မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 June 2010

1 မျှခြေ




ငယ်ငယ်တုန်းက ဖေဖေက ကျွန်တော့်ကို “ နို့စိမ်းချက်နည်း ” နဲ့ ပတ်သတ်ပြီး ပြောပြဖူးပါတယ်။ အရွယ်ရော ၊ အသက်ရော ၊ ဦးနှောက်ရော ငယ်လို့ ထင်ပါတယ် ကျွန်တော် ဘာမှ သေချာ နားမလည်ပါ။ ဒါပေမဲ့ ပြောသမျှကိုတော့ မှတ်မိလိုက်ပါတယ်။

“ နို့စိမ်းချက်တယ် ဆိုတာ နို့ကို အကြာကြီး ကျိုလိုက်ရင် နို့က အဖြူရောင်ကနေ အဝါရောင်ကို ပြောင်းသွားတတ်တယ်။  ဒါကြောင့် သူ့ကို သင့်တင်တဲ့ အပူချိန်နဲ့ ကျိုရတယ်။ ဒါမှ ပိုးက သေမှာလေ။ ဒီလို သင့်တော်တဲ့ အပူချိန်နဲ့ ကျိုလိုက်တော့မှ နို့အစိမ်းတွေကနေ ကျိုပြီးသားနို့တွေ ဖြစ်လာပြီး နို့စိမ်းဘူးထဲကို ထည့်ဖို့ အဆင်ပြေတော့တယ်။ 

ဒါပေမဲ့ အဲဒီနေရာမှာ အခက်အခဲ တစ်ခု ရှိတယ်။ ပူနေတဲ့ နို့တွေကို ဘယ်လိုလုပ်ပြီး ဘူးထဲကို ထည့်မလဲ။ ထည့်ရလို့ ရသည့်တိုင်အောင် အဆင်မပြေဘူး။ ဒါကြောင့် ပူနေတဲ့ နို့တွေကို ပြန်ပြီးတော့ အအေးခံရမယ်။ ပူနေတဲ့ နို့တွေကို အအေးခံရင် အပူဆိုတာ တဖြေးဖြေးချင်း လျော့ကျသွားတာ မဟုတ်လား။ ဒီလို အပူချိန်လျော့သွားရင်း ပြင်ပက အပူချိန် နဲ့ နို့ရဲ့ အပူချိန် တူညီနိုင်သော အခြေအနေ တစ်ရပ်မှာ နို့က မအေးသေးဘူး။ အေးလည်း အေးရော ပိုးဝင်ပြီး ချဉ်သွားတော့တာပဲ။

ဒါကြောင့် နို့စိမ်းချက်တဲ့ စက်ရုံတွေကိုမှာ နို့တွေကို ပိုက်တွေထဲကို ထည့်ပြီး သူတို့ သတ်မှတ်ထားတဲ့ အပူချိန်ရှိနေတဲ့ နို့ကျိုအခန်းထဲကို ဖြတ်စီးခိုင်းလိုက်တယ်။ ဟိုဘက်က ထွက်လာတဲ့ နို့တွေက ပိုးသတ်ပြီးသား ကျိုပြီးသွားပြီး ဒါပေမဲ့ ပူနေတယ်။ ဒါကို ချက်ချင်းပဲ ဟိုဘက်က အခန်းထဲမှာ အအေးဓါတ်တွေ လွှတ်ထားတဲ့ အခန်းထဲကို ဒီနို့တွေကိုပဲ ပိုက်ထဲကနေ တဆင့် ဆက်ပြီး စီးဆင်း ခိုင်းလိုက်တယ်။ 

ဒီတော့ ပူနေတဲ့ နို့တွေက အအေးခန်းထဲ ရုတ်တရက် အဝင်ခံလိုက်ရပြီး ချက်ချင်း အေးသွားရတယ်။ ဒီတော့ သူ့မှာ မျှခြေ လို့ ခေါ်တဲ့ အရာဝတ္ထုအပူချိန်နဲ့ ပြင်က အပူချိန် တူညီခါနီး အချိန်ဆိုတာ မရှိတော့ဘူး။ နို့ဆိုတာ ပူနေရင်လည်း ပိုးပေါက်ပွားပြီး မချဉ်နိုင်ဘူး။ အေးနေရင်လည်း ပိုးပေါက်ပွားပြီး မချဉ်နိုင်ဘူး။ နို့မှာ ပိုးပေါက်ပွားပြီး ချဉ်နှုန်း အကောင်းဆုံး အချိန်က “ ပူလည်း မပူတော့ အေးလည်း မအေးတော့တဲ့ မျှခြေ ရောက်ခါနီး အချိန်ပဲ။ ” ”

ဖေဖေက ဒီလို ပြောခဲ့ ပေမဲ့ ကျွန်တော် သဘောမပေါက်ခဲ့ပါဘူး။ နောက်ထပ် ၅ နှစ်လောက် အကြာမှာတော့ ဒီ နို့စိမ်းချက်နည်းလေးကို ထပ်ပြီး စကားစပ်မိရင်း ပြောပြပါတယ်။ ဒီနေရာမှာ ကျွန်တော်ကလည်း နည်းနည်းတော့ စဉ်းစားတတ်လာတော့ ဖေဖေ ပြောတဲ့ “ အပူကနေ အအေးရောက်ခါနီး အခြေအနေ ဆိုတာကို မရှင်းဘူး ” လို့ မေးလိုက်တော့ ဖေဖေက တခြားဥပမာ တစ်ခုနဲ့ ထပ်ပြီး ဒီလို ရှင်းပြပါတယ်။

“ အရွယ်တူ ဆိုဒ်တူ တိုင်ကီ နှစ်လုံးကို အောက်ခြေ ညီညီမှာ အတူတူ ချထားတယ် ဆိုပါစို့ကွာ။ တိုင်ကီ တစ်လုံးထဲမှာ ရေအပြည့် ရှိနေတယ်။ တိုင်ကီ တစ်လုံးထဲမှာတော့ ရေလုံးဝ မရှိဘူး။ ဒါကို ရေပြည့်နေတဲ့ ကိုင်ကီထဲက ရေတွေကို ရေလုံးဝ မရှိတဲ့ တိုင်ကီထဲ ရေပိုက်နဲ့ ရေသွယ်ထည့်မယ်ကွာ။ ဒီတော့ ရေတွေ ရေပိုက်ကနေ ရေလုံးဝ မရှိတဲ့ တိုင်ကီထဲ စီးကျသွားပြီပေါ့။

ဒီလို ရေစီးနေတာကို စောင့်ကြည့်နေ။ ရေပြည့်နေတဲ့ တိုင်ကီကနေ ရေမရှိတဲ့ တိုက်ကီထဲကို ရေပိုက်ကနေ ရေစီးဝင်တာ စစချင်း အချိန်က အမြန်ဆုံးပဲ။ နောက်တော့ ရေပြည့်နေတဲ့ တိုင်ကီမှာ ရေလျော့ကျလာပြီး ရေမရှိတဲ့ တိုင်ကီမှာ ရေပြည့်တတ်လာတာနဲ့ အမျှ ရေပိုက်ကနေ ရေစီးနှုန်းကလည်း တဖြေးဖြေး နှေးသွားတယ်။ ဒီအထိ သဘောပေါက်လား။ ”

“ ဟုတ်ကဲ့. . .”

“ နောက်တော့ ရေပြည့်နေတဲ့ တိုင်ကီကနေ ရေမရှိတဲ့ တိုင်ကီထဲကို ရေတွေ စီးဝင်လာရင်း ရေမရှိတဲ့ တိုင်ကီထဲက ရေက ပြည့်ပြည့်လာရင်း ရေပြည့်နေတဲ့ တိုင်ကီကလည်း ရေတွေ လျော့လျော့လာရင်း တိုင်ကီနှစ်လုံးရဲ့ ရေ Level က တူညီလာလေလေ သူတို့ရဲ့ ရေစီးနှုန်းက နှေးသွားလေလေပဲ။ နောက်ဆုံး သူတို့ ရေမျက်နှာပြင် နှစ်ခု ညီသွားပြီ ဆိုရင်တော့ သူတို့မှာ ဆက်လက် စီးဆင်းစရာ မရှိပဲ ရပ်သွားတော့တာပဲ။ ဒါကို “ မျှခြေ ” လို့ ခေါ်တယ် သားရဲ့။ သဘောပေါက်ပြီလား။ ”

“ ဟုတ်ကဲ့. . . ”

“ ဖေဖေ ပြောပြတဲ့ နို့စိမ်းချက်တာမှာက ဒီလို မျှခြေ အထိ တဖြေးဖြေးထားလို့ မရဘူး။ ဒါကြောင့် နို့စိမ်းချက်တာမှာတော့ ချက်ချင်းပူ ၊ ချက်ချင်း အေး ဆိုတဲ့ နည်းနဲ့ပဲ သူတို့ကို ချက်ရတယ်။ လူတွေမှာတော့ မတူဘူး။ လူတွေမှာတော့ ကိုယ်က ဘာဗဟုသုတ ၊ ဘာပညာမှာ မရှိတဲ့ အချိန်မှာတော့ အရာရာ မြင်သမျှ ၊ တွေ့သမျှက ပညာယူစရာ ၊ ဗဟုသုတ ရစရာတွေချည်းပဲ။ 

ဒီလိုနဲ့ ဗဟုသုတတွေ ၊ ပညာတွေ တဖြေးဖြေး စုဆောင်းရင်း ပြည့်ပြည့်လာရင်း ကိုယ်နဲ့ Level တူညီနေတဲ့ လူတစ်ယောက်နဲ့ သွားတွေ့တဲ့ အခါမှာ ကိုယ့်ဆီကလည်း သူ့ဆီကို မစီးဆင်း ၊ သူ့ဆီကလည်း ကိုယ့်ဆီကို မစီးဆင်းပဲ “ မျှခြေ ” ဖြစ်ကာ ဗဟုသုတ လွန်ဆွဲပွဲတွေ ဖြစ်လာတတ်တယ်။ ဒီလို အချိန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သုံးသပ်ကြည့် ကိုယ်က Level 1 လား ၊ 10 လား ၊ 100 လား။ ဘာဖြစ်မလဲ။ 

တကယ်လို့ ကိုယ်နဲ့ တွေ့နေရတဲ့ လူက Level 100 ဖြစ်နေပြီး ကိုယ်က Level 10 ဆိုရင် သေချာတယ် ငြင်းခုန်စရာ မဖြစ်တော့ဘူး ၊ သူ့ဆီက အရာတွေ ကိုယ့်ဆီကို စီးဝင်သွားလိမ့်မယ်။ တကယ်လို့ ကိုယ်ကတော့ Level 10 ပါပဲ သူက Level 1 ဆိုရင်လည်း ငြင်းစရာ မဖြစ်ပြန်ဘူး ကိုယ့်ဆီက အရာတွေ သူ့ဆီကို ဖာသိဖာသာပဲ စီးဝင်သွားလိမ့်မယ်။ 

ဒါကြောင့် သား သတိထားပြီးတော့ ကြည့်. . .၊ လောကမှာ မြင့်ရာကနေ နိမ့်ရာကိုပဲ စီးဆင်းတယ်။ နိမ့်ရာကနေ မြင့်ရာကို စီးဆင်းတယ် ဆိုတာ မရှိဘူး။ တကယ်လို့ ဘယ်ကိုမှ မစီးဆင်းပဲ ရေဝပ်နေပြီ ဆိုရင် သိလိုက်တော့ ဒါ “ မျှခြေ ” ကို ရောက်နေပြီ။ ဒါဆိုကိုယ် ကိုယ့်ဆီကို ဘယ်က စီးဆင်းနိုင်မလဲ ဆိုတဲ့ ကိုယ့်ထက် မြင့်ရာကို လိုက်ရှာပြီး သွယ်ယူရုံပေါ့။

တကယ်တော့ ရေဝပ်တယ် ဆိုတာ “ ဗွက်ပေါက်ဖို့ပဲ ”  ဖြစ်လာတတ်တယ် မဟုတ်လား။ အမြဲတမ်း စီးဆင်းပြီး ရှင်သန်နေဖို့ ဆိုတာကျတော့  ကိုယ့်ထက် Level မြင့်သူ ဆီက သွယ်ယူနိုင်အောင် ကြိုးစားထား. . . .  ။ ”


မှတ်ချက်။  ။ ကျွန်တော့်မှတ်စု စာအုပ်ထဲကပါပဲ။ ကြာတော့ မှုန်တုန်တုန်တောင်မှ ဖြစ်ပြီး မင်တွေတောင်မှ ပြန့်ချင် နေပါပြီ။ နေ့စွဲလည်း မပါဘူး။ ဒါကို အခု ကျွန်တော်က ရူပဗေဒ သဘောတရားလေး နည်းနည်း ဖြည့်စွက် ရေးလိုက်ပါတယ်။ 

ဒီနေ့ ကျွန်တော် ပို့စ် ၃ ပုဒ် တင်ပါ့မယ်။ အခု ပို့စ် “ မျှခြေ ”  ၊ မနက် ၁၀ နာရီမှာ “ ဘရိတ်မိရဲ့လား ” ၊  နောက်ဆုံး တစ်ပုဒ်ကိုတော့ ညနေ ၅ မှာ တင်ပါ့မယ်။ ဒီပို့စ်နာမည်က “ ကျွန်တော့် ဘူတာရုံလေး ” လို့ ပေးထားပါတယ်။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Crystal said...

ပြုံးပြီးတော့ ရေးလိုက်တယ် ကိုဇော်ရေ။
စာသားတွေမှာ ပါဝင်ခံစား ကခုန်လို့....။