မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 June 2010

12 အကြားမှန် ၊ အထင်မှား ( ၂ )



ကျွန်တော်တို့ ၁၀ တန်းတုန်းက “ ခက်ဆစ် ” ဆိုတာ ကျက်ရတယ်။ အဲဒီထဲက “ ဝေလီဝေလင်း ” ဆိုသော စကားလုံးလေး အကြောင်းကို အခုပဲ သတိရမိတယ်ဗျာ။ ဒီ ဝေလီဝေလင်း ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကို စာမေးပွဲမှာ ထည့်မေးတော့ တချို့လူတွေက မရကြဘူး။ မရတာကို မရဘူး ဆိုပြီး ဒီအတိုင်းထားရင် ကွက်လပ် ဖြစ်မှာ စိုးလို့ ထင်ပါတယ်။ သူတို့ စိတ်ထဲမှာ ထင်ရာတွေ လျှောက်ရေးကြတယ်။ 

ကျွန်တော်တို့ အိမ်နားက ဆရာမ တစ်ယောက်ကလည်း ၁၀ တန်း မေးခွန်းရဲ့ အဖြေတွေကို သွားစစ်ပါတယ်။ ဒီတော့ သူက မေးခွန်းတွေ သွားစစ်ပြီး ပြန်လာရင် သူစာမေးပွဲမှာ စစ်ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြန်ပြောပြလေ့ ရှိပါတယ်။  ဒီမှာ အခုလို ခက်ဆစ်စာလုံးတွေကို မသိရင်လည်း မသိဘူးလို့ မထားဘဲ ပေါက်ကရ လျှောက်ရေးထားတာကို ဟာသ သဖွယ် ပြန်ပြန်ပြောပြတတ်တယ်။ သူပြန်လာရင် ကျွန်တော်ကလည်း. . . “ ဆရာမ လုပ်ဦးလေ။ ဒီနေ့ ဘာတွေ့ခဲ့လဲ။ ” လို့ သွားသွားမေးလေ့ ရှိတယ်။ ဒီတော့လည်း သူက ထိုထိုဤဤ ပြောပြလေ့ ရှိတယ်။ ဒါဆို ကျွန်တော်ကလည်း အရမ်းသဘောကျပြီး တဟားဟား နဲ့ ရယ်လေ့ရှိတယ်။

ဥပမာ - 

ရင်းထောင် = အရင်းမှ ထောင်ထားသော။

ရင်းဆွဲ = အရင်းမှ ဆွဲသည်။

ကျက်မြေ = ဆူးလေ ၊ ပန်းဆိုးတန်း။

နံကာလ = မိုးရွာ၍ အိမ်သာများ လျှံသော အချိန်။

ဂနိုင် = အဆိုတော် အနိုင် ကို ချစ်စနိုးနဲ့ ခေါ်သော အိမ်နာမည်။

ဝေလီဝေလင်း = တရုတ် အမွှာညီအစ်ကို နှစ်ယောက်။ ( ဝေလီ သည် အကြီးဖြစ်၍ ၊ ဝေလင်း သည် ညီဖြစ်သည်။ )

အဲသလို . . . အဲသလိုတွေဗျာ။ အများကြီးမှ အများကြီး အကြောင်းအရာ တိုက်ဆိုင်လို့ သွားတွေးမိရင် လူက ရောက်နေတဲ့ နေရာကို ဂရုမစိုက်နိုင်တော့ဘူး။ “ ခွိး ” ခနဲ ရယ်ချမိတယ်။ ဘေးဘီကိုလည်း ဂရုမစိုက်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ “ ဘေးဘီ ” ဆိုတာ ကျွန်တော့် အဘိုးရဲ့အဘိုးတွေ မဟုတ်လား။ သူတို့မှ မရှိတော့တာ ဂရုမစိုက်မိတော့ဘူးလို့ ပြောတာပါ။ ထားပါတော့လေ။

အခု ကျွန်တော် ရေးမဲ့ ပို့စ်မှာ “ ဝေလီဝေလင်း ” ဆိုတာလေး ပါနေလို့ မဆီမဆိုင် ဝင်ပြီး လျှာရှည်မိတာပါ။ ကျွန်တော်ရေးမဲ့ “ ဝေလီဝေလင်း ” က တရုတ် အမွှာညီအစ်ကို မဟုတ်ပါဘူး လို့ဘဲ အဓိက ကျွန်တော်က ပြောချင်တာပါ။  ဒါလေးပါပဲ။ တကယ်တော့ ကျွန်တော် ရေးချင်တာက ဒီလိုဗျ. . . .

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

မနက်စောစော “ ဝေလီဝေလင်း ” အချိန် ဆောင်းရာသီဥတုရဲ့ အအေးဓါတ်က လူတကာတို့ကို အိပ်ယာထဲတွင် မထချင်နိုင်လောက်အောင် ကွေး၍ နေစေချင်၏။ ထိုသို့ ကွေးနေသူများလည်း ရာခိုင်နှုန်းနဲ့ ဆိုရင် အများအပြား ကွေးနေကြလိမ့်မည်။ သို့သော် ဒီလို မနက်စောစော “ ဝေလီဝေလင်း ” အချိန်တွင် အိပ်ယာထဲတွင် ကွေးမနေနိုင်ဘဲ အိပ်ယာမှ ထကာ ဝမ်းရေးအတွက် ဈေးရောင်းသူများလည်း ရှိကြပေသည်။ 

ထိုအထဲတွင်မှ တစ်ယောက် ဖြစ်သော မိန်းမတစ်ယောက်သည် သူရောင်းနေသော ပစ္စည်းကို လူတွေ သိရစေရန်အတွက် သူ လာရောင်းနေပြီဆိုတာ အားလုံးကြားရန် အော်ရလေသည်။ မနက်စောစော “ ဝေလီဝေလင်း ” အချိန်ဆိုတော့ အိပ်ယာထဲမှာ ကွေးနေသူများလည်း နိုးစေရန် အတွက် အသံကို မြှင့်ကာ အော်ရလေသည်။

“ ပဲပြုတ် . . . . . .”

သူ၏ အသံကား အောင်လှပေသည်။ နေ့စဉ် နေ့တိုင်း မနက်စောစောလည်း ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လျက် ရှိနေသည် မဟုတ်လား။ ဓါတ်တိုင် နှစ်တိုင်စာနားလောက် အရောက်မှာတော့ သူက နောက်တစ်ခါ ထပ်၍ သူရောင်းသော ပစ္စည်းကို ကြော်ငြာပြန်လေသည်။

“ ပဲပြုတ်. . . . ”

ဆောင်းရာသီ၏ အေးစက်မှုကြောင့် အိပ်ယာထဲတွက် ကွေးနေနိုင်သူများက ကွေးနေကြပြီး အလုပ်သွားရန် အတွက် ချက်ပြုတ်ပြင်ဆင်ရန် အတွက်သောလည်းကောင်း ၊ ကိုယ်တိုင်အတွက်သော်လည်းကောင်း ၊ တခြားသူ အတွက်သော်လည်းကောင်း ပြင်ဆင်ကြရမည့် သူတွေကတော့ အိပ်ယာထဲမှာ ကွေးမနေနိုင်တော့ပဲ ထကာ ပဲပြုတ်ဝယ်မယ် ဆိုရင် ပဲပြုတ်သည် အသံကို နားစွင့်ကာ သူမရောက်လာခင် ကတည်းက စောင့်ကာ အော်ခေါ်တတ်ကြသည်။ တချို့ကလည်း ပဲပြုတ်သည် အော်သံကြားမှ အော်ခေါ်တတ်သည်။

“ ပဲပြုတ်. . . ”

တတိယအကြိမ် အော်အပြီးမှာတော့ ပဲပြုတ်သည်ရဲ့ အော်သံပြီးပြီးချင်း ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။

“ လာပါဦး။ ”

ဒီလိုပဲ ခေါ်ကြတာ မဟုတ်လား။ ဒီတော့ ပဲပြုတ်သည်ကလည်း သူ့ဆီက ပဲပြုတ်ကို ဝယ်ဖို့ ခေါ်တယ် ဆိုတော့ သွားရောင်းဖို့ ခေါ်တယ် ထင်ရတဲ့ နေရာကို လှမ်းကြည့်တော့ အိမ်တွေ အားလုံးက တံခါးတွေ ပိတ်ထား၏။ ဘယ်က ခေါ်မှန်း သူမှန်း မရဘူး။ ဒီတော့ သူကလည်း ဘယ်က ခေါ်မှန်း သိအောင်လို့ ဘယ်က ခေါ်တာလဲ ဆိုပြီး ပြန်မေးရသည်။

“ ဘယ်က ခေါ်တာလဲ။ ”

ဒီတော့ ခေါ်တဲ့ လူကလည်း ခေါ်သာ ခေါ်လိုက်တာ လူက အိပ်ယာက မထသေးဘူး။ ပဲပြုတ်သည် အသံကြားလို့သာ အော်လိုက်တာ။ မအော်ဘဲ ထလိုက်ရင်လည်း ပဲပြုတ်သည်က ကျော်သွားဦးမယ်လေ။ ဒါကြောင့် အသံကြားတော့ အိပ်ယာထဲက ကွေးနေရာက အော်လိုက်တာ ဆိုတော့ ပဲပြုတ်သည်က “ ဘယ်ကလဲ ” လို့ မေးတော့ သူကလည်း ပြန်ဖြေမိ၏။

“ အိပ်ယာထဲက. . . ”

သူလည်း ဒီလို ဖြေလိုက်ရော ပဲပြုတ်သည်က တစ်မျိုးထင်သွားပြီး . . . . .

“ သေနာကောင်ကြီး ၊ မသာကြီး လူကိုများ ဘယ်လို အစားများ မှတ်နေလဲ။ ”

ဆိုပြီး ဆဲဆိုကာ ပဲပြုတ်ကို မရောင်းဘဲ စိတ်ဆိုးပြီးတော့ ထွက်သွားတော့တယ်။ ဒီအချိန်မှာမှ အိမ်ထဲက လူက ပဲပြုတ်ဝယ်ဖို့ ဇလုံလေးကိုင်ပြီး ထွက်လာတော့ သူက အဝေးကြီးကို ရောက်သွားပြီ။ အိပ်ယာထဲက ထပြီး အိမ်အပြင်ထွက်လာသူကလည်း ဘာလို့ ပဲပြုတ်သည် ဒီလို ဆောင့်ကြီး အောင့်ကြီး ထွက်သွားတာလဲ ဆိုတာကို နားမလည်ဘဲ ခေါင်းကိုပဲ တွင်တွင် ကုတ်နေတယ် ဆိုပဲ။

အရင်က ဖတ်ခဲ့ရတဲ့ ဟာသလေး တစ်ခုပါ။ တကယ်တော့လည်း နှစ်ယောက်စလုံးက တစ်ယောက်ပြောတာကို တစ်ယောက် အစွန်အဖျားလေးတွေနဲ့ နားလည်ကြပါတယ်။ ဒါပေမဲ့ ဒီလို အစွန်အဖျားလေးတွေနဲ့ပဲ သူတို့ နားလည်မှု လွဲသွားကြတာပါပဲ။

ပဲပြုတ်သည်ကလည်း “ ဘယ်အိမ်က ခေါ်တာလဲ။ ” လို့ မမေးဘူး။ ဒါကို ဖြေတဲ့ လူကလည်း “ ဘယ်နေရာက ဆိုပြီး နေရာကို အတိအကျ ဖြေမိပြန်ပါလေရော။ ” သူက ဘယ်အိမ်ကပါ လို့ မဖြေတော့ ပဲပြုတ်သည်ကလည်း သူဖြေတာကို တစ်ခါထပ်ပြီး တလွဲတွေးမိသွားပြန်ပြီး စိတ်ဆိုးသွားပြန်တာပါပဲ။ တကယ်တော့ အဲဒီလူကလည်း ဘာသဘောနဲ့မှ ဖြေတာ မဟုတ်နိုင်ပါဘူးလေ။ သူက အတည်ပြန်ဖြေတာ ဖြစ်ချင် ဖြစ်မယ်။ နောက်ပြီး ဖြေတာ ဖြစ်ချင် ဖြစ်မယ်။

ဘယ်လိုပဲ ဖြေဖြေ သူတို့ ကြားလိုက်ရတာကတော့ အမှန်ပါပဲ ၊ ဒါပေမဲ့ ဒါကို ကိုယ့်အထင်တွေနဲ့ လျှောက်တွေးလိုက်တော့ ပြုံးစရာ ဖြစ်သွားသလို ၊ ရယ်စရာ ဟာသလေးလည်း ဖြစ်သွားတာပါပဲ။

ဒါလေးကိုလည်း ကျွန်တော် “ ဝေလီဝေလင်း ” ဆိုတဲ့ တရုတ် အမွှာညီအစ်ကို လိုပဲ ပြန်တွေးမိတိုင်း ပြုံးမိစေတဲ့ ဟာသလေးပါပဲ။ ဒီနေ့ ညီမလေး တစ်ယောက်နဲ့ စကားပြောရင်း သူ့ကို ပြောပြမိလို့ အားလုံးလည်း ပြုံးမိစေဖို့ သက်သက်ပါပဲ တင်ပေးလိုက်တာပါ။ ဖတ်ဖူးသူများ ရှိရင်လည်း ထပ်ပြုံးမိပါစေ။ မဖတ်ရသေးသူတွေဆိုလည်း “ ငါသာ ” ဆိုပြီး ဝင်ခံစားကာ ပြုံးနိုင်ကြစေဖို့ သက်သက်ပါပဲ။

ပျော်ရွှင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

း))))...
ဖတ်ပြီးတော့ ပြုံးမိပါတယ်..
ပြုံးရာက မနေနိုင်လို့ ရယ်မိပါတယ်...
ဟားဟား..
ဖြစ်ရလေကွယ်...း)))

ခင်မင်တဲ့
နေ၀သန်

sosegado said...

ပဲပြုတ်.. လါပါဦး…….အိပ်ယာထဲက… လွဲမယ်ဆိုလည်းလွဲလောက်ပါရဲ့၊ ဒီလိုပဲ လွဲခဲ့ကြပါတယ်၊ လွဲနေဆဲပါပဲ၊

Crystal said...

ပဲပြုတ်စားချင်နေရတဲ့ အထဲ....။ ကဲ ဘယ်လိုလုပ်မလဲ စားချင်....လိုက်တာနော်။

Anonymous said...

စာမေးပွဲမှာ အဲဒီလို ပေါက်တတ်ကရရေးတဲ့ သူတွေ သူငယ်ချင်းတွေထဲမှာလည်း ရှိသဗျ။ ခပ်ပေပေကောင်တွေဆိုရင် ရည်းစားစာတောင် ရေးလွှတ်လိုက်သေး။

စကားမစပ်ဗျာ..ပုံထဲက ပဲပြုတ်ဆီဆမ်းထမင်းပွဲက တော်တော်စားလို့ကောင်းမယ်။ ဂလု..။

SHWE ZIN U said...

ဟားးးးးးးးးးးးးးး ဖြေတာလည်း ကြည့်ဖြေမှ အဖြေမတတ် တော့ ရိုက်ပေါက်

ဟုတ်ပ ပဲထမင်းလေးကလည်း တော်တော်ကောင်းမဲ့ပုံ ကြက်သွန်နီ အစိမ်းနဲ့ ကိုက်စားရင် ကောင်းမယ်

ခိုင်နုငယ် said...

ပဲပြုတ်...အဲလေမွှားကလို့...
ပို့စ်ထဲကပဲပြုတ်ပန်ကန်တွေမြင်တော့
စားချင်လိုက်တာ..
စားသွားတယ်..အဲလေပြုံးသွားတယ်။

Angel Shaper said...

ဟားးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးးးးးးးးးးး
ပြုံးရုံတင်မကဘူးးး ဝါးလုံးကွဲ ရယ်လိုက်တယ်ဗျို့ ကိုဇော်ကြီးးရေ......
ပဲပြုတ်သည် စိတ်ဆိုးပြီးထွက်သွားတာတော်သေးတယ်
ခဲနဲ့များကောက်ပေါက်မလားးလို့လေ အဟိ :)

Unknown said...

ကိုဇော်ရေ ..... ဖတ်ပီး ပြုံးမိပါတယ်ရှင် ........ very good post!

ငြိမ်းစိုးဦး said...

လွဲလွဲလေးကို လှအောင်ရေးထားတာ ... ကိုဖော်ရေ.
ဘရာဗို ...
ငြိမ်းစိုးဦး

Unknown said...

ထူးအိမ်သင်သီချင်းလိုပေါ့ လွဲလွဲလေးလဲ ကောင်းပါတယ် . ဟားးးးး.. ဝေလီဝေလင်း ကကို စလွဲတော့တာဘဲနော်...

Unknown said...

လာပါဦး (အိပ်ယာထဲမှ)....ဟိဟိ

Angelhlaing(May everybody be happy and healthy! said...

ဘယ်သူမှမမှားပါဘူး...အကို...:):)