့် ထွက်တာ. . . . ။ ”

“ ဟင် . . . ”

ဘော့စ်က အန်း ကို နှာဘူးထနေတာနဲ့ သူက အလုပ်ထွက်တာ ဘာဆိုင်လို့လဲ။ ဒီလိုဆိုတော့ ပေါက်ပေါက်မြောက်မြောက် တွေးမိတတ်တဲ့ ( အဟဲ ) ကျွန်တော်က “ ဟိုတစ်ယောက်ကို နှာဘူးထပြီး သူ့ကို နှာဘူး မထလို့ သူက အလုပ်က ထွက်တာလား ” ဆိုပြီး တွေးမိသွားတာပဲ။ ကံကောင်းချင်တော့ ကျွန်တော် ဒီလို သွားမမေးဖြစ်ဘဲ မသိသလို နေလိုက်တော့ သူက သူ့ဖာသာ ဆက်ပြောတယ်။

“ အန်းက အလုပ်ဝင်တာ ၆ လလောက်ပဲ ရှိသေးတယ်။ ဒါကို အခု ဘော့စ် မရှိတဲ့ အချိန်တွေမှာ ပစ္စည်းလာဝယ်လို့ Approved By မှာ လက်မှတ်ထိုးရမယ် ဆိုရင် သူ့ကို ထိုးဖို့ ဘော့စ်က ခွင့်ပေးလိုက်တယ်လေ။ တကယ်တော့ သူ့ရှေ့က စီနီယာတွေက အများကြီးပါ။ ဒီလို ကျော်လုပ်တော့ ဘယ်သူကမှ မကျေနပ်ဘူးပေါ့။ ”

“ သြော်. . . ဒီ လက်မှတ် မထိုးရတာလေးနဲ့ နင်က အလုပ်ထွက်မှာလား။ ”

“ ဒီလိုတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အန်းက အသစ်ရောက်လာတာ သူကကျတော့ ဘာမှ မလုပ်ရဘဲနဲ့ အလုပ်လုပ်စရာတွေ ငါကပဲ ပိုပိုများလာတယ်။ ဒါကြောင့်လည်း ထွက်တာ။ ”

“ သြော်. . . ”

ဒုတိယအကြိမ် ထပ်သြော် လိုက်ပြီးတော့ ကျွန်တော် နောက်ထပ် မသြော် ဖြစ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ သူကလည်း သူ့အလုပ် သူလုပ်ပြီး ကျွန်တော်ကလည်း အလုပ်ပြီးလို့ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် သိလိုက်တာကတော့ သူ နောက်လ ၁၂ ရက်နေ့ အလုပ်ထွက်မယ် လို့ ပြောသွားတာပါပဲ။ 

တကယ်လည်း ဒီလ ၁၂ ရက်နေ့မှာ သူ အလုပ်ထွက်သွားပါတယ်။ သူမထွက်ခင် သူ့အလုပ်နေရာကို ဝင်လုပ်ဖို့ တရုတ်မတစ်ယောက် ရောက်ပါတယ်။ အဲဒီတရုတ်မရဲ့ နောက်ထပ် ၃ ရက်လောက်ပဲ ခြားပြီး ကုလည်မ တစ်ယောက် အလုပ်ဝင်ပါတယ်။ ကုလည်မကို Receptionist အတွက် ခေါ်တာပါ။ လက်ရှိရှိနေတဲ့ Receptionist ကို ရုံးစာရေးမှာ ထည့်မယ်။ အသစ်တရုတ်မကိုတော့ ထွက်သွားတဲ့ တရုတ်မနေရာမှာ ထည့်မယ်ပေါ့။ ဒီလို ရည်ရွယ်ပြီး အလုပ်ခေါ်လိုက်တာပါ။

ထွက်တဲ့ လူက ထွက်သွားပြီး ဝင်တဲ့ လူကလည်း ဝင်ရော ရှုပ်ကုန်တော့တာပဲ။ ဒီမှာမို့လို့လည်း အထင်ကြီးလို့ မရပါဘူး။ စာနဲ့ ဝေးလို့လား ၊ သူတို့လည်း ပါတိတ်နဲ့ အောင်ခဲ့လို့လား မသိဘူး။ ဘာမှ သေချာ မတတ်ရှာပါဘူး။ ဒီတော့ အရင် Receptionist က လူကို ရုံးခန်းပို့တော့ သူက ကွန်ပျူတာနဲ့ စာရင်းလုပ်ရင် လက်က အိမ်မြှောင်ဥ ကိုင်ထားရသလို ဖြစ်နေတယ် ၊ တုန်တုန်ချိချိနဲ့။ နောက်ထပ် ရောက်တဲ့ တရုတ်မကို ဟိုမန်နေဂျာ ရာထူးမှာထားတော့ သူက လာသမျှ လူတွေကို ထိုင်ရယ်ပြနေတယ်။ အဲဒီမှာ ရှုပ်ကုန်တော့တာပဲ။

သူ့ကိုလည်း ဘယ်သူ့မှ မကြောက်သလို ၊ သူကလည်း ဘာဆို ဘာမှ မသိဘူး။ လေ့လာမှုကလည်း အားနည်းတယ်။ နောက်ဆုံးတော့ Receptionist အတွက် ခေါ်ထားတဲ့ ကုလည်မကို မေးလိုက်တော့ သူက အလုပ်ရှိဖို့ ဆိုပြီးသာ အလုပ်ဝင်လာတာ ၊ အလုပ်ကို လာတဲ့ ကားက အစ အတောင်ပံနဲ့။ ( ပျံနေတာပဲ လို့ ပြောချင်တာပါ။ ) ဒီတော့ Receptionist နေရာနဲ့ ဝင်လာသူကို မန်နေဂျာ ရာထူးမှာ ထားကြည့်တော့ အံ့ကို ဝင်လို့ ၊ ဒီတော့ ဂွင်ကျသွားတာပေါ့ဗျာ။ ( ဒါကို အံ့ဝင်ခွင်ကျတယ် လို့ ဆိုတယ် မလား။ ) မန်နေဂျာ အတွက် ခေါ်ထားတဲ့ တရုတ်မကို ရုံးစာရေးမှာ ထားလိုက်တော့ သူ့ဖာသာ အဆင်ပြေသား။ သူက လူတွေနဲ့ မဆက်ဆံတတ်ဘဲ သူ့ဖာသာ စာရွက် စာတမ်းတွေပဲ လုပ်နေချင်တဲ့ လူမျိုး။

ဒါနဲ့.. . .  ဒါနဲ့  . . . ဇာတ်သိမ်းတော့. . ။ အရင် Receptionist က လူကတော့ နေရာ မရွေ့ဘူး။ Receptionist ဆိုပြီး ခေါ်ထားတဲ့ ကုလည်မက မန်နေဂျာ ဖြစ်ပြီး ၊ မန်နေဂျာနဲ့ ခေါ်ထားတဲ့ တရုတ်မက ရုံးစာရေး ဖြစ်သွားတယ်။ ကျွန်တော့်မှာ နားတွေကို နှစ်ဘက်တည်းနဲ့တင် ရှုပ်လို့ နဝေတိမ်တောင် တောင်မှ ဖြစ်နေသေးတယ်။ ဒါပေမဲ့ သူတို့ကတော့ သူတို့ဖာသာ အဆင်ပြေပါတယ်။ ဒီကြားထဲမှာ ရုံးအကူကို နောက်ထပ် တရုတ်မ တစ်ယောက် ဝင်လာလို့ ကျွန်တော်ကလည်း ရတဲ့ အခွင့်အရေးကို အသုံးချပြီး QA ဘက်ကို ခုန်ပြီး ပြောင်းလိုက်တာပေါ့လေ။ ဟဲဟဲ. . . ငါကွ ဆိုပြီးတော့။ 

ကျွန်တော်ကလည်း ကိုယ့်ဖာသာ အကြံနဲ့ပါ။ QA ဆိုပြီး ကားနဲ့ လိုက်စစ်ရရင် တစ်နေရာကို ရောက်ဖို့ ၂ နာရီ ၊ ၃ နာရီ လောက် မောင်းရတာ မဟုတ်လား။ ကားပေါ်မှာ အိပ်လိုက်မယ် ၊ ဒါမှမဟုတ် စာဖတ်လိုက်မယ်။ ဟိုရောက်မှ စစ်မယ် ဆေးမယ်။ ပြီးလို့ နောက်တစ်နေရာသွားရင် ပြန်အိပ်မယ်။ ဒါဆို ကျွန်တော် အိပ်ရေးဝပြီ။ နေ့ဘက်မှာ သင်တန်းလေး ဘာလေး တတ်မယ်ပေါ့လေ။ အဟဲ. . . ကိုယ့် အကြံ ၊ ကိုယ့် အကြံ ပြောပါတယ်။ သင်တန်းကလည်း ၁၉ ရက်နေ့က စတတ်မယ်ပေါ့။ 

၁၅ ရက်နေ့လည်း ကျရော အလုပ်က နောက်ထပ် တစ်ယောက်က အလုပ်ထွက်သွားတယ် ဆိုတာ သိလိုက်ရတယ်။ သူကတော့ ယောက်ျားကြီးပါ။ ဟာ . . . ဘယ်နှယ်ဟာတုန်း ဆိုပြီး မေးကြည့်တော့မှ သူကလည်း အလုပ်ထွက်ဖို့ ပြီးခဲ့တဲ့ လကတည်းက တင်ထားတာတဲ့လေ။ ဒီတော့ ကျွန်တော်လည်း တိုးတိုးတိတ်တိတ် လိုက်စုံစမ်းတော့ နောက်ထပ် တစ်ယောက်ကလည်း ဒီအပတ်ထဲမှာ ထွက်မယ် ဆိုပဲ။ ( တကယ်ပါပဲ ပြီးခဲ့တဲ့ သောကြာနေ့က ထွက်သွားပါပြီ။ ) ဒီအချိန်မှာပဲ ကျွန်တော်နဲ့ တော်တော်ကို ခင်တဲ့ တရုတ်အဒေါ်ကြီးက ကြာသပတေးနေ့က ပြောတယ်။ ၂၂ ရက်နေ့ ဆိုရင် “ အားလီ ” လည်း ထွက်တော့မယ်တဲ့။

တကယ်ပါ။ ကျွန်တော့်ရင်ထဲမှာ ဘယ်လိုကြီးမှန်း မသိဖြစ်သွားတယ်။ ဒီအချိန်မှာပဲ သူက ဆက်ပြောတယ်။ သူလည်း နောက်လ ၂၂.၇.၂၀၁၀ ဆိုရင် ထွက်တော့မှာတဲ့။ ဟာ ခနဲပါပဲ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူနဲ့ ကျွန်တော်က ဒီမှာ အလုပ်ဝင်တာ ရက်ပိုင်းပဲ ကွာတာပါ။ ဒါကြောင့် သူနဲ့ ကျွန်တော် တော်တော်ကို ရင်းနှီးတယ်။ သူက Shipping ကပါ။ နောက်ထပ် ရင်းနှီးတဲ့ တစ်ချက်ကလည်း ဒီအလုပ်မှာ သူဌေးကလွဲပြီး ကျွန်တော့်ကို “ အန်ပေါင်း ” အများဆုံး ပေးသူက သူပဲလေ။  ( ကျွန်တော် ဝမ်းနည်းတဲ့ အထဲမှာ ဒါကလည်း ပါတယ် :P ) အဲ . . အဲလေ . . တကယ်လည်း ကိုယ့် အဒေါ်လိုပဲ ခင်ပါတယ်။ 

အန်ပေါင်းကတော့ နိုင်ငံခြားသားတွေထဲမှာ ကျွန်တော်က အရဆုံးပါ။ ( ဘယ်သူ့မှတော့ သွားမပြောနဲ့နော်။ ) အားလုံးနဲ့ ခင်တော့ ကျွန်တော်ကတော့ မတောင်းပါဘူး ၊ သူတို့ဖာသာ  ခင်လို့ ပေးတာပါ။ ဒီတော့လည်း ကျွန်တော်က အခင်အမင်ကို အပျက်အဆီး မခံနိုင်သူ ဆိုတော့ အသာတကြည်ပဲ ယူလိုက်တာပါ။  ဒါပေမဲ့ ကျွန်တော်က မာနက ကြီးတယ်လေ။ ဒါကြောင့် ဘယ်တော့မှ လက်ဖြန့်ပြီး မယူဘူး။ “ ရော့. . အင့် . . အိတ်ထဲ ထည့်လိုက် ” ဆိုပြီး အိတ်လေးပဲ ဖြဲပေးလိုက်တယ်။ ငြင်းလိုက်ရင် ကိုယ်က ရိုင်းရာ ကျမယ် မဟုတ်လား။ “ ရှဲရှဲ ” ဆိုပြီး သုံးလလောက် အလွတ်ကျက်ထားတာလေး တစ်ကြောင်းကိုတော့ အားရ ပါးရ ပြောချလိုက်ပါသေးတယ်။ 

အခု ဒီအဒေါ်ကြီးက ပြောတော့ ကျွန်တော် တကယ်ကို စိတ်မကောင်းတာပါ။ ဒါနဲ့ သူက ဆက်ပြီး ဟိုပြော ဒီပြောပြောရင်း အလုပ်ထွက်ရတဲ့ အကြောင်းကို ရောက်လာပြန်ပါလေရော။ ဒီတော့ သူကလည်း ဘော့စ်က အန်းကို နှာဘူးကျပြီး အခွင့်အရေးတွေ ပေးနေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ထွက်ရတာလို့ ပြောပါတော့တယ်။ “ ဘော့စ် နဲ့ အန်း နဲ့ လုံးနေကြတယ်။ ” ဆိုသော စကားက သူ့စကားထဲမှာ အခွန်းပေါင်းများစွာ ပါပါတယ်။ သူတို့လုံးနေတာ မုန့်လုံးရေပေါ်တော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲ ဘာကြီးကိုပဲ လုံးလုံးပေါ့လေ ကျွန်တော့် အတွက်တော့ နေသာပါတယ် လို့ ထင်ခဲ့ပါတယ်။

ဒါပေမဲ့ မနေသာပါဘူး။ နောက်နေ့ ကျတော့ သူဌေးက ခေါ်ပြီး ပြောတယ်။ Shipping က အဒေါ်ကြီး အပါအဝင် နောက်ထပ် လူ ၃ ယောက်ထပ်ထွက်မယ် ဆိုပဲ။ ကျွန်တော် တော်တော်ကို မျက်လုံးပြူး ထွက်သွားပါတယ်။ ဒါနဲ့  . . . ဒါနဲ့ ပေါ့ဗျာ။ ကျွန်တော့်မှာ အရင် ထိုင်ခုံလေးမှာ ပြန်ထိုင်ပြီး အခု အလုပ်ပြန်လုပ်နေရပြန်တယ်။  တကယ်ကို စိတ်ခုတယ်။ ဟိုကို ပြောင်းရတာ ဘာများ ကြာသေးလို့လည်း ဗျာ။ ဒါကို သူဌေးက ပြောလိုက်သေးတယ်။ “ မင်း သွားစစ်ချင်ရင် တစ်ပတ်နှစ်ရက်လောက် သွားစစ်ပေါ့။ ” တဲ့. . . ၊ ကတောက် . . . ပြောပုံကို ကြည့်ဦး။

ဒါနဲ့ ကျွန်တော့်မှာ အလုပ်နဲ့ ချာချာကို ပြန်လည်နေတော့တာပါပဲ။ လူ ၇ ယောက် ထွက်တယ် ဆိုတဲ့ အားကလည်း နည်းတာ မဟုတ်ပါဘူး။ အားလုံးကလည်း အလုပ်မှာ အနည်းဆုံး ၅ နှစ် သက်တမ်းတွေချည်းပါပဲ။ Shipping က အဒေါ်ကြီး တစ်ယောက်ပဲ ၃ နှစ်ကျော်။ ( အလုပ်များပြီး ရှုပ်နေတဲ့ အကြောင်းတွေ နောက် မရေးတော့ပါဘူးဗျာ။ ) ပို့စ်မတင်နိုင်လို့ ဘာဖြစ်နေတာလဲ ထင်နေမဲ့ စာဖတ်သူတွေကို အားနာလို့ အခု လက်ရှိ ဖြစ်နေတာလေးကို ပြောပြချင်လို့ မနေ့က အလုပ်ထွက်တော့ မပြန်သေးဘဲ ကမန်းကတန်း ရေးနေတုန်း Marketing က တရုတ်မ Sandra က ဘာလုပ်နေတာတုန်း ဆိုပြီး လာကြည့်တယ်။

အဲဒီတော့မှ ကျွန်တော်လည်း သူ့ကို သတိရသွားတယ်။ အလုပ်မှာ သူများတွေ သူဌေးက အန်းကို နှာဘူးကျနေလို့ ဆိုပြီး ခံစားကာ အလုပ်ထွက်နေချိန်မှာ သူကတော့ အစားမပျက် ၊ အသောက် မပျက်ဘဲ အေးဆေး အလုပ်ဆက်လုပ်နေတယ်။ သူ့ကို ကျွန်တော် တိုးတိုးမေးကြည့်လိုက်တော့ သူက ပေါ့ပေါ့ပါးပါးပဲ တိုးတိုးဖြေတယ်။

“ သူဌေးကလည်း သူဌေး အလုပ် သူဌေးလုပ်တယ်။ သူတို့အလုပ် သူတို့ လုပ်တယ်။ ငါက ငါ့အလုပ် ငါလုပ်တာလေ။ ”

သူက ဒါပဲ ပြောသွားပါတယ်။ ဒါပေမဲ့ ကျွန်တော် ရေးလက်စ စာလေးကို ဖျက်လိုက်မိတဲ့ အထိ အတွေးတွေ ပြောင်းသွားရတယ်။ ဟုတ်တယ်။ ကျွန်တော်တို့ မှားနေတယ်။ တကယ်တော့ သူဌေးက အန်းကို နှာဘူး ထနေပြီး အသစ်ရောက်လာသူကို လုပ်ပိုင်ခွင့်တွေ ချပေးလို့ ကိုယ့်ရဲ့ ရပိုင်ခွင့်ထဲကများ ဆုံးရှုံးသွားလို့လား။ မဆုံးရှုံးပါဘူး။ ဒါဆို သူဌေးနဲ့ အန်းကို နှာဘူးကျနေတယ် ဆိုတာ သူ့တို့ ဖာသာ အဆင်ပြေနေတာပဲလေ။ ဘာလို့ ကိုယ်က ကြားကနေ ဖြစ်နေရမှာလဲ ၊ မဟုတ်ဘူးလား။

တကယ်လို့. . . . သူဌေးက အန်းကို နှာဘူး ကျသလို ကိုယ့်ကို လာပြီး နှာဘူးကျရင်ရော ကိုယ်က အန်းလို ပြန်ပြီး ဆက်ဆံ နိုင်ပါ့မလား။ ပြန်ပြီး မဆက်ဆံနိုင်ဘူး လို့ ကျွန်တော် ထင်တာပါပဲ။ ဒါကြောင့် နှာဘူးကျသူနဲ့ နှာဘူး အကျခံသူ ၊ သူတို့ဖာသာ အဆင်ပြေနေတာကို ကိုယ်က ဘာလို့ ကြားမှာ နေရခက်ပြီး အလုပ်ထွက်ကြတာလဲ။ သူ့လိုလည်း ကိုယ်က လိုက်မလုပ်နိုင်ပါဘူး။ သူ့လို ကိုယ်က ဖြစ်လာခဲ့ရင်ရော . . . . ဒါဟာ တော်တော်ကို ပြောရခက်သွားပါတယ်။ သူဌေး နှာဘူးထနေလို့ ဆိုပြီး အလုပ်ထွက်သွားသူတွေနဲ့ သူ့အလုပ် သူလုပ် ၊ ကိုယ့်အလုပ် ကိုယ်လုပ် ဆိုပြီး စိတ်ထားနိုင်တဲ့ Sandra ရဲ့ စိတ်ဓါတ်က ပိုပြီးတော့ ဖြစ်သင့်ပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ကြည့်ရင် မြင်သာပါတယ်ဗျာ။ သူများ အလုပ်လုပ်နေတာ ၊ အောင်မြင်နေတာကို သွားကြည့်မိပြီး နေရင်းထိုင်ရင်း ဖြစ်ပျက် ခံစားမိကာ ဒေါသတကြီး ထွက်နေသူတွေကိုပေါ့။ ဒီလို လူမျိုးကို အရင်က ကျွန်တော် ဘယ်လို နာမည်တပ်ရမှန်း တကယ်ကို မသိခဲ့ပါဘူး။ အခုတော့ ဒီလူတွေကို “ သူဌေး နှာဘူး မကျရင် အလုပ်ထွက်မဲ့ လူစားများ ” ဆိုပြီး ကိုယ့်ဖာသာကိုယ်ပဲ နာမည်ပေးပြီး အဲဒီ အုပ်စုထဲကို ထည့်ထားလိုက်ပါတော့တယ်။

တကယ်တော့ ဘဝဆိုတာက နေတတ်ရင် ကျေနပ်စရာပဲ မဟုတ်လား။ ကောင်းကင်မှာ တိမ်တွေ အုပ်အုပ်ပြာပြာ ဖြစ်နေတယ်။ လျှပ်စီးတွေ လက်နေတယ်။ ပန်းကလေး တစ်ပွင့် ကြွေကျတယ်။ ငှက်ကလေး နှစ်ကောင် ပကျိပကျိ လုပ်နေကြတယ်။ ခွေးနှစ်ကောင် ကိုက်နေတယ်။ ကားတိုက်သွားတယ်။ မြေပြိုတယ်။ ငလျင် လှုပ်တယ်။ မိုးကြိုးပစ်တယ် အစရှိသဖြင့် အစစ အရာရာပေါ့လေ။ ဘာတွေပဲ ဖြစ်နေပါစေ ဖြစ်ပြီးသွားတာကို ကျွန်တော်တို့ ထိတွေ့ခံစားကာ ဝမ်းနည်း ကြေကွဲနေမလား ၊ ဖြစ်တာကို ဖြစ်တယ် ဆိုပြီး လက်ခံကာ ကိုယ့်လုပ်သင့်တာကိုပဲ ကိုယ်လုပ်ကြရမှာပါ မဟုတ်လား။ ဒါဆိုရင် လောကကြီးက သာယာပြီး နေချင့်စဖွယ် ပျော်စရာ ကောင်းပါတယ်ဗျာ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

လောကမှာ “ သူဌေးက နှာဘူးကျလို့ အလုပ်ထွက်ခဲ့ရတယ်။ ”  ဆိုပြီးတော့ ကြားဖူးကြမှာပါ ၊ ဖြစ်ရိုးဖြစ်စဉ်ကိုး။ အခုတော့ဗျာ မပြောပေမဲ့ ကြားနေရတယ် ဆိုသလိုပဲ ဖြစ်နေတယ်။ ( တိုးတိုးလေး ပြောပြမယ်။ ) ကျွန်တော့် အလုပ်မှာလေ “ သူဌေးက သူတို့ကို နှာဘူး မကျလို့ အလုပ်ထွက်မယ်။ ” ဆိုပြီး ဖြစ်နေကြပါရောလား။

ခက်တယ် . . . ခက်တယ်. . . လောကမှာ ဒီလို သဘောမျိုးနဲ့ လူတွေ အများကြီးကို ရှိပါတယ်။ ပြီးတော့ အခုနောက်ပိုင်း ပိုပိုပြီး တွေ့လာရတယ်ဗျာ။

သြော်. .  ဒါနဲ့။ သူများတွေက သူဌေး နှာဘူး မကျရင် အလုပ်ထွက်မယ် ဆိုပြီး အလုပ်တွေ ထွက်ကုန်တာ “ ကိုဇော်က ဘာလို့ မလုပ်မထွက်တာလဲ။ ” လို့တော့ မလုပ်နဲ့နော်။ အဟဲ. . ဒါကလည်း ပြောရသေးတယ်။ ကျွန်တော်နဲ့ သူဌေးက ဘာမှ မဟုတ်ပါဘူး။ ( ဟူး . .  တော်ပါသေးရဲ့၊ မမေ့ မလျော့ ပြောလိုက်မိလို့ :P )

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~  ~ ~ ~ ~ ~ 

ဖြည့်စွက်။ ။ တစ်ယောက်က “ ကုလည်မ ” လို့ ကျွန်တော် ရေးထားတာကို မျက်စိလည်သွားတယ် ထင်ပါတယ်။ ဒါကြောင့် အောက်ကနေ ဖြည့်စွက် ရေးပေးလိုက်တာပါ။ အိန္ဒိယမှာ များသောအားဖြင့် “ ဟင်ဒီ ” နဲ့ “ တမီလ် ” လို့ ခေါ်တဲ့ ဘာသာစကားကို ပြောကြပါတယ်။ ( များသော အားဖြင့် ) ဒီလူတွေက မြန်မာနိုင်ငံထဲကို ရောက်လာတဲ့ အခါမှာ ဟင်ဒီ စကားကိုတော့ နားထောင်လို့ လွယ်ပေမဲ့ ၊ တမီလ်စကားကိုတော့ နားထောင်ရတာကို လည်လည်ထွက်သွားသလို ၊ သူတို့ ပြောနေတဲ့ စကားကလည်း သူတို့ လျှာကိုလည်း လည်လည်နေတာပဲ။ ဒါကြောင့် သူတို့ ပြောတဲ့ စကားသံကို မြည်စွဲ၍ သူတို့ကို “ ကုလည် ” လို့ အလွယ်ခေါ် လိုက်ကြပါတယ်။ တကယ်တော့ သူတို့က တမီလ်ပါ။ ဒါကြောင့် တမီလ်တွေကို မြန်မာနိုင်ငံမှာ “ ကုလည် ” လို့ ခေါ်ပါတယ်။ ဒါကြောင့် ကျွန်တော်က အလွယ် အနေနဲ့ “ ကုလည်မ ” လို့ပဲ ရေးလိုက်တာပါ။ ဘာသဘောမှတော့ မပါသလို ၊ ဘာကိုမှလည်း မရည်ရွယ်ပါဘူး။ လူအများ နားလည်လွယ်တဲ့ စကားလုံးကိုပဲ ယူသုံးလိုက်တာပါ။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

ကိုအောင်(ပျူနိုင်ငံ) said...

ထူးဆန်းတဲ့ လုပ်ငန်းခွင် အတွေ့အကြုံတစ်မျိုးပေါ့ ...း)

KO GYI said...

ကောင်းတယ် ကိုဇော်
ဒါတွေက တကယ့်ဖြစ်စဉ်တွေပါပဲ
ခေါင်းစဉ်ပေးထားတာလေးနဲ့ အံဝင်ဂွင်ကျပဲဗျာ။

ကိုရီး{ကိုကြီး}

moeyann said...

ပြုံးပြီးရေနေတာပါကိုဇော်။ သူဌေး နှာဘူး မကျရင် ပို့စ်ထဲ မှာ ကုလည်မ လို့ဖြစ်နေတယ်နော် ။

ကိုဇော် said...

ဟုတ်တယ်ဗျ။
ကုလားမမှာ ဟင်ဒီစကားပြောတာနဲ့ ကုလည် စကားပြောတဲ့ နှစ်မျိုးကွဲပါတယ်။ ကုလည်စကားပြောသူကို မြန်မာမှာလည်း “ ကုလည် ” လို့ပဲ ခေါ်တယ်လေ။ ဒါကြောင့် “ ကုလည်မ ” လို့ပဲ ရေးလိုက်တာပါ။

ရွှေရတုမှတ်တမ်း said...

သူဌေးက ကိုဇော်ကိုပါ နှာဘူးကျနေသေးသလားလို့..
အလန့်တကြား ဖြစ်သွားတာပဲ...
ဟူးးးးးးးးးးးး

SHWE ZIN U said...

အင်း ဇာတ်လမ်းတွေ ရှုတ်ပါ့ဗျာ ဒီသဌေးက လည်း ကျမယ့်ကျ အားလုံးကျလိုက်ပြီးတာဘဲ ကိုဇော်ကြီးလည်း အလွတ်မပေးဘဲနဲးးးးးးးးးးးးးးးးးး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်နုငယ် said...

အိမ်းလေ..အမရွှေစင်ဦးပြောသလိုပဲ..
သူဌေးကလည်းနှာဘူးကျမဲ့ကျ..အကုန်လုံးကိုကျလိုက်
ပီးရော....
ထုတော့..အလုပ်သမားတွေအများကြီးဆုံးရှုံးရတယ်။
ကိုဇော်ကြီးလည်းအလုပ်မထွက်ပုံထောက်ရင်ဖြင့်...
သူဌေးက....ဟိဟိ
နှာခေါင်းကြီးလာကြည့်သွားဒယ်...လစ်ပီ

♥shwe♥gal♥♥♥♥ said...

ကိုဇော်ရေ...
အဲဒါနဲ့ပဲ တရေးမှိန်းပီးကားစီးမယ့်အစီအစဉ်ပျက်သွားတာပေါ့လေ
အလုပ်တွေ များလာတာပေါ့လေ...
ကိုဇော်ပို့စ်အသစ်မတင်သေးရင်..
အန်း..ကိုပဲပြေးမြင်ကြည့်လိုက်မယ်(နောက်တာနော်)
အဆင်ပြေပါစေကိုဇော် အစစအရာရာ
ခင်မင်တဲ့
ရွှေဂဲ

သဒ္ဓါလှိုင်း said...

ခေါင်းစဉ်ကြည့်ပြီးလန့်သွားတာပဲကိုဇော်ရေ..။
ဖတ်ရင်းနဲ့မှအော်........လို့.
အလုပ်မှာအဆင်ပြေပါစေနော်..

ခင်မင်စွာ
သဒ္ဓါ

nyeinsoe said...

အတွေ့အကြုံကို ရသနှင့်မျှဝေပေးထားလို့ ကျေးဇူးတင်နေပါတယ် ...
ငြိမ်းစိုးဦး

phyo said...

ကိုဇော်..အဲဒါ နင်တို့သူဌေးပုံလား.. ဟိ ကြောက်စရာကြီးနော်.. စီနီယာတွေရဲ့ မထားသင့်တဲ့မာန ဖတ်သွားပါတယ် သယ်ချင်း.. ငါတော့ နင့်ကို ယုံပါတယ်.. နင်ကတော့ ဂျူနီယာလေးတွေကို ပျူငှာစွာ ဆက်ဆံနေမယ်ဆိုတာလေ...

white said...

ကိုဇော်ရေးထားတဲ့
တကယ်တော့ဘဝဆိုတာနေတတ်ရင်ကျေနပ်စရာကြီးပဲ
မှန်ပါတယ်၊ လူတွေကအထင်တွေမှား၊ အတွေးတွေမှားပြီးသူတို့ ရဲ့ 
တက်လမ်းတွေမှေးမှိန်ကုန်တယ်၊
ကိုဇော်ရော Boss ကနှာဘူးမကျရင်အလုပ်ထွက်မဲ့လူစားများစာရင်းထဲမပါလောက်
ပါဘူးနော်၊ :)

နေ၀သန် said...

ပေးချင်တဲ့ မေ့ဆခ်ျလေးကို ခြုံပြီးပေးသွားတယ်ဗျာ.. ကောင်းတယ်......


ခင်မင်တဲ့
နေ၀သန်

ဧပရယ်လ်ပူး@ပူးတေ said...

ခေါင်းစဉ်မြင်တော့ လန့်သွားတာပဲ...
:)
အစ်ကိုရေးထားတာ တော်တော်လေးရီရတယ်...

moeyann said...

အစ်ကိုဇော်ရေ ခုတော့ ကျမသိပြီ ။ အဲ ကျွန်တော်နားလည်သွားပါပြီ ကုလည်မ ကို ဟဲဟဲ
အစ်ကို့ဆီ ရောက်ရင် အသိ တစ်ခုခုတော့ တိုးတယ်။ ကျေးဇူးပါ ။ အမှတ်တရ အနေနဲ့ ပြောရရင် (ကျည်ဆံကာမိန့်ခွန်း)နဲ့ စပြီး ကိုဇော်ဆီကို မနားတမ်းလာလည်ဖြစ်ပါတယ်။ ဖြည့်စွက်ရေးပေးတဲ့အတွက် ကျေးဇူးပါ

Buddha's dhamma said...

ဦးဇင်းလာရောက်ဖတ်ရှုခဲ့ပါတယ်ဒါယကာ

kyaw said...

ဟုတ်တယ်နော်
အားလုံးကကိုယ့်အလုပ်ကိုယ်လုပ်နေရင်ပြီးတာကို...
အခုတော့ကိုဇော်ပြောသလို စဉ်းစားနေရပြန်ပြီ..

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.