မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 June 2010

10 နောက်က လူများ သို့



ကျွန်တော် ဒီစကားကို ဒီလိုပုံစံမျိုးနဲ့ သူ့ဆီက ကြားရတာ ငါးကြိမ် မကတော့ပါဘူး။ ပြောတဲ့ အကြောင်းအရာ မတူပေမဲ့ အဓိက သူ ပြောနေတာကတော့ ဖြစ်စဉ်တွေ တူနေတယ်။ ပြီးတော့ သူက ဒီလို ပြောနေရတာကို ပျော်နေတယ် လို့ ထင်တယ်။ 

“ ငါ့သားကကွာ ၊ အခု တစ်ရက်ကို မုန့်ဖိုး ၄၀၀ ပေးတာတောင်မှ မလောက်လို့တဲ့ ပိုတောင်းနေတယ်။ ”

“ - - - - -  ”

“ သူ့အတွက် နဲ့တင် တစ်နေ့ကို တစ်ထောင်ကျော် လောက်ရှိတယ်။ အဲဒါ. . .  x x x x x x x x x x ”

သူ ပြောနေတဲ့ စကားတွေက ညည်းညူနေတာတွေ မဟုတ်တာ သိသာတယ်။ ညည်းညူ သလိုလိုနဲ့ ကုန်ကျမှုကို ဖော်ပြပြီး သူ ပျော်နေတာ။ သူ ကြွားတာ မဟုတ်မှန်းတော့ ကျွန်တော် သေချာ ပြောရဲတယ်။ သူဘာလို့ ဒီလိုတွေ ပြောနေရတာလဲ။ 

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

သူက ကျွန်တော့်ထက် ၇ နှစ်လောက် အသက်ကြီးသူ တစ်ယောက် ဖြစ်တယ်။ စိတ်သဘောထား ပျော့ပျောင်းပေမဲ့ မဟုတ်မခံ ဒေါသကြီးသူလည်း ဖြစ်တယ်။ သူက ဆိုင်တစ်ခုခုမှာ ထိုင်ပြီး အေးဆေး စကားပြောရင်း တစ်ခုခုကို ဆွေးနွေးချင်တယ် ဆိုရင် ကျွန်တော့်ကိုပဲ ခေါ်လေ့ရှိတယ်။ တခြားသူတွေက သူ့ကို အမြဲတမ်း နောက်နေတာ ဆိုတော့ ဘယ်သူပဲ ဘာပဲ ပြောပြော သူ မယုံ။ ဘယ်နေ့ အလုပ်ပိတ်တယ် ပြောတာတောင်မှ သူ့မှာ ကျွန်တော့်ကို လာမေးတတ်တယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူ့က အားလုံးထဲမှာ အသက်အကြီးဆုံးဆိုတော့ သူ့ကိုပဲ ဝိုင်းပြီး ကြပ်နေတတ်ကြတယ်။ ပြီးတော့ ရန်ကုန်သားတွေ ဆိုတာကလည်း အချွန်လေးနဲ့ မလိုက်ပြီး ၊ အဆင်းမှာ ဖုန်သုတ် ၊ ဆီထိုးကာ ရွက်တပ်ပြီး တွန်းလွတ်လိုက်တာ မဟုတ်လား။ ဒီလို သူ့မှာ အကြိမ်ပေါင်းများစွာ ခံလာရတော့ သူ့အိမ်က အကြောင်း ၊ သူ့မိသားစု အကြောင်း ၊ သူ့ကိုယ်ရေးကိုယ်တာတွေ ဆိုရင် သူများတွေကို သူ မပြောရဲတော့ဘူး။ သူကလည်း စ ၊ နောက်စရာက ဖြစ်ခဲ့ဖူးတယ်။

ဟိုတစ်ခါက . . . ၊ 

သူ့မိန်းမနဲ့ ပြောတာ ရိုးရိုး မပြောဘူး။ ကျွန်တော်တို့တွေကလည်း အားလုံး နားလည်ပေးပါတယ်။ တစ်ယောက်ယောက် အိမ်ကို ဖုန်းဆက်နေတယ် ဆိုရင် သီချင်းဖွင့်သူကလည်း အသံတိုး ၊ စကားပြောနေသူတွေလည်း ငြိမ်ပေးတယ်။ အဲဒီလို လုပ်ပေးတာကိုတောင်မှ သူက ဒီတစ်ခါ ဖုန်းပြောတော့ အခန်းထဲမှာ မပြောဘဲ အခန်းအပြင် ထွက်သွားတယ်။ ပြီးတော့ အခန်းရှေ့က သစ်ပင်အောက်မှာ သစ်ပင်ကြီးကို လက်ထောက်ပြီး ဟန်ပါပါ ပဲများပြီး ဖုန်းပြောနေတယ်။ 

သာမာန် အခြေအနေ မဟုတ်တော့ အစသန်တဲ့ နေလင်းကျော်က “ ကိုထွန်းတော့ တစ်ခုခုတော့ တစ်ခုခုပဲကွ။ ” ဆိုပြီး သူမမြင်နိုင်တဲ့ ဘက်ကနေ အသာလေး သွားပြီး သစ်ပင် တစ်ဖက်ခြမ်းကနေ ကုတ်ကုတ်လေးထိုင်ကာ ဖုန်းနဲ့ အသံဖမ်းလာခဲ့တယ်။ သူက ဖုန်းပြောလို့ မပြီးသေးဘူး နေလင်းကျော်က ပြုံးစိစိနဲ့ ပြန်လာပြီး . . “ ဟေ့ကောင်တွေ နားထောင် ၊ နားထောင် ” ဆိုပြီး သူဖုန်းနဲ့ အသံဖမ်းလာတာကို ဖွင့်ပြတယ်။ 

“ သတိရသေးရဲ့ မိန်းမရဲ့။ ”

“ - - - - - - - ” 

“ တကယ်ရတာလား ၊ ချစ်ရော ချစ်သေးရဲ့လား။ ”

“ - - - - - - - ”

“ ချစ်ရင် မွှေးမွှေးပေးကွာ။ ”

“ - - - - - - - ” 

“ ဘာဖြစ်လဲ လူတွေ ရှိရှိပေါ့။ ”

“ - - - - - - - -”

“ ပေးကွာ. . .”

“ - - - - - - - - ”

ဒါတွေကို ပြန်ဖွင့်ပြပြီး ကျွန်တော်တို့လည်း ရယ်လိုက်ကြတာ အုန်းအုန်းကျွက်ကျွက် ပါပဲ။ သူကတော့ မသိဘူး ဖုန်းပြောလို့ ကောင်းတုန်းပဲ ရှိသေးတယ်။ ခဏကြာတော့ ကျွန်တော်တို့ အားလုံးထဲမှာ အသက်အကြီးဆုံး ဆိုတော့ သူက ရုပ်တည်နဲ့ အခန်းထဲကို ဝင်လာတယ်။ သူပဲ မဟုတ်သလိုလိုနဲ့ မှင်တွေ မောင်းတွေ နဲ့ပေါ့လေ။ သူ အခန်းထဲ ရောက်တယ် ဆိုတာနဲ့ နေလင်းကျော်က . . . 

“ ဒီမေးခွန်းလေးပဲ ထပ်ဖြေ လိုက်ပေါ့ ချစ်သေးရဲ့လား။ ”

ဆိုတဲ့ အဲလက်စ်ရဲ့ သီချင်းက အဲဒီစာကြောင်းကိုပဲ အထပ်ထပ် ဆိုနေတော့တယ်။ ကျွန်တော်တို့ကတော့ သိတော့ ပြုံးသူပြုံး ၊ အတင်းတည်ထားသူ တည်ပေါ့လေ။ ကျွန်တော်ကတော့ သူ ရှက်သွားမှာ စိုးလို့ စာအုပ်ဖတ်နေသလို ဟန်ဆောင်ပြီး စာအုပ်နဲ့ ကွယ်ရယ်နေတာပေါ့။ သူကတော့ မသိ ၊ သူ့ကို စောင်းဆိုနေတယ် ဆိုတာ မသိဘူး။ နေလင်းကျော်ကိုတောင်မှ လှမ်းပြီး ဟန့်လိုက်သေးတယ်။

“ အောင်မာ ဘာဖြစ်နေတာလဲ ၊ ဒီသီချင်း တော်တော် ကြိုက်နေတယ်ပေါ့လေ။ ”

နဂိုကကို သူ့ကို စဖို့ ပြင်ထားတဲ့ လူုဆိုတော့ သူက ဒီလို စကား သွားစတော့ ဟိုက ပြောဖို့ ရသွားတာပေါ့။

“ မဟုတ်ပါဘူး ကိုထွန်းရာ ၊ ကျွန်တော်က လူတစ်ယောက် အတွက် ဆိုပေးနေတာပါ။ ”

“ ဘယ်သူလဲ။ ”

“ သူက သူ့မိန်းမကို ချစ်သေးရဲ့လား လို့ မေးနေလို့ပါ။ ”

ဒီလို ပြောလိုက်တော့ သူ မျက်နှာ ချက်ချင်း ပျက်သွားတယ်။ ဒါပေမဲ့ ပြန် ဟန် လုပ်လိုက်ပြီး. . . .။ 

“ ဘယ်သူလဲကွ။ ”

“ မသိပါဘူးဗျာ။ ဒီမှာသာ နားထောင်ကြည့်တော့. . . . ”

ဆိုပြီး နေလင်းကျော်က သူ့ဖုန်းထဲမှာ အသံဖမ်းထားတာကို ပြန်ဖွင့်ပြတော့ ရှက်ပြီး မျက်နှာတွေ နီရဲသွားတယ်။ ဖုန်းကို ကုတင်ပေါ်ကို ပစ်တင်ပြီး ကမန်းကတန်း အဝတ်လဲပြီး အပြင်ကို ထွက်သွားတယ်။ အဲဒီအထဲက ဟိုကောင်တွေကို သူ ဘယ်တော့မှ သူ့အကြောင်းတွေ မပြောပြတော့ဘူး။ ပြောလည်း ဟိုကောင်တွေက စ ကြတော့ သူလည်း မခံနိုင်ဘူးပေါ့လေ။ ဒါကြောင့် သူက ရင်ဖွင့်စရာ ရှိရင် ကျွန်တော့်ကို တိုးတိုးတိတ်တိတ် ခေါ်ပြီး သူ ပြောပြလေ့ရှိတယ်။ ကျွန်တော်ကလည်း သူများရဲ့ ကိုယ်ရေးကိုယ်တာကို ယုံကြည်လို့ ကိုယ့်ကို တိုင်ပင်တယ် ဆိုရင် ဘယ်သူ့ကိုမှ ပြန်ပြောပြလေ့ မရှိဘူး။ ဒါကို သူကလည်း သိလို့ ထင်ပါတယ်။ 

အခုတော့ သူပြောနေတဲ့ အကြောင်း အရာတွေက တစ်ခုခု မှားနေသလို ခံစားရတယ်။ 

“ တစ်ရက်ကို သူ့အတွက်နဲ့တင် တစ်ထောင်ကျော်လောက် ကုန်နေတာကွ။ တခြား ကျောင်းစရိတ်တွေ ဘာတွေ မပါသေးဘူး။ ”

ကျွန်တော်လည်း ပြောသင့် မပြောသင့် ချင့်ချိန်မိပါတယ်။ ဒါပေမဲ့ မပြောလို့ သူမသိလိုက်တာထက် စာရင် ပြောလိုက်လို့ သူသိရဲ့ သားနဲ့ မဆင်ခြင်နိုင်တာ ဆိုရင် ကိုယ့်ဘက်က အပြစ်ကင်းတယ် လို့လည်း ခံစားရတယ်။ ဒီလိုပဲ ကျွန်တော် တွေးလိုက်မိတယ်။ 

“ နေဦး ကိုထွန်း ခဏလေး ၊ ကျွန်တော် တစ်ခုတော့ ပြောချင်တယ်။ ”

“ အေး ပြော ။ ”

“ ပြောတယ် ဆိုတာထက် အကြံပေးတာပေါ့ ကိုထွန်းရာ။ ဒါကို စဉ်းစားပြီး ကိုထွန်း ဖာသာ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်ပေါ့။ ”

“ အေးပါ ပြော။ ”

“ ဒီလို ကိုထွန်း။ ကျွန်တော်က လူရွတ် ဆိုတော့လေ။ တစ်ခါတစ်လေ တချို့ အကြောင်းအရာတွေမှာ အဆင် မပြေတတ်ဘူး ကိုထွန်း။ ကျွန်တော် ပြန်သွားတုန်းက အဖြစ်အပျက်လေး တစ်ခု ပြောပြချင်လို့ပါ။ ”

“ အင်း . . . .”

“ ကျွန်တော် ပြန်သွားတုန်းက ကျွန်တော် စားနေကျ ဆိုင်တစ်ခုကို ရောက်တယ်။ အဲဒီမှာ ရောင်းတဲ့ မုန့် ဆိုပါတော့ဗျာ။ သူက အချိန်နဲ့ ရောင်းတာ။ ကျွန်တော်က လေးနှစ် ကွာဝေးသွားတဲ့ သူဆိုတော့ လက်ရှိ ကုန်ဈေးနှုန်းကြောင့် ဈေးပိုများနေမယ် ဆိုတာ စဉ်းစားမိပါတယ်။ ဒါပေမဲ့ လူဆိုတော့လည်း လူ့ထုံးစံပေါ့ဗျာ။

ကျွန်တော်က မေးလိုက်တယ်။ “ အစ်မ တစ်ဆယ်သား ဘယ်ဈေးလဲ။ ” ပေါ့။ သူက  “ တစ်ဆယ်သား ၄၀၀ ” တဲ့။ ကျွန်တော် မသွားခင် အရင် လေးနှစ်လောက်က တစ်ဆယ်သားမှ ၁၂၀ လေ။ ဒီတော့ “ ဟာဗျာ . . ၄၀၀ တောင်မှလား။ ” ဆိုပြီး ကျွန်တော်က ပြောလိုက်မိတယ်။ တကယ်တော့ ကျွန်တော့် အမှားပေါ့လေ။ အရင်ဈေးနဲ့ အခုဈေးကို သွားပြီး ယှဉ်လိုက်မိတာ။ ဒါကို သူက ဘယ်လို ပြန်ပြောလဲ ဆိုတော့ . . . “ အမလေး . . နိုင်ငံခြားက ပြန်လာတဲ့ လူကလည်း တစ်ဆယ်သား ၄၀၀ ဆိုတာကို မြင်နေရသေးလား။ ” တဲ့။ ”

“ အေးလေ. . . ဘာဖြစ်လို့လဲ။ ”

“ နေဦး ကိုထွန်း။ သူများတွေ အတွက် ဘာမှ မဖြစ်ပေမဲ့ ကျွန်တော့်အတွက် တော်တော် ဖြစ်သွားတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီရက် မတိုင်ခင် တစ်ရက်က ကျွန်တော် ဈေးထဲမှာ လိုတာလေးတွေ သွားဝယ်တော့ အထည်ဆိုင် တစ်ဆိုင်မှာ မိန်းမ တစ်ယောက်က အထည်စ တစ်စကို ကိုင်ကြည့်ပြီး ဘယ်လောက်လဲ မေးတာ ကြားလိုက်ရတယ်။ အထည်ရောင်းသူက “ တစ်ကိုက် ၄၀၀၀ ” လို့ ပြန်ပြောတယ်။ ဒီတော့ ဒီမိန်းမက “ ၄၀၀၀ တောင်မှလား ” ဆိုပြီး ပြောတော့ ၊ အထည်ရောင်းသူက “ အမလေး . . နိုင်ငံခြားမှာ ယောက်ျား တစ်ယောက်လုံးက ဒေါ်လာတွေ ပို့နေတာ  ၄၀၀၀ လောက်များ တစ်နာရီစာ မရှိပါဘူး ညီမရယ် ၊ မဟုတ်ဘူးလား။ ” လို့ ပြန်ပြောတာ ကြားလိုက်ရတယ်။ ”

“ ဒီတော့. . . . ဘာဆက်ဖြစ်လဲ။ ရန်တွေ သတ်ကုန်ရောလား။ ”

“ မထင်နဲ့ ကိုထွန်း။ ဈေးဆိုတာ လူတွေ အများကြီးလေ။ အခု အထည်ဆိုင်က အဒေါ်ကြီး ပြောလိုက်တာက သူ့ကို နှိမ်ပြီး ပြောလိုက်တာမှ မဟုတ်တာ။ သူ့ကို ဂုဏ်တင်ပြီး ပြောလိုက်တာ။ ဒီလို လူကြားထဲမှာ အပြောခံလိုက်ရတော့ ဘယ်သူ မဆို ပူထူသွားတာပဲ ကိုထွန်း။ တကယ်လို့ မဝယ်ဘူး ဆိုရင်လည်း လူတွေက ငါ့ကို ဘာပြောမလဲ ဆိုတဲ့ စိတ်က ကိုယ့်ဖာသာကိုယ် အလှန့်ခံရတယ်။ တကယ်တော့ မဝယ်လည်း ဘယ်သူကမှ ဘာမှ ပြောပါဘူး။ ဒါပေမဲ့ ကိုယ့်စိတ်က ကိုယ့်ကို ခြောက်နေတာ. . . . ။

ဒါနဲ့ အဲဒီ မိန်းမကတော့ ပတ်ဝန်းကျင်ဆိုတာရဲ့ ဝိုင်းပြီး ဖြတ်ခနဲ လှမ်းကြည့်တာကို သူ ထိမိ ခံစားသွားရတယ် ဆိုတာ ကျွန်တော် သိလိုက်တယ်။ ခုနက ဈေးများတယ် ဆိုပြီး ဆစ်နေတဲ့ အဲဒီအထည်ကိုပဲ သူ ဝမ်းဆက်အတွက် ဆိုပြီး တစ်ကိုက်လေးထောင်နဲ့ပဲ မဆစ်ပဲ ဖြတ်လိုက်တာကို ကျွန်တော် မြင်လိုက်ရတယ်။ ”

“ ဒီတော့. . . ”

“ ဒီတော့ . . . ဒါကို ကျွန်တော်က မြင်ထား ၊ ကြားထားရသူ ဆိုတော့ အခုလည်း ကျွန်တော့်ကို ဒီလို အပြောခံရနေပြီ ၊ ဘေးမှာလည်း ကျွန်တော့်လိုပဲ ဈေးဝယ်သူတွေ ရှိတယ် ၊ သူတို့ကလည်း ကျွန်တော့်ကို ဈေးသည် အစ်မကြီး ပြောလိုက်လို့ ဖြတ်ခနဲ ဝိုင်းကြည့်ကြတယ်။ တကယ်လို့ ကျွန်တော်သာ အထည်ဆိုင်က အဖြစ်အပျက်ကို မတွေ့မကြားခဲ့ဘူး ဆိုရင် ကျွန်တော်လည်း ဆင်ခြင်မိမှာ မဟုတ်ဘူး ကိုထွန်း။

အခုတော့ ' ဒီလို အပြောခံရတာနဲ့ ဒီလို ဖြစ်ရတယ် ' ဆိုတာကို ကျွန်တော်က ဆင်ခြင်မိနေတော့ သူလည်း ပြောရော ကျွန်တော်က အေးအေးဆေးဆေးပဲ ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။ ”

“ အင်း. . ဘယ်လို ပြောလိုက်လဲ။ ”

“ မဟုတ်တာပဲ အစ်မရယ်။ နိုင်ငံခြားက ပြန်လာတယ်  ဆိုတာနဲ့ ဈေးများတယ် ၊ နည်းတယ် ဆိုပြီး မဆစ်ရတော့ဘူးလား ၊ ဈေးများနေပေမဲ့လည်း တန်းပြီး ဝယ်ရတော့မှာလား။ တကယ်လို့ ဒီလို ပြောလို့ ရှက်ပြီး ၊ သွေး နားထင်ရောက်ပြီး ဝယ်သွားလိမ့်မယ် လို့ ထင်ရင်တော့ အစ်မ မှားလိမ့်မယ်။ ဒီနေ့တော့ အစ်မ ဒီလို ပြောတဲ့ အတွက် ကျွန်တော် အစ်မ ဆိုင်က မဝယ်တော့ဘူး။ နောက်နေ့မှပဲ လာဝယ်တော့မယ်။ ” ဆိုပြီး ကျွန်တော်လည်း တစ်ခါတည်း လှည့်ထွက်လာတယ်။ ”

“ ဟာ . . မင်းကလဲကွာ။ ”

“ ဟုတ်တယ် ကိုထွန်း သူနဲ့ ကျွန်တော် အရမ်းခင်ပါတယ်။ ကျွန်တော် စိတ်ဆိုးသွားတယ် ထင်လို့ သူက နောက်ကနေ တကြော်ကြော် အော်ခေါ်ပါတယ်။ ကျွန်တော်က စိတ်ဆိုးသွားတာမှ မဟုတ်တာဗျာ။ ကိုယ့်ဖာသာကိုယ် သူများ ဖြစ်တာကို မြင်လို့ ဆင်ခြင်လိုက်တာပါ။ မိုးချုပ်တော့ ကျွန်တော့်အိမ်ကို လိုက်လာပြီး ကျွန်တော့်ကို လာတောင်းပန်တယ်တဲ့။ ဒါပေမဲ့ ကျွန်တော်က အပြင်သွားနေလို့ သူနဲ့ မတွေ့လိုက်ပါဘူး။ သူ မေမေ့ကိုပဲ ပြောသွားတယ်။ 

ကျွန်တော် ပြန်လာတော့ မေမေက စိတ်မဆိုးပါနဲ့ သားရယ်။ သူတို့က ဒီလိုပဲ ပြောနေကြ မဟုတ်လားတဲ့။ ဒီမှာ တစ်ခါတည်း ကျွန်တော့် ဂွင်ထဲ ဝင်သွားတော့တာပါပဲ။ မေမေ့ကိုလည်း ကျွန်တော် ပြောလိုက်တယ်။ “ မဟုတ်ဘူး မေမေ။ သား စိတ်မဆိုးပါဘူး။ သူက ဒီလို ပြောလို့ ဆင်ခြင် လိုက်တာပါ။ ဟိုနေ့က ဈေးထဲမှာ ဒီလို အခြေအနေမျိုးကို ကိုယ်တိုင် မြင်ထားတော့ ဒါကို အတွေ့အကြုံယူပြီး ဒီလိုပြောရင် ဘာကိုမှ မဝယ်ဘူးကွာ ဆိုပြီး ဆင်ခြင်လိုက်တာပါ။ ဒါနဲ့ မေမေကရော ဒီလို ပြောရင် ဈေးမဆစ်ပဲ ဝယ်လိုက်တာပဲလား ။ ” လို့ ကျွန်တော် မေးလိုက်တယ်။ ”

“ ဒီတော့ မင်း အမေက ဘာပြောလဲ။ ”

“  မေမေလည်း ရုတ်တရက် ငြိမ်ကျသွားတယ်။ ကျွန်တော့် ဂွင်ထဲ ဝင်လာတာကိုး။ နောက်မှ မေမေက “ ဟုတ်တာပဲ။ တကယ်တော့ ဒီလို ပြောတိုင်း ဝယ်စရာမှ မဟုတ်တာ။ ဈေးများတာက  များတာပဲ ၊ ဈေးဆစ်ရမှာက ဆစ်ရမှာပဲ ၊ ကိုယ့်ဖာသာ  နိုင်ငံခြား သွားတာက သွားနေတာပဲ ၊ ယောက်ျား သားသမီး နိုင်ငံခြား ရောက်နေတာက ရောက်နေတာပဲလေ။ ဒါကို မရောပစ်ရဘူး။ ဒီလို ပြောတိုင်း ဈေးမဆစ်ပဲ ဝယ်စရာမှ မဟုတ်တာ။ ” လို့ မေမေကလည်း ပြောတယ်။

အဲဒီ ဈေးသည် အစ်မကြီး ဆီကို ကျွန်တော် နောက်နေ့ကျမှ သွားဝယ်ပြီး မုန့်စားတော့တယ်။ သူက ထပ်တောင်းပန်နေသေးတယ်။ ကျွန်တော်ကလည်း အေးဆေးပါပဲ ကျွန်တော်  မကြိုက်ဘူး ဆိုတာကို ရှင်းပြလိုက်တယ်။ “ ကျွန်တော် စိတ်မဆိုးဘူး ဒါပေမဲ့ ဒီလို ပြောတာ မကြိုက်ဘူး ” ဆိုတာကို ပြလိုက်တာလေးပါပဲ။ ဒါပဲ ကိုထွန်း ၊ ကျွန်တော် အခု ကိုထွန်းကို ပြောပြချင်တာ အဲဒါပဲ။ ”

“ အေး မင်းပြောနေတာကို ငါ အကုန် နားလည်တယ်။ ဒါပေမဲ့ ငါနဲ့ ပတ်သတ်ပြီး ဘာကို ဆိုလိုချင်နေတာလဲ ငါ သဘောမပေါက်ဘူး။ ”

“ နည်းနည်းဆင်ခြင်ဖို့ တိုက်ရိုက်ပြောရတော့ အားတော့ နာပါတယ် ကိုထွန်းရာ။ ”

“ အေးပါ ပြောပါကွ။ ငါက မေးနေတာပဲ။ ”

“ အခု ကိစ္စမှာ ကိုထွန်းရဲ့ “ သား နဲ့ မိန်းမကို ဘေးက လူတွေက မြှောက်ပေးနေတာ ” လို့ ကျွန်တော် မြင်တယ်ဗျာ။ ဒါပေမဲ့ သူတို့ကို ကျွန်တော် သွားကြည့်နေတာ မဟုတ်ပါဘူး။ ကိုထွန်းပြောနေတဲ့ စကားတွေ ၊ အကြောင်းအရာတွေထဲက ကျွန်တော် အစတွေ ဆွဲထုတ်ကြည့်မိတာပါ။ “ မင်းအဖေက နိုင်ငံခြားမှာပဲ ဘာတော့ ဝယ်ပေါ့ကွ။ ယောက်ျားက နိုင်ငံခြားက ပို့နေတာပဲ ဒါတော့ သုံးပေါ့။  ” ဆိုတဲ့ စကားတွေရဲ့ ဒဏ်မှာ ကိုထွန်းရဲ့ သားနဲ့ မိန်းမက ကျရှုံးနေတာလို့ ကျွန်တော် မြင်တယ်။ တကယ်တော့ ကိုထွန်းရဲ့ သားလေးက ၃ တန်းပဲ ရှိသေးတယ် မဟုတ်လား။ ”

“ ဟုတ်တယ် သုံးတန်းပဲ ရှိသေးတယ်။ ”

“ ဒီလို ကလေးလေး တစ်ယောက်ကို ဒီလောက် အကုန်ကျခံနေစရာ မလိုပါဘူး ကိုထွန်း။ ကာလံဒေသံ ပေါ့လေ။ ပြီးတော့ ကိုထွန်းရဲ့ သား ကျောင်းတတ်နေတဲ့ နေရာက ကျွန်တော်တို့ ရန်ကုန်က လသာတို့ ၊ စိန်ပေါတို့ လို နေရာမှာ ကျောင်းတတ်နေတာမှ မဟုတ်တာလေ။ တကယ်လို့ အဲဒီမှာ တတ်နေပါစေဦး ဒါက အဓိကလား။ ကျောင်းသားဆိုတာ ကျောင်းစာကိုပဲ အဓိက ထားပြီး ကြိုးစားခိုင်းရမှာလေ။ 

အခုတော့ အဖေက နိုင်ငံခြားမှာမို့ အရင်က မစားဖူးတဲ့ ချောကလက် ကျောင်းသွားတိုင်း ထည့်သွားမယ်။ အပြင်သွားရင် ဒါလေးတော့ ဝတ်သွားမှ ဆိုရင်တော့ သူတို့ တွေးတာ လွဲနေသလို ၊ သူတို့ ပြောသမျှ “ အဖေက နိုင်ငံခြားမှာမို့ ၊ ယောက်ျားက နိုင်ငံခြားမှာ မို့ ” ဆိုတဲ့ စကားတွေကို ကိုထွန်းကလည်း ထပ်ဆင့်ကြားပြီး ကြည်နူး ဂုဏ်ယူနေတာ လို့ ကျွန်တော် မြင်တယ်ဗျာ။ ”

“ - - - - - - ”

“ ဒါပါပဲ ကိုထွန်း ။ ကိုထွန်း ဖာသာ ပြန်ပြီး လေ့လာကြည့် ၊ ဆန်းစစ်ကြည့် ၊  ဝေဖန်ကြည့် ၊  ဆင်ခြင်ကြည့်ပါ။ ကျွန်တော် ပြောတာ မဟုတ်ဘူး ၊ မှားနေတယ် ဆိုရင် မလုပ်ပါနဲ့ ၊ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် ပြောလိုက်လို့ ဆင်ခြင်မိတယ် ဆိုရင် ကျွန်တော်ပြောရတာ အလကား မဖြစ်ဘူးပေါ့ဗျာ။ ဒါလေးပါပဲ။ ကျွန်တော်က သတိပေးယုံလေးပဲ ပြောပြတာပါ။ ”

“ - - - - - - - ” 

ဒါပြောပြီးတော့ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသလို အရာရာက ခြောက်ကပ်သွားတယ်။ သူရော ကျွန်တော်ရော စကား မဆက်ဖြစ်ကြတော့ဘူး။ ခဏနေတော့ သူရော ကျွန်တော်ရော ထပြန်လာခဲ့တယ်။ အဲဒီနေ့က မှတ်မှတ်ရရ ညဉ့်ဦး လေပြေက ခပ်အေးအေး တိုက်နေခဲ့ပါတယ်။ 

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဲဒီနောက်မှာတော့ . . . . . 

သူရော ၊ ကျွန်တော်ရော အဲဒီအကြောင်းကို ဆက်ပြီး မပြောဖြစ်ပါဘူး။ သူနဲ့ ကျွန်တော်လည်း အခင်အမင် မပျက်သလို ၊ တခြား အကြောင်းအရာတွေကို အဆွေးနွေးလည်း မပျက်ခဲ့ပါဘူး။ ဒီကိစ္စကိုတော့ ကျွန်တော်က သွားပြီး အစမဖော်သလို ၊ သူကလည်း ပြန်ပြီး ရေမနူးပါဘူး။ ဒီလိုပဲ ဖာသိဖာသာ ထားလိုက်ပါတယ်။ 

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော် လောက်ကတော့ သူက သူ့ဖာသာ “ အိမ်လွမ်းသူ ” တံဆိပ်ကပ်ပြီး ပြန်သွားပါတယ်။ သူ ပြန်သွားတော့ ကျွန်တော့် လိပ်စာတွေတောင်း ၊ ကျွန်တော် ဖုန်းနံပါတ်ကို စာအုပ်မှာ မှတ် ၊ သူ့လိပ်စာတွေ ပေးပြီး နှုတ်ဆက်ကာ ပြန်သွားပါတယ်။ နှစ်လလောက် အကြာမှာတော့ သူက ကျွန်တော့်ဆီကို စာရေးပါတယ်။ 

“ ကိုဇော်. . . 

မင်းပြောတာ မှန်တယ်ကွာ။ ငါ ပြန်ရောက်မှ သေချာ သိလိုက်ရတယ်။ အားလုံးက ငါ့ကို ငွေထုပ်ပိုက်ပြီး ပြန်လာမယ် ပဲ ထင်နေတယ်။ တကယ်တော့ ငါက လစဉ်ပို့နေတာလေ။ ဟိုရောက်တော့ နိုင်ငံခြားက ပြန်ရောက်သူ အတွက် ဆိုပြီး အရင်က ပန်ကာ မရှိတဲ့ အိမ်မှာ ပန်ကာ ဝယ်ထားတယ်။ ပြီးတော့ ဟိုဟာ ဒီဟာတွေကွာ စုံနေတာပဲ ကြိုဝယ်ထားတာ . . ။

တကယ်တော့ သူတို့က သူတို့ စိတ်ထဲမှာ မြင်နေတဲ့ နိုင်ငံခြား ဆိုတာကို ပုံဖော်ပြီး အဲဒီထဲက အတိုင်း မြင်ကြည့်လိုက်တာ။ ဒါကြောင့် သူများတွေရဲ့ ဘေးက မြှောက်ပေးတဲ့ ဒဏ်တွေနဲ့ လျှောက်သုံးမိတော့တာပဲ။ ငါ ဝန်ခံတယ်ကွာ။ မင်း ဒီလောက် ကြိုပြောထားတာတောင်မှ ငါ မရှောင်နိုင်ဘူး။ မင်းလိုပဲ ငါလည်း အပြောခံလိုက်ရတယ်။ လူတွေ အများကြီး ကြားထဲမှာ ဆိုတော့ ပူထူပြီး သူတို့ပြောတဲ့ ဈေးနဲ့ပဲ ငါ ဝယ်လာခဲ့မိတယ်။

တစ်ခါတည်းလား ဆိုတော့လည်း မဟုတ်ဘူး။ ဒီလို အကြိမ်ပေါင်း များစွာပဲ။ နောက်တော့ . . . . ၊ ကြာလာတော့. . .  ၊ ခံရဖန် များလာတော့ . . . ၊ ငါလည်း မင်းစကားကို သတိထားပြီး ဆင်ခြင်မိတော့တယ်။ ဒါပေမဲ့ ငါ့မှာ တော်တော်ကို ခံစားလိုက်ရတယ်။ မင်း ကြိုပြောရဲ့သားနဲ့လို့ စဉ်းစားမိလို့ အခု ဒီစာကို ငါ ရေးလိုက်တာ။ ဒါပေမဲ့ကွာ. . . ငါ ကြိုသိခဲ့ပေမဲ့ မဆင်ခြင်မိခဲ့ဘူး။ 

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x 

ကိုထွန်း ”


အဲဒီစာလေး ကျွန်တော့်ဆီ ရောက်လာတော့ ကျွန်တော်လည်း တော်တော်ကို ခံစားလိုက်ရပါတယ်။ ကျွန်တော် ပြောခဲ့ ၊ သတိပေးဖြစ်ခဲ့ပေမဲ့ မဆင်ခြင်မိ လိုက်တာကိုပါ။ ဒါပေမဲ့ ကျွန်တော်သာ သူ့ကို မပြောဖြစ်ခဲ့ဘူး ဆိုရင် ကျွန်တော် ပိုပြီး ခံစားရမှာပါ။ ငါ မပြောမိလို့ ဖြစ်ရလေးခြင်း ဆိုပြီး.. . . . . ။

တကယ်တော့ . . . ၊

ကျွန်တော် အပါအဝင် ပြင်ပမှာ လာပြီး အလုပ်လာ လုပ်ကာ ပိုက်ဆံ ရှာဖွေစုဆောင်း နေရသူတွေ အများကြီးပါ။ ဒါပေမဲ့ ဘယ်သူကတော့ ဘယ်လောက် စုမိသွားပြီး ဘယ်သူကတော့ ဘယ်လို ဖြစ်သွားတယ် ဆိုတာတွေ ကြားနေရပါတယ်။ ဒါတွေ အားလုံးဟာ ဘာကြောင့်လဲ လို့ ကျွန်တော်လည်း အရာရာ သေသေချာချာ မသိပါ။ 

သို့သော် ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်အပါအဝင် ရှေ့လူကတော့ ရှာနေတာပဲ နောက်လူက ဒီလိုတွေ လုပ်နေရင် “ ပလိုင်းပေါက်နဲ့ ဖားကောက် ” နေသလို ဖြစ်နေပါလိမ့်မယ်။ ရှေ့က လူက ရှာသမျှကို နောက်က လူက ဥာဏ်အမျှော်အမြင် ရှိစွာနဲ့ ထိန်းသိမ်းတတ်ဖို့ လိုပါတယ်။ ဒါမှသာ သက်တမ်းတိုတိုမှာ မျှော်လင့်ထားတဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မှာပေါ့ဗျာ။ 

ဒီပို့စ်လေးကို ကျွန်တော် အဓိက ဖတ်စေချင်သူကတော့ ပြင်ထွက်ပြီး အလုပ်လုပ်နေကြတဲ့ လူတွေရဲ့ နောက်က လူများကို ဖတ်မိစေချင်ပါတယ်။ ဒီလူတွေထဲမှာ မိဘတွေ ၊ ညီအစ်ကို မောင်နှမ ၊ မိန်းမ ၊ သားသမီးတွေ  ၊ ဆွေမျိုး အသိုင်းအဝိုင်းတွေ ဒါတွေကို ကျွန်တော် သိစေချင် ဖတ်စေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေရဲ့အားနည်းချက်က ဒါလေး ဆိုတော့ ဒါကို သိထားရင် သတိထား ဆင်ခြင်နိုင်တာပေါ့ဗျာ။ ဒါပါပဲ။

ကျွန်တော် အခု နောက်ဆုံး ပြောနေကြ စကားလေးနဲ့ ပြောရရင် . . . .  . . . 

“ အွန်စောအိတ်ပေါက်နဲ့ ရေသန်ဗူး ကောက်သလို ဖြစ်နေမှာ စိုးလို့ပါ။ ”



*** နာမည်လွှဲပြောင်း ရေးထားတာက လွဲလို့ တကယ်ဖြစ်ခဲ့တာပါ။ ***

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

မင်းမောင် said...

ကုန်ကြမ်းတွေရလှချည်လားဗျာ...

မင်းမောင် said...

ကုန်ကြမ်းတွေရလှချည်လားဗျာ...

ခိုင်နုငယ် said...

ရောက်လာခဲ့ပါတယ်။..ကိုဇော်ရေ..
မန့်မရလို့ပြန်ပြန်သွားရတာနဲ့ပဲ..
ဖတ်သင့်၊မှတ်သင့်တဲ့ဆောင်းပါးလေးပါ။
"အွန်စောအိတ်ပေါက်နဲ့ရေသန့်ဗူးကောက်သလိုဖြစ်နေရ
တဲ့" မိသားစုအတွက်ဆိုသူတွေ...အတွက်ခုလိုရေးပီးရင်တော့။
"လိပ်ရေထဲချလိုက်သလို" ပြန်ပေါ်မလာကြလေတဲ့။
သားသမီး၊ယောကျာ်းတွေကြောင့် အိမ်ကမိသားစုရေပြတ်လို့
ရေငတ်နေရသူမိသားစုအကြောင်းလေးတွေကိုလည်း
ဆောင်းပါးရိပ်ခြေလေးရေးပါအုံးလို့။
အားပေးနေပါတယ်။
ပျော်ရွှင်ပါစေဗျာ။

Unknown said...

ကိုဇော်ရေ...
ဒီပို့စ်လေးဖတ်မိတော့ မလေးရှားမှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းမလေးကို သတိရမိတယ်..
သူမ ရင်ဖွင့်ထားတာပါ..
သူမအိမ်ကပြောတယ်တဲ့ သူမ လစာက မြန်မာငွေ 8သိန်းရတယ်..မြန်မာက မိသားစုကို 3သိန်းပို့တယ် ကျန်တာ သူမ စာရိတ်ပေါ့လေ..ငွေပို့ပြီးတော့ ငွေပို့ထားကြောင်းမြန်မာမိသားစုကို အကြောင်းကြားဖုန်းဆက်တယ် ဖုန်းက သူမမိသားစုအိမ်မှာ မရှိတော့ အိမ်အနီးတဆင့်ဖုန်းနဲ့ပေါ့..သူမဆီကဖုန်းရတော့ အိမ်ကိုပြေးခေါ်ပေးနေရင် ကြာမှာစိုးတာနဲ့ အဲဒီဖုန်းခေါ်ပေးတဲ့အိမ်ကို မှာခဲ့တာပေါ့လေ ငွေပို့ထားကြောင်း အဲမှာ အဲအမျိုးသမီးကပြောသတဲ့
(နင့်မိသားစု7ယောက်က ဒီငွေ3 သိန်းနဲ့လောက်ငှအောင်စားသောက်တယ် နင်က နိုင်ငံခြားမှာနေပြီး 5 သိန်းတောင်သုံးရသလားတဲ့) လေ..တော်တော်ခက်တဲ့ပတ်ဝန်းကျင်နော်..
ကိုဇော် ပျော်ရွှင်ပါစေ

SHWE ZIN U said...

အင်း ကိုဇော် ရေးထားတာ သေချာဖတ်လိုက်တယ်
ကာယကံရှင်ရော မိသားစု ပါ သိသင့်တဲ့ အချက်တွေဘဲ တခြားနိုင်ငံ မှာ အနစ်နာခံ ပြီး ရှာဖွေ ထားတာတွေကို အမြှောက်အပင့် တွေကြောင့် အလကား အကုန်မခံသင့်ပါဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

သိနေဖြစ်နေတာတွေကို ဒီလိုရေးပြလိုက်တော့ ကွက်ကွက်ကွင်းကွင်းမြင်သွားရပါတယ်၊ ငွေရှာတယ်ဆိုတာ၊ တစ်ချို့တွေအတွက်လွယ်ပေမဲ့၊ အများစုအတွက် မလွယ်ပါဘူး၊ သုံးရင်တော့ လွယ်လိုက်တာ၊

Unknown said...

ကိုဇော်ရေးထားတာလည်း အမှန်ပါဘဲဗျာ...
များသောအားဖြင့်ဒီလိုတွေဖြစ်နေတာလေ...
ပျော်ရွှင်ပါစေဗျာ

ရွှေရတုမှတ်တမ်း said...

ဗမာပြည်မှာက နိုင်ငံခြားဆို ငွေတွေပေါနေတယ် ထင်နေကြတာလေ...အင်း...ပြည်တွင်းမှာကလဲ အများစုက ငွေရှာရခက်နေတာကိုး..

သူကြီးမင်း (တုံးဖလား) said...

နိုင်ငံခြား... နိုင်ငံခြား...
မြန်မာပြည်သူပြည်သားတွေ တစ်ဝက်မက အထင်ကြီးနေကြတဲ့ နိုင်ငံခြား။
နိုင်ငံခြားမှာ ငွေပဒေသာပင်ပေါက်နေတာမှ မဟုတ်တာ။
ဒီပို့စ်လေးကို ပြည်တွင်းက လူတွေအားလုံးကို ပေးဖတ်သင့်တယ်။

Anonymous said...

That's right! It is a nice post to read, We can get a lot of knowledge from that. any wany thank you . I'm also a silent reader!