မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 June 2010

5 ပျော်ရွှင်ချင်သလား



ကိုယ်လိုချင်တာကို ရတာက
“ အောင်မြင်မှု ” ပေါ့။
ကိုယ်ရတာကို ကျေနပ်နိုင်ရင်
“ ပျော်ရွှင်မှု ” . . ပဲ။ 

{အိတ်ခ်ျ ၊ ဂျက်ဆန် ၊ ဘရောင်း}

အိမ်မှာ ခွေးနှစ်ကောင် မွေးထားပြီး အဲဒီ ခွေးနှစ်ကောင်ကလည်း တော်တော် ချစ်ဖို့ ကောင်းပါတယ်။ နေ့ဘက်ဆိုရင် ခွေးလှောင်အိမ်ထဲမှာ ထည့်ထားပြီး ညဘက်ဆိုရင်တော့ သူတို့ကို ခြံထဲမှာ လွှတ်ထားလေ့ ရှိတယ်။ အိမ်ရဲ့ ဘေးမှာက ကားဂိုထောင် ရှိတယ်။ ကားဂိုထောင်ရဲ့ အပေါ်မှာ ကားနဲ့ ပတ်သတ်တာတွေနဲ့ ကားပစ္စည်း အပိုတွေကို ထားတယ်။ အိမ်ကတော့ တိုက်အိမ် ဆိုပေမဲ့ ကားဂိုထောင်ကတော့ သွပ်ပြားများဖြင့်သာ ကာရံထားတယ်။

ခွေးနှစ်ကောင်ကို ခြံဝန်းထဲမှာ ညဘက် လွှတ်ထားပေမဲ့ နောက်ဖေး ခြံစည်းရိုး ဝန်းနံရံနဲ့ ကပ်နေတော့ တစ်ညတော့ သူခိုးက နောက်ဖေးလမ်းကြားထဲမှ လာပြီး နောက်ဖေး ခြံစည်းရိုး ဝန်းနံရံကို အသာလေး ကျော်ပြီး ကားဂိုထောင်ပေါ်သို့ တတ်ပြီး ခေါင်မိုးကို ကတ်ကြေးနဲ့ ဖြတ်ပြီး အထဲဝင်ကာ ကားပစ္စည်း အဟောင်းများ နဲ့ ကိရိယာ တန်ဆာပလာများကို ခိုးသွားပါလေရော။ ခြံထဲက ခွေးနှစ်ကောင်ခမျာ သိတောင်မှ မသိလိုက်ရှာပါဘူး။ သူတို့က မသိလို့ မဟောင်ဘူး ။ မဟောင်တော့ အိမ်က လူတွေကလည်း မနိုးဘူးပေါ့။

မနက်မိုးလင်းတော့မှ ကားဂိုထောင်ထဲ ဝင်တော့ ပစ္စည်းတွေပျောက်နေပြီး ခေါင်မိုးမှာ အပေါက်ကြီး ဖြစ်နေတာကို တွေ့လိုက်မှ သူခိုးခိုးသွားတယ် ဆိုတာ သိတော့တယ်။ ခွေးတွေကလည်း မဟောင်ဘူးပေါ့ ဘာညာနဲ့ ခွေးတွေကိုလည်း အပြစ်တင် ၊ သူခိုးဆိုတာမျိုးကလည်း လမ်းကြောင်း တွေ့ရင် နောင်ဆို ခဏခဏ လာတတ်တယ် ဆိုပြီး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့တယ်။ အဲဒါကတော့ ခွေးနှစ်ကောင်မှာ တစ်ကောင်ကို တစ်ရက်စီ ကားခိုထောင်ထဲမှာ ထည့်ထားပြီး ကျန်တစ်ကောင်ကိုတော့ ခြံထဲမှာပဲ ဒီအတိုင်းထားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။

ဒါကြောင့် အဲဒီညကနေ စပြီး ခွေးတစ်ကောင်ကို ကားဂိုထောင်ထဲမှာ ထည့်ပြီး နောက်တစ်ကောင်ကိုတော့ ခြံထဲမှာပဲ အရင်လို ထားထားတယ်။ ကားဂိုထောင်ကို မျက်နှာစာတံခါးက ပိတ်ထားပေမဲ့ မြေပြင်ကနေ လက်သီးဆုပ်လောက်တော့ လွတ်တယ်။ ဒါကြောင့် ခွေးက နှာခေါင်းကို ထိုးပြီး ကြည့်မယ် ဆိုရင် အပြင်ကိုလည်း မြင်နေရတယ်။ ခွေးနှစ်ကောင်ရဲ့ နာမည်က “ ရန်နိုင် ” နဲ့ “ ရန်ရှင်း ” ဆိုပါစို့။ အဲဒီနေ့ ညမှာတော့ “ ရန်ရှင်း ” ကို ကားဂိုထောင်ထဲ ထည့်ပြီး “ ရန်နိုင် ” ကို ခြံထဲမှာ ဒီအတိုင်း ထားလိုက်တယ်။

အမြဲတမ်း ညဘက် ဆိုရင် အတူတူ ဆော့နေကြ ခွေးနှစ်ကောင်က အခုလို ညဘက် ဆိုရင် နေရာခွဲခံလိုက်ရပြီး မဆော့ရတော့ တစ်ကောင်ကလည်း ကားဂိုထောင်ထဲကနေ အပြင်ကို နှုတ်သီးလေး ထွက်ပြီး ကြည့်နေတယ်။ ခြံထဲက “ ရန်နိုင် ” ကလည်း နှုတ်သီးလေး ထွက်ပြီး ကားဂိုထောင်ထဲကို ပြန်ကြည့်နေတယ်။ တစ်ကောင်နဲ့ တစ်ကောင်လေ့လာနေတယ် ဆိုပါတော့။ ဒါပေမဲ့ ဘာအသံမှာ မကြားရဘူး။ ကားဂိုထောင်ထဲမှာ  စားဖို့ မုန့်နဲ့ ရေလည်း ထည့်ပေးထားတယ်။ အပြင်မှာလည်း စားဖို့ မုန့်နဲ့ ရေ ရှိနေတယ်။

ခြံထဲက ရန်နိုင်ကလည်း အမြဲတမ်းတော့ အပြင်ကနေ ကားဂိုထောင်ထဲကို ကြည့်မနေပါဘူး။ သူလည်း အပြင်က ညဘက်မှာ လမ်းလျှောက်သွားသူတွေ ၊ ခြံပြင်မှာ သူ့ဖာသာ လျှောက်သွားနေတဲ့ တခြား ခွေးလေခွေးလွင့်တွေကို ပြေးပြေး ဟောင်ရပါသေးတယ်။ ဒီလို အချိန်ဆိုရင် ကားဂိုထောင်ထဲက “ ရန်ရှင်း ” ကလည်း သူကိုယ်တိုင် ခြံစည်းရိုးနားအထိ မသွားနိုင်ပေမဲ့ ကားဂိုထောင်ထဲကနေ ဟောင်ပေးရှာပါတယ်။ ဖြတ်သွား ဖြတ်လာ မရှိတော့လို့  ပြီးရင်တော့လည်း နှစ်ကောင်စလုံး ပြန်လည် ငြိမ်သက်လျှက်ပါပဲ။

မနက်မိုးလင်းတော့ လူတွေရဲ့ ထုံးစံ အတိုင်း မနေ့ကမှ သူခိုးခိုး ခံထားရတာ ဆိုတော့ ဒီနေ့မနက်ကျတော့ အရမ်းကို တတ်ကြွပါတယ်။ အိမ်သား အားလုံး နိုးလာတယ် ဆိုရင်ပဲ ကားဂိုထောင်ဆီကို သွားပြီး သူခိုးခိုးသေးလားလို့ သွားကြည့်ကြတယ်။ သူခိုးဆိုတာက နေ့တိုင်း လာခိုးနေတာ မဟုတ်မှန်း သိပေမဲ့ လူ့ရဲ့ သဘာဝပဲ ဆိုပါစို့။ ကားဂိုထောင်ကို ဖွင့်တော့မှ တစ်ညလုံး ကားဂိုထောင်ထဲမှာ ပိတ်မိနေတဲ့ “ ရန်ရှင်း ” မှာ အပြင်က ခြံထဲကို ပြေးထွက်ခွင့်ရတော့တယ်။ သူ ပျော်တယ်ပေါ့လေ ဟိုဟိုဒီဒီ လျှောက်ပြေးရှာတယ်။

မနေ့က ညအတွက်ကတော့ “ ရန်ရှင်း ” ကို  ကားဂိုထောင်ထဲမှာ စောင့်ခိုင်းထားတဲ့ အတွက် အလှည့်ကျ စနစ်နဲ့ ဒီညတော့ “ ရန်နိုင် ” ကို ကားဂိုထောင်ထဲမှာ အစောင့်ထားမယ်လို့ ဆုံးဖြတ်ကြတယ်။ အိမ်သာ အားလုံးလည်း အိပ်တော့မယ် ဆိုတော့ မှ “ ရန်နိုင် ” ကို ကားဂိုထောင်ထဲ ထည့်ပြီး အိပ်ယာဝင်လို့ သိပ်မကြာဘူး။ ရန်နိုင် က ဟောင်တာလည်း မဟုတ်ဘူး။ အူတာလည်း မဟုတ်ဘူး။ အီနေတာ . . . ၊ အသံရှည်ကို ဆွဲပြီး။ ကြားရတဲ့ သူတွေလည်း ဘယ်လိုမှ စိတ်မချမ်းသာဘူး။ အိပ်လို့လည်း မရဘူး။ ဒါနဲ့ ထပြီး သွားကြည့်တော့ ဘာမှလည်း မဟုတ်ဘူး။ ပြန်ငြိမ်နေတယ်။

အိမ်သား တစ်ယောက်ယောက်က ထပြီး သူ့ဆီကို လာတယ် ဆိုရင် တိတ်သွားတာပဲ။ အိမ်ပေါ်ပြန်တတ်ပြီး အိပ်ပြီ ဆိုရင် ပြန် အီ နေပြန်ရော။ နောက်ဆုံးတော့ ဒီကောင် ဘာဖြစ်တာလဲ ဆိုပြီး အကွယ်လေးက သေချာ ချောင်းကြည့်လိုက်တော့ သူက ကားဂိုထောင်ထဲကနေ အပြင်ကို ထွက်ချင်နေလို့  တံခါးအောက်က လွတ်နေနဲ့ နေရာကို လက်နဲ့ ကုတ်ပြီး သူက အီနေတာ။ ဒါနဲ့ပဲ ဘေးအိမ်တွေကို အားနာပေမဲ့ ပေပြီး အိပ်နေလိုက်တယ်။ အီ တဲ့ အသံကတော့ တဖြေးဖြေးနဲ့ တိုးတော့ တိုးသွားပါတယ် ဒါပေမဲ့ တစ်ညလုံးကို အီနေတော့တာ။

နောက်နေ့ “ ရန်ရှင်း ”  ကိုထည့်တယ်။ ဘာသံမှ မကြားရဘူး။ “ ရန်နိုင် ”  ကို ထည့်တယ်။ တစ်ညလုံး အီ နေတာပဲ။ ဒါ သူ့ကို ထည့်တဲ့ ရက်တိုင်းပဲ တစ်နေ့လည်း မဟုတ်ဘူး ၊ တစ်ပတ်လည်း မဟုတ်ဘူး။  သူ ကို ထည့်တဲ့ နေ့တိုင်း သူကတော့ အီ နေတာပဲ။

~ ~ ~ ~ ~ ~ ~ ~ ~  @ @ @  ~ ~ ~ ~ ~ ~ ~ ~ ~ 

“ ဒီ အဖြစ်အပျက်လေးကို မှတ်မိလား ညီ။ မင်းနဲ့ တောင်မှ ငယ်ငယ်က ရန်နိုင် နဲ့ ရန်ရှင်း ဆော့နေကြ သေးတာပဲလေ။ ”

“ ဟုတ်ကဲ့။ ကျွန်တော် ငယ်နေသေးပေမဲ့ မှတ်မိပါတယ်။ ”

“ ဒါ ဘာလို့ အီ နေတာလဲ။ ”

“ အပြင်ထွက်ချင်လို့ ထင်တယ် အစ်ကို။ ”

“ ဒါဆို “ ရန်ရှင်း ” အလှည့်ကျတော့ရော မထွက်ချင်လို့လား။ ”

“ အင်း . . ဟုတ်တာပဲ။ ရန်ရှင်းလည်း ထွက်ချင်မှာပဲ။ ”

“ အေးလေ . ဒါဆို သူတစ်ကောင်တည်းမှ ဘာလို့ အီ နေတယ် ထင်လဲ။ ”

“ မသိဘူး အစ်ကို။ ”

“ သူ အီ နေတာ သူ မပျော်လို့ကွ။ ”

“ အစ်ကိုကလည်း မပျော်တာတော့ အစ်ကို ပြောမှလား။ ”

“ မဟုတ်သေးဘူး ၊ နေဦး။ အပြင်မှာ ဟိုကောင်ကျတော့ လွတ်လပ်နေတယ် ၊ ငါ့ကျတော့ မလွတ်လပ်ဘူး ဆိုတဲ့ သူ့စိတ်ကြောင့် သူ မပျော်တာ။ တကယ်လို့ ကားဂိုထောင် ဆိုပေမဲ့ အကျယ်ကြီးပါ။ သူ့ဖာသာ နေချင်သလိုနေလို့ ရတယ်။ စားစရာတွေရော ၊ သောက်စရာရော ရှိနေတာပဲလေ။ ဟုတ်တယ် မလား။ ထားတော့. . ။ မင်း သဘောပေါက်အောင် နောက်ထပ် ဥပမာ တစ်ခု ပြောပြမယ်။ ”

“ ဒီမှာ ကမ်းကပ်တဲ့ သင်္ဘောတွေပေါ်ကနေ စာအုပ်ပါပြီး အဆက်အသွယ်တွေ ရှိကြရင် သင်္ဘောသားတွေ ခုန်ဆင်းပြီး နေခဲ့ကြတယ်ကွ။ ဒါကို ကြားဖူးလား။ ”

“ ဟုတ်ကဲ့ ကြားဖူးပါတယ်။ ”

“ အေး . . ဒီလိုပဲ အစ်ကိုရဲ့ သူငယ်ချင်း နှစ်ယောက်ကလည်း ဒီလိုပဲ သင်္ဘောပေါ်ကနေ ကမ်းကပ်တုန်း စာအုပ်လည်း ရတော့ ထွက်ပြေးတယ်ကွာ။ သင်္ဘောကတော့ အချိန်တန်လို့မှ ပြန်မရောက်ရင် အကြာကြီး မစောင့်ပဲ ထွက်သွားတာပဲ။ ဒီတော့ သူတို့ စာအုပ်သာ ပါတယ် ၊ ဒါပေမဲ့ ဒီမှာတော့ တရားမဝင် ပေါ့ကွာ။

ဒီလိုနဲ့ သူတို့ စက်ရုံတွေမှာ လုပ်အားကို ရင်းပြီး အလုပ်လုပ်ကြရင်း သုံးနှစ်ခွဲလောက် ကြာသွားတယ်။ ပိုက်ဆံလည်း အိမ်ကို တော်တော်များများလည်း ရောက်သွားပြီ။ သူတို့လည်း တော်တော်ကို ချွေချွေတာတာနဲ့ကို စုတာ။ ဒါပေမဲ့ ကံဆိုးချင်တော့ တစ်ရက် အလုပ်က ပိတ်တော့ သူငယ်ချင်း တစ်ယောက်ရှိနေတဲ့ မြို့ကို သွားလည်ရင်း အပြန်မှာ အဖမ်းခံရပါလေရော။

စာအုပ်တော့ ရှိတယ် ၊ ဒါပေမဲ့ တရားဝင်နေထိုင်ခွင့် မရှိတော့ သူတို့ကို ဖမ်းတယ်။ တိုတိုပြောရရင်ကွာ။ နောက်ဆုံး သူတို့ကို ဖမ်းပြီး ထောင်ချလိုက်တယ်။ တစ်ယောက်ကို ၆ လဆီ ကျသွားတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အစ်ကို သူတို့ကို ထောင်ဝင်စာ သွားတွေ့တော့မှ သိလိုက်ရတယ် ၊ ဒီက ထောင်တွေက ဟိုကလို မဟုတ်ဘူး ၊ နေထိုင်ရတာ သန့်ရှင်းသလို အရာရာလည်း ပြည့်ပြည့်စုံစုံ ပေးထားတယ်။ အားကစား ကစားလို့ ရတယ်။ စာအုပ်ဖတ်လို့ ရတယ်။ စာရေးချင်ရင် ရေးနေလို့ရတယ်။

အစ်ကို သူတို့ နှစ်ယောက်ကို တစ်ရက်ခြား တစ်ယောက်စီ သွားတွေ့တော့ သူတို့ဆီက မတူတဲ့ စကားတွေ ကြားခဲ့ရတယ်။ ”

“ ဘယ်လို စကားလဲ အစ်ကို။ ”

“ သူတို့ နှစ်ယောက်က တစ်ရက်တည်း သင်္ဘော တစ်ခုတည်းကနေ ခိုးဆင်းပြေးပြီး တစ်နေရာတည်းမှာ အလုပ်လုပ်တယ်။ တစ်ရက်တည်း အဖမ်းခံရတယ်။ ထောင်ကျတော့လည်း အတူတူပဲ ၊ ကာလကလည်း တူတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်မှာ ပျော်ရွှင်မှု မတူဘူး ဖြစ်နေတယ်။ သူတို့ ဘာပြောလဲ ဆိုတော့ . . .

သူငယ်ချင်း A ကကွာ “ ငါတော့ ဟန်ကျတာပဲဟေ့။ ငါလည်း သုံးနှစ်ခွဲလုံးလုံး ပိုက်ဆံတွေချည်းပဲ စွတ်ရှာလာတာ အခုမှ ငါ့ကို အနားယူဖို့ ပို့လိုက်သလိုပဲ။ အပြင်ထွက်ပြီး ဟိုဟိုဒီဒီသာ လျှောက်သွားဖို့ မရတာပဲ ပြောလို့ရတယ်။ အခုတော့ အေးဆေး လေ့ကျင့်ခန်းလေး လုပ်လိုက် ၊ စာလေး ဖတ်လိုက် ၊  စာလေး ရေးလိုက်နဲ့ အတော်ကို အဆင်ပြေနေတာ။  ထောင်ကျနေတယ် ဆိုတာ မကောင်းပေမဲ့ အခု ငါ့အတွက်တော့ အေးအေးဆေးဆေး စာဖတ်ဖို့ လုပ်ပေးနေသလိုပါပဲ။ ငါတို့ကို ၆ လပြည့်ရင်တော့ လေယာဉ်ပေါ်ကို တန်းတင်ပေးမယ်နဲ့ တူတယ်။ ဒီကျတော့လည်း ပြန်လိုက်ရတာပေါ့ကွာ။

ဒီလိုပြောပြီး ၊ သူငယ်ချင်း B နဲ့ နောက်တစ်ရက် ထပ်သွားတွေ့တော့ သူ့မှာ ခေါင်းတွေ ဘာတွေ တောင်မှ မဖီးနိုင်ဘူး။ စိတ်ဓါတ်တွေကလည်း ကျနေတဲ့ ပုံမှာ ရှိတယ်။ “ ငါတော့ တော်တော် စိတ်လေတာပဲကွာ။ စားချင်တာ မစားရ ၊ သွားချင်တာ မသွားရ ၊ လုပ်ချင်တာ မလုပ်ရ နဲ့ တစ်နေ့တစ်နေ့ ပုံစံပဲ ကျနေတာပဲ။ ၆ လပြည့်အောင်တောင်မှ ငါ့မှာ ခံပါ့မလား မသိဘူးးကွာ။ ငါတော့ စိတ်ဆင်းရဲတာနဲ့ သေတော့မှာပဲ။

ဆိုပြီး ဒီလို ပြောတယ်။ မင်း စဉ်းစားကြည့်စမ်း။ တကယ်တော့ တစ်နေရာတည်း တစ်ချိန်တည်း ကိစ္စတစ်ခုတည်း ဖြစ်တာကို သူတို့ ဘာလို့ တစ်ယောက်က ပျော်ရွင်နိုင်ပြီး တစ်ယောက်က မပျော်ရွှင်နိုင်တာလဲ။ ”


“ ဟုတ်တယ် အစ်ကို။ ဒါဟာ စဉ်းစားစရာပဲ။ ”

“ အမှန်ပေါ့ကွာ။ တကယ်တော့ ပျော်ရွှင်မှု ဆိုတာ ကိုယ့်ရင်ထဲမှာပဲ ရှိတယ်။ ဒါကို အဝေးကြီး လိုက်မရှာနဲ့။ နောက်မှ မင်းကို အစ်ကို “ ပျော်ရွှင်မှု ရှာပုံတော်ဆိုတဲ့ ပုံပြင်လေး ပြောပြမယ်။ ( ကျွန်တော် မေးပေးပါဦးမယ်။ ) ပျော်ရွှင်မှု ဆိုတာ ကိုယ့်အနီးနားမှာပဲ ရှာတတ်ရင် ရှိတယ်။ သူများတွေ စိတ်ဆင်းရဲနေရတဲ့ ဟစ်တလာရဲ့ နာဇီ အကျဉ်းစခန်းထဲမှာ အိမ်မြှောင်နှစ်ကောင် ကိုက်နေတာကို  ကြည့်ပြီး ကိုယ့်ဖာသာကိုယ် စိတ်ကူးယဉ်ပြီး ပြုံးနေတတ်တဲ့သူ ၊ သူက မသေပဲ အသက်ရှင်တယ်။

ငရဲခန်းလို့ ပြောနေတဲ့ အကျဉ်းထောင်ကို ပြောင်းဖို့ ကားပေါ်ကို တွန်းတင်နေတဲ့ အချိန်မှာ . .  “ မိန်းမရေ . . မြန်မြန်သွားပါဟ ၊ နောက်ကားက အင်္ဂျင်သိပ်မကောင်းဘူး ပြောတယ်။ ငါတို့ ကားပျက်လို့ တွန်းနေရပါဦးမယ်။ ” ဆိုပြီး အရွှန်းဖောက်ပြောပြီး ပျော်ရွှင်တတ်တဲ့ သူက အသက်ရှင် ကျန်နေခဲ့တယ်။

ဒါတွေ အားလုံးက သူများတွေ အားလုံး ကိုယ်နဲ့ အတူတူ ဒုက္ခ ၊ စိတ်ညစ်မှု ၊ ဆင်းရဲမှု ခံစားနေရတဲ့ အချိန်မှာ ကိုယ်က ကိုယ့်ဖာသာ  ရလာတဲ့ အခွင့်အရေးလေးပေါ်မှာ စိတ်ချမ်းသာမှုလေးတွေကို ရအောင် ကျေကျေနပ်နပ် ယူနိုင်တတ်သူက “ ပျော်ရွှင်မှု ” ဆိုတာကို ရလာမှာပဲ။ ”

“ ဟုတ်တယ်။ ”

“ နောက် ၆ လ ပြည့်တော့ သူငယ်ချင်း နှစ်ယောက် ထောင်ကလွတ်တယ်။ သူတို့ လွတ်တာနဲ့ တန်းပြီး လေဆိပ်ကနေ တဆင့် ပြန်ရမှာ ဆိုတော့ မလွတ်ခင် ၅ ရက်လောက် အလိုမှာ အစ်ကို သွားတွေ့သေးတယ်။ သူတို့ ဘယ်လိုတွေ ဖြစ်နေလဲ သိလား။ ”

“ ဟုတ်. . ၊ မသိဘူး။ ”

“ စာလေး ဖတ်လိုက် ၊ စာလေး ရေးလိုက် ၊ အားကစားလေး လုပ်လိုက်နဲ့ ကျေကျေနပ်နပ် ဖြစ်အောင် နေနေတဲ့ သူငယ်ချင်းက ဆယ်နှစ်လောက် နုပျိုသွားသလို ဖြစ်ပြီး ၊ အဲဒီထဲမှာ နေရတာကို မကျေမနပ်နဲ့ စိတ်ဆင်းရဲနေတဲ့ သူငယ်ချင်းက အနှစ် နှစ်ဆယ်လောက် အိုစာသွားတာပဲ။ သူတို့ကို ကြည့်ပြီး အစ်ကို မယုံနိုင်လောက်အောင်ကို ဖြစ်သွားတယ်။ ဘာပဲ ပြောပြော အခုတော့ ပြန်သွားကြပါပြီလေ။ ဒါကြောင့် ပျော်ရွှင်မှု ဆိုတာနဲ့ ပတ်သတ်ပြီး ဘယ်လို ခံစားမိလဲ။ ”

“ အခု အစ်ကို ပြောပုံ အရဆိုရင်တော့ ပျော်ရွှင်မှု ဆိုတာ စိတ်ချမ်းသာအောင် နေတတ်မှုပဲ။ ”

“ အင်း. . ဒါလည်း ဟုတ်တယ်ပဲ ထားပါ။ ပိုတိကျအောင် ပြောမယ်။ လူတစ်ယောက်က လိုချင်တာတွေကို ဆက်ကာ ဆက်ကာ ရနေမယ် ဆိုရင် သူ့အတွက် ဒါဟာ ပျော်ရွှင်မှု တွေကိုတော့  ဖြစ်ပေါ်လာစေတယ်။ ဒါပေမဲ့ တစ်ခု ရပြီး ခဏနေ နောက်တစ်ခု ဆိုရင်တော့ ဒါ သူ့အတွက် ပျော်ရွှင်မှု ဖြစ်မလာတော့ဘူး။ သူ့မှာ လောဘတွေ ဖိစီးနေပြီလေ။ သူရထားတာတွေက ပျော်ရွှင်မှု မဟုတ်ဘူး။ သူရလာထားတွေက “ အောင်မြင်မှု ” တွေပဲ ဖြစ်တယ်။

“ ဟုတ်ကဲ့။ သဘောပေါက်ပြီ။ ”

“ ဟုတ်ပြီ။ ဒါပေမဲ့ သူ့မှာ အောင်မြင်မှုတွေ တစ်ခု ရလိုက် နောက်ထပ် ထပ်ပြီး လိုချင်တာကို ရအောင် ယူမယ် ဆိုရင် သူ့အတွက် ပျော်ရွှင်မှု မရှိတော့ဘူး။ ပျော်ရွှင်မှု ဆိုတာ ရတာလေးနဲ့ကို ကျေနပ် နှစ်သိမ့်နိုင်တာ ပျော်ရွှင်မှုပဲ။ အစ်ကို ဆောင်ပုဒ်လေး တစ်ခု ပြောခဲ့မယ်။ လိုက်ရေး။ ”

“ ဟုတ်. . . . ”

ကိုယ်လိုချင်တာကို ရတာက
“ အောင်မြင်မှု ” ပေါ့။
ကိုယ်ရတာကို ကျေနပ်နိုင်ရင်
“ ပျော်ရွှင်မှု ” . . ပဲ။ 

{အိတ်ခ်ျ ၊ ဂျက်ဆန် ၊ ဘရောင်း}


Inspiration From ကိုသိုးထိန်း
( ဆောင်ပုဒ်ပိုင်ရှင်ကို နောက်မှ နာမည်ပြောပြလို့ ဖြည့်စွက်ထားပါတယ်။ )

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကိုဇော်ရေ လူတင် မဟုတ်ဘူး ခွေး တွေတောင် စိတ်ထားတက်ပုံချင်း ခြားနားတာကို ထည့်ရေးထားတယ်နော်... ကောင်းတယ်သယ်ချင်း ဆောင်ပုဒ်လေးလဲ သေချာ မှတ်သွားပါတယ်.. ကျေးဇူးပါနော်...

SHWE ZIN U said...

ပျော်ရွှင်မှု့ဆိုတာ ကိုယ့်စီမှာ ရှိတာ အမှန်ပါ ကိုယ်ခံယူတဲ့ အပေါ်မှာပေါ့ သတိထားစရာလေးတွေ အတွက် ကျေးဇူး ကိုဇော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

ရောက်တဲ့ နေရာမှာပျော် နိင်ဖို့ အမြဲ ကြိုးစားပါတယ်ခင်မျာ.... ချောက် ဆိုတာ ဘယ်လိုမှ ရှောင်ကွင်းလို့ မရတဲ့ အဆုံး..ပျော်ပျော်ကြီးသာခုန်ချ လိုက်တာ အကောင်းဆုံ့းဘဲဗျာ

ကိုအောင် said...

ပျော်ရွှင်မှုအကြောင်း ရေးထားကို ဖတ်သွားပါတယ်
ကိုဇော်၊ အားပေးလျက်။

မောင်မောင် said...

ကိုဇော်ရေ ခင်ဗျားရေး ပြထားတဲ့ ဥပမာဇာတ်လမ်းလေး
တွေ ဟာ ကျွန်တော် တို့  အခု ရင်ဆိုင်နေရတဲ့  ပြဿနာ တစ်ခု လိုပါပဲ။
အကျဉ်းချုပ်က တော့ ကျွန်တော် တို့  တွေ အာဖဂန်နစ္စတန် နိုင်ငံ မှာ အလုပ်လုပ်နေကြတယ်ဗျ။
တစ်ချို့ တွေ ကလည်း ၆ လ မပြည့်မချင်းတညည်းညည်းတငြူငြူ နဲံပေါ့ဗျာ။
တစ်ချို့ တွေ ကလည်း အလိုက်သင့် အလျားသင့်လေး နေယင်း ကနေ အချိန်တန်တော့ အိမ်ပြန်ခွင့်ရကြတယ်။
ဒီတော့ ကိုယ့်ပျော်ရွှင်မှု့ ကို ကိုယ်စိတ်ထဲ ရှာနေသူ အဖို့ က တော့ ဘယ်မှာနေနေ နေတတ်ယင် ကျေနပ်နေရတာပေါ့။
ဒီဆောင်းပါး လေးက ကျွန်တော့် အတွက်တော့ အားဆေး တစ်ခွက်ပါပဲဗျာ။
ကျေးဇူးတင်လျှက်
မောင်မောင်
ကဘူးမြို့ 