မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 June 2010

0 ဘရိတ် မိရဲ့လား



အရက်သောက်တာနဲ့ ပတ်သတ်ပြီး ကျွန်တော်ရဲ့ ခံယူချက် တစ်ခုကို ပြောပြချင်ပါတယ်။ ဘယ်သူ့ကိုမှ လိုက်လုပ်ပါလို့ ကျွန်တော် မပြောချင်သလို ၊ ကျွန်တော် လုပ်တာ အမှန်လို့လည်း မပြောပါဘူး။ ကျွန်တော့်အတွက်ကတော့ ဒီအတိုင်းပဲ ကျင့်သုံးတာ အဆင်ပြေပါတယ်။

ဟိုတစ်နေ့က အစ်ကို တစ်ယောက်နဲ့ နောက်နောက်ပြောင်ပြောင် ပြောဖြစ်သွားသလိုပေါ့။ ကျွန်တော် အကြိုက်ဆုံး မူး  . . ရစ် . . ဆေး . . ဝါး က အရက် လို့ နောက်ပြောဖြစ် လိုက်ပါသေးတယ်။ ဟိုးအရင် အရက် စစပြီး သောက်ခါစ ကတည်းက ကျွန်တော့်မှာ အယူအဆ တစ်ခု ရှိပါတယ်။ ဘယ်သူ့မှ မသင်ပေးဘဲနဲ့ ကိုယ့်ဖာသာ ရင်ထဲမှာ ဖြစ်ပေါ်လာတာပါ။

“ ကျွန်တော် အရက်သောက်ရင် ကျွန်တော် ဘယ် သူငယ်ချင်းကိုပဲ တွေ့တွေ့  . . “ ဟေ့ကောင် သောက်ပါဦးလား ၊ လာကွာ တစ်ခွက်လောက် ချ ၊ မင်းကလည်း တစ်ခွက်နဲ့ ဘာမှ မဖြစ်ပါဘူးကွ ” ဒီလို ပြောနေကျ ကြားနေကျ အရက်သမားတွေ ရဲ့ စကားကို ကျွန်တော် ဘယ်တော့မှ မပြောဖြစ်ပါ။ ဘယ်သူငယ်ချင်း ၊ ဘယ်သူ့ကိုမှလည်း အရက်သောက်ပါဦး လို့ မခေါ်ပါ။

ဒါ ကျွန်တော် သူတို့ကို တိုက်ရမှာ စိုးလို့ ၊ ကပ်စေး နည်းနေလို့ မခေါ်တာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့် အယူအဆပါ။ အရက်ဆိုတာ ဘုရားက မကောင်းပါဘူး ၊ မသောက်ပါနဲ့ ဆိုပြီး တားမြစ် ထားတဲ့ အရာပါ။ ဒါကို ကိုယ်က မကောင်းမှုကို ကျူးလွန် ဖောက်ဖျက်ပြီး ငရဲများကာ သောက်နေရတာပါ။ ဒါကြောင့် ကိုယ်က မကောင်းမှုကို သိသိကြီးနဲ့ ကျူးလွန်နေတာတောင်မှ အားမရဘူး ၊ သူများကိုပါ မကောင်းမှု ပြုဖို့ ဆိုပြီး “ ဟေ့ကောင် တစ်ခွက်လောက် ချသွားပါဦး။ ” ဆိုပြီး ကျွန်တော် ဘယ်တော့မှ မခေါ်ပါ။ ကိုယ်က မရှောင်နိုင်လို့ မကောင်းမှုကို လုပ်နေရတယ် ဆိုရင်တောင်မှ ကျွန်တော် သူများဆီက အကုသိုလ် မျှယူနေသူ တစ်ယောက် အဖြစ်မခံနိုင်ပါ။ 

ဒါကြောင့် ဟိုးအရင် ကျွန်တော် အရက်သောက်တုန်းက ကျွန်တော် ဘယ်သူ့ကိုမှ မခေါ်ပါ။ ကျွန်တော့်ဖာသာ ကျွန်တော် တစ်ယောက်တည်း ခပ်ပြောင်ပြောင်ပဲ သွားသောက်ပါတယ်။ တစ်ခါတစ်လေ မကောင်းမှုကို ကိုယ့်ဖာသာ ကျူးလွန်နေကြတဲ့ ရင်ဘတ် တူသူတွေနဲ့ တွေ့ရင် ခြေထောက်ကို လှေလုပ်ပြီး လမ်းကို မြစ်လုပ်ကာ “ တစ်လှေတည်း စီးပြီး တစ်ခရီးတည်း သွား လိုက်ကြပါတယ်။ ” ဒါပေမဲ့ ငါ အရက်သောက်မလို့ လိုက်သောက်ပါလား လို့ ကျွန်တော် ဘယ်တုန်းကမှ မခေါ်ခဲ့မိပါ။ 

ဒါ ကျွန်တော့်ရဲ့ ခံယူချက်လေး ပြောပြတာပါ။ ကိုယ်က မကောင်းမှု လုပ်နေတာတောင်မှ အားမရဘဲ ၊ သူများကိုပါ မကောင်းမှုထဲ ဆွဲခေါ်ပြီး အကုသိုလ်ကို အပိုဆု အနေနဲ့ ကျွန်တော် မယူလိုပါ။ ဘယ်သူ့ကို အတင်းအကြပ်ကြီး လုပ်ပါ လို့ မခိုင်းသလို ၊ ဘယ်သူ့ကိုမှလည်း မဝေဖန်ခိုင်းပါဘူး။ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးကြရမှာ မဟုတ်လား။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဒီလိုနဲ့ နေ့ရက်တွေ ဖြတ်သန်းလာရင်းနဲ့ တစ်နေ့ ကျတော့ ကျွန်တော့် သူငယ်ချင်း “ ဘာဘူ ” က ကျွန်တော့်ကို အပြစ်တင်ပါတယ်။

“ မင်းကတော့ အရက် မသောက်တော့ဘူး ဆိုပြီး ဖြတ်လိုက်တာ ငါကတော့ အံ့တွေ သြလို့။ ဒီကောင် ဒီလောက် သောက်လာတာ ဖြတ်နိုင်ပါ့မလားပေါ့။ တစ်ရက် နှစ်ရက်ပဲ ခံမှာပါ လို့. . . .”

“ ဒီတော့. . .”

“ အခုတော့ မင်းက လုံးဝ မသောက်ပဲ အခုလို နေနေတော့ အံ့သြတာပေါ့ကွ။ သူများတွေ ပြောတော့ အရက် ဆိုတာ မျှဉ်းဖြတ်ရတယ် ဆို. . ။ မင်းကျတော့ မသောက်တော့ပဲ တုံးတိကြီး မသောက်တော့လို့ မေးကြည့်တာ. . .။ ”

“ မဟုတ်ပါဘူး ဘာဘူရာ ၊ အရက်ကို “ သမား ” ကျအောင် သောက်လာတဲ့ သူတွေကျတော့ အသက်ကြီးမှ အရက်ဖြတ်မယ် ဆိုရင် ဒီလိုပဲ မျှဉ်းဖြတ်ရတာပါပဲ။ ငါကတော့ အခုမှ လူငယ်လေးပဲ ရှိပါသေးတယ်ကွာ။ ဒါကြောင့် တုံးတိ ဖြတ်လို့ ရတာပေါ့။ ဒါကြောင့်ပါ။ ”

“ ဒါပေမဲ့ကွာ။ မင်းကတော့ ဆက်မသောက်ပဲ ရပ်လိုက်ပြီး ၊ မင်းနဲ့ သောက်ဖော် သောက်ဖက်တွေကျတော့ ဆက်သောက်နေတာကျတော့ မကောင်းပါဘူးကွာ။ မင်းက အတူတူသောက်ပြီး သူတို့ကို ဖျက်ဆီးလိုက်ပြီး မင်းကျတော့ ကိုယ်လွတ်ရုံး ထွက်သွားသလိုပဲ။ ”

“ ဟာ. . . ဘာကွ။ ”

သူငယ်ချင်း အရင်းကြီး ပေမဲ့ ကျွန်တော် နည်းနည်းတော့ ရှူးရှူးးရှားရှား ဖြစ်သွားပါတယ်။ ပြီးမှ ဆက်ပြောလိုက်တယ်. . .

“ ဟေ့ကောင် . . မင်းထင်တာတွေ လျှောက်ပြောမနေနဲ့။ သူများတွေ ကြားရင် ငါကပဲ သူများတွေကို အရက်တိုက်ပြီး ဖျက်ဆီးသလို ဖြစ်နေဦးမယ်။ ဒါကြောင့် မင်းကို ငါ ငါ့ရဲ့ ခံယူချက် နှစ်ချက် ပြောပြမယ်။ 

၁။ ငါ အရက်သောက်ရင် ဘယ်သူ့ကိုမှ “ သောက်ပါဦးလား ” လို့ မခေါ်ဘူး။
၂။ ငါက ဘာလုပ်လုပ် ဘရိတ်မိအောင် သတိထားတယ်။ ”

“ ဘယ်လိုတွေလဲ ပြောပြစမ်းပါဦး။ ”

“ အေး . . မင်းက ခုနကလို ပြောလို့ ငါကလည်း ရှင်းပြရတာပေါ့။ 

၁။ ငါ အရက်သောက်ရင် ဘယ်သူ့ကိုမှ “ သောက်ပါဦးလား ” လို့ မခေါ်ဘူး။ 

ဘာလို့လဲ ဆိုတော့ အရက်ဆိုတာ . x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x ဒါကြောင့် ငါ အကုသိုလ်ကို အပိုဆု အနေနဲ့ မျှဝေ ယူမနေဘူး။ ”

“ သြ. . ဒီလိုလား။ ဒါဆိုရင် ဒုတိယ အချက်ကို ပြောပြပါဦး။ ”

၂။ ငါက ဘာလုပ်လုပ် ဘရိတ်မိအောင် သတိထားတယ်။

 အေး . . ပြောမယ်။ ညဘက်မှာ ဆိုရင် ပိုထင်ရှားတယ်။ မင်း ညဘက်မှာ ကားနောက်ဆုတ်ကို ကြည့်ဖူးလား။ ကားရဲ့ နောက်ဆုတ်တဲ့ မီးလုံး အဖြူလေး လင်းမလာခင်မှာ ဘရိတ်ဆိုတဲ့ မီး အနီရောင်က အရင်ရဲခနဲ လင်းတယ်လေ။ ဒါ ဘာကို ပြတာလဲ ဆိုတော့ သူက သူနောက်မဆုတ်ခင် ဘရိတ်ကို အရင် ကောင်းမကောင်း စမ်းလိုက်တယ် ဆိုတဲ့ သဘောကို ပြတာ။ ”

“ ဒီတော့ မင်း အရက် မသောက်တော့တာနဲ့ ဘာဆိုင်လို့လဲ။ ”

“ နေဦး ဆိုင်လာလိမ့်မယ်။ ဒါ ကားနောက်ဆုတ်တာပဲ ရှိသေးတယ်။ တကယ်တမ်းကား အရှေ့ကို မောင်းပြီ ဆိုရင် ဒီထက် အရှိန် ပိုမြန်တယ်။ ဒီတော့ ကားမောင်းတယ် ဆိုတဲ့ လူတစ်ယောက်ဟာ သူကားမောင်းရင်း အန္တရာယ် မဖြစ်စေဖို့ ဆိုတာ ကိုယ်မောင်းမဲ့ ကားကို မမောင်းခင် အရင်ဆုံး ဘရိတ်မိရဲ့လား ဆိုပြီး အရင် စမ်းကြည့်ရတယ်ကွ။ 

တချို့  ရုတ်တရက် ဘရိတ် ချို့ယွင်းပြီး ဘရိတ်ပေါက်တာ မဟုတ်ပဲနဲ့ ဘရိတ်ကြောင့် ကားတိုက်မှုတွေရဲ့ အတော်များများကတော့ ကိုယ့်ကား ဘရိတ် မိလား ၊ မမိဘူးလား ဆိုတာ သေချာ မစမ်းခဲ့တဲ့ လူတွေကြောင့် လို့ ဆိုတယ်။ ဒါကြောင့် ကိုယ်မောင်းမဲ့ ကားပေါ်ကို တတ်ပြီး စက်နှိုးလိုက်တယ်။ ပြီးရင် ကားရဲ့ ဘရိတ်လေးကို နင်းပြီးတော့ ဘရိတ်ကောင်း မကောင်း ဆိုတာ မစမ်းသင့်ဘူးလား။ ကားပေါ်တတ် တန်းပြီး ကလပ်နင်း ဂီယာထိုးပြီး ဘရိတ်မစမ်းပဲ မောင်းထွက်သွားမယ် ဆိုရင်တော့ အရေးကြုံလာလို့ ဘရိတ်မိရင်တော့ ကောင်းတာပေါ့ကွာ။ ဘရိတ်မမိဘူး ဆိုရင်တော့ ကိုယ့်အတွက် အန္တရာယ် ရှိတာပေါ့။ ”

“ ဒီတော့ အရက်သောက်တာနဲ့ ဘာဖြစ်လဲ။ ”

“ ဒီလိုပဲလေကွာ။ ငါက အရက် စသောက်ကတည်းက ငါ့ဖာသာ ဘရိတ်မိရဲ့လား ဆိုတာ မသောက်ခင် ကတည်းက အရင်စမ်းကြည့်တယ်။ သောက်တယ် ၊ နည်းနည်းကြာရင် ရပ်ကြည့်တယ် ဒီလို စမ်းကြည့်တယ်။ ပြီးတော့ ကားလို ပြောရရင် ဘယ်လောက် အမြန်ထိ မောင်းပြီးမှ ဘရိတ်အုပ်ရင် ဘရိတ်မိရဲ့လား ဆိုပြီး ငါ့ဖာသာလည်း အရက်စသောက်ကတည်းက အများကြီး သောက်ပြီး ထိန်းနိုင်လား ငါက စမ်းဖူးတယ်။ 

ဒါကြောင့် ငါ့မှာ နောင်တော့ ဘယ်ကိစ္စမှာ မိ ၊ မမိ မသိပေမဲ့ အခုထိတော့ ဘရိတ်မမိဘူး ဆိုတာ မရှိသေးဘူး။ ဘာလို့လဲ ဆိုတော့ ငါက ငါ့ဖာသာ အမြဲတမ်း ငါ့ဘရိတ်ကို ငါ စမ်းကြည့်နေလို့ပဲ။ ငါ အရက်သောက်တာမှာလည်း ငါ့ရဲ့ လစ်မစ်ကို ရောက်ရင် ဘရိတ်အုပ်တယ်။ ဘရိတ်ပေါက်စေနိုင်တဲ့ ကား အစုတ်တွေလို အရက် အပေါစားတွေလည်း မသောက်ဘူး။ ဒီလိုနဲ့ ငါ့ဖာသာ ဘရိတ်ကို အမြဲတမ်း စစ်တယ်ကွာ။ ”

“ အင်း . .”

“ ဟိုကောင်တွေ အရက်သောက်တာ နဲ့ ပတ်သတ်ပြီး ငါ့ရဲ့ ပထမ အချက်အရ ငါ သူတို့ကို ခေါ်တာ မဟုတ်ဘူး။ သူတို့ဖာသာ သောက်ချင်လို့ ဝင်သောက်တာ။ ဒါကြောင့် သူတို့ အရက်သောက်တာမှာ ငါ့ ပရောဂ ကင်းတယ်။ သူတို့ဖာသာ မသောက်ခင်မှာလည်း ကိုယ့် ဘရိတ်ကိုယ် ကို မစစ် ၊ သောက်နေရင်းနဲ့လည်း ကိုယ့်ဘရိတ်ကိုယ် ကို မအုပ်ဘဲ သူတို့ဖာသာ တောက်လျှောက် မောင်းနေတာ ငါ့ကို နာမည် မတပ်စမ်းပါနဲ့ ဘာဘူ ရာ။ သူများကြားရင် ငါကပဲ သူများတွေကို အရက်တိုက်ပြီး ဖျက်ဆီးတယ် ဖြစ်နေဦးမယ်။ 

တကယ်တော့ ဒီအရက်သောက်တာမှ မဟုတ်ဘူး။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မလုပ်ခင်မှာ ငါ တစ်နေ့ မလုပ်ပဲ ရပ်မယ် ဆိုရင် ငါ့ဘရိတ် ငါမိရဲ့လား ဆိုပြီးတော့ အရင် ကိုယ့်ဖာသာ ဘရိတ်ကို စမ်းပြီး စစ်ကြည့်သင့်တယ်။ ပြီးတော့ စပြီး လုပ်နေပြီ ဆိုရင်လည်း နောင်တစ်နေ့ မလုပ်တော့ဘူး ဆိုပြီး ရပ်မယ် ဆိုရင် ရပ်နိုင်ရဲ့လား ဆိုပြီး ဘရိတ်ကို စမ်းပြီး အုပ်ကြည့်သင့်တယ်။ ဒါမှလည်း နောင်တစ်နေ့ တကယ် လိုလာတယ် ဆိုရင် ဘာပဲ လုပ်နေလုပ်နေ ဘရိတ်အုပ်နိုင်ပြီး ဘရိတ်မိတော့မှာပေါ့။ ”

“ သြော်. . . ဒီလိုလား။ ”

“ ဟုတ်တယ် . . . ဒီလိုပဲ။ မင်းကရော မလုပ်ခင်မှာ ဘရိတ်ကောင်း မကောင်း စမ်းမိရဲ့လား။ လုပ်နေရင်းကရော မလုပ်တော့ဘူး ဆိုပြီး ရပ်ဖို့ ဘရိတ်မိရဲ့လား။ ”

ဒီတော့ ဘာဘူ ပြုံးပါတယ်။ ဒါပေမဲ့ သူ့ဆီက ဘာမှ အဖြေပြန်မရပါဘူး။ သူ ဘာမှ ပြန်မဖြေသွားပါ။ အဲဒီနေ့က မှတ်မှတ်ရရပါပဲ။ သူ ပြန်ဖို့ ပစ္စည်းတွေ လိုက်ဝယ်ရင်း ပြောမိတာလေးပါ။ နောက်ထပ် တစ်လကျော်တော့ သူ အပြီး ပြန်သွားပါတယ်။ သူနဲ့ ကျွန်တော် ထပ်ပြီး မတွေ့သေးပါ။ ဒါကြောင့် သူ့ကို ကျွန်တော် ဘရိတ်မိရဲ့လား လို့ ထပ်ပြီး မေးခွင့် မရှိခဲ့ပါဘူး။ တကယ်လို့ နောက်ထပ် သူနဲ့ တွေ့ဖြစ်ခဲ့ရင်တော့ ကျွန်တော် မေးကြည့်ပါဦးမယ်။ ဒါနဲ့. . . . . .

“ အခု စာဖတ်သူတွေကရော ကိုယ်လုပ်နေတဲ့ ကိစ္စတစ်ခုခု မလုပ်ခင်မှာ ဘရိတ်ကောင်း မကောင်း စမ်းဖူးရဲ့လား ၊ လုပ်နေရင်းကရော မလုပ်ဘူးဆိုရင် တုံးတိ ရပ်နိုင်အောင် ဘရိတ်မိရဲ့လား။ ”


မှတ်ချက်။     ။ လွန်ခဲ့တဲ့ ၃ နှစ်ကျော် ( 5.4.2007 ) က ကျွန်တော့်မှတ်စု မှာ ရေးထားတာလေးပါ။ ငယ်ငယ် အရက် စသောက်ကတည်းက ဒီလို အတွေးရှိတာမို့ ( အခုချိန် အရက် မသောက်တော့ပေမဲ့  ) တကယ်လို့ အရက် သောက်ခဲ့ရင်လည်း ဘယ်သူ့ကိုမှ “ သောက်ပါဦး ” ဆိုပြီး ကျွန်တော် ခေါ်မှာ မဟုတ်ပါဘူး။ ကျွန်တော် ကပ်စီးကျတာ မဟုတ်ပါဘူး။ ကျွန်တော့်ဖာသာ အရက်နဲ့ ပတ်သတ်ပြီး ပါးစပ် ဘရိတ်မိတာလို့ ပြောရင်လည်း ရပါတယ် :P


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: