မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 June 2010

13 နိုင်ငံခြား သွားချင်သော အာလူးလေး တစ်လုံး အကြောင်း



အမှာ . . .

စာအုပ်ပုံ အမှိုက် အရှုပ်တွေ များများရှင်းနိုင်ပါစေ လို့ ညီမလေး Angel Shaper ပြောသွားသလိုပါပဲ။ ကျွန်တော့်မှာက အရင်က စိတ်ကူးပေါက်ရာတွေ ချချရေးထားတာ အများကြီး။ ဒါပေမဲ့ အားလုံးက လက်ရေးနဲ့ပေါ့လေ။ ပေါက်ကရတွေ ဆိုပါတော့။  တချို့ကို ပြန်ဖတ်ကြည့်တော့ ငယ်ငယ်က အတွေးနဲ့ အရေးမို့လို့ ထင်တယ် အားနည်းတယ်လို့ ထင်တာပါပဲ။ ဒါကြောင့်မို့ မူရင်းအတိုင်း မတင်ဖြစ်ပါဘူး။

အခုနောက်ပိုင်း ရေးဖြစ်တာတွေကိုတော့ စက်ထဲမှာ သိမ်းထားတတ်ပါတယ်။ ဒီမှာလည်း တစ်ခါတစ်လေ အခန်းက စက်ထဲမှာ ရေးမိတော့ တင်တော့မယ် ဆိုမှ ကျန်ခဲ့ပြန်ရော။ ဒါကြောင့် တစ်ခါတစ်လေ ပို့စ်တင်ရင် နောက်ကျနေတတ်ပါတယ်။ အခုတော့ ရေးပြီး လက်စ ပို့စ် အားလုံးကို စတစ်လေးထဲမှာ စုလိုက်တော့ အပုဒ် ၂၀ ကျော်လောက်တော့ ရှိပါတယ်။ အဲဒီပို့စ်တွေကိုက စာလုံးပေါင်းလေးပြင်လိုက်ရုံ ၊ အထားအသိုလေး ပြောင်းလိုက်ရုံနဲ့ ပို့စ်တင်ဖို့ အဆင်ပြေပါပြီ။

ဒါပေမဲ့ ဒီပို့စ်များကို ကျွန်တော် မတင်ပါရစေနဲ့ဦး။ ဘာလို့လဲ ဆိုတော့ တချို့ပို့စ်တွေက မထင်မှတ်ပဲနဲ့ ( အစ်မတစ်ယောက်က အမြဲတမ်း စေတနာနဲ့ သတိပေး ပြောဖုးသလို ) ကလောင်သွားက ထက်ပြီး သူများတွေကို သွားသွားစူးမိနေကာ ၊ သွားရှ မိနေတတ်ပါတယ်။ တကယ်တော့ မရည်ရွယ်ခဲ့ရိုး အမှန်ပါ။ အဲဒီလို ထိရှ သွားမိသူများကိုလည်း ဒီနေရာကပဲ အနူးအညွှတ် တောင်းပန်လိုက်ပါတယ်။

ကျွန်တော်က ရေးထားတာ အတန်ငယ်ကြာပေမဲ့ ကျွန်တော့်ရဲ့ စိတ်ထဲမှာနဲ့ တိုက်ဆိုင်တာကို ကျွန်တော်က တင်လိုက်တော့ လက်ရှိ အခြေအနေတွေကို သွားပြီး ထိရှ မိတတ်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော် ဒီနေ့ တင်မဲ့  “ အမွှေးတိုင်များ ” ဆိုတဲ့ ပို့စ် ( ဒီပို့စ်ကို ကျွန်တော် “ ထောင့်ချိုးများ ”  ဆိုတဲ့ ပို့စ်မှာ ညွှန်းဖူး ထားပါတယ် ။ ) အပါအဝင် လက်တလော ရေးထားသော စာများကို ခဏသိမ်းထားပြီး ရှေးရှေးတုန်းကလို့ ပြောရမဲ့ စာအဟောင်းလေးများကိုသာ ဖုန်ခါပြီး ပြန်တင်ပေးပါရစေ။

အခု ပို့စ်လေးကလည်း ငယ်ငယ်က ကြားမိ ၊ တွေးမိတာလေးကို ကလေးလိုပဲ ချရေးထားတာပါ။ ဒီပို့စ်လေး ဖြစ်လာအောင် Inspiration ပေးတဲ့ အချက်လေးကိုလည်း အောက်မှာ ဖော်ပြပေးပါ့မယ်။ ဒီအကြောင်းအရာလေး တစ်ခုတည်းကိုပဲ အရင်က ဝတ္ထုတို ရေးရင်း ဝတ္ထုရှည် ဖြစ်သွားအောင် ရေးဖူးပါတယ်။ အခုကတော့ ဝတ္ထုတိုလေး အနေနဲ့ ဇာတ်ကွက်လေး တစ်ကွက်နေရာမှာ ရပ်ပါ့မယ်။ အရှည်ကတာ့ ရေးဖို့ အားမရှိလို့ပါ။ 

နိုင်ငံခြား သွားချင်သော အာလူးလေး တစ်လုံးအကြောင်း ” ဆိုတဲ့ စာလေးကတော့ ဒီလိုပဲ စတင်ပါတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

တစ်ခါက . . . . . 

သားသား အာလူးလေးက ဖေဖေ အာလူးကြီးကို ပြောသတဲ့။

“ ဖေဖေ သား နိုင်ငံခြား သွားချင်တယ်။ ”

သား အာလူးလေးက ဒီလို ပြောလိုက်တော့ ဖေဖေ အာလူးကြီး နဲ့ မေမေ အာလူးကြီးတို့က အံ့သြသွားတာပေါ့။ ဒီတော့ အမေတွေရဲ့  ထုံးစံအတိုင်း မေမေ အာလူးကြီးက . . . 

“ အို . . မသွားရပါဘူး။ ဘာလုပ်ဖို့ သွားရမှာလဲ။ မသွားနဲ့။ ”

ဒီလို ဂရုဏာဒေါသောနဲ့ တားပြီး ပြောပေမဲ့ ၊ ဖေဖေ အာလူကြီးကတော့ ဖခင်တို့ရဲ့ ထုံးစံအတိုင်း ပြုံးပြီး တွေးတွေးဆဆ နဲ့ . . . 

“ သားက ဘာလို့ သွားချင်ရတာလဲ။ ”

ဒီလို အကျိုးသင့် အကြောင်းသင့်မေးတယ်။  ဖေဖေ အာလူးကြီးက ဒီလို မေးတော့ သား အာလူးလေးက မျက်တောင်လေး ပေကလပ် ပေကလပ် နဲ့ ပြန်ဖြေတယ်။

“ သားတို့ကို လူတွေက အာလူး အာလူး နဲ့ ခေါ်နေတာကို မကြိုက်လို့ သွားချင်တာပါ ဖေဖေ။ ”

“ ဟေ . . သားရဲ့။  အာလူးကို အာလူးလို့ ခေါ်တာ ဘာလို့ မကြိုက်ရမှာလဲ။ ” 

“ သားကို သား သူငယ်ချင်းတွေက ပြောကြတယ်။ အာလူး ဆိုတာ လူတွေရဲ့ကြားမှာ ကျတော့ “ စကားများတဲ့ လူကို ပြောတာ ” တဲ့။ ဒါကြောင့် သားက ဒီနာမည်ကြီးကို မကြိုက်တာ ဖေဖေ ။ ”

“ ဒါဆို နိုင်ငံခြားမှာ အာလူး ကို ဘယ်လို ခေါ်တာလဲ သားရဲ့။ ”

“ နိုင်ငံခြားမှာက အာလူးကို “ ပိုတေး ” “ ပိုတေးတိုး ” လို့ ခေါ်တယ် ဖေဖေ။ နာမည်လေးကတင် ချစ်စရာလေး မဟုတ်လား။ ”

“ မဟုတ်တာပဲ သားရယ်။ ကိုယ့်နိုင်ငံမှာက အာလူးလို့ ခေါ်နေတာ မကြိုက်လို့ နာမည်လေး ပြောင်းချင်တာနဲ့ပဲ နိုင်ငံခြား သွားတယ် ဆိုတာ မဟုတ်သေးပါဘူးကွယ်။ သားရဲ့ အကြောင်း ပြချက်က မခိုင်လုံဘူး။ မသွားပါနဲ့ကွာ။ ”

ဖေဖေ အာလူးကြီး က ဒီလို ပြောလိုက်တော့ သား အာလူးလေးက ငိုမလို မျက်နှာလေး မဲ့သွားပြီး . . .

“ သား သူငယ်ချင်းတွေ အားလုံး နိုင်ငံခြား သွားနေကြတာကို ဖေဖေက  သားကို နိုင်ငံခြား ပေးမသွားရင် သားကတော့ အခု အချိန်က စပြီး ဘာမှ မစားမသောက်တော့ဘူး။ သေချင်လည်း သေပါစေတော့. . . ”

အဲဒီလို ပြောပြီး သား အာလူးလေးက သူ့အခန်းထဲကို ခေါင်းငိုက်စိုက်ချပြီး ဝင်သွားပေမဲ့ ဖေဖေ အာလူးကြီး နဲ့ မေမေ အာလူကြီးတို့က သူ့တို့သား အာလူးလေး အချိန်တန်ရင်တော့ ထွက်စားမယ်ပဲ ထင်နေတယ်။ ဒါပေမဲ့ တကယ်ကို သား အာလူးလေးက ခေါင်းမာစွာနဲ့ပဲ ဘယ်လိုပဲ ခြောက်ကျွေးကျွေး ၊ ချော့ကျွေးကျွေး တစ်ရက်လည်း ထမင်းမစား ၊ နှစ်ရက်လည်း ထမင်း မစားဆိုတော့ ကြာတော့ သား အာလူးလေး ပိန်ပိန်လာပြီး အားပြတ်ကာ အိပ်ယာထဲ လဲနေပါလေရော။

ချော့ကျွေးလို့လည်း မစား ၊ ခြောက်ကျွေးလို့လည်း မစားတော့ပဲ ကျန်းမာရေး ထိခိုက်လာပြီး အိပ်ယာထဲ လဲနေတော့မှ ဖေဖေ အာလူးကြီး နဲ့ မေမေ အာလူးလေးတို့က စိုးရိမ်လာပြီး သား အာလူးလေး ဘာလို့ ဒီလောက်တောင်မှ နိုင်ငံခြား သွားချင်နေရတာလဲ ဆိုပြီး စုံစမ်းဖို့ အပြင်ကို ထွက်လာခဲ့တယ်။

အပြင်ကို ရောက်လို့ သူတို့ မြင်လိုက်ရတာက သူတို့ကိုယ် သူတို့ မယုံနိုင်အောင် ဖြစ်ရတော့တယ်။ အပြင်မှာ ကောက်ပဲသီးနှံမျိုးစုံက နိုင်ငံခြားထွက်ဖို့ သူတို့ ပြင်ဆင်နေကြတယ်။ နိုင်ငံကူးလက်မှတ်ရုံမှာလည်း လူတွေ အပြည့် ၊ တခြား နိုင်ငံထွက်ဖို့ သင်တန်းပေးတဲ့ နေရာတွေမှာလည်း လူတွေ အပြည့်။ ပါးစပ်အဟောင်းသား ဖြစ်သွားတဲ့ ဖေဖေ အာလူးကြီး နဲ့ မေမေ အာလူးကြီးတို့က သူတို့နားမှာ ရှိနေတဲ့ သရက်သီး မိသားစုထဲက သရက်သီးလေးကို လှမ်းပြီး မေးလိုက်တယ်။

“ ခင်ဗျားတို့ ဘာလုပ်နေတာလဲဗျ။ ”

“ နိုင်ငံခြား သွားဖို့လေ။ ”

“ နိုင်ငံခြား သွားပြီး ဘာလုပ်ဖို့လဲ။ ”

ဖေဖေ အာလူးကြီးက ဒီလိုလည်း မေးလိုက်ရော သရက်သီးလေးက ဖေဖေ အာလူးကြီးကို ခေတ်မမှီ လိုက်တာ ဆိုတဲ့ ပုံစံနဲ့ ကြည့်ပြီး . . .

“ ဟာဗျာ. . . အားလုံး လုပ်နေကြတာ မသိဘူးလားဗျာ။ နာမည် လှလှလေး လိုချင်လို့။  ”

“ ဘယ်လို နာမည်လှလှလေးလဲ ၊ အခုလည်း သရက်သီး ဆိုတာ မလှဘူးလား။ ”

“ သရက်သီး ဆိုတာ မလှလို့တော့ မဟုတ်ဘူးဗျ။ နိုင်ငံခြားမှာ  ဆိုရင် သရက်သီးကို “ မန်းဂိုး  ” လို့ ခေါ်တာ ၊  မန်းဂိုး ဆိုတာလေးက ဘယ်လောက်လှလဲ။ အခု လုပ်နေကြတဲ့ ကောက်ပဲ သီးနှံတွေ အားလုံးက နာမည် လှလှလေး လိုချင်လို့ နိုင်ငံခြားကို သွားကြမှာ။ ”

ဒိတ်အောက်နေပြီ ဆိုတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်ပြီး သရက်သီးလေးက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးထဲကို ဝင်သွားတယ်။ ပြင်ပလောကမှာ ဒီလောက် ဖြစ်နေမယ် ဆိုတာ မသိတဲ့ ဖေဖေ အာလူးကြီးနဲ့ မေမေ အာလူးကြီးက မျက်လုံးလေး အပြူးသား ၊ ပါးစပ်လေး အပြဲသားနဲ့ ကြည့်နေမိတယ်။ ဒီအချိန်မှာ ဖေဖေ အာလူးကြီးက တစ်ခုကို သွားပြီး သတိရတယ်။ အခုလို လာနေတဲ့ ကောက်ပဲသီးနှံတွေထဲမှာ အသီးအနှံတစ်ခုက မပါဘူးဖြစ်နေတယ်။

ဒါနဲ့ အဲဒီ အသီးအနှံ အိမ်ကို သွားပြီး မေးမယ်ဆိုပြီး ဖေဖေ အာလူးကြီး နဲ့ မေမေ အာလူးကြီး ထွက်လာခဲ့တယ်။ အဲဒီ သီနှံအိမ်ကိုလည်း ရောက်ရော . . .

“ သူများတွေ နိုင်ငံခြား သွားနေကြတာ ခင်ဗျားတို့က ဘာလို့ မသွားတာလဲဗျ။ ”

“ မသွားချင်ပါဘူးဗျာ။ သွားချင်နေကြတဲ့ လူတွေ အားလုံးက နာမည် လှလှလေးတွေ လိုချင်လို့ နိုင်ငံခြား သွားနေကြတာ မဟုတ်လား။ ကျွန်တော်တို့ အတွက်ကတော့ မထူးပါဘူးဗျာ။ ကျွန်တော်တို့ နာမည်က ဂျင်း လေ။ နိုင်ငံခြားရောက်သွားမှ ဂျင်းကနေ “ ဂျင်းဂျား ” ဆိုပြီး ခေါ်ကြတော့ ကျွန်တော်တို့ အတွက်တော့ ဂျား ဆိုတာကြီးကတောင်မှ ရှုပ်နေပါသေးတယ်ဗျာ။ ဒါကြောင့် မသွားတော့ပါဘူး။ ”

ဒီလို ဂျင်းမိသားစုက ပြောလည်း ပြောရော ဖေဖေ အာလူးကြီး နဲ့ မေမေ အာလူးကြီးက လောကမှာ နာမည်လှလှက အရမ်းကို အရေးကြီးပါလား ဆိုတာကို လက်ခံသွားကြတော့တယ်။ ဒါကြောင့် နာမည်လှလှလေး လိုချင်လို့ နိုင်ငံခြား သွားချင်နေပြီး ထမင်းမစားပဲ ဆန္ဒပြနေတဲ့ သူတို့သား အာလူးလေးကို မခွဲနိုင်ပေမဲ့ နိုင်ငံခြားသွားဖို့ သဘောတူလိုက်တော့မယ်လို့ ဆုံးဖြတ် လိုက်ကြလေတော့သည်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဖေဖေ အာလူးကြီးနဲ့ မေမေ အာလူးကြီး ဆီက စကားကို ကြားရတော့ သား အာလူးလေးက မယုံနိုင်တဲ့ မျက်နှာနဲ့ မော့ကြည့်တယ်။ ဒီတော့ ပြုံးပြီး ပြောနေတဲ့ ဖေဖေ အာလူးကြီးက. . .

“ တကယ်ပြောတာပါ သားရဲ့။ သားကို ဖေဖေတို့ နိုင်ငံခြား သွားဖို့ သဘောတူလိုက်ပါပြီ။ ဒီတော့ သားကို နိုင်ငံခြား သွားဖို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်လို့ ရအောင် သားကလည်း အခုအချိန်က စပြီး ထမင်းပြန်စားပြီး အားမွေးထားတော့။ ”

“ တကယ်လား ဖေဖေ။ ”

“ တကယ်ပေါ့ သားရ။ ”

“ မေမေ တကယ်နော်။ သားကို ထမင်းပြန်စားအောင် ညာနေတာ မဟုတ်ပါဘူးနော်။ ”

“ မဟုတ်ပါဘူး သားရယ်။ သားလေးက နာမည်လှလှလေး လိုချင်နေတယ် ဆိုတော့ သားဖေဖေနဲ့ မေမေက ခွင့်ပြုလိုက်တာပါကွယ်။ ကဲ. . အခုချိန်က စပြီး သား ထမင်း မှန်မှန်စားနော်။ ”

“ ဟုတ်ကဲ့  မေမေ။ ”

နိုင်ငံခြား သွားရတော့မယ် ဆိုတာ သိလိုက်ရတော့ သား အာလုးလေးရဲ့ ရွင်လန်း တတ်ကြွမှုတွေက ဖေဖေ အာလူးကြီး နဲ့ မေမေ အာလူးကြီး ကိုပါ ဝမ်းသာ ဝမ်းနည်း မျက်ရည်လည်စေတယ်။ သား အာလူးလေးရဲ့ ပျော်ရွှင်မှုက သူတို့ရဲ့ ပျော်ရွှင်မှုပဲ မဟုတ်ပါလား။

နောက်နေ့က စပြီး ဖေဖေ အာလူးကြီး ၊ မေမေ အာလူးကြီး နဲ့ သား အာလူးလေးဟာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာနမှာ သူများ ကောက်ပဲသီးနှံတွေနဲ့ အတူတူ နိုင်ငံခြား သွားဖို့ နိုင်ငံကူး လက်မှတ် လာလုပ်တာကို တွေ့ကြရတယ်။

နိုင်ငံကူး လက်မှတ်လုပ်ပြီးလို့ သူတို့ သား အာလူးလေးကို နိုင်ငံခြားသွားဖို့ အတွက် စုံစမ်းလိုက်တော့ ဧဂျင့်တစ်ခုကို စုံစမ်းရမိတယ်။ အဲဒီ ဧဂျင့်က နိုင်ငံခြားထွက်ချင်တဲ့ ကောက်ပဲသီးနှံတွေ အကုန်လုံးကို သူက ချုပ်ပြီး ပို့ပေးတယ် ဆိုပဲ။ ဒါကြောင့် နိုင်ငံခြား ထွက်ချင်သူ အားလုံးက အဲဒီ ဧဂျင့်ကိုပဲ အားကိုးကြရတယ်။ သူက လွဲပြီးလည်း ကျန်တဲ့ ဧဂျင့်က မရှိဘူး။ ဧဂျင့်ကလည်း ကောက်ပဲသီးနှံတွေ အားလုံးက သူ့ကို အားကိုးနေရတယ် ဆိုတာကို သိတော့ သူကလည်း ခပ်မာမာပဲ ပြောတယ်။

“ အားလုံးကို နိုင်ငံခြား လွှတ်ပေးမယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကို ရောက်ပါမယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူး။ ကျွန်တော်တို့က လူအများကြီးနဲ့ လုပ်ရတာလေ။ ဒါကြောင့် ကျလာတဲ့ မဲ အရ ကံကောင်းရင် အမေရိကား ၊ ပြင်သစ် ၊ အင်္ဂလန် ၊ သြစတေးလျား ၊ ဂျာပန် စတဲ့ နိုင်ငံကြီးတွေ ရောက်မယ်။ တကယ်လို့ ကိုယ်ရဲ့ မဲက မကောင်းခဲ့ရင်တော့ အာရှက နိုင်ငံငယ်တွေကို ရောက်နိုင်တယ် ဒါပဲ။ ကြိုက်ရင် လုပ် ၊ မကြိုက်ရင် မလုပ်နဲ့။ ”

ဒီလို ဧဂျင့်ကလည်း ခပ်မာမာ နဲ့ ခပ်ပြတ်ပြတ်ပဲ ပြောတယ်။ ကောက်ပဲ သီးနှံတွေ အားလုံးကလည်း နိုင်ငံခြားသွားချင်ရင် သူ့ကို မှီခိုနေရတယ် ဆိုတာကို သိလို့ သူကလည်း မာနိုင်တာပေါ့လေ။ ဒါပေမဲ့ မမာနိုင်တဲ့ နိုင်ငံခြား သွားချင်ကြသော ကောက်ပဲသီးနှံတွေကတော့ ကိုယ်က သွားချင်တော့ သူ့ကို အောက်ကျို့ပြီး သူပြောတဲ့ သဘောတူညီချက်ပေါ်မှာ လက်မှတ်ထိုးပြီးတော့ လုပ်ကြရတယ်။

ဒီလို ဧဂျင့်နဲ့ လုပ်ထားပြီး ကိုယ်ထွက်ရမဲ့ နိုင်ငံကို မရောက်မချင်းကတော့ အားလုံးက ဘုရား ၊ တရားကိုသာ အာရုံထားလုပ်ပြီး ကိုယ်ရောက်သွားမဲ့ နိုင်ငံက နိုင်ငံကြီး ဖြစ်အောင်သာ ဆုတောင်းနေကြတယ်။ လေယာဉ်ပျံပေါ်တတ်တဲ့ အထိလည်း သူတို့ သွားရမဲ့ နိုင်ငံကို သူတို့ မသိကြဘူး။ သူတို့ကို စုရပ်တစ်ခုကို ပို့လိုက်ကြတယ်။ ပြီးတော့မှ နောက်ထပ် လေယာဉ်ပျံတစ်စီးပေါ်ကို တင်ပြီး သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံကို ပို့လိုက်ပါတယ်။ ဒါကြောင့် ဘယ်သူက ဘယ်နိုင်ငံကို ရောက်မယ် ဆိုတာ ဘယ်သူမှ မသိကြဘူး။

သား အာလူးလေးကလည်း လေယာဉ်ပျံပေါ်ကို ဝတ်စုံပြည့် လှလှပပလေးနဲ့ တတ်သွားရင်း အောက်မှာ ကျန်နေခဲ့တဲ့ ဖေဖေ အာလူးကြီး နဲ့ မေမေ အာလူးကြီးကို လက်ပြနှုတ်ဆက် လိုက်တယ်။ အဖေ အမေ နဲ့ တကယ် ခွဲရတော့မယ် ဆိုတော့ သား အာလူးလေးကလည်း နိုင်ငံခြားကိုတော့  နာမည်လှလှလေးခေါ်တာ ခံချင်လို့ သွားချင်ပေမဲ့ မျက်ရည်တွေ ဝေ့တတ်လာတယ်။ ဖေဖေ အာလူးကြီးကတော့ မေမေ အာလူကြီး ပုခုံးကို ကိုင်ထားပြီး ထိန်းပေးထားတယ်။ သား အာလူးလေးကိုလည်း လက်ပြနှုတ်ဆက်ရင်းပေါ့။

လက်ပြနှုတ်ဆက်ရင်းနဲ့ အာလူးလေးရဲ့ ခြေလှမ်းတွေက အာလူးလေးကို လေယာဉ်ပျံထဲကို သယ်ဆောင်သွားတယ်။ အာလူးလေး လေယာဉ်ပျံပေါ်ကို ရောက်ပြီး မကြာခင်မှာပဲ လေယာဉ်ပျံကြီးက စတင်ပျံသန်း ထွက်ခွာသွားတော့တယ်။ နာရီ အတန်ကြာအောင် စီးပြီးတော့ အာလူးလေးတို့ ပါလာတဲ့ လေယာဉ်ပျံကြီးဟာ လေယာဉ်ကွင်း တစ်နေရာမှာ ဆင်းသက်ခဲ့တယ်။

အာလူးလေးတို့ လေယာဉ်ပျံပေါ်က ဆင်းပြီး နာရီဝက်လောက် နေတော့ နောက်ထပ် လေယာဉ်ပျံပေါ်ကို တတ် ခဲ့တယ်။ နောက်ထပ် ထပ်စီးရတဲ့ လေယာဉ်ပျံဟာ နှစ်နာရီလောက် ကြာတော့ အာလူးလေးတို့ ဆင်းရမဲ့ လေယာဉ်ကွင်းကို ရောက်လာခဲ့တယ်။ ကိုယ်ရောက်ချင်နေတဲ့ နိုင်ငံခြားကို ရောက်လာပြီ ဆိုတော့ အာလူလေး အပါအဝင် တခြားသော အသီးအနှံများလည်း စိတ်ရှုပ်ရှားနေကြတာပေါ့။

ကိုယ့်ရဲ့ တစ်နိုင်တစ်ပိုင် ပစ္စည်းတွေကို ဆွဲရင်း အာလူးလေး လေယာဉ်ပေါ်က ဆင်းတော့ သူရောက်နေတာ ဘယ်နိုင်ငံလဲ ဆိုတာ သူလည်း မသိဘူး ၊ အဲဒီနိုင်ငံက စာတွေ ရေးထားပေမဲ့ ရေးထားတဲ့ စာတွေကို အာလူးလေးက မဖတ်တတ်ဘူး။ ဒါပေမဲ့ သူလိုချင်နေတဲ့ နာမည်လှလှလေး နဲ့ သူ့ကို အာလူး အဖြစ်မှ “ ပိုတေး ” “ ပိုတေးတိုး ” လို့ ခေါ်မယ် ဆိုတာကို တွေးကြည့်မိတာနဲ့ သူ ကြည်နူးနေမိတယ်။

လေယာဉ်ရဲ့ လှေခါးတွေက ဆင်းပြီး လေယာဉ်အတွင်းထဲလည်း ရောက်ရော အာလူးလေးဆီကို လူတစ်ယောက်က ချဉ်းကပ်လာပြီး . . .

“ အာလူး . . အာလူး . . . . . ”

ဆိုပြီး ဝဲတဲတဲ အသံနဲ့ ခေါ်တယ်။ ရုတ်တရက်ဆိုတော့ အာလူးလေးလည်း ယောင်ပြီးတော့တောင်မှ ထူးမိတော့မလို ဖြစ်သွားသေးတယ်။ နောက်မှ ငါရောက်နေတာ နိုင်ငံခြားပဲ  ဆိုတာကို သတိရပြီး လာခေါ်နေတဲ့ လူဘက်ကို လှည့်လိုက်ပြီး ဒေါသတကြီးနဲ့. . . .

“ ငါ့ကို အာလူးလို့ မခေါ်နဲ့။ ငါက မြန်မာနိုင်ငံမှာသာ ငါ့နာမည်က အာလူး။ ငါ့နာမည် မြန်မာနိုင်ငံက အာလူး ဆိုတာကို မြန်မာနိုင်ငံမှာ ထားခဲ့ပြီ။ ဒါကြောင့် ငါ့ကို ခေါ်ချင်ရင် ဒီနိုင်ငံက နာမည်ပဲ ခေါ်။ အာလူးလို့ လာမခေါ်နဲ့။ ”

ဒီလိုလည်း အာလူးလေးက ဒေါသတကြိး ပြောလိုက်ရော။ အာလူး လို့ လာခေါ်တဲ့ လူကြီးရော တခြား ဘေးနားက လူတွေရော အားလုံးက အာလူးလေးကို ကြည့်ပြီး ဝိုင်းရယ်ကြပါလေရော။

“ ဟား . . . ဟား . . . . ဟား. . . . .”

သူတို့ ဒီလို ရယ်လေ အာလူးလေးက ပိုပြီး ဒေါသတွေ ထွက်လေပဲ။

“ ဘာတွေ ရယ်နေကြတာလဲ။ ငါ့ကို မြန်မာနိုင်ငံက နာမည် အာလူးလို့ မခေါ်နဲ့။ ငါ့ကို ခေါ်ချင်ရင် ဒီနိုင်ငံက နာမည်ပဲ ခေါ်။ ”

သူက ထပ်ပြောလေ ဟိုလူတွေက ပိုပြီး ရယ်လေပဲ။ နောက်ဆုံးတော့ အာလူးလေးက သူ့ကို ဝိုင်းရယ်နေတာကို ရှက်လွန်းလို့  သူအတွက် စီစဉ်ထားတဲ့ ကားပေါ်တတ်ပြီး သူနေရာမဲ့ အခန်းကို ရောက်လာခဲ့တယ်။ သူနေရာရမဲ့ အခန်းမှာ သူ့လိုပဲ မျက်နှာလေးတွေ မဲ့နေတဲ့ အာလူးလေးတွေကို တွေ့လိုက်ရတယ်။ ဘာဖြစ်မှန်း မသိပေမဲ့ အာလူးလေးက ရောက်ရောက်ချင်းပဲ မေးလိုက်မိတယ်။

“ မင်းတို့ ဘာဖြစ်နေကြတာလဲ။ သူတို့ကရော ဘာလို့ နိုင်ငံခြား ရောက်နေတာတောင်မှ ငါ့ကို “ ပိုတေး  ”  “ ပိုတေးတိုး ” ဆိုပြီး မခေါ်ပဲ ၊ “ အာလူး ၊ အာလူး ” နဲ့ လိုက်ခေါ်ကြတာလဲ။ ”

ဒီတော့ အာလူးလေးရဲ့ အရင် ရောက်နေကြတဲ့ အာလူးတွေ အားလုံးက အာလူးလေးကို သနားဖို့ ကောင်းတယ် ဆိုတဲ့ မျက်လုံးနဲ့ ဝိုင်းကြည့်ပြီး ပြိုင်တူ ပြောလိုက်ကြတယ်။

“ ငါတို့ကို အာလူးလို့ ခေါ်မှာပေါ့ကွ။ မြန်မာနိုင်ငံမှာ အာလူးလို့ ခေါ်သလိုပဲ ဒီနိုင်ငံမှာလည်း အာလူးကို သူတို့ ဘာသာနဲ့ အာလူး လို့ပဲ ခေါ်တာပါပဲ။ ဘာလို့လဲ ဆိုတော့ ဒီနိုင်ငံက အိန္ဒိယ နိုင်ငံ ဖြစ်နေလို့ပဲ။ အိန္ဒိယနိုင်ငံမှာလည်း မြန်မာနိုင်ငံက အာလူးကို အာလူး လို့ပဲ ခေါ်တယ်လေ။ ”

ဒီစကားသံကိုလည်း ကြားရော နာမည်အသစ်လေး အခေါ်ခံချင်တဲ့ အာလူးလေး ဆွဲလာတဲ့ ပစ္စည်းတွေ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး အာလူးလေးလည်း ပုံလျက်သားလေး ထိုင်ကြသွားတယ်။ အဲဒီနေ့က စပြီး နာမည်အသစ်လေး လိုချင်တဲ့ အာလူးလေး မပျော်တော့ပါဘူး။ ဒီနိုင်ငံမှာ မပီကလာနဲ့ “ အာလူး ၊ အာလူး ” လို့ ခေါ်နေတာထက် စာရင် မြန်မာနိုင်ငံမှာပဲ “ အာလူး ” လို့ ပီပီသသ အားရပါးရ ခေါ်တာ ခံချင်ပါတော့တယ်။

အာလူးလေး နေတိုင်း စဉ်းစားနေတာကတော့ သူ မြန်မြန် မြန်မာနိုင်ငံကို ပြန်ချင်တာပါပဲ။ သူ့ကို “ အာလူး  ” ဆိုပြီး အားရပါးရ ခေါ်မဲ့ သူ့ရဲ့ ဖေဖေ အားလူးကြီး ၊ မေမေ အာလူးကြီးနဲ့ မြန်မာနိုင်ငံက လူများရဲ့ ခေါ်သံကို သူ အားရပါးရ ကျေကျေနပ်နပ် ပြုံးကာ လက်ခံလိုက်မယ် လို့ သူ တွေးနေမိပါတော့တယ်။


လေးစားစွာဖြင့်
ကိုဇော်


နောက်ဆက်တွဲ. . . . .

ဒီစာလေးကို ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က လမ်းဘေးမှာ အကြော်ရောင်းတဲ့ ကုလားဆိုင်မှာ အကြော်ဝယ်စားနေရင်း အာလူးကြော် စားချင်လို့ သူ့ကို မှာတော့ သူက အာလူးကုန်နေလို့ သူ့ရဲ့ ကလေးကို သွားဝယ်ဖို့ ပြောလိုက်တာမှာ သူ့စကားတွေကို အကုန် နားမလည်တဲ့ ကျွန်တော်က ဒီစကားတွေ ကြားထဲမှာ “ အာလူး ” ဆိုတာကိုတော့ ထိထိ မိမိ ကြားလိုက်ရတယ်။ ဒါကြောင့် သူ့ကို “ အာလူး ” သွားဝယ်ခိုင်းတာလားလို့ မေးလိုက်တော့ ကုလားကြီးက မျက်လုံးပြူးးသွားပါတယ်။ သူက ကျွန်တော် ကုလားလို နားလည်နေတယ် မှတ်နေတာ။

ဒီတော့မှ ကျွန်တော်က ကျွန်တော် ကုလားစကား နားမလည်ပါဘူး။ ဒါပေမဲ့ ခုနပြောလိုက်တဲ့ အထဲမှာ အာလူး ဆိုတာပါလို့ ပြီးတော့ လက်ဟန်ခြေဟန်ကြောင့် ခန့်မှန်းလိုက်တာပါ ဆိုမှ သူက မြန်မာလို အာလူးကို ကုလားလိုလည်း အာလူးလို့ပဲ ခေါ်တယ် ဆိုတဲ့ အကြောင်းကို ပြောလို့ ကျွန်တော်က အိန္ဒိယမှာရော အာလူး ကို အာလူးလို့ပဲ ခေါ်တာလား ဆိုတော့ သူက ဟုတ်ပါတယ်လို့ ဆိုတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ဒီ အတွေးလေး ရလာခဲ့ပါတယ်။

ဒီတော့ အာလူးနဲ့ ပတ်သတ်ပြီးတော့ ရှေးက နာမည်ကျော် ဗန်ဂိုးရဲ့  “ အာလူးစားသူများ ”  ပန်းချီကား။


ဒီပန်းချီကားရဲ့ အသက်က စားနေသူတွေရဲ့ မျက်လုံးပါ။ သေချာ ကြည့်ပါ။

နောက်တော့ ဆရာ တာရာမင်းဝေ ရဲ့ “ အာလူးကောက်သူများ ” ဝတ္ထုတိုလေး။ ဒါတွေကို ဖတ်ပြီးတော့ ကျွန်တော် ကြားဖူးထားတဲ့ ဒီ အာလူး က ရင်ထဲမှာ ငြိမ်ငြိမ် မနေတော့ဘူး။ ဒါကြောင့် နောက်ဆုံး ကျွန်တော် ကြားဖူးထားတဲ့ အာလူးလေးကို စိတ်ထဲမှာ ရှိတဲ့ အတိုင်း ချရေးလိုက်တာပါ။ နောက်တော့  စိတ်ကူးပေါက်လာလိုက် ဆက်ရေးလိုက် ဆက်ရေးရင်း ရေးရင်းနဲ့ တော်တော်ကြီးကို ရှည်လာခဲ့တယ်။ နောက်ဆုံးမှာတော့ အဆုံးသတ်သွားရခဲ့တယ် ဆိုပါတော့။

အခု ဖော်ပြထားတဲ့ “ နိုင်ငံခြား သွားချင်သော အာလူးလေး တစ်လုံး အကြောင်း ” ဆိုတာကတော့ စစရေးမိတဲ့ အပိုင်းလေး တစ်ခုပါပဲ။ ငယ်ငယ်က အရေးအသားဆိုတော့လည်း ဒီလို အတွေး ၊ ဒီလို အရေးလေးမျှပါပဲ။ တစ်ခု ရှိတာက ကျွန်တော် စရေးတုန်းကတော့ ဧဂျင့်နေရာမှာ “ အိုင်းပူ ” ဆိုပြီး နောက်ပြီး နာမည် ထည့်ထားပါသေးတယ်။ အခုတော့ ဖြုတ်လိုက်ပါပြီ။ အဲဒီတုန်းကတော့ ဘာရယ် မဟုတ် လူငယ်ပီပီ နောက်ချင်စိတ်ကြောင့် “ ဦးပိုင် ” ကို နောက်ရေးလိုက်တာပါ။ အခုတော့ မပါတော့ပါဘူးနော် . . :P ဒါကလွဲလို့ ကျန်တာတွေ အားလုံးက မူရင်း အတိုင်းပါပဲ။

ကိုဇော်


Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

သြ အာလူး.. အာလူး အခုမှသိတော့တယ် အန္ဒိယ မှာလည်း အာလူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဘုတ်ဆုံ said...

အာလူးကို မြန်မာ၊အန္ဒိယ၊နီပေါ၊ဘင်္ဂလား
အားလူးလို့ပဲခေါ်ကြတာ။
နိုင်ငံခြားသွားချင်ရှာတဲ့အာလူးလေးကိုအဖြစ်ကို
ဖတ်ပြီး..နိုင်ငံခြားဆိုတာဘုမသိဘမသိ
အေ့ဂျင့်ပြောတာယုံရရှာတဲ့အညာသူ၊အညာသားလေး
တွေအဖြစ်ကိုသွားသတိရတယ်။
နိုင်ငံခြားဆိုပြီးလိမ်ပို့လိုက်တာ...ပုဂံညောင်ဦးလေကြောင်းလိုင်းနဲ့ပေါ့လေ...ဒါနဲ့ပုဂံညောင်ဦးကိုလေယာဉ်ဆိုက်ဖို့
အချိန်အနည်းငယ်အလိုမှာ လေယာဉ်ကွင်းကိုပတ်နေတဲ့ချိန် လေယာဉ်ပေါ်လာတဲ့အညာသားတစ်ချို့က...
ဟာနိုင်ငံခြားမှာလည်း ငါတို့ပုဂံညောင်ဦးလို ဘုရားတွေအများကြီးပါလားလို့ဆိုသတဲ့.....

~ဏီလင်းညို~ said...

ကိုဇော်ရေ......

အာလူးလေးတစ်လုံး.....ပြုံးပြီးတော့ ကော်မန့်ရေးသွားတယ်.......း))

မမြင်ဘူး....မူးကိုမြစ်ထင်တတ်တာလေးပေါ့နော်ဗျာ....။
ဖတ်ရတာ.... သိပ်ကောင်းတယ်ကိုဇော်....။
(ဒီကိုမရောက်ဖြစ်တာကြာလို့.......အနော်လည်းသတိရ၏)

ခင်မင်တဲ့
ဏီလင်းညို

seesein said...

သနားပါတယ် ဦးလာ အားလူးရယ်

ခင်တဲ့
seesein

သိင်္ဂါကျော် said...

အတွေးလေး ဆန်းတယ်.. ဖတ်လို့လည်းကောင်းတယ်..။

ဝက်ဝံလေး said...

ဟုတ်တယ် ကုလားတွေနဲ့က စကားတော်တော်များများဆင်တယ် တချို့ကို မြန်မာက မွေးစားထားတယ် ပြောတယ်
---
ဘာပဲဖြစ်ဖြစ် အာလူး အကြောင်းလေး ဖတ်ပြီး ပြုံးသွားတယ်နော်

Angel Shaper said...

ဟဟားးးးးးးးးးးးး
တို့ ကိုဇော်ကြီး... ရေးတတ်ပါ့......
ဟုတ်တယ်နော်....
အာလူးဟာ... အာလူးပဲ..........
ပိုတေးဖြစ်ချင် တခြားသွားဖြစ်....
အိန္ဒိယနဲ့ မြန်မာပြည်မှာတော့ အာလူးဟာာာ အာလူးးးး ပါ... ခွိစ်းးးးးး

Angel Shaper said...

စကားမစပ်.... ကိုဇော်ရေ..... စာအုပ်အရှုပ်ပုံတွေ ထပ်ရှင်းနော့်..... တွေ့တယ်မလားးးး ထွက်လာပြန်ပြီ။
ခစ်ခစ်..... အရသာရှိတဲ့စာလေးတွေ ဖတ်ရလို့ ကျေးကျေးစ်းးးးး

ကာရံဆူး said...

အော် ဒီအာလူးလေးက အိန္ဒိယနဲ့ မြန်မာ အရမ်းချစ်ကြတာ မသိဘူးထင်တယ်...

ရွှေရတုမှတ်တမ်း said...

ကောင်းဂလေးနော်..မာမူတို့က..အားတူတူပဲနော်..

maung said...

အာလူးက မြန်မာစကားလုံးမှ မဟုတ်ဘဲ။
အာလူး၊ ဂေါ်ဖီ၊ ဆမူဆာ၊ ပလာတာ၊ အဲဒါတွေ မြန်မာက မွေးစားထားတာ။
စာရေးတဲ့အခါ စာလုံးတလုံးရဲ့ အရင်းမြစ်ကို သိပြီးမှ ရေးသင့်တယ်။ ဟိုနေ့ကပို့စ်မှာလဲ ပေါင်မုန့် ကို ဘာလို့ ပေါင်မုန့်ခေါ်တာလဲ ဖတ်လိုက်ရသေးတယ်။ ပေါင်မုန့်ဆိုတာ တပေါင် (အလေးချိန်) ရှိတဲ့ မုန့်မို့ ပေါင်မုန့်ခေါ်တာ။ ပါမုန့် မဟုတ်ဘူး။
အာလူးကို အာလူးလို့ အိံန္ဒိယ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ ခေါ်တယ်ဆိုတာ အာလူးကိုယ်တိုင်က မသိဘဲ နေမလား။ အာလူးကတော့ ခင်ဗျားထက် သိမှာပါ။

မြသွယ်အေး said...

ဟာ ဟုတ်တာပဲ maung ပြောသွားတာ....................
ပေါင်မုန့်ဆိုတာ တပေါင် (အလေးချိန်) ရှိတဲ့ မုန့်မို့ ပေါင်မုန့်ခေါ်တာ။ ............တဲ့။
ဗဟုသုတရတယ်နော်.........
တကယ်လို့ ကီလို ရှိတဲ့ မုန်ဆို ကီလိုမုန့်လို့ခေါ်မလား
ဂ၇မ်ရှိတဲ့ မုန့်ဆို ဂ၇မ်မုန့်လို့ ခေါ်မှာလား ဟင်
ကိုဇော်ရော သိလား ဟင်

kyaw said...

ကျွန်တော်က တော့ အာလူးကြော်ဆို ဘယ်လိုပုံနဲ့ လာလာ ၀ါးပြီးသားဘဲ...
ကြိုက်မှကြိုက်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.