မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 June 2010

21 ကျွန်တော့် ဘူတာရုံလေး




လူနှစ်ယောက် လွမ်းလွမ်းဆွေးဆွေး ခွဲခွာကာ ကွဲကွာသွားဖို့ အကောင်းဆုံး နေရာလေးက ဘယ်နေရာလေးများ ဖြစ်မလဲလို့ ကျွန်တော် ငယ်ငယ်က ပြင်းပြင်းရှရှ စဉ်းစားခဲ့မိဖူးတယ်။

လေယာဉ်ကွင်းများ ဖြစ်လေမလား ၊ အဝေးပြေးကား ဂိတ်များ ဖြစ်လေမလား ၊ သင်္ဘောဆိပ်များ ဖြစ်လေမလားလို့ ကျွန်တော် နေရာပေါင်းစုံကို အကြောင်းအရာ ပေါင်းစုံနဲ့ စဉ်းစားမိဖူးတယ်။ ဒါနဲ့ . . . နောက်ဆုံးတော့ “ ဘူတာရုံလေး ” ကို ကျွန်တော် သွားသတိထားမိတယ်။ 

လူနှစ်ယောက် သူတို့ အတူတူ ဘူတာရုံလေးကို ရောက်လာတယ်။ တစ်ယောက်က ရထားကြီးကို စီးပြီး လိုက်သွားရမယ် ၊ တစ်ယောက်ကတော့ ရထားကြီး စီးသွားမဲ့ သူကို လိုက်ပို့ရုံမျှသာ ၊ ပြီးရင် သူက ပြန်ရမယ်။ သူတို့ နှစ်ယောက် အတူတူ လက်တွဲပြီး ဘူတာရုံလေးထဲကို ဝင်လာမယ် ၊ နောက်တော့ ဘူတာရုံလေးမှာ ရှိနေတဲ့ စင်္ကြန်လမ်းမပေါ်မှာ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး မျက်နှာချင်းဆိုင် စကားပြောကြမယ်။ 

နောက်တော့ “ ရထားထွက်ရန် ငါးမိနစ်သာ လိုတော့သည်။ ” ဆိုတဲ့ စာတန်းကြီးက ဘူတာရုံလေးမှာ ပေါ်လာတဲ့ အခါမှာ ရထားကြီးနဲ့ လိုက်ပါသွားမဲ့ သူက ဘူတာရုံလေးမှာ ကျန်နေခဲ့မဲ့ သူကို နှုတ်ဆက်ပြီး ရထားပေါ် တတ်သွားမယ် ၊ ဒါပေမဲ့ ရထားက မထွက်သေးတော့ ရထားပေါ်က လူနဲ့ ရထားအောက်က လူတို့ ရထား ပြတင်းပေါက်ကနေပြီး ခေါင်းထွက်ကာ စကားပြောကြမယ်။ မပါမဖြစ် စကား ဖြစ်တဲ့ “ နေကောင်းအောင် နေနော် ” ဆိုတဲ့ စကား ပါကိုပါလိမ့်မယ်။ အချိန်မှာပဲ.. . . . .

“ ပေါ် . . . ပူ. . . . ပီး. . . . ပေါ်. . . . ”

ဆိုပြီး ရထားကြီးက ထွက်ခွာဖို့ ဥသြ ဆွဲလိုက်တဲ့ အခါမှာ ရထားပေါ်က လူကလည်း ရထားအောက်က လူကို “ ဘာမှ မပူဖို့ ” မှာဦးမယ်။ ၊ ရထားအောက်က လူကလည်း ရထားပေါ်က လူကို “ အရာရာ ဂရုစိုက်ဖို့ ” မှာဦးမယ်။ ရထားက ထွက်ဖို့ ဘီးစလှိမ့်နေတော့ ရထားပေါ်က လူကလည်း ခေါင်းကို အထဲ သွင်းလိုက်ရမယ် ၊ ဒီလိုပဲ ရထားအောက်က လူကလည်း ရထားရဲ့ လေရှိန်လွတ်အောင် နောက်ကို နည်းနည်း ဆုတ်လိုက်ရမယ်၊။

ဒီလို လူနှစ်ယောက် အနည်းငယ်လှမ်း သွားတော့ သူတို့ လှမ်းပြီး စကားမပြော ဖြစ်ကြတော့ဘုး။ စကားမပြော ဖြစ်တာလား ၊ ပြောဖို့ နှုတ်တွေ ဆွံအသွားတာလား ဆိုတာလည်း သူတို့ဖာသာ သေချာ မသိကြဘူး။ နောက်တော့ သူတို့ လက်ကို ဝှေ့ယမ်းပြီး နှုတ်ဆက်မယ် ၊ မျက်နှာချင်းဆိုင်ကနေ ဝှေ့ယမ်း နှုတ်ဆက်နေတဲ့ လက်တွေက ရထားကြီး စတင် ဘီးရွေ့နေပြီ ဖြစ်လို့ တစ်ခုခုက ဆွဲလှည့်လိုက်သလို သူတို့ ခန္ဓာကိုယ်တွေကလည်း ရထားပေါ်က လူနဲ့ တန်းနေအောင် မျက်နှာလိုက်မူ နေကြမယ် ၊ နောက်တော့ မြင်နိုင်သမျှ မြင်နိုင်တဲ့ အချိန်အထိ သူတို့ လက်တွေ ဝှေ့ယမ်း ပြနေကြမယ်။ 

အို . . မဟုတ်ဘူး။

သူတို့ မမြင်နိုင်တော့ပါဘူး ဆိုတာကို သိနေတဲ့ အချိန်ထိအောင်ကို လက်တွေ ဝှေ့ယမ်း ပြနေကြမယ်။ နောက်ဆုံးမှာတော့ ရထားကြီးက ရထားပေါ်က လူကို သယ်ဆောင်သွားပြီး တဖြေးဖြေးနဲ့ ဝေးသွားမယ် ၊ ရထားအောက်က ကျန်နေတဲ့ လူကလည်း ဘူတာရုံလေးမှာ လက်ဝှေ့ယမ်းပြရင်း ဝေးကာ ဝေးကာ ကျန်နေခဲ့မယ်။ ဒါပေမဲ့ ရထားပေါ်က လူရဲ့ စိတ်အနားမှာ ရထားအောက်က လူက ပါသွားပြီး ၊ ရထားအောက်က လူရဲ့ စိတ်အနားမှာ ရထားပေါ်က လူက ကျန်ခဲ့မယ်။ သူတို့ စိတ်ထဲမှာတော့ သူတို့ တစ်ယောက် ဘေးနားမှာ တစ်ယောက်  ရှိနေကြတယ်။ 

ဝေးကာ ဝေးကာ သွားတဲ့ ရထားကြီးနဲ့ အတူ ဘူတာရုံက လူကလည်း ငေးကာ ငေးကာ ကျန်နေခဲ့မယ်။ ရထားပေါ်မှာ ပါသွားသူကလည်း ဆွေးကာ ဆွေးကာ ပါသွားနိုင်တယ်။ သူတို့ နှစ်ယောက် အတူတူ ဘူတာရုံလေးကို လာတယ်။ တစ်ယောက်က ရထားကြီးပေါ် တတ်ပြီး ၊ တစ်ယောက်က ဘူတာရုံလေးမှာ ကျန်နေခဲ့တယ်။ သူတို့ အတူတူ လာခဲ့တဲ့ ဘူတာရုံလေးကို သူတို့ ဘယ်တော့များမှ အတူတူ ပြန်လည် ဆုံစည်း တွေ့ဆုံနိုင်မလဲ။ 

ရထားအောက် ဘူတာရုံလေးမှာ ကျန်နေခဲ့သူကလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြောင်း ကိစ္စ ရှိလို့ ဒီဘူတာရုံလေးကိုပဲ ရောက်လာနိုင်တယ် ၊ ဒါပေမဲ့ ရထားပေါ်ကို ပါသွားသူနဲ့ ပြန်ဆုံနိုင်ချင်မှ ပြန်ဆုံရလိမ့်မယ်။ ရထားပေါ်မှာ ပါသွားသူကလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိစ္စရှိလို့ ဒီဘူတာရုံလေးကို ရောက်လာနိုင်တယ် ၊ ဒါပေမဲ့ ရထားအောက် ဘူတာရုံမှာ ကျန်နေခဲ့သူနဲ့ ပြန်ဆုံနိုင်ချင်မှာ ဆုံနိုင်တော့မယ်။ ဒီလိုပဲ သူတို့ နှစ်ယောက်စလုံးလည်း ဒီဘဝမှာ ပြန်ဆုံဖြစ်ချင်မှ ဆုံဖြစ်တော့မယ်။ ဆုံချိန်တန်တော့လည်း သူတို့နှစ်ယောက် ဘူတာရုံလေးမှာ ပျော်ရွှင်စွာ ဆုံစည်းနိုင်ကြမယ်။

ဒီလို စဉ်းစားပြီးတဲ့ နောက်မှာ ကျွန်တော် အလုပ်အားနေပြီး တစ်ခုခုကို တသသ လွမ်းသလို ဖြစ်နေခဲ့ရင် ရထားဘူတာရုံ တစ်ခုရဲ့ တိတ်တဆိတ် ထောင့်ထိုင်ခုံလေး တစ်ခုမှာ ရင်တထိတ်ထိတ်နဲ့ ကျွန်တော် သွားထိုင်နေလေ့ ရှိပါတယ်။ များပြားလှတဲ့ ရထားစီးလူတွေကို ကျွန်တော် တစ်ယောက်တည်း ငြိမ်ပြီး တွေငေးငေး ကြည့်နေမိတယ်။

လူနှစ်ယောက် လာပြီး တစ်ယောက်က ရထားပေါ်မှာ ပါသွားပြီး တစ်ယောက်က ဘူတာရုံလေးမှာ ကျန်နေခဲ့တာမျိုး မြင်တွေ့ခဲ့ရဖူးသလို ၊ ဘယ်က ဘယ်အချိန် ပြန်လာမယ်မှန်း မသိတာကို ကြောင်တောင်တောင်နဲ့ တစ်နေနေရာကို မျှော်ငေးစောင့်စား နေတတ်သူတွေကိုလည်း တွေ့ခဲ့ရဖူးသလို ၊ ရထားပေါ်ကနေ ဘူတာရုံလေးကို ဆင်းတော့ ဘယ်သူများ လာကြိုနေလိမ့်မလဲ ဆိုပြီး ယောင်တောင်တောင် မျက်ဝန်းများနဲ့ လူရှာနေတတ်တဲ့ လူမျိုးတွေကိုလည်း တွေ့ခဲ့ရဖူးသလို ၊ ရထားပေါ်က ဆင်းတော့ ဘူတာရုံလေးမှာ မျှော်လင့် စောင့်ဆိုင်းနေတဲ့ သူကို တွေ့လို့ သူတို့ ပျော်ရွှင်စွာ ပြန်သွားတာကိုလည်း မြင်တွေ့ခဲ့ရဖူးပါတယ်။

အချိန်အားတိုင်း စိတ်ပြေလက်ပျောက်  ဘူတာရုံလေးမှာ တိတ်တဆိတ် သွားငေးနေရင်း ကြာလာတော့ ကျွန်တော် စိတ်ကူးလေး တစ်ခု ထပ်ရခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းတွေရဲ့ ကော်ရစ်တာ ထောင့်ချိုးတွေမှာ Notice Board လိုမျိုး ရထား ဘူတာရုံတွေမှာ ထားဖို့ ကျွန်တော့်မှာသာ အခွင့်အာဏာ ရှိနေခဲ့ရင် ကျွန်တော် ထားပေးမိမှာ အမှန်ပါပဲ။

ဒါမှ ကွဲကွာသွားကြတဲ့ လူနှစ်ယောက် တစ်နေ့သော အခါမှာ တစ်ယောက်က ဒီဘူတာရုံလေးကို ပြန်လည် ရောက်ခဲ့တယ် ဆိုရင် သူရောက်ခဲ့တယ် ဆိုတာကို Notice Board မှာ စာရွက်လေးနဲ့ ရေးပြီး ကပ်ထားခဲ့လိုက်။ သူနဲ့ သက်ဆိုင်တဲ့သူက ဘူတာရုံလေးကို ရောက်တယ် ဆိုရင် သက်ဆိုင်သူရဲ့ စာလေးကို ဖတ်ပြီး သူကလည်း ရောက်ခဲ့တယ် ဆိုတာကို စာလေးရေးထားခဲ့လိုက်ရင် သူတို့ တိုက်ရိုက် ဆုံစည်းခွင့် မရတာတောင်မှ တဆင့်ခံအနေနဲ့ ဆုံစည်းခွင့် ရကြလိမ့်မယ် လို့ ကျွန်တော် စိတ်ကူးရခဲ့မိပါတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

“ ပေါ် . . .  ပူ . . . . .ပီ. . . . .ပေါ်. . .  . ”

ဟော . . .  ရထား ဥသြသံပါလား။

ဟင် . . . 

ကျွန်တော်က ရထားကြီး တစ်စီးပေါ်မှာ ရောက်နေတာပါလား။

ဟုတ်ပါတယ်။ ကျွန်တော် အခု ရထား တစ်စီးပေါ်ကို ရောက်နေခဲ့ပါတယ်။ အလုပ်နှင့် သက်ဆိုင်သော ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ကျွန်တော် အရင်လို စာဆက်ပြီး မရေးဖြစ်တော့ပါဘူး။ ဒီခရီးကလည်း ဘယ်လောက်ကြာမယ် ဆိုတာ  ၊ ပြီးတော့ ဘယ်လောက် ဝေးမယ် ဆိုတာ မသိတဲ့ အတွက် ကျွန်တော် အရင်လို စာဆက်ပြီး မရေးနိုင်တော့မှာ မဟုတ်ပါဘူး။

သို့သော်. . .

တကယ်လို့ ကျွန်တော် ဒီနေရာလေးကို ရောက်ခဲ့တယ် ဆိုရင်. . . . . ၊ ပြီးတော့. .  www.zaw357.net ဆိုတာ ဘူတာရုံလေး ဖြစ်တယ် ဆိုပါစို့။ ကျွန်တော် ရောက်ခဲ့တယ် ဆိုတာကို သိရဖို့ ကျွန်တော့်အတွက် Notice Board လို့ ဆိုရမဲ့ ပို့စ်နေရာမှာ ကျွန်တော် ပို့စ်တင်သွားပါ့မယ်။ ဒီတင်ဖြစ်မဲ့ ပို့စ်ဟာ ဘယ်လောက်ကြာမှ တင်ဖြစ်မယ် ဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လည်း မပြောနိုင်ပါဘူး။ တင်ဖြစ်တဲ့ အခါကျရင်တော့ အချိန်ရသလောက် တင်ပေးသွားပါ့မယ်။ ဒီထက် အချိန်ရခဲ့ရင် ကျွန်တော် Cbox မှာ အားလုံးကို နှုတ်ဆက် စကားပြောပါ့မယ်။

အခုတော့ တစ်နှစ်ခွဲတာ ကာလမျှ ကျွန်တော် ရေးသမျှ ၊ တင်သမျှ ကောင်း၏ ၊ ဆိုး၏ မှန်သမျှကို မငြီးမငြူ အားပေးတဲ့ စာဖတ်သူများ အားလုံးကို နှုတ်ဆက် ခဲ့ပါတယ်။ 

ထပ်ကာ. . . . ကျွန်တော် နှုတ်ဆက်နေကြ အတိုင်းလေး နှုတ်ဆက်ပါ့မယ်။
  • ကျွန်တော့်ကို ချစ်သော . . . .
  •  ကျွန်တော့်ကို မုန်းသော . . . .
  • ကျွန်တော့်ကို ဘယ်လိုမှ မနေသော . . . .
စာဖတ်သူများ အားလုံး ပျော်ရွှင်ပါစေသား။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

21 ယောက် ရဲ့ ထင်မြင်ချက်:

မောင်သီဟ said...

ကိုဇော် အစစအရာရာ အဆင်ပြေချောမွေ့ပါစေ
စာတွေလည်းပြန်ရေးနိုင်ပါစေဗျာ....

ဘဝလမ်းမှာလျှောက်နေရတဲ့သူအချင်းချင်း သတိတရရှိ နေမှာအသေချာပဲဗျာ

ကိုဇော်လက်ရာကောင်းလေးတွေ ခံစားဖတ်ရှု့ခွင့်ရချင်ပါသေးတယ်

SHWE ZIN U said...

ကဲ ကိုဇော် ရေ

ကိုဇော်ကို ချစ်သော နှုတ်ဆက်သူ စာဖတ်သူ ထဲမှာ ပါပါတယ်တဲ့ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင် said...

အေးဗျာ၊ အဆင်ပြေရင် စာပြန်ရေးနိုင်ပါစေ၊ အရာရာ
အဆင်ပြေပါစေဗျာ။

sosegado said...

ကောင်းလိုက်တဲ့ အတွေးလေးပါပဲ၊ အရင်ကပေါ့ အဲလို ရထားကြီးစီးပြီးပြန်နေကြ၊ ခိုင်ထူးရဲ့ သီချင်းတစ်ပုဒ်ကို သတိရမိတယ်၊

Crystal said...

ဘဝဆိုတာဒီလိုပါပဲ။ ဘိုင့်ဘိုင်...။

Anonymous said...

ရသ၊သုတစုံလင်အောင်ရေးနိုင်တဲ့....
ကိုဇော်တစ်ယောက်..အချိန်၊အခွင့်အရေး၊ကျန်းမာရေး
ညီညွတ်မျှတစွါနဲ့စာတွေကို ဆက်ပြီးရေးနိုင်ပါစေ။
အစစအရာရာအဆင်ပြေပါစေဗျာ။
ကိုဇော်ရဲ့အတွေး၊အမြင်ကောင်းလေးတွေကို
စောင့်မျှော်လို့ဖတ်ချင်ပါသေးတယ်....
ပျော်ရွှင်ပါစေ....

Unknown said...

!_! !_!

မနုငယ် said...

ကိုဇော်.အမြန်ဆုံးစာတွေပြန်ရေးနိုင်ပါစေရှင်..

~ဏီလင်းညို~ said...

ကိုဇော်.....

မြန်မြန်အားပြီး......မြန်မြန်ပြန်ရေးနိုင်ပါစေ......
မျှော်နေမယ်ဗျာ........နော့်.......။

ခင်မင်တဲ့
ဏီလင်းညို

Yaw Mang said...

I always read your blog. I like the way you think and the way you write but I hardly ever leave a comment. I feel like I should write something since you will be gone for some time. Thank you very much... that's all I can say. Wish you all the BEST!! saronaya.....

Yaw Mang said...

I always read your blog. I like the way you think and the way you write but I hardly ever leave a comment. I feel like I should write something since you will be gone for some time. Thank you very much... that's all I can say. Wish you all the BEST!! saronaya.....

ကိုဇော် said...

ကွန်နက်ရှင်. . အပါအဝင် အကြောင်းကြောင်းကြောင့် Comment မရေးဖြစ်ပဲ မေးလ်ကနေ ပို့ပေးသူများကို ဒီနေရာမှာ ကိုယ်စား ကျနော်က တင်ပေးလိုက်ပါတယ်။

ဒီနေ့ စူပါ မလာ၍ ခဏထိုင်ရပါတယ်။ သို့သော် စာမရေးအားပါ :P

လေးစားစွာဖြင့်
ကိုဇော်

ကိုဇော် said...

Hi,

ဘာဖြစ်လို့ စာဆက်မရေးတော့မှာလဲ။

However I never leave comments after reading your posts, I always read your posts and like the writing and idea very much. I feel very sorry after reading your post saying that you may not be able to write the posts.

Please continue write as much as you can, and we, supporters and readers, will support you ever.


Cheers,
Sandar

ကိုဇော် said...

Hello, Ko Zaw,
I type the following words are by wininwa fonts. I've difficult in zawgyi font.
( ဒီလို ရေးထားလို့ ကျနော် ဇော်ဂျီပြောင်းပြီး တင်ပေးလိုက်ပါတယ်။ http://burglish.my-mm.org/latest/trunk/web/fontconv.htm
ဒီနေရာမှာ သွားပြောင်းလို့ ရပါတယ်။ )

လေးစား ချစ်ခင်ရသော ကိုဇော်

ကျွန်မဟာကိုဇော်ရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးပါ။ နေ့တိုင်းလိုလိုကိုဇော်ရဲ့စာတွေကို အမြဲလာဖတ်တယ်။ ပြီးတော့ ဗဟုတုတလည်းရတယ်။ တစ်ချို့ဟာလေးတွေဆိုရင် အသိ ပညာကို မြင့်မားစေတယ်။ အတွေးလေးတွေက လူကိုရင့်ကျက်စေတယ်။ ကျွန်မဟာ ဒီလို အတွေးလေးတွေကို ဖတ်ရတာအင်မတန်မှ သဘောကျပါတယ်။ ပြီးတော့ ကိုဇော်ရဲ့ ဟာသလေးတွေကဆိုရင်ပြောင်မြောက်ပါပေတယ်။ တစ်ချို့ဟာဆိုရင် ကိုယ်တွေ့အတွေ့ အကြုံလေးတွေနဲ့ရောယှက်ထားတယ်။ ကိုဇော်ရဲ့ ဝေဖန်ရေး ရေးပေးသူများထဲမှာ ကျွန်မ တစ်ခေါက်ရေးပေးဖူးပါတယ်။ ကျွန်မရဲ့ ကွန်ပျူတာက မြန်မာလက်ကွက်ကို စာစီစာရိုက် အနေနဲ့ပဲရတာ။ အင်တာနက်မှာဆိုရင်ရိုက်လို့မရတော့ဘူး။ ဒါပေမယ့် မြန်မာစာတွေကိုတော့ဖတ်လို့ရတယ်။ တော်သေးတာပေါ့နော်။ ဖတ်လို့ရသေးလို့။

ကိုဇော်ရဲ့ပို့စ်ကို စဖတ်တာမကြာသေးဘူး။ နေ့တိုင်းဖတ်တယ်။ အွန်လိုင်းမှာရှိရင် စာဖတ်တော့တာပဲ။ ၁ပတ်ပဲရှိသေးတယ်။ ဇွန်လနဲ့မေလမှာရှိတဲ့ဟာတွေအားလုံးဖတ် ပြီးသွားပြီ။ အခုက၂၀ဝ၉ ဒီဇင်ဘာက ၁၀၅ ပုဒ်ကပို့စ်တွေဖတ်နေတယ်။ တစ်ခါတစ်ခါ မီးပျက်သွားရင် အွန်လိုင်းကျတတ်လို့ အရင်မဖတ်ခင် သိမ်းထားရတယ်။ မီးပျက်သွား ရင်လည်းဖတ်လို့ရအောင်။ ကိုဇော်ကို ကျေးဇူးအများကြီးတင်တယ်။ နောင်လာနောက် သားတွေကို အသိပညာတိုးတက်ဖို့စာများများရေးပေးပါအုံးလို့တောင်းဆိုပါရစေ။ ဒါက ကျွန်မရဲ့အီးမေးလိပ်စာလေးပါ။ ကိုဇော်ကို ဂျီတော့လ်မှာ လဲဖိတ်ခေါ်ထားပါတယ် ကျေးဇူးပြုပြီးကျွန်မကို လက်ခံပေးပါလို့တောင်းဆိုပါရစေ။ ကျွန်မ၏စာရှည်သွားရင် ခွင့်လွှတ်စေချင်တယ်။ တစ်ခေါက်မှ ဒီလိုမိတ်ဆက်စာမရေးဘူးတော့ အမှားတွေပါ ကောင်းပါနိုင်ပါတယ်။ ကိုဇော်စာတွေအများကြီးရေးနိုင်ပါစေလို့ဆုတောင်းလျက်

စာဖတ်ပရိတ်သတ်တစ်ဦး
လီလီ

ကိုဇော် said...

မင်္ဂလာပါ ကိုဇော် ... စတားဖိုင်းယား (starfire) လို့ခေါ်ပါတယ် ... ကိုဇော်တော့သိမယ်မထင်ပါဘူး ...ှSilent reader တဦးဖြစ်နေလို့ပါ ... ဘူတာရုံလေးမှာ လက်ပြမှဘဲ နှုတ်ဆက်ဖြစ်တာ တကယ်ဝမ်းနည်းရပါတယ် ... အကိုမျှဝေပေးတဲ့ မှတ်သားစရာလေးတွေအတွက် ကျေးဇူးတင်တယ်ပြောချင်လို့ပါ ... အချိန်ရတိုင်းတော့ ဒီဘူတာရုံလေးကို လာဖြစ်နေဦးမှာပါ ... ပြန်လာစေချင်သူတယောက်ကို မျှော်ရင်းနဲ့ပေါ့ ... သာယာအေးချမ်းပျော်ရွှင်သောဘ၀လေး တခုပိုင်ဆိုင်နိုင်ပါစေ ...

ကိုဇော် said...

ကိုဇော်ရေ...
ဘယ်လိုဖြစ်တာလဲ......

ဘ၀နဲ့ ဆန္ဒ တထပ်တည်းကျပါစေ လို့ ဆုတောင်ပေးတယ်နော်.....

ဘာပဲဖြစ်ဖြစ်ပျော်ရွှင်ပါစေ......(ကိုဇော့်အိုက်တင်နဲ့)

♥shwe gal♥♥♥♥

ဝက်ဝံလေး said...

တိန် မအားဖြစ်တာကို ဘယ့်နှယ့် နှုတ်ဆက်တာဒုံး
မကြာစေနဲ့နော်
အဟီးးး အမှန်တကယ်တော့ ဝက်လဲ ခရီးထွက်အူးမှာပါ ဒါပေမယ့် ၂ လလောက်ပဲပြန်ရောက်မှာာ
ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ သူငယ်ချင်း (ကိုဇော့် လေသံပေါ့)
အခု မလေးမှာမလား အလည်ရောက်ရင် ကြိုမှာလားလို့ မေးပါရစေ
အားဂျား အားဂျား ဖိုက်တင်းးးးးးးးးးးးးးးးးးးးးးးးး
---
အရင်က ပြောမှားဆိုမှား ရှိခဲ့တာကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်
ပျော်ရွှင်ဖွယ်ရာခရီးလေး တခုဖြစ်ပါစေနော်
ဘိုင် တာ့တာ (တကယ်တော့အဲလိုမနှုတ်ဆက်ချင်ဘူးရယ်)
---

mysterysnow said...

ကိုဇော်
အဆင်ပြေရင် အချိန်ရမယ်ဆိုရင် ပြန်လာခဲ့ပေါ့.....
ဒါမှမဟုတ် ပုံမှန်အတိုင်းပဲ ဆက်ရေးထား နက်ရတဲ့အခါကျရင် တင်လိုက်ပေါ့နော်...

လုံးဝမရေးပဲ ရပ်မသွားဘူးဆိုတာ သိနေသလိုပဲ...:PPP

နှင်း

ကိုရီး{ကိုကြီး} said...

ဘဝရထားစီးနေကြသူချင်းတွေ ဆိုတော့....
နေ့ရက်တိုင်းမှာ ချမ်းမြေ့သာယာ ပါစေ။

Anonymous said...

ကိုဇော်ရေ...အခုမှပဲ လာနိုင်တယ်။
အပြီးတိုင် နှုတ်ဆက်သွားတယ်လို့တော့ မထင်မိပါဘူး။
အဆင်ပြေတဲ့အချိန်မှာ စာပြန်ရေးနိုင်ပါစေဗျာ။ ဘာပဲဖြစ်ဖြစ် သတိရနေမှာပါ။

မောင်မောင် said...

ဒီလိုပေါ့ ကိုဇော်ရေ ရှားတဲ့ အချိန်လေးတွေ စုဆောင်း
ပြီးတော့ ရေးနေယင်တော့လဲ ဖြစ်လာမှာပါ။
ကံကောင်းပါစေ။
ခင်မင်သော
မောင်မောင်
အာဖဂန်ပြည်