မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 June 2010

6 ကြက်တို့ အကြား ဘဝများ စတင်ကွဲပြားပုံ




ဟိုးရှေးရှေးတုန်းက . . .

ကမ္ဘာလောကကြီးမှာ ကြက်တွေက တစ်မျိုး တစ်စားတည်းသာ ရှိသတဲ့။ အဲဒီကြက်တွေ အားလုံးကလည်း အရမ်းကို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ကြက်တွေပဲ ဖြစ်သတဲ့။ ထိုကြက်တွေရဲ့ နာမည်က “ ကြက်တညင် ” လို့ ခေါ်သတဲ့ကွယ်။

ကြက်တညင်လေးတွေက အကောင်ကတော့ သေးသေး ၊ ဒါပေမဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတော့ သူတို့ကို အကောင်ကြီးတဲ့ တိရစ္ဆာန်တွေကတောင်မှ အနိုင်မကျင့်ရဲဘူးတဲ့။  ဒါပေမဲ့ သူတို့က စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် မရှိဘူး ဆိုပဲ။ ဒါကြောင့် သူတို့ အချင်းချင်းလည်း တစ်ကောင်နဲ့ တစ်ကောင်တွေ့ရင် ခွပ်ကြ ၊ ကိုက်ကြ ၊ ဆိတ်ကြ နဲ့ပေါ့ကွယ်။ 

ဒီလို အချိန်တွေ ကြာလာတော့ ကြက်တညင်တွေထဲက အသက်ရှည် ဘိုးဘိုးကြီး ကြက်တညင် တစ်ကောင်က “ မဖြစ်ချေဘူး ၊ မဖြစ်ချေဘူး ၊ ငါ့တို့ ကြက်တွေကြားမှာ အခုလို တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေလို့တော့ မဖြစ်ချေဘူး။ ဒီတော့ ကြက်တွေကို ထိန်းချုပ်ဖို့ တစ်ခုခုတော့ လုပ်ရမယ်။ ” စဉ်းစားပြီး  တခြားသော သက်ကြီး ကြက်တညင်တွေကို စည်းရုံးကာ ကြက်တညင်လေးတွေ အားလုံးကို စုရပ်တစ်ခုကို ဖိတ်ခေါ်လိုက်တယ်။ စုရပ်မှာ စုမိပြီဆိုတော့မှ. . 

“ ကြက်တညင် အပေါင်းတို့ ငါတို့ကြက်တညင်တွေမှာ စည်းမရှိ ၊ ကမ်းမရှိ ဖြစ်နေကြတယ်။ ဒီတော့ ဒီစည်းမရှိ ကမ်းမရှိဖြစ်နေတာကို စည်းကမ်းတကျလေး ဖြစ်လာအောင် ငါတို့မှာ စည်းကမ်းကို ထိန်းချုပ်ပေးနိုင်ဖို့ အကြီးအကဲ တစ်ယောက် ရွေးခြယ်မယ်။ ဒီအကြီးအကဲကို ဘုရင်လို့ သတ်မှတ်မယ်။ အဲဒီ ဘုရင် အဖြစ် သတ်မှတ်ပြီး မြှောက်ပင့်ခံရသူရဲ့ စကား ၊ အဆုံးအဖြတ်ကို အားလုံးက နားထောင် လက်ခံယူရမယ်။ နားမထောင်ရင် ဘုရင်က အပြစ်ပေးရမယ်။ ”

ဒီလို ဘိုးဘိုးကြီး ကြက်တညင်က ပြောလိုက်တော့ အားလုံး ကြက်တညင်တွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ အားလုံးကတော့ ဘယ်ကြက်မဆို ဘုရင်တော့ ဖြစ်ချင်တာပေါ့လေ။ ဒီတော့ တစ်ယောက်က ထပြီး စောဒက တတ်တယ်။ 

“ ဒါဆို ကြက်ဘုရင် ဖြစ်အောင် ဘယ်လိုလုပ်ပြီး ပြိုင်ကြရမှာလဲ။ ”

ဒီတော့ သက်ကြီး ကြက်တညင်တွေက ခဏတာ သူတို့ဖာသာ တီးတိုး ခေါင်းချင်းဆိုင် လိုက်ပြီး တိုးတိုး တိုးတိုး နဲ့ တိုင်ပင်ကြတယ်။ ခဏကြာတော့မှ . . .

“ ကြက်ဘုရင် အတွက် ပြိုင်ပွဲအဖြစ် အကောင်အကြီးဆုံး ကြက်ကို ကြက်ဘုရင် အဖြစ် တင်မြှောက်ပါမယ် လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အခု အချိန်က စပြီး နောက်ထပ် သုံးနှစ်ကြာ အချိန်ကာလမှာ အကောင်အကြီးဆုံး ကြက်ကို ကြက်ဘုရင် အဖြစ်တင်မြှောက်ပါမယ်။ ဒါကြောင့် ကြက်တွေ အားလုံးကလည်း ကိုယ့်မျိုးရိုးကို ကိုယ် အကောင်အကြီးဆုံး ဖြစ်အောင် လုပ်ကြပေတော့။ ”

ဒီလိုမျိုး သူတို့ရဲ့ ကြက်ဘုရင် ရွေးခြယ်ပွဲကြီးကို အကောင်အကြီးဆုံး ကြက်ကို တင်မြှောက်မယ်လို့ ဆုံးဖြတ်လိုက်ကြတော့ ကြက်တွေ အားလုံးကလည်း ကြက်ဘုရင် ဖြစ်ရေးအတွက် အားလုံး တစ်ကောင်ထက် တစ်ကောင် ပြိုင်ဆိုင် ကြိုးစားကြတော့တယ်။ 

တချို့သော ကြက်တွေက အခု ကျင်လည် စားသောက်နေတဲ့ နေရာက အစားအသောက်တွေကို စားနေရလို့ ငါတို့က အကောင်မထွားတာလို့ ယူဆတဲ့ အကောင်တွေက တခြား နေရာဒေသတွေကို ထွက်ခွာသွားပြီး သူတို့ အကောင်ကြီးထွားအောင် အစားအသောက် အသစ်တွေကို ရှာဖွေ စားသောက်ကြတယ်။ တချို့သော ကြက်တွေက အစားအသောက်လည်း များများစားရင်း ခန္ဒာကိုယ် ထွားကြိုင်းအောင်လည်း လေ့ကျင့်ခန်း လုပ်ကြတယ်။ 

ဒီလိုနဲ့ ကြက်တွေ ကြားထဲမှာ အကောင်ကြီးထွားရေး ပြိုင်ဆိုင်မှုဟာ ပိုပြီးတော့ ပြင်းထန်လာခဲ့တယ်။ ဒါပေမဲ့ ကြက်တွေ အားလုံးက သူတို့တွေ အားလုံးရဲ့ ရည်ရွယ်ချက်က သူတို့ ဘုရင် ဖြစ်ဖို့ မဟုတ်ဘူး။ သူတို့ရဲ့ အကောင်က အများကြီး မကြီးထွားနိုင်ဘူး ဆိုတာ သူတို့ သိတော့ သူတို့ အခု လုပ်နေတဲ့ အကောင်ကြီးထွားရေး အစားအသောက် နဲ့ အကောင်ကြီးထွားရေး လေ့ကျင့်ခန်းတွေ ဆိုတာ လတ်တလော သူတို့ အတွက်ထက် နောင်ပေါက်ပွားလာမဲ့ သူတို့ရဲ့ မျိုးဆက် ကြက်ဥလေးတွေကို သူတို့ ပိုပြီး အာရုံစိုက် ထားခဲ့ကြတယ်။

ဒါကြောင့် သူတို့ အကောင်ကြီးထွားဖို့ အတွက် အစားအသောက်တွေ စားပြီး သူတို့ရဲ့ မျိုးဆက် အဖြစ် ဥကို အကြီးကြီး ဥနိုင်ရင် အကောင်လည်း ကြီးကြီးပေါက်လာမှာပဲလို့ သူတို့ ယူဆကြတယ်။ ဒါကြောင့် သူတို့အတွက် အကောင်ကြီးကြီး ပေါက်ဖို့ ဥ ဥပေးမဲ့ သူတို့ရဲ့ ကြက်မတွေကို ကြက်ဖကြီးတွေက ပြောလေ့ရှိတယ်။ 

“ ဥ ကြီး ကြီး ဥ ”

ဒီတော့ ကြက်မတွေကလည်း ကြက်ဖကြီးတွေရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြက်ဖကြီးများရဲ့ စိတ်ကြိုက်ကို စားသောက်ပြီး ဥကို အကြီးဆုံး ရနိုင်အောင် ဥပေးကြတယ်။ ဒီလိုနဲ့ အဖေ သေတော့ သားက အဖေထက် ပိုပြီး အကောင်ကြီးလာတယ်။ သားထက် မြေးက အကောင်ပိုကြီးလာတယ်။ မြေးထက် မြစ်က ပိုပြီး အကောင်ကြီးလာတယ်။ ဒီလို ပိုပိုအကောင်ကြီးလာအောင် သူတို့ သုံးနေတဲ့ စကားလေးကတော့ ကြက်ဖကြီးတွေက ကြက်မတွေကို ပြောတယ်။

“ ဥ ကြီး ကြီး ဥ . . ”

ဒီလို ကြက်မိသားစုပေါင်းများစွာက ခန္ဓာကိုယ် ဖွံဖြိုးရေးကို ဂရုစိုက်လုပ်နေတဲ့ အတွက် သူတို့ရဲ့ စွမ်းသတ္တိ တိုးတတ်ရေးအတွက် တိုက်ရည် ခိုက်ရည်တွေ ကျဆင်းလာတာကို သူတို့ သတိမထားမိကြဘူး။ ဒါပေမဲ့ ဒါကို သတိထားမိတဲ့ ကြက်မိသားစု တစ်စုကတော့ ကြက်ဘုရင် မဖြစ်ရင်လည်း နေပါစေ။ ငါတို့ဖာသာ ကြက်တညင် ဆိုတဲ့ မျိုးရိုးဂုဏ်ကိုပဲ ထိန်းသိမ်းပြီး အကောင်ကြီးထွားဖို့ မလေ့ကျင့်ပဲ မိမိရဲ့ ကြက်တညင် ဆိုတဲ့ တိုက်ခိုက်စွမ်းရည်ကိုပဲ လေ့ကျင်ကြတယ်။

ဒီလိုနဲ့ သုံးနှစ်လည်း ပြည့်ရော ၊ ကြက်ဘုရင် ရွေးခြယ်ပွဲ ကျင်းပဖို့ စီစဉ်ကြတော့ အဖေထက် သားကြီးလာတဲ့ ကြက်တွေ အားလုံး  အရင်က ကျင်းပတဲ့ စုရပ်နေရာ ကွင်းကြီးမှာပဲ ပြိုင်ပွဲကို ကျင်းပကြတယ်။ တစ်ကောင်ကို တစ်ကောင်ကြည့်လိုက်တော့ အဖေ့ထက် သား ၊ သားထက် မြေး ၊ မြေးထက် မြစ်က ကြီးလာတာ ဆိုတော့ ဟိုးအရင် ကြက်တညင် ဆိုတဲ့ ဘဝလေးကနေ များစွာ ပြောင်းလဲနေခဲ့ပြီ။

အခုတော့ အစားအသောက်ပေါင်း များစွာကို မတူညီတဲ့ ဒေသ မတူညီတဲ့ နေရာကနေ စားခဲ့တာ ဖြစ်လို့ အရောင်အသွေးစုံလင်လှစွာ ၊ အကောင်ကြီးထွားလှစွာ ထွားကြိုင်းလျှက် ရှိနေလေပြီ။ ဘုရင် မဖြစ်လိုတဲ့ ကြက်တညင်လေးတွေနဲ့ သူတို့ ယှဉ်လိုက်ရင်တော့ လွန်စွာမှ အကောင်းချင်း ကွာခြားသွားလေပြီ။ အကောင်ကြီးမား သလို ခြေတံ အတောင်ပံတွေလည်း ကြီးထွား ဖွံ့ဖြိုးလှတယ်။ အရောင်အသွေးကလည်း လှပလွန်းတယ်။

သို့သော် ပြိုင်ပွဲဝင်တဲ့ အကောင်တွေ အားလုံးက သုံးနှစ်တာ အပြိုင်အဆိုင် အကောင်ကြီးထွားရေးကို အာရုံစိုက် ကြိုးစားထားတာ ဆိုတော့ တကယ်တမ်းလည်း သူတို့ ပြိုင်ပွဲ ဝင်ကြရော ကြက်တွေ အားလုံးရဲ့ အရွယ်က ဘာမှ မကွဲပြားပဲ အရောင်အသွေးသာ ကွာခြားသွားကြတယ်။ ဒီတော့ ကြက်ဘုရင် တင်မြှောက်ရေး ကော်မတီကလည်း ဘယ်လိုမှ မဆုံးဖြတ်ပေးနိုင်ဘူး ဖြစ်နေတယ်။ အကောင်တွေက အားလုံး အကောင်ကြီးတွေပဲ ဖြစ်နေတယ်။

ဒီတော့ ဒီလို အကောင်ကြီးဖို့ ဆိုပြီး မဆုံးဖြတ်နိုင်တော့ပဲ အကဲဖြတ်အဖွဲ့က နောက်တစ်မျိုး စဉ်းစားကြတယ်။ ဒါကတော့ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ ကြက်တညင်တွေရဲ့ ရဲစွမ်းသတ္တိကို ဖော်ပြဖို့ တိုက်ခိုက်စွမ်းရည်နဲ့ ယှဉ်ပြိုင်မယ် လို့ ကြေငြာလိုက်တော့ အကောင်ကြီးရေးကိုသာ ဂရုစိုက်ပြီး စားသောက် လေ့ကျင့်နေကြတဲ့ ကြက်တွေ အားလုံး ထိတ်လန့်သွားကြတယ်။ သူတို့ ဘယ်လိုမှ အရင်က ဘိုးဘွားတွေလို တိုက်ခိုက်မှု စွမ်းရည်တွေ မရှိကြတော့တာ သူတို့ဖာသာပဲ သိတယ်။

တကယ်လို့ ဒီလို တိုက်ခိုက်ရေးနဲ့သာ ဆုံးဖြတ်မယ် ဆိုရင် ကြက်တွေ အားလုံးမှာ တိုက်ခိုက်ရည် နဲ့ ရဲစွမ်းသတ္တိကို လေ့ကျင့်နေသော အကောင်မကြီးချင်တဲ့ ကြက်တညင် မိသားစုသာ ရသွားမယ် ဆိုတာကို သူတို့ အားလုံးက သိနေတယ်။ ဒီတော့ အားလုံးက မူလ သတ်မှတ်ချက် အတိုင်းသာ အကောင်ကြီးဆုံး အကောင်ကိုသာ ဘုရင် အဖြစ်တင်မြှောက်ဖို့ ကန့်ကွက်တင်ပြကြတယ်။ တကယ်လို့ အခုနေ အချိန်မှာ အကောင်အကြီးအသေးကို မဆုံးဖြတ်နိုင်ဘူး ဆိုရင်လည်း နောင်နှစ်ထိ အချိန်ထားကာ ဆက်လက်ကြိုးစားကြမယ် လို့ အားလုံးက သဘောတူလိုက်ကြတယ်။

ဒါနဲ့ပဲ ကြက်ဘုရင် ရွေးပွဲဟာ ဘယ်သူ့ကိုမှ မတင်မြှောက်ဖြစ်တော့ပဲ နောက်နှစ်ကို ဆွဲဆန့်ရင်း ပြီးဆုံး သွားတယ်။ ဒီလို တစ်နှစ်ကြားထဲမှာလည်း ကြက်တွေဟာ အကောင်ကြီးထွားအောင်လို့ အစားအသောက်တွေ စားကြ ၊ လေ့ကျင့်ခန်းတွေ လုပ်ကြနဲ့ အပြိုင်အဆိုင်ကြိုးစား ကြတယ်။ ကြက်ဖကြီးတွေကလည်း ကြက်မကြီးတွေကို အကောင်ကြီးထွားဖို့ အတွက် အမြဲတမ်း သတိပေးနေတယ်။

“ ဥ ကြီး ကြီး ဥ ”

ဒီလိုနဲ့ တစ်နှစ် ကြာလာတော့လည်း  ကြက်ဘုရင် ရွေးဖို့က အနိုင် အရှုံးမပေါ် ၊ နောက်တစ်နှစ် လာပြန်တော့လည်း ကြက်ဘုရင် ရွေးဖို့ အနိုင်အရှုံးမပေါ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာခဲ့တယ်။ ဒါပေမဲ့လည်း ကြက်ဖကြီးတွေကတော့  လုံးဝ စိတ်မပျက်ပဲ  သူတို့ရဲ့ နောက်ပေါက်မဲ့  ကြက်တွေ အတွက် ကြက်မကြီးတွေကို တွန်းအားပေး စကားပဲ ပြောကြတယ်။ အဲဒီစကားလေးကတော့ စကားဟောင်းလေးပါပဲ။

“ ဥ ကြီး ကြီး ဥ  ”

“ ဥ ကြီး ကြီး ဥ  ”

“ ဥ ကြီး ကြီး ဥ  ”

ဒါပေမဲ့လည်း နှစ်ပေါင်းများစွာ ကြာလာပေမဲ့ အဆုံး အဖြတ် အဖြေကို အတိအကျ မရတဲ့ အတွက်  ကြက်မကြီးတွေကလည်း ကြက်ဖကြီးတွေ “ ဥ ကြီး ကြီး ဥ  ” ဆိုပြီးတော့ တိုက်တွန်း စကား ပြောလာတဲ့ အခါမှာ ဒီလိုပဲ ပြန်ပြောတော့သတဲ့ကွယ်။

“ ကပ်သီးကပ်သပ်တော် . . ကပ်သီးကပ်သပ်တော် . .”

“ ကပ်သီးကပ်သပ်တော် . . ကပ်သီးကပ်သပ်တော် . .”

အဲဒီအချိန်ကနေ စလိုက်တာပါပဲ။ ကြက်တွေရဲ့ ကြားမှာ အကောင်ကြီးထွားရေးကို ပြိုင်ဆိုင်နေလိုက်ကြတာ အခု အချိန်အထိ ပြင်းထန်နေဆဲပါပဲ။ တစ်ကောင်နဲ့ တစ်ကောင် တွေ့ကြရင် ပြောကြ ဆိုကြ ခွပ်ကြ ဆိတ်ကြ နဲ့ တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေပြီး ဘယ်သူ့ ဘယ်သူမှလည်း အကောင်ကြီးထွားပြီး ကြက်ဘုရင် မဖြစ်ရသေးပါဘူး။

သူတို့ကလည်း စိတ်မပျက်ပါဘူး။ ငါ မဖြစ်ရရင် ငါ့သား လက်ထက်မှာ ဖြစ်ရမယ်။ ငါ့သား လက်ထပ်မှာ မဖြစ်ရရင် ငါ့မြေး လက်ထပ်မှာ ဖြစ်ရမယ် ဆိုပြီး ကြက်ဖကြီးတွေက ကြက်မကြီးတွေကို “ ဥ ကြီး ကြီး ဥ ” လို့ ပြောလေ့ ရှိတယ်။ ဒီအချိန်ဆိုရင်လည်း ကြက်မကြီးတွေ ပြန်ပြောတာက “ ကပ်သီးကပ်သပ်တော် . . ကပ်သီးကပ်သပ်တော် . .” ပါပဲ။

အဲဒီ ပြောဆိုချက်ဟာ ကာလရွေ့လျောပေမဲ့ မပျောက် မပျက်ပဲ အခု အချိန်အထိ ကြက်ဖကြီးတွေကလည်း ပြောနေဆဲ ဒီလို ပြောရင် ကြက်မကြီးတွေကလည်း ဒီလို ပြန်ပြောနေဆဲပါပဲတဲ့။ ကြက်ဖကြီးတွေက ပြောတယ်။

“ ဥ ကြီး  ကြီး ဥ ”

ဒါဆို ကြက်မကြီးတွေကလည်း ပြန်ပြောလေ့ရှိတယ်။

“ ကပ်သီးကပ်သပ်တော် . . ကပ်သီးကပ်သပ်တော် . .”

~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~

မှတ်ချက်။   ။ ကျွန်တော် ၇ တန်းကျောင်းသားလောက်က ဖေဖေက ကြက်တညင်လေး တစ်ကောင် အလှမွေးဖို့ ဝယ်ပေးဖူးပါတယ်။ အကောင်လေး နည်းနည်းထွားလာတော့ အရောင် အသွေးစုံလာပြီး လှလာလိုက်တာဗျာ။ သူက မနက် မနက် ဆိုရင် တွန်လိုက်တာလည်း ပြောမနေနဲ့တော့။ ဒါပေမဲ့ သူတွန်တာကို ကျွန်တော်က “ အောက် အီး အီ အွတ် ” လို့ မကြားမိဘူး။ “ ဥ ကြီး ကြီး ဥ ” လို့ပဲ ကြားမိတယ်။

နောက်တော့ သူငယ်ချင်း တစ်ယောက်က ဥစားကြက်တွေ မွေးပါတယ်။ ခြံလိုက်ကို မွေးတာပါ။ သူတို့ ကြက်ခြံထဲ ရောက်ရင် ကြက်မကြီးတွေက ညည်းတယ် ပြောရမလား။ ဘယ်လိုပြောရလဲ ကျွန်တော် မသိပါဘူး။ “ ကတွတ်. . . ကတွတ်. . ကတွတ် . .” ဆိုပြီး ညည်းပါတယ်။ ဒါကို ကျွန်တော်က ဟိုက ကြက်တညင်လေး တွန်တာကို “ ဥ ကြီး ကြီး ဥ ” ဆိုပြီး အတွေးထဲမှာ ကြားထားတော့  “ ကပ်သီးကပ်သပ်တော် . . ကပ်သီးကပ်သပ်တော် . .” ဆိုပြီး Inspiration  ရကာ ဒီဝတ္ထုလေးကို ရေးပါတယ်။ အဲဒီတုန်းက ၇ တန်း ကျောင်းသား ဘဝက ဆိုပါတော့. . ။

ဒီနေရာမှာ ကျွန်တော် တစ်ခု ပြောချင်တာကတော့ ဝတ္ထုဆိုတာ စာရေးသူတစ်ယောက်ရဲ့ သူ့ဖာသာ ဖြစ်ပေါ်လာတဲ့ စိတ်ကူးကို ပုံဖော်တာပါ။ ဒါကြောင့် သူ့ဖာသာ ယုတ္တိ ယုတ္တာ မရှိပဲ ပုံပေါ်ချင်သလို ပေါ်နေနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ စိတ်ကူးထဲက ဇာတ်လမ်း မဟုတ်လားဗျာ။

တောင်းပန်ချက်။   ။ ကလေးအတွေး ကလေးအရေးများကို ဖတ်ပြီး ရသ မဖတ်ရလို့ ဆိုတဲ့ စာဖတ်သူတွေ အတွက် ကျွန်တော် မနေ့က စကားပြောဖြစ်လိုက်တဲ့ ဂျပန်က အစ်ကို တစ်ယောက်ရဲ့ အမြင်များကို မနက်ဖြန်မှာ ကျွန်တော် ရေးပေးပါ့မယ်။ သူကတော့ ပြောပြတာ ဖြစ်ပေမဲ့ ကျွန်တော်က အဆင်ပြေအောင် ပြင်ဆင်ရေးပါ့မယ်။ သူ့ကိုလည်း ခွင့်တောင်းထားပြီး ဖြစ်သလို သူကလည်း အမြဲတမ်း ကုန်ကြမ်းပေးနေသူ တစ်ယောက်ပါ။

အခုလောလောဆယ်တော့ “ ကြိုးတန်းများ ” နဲ့ “ ပျော်ရွင်ချင်သလား ” လို့ပဲ ခေါင်းစဉ် ပေးထားပါတယ်။ ဒါကတော့ ကြိုပြီးတော့ မြဝတီ ရုပ်မြင်သံကြားမှာလို “ သင့်အတွက် မနက်ဖြန် ” ဆိုပြီး  ကျွန်တော် ကြိုတင် ရေးပေးနေပါ့မယ်။ မနက်ဖြန်တော့ ကျွန်တော် ကလေးအတွေ. ကလေးအရေးတွေ ခဏနားပြီး တင်ပေးပါ့မယ်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

စာတွေဖတ်ပြီး ကိုယ်တောင် ကတော်ကတော် အော်ချင်စိတ် တွေပေါ်လာပြီ


ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဘုတ်ဆုံ said...

"ဥ ကြီး ကြီး ဥ"
"ကပ်သီးကပ်သပ်တော် ကပ်သီးကပ်သပ်တော်"
အတော့်ကိုကာရံညီတယ်။
7တန်းနှစ်ကရေးထားတဲ့ ကလေးအတွေးလေးတွေကလည်း
ဖတ်လို့ကောင်းပါတယ်ဗျာ။
နက်ဖန်ရေးမည့်...ကြိုးတန်းများကိုလည်းဆက်လက်စောင့်စားဖတ်ပါမည်။
ထုတော့ ဘလောပ့်ဝင်မရနို့....ကတွတ်တော်..ကတွတ်တော်..ကတွတ်တော်လို့ပဲ....ညည်းချင်တော့တယ်။:( :(

kyaw said...

ကြက်မွေးတာ မဆိုးဘူး ကိုက်တယ် ကိုဇော်ရေ..
တကယ်ပြောတာ....စနစ်တကျ နဲ့ ဝါသနာပါရင် ကြက်ခြံလုပ်ငန်းကလည်း ကောင်းတယ်ဗျို့ 
ဥကြီးကြီးဥ.....

shwe said...

တကယ် ပြုံးပြီးရေးသွားတာနော်
အဲလိုကြီးလား... ဥကြီးကြီးဥ....
ကတ်သီးကတ်သတ်တော်....
ကြားတတ်ပါ့ ကိုဇော်ရယ်...

shwe said...

ကြားတတ်တယ်ကိုဇော်ကတော့
ဟားးး
တကယ်ပြုံးပြီးရေးသွားပါတယ် ရှင်

phyo said...

ကတ်သီးကတ်သတ် ကြားလဲ ကြားတက် ရေးလဲ ရေးတက်ပါပေ့ဟာ....

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.