မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 June 2010

9 စုံထောက်ကြီး ဦးရှာစား နှင့် အမိန့်




တစ်နေ့သ၌ . . . . .

မြို့ကြီး တစ်မြို့တွင် နာမည်ကျော်ကြားတဲ့  ရှေးဟောင်း ပစ္စည်းပြတိုက်ကြီး တစ်ခု ရှိလေသည်။ အဲဒီအချိန်မှာ ခေတ်ကလည်း နောက်ကျနေသေးတယ်။ CCTV တွေ ၊ လေဆာတွေ မပေါ်သေးတဲ့ ခေတ်ဆိုတော့ အားလုံးက လူကိုပဲ အားကိုးထားကြရတယ်။ လူမဟုတ်ပဲနဲ့ အားကိုးရတာ ဆိုလို့ သူတို့အတွက် အထူး လေ့ကျင့်ပေးထားတဲ့  “ ခွေး ” တွေပဲ ရှိတယ်။

ခွေးဆိုလို့လည်း အထင်မသေးနဲ့ ၊ အခု ပြတိုက်ကြီးကို လုံခြုံစေဖို့ အထူး အနေနဲ့ လေ့ကျင့်ပေးထားတဲ့ ခွေးတွေ ဖြစ်တယ်။ ရန်သူ တစ်ယောက်လောက်က ဓါးမြှောင်လောက်နဲ့ ဆိုရင်တော့ ဒီခွေးတွေက လေထဲမှာတင် ထိုးလာတဲ့ ဓါးမြှောင်ကို အလွတ်ရှောင်ပြီး ရန်သူရဲ့ လက်ကို မိအောင် ကိုက်ခဲနိုင်ကြတယ်။ 

အရင်ကတော့ ၄ ကြိမ်တိုင်တိုင် ဖောက်ထွင်းမှု ကြုံခဲ့ရပေမဲ့ ကွန်မန်ဒို ခွေးလို့ ခေါ်ရနိုင်တဲ့ အထူး လေ့ကျင့်ပေးထားတဲ့ ခွေးတွေကြောင့် ဖောက်ထွင်းသူ သူခိုးကို ဖမ်းမိခဲ့တာပါပဲ။ မဖမ်းမိလို့ မဖြစ်ဘူးလေ ပြတိုက်က မွေးထားတဲ့ ခွေးတွေကလည်း အားလုံးပေါင်း အကောင် ၃၂ ကောင် ရှိတယ်။ ပြတိုက်ရဲ့ ခြံဝန်းထဲမှာ ဒီအတိုင်း လွှတ်ထားသလို သူ့ကို ထိန်းတဲ့ လုံခြုံရေးက လွဲလို့ ဘယ်သူ့အကိုင်ကိုမှ ခံတာ မဟုတ်ဘူး။ အခုလို ဖောက်ထွင်းသူ သုံးယောက်လောက်ကို ဝိုင်းထားပြီး ကိုက်ဖို့ မာန်ဖီနေတာနဲ့တင် ဖောက်ထွင်းဖို့ လာသူတွေ မလှုပ်ရဲအောင် ဖြစ်ကြရတာပဲ။ ဒါနဲ့ အသာတကြည်ကို အဖမ်းခံလိုက်ရတော့တယ်။

ဒီလို ကျော်ကြားလှတဲ့ ပြတိုက်ကြီးဟာ လုံခြုံရေးခွေးတွေရဲ့ ကောင်းသတင်းကြောင့် ပြတိုက်ကို ဖောက်ထွင်း လုယူဖို့ ဆိုတာ ဘယ်သူမှ မစဉ်းစားကြတော့ပါဘူး။ များပြားလှတဲ့ ခွေးတွေရဲ့ စွမ်းဆောင်မှု နဲ့ ဖောက်ထွင်းခိုးယူမယ် လို့ စဉ်းစားမိသူတွေ အားလုံး လက်လျှော့သွားကြရတာပါပဲ။ ဒါပေမဲ့. . . . 

တစ်ညတော့ . . .

ဒီရှေးဟောင်း ပစ္စည်း ပြတိုက်ကြီးကို ဖောက်ထွင်းခိုးယူသူက ဝင်ပြီး ဖောက်ထွင်း ခိုးယူသွားပါလေရော။ သူခိုးက ဘယ်လို ခိုးသွားလဲ ဆိုတော့ ညစောင့်များ သောက်သုံးတဲ့ ရေသန့်စက်ထဲမှာ အိပ်ဆေးခပ်ပြီးတော့ ဝင်ပြီး ဖောက်ထွင်း ခိုးယူသွားတယ်။ ဒါပေမဲ့ ညစောင့်တွေ ဘယ်လောက်ပဲ အိပ်ပျော်နေပါစေ။ အစောင့်ခွေး ၃၂ ကောင်ကြောင့် ဒီဖောက်ထွင်းသူဟာ အေးဆေး သက်သာစွာတော့ ပြန်သွားနိုင်မယ်လို့ မထင်မိကြဘူး။ 

စစ်ဆေးသူတို့ ဖောက်ထွင်းထားတဲ့ နေရာကို ကြည့်လိုက်တော့ လက်ရာ နဲ့ အနေအထားအရ ဖောက်ထွင်းသူဟာ တစ်ကိုယ်တော် ဆိုတာ သိလိုက်ရတယ်။ တစ်ကိုယ်တော် ဖောက်ထွင်းသူ တစ်ယောက်တည်းနဲ့ ဒီလောက် လုံခြုံတဲ့ ခွေးတွေ ၃၂ ကောင်ကို မသိအောင် ဘယ်လိုများ ကိုယ်လွတ်ရုံးပြေးရင်း ရှေးဟောင်းပစ္စည်းတွေကိုပါ ရအောင် ယူသွားလဲ ဆိုတာ စစ်ဆေးသူတို့ စဉ်းစားမရဘူး။

ဒါနဲ့ အထူးလေ့ကျင့်ပေးထားတဲ့ ခွေးတွေ လက်ကနေ ဘယ်လို လွတ်သွားလဲ ဆိုတာကို သိဖို့ ခွေးတွေဆီကို သွားတော့ ခွေးတွေက အံ့သြဖို့ ကောင်းစွာ တစ်နေရာတည်းမှာတင် ထိုင်နေကြတယ်။ အသံလည်း လုံးဝ မထွက်ဘူး။ ခွေးတွေ ၃၂ ကောင်စလုံး တစ်နေရာတည်းမှာ စုစုဝေးဝေး ထိုင်ပြီး  ငြိမ်နေတာကို စစ်ဆေးသူတို့ နားမလည်နိုင်ကြဘူး။ ဒီထက် ထူးခြားတာက ခွေးတွေက သူတို့ ခေါ်တာတောင်မှ ဘယ်လိုမှ မထကြတော့တာပဲ။

ခွေးတွေ ရေငတ်လာရင် ထလာမယ် ဆိုပြီး ရေအငတ်ထားလည်း မထဘူး။ နေပူလာတာနဲ့ အမျှ လျှာက တဟဲဟဲ သာ ထွက်လာတယ် ထပြီး ရေမသောက်ဘူး။ ဗိုက်ဆာရင် ထစားမလား ဆိုတော့လည်း ဒီအတိုင်းပဲ ထိုင်နေကြတယ်။ စစ်ဆေးသူ အားလုံးလည်း ကြာလာတော့ ခွေးတွေ ထိုင်ရာက မထ ၊ နေရာ မရွေ့တာက ဖောက်ထွင်းမှုထက် သူတို့အတွက် ပိုပြီးတော့ အရေးကြီးနေသလို ဖြစ်လာခဲ့တယ်။ နောက်ဆုံး သူတို့လည်း မဖြေရှင်းတတ်ဆုံး အချိန်မှာ စုံထောက်ကြီး ဦးရှာစား ( ဦးရှံစား ၊ ဦးစံရှား မဟုတ်ပါ။ ) ကိုပဲ ခေါ်လိုက်ရတော့တယ်။

စုံထောက်ကြီး ဦးရှာစားက ရောက်လာတယ် ဆိုရင်ပဲ ခွေးတွေကို သေချာ ကြည့်တယ်။ အမဲရိုးပြပြီး ခေါ်တယ် မရဘူး။ အသားဗူးပြပြီး ခေါ်တယ် နှာခေါင်းသာ ရှေ့ကို တိုးလာတယ် ဖင်ကတော့ ထိုင်နေရာကနေ မရွေ့ဘူး။ ဦးရှာစားလည်း ဟိုလုပ် ဒီလုပ်နဲ့ နောက်ဆုံးမှာ မတတ်သာတဲ့ အဆုံး ခေါင်းကုတ် စဉ်းစားပြီးတော့ . .

“ မလုပ်တတ်တော့ဘူးဗျာ။ သူတို့ကို သင်ပေးခဲ့တဲ့ ခွေးထရိန်နင် ဆရာကိုပဲ ခေါ်လိုက်ပါတော့။ ”

ဒီလို သူက ပြောလိုက်တော့မှ စစ်ဆေးရေးမှ တပည့်များက အပြေးအလွှား ခွေးထရိန်နင် ဆရာကို ခေါ်ဖို့ ကားပေါ်တတ်သွားကြတယ်။ ဒီခွေးတွေ အားလုံးကိုလည်း အထူးလေ့ကျင့်ရေး အနေနဲ့ ဒီခွေးထရိန်နင် ဆရာပဲ လေ့ကျင့်ပေးခဲ့တာ မဟုတ်ပါလား။ ခဏနေတော့ ကားနဲ့အတူ ခွေးထရိန်နင် ဆရာ ရောက်လာတယ်။

သူက ဖင်ချထိုင်နေတဲ့ ခွေး ၃၂ ကောင်ကို သေချာ ကြည့်ပြီးတော့ “ ထ ၊  ထ ” လို့ ပြောပေမဲ့ ခွေးတွေက တုပ်တုပ် မလှုပ်ဘူး။ ပုပ်လေတဲ့ ပဲ သိုးတယ်လို့ပဲ မှတ်နေတာ။ အစာနဲ့ မျှားတယ် မရဘူး။ အတင်းဆွဲခေါ်တယ်။ ထိုင်ရာက မထိဘူး ဖင်ဒရွတ်တိုက်ကြီး ပါလာတယ်။ သူလုပ်နေတာတွေ ကြည့်ပြီးတော့ စုံထောက်ကြီး ဦးရှာစား ခေါင်းကို ခါတယ်။ ခွေးထရိန်နင် ဆရာကလည်း ခေါင်းကို ကုတ်ပြီး နောက်ဆုံးမှာ သူ့ခါးကြားထဲမှာ ထိုးထားတဲ့  တုတ်တိုလေးကို ထုတ်လိုက်တယ်။

တုတ်တိုလေးက တစ်တောင်လောက်ပဲ ရှိမယ်။ တုတ်တိုလေးရဲ့ ထိပ်ဖျားကို အနီရောင်ဆေးနဲ့ သုတ်ထားတယ်။ သူ ဒီတုတ်ကို ထုတ်လိုက်တယ် ဆိုရင်ပဲ ထိုင်နေတဲ့ ခွေးတွေ အားလုံး လှုပ်လှုပ်ရွရွ ဖြစ်လာပြီး အမြီးလေးတွေ နှံ့လာကြတယ်။ ခွေးထရိန်နင် ဆရာ ရဲ့ လက်ထဲက တုတ်လေးကိုပဲ ခွေးတွေ အားလုံးက ဝိုင်းကြည့်နေကြတယ်။ ဒီအချိန်မှာမှ ခွေးထရိန်နင် ဆရာ ပါးစပ်က အသံထွက်လာတယ်။

“ ထ ၊ ထ  ”

သူ့အသံကြားတာနဲ့ အချိန်ကြာလှစွာ ထိုင်နေတဲ့ ခွေးတွေက ရုတ်ချည်း ထိုင်နေရာမှ ထရပ်လိုက်ကြတယ်။ ပြီးတော့မှ သူက . .

“ သွား ၊ သွား ”

လို့ ရေရွတ်လိုက်တယ် ဆိုရင်ပဲ ခွေးတွေ အားလုံးက သူတို့ ဖာသာ ထွက်သွားချင်တဲ့ ဆီကို လွတ်လွတ်လပ်လပ် ထွက်သွားနိုင်တော့တယ်။ ခွေးထရိန်နင် ဆရာရဲ့ စွမ်းရည်ကို ကြည့်ပြီး လူတွေ အားလုံးလည်း တအံ့တသြ ဖြစ်နေကြတာပေါ့။ စုံထောက်ကြီး ဦးရှာစားလည်း အံ့သြလွန်းလို့ ပါးစပ်ကြီး အဟောင်းသားနဲ့ပေါ့။

ဒီအချိန်မှာ ခွေးထရိန်နင် ဆရာက သူ့ကို လာရောက်ခေါ်တဲ့ စစ်ဆေးရေးလူကြီးနဲ့ တွေ့ပြီး. . . .

“ ကျွန်တော့်တာဝန် ကျေပါပြီနော်။ ကျွန်တော့်ကို ခွင့်ပြုပါဦး။ ”

လို့ နှုတ်ဆက်တယ်။ စစ်ဆေးရေးလူကြီးတွေက လည်း ဖောက်ထွင်းခံရတာကို မေ့ပြီး ခွေးတွေ ထိုင်နေရာက ထသွားနိုင်တာကိုပဲ ဝမ်းသာအားရ ဖြစ်နေကြတာပေါ့။ ဒီတော့. . ခွေးထရိန်နင် ဆရာကို “ ကောင်းပါပြီဗျာ။ ကျေးဇူးတင်ပါတယ်။ ” လို့ ဝမ်းသာ အားရ နှုတ်ဆက်တယ်။ နှုတ်ဆက်လို့ ပြီးလို့ ခွေးထရိန်နင် ဆရာက ပြန်ဖို့ လှည့်အထွက်မှာ အောင်မြင်ပြီး အင်အားကောင်းသော အသံဖြင့် အသံတစ်သံ ထွက်ပေါ်လာတယ်။ ဒီအသံကတော့ စုံထောက်ကြီး ဦးရှာစား ဆီကပဲ ဖြစ်တယ်။

“ အခု အချိန်ကစပြီး ခွေးထရိန်နင် ဆရာကို ရှေးဟောင်းပစ္စည်း ပြတိုက် ဖောက်ထွင်းမှုနဲ့ ဖမ်းဆီးလိုက်ပါပြီ။ ”

စုံထောက်ကြီး ဦးရှာစားဆီက ဒီလို အသံကိုလည်း ကြားရော။ ခွေးထရိန်နင် ဆရာရော ၊ ဘေးနားက အစောင့်တွေရော ၊ စစ်ဆေးရေး လူကြီးတွေရော အားလုံး အံ့အားသင့်သွားကြတယ်။ ဘာလို့ ဦးရှာစားက ဒီလို ပြောလိုက်တယ် ဆိုတာ သူတို့ နားမလည်နိုင်ကြဘူး။ လာရောက် ကူညီပေးတဲ့ ခွေးထရိန်နင် ဆရာကို ဒီလို ဖမ်းရတယ် ဆိုတာ နားမလည်ကြဘူး။ ဒီအချိန်မှာပဲ ဦးရှာစား ဆီက စကားသံ ထပ်ပြီး ထွက်ပေါ်လာတယ်။

“ ဒီလိုပါ။ ခွေးတွေရဲ့ အားနည်းချက်က သူတို့ရဲ့ နှာခေါင်းပဲ။ ခွေးဆိုတာ ကျားတို့ ၊ ခြင်္သေ့တို့ထက် စာရင် နှာခေါင်းပိုရှည်တယ်။ ဒါကြောင့် သူ့တို့ကို ပိုပြီး ထိန်းချုပ်ဖို့ လွယ်တာပဲ။ သူတို့ နှာခေါင်းကို တုတ်တိုလေးနဲ့ ထိထိမိမိ ရိုက်နိုင်မယ် ဆိုရင် ခွေးတွေက လူကို ကိုက်နိုင်ဖို့ နေနေသာသာ တစ်ချက် အရိုက်ခံပြီးတာနဲ့ ပြန်တောင်မှ မဟောင်နိုင်တော့ဘူး။

ဒီလို ခွေးကို ရိုက်နိုင်ဖို့ ဆိုတာ အလေ့အကျင့်လိုတယ်။ ဒီလို အလေ့အကျင့်ဆိုတာကလည်း ခွေးတွေကို ထရိန်နင်ပေးဖူးတဲ့ လူမှ ရနိုင်မယ်။ ခွေးတွေကို ထရိန်နင်ပေးဖူးတယ် ပဲ ထားဦး ၊ ဒီခွေးနဲ့ ဒီသဘောတရား မသိရင် ဘယ်လို တုတ်ပြမှ ဒီခွေးတွေ ငြိမ်သွားမယ် ဆိုတာ မသိနိုင်ဘူး။ ဒီတော့ ကိုယ့်ကို ကိုက်တော့မှ ထိအောင် ရိုက်ရဦးမယ်။

အခုတော့ ဒီထရိန်နင် ဆရာက ဒီက ခွေးတွေကို သင်ပေးလာတာ ဖြစ်လို့ ဒီခွေးတွေကို ဘယ်လို တုတ်ပြလိုက်ရင် ခွေးတွေ ကြောက်တယ် ဆိုတာ သိနေတာပေါ့။ ခွေးတွေကို ထခိုင်းနိုင်တဲ့ သူဆိုတာ ခွေးတွေကိုလည်း ထိုင်ခိုင်းနိုင်ရမယ်။ ဒါကြောင့် အခု လက်တွေ့ ခွေးတွေကို ထခိုင်းနိုင်တဲ့ သူဆိုတာ ညက ဖောက်ထွင်းတုံးက ခွေးတွေကို တစ်နေရာတည်း ခေါ်ပြီး ဒီထရိန်နင် တုတ်တိုလေးကို ပြပြီး ထိုင်ခိုင်းသွားတဲ့ သူပဲပေါ့ဗျာ။ ဒီ “ အမိန့် ” ကို သူကပဲ ပေးနိုင်တာလေဗျာ။ ဒါကြောင့် သူ့ကိုပဲ ဖမ်းလိုက်ပါ။ ”

စုံထောက်ကြီး ဦးရှာစား ရဲ့ ရှင်းပြမှု အပြီးမှာတော့ ခွေးထရိန်နင် ဆရာ ခေါင်းငိုက်စိုက်ကျ သွားလေတော့သည်။

“ အမိန့် ” ဆိုတာ ပေးတတ်သူ အဖို့ အဲဒီအမိန့်ကပဲ သူ့ကို ပြန်ပြီး ခြယ်လှယ်သွားတာပါလား။


မှတ်ချက်။  ။ ဒီစာလေးက လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရေးထားတာပါ။ အတော်ကို ကြာပါပြီ 17.8.2003 လို့ ပြပါတယ် ။ အရင်ကတော့ ဒီလို ပေါက်ကရတွေ တော်တော် စဉ်းစားမိတိုင်း လျှောက်ရေးဖြစ်ပါတယ်။ အခုတော့ စာအုပ်ပုံထဲမှာ ရှုပ်နေလို့ တင်ရင် ကောင်းမလား ၊ မတင်ရင် ကောင်းမလား စဉ်းစားနေရင်း အခုမှ တင်ဖြစ်သွားတာပါ။ ဒီစာလေးကို ဖြစ်လာအောင် Inspiration ပေးခဲ့တဲ့ စာလေးကတော့ ဟာသတိုလေး တစ်ခုပါ။ မူရင်းလေးက ဒီလို ဆိုပါတယ်။

Police 1 - Last night, my house was stolen by someone.
Police 2 - Does your dog bite why?.
Police 1 - So, that man is dog training coache.

(မူရင်း စာလုံးပေါင်းအတိုင်းသာ ဖြစ်ပါသည်။ )

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

သိင်္ဂါကျော် said...

ဒီလောက် ခွေး ၃၂ ကောင် တောင်ကို ငြိမ်အောင် လုပ်ထားတယ် ဆိုကတည်းက ထရိန်နင်ဆရာကို ထင်လိုက်ပါတယ်.. :)

Angel Shaper said...

ဟုတ်ပါရဲ့... အမိန့်ဆိုတာ ပေးတတ်သူအဖို့ အဲဒီအမိန့်ကပဲ သူ့ကို ပြန်ခြယ်လှယ်သွား သတဲ့။
မှန်၏။ ခွေးတွေကို နိုင်တဲ့ ထရိန်နာကို ဖမ်းပြနိုင်တော့... ဦးရှာစားတော်၏။

Angel Shaper said...

တော်သေးတယ်... တို့ ကိုဇော်ကြီး စာအုပ်ပုံအရှုပ်ကို ရှင်းလို့ ဒီပိုစ့်လေးဖတ်ရတယ်....
ကိုဇော်ရေ.... အရှုပ်တွေ ထပ်ရှင်းလိုက်ပါဦး...
(စာအုပ်ပုံအရှုပ်တွေကို ပြောပါတယ်) အဟဲ....
ဒါမှ မတင်ဖြစ်သေးတာတွေလဲ ဖတ်ရမှာလေ....
ဂွတ်ထ။

shwenattharr said...

နောက်ထပ်လည်းထပ်ရှင်းလိုက်ဦးနော်....ထပ်ထွက်လာဦးမှာ...ဟီးးး ဖတ်ရအောင်လို့ ..

ဝက်ဝံလေး said...

အိမ်းးးးး ကောင်းပါ့ ဖတ်ရတာ ကိုဇော်ရေ ... ဟိဟိ

SHWE ZIN U said...

ကျနော် ထင်နေတာက ခွေးတွေ ဖင်မှာ ကော်များ သုတ်ထားလားလို့ အဲလို အတွေးအခေါ်က ကောင်းတာ

ဖတ်ရတဲ့ အတွက် ကျေးဇူးနော်

ရွှေစင်ဦး

မြတ်မွန် said...

ဟင်..ဦးရှာစား..ဟိဟိ..နံမည်အသစ်ပါလား..
ဦးရှံစားရဲ့ညီလား ..

mabaydar said...

ဖတ်လို့ကောင်းတဲ့ ပုံပြင်လေးတစ်ပုဒ်ပါပဲ...

ရွှေရတုမှတ်တမ်း said...

ဆရာ့ဒုတ်တိုကကြောက်စရာကြီးပါလားနော်..