မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 June 2010

16 အမရာ နှင့် တူသော ယောက်ျား


အမှာ. . . .

ကျွန်တော် နည်းနည်းတော့ ပြောရပါစေ။ ကျွန်တော် စာရေးတဲ့ အထဲမှာ အားထုတ်ပြီး တင်ပြပုံ အဆန်းဆုံး ရေးချင်တဲ့ ပုံစံလေးတွေကို ကျွန်တော် “ ရသစာတမ်း ”  မှာ ကျွန်တော် အားကုန်ထည့်ရေးလေ့ ရှိပါတယ်။ ဝတ္ထုထက် ၊ ရသထက် ၊ ဗဟုသုတထက် “ ရသစာတမ်း ” မှာ တစ်ခုခုကို ကျွန်တော် ချပြချင်မိတယ်။ ဒါကြောင့် ရသစာတမ်းလေး ကျွန်တော် ရေးပြီ ဆိုရင် လက်ရှိ ကျွန်တော် ဆန်းသစ်ချင်တဲ့ စာပေပုံစံ တစ်မျိုးကို အားထည့်ရေးလေ့ ရှိပါတယ်။

ဒါကြောင့် အခု ပို့စ်မှာတော့ . . . ၊ ကျွန်တော် တိတ်တခိုး ရင်ထဲမှာ ရှင်သန်နေတာ ကြာပြီ ဖြစ်တဲ့ စာပုံစံလေး တစ်မျိုးနဲ့ ရေးထားမိပါတယ်။ ဒါကြောင့် စကားပြောနေရာတွေမှာ “ ” တွေနဲ့ တစ်ကြောင်းချင်းစီ မပြထားတဲ့ အတွက် စာဖတ်သူများ အနည်းငယ် မျက်စိ ရှုပ်နိုင်ပါတယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ကျွန်တော်ရဲ့ တခြားသော တင်ပြချင်တာလေးကြောင့် ခွင့်လွှတ်ပြီး ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ရသစာတမ်းမှာက လွဲပြီး ကျွန်တော် တခြားအမျိုးအစားတွေမှာ မကွန့်ပါဘူး။

ဒီပို့စ် ၊  ရသစာတမ်းလေးမှာတော့ ကျွန်တော် အသံတွေကို အားထည့်ပြီး ရေးထားတာ ဖြစ်လို့ တစ်မျိုးတစ်ဖုံ ကိုယ့်ဖာသာ ဆန်းသစ်ထားပါတယ်။ ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ မရခဲ့ဘူး ဆိုရင် ၊ စာပေရေးရာမှာ တင်ပြပုံ ညံ့ဖျင်းခဲ့တယ် ဆိုရင် ဘယ်သူ့ရဲ့ အားနည်းချက်မှ မဟုတ်ဘဲ ၊ ကျွန်တော်ရဲ့ ညံ့ဖျင်း အားနည်းချက်သာ ဖြစ်ပါတယ်။ ကျွန်တော် ပြောပြချင်တဲ့ အသံအားတွေကို စာဖတ်သူများ ကြားမိပါစေ။

လေးစားစွာဖြင့် 
ကိုဇော်



“ ငြိမ့် ” ခနဲ ကားရှေ့ဘီးက မြောက်တတ်သွားတယ် ဆိုရင်ပဲ ပေါင်ပေါ်ကို တင်ပြီး စာတွေ ဖတ်နေတဲ့ စက်လေးကို လက်နှစ်ဖက်နဲ့ မြှောက်ကိုင်လိုက်မိတယ်။ အတတ်ပြီးသွားလို့ ပြန်ကျတယ် ဆိုတော့လည်း စက်ကလေးကို ပေါင်ပေါ်ကို ပြန်ပြီး မချရဲသေး။ အသာလေး မထား ရသေးတယ်။ ရှေ့ဘီး နောက်ဘီး ၊ ဘီး နှစ်ဘီး စလုံးက လမ်းတွေမှာ အမြန်နှုန်းကို လျော့ကျအောင် ခုခံထားတဲ့ အခုံးလေးကို ကျော်သွားမှ လက်ထဲက စက်လေးကို ပေါင်ပေါ် ပြန်တင်ပြီး စာလေးကို ဆက်ဖတ်ရတော့တယ်။

“ ဟူး ”  ခနဲ သက်ပြင်းကို ချပြီး ငါ့ဘဝကလည်း မလွယ်ပါလား လို့ ကိုယ့်ဖာသာ တွေ့ရင်း ပြုံးလိုက်မိတယ်။ ဒါတောင်မှ ဒီက လမ်းတွေက အခုလို ခုခံထားတဲ့ အခုံးလေးက လွဲပြီး ဒီမှာက လမ်းတွေက ဖြောင့်ဖြူးနေတာ . . ၊ ရွှေပြည်က လမ်းတွေမှာသာ  ဒီလို စာဖတ်ရရင် လက်ထဲက စက်လေးက ပေါင်ပေါ်ကို ပြန်မရောက်ပဲ လက်ထဲမှာတင် မြှောက်ထားရလို့ တောထဲက လူရိုင်းတွေ ယစ်ပူဇော်တော့မဲ့ အချိန်မှာ ဆိုရင် ပင့်မြှောက်ရသလို ဖြစ်နေမယ် ထင်တယ်။ အခုတော့လည်း ကြုံသလို အဆင်ပြေ ရတာပါပဲ စာဖတ်ချင်တော့ ဒီလိုပဲ ဖတ်ရတော့တာပေါ့။

“ ရိပ် ” ခနဲ မြင်လိုက်ရတဲ့ ကားအရှိန်ကြောင့် ကိုယ့်ကားသမားကလည်း သူရဲ့ ဟွန်းကြီးကို နာနာ ဖိတီးတယ်။ အပြင်ကတော့ မသိ ကိုယ့်ကား ခေါင်းခန်းထဲကတောင် တော်တော်ကို ဆူညံသွားတယ်။ ဖတ်နေတဲ့ စာရဲ့ အာရုံတွေကလည်း ဟွန်းသံကြောင့် ဘယ်ရောက်ကုန်မှန်း မသိ။ ကိုယ် ခေါင်းထောင်ပြီး ကားမှန်ကနေ အပြင်ကို ကြည့်လိုက်တော့ ကလပ်က ပြန်လာတယ် လို့ ထင်ရတဲ့ ကားနှစ်စီး ပြိုင်လုမောင်းသွားကြရင်း ကိုယ့်တို့ ကားရှေ့က ဖြတ်လု မောင်းသွားကြတယ်။ 

“ တောက် ” ခနဲ တတ်ခတ်သံ နဲ့ အတူ ပွစိပွစိ စကားတွေ စလာတော့မဲ့ ကိုယ့်ကားက ဒရိုင်ဘာ “ ဆီဗား ” ကို ကိုယ်ကပဲ တခြားအလုပ်ကိစ္စနဲ့ စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်ရသေးတယ်။ “ ရောက်ဖို့ တော်တော် လိုသေးလား ဆီဗား။ ” “ အင်း. . . . နောက် နှစ်ကွေ့ ဆို ရောက်တော့မှာပါ။ ” သူလည်း စကားပြန်ပြောလိုက်ရလို့ ခုနက ဒေါသ နည်းနည်းလျော့သွားပုံ ရတယ်။  “ ငါကလည်း ဒါ ပထမဦးဆုံး ညဘက် လိုက်ဖူးတာ မဟုတ်လား။ ဒါကြောင့် မေးတာ ၊ ” “ နေ့ဘက်ရော ရောက်ဖူးလား။ ” “ အင်း  . . နေ့ဘက်က ၄ ၊  ၅ ခေါက်လောက်  ရောက်ဖူးတယ်။ ” “ သြော်. .”

“ သြော် ”  ခနဲ စကားလုံးနဲ့ ၊ အဲဒီလို အဆုံးသတ်ကာ ခဏပြောပြီး သူရော ကိုယ်ရော ပြန်လည် ငြိမ်သက်ကာ တိတ်ဆိတ်သွားပြီး သူလည်း သူ့ဖာသာ ရေဒီယိုက ကုလား သီချင်းသံနဲ့ ငြိမ်ပြီး ဆက်မောင်းလာတယ်။ ကိုယ်ကလည်း ကိုယ့်ဖာသာ ဆက်ပြီး စက်ကလေးကို မျက်နှာမူပြီး သူများတွေ ရေးတင်ထားတဲ့ ဘလော့က ပို့စ်တွေကို လိုက်ဖတ်လာခဲ့တယ်။ လော်ရီကား တစ်စီးရဲ့ ဝိတ်အရတော့ ငြိမ်သက်မှု ဆိုတာ မရှိ။ ဖတ်ရတာ ကိုယ့်အတွက် အတော်ကို အနှောင့်အယှက် ဖြစ်စေတယ်။ ဒါပေမဲ့လည်း. . . .

“ မှောင် ”  ခနဲ ဖြစ်သွားလို့ အပြင်ကို ဝေ့ကြည့်လိုက်ရင် တောင်ကို ဖြတ်ဖောက်ထားတဲ့ လိုဏ်ဂူထဲ ဝင်နေပြီ ဆိုရင် ကိုယ် ဖတ်နေတဲ့ စာမျက်နှာကို မပြောင်းရဲဘူး။ အရင်က အိမ်မှာ  ၊ အလုပ်မှာလို သုံးခဲ့ရတဲ့ တည်ငြိမ်တဲ့ Internet Connection  မဟုတ်တော့ ၊ အခုက USB Stick Broadband Connection ဆိုတော့ ပိတ်မှောင်မွန်းကြပ်တဲ့ နေရာတွေမှာဆို သူကလည်း မှိတ်တုပ် မှိတ်တုပ် အလင်းရောင်လေးပါ ပျောက်သွားတတ်တယ်။ ဒီအချိန်မှာ စာမျက်နှာ ပြောင်းလိုက်လို့ကတော့ Access Denied တို့ ၊ The Connection Has Time Out  တို့ ဖြစ်ပြီသာ မှတ်။ 

“ ချက် ” ခနဲ Comment ရေးပြီးလို့ Publish Your Comment ကို နှိပ်လိုက်ပြီးမှ Access Denied တို့ ၊ The Connection Has Time Out  တို့ ဒီလိုသာ ပေါ်လာပြီ ဆိုရင် ကိုယ့်မှာ ရင်ခံရတယ်။ ရေးထားသမျှ Comment လေးတွေလည်း ပျောက်ခဲ့တာ အကြိမ်ပေါင်း များပြီ။ ဒါဆိုရင် လိုဏ်ဂူထဲက ထွက်ပြီး Connection  ပြန်မိအောင် စောင့်ရတာ ဘာမှနဲ့ မတူဘူး။ ရင်. . .မော. . တယ်. . .။ ဒါနဲ့ပဲ သွားဖတ်မိတဲ့ နေရာတွေမှာ “ ကိုယ့်ခြေရာလေး ” တွေ မချန်ခဲ့နိုင်တော့ဘူး။

“ လက် ”  ခနဲ Connection လေး ပြန်မိလို့ ဖတ်ထားတဲ့ ပို့စ်မှာ Comment ရေးမယ် ကြံတော့မှ စီးလာတဲ့ ကားက လမ်းချိုးတစ်ခုကို ဆွဲကွေ့ ဝင်သွားတယ်။ ကိုယ်မော့ကြည့်လိုက်တော့ ကိုယ်သွားချင်တဲ့ စက်ရုံကို ဝင်တဲ့ ကွန်ကရစ်ခင်းလမ်းပေါ်ကို ရောက်လာခဲ့ပြီ။ စက်မှုဇုံရဲ့လမ်း ၊ ကွန်ကရစ်ခင်းတဲ့ လမ်းရဲ့ ထုံးစံအတိုင်း အဝေးပြေးလမ်းမပေါ်က လမ်းတွေလို မဖြူးတော့ဘူး။ ကိုယ့်ပေါင်ပေါ်က စက်လေးကလည်း ငြိမ် မလိုက်နိုင်တော့ဘူး။ ကိုယ့်ရဲ့ လက်နှစ်ဖက်နဲ့ မ ထားရမဲ့ အတူတူတော့ စက်ကို ပိတ်ပြီး သိမ်း လိုက်ရတော့တယ်။

“ ကျွီ ” ခနဲ အသံနဲ့ အတူ စီးလာတဲ့ လောရီကားက စက်ရုံတစ်ခု ရှေ့ ဝန်းတံခါးမှာ ရပ်သွားတယ်။ ဟုတ်တယ် ဒီစက်ရုံက နေ့လည်ဘက် ကိုယ်ရောက်ခဲ့ဖူးတဲ့ စက်ရုံပဲ။ Production အတွက်သာ အဓိက ရည်ရွယ်ထားတဲ့ စက်ရုံဆိုတော့ လမ်းပန်း အချက်အချာ ကျစရာ မလိုဘူး ဆိုတဲ့ အချက်ကြောင့် ဒီလို အတွင်းဘက် ဆိတ်ငြိမ်တဲ့ စက်မှုဇုံထဲမှာပဲ တည်ရှိတယ်။ နေ့ဆိုင်း ညဆိုင်း လည်ပတ်ပေမဲ့ ညဆိုင်းကတော့ နေ့ဆိုင်းလောက် လူများများ စားစား မရှိတာ သေချာတာပေါ့။ ပြီးတော့ အားလုံးက နိုင်ငံခြားသားများသာ. . .။

“ အီ ” ခနဲ အသံနဲ့ အတူ ဆီငတ်နေတဲ့ တံခါးက ဆွဲဆွဲငင်ငင် ဒရွတ်တိုက်ကာ သူ့လမ်းကြောင်းအတိုင်း ပျင်းတိပျင်းတွဲနဲ့ လိမ့်ထွက်သွားတယ်။ စက်ရုံဝန်းထဲကို လှမ်းကြည့်လိုက်တော့ “ ကိုမိုးမြင့် ” က သူ့ထုံးစံအတိုင်း ပြုံးတုံ့တုံ့နဲ့ စက်ရုံဝန်းတံခါးနားကို လျှောက်လာတယ်။ တကယ်ဆို သူ့လက်က ရီမုကို နှိပ်ပြီး အေးဆေး ဝန်းတံခါးကို ဖွင့်လို့ ရပေမဲ့ သူ့ရဲ့ စိတ်ရင်းကိုက ဒီလိုပဲ။ မျက်နှာလွဲ ခဲပစ် မလုပ်တတ်သလို သူများကို မခန့်လေးစား ဖြစ်မှာ စိုးတဲ့ အတွက် ခရီးဦးကြိုပြုသလို ထွက်ကြိုတတ်တယ်။


“ ဝုန်း ” ခနဲ လော်ရီတံခါးကို ပိတ်ပြီးမှ ပြန်ဖွင့်ရင်း . . . “ သိုးကလေး . . .၊ ဟေ့ကောင်. .ထ . .ရောက်ပြီ။ ” ဆိုပြီး လှုပ်နှိုးကာ လော်ရီတံခါးကို ပိတ်ပြီး စက်ရုံဝန်းထဲကို လမ်းလျှောက်ဝင်လာခဲ့တယ်။ စက်ရုံထဲက လျှောက်လာတဲ့ ကိုမိုးမြင့် နဲ့ စက်ရုံဝန်း အလယ်မှာ ဆုံတယ်။ ဒီအချိန်မှာပဲ လော်ရီကို မောင်းလာတဲ့ ဆီဗားကလည်း ဘေးနား ရောက်လာတယ်။ “ ငါ ဘယ်မှာ ရပ်ထားရမလဲ၊ ” ဆီဗားက မေးတယ်။ “ ရတယ် ဆီဗား။ မင်းဖာသာ လွတ်ရာနေရာမှာ ရပ်ပြီး အိပ်နေတော့ ၊ ငါက တော်တော်ကြာမှာ။ ပစ္စည်းတင်တော့မယ် ဆိုမှ မင်းကို နှိုးလိုက်မယ်။ ” လျှာကို ထုတ်ပြီး ပြောင်ပြကာ “ အိုကေ ” လို့ ပြောပြီး စက်ရုံထဲက နေရာလွတ်တစ်ခုမှာ ဆီဗား လော်ရီကို သွားပြီး ရပ်တယ်။

“ ရှပ် ” ခနဲ ၊ ရှပ်ခနဲ ဖိနပ်ကို ရှပ်တိုက် စီးသံနဲ့ အတူ ဘေးကို “ သိုးကလေး ” ရောက်တယ်။ တကယ်တော့ သူ့နာမည်က “ စိုးကလေး ”ပါ။ ဒါပေမဲ့ ဘယ်ကို သွားသွား ကားပေါ်ကို ရောက်ရင် သုံးမှတ်တိုင်ထက် ပိုမခံဘူး။ သူက အိပ်ပျော်သွားပြီ။ အိပ်တာမှ ဘေးက လူက မနှိုးရင် မထတမ်း “ သိုး ” နေအောင် အိပ်တတ်တယ်။ ဒါကြောင့် “ စိုးကလေး ” ကနေ “ သိုးကလေး ” လို့ နာမည်ရသွားတယ်။ သူက ကိုယ်နဲ့ အတူ သွားရတာကို အရမ်းပျော်တဲ့ သူ။ ဘာသယ်စရာ ရှိလဲ ကြိုက်တာ သယ်ခိုင်း မငြီးမငြူလုပ်ပေးတယ်။ “ စစ်တာ ဆေးတာတော့ မခိုင်းပါနဲ့ အစ်ကိုရာ ၊ စိတ်ညစ်တယ် မှားတာနဲ့ မထူးဘူး။ ”  လို့ ပြောတတ်တယ်။ သူစစ်ရင်လည်း လူက မလွတ်ဘူးလေ။

“ အေး ” ခနဲ တိုက်လာတဲ့ လေကြောင့် ကိုယ် မိုးကောင်းကင်ကို မော့ကြည့်လိုက်တော့ ကိုမိုးမြင့်က “ ဟုတ်တယ်ဗျာ ၊ မိုးရွာနိုင်တယ်။ ” ဒီလို ပြောတယ်။ “ မိုးရွာတော့လည်း ကောင်းတယ် ကိုမိုးမြင့်ရာ ၊ အခု တလော အရမ်းအိုက်နေတာ။ ” သူကလည်း ခေါင်းငြိမ့်ပြတယ်။ ပြီးမှ. . . “ အခု ဘယ်လို နေလဲ ကိုဇော် ၊ အဆင်ပြေရဲ့လား။ ” ကိုယ်လည်း ခေါင်းကို မငြိမ့်ပြဖြစ်ပါဘူး။ “ ဒီလိုပါပဲ ကိုမိုးမြင့်ရေ ၊ အပြောင်းအလဲ တစ်ခုရဲ့ နောက်မှာတော့ ပေးဆပ်ရတာတွေ ရှိတာပေါ့ဗျာ။ ” သူကလည်း ခေါင်းကို ထပ်ငြိမ့်တယ်။ “ ဒါပေါ့ဗျာ။ ဒါပေမဲ့. . . . ”

“ စို ” ခနဲ ကိုယ့်လက် နဲ့ ခေါင်းပေါ် မိုးဖွားလေးတွေ ကျလာတယ်။ ဒါကြောင့် ကိုယ်တို့ စက်ရုံထဲကို ခပ်သွက်သွက် ဝင်လိုက်ပြီးမှ ကိုမိုးမြင့်က ဆက်ပြောတယ်။ “ ကိုဇော်  QA ဘက်ကို ပြောင်းလိုက်တော့ ကျွန်တော်လည်း အံ့သြသွားတာ။ ”  “ ဟုတ်တယ် ကိုမိုးမြင့် အရင် လုပ်နေရတာက ကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ  ကြာတော့ ခံစားလာရတယ်။ ဟိုးအရင်ကလည်း ဒီအလုပ်ပဲ ၄ နှစ်လုပ်ခဲ့တော့ စိတ်ထဲမှာကို ပြောင်းချင်လာတာ။ ”  “ အေးလေ . . ဒီလိုပါပဲ။ ”

“ ဆက် ” ခနဲ သူ့လက်က နာရီကို ပင့်ကြည့်လိုက်ပြီး ကိုမိုးမြင့်က ပြောတယ်။ “ တစ်နာရီ ခွဲနေပြီ။ ကိုဇော် ထမင်းစားပြီးပြီလား။ ” ကိုယ်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး . . . “ ဟုတ်ကဲ့ . . ကိုမိုးမြင့် ကျွန်တော် တီးတိုင်း မှာတင် စားလိုက်တယ်။ ”  “ ဒါဆို ထမင်းချိန်ကျတော့ရော။ ” ကိုယ်လည်း ခပ်ပါးပါးလေး ပြုံးလိုက်ပြီး . . . . “ ထမင်းစားချိန်မှာ ဘလော့က စာတွေ လိုက်ဖတ်တယ် ကိုမိုးမြင့်။ ”  “ သြော်. . . ” ဆိုပြီး သူ ခပ်လေးလေး ညည်းတယ်။

“ ဝှူး ” ခနဲ သူ လေပူတွေကို မှုတ်ထုတ်ပြီးတော့ . . “ ကိုဇော် ဘလော့မှာ တင်ထားတာ ကျွန်တော်လည်း ဖတ်လိုက်ရတယ်။ ရုတ်တရက် ဆိုတော့ အံ့သြသွားတယ်။ နောက်နေ့ ကိုဇော် ဖုန်းဆက်တော့မှ ပြောင်းလိုက်တယ် ဆိုတာ သိလိုက်ရတာ။ ”  “ ဟုတ်တယ် ကိုမိုးမြင့်။ ”  “ ဒါပေမဲ့ဗျာ။ ကျွန်တော် တစ်ခုတော့ ကိုဇော့်ကို ပြောရဦးမယ်။ ”   “ ဟုတ်. . ပြောလေ ကိုမိုးမြင့် ၊ ဘာများလဲ။ ”  “ တခြားတော့ မဟုတ်ပါဘုးဗျာ။ ' ညှပ်မရတဲ့ လက်မများ ' ပို့စ်အတွက်ပါ။ ”

“ ဖျတ် ” ခနဲ ကိုယ် သူ့ကို ကြည့်လိုက်တော့ သူက လက်ကာပြပြီး . . . “ ပြောမှာ တခြား မဟုတ်ပါဘူးဗျာ။ ကျေးဇူးတင်တယ် ပြောမလို့ပါ။ အဲဒီအကြောင်း ကိုဇော်နဲ့ ကျွန်တော် အချိန် အကြာကြီး ထိုင်ပြောဖြစ်တယ်နော်။ ဒါပေမဲ့ ကိုဇော် ရေးလိုက်တာ ကျွန်တော်နဲ့ ပြောတဲ့ အကြောင်းတွေ မပါပဲ တခြားက အကြောင်းလေးတွေကို ထည့်ရေးလိုက်တော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း သေချာ စစ်မိလိုက်သလိုပဲ ဖြစ်သွားတယ်။ ”  “ ဟုတ်တယ် ကိုမိုးမြင့် ၊ တကယ်တော့ ဒီပို့စ်ဟာ ကိုမိုးမြင့်ရယ် ၊ အဲဒီအချိန်က အစ်မတစ်ယောက်ရဲ့ အလုပ်ကိစ္စ အတွက်ရယ် ၊ ကျွန်တော့်ကိုယ် ကျွန်တော်ရယ် ရည်ရွယ်ပြီး ရေးလိုက်တာပါ။ ”

“ ငြိမ် ” ခနဲ သူဖြစ်သွားတယ်။ နောက်မှ တစ်ခုခုကို အတည် ပြောတော့မယ် ဆိုရင် လုပ်နေကြ ပုံစံ အတိုင်း သူ အပေါ်ကို မော့ကြည့်ပြီး “ ကျွန်တော်တို့ လက်မတွေ ညှပ်ဖို့ ဖြစ်လာတော့မှာပါဗျာ။ ” ကိုယ် ဘာမှ ပြန်မပြောမိ သူကပဲ ဆက်ပြောတယ်။ “ ကျွန်တော်လည်း စိတ်ကုန် လာပြီလေဗျာ။ ” ဒီစကားပြောပြီးတော့ သူနဲ့ ကိုယ် စကားတွေ တိတ်ဆိတ်သွားသလို အရာရာဟာလည်း မိုးရွာနေရင်းနဲ့ ခြောက်ကပ်သွားသလို တိတ်ဆိတ်သွားတယ်။ အပြင်မှာတော့ မိုးတွေက စွေနေသလို ၊ လော်ရီကား ခေါင်းခန်းထဲမှာလည်း ဆီဗား က အိပ်ပျော်နေမှာပဲ။

“ ဖြောင်း ” ခနဲ သူ့လက်ကိုသူ လက်ခုပ်တီးပြီး သတိပေး အားယူလိုက်သလို တစ်ချက်တီးပြီးမှ “ ကဲ . . ကိုဇော်လည်း စစ်စရာတွေ သွားစစ်လိုက်ဦးဗျာ။ ကျွန်တော်လည်း အထဲကို သွားကြည့်လိုက်ဦးမယ်။ ” ကိုယ်လည်း ခေါင်းကို ငြိမ့်ပြလိုက်ပြီး “ ဟုတ်ကဲ့  ကိုမိုးမြင့် ။ ” သူက လှည့်ထွက်သွားပြီးမှ တစ်ချက်ရပ်ကာ ပြန်လှည့်ကြည့်ပြီး . . . “ တီးတိုင်းကျရင်တော့ ကျွန်တော် ခေါက်ဆွဲပြုတ် ထားလိုက်မယ်ဗျာ။ ရယ်ဒီမိတ်ဘူးလေးတွေ ရှိတယ်။ အပြင်မှာ စားမနေနဲ့တော့။ အတူတူ စားကြတာပေါ့။ ” ကိုယ်လည်း ခေါင်းကို ငြိမ့်လိုက်ပြီး “ ဟုတ်ကဲ့ ။ ” တကယ်လည်း သူနဲ့ ကိုယ်က အားနာပြီး ငြင်းနေရမဲ့ သူမျိုး မဟုတ်။

“ နင့် ” ခနဲ အတော်လေးပြီး တွန်းရခက်အောင် ပိတ်နေတဲ့ Rack ကြားထဲက ပစ္စည်းထည့်ထားတဲ့ လှည်းကို အားစိုက်တွန်းနေတုန်း “ သိုးကလေး ” ကပြေးလာပြီး တွန်းပေးရှာတယ်။ သူက ဒီလိုတွေ အားကိုးရတယ်။ တွန်းပြီးတော့ ပြောသေး “ ကိုဇော်ကလည်း လုပ်စရာ ရှိရင် ခေါ်ပါဆိုမှ. .  ” တကယ်တော့ သူက အပြစ်တင်တာ မဟုတ်ဘူး။ သူက လိုက်သာ လိုက်လာတာ ဘာမှ အလုပ်ရှိတာ မဟုတ် ၊ သူ အလုပ်မရှိဘူး ဆိုပြီး တခြား တစ်ယောက်ယောက်က တိုင်လိုက်ရင် နောက်နေ့ သူ့ ညဆိုင်းကနေ ပြောင်းရမှာ စိုးလို့ . . .၊ သူ့ကို အလုပ်ပေးစေချင်တာ တစ်ခုပါပဲ။ “ အေးပါ . . . အခုက ရမလားလို့ တွန်းကြည့်တာပါကွ။ အခု မင်းလာတော့မှ အဆင်ပြေတော့တယ်။ ”

“ ဟိ ” ခနဲ သူက သဘောကျသွားတယ်။ ပြီးမှ အနားကို ပိုတိုးကပ်လာပြီး “ ကိုဇော့်ကို တစ်ခု မေးချင်တယ်။ ” ကိုယ်က ခေါင်းငြိမ့်ပြပြီး “ မေးလေ. . မင်းက လုပ်ပြန်ပြီ။ ” ဒီတော့ သူက ခေါင်းကုတ်ပြီး . . . “ မဟုတ်ဘူးဗျ။ အဲဒီ ကိုမိုးမြင့်ကို ကျွန်တော်က အရမ်းကြောက်တာ ၊ သူက အရမ်းတည်တယ်ဗျ။ အခုတော့ ကိုဇော် နဲ့ လေပေးဖြောင့်နေလို့ ဘယ်လို သိတာလဲ သေချာ မေးချင်လို့. . ”  ဒီတော့မှ ကိုယ်လည်း သဘောပေါက်သွားတယ်။ “ ဒီလိုလေ . . သူက ဒီဘက် စက်ရုံမှာ ညဆိုင်း ၊ အစ်ကိုက အစ်ကိုတို့ စက်ရုံမှာ ညဆိုင်းဆိုတော့ ညဖက် အလုပ်ကိစ္စ ရှိရင် သူနဲ့ ဖုန်းလှမ်းဆက်ပြီး ပြောရတယ်လေ။ ဒါကြောင့် ကြာလာတော့ ခင်သွားတာပါ။ ”

“ အိ ” ခနဲ သူ့ရဲ့ ဇက်လေးကို ပုလိုက်ရင်း “ သူက ရုပ်ကြီးတည်ပြီး အပြောကလည်း ပြတ်တယ်ဗျ။ ဒါကြောင့် ကျွန်တော်က သူ့ရှေ့ဆို တုန်နေအောင် ကြောက်တာ။ ” ကျွန်တော်လည်း ဘာမှ သူ့ကို ဆက်ပြီး မရှင်းပြဖြစ်တော့ပါဘူး။ “ ဟိုဂျပ်ထဲက TRB ၊ CLS တွေကို နှစ်စုခွဲထားလိုက်။ ပြီးမှ အစ်ကို လာခဲ့မယ်။ ”  “ ဟုတ်ကဲ့။ ” သိုးကလေးက တကယ်ကို ဖင်ပေါ့တယ်။ လုပ်တာ ကိုင်တာလည်း စေတနာ ပါတယ်။ ဒါပေမဲ့ ငယ်သေးလို့ စိတ်ဝင်တစား မလုပ်တတ်တာပဲ ရှိတယ်။ သူပြောတဲ့ ကိုမိုးမြင့်. . . ဆိုတာက . . .

“ ဝေ့ ” ခနဲ ကိုယ် အတိတ်ကို ခဏပြန်ရောက်သွားတယ်။ ကိုမိုးမြင့်က ကိုယ့်ထက် အသက် ၅ ကျော်ကြီးသူ တစ်ယောက် ဒီစက်ရုံမှာတော့ ညဖက် စူပါဗိုက်ဇာ အဖြစ်ထက် မကသူ တစ်ယောက်ပါပဲ။ ညဆိုင်းမှာ နိုင်ငံခြားသားတွေ အားလုံးကို ကြီးကြပ်ဖို့ သူ့တစ်ယောက်ထဲကို ထားထားတာ။ နိုင်ငံသားတောင်မှ တစ်ယောက်မှ မရှိ။ သူ ဒီ Production နဲ့ ပတ်သတ်လို့ သူ မသိတာ ဘာမှ မရှိလောက်အောင် အရာရာ တတ်သိ ကျွမ်းကျင်သူ တစ်ယောက်။ သူဌေးကလည်း သူပြီးရင် အကုန်ပြီးအောင် ညဆိုင်းမှာ လွှဲထားတယ်။ သူကလည်း သူများရဲ့ အမှားကို သွန်သင်ပြသပြီး ကိုယ်တိုင် အမှားကင်းအောင် ကြိုးစားနေသူ တစ်ယောက်။ သူ့ရဲ့ ထုးခြားချက်ကတော့ သူပို့လိုက်တဲ့ ပစ္စည်း ကိုယ် ဒီဘက်က လက်ခံရင် တစ်ခါမှ မှားပါလာတာ ၊ လျော့ပါလာတာ ၊ ပိုပါလာတာ တစ်ခုမှ မဖြစ်ဖူးဘူး။

“ ထောက် ” ခနဲ မီးချောင်းကို ဖွင့်လိုက်ပြီး Rack တွေကြားက ပစ္စည်းတွေကို စစ်ဖို့ ဝင်လိုက်တော့ ပစ္စည်းတွေ ဒီလောက်များများနဲ့ ပြည့်နေမယ် လို့ မထင်မိ ၊ ဒါနဲ့ အလုပ်ကို ကျွန်တော် အာရုံရောက်သွားတယ်။ Rack တွေ တစ်ခုပြီး တစ်ခုကြားမှာ ချိတ်ထားတဲ့ ဖိုင်တွဲတွေကို တစ်ခုချင်းစီ ဖြုတ်ပြီး ထည့်ထားတဲ့ ပစ္စည်းတွေနဲ့ တိုက်စစ်ပြီး ရေကြည့် ၊ စစ်ကြည့် ၊ တစ်ခုချင်းစီရဲ့ အရည်အသွေးကို ပျမ်းမျှ စစ်ကြည့်တယ်။ အားလုံး Accept လုပ်နိုင်စရာတွေချည်းပါပဲ ဒါကြောင့် အားလုံးမှာ QA Passed တုံးလေး ထုလိုက်တယ်။

“ ဝေါ ” ခနဲ အသံနဲ့ အတူ မိုးက ပိုသည်းလာတယ်။ အထဲမှာကတော့ အေးစိမ့်စိမ့်နဲ့ အတူ နေလို့ ကောင်းပါတယ်။ သိုးကလေးကို တစ်ချက် လှမ်းကြည့်တော့ သူ ပစ္စည်း နှစ်မျိုး ခွဲတာ မပြီးသေးဘူး။ ကိုမိုးမြင့်ကို လှမ်းကြည့်လိုက်တော့ သူက သူ့အလုပ်စားပွဲမှာ ထိုင်ပြီး စာရွက်ပေါ်မှာ ပေတံလေးတင်ပြီး ဘေးက ဂဏာန်းပေါင်းစက်နဲ့ စာရင်းတွေ ပေါင်းနေတယ်။ ကိုယ် သူတို့ ညဆိုင်းသမားတွေ လုပ်ရထားတဲ့ ပစ္စည်းတွေဘက်ကို ထွက်လာပြီး ပစ္စည်းတွေကို လော့လိုက် စစ်နေမိတယ်။ သူ့ရဲ့ ညဆိုင်း ပစ္စည်းထုတ်အားကလည်း လိုချင်တဲ့ Target ထက်ကို ပိုနေတာပါလား။

“ တီ ” ခနဲ အသံနဲ့ အတူ နံရံမှာ တပ်ထားတဲ့ ဘဲလ်သံက ထမြည်တယ်။ ကိုယ် ဖုန်းက နာရီကို ထုတ်ကြည့်လိုက်တော့ ၃ နာရီထိုးပြီ ဆိုတာကို ပြတယ်။ ဒါပေမဲ့ ကိုယ်တို့မှာက သီးသန့် နားချိန်ရယ် ဆိုတာ မရှိပါဘူး။ အလုပ်ပြတ်မှ သောက်စားရင်လည်း ပြဿနာ မရှိပါဘူး။ ကိုယ့်ရဲ့ ဗိုက်ကလည်း ဆာခြင်း အကြောင်းကို အူမကြီးက သတင်း မပို့သေးဘူး။ ကိုယ့်ဖာသာ ဆက်ပြီး စစ်လိုက်ဦးမယ်။ အလုပ်မှာ လုပ်နေတဲ့ နိုင်ငံမျိုးစုံက နိုင်ငံခြားသားတွေကတော့ သူတို့ရဲ့ တီးတိုင်း အတွက် အလုပ်က စက်တွေကို ရပ်ပြီး တစ်ခုခု စားဖို့ ဒါမှမဟုတ် တစ်ခုခု သောက်ဖို့ အပြင်ကို ထွက်သွားကြတယ်။

“ စီ ” ခနဲ ဆို ဖိုးစီ ဆိုသလို သိုးကလေးကလည်း ဘယ်နေရာရောက်ရောက် လူခင်ကတော့ တကယ်ကို ပေါတယ်။ ဒီစက်ရုံက လူတွေ အားလုံးနဲ့လည်း သူက အတော်ကို ခင်ပါတယ်။ သူကြောက်တာ ကိုမိုးမြင့် တစ်ယောက်တည်းကိုပါပဲ။ “ ကိုဇော် ”  ခေါ်သံလိုလို ကြားမိလို့ ကိုယ် နောက်ကို လှည့်ကြည့်လိုက်တော့ “ သိုးကလေး ” က ခေါ်နေတာ . . “ ကိုမိုးမြင့်က ပြောတယ် ၊ ကိုဇော် စစ်တာ ပြီးရင် ခေါက်ဆွဲပြုတ် စားရအောင်တဲ့ သူအဆင်သင့် ပြုတ်ထားမယ်တဲ့။ အလုပ်ပြီးမှ လာစားပါတဲ့။ ” ကိုယ်လည်း သိုးကလေးကို ခေါင်းငြိမ့်ပြလိုက်ပြီး “ အေးအေး. . ခဏနေ အစ်ကို လာခဲ့မယ်။ ”

“ ချာ ” ခနဲ သိုးကလေး လှည့်ထွက်သွားပြီးမှ ကိုယ်လည်း သတိရတယ်။ “ သိုးကလေး. . .” ကိုယ်ခေါ်လိုက်တော့ သူ ခြေထောက်ကို ဘရိတ်အုပ်ပြီး လှည့်ကြည့်တယ်။ “ ဗျာ။ ”  “ အစ်ကို အခုမှ သတိရတယ်ကွာ။ မိုးကတော့ ဖွဲဖွဲကျနေသေးတယ်။ လော်ရီကားခေါင်းထဲက အစ်ကို့စက်လေးကို ယူပြီး ကိုမိုးမြင့် အခန်းထဲမှာ ဘတ်ထရီ ချာဂျာ သွင်းထားလိုက်ပါဦးကွာ။ တစ်လမ်းလုံး စာဖတ်လာတော့ အားနည်းနေလောက်ပြီ။ အစ်ကိုလည်း မေ့နေတယ်။ ” သိုးကလေး ခေါင်းငြိမ့်ရင်း. . . “ ဟုတ်ကဲ့ ကိုဇော်။ ” ဆိုပြီး လှည့်ထွက်သွားတယ်။ ဟုတ်တယ် ကိုယ်လည်း မေ့နေတာ အပြန်လမ်းမှာ ဒါလေးနဲ့ပဲ စာဖတ်ရမှာ။

“ ဖတ် ” ခနဲ ဒီလော့ရဲ့ နောက်ဆုံး ပစ္စည်းတွေကို စစ်ပြီးလို့ Passed တုံးကို ထုပြီးတော့ ကိုယ် ထိုင်ရာကနေ မတ်တပ်ရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်တော့ စက်ရုံရှေ့မှာ ပန်ကာ တစ်ခုကို လူတွေ ဝိုင်းနေတာ တွေ့လိုက်ရတယ်။ စက်ရုံသုံး ပန်ကာ ဆိုတော့ ၁၈ လက်မ ရှိတဲ့ ပန်ကာ ဒလက်ကြီးနဲ့ လေအား ကောင်းလှတယ်။ သူတို့ ဘာလုပ်နေပါလိမ့်လို့ ကြည့်လိုက်တော့ . . . တစ်ယောက်ချင်းစီ ကိုယ်စီ  ကိုယ်ငှ ခြောက်ဆွဲဘူးလေးတွေကို ကိုင်ထားရင်း ရေနွေးရဲ့ အပူ မြန်မြန် လျော့သွားအောင် ပန်ကာလေက တိုက်တဲ့ လေအေးပေးပြီး အအေးခံနေကြတာပါပဲ။

“ ဝှီ ” ခနဲ ၊ ဝှီခနဲ တိုက်နေတဲ့ ပန်ကာရဲ့ ရှေ့မှာ အားလုံးရဲ့ လက်တွေက ရောက်နေပြီး သူတို့ရဲ့ ခေါက်ဆွဲဘူးလေးတွေကို အအေးခံနေတာကို ကိုယ် ခပ်ဝေးဝေးကနေ လှမ်းမြင်နေရတယ်။ လူတွေက များလှပေမဲ့ လက်တွေသာ ပန်ကာရှေ့ကို သွားပြီး ကိုယ့်ဘူးလေးတွေကို အအေးခံနေတော့ သူ့နေရာနဲ့ သူဆန့်ပါတယ်။ ဒါပေမဲ့ ကိုယ်ထူးထူးခြားခြား မြင်နေရတာက ကိုမိုးမြင့်က သူများတွေလို ပန်ကာရှေ့ကနေ ပန်ကာလေကို ခံပြီး အအေးခံ မနေဘူး။ သူက နောက်နေ ခေါက်ဆွဲဘူးလေးကို ထားပြီး အအေးခံနေတယ်။ “ အရှေ့မှာ လူတွေ များနေလို့ ၊ သူက သူ့လူတွေကို ဦးစားပေးပြီး ရှောင်ပေးတာလား ” ကိုယ်ကတော့ ဒီလိုပဲ ထင်လိုက်မိတယ်။

“ သုတ် ” ခနဲ ၊ သုတ်ခနဲ ကိုယ်စားနိုင်တဲ့ အပူချိန် ရောက်တဲ့ အချိန်ဆိုရင် ပန်ကာရှေ့မှာ လေတိုက်ခံပြီး အအေးခံနေတဲ့ သူတို့ လက်တွေ ရုတ်သွားပြီး ဘေးနားက ထိုင်ခုံတွေ ၊ စားပွဲတွေပေါ်မှာ တတ်ပြီး စားကြတယ်။ ကိုယ် ပန်ကာနားရောက်တော့ ပန်ကာရှေ့မှာ အအေးခံနေတဲ့ သူ သုံးယောက်နဲ့ ပန်ကာ နောက်မှာ အအေးခံနေတဲ့ ကိုမိုးမြင့် ပဲ ရှိတော့တယ်။ “ ကိုဇော်. . ဟိုမှာ ကိုဇော့်အတွက် ခေါက်ဆွဲဘူးက. . . ” ကိုယ်လှမ်းကြည့်တော့ ဘေးက စားပွဲပေါ်မှာ အဖုံးလေး ပိတ်ထားတဲ့ ခေါက်ဆွဲဘူးလေးကို ရေနွေး ထည့်ထားပြီးသား တွေ့ရတယ်။

“ စွေ့ ” ခနဲ ကိုယ်မပြီး ယူလိုက်တော့ ရေနွေးက ခပ်နွေးနွေးထပ် ပိုပြီး ပူနေသေးတယ်။ ဒီအချိန်မှာ ပန်ကာ ရှေ့ကို ကြည့်လိုက်တော့ ပန်ကာလေ အတိုက်ခံပြီး အအေးခံနေသူ သုံးယောက်နဲ့ ပန်ကာနောက်က အအေးခံနေသူ ကိုမိုးမြင့်ကို ကိုယ် တွေ့လိုက်ရတယ်။ ပန်ကာရှေ့မှာ လူနည်းသွားပြီပဲ ၊ ဒါကို သူက ဘာလို့ ပန်ကာရှေ့ကို ပြောင်းပြီး အအေးမခံတာလဲ။ ဘာရယ် မဟုတ်ပဲ ကိုယ်ကလည်း မေးမိသွားတယ်။ “ ကိုမိုးမြင့် ဘာဖြစ်လို့ ပန်ကာရှေ့မှာ အအေးမခံဘဲ ပန်ကာ နောက်ကနေ အအေးခံနေတာလဲ။ ”

“ ဟက် ” ခနဲ သူက တစ်ချက် ရယ်လိုက်ပြီး “ နောက်မှ ပြောပြမယ် ကိုဇော်ရာ။ ” ဆိုပြီး သူက သူ့လက်ထဲက ခေါက်ဆွဲဘူးလေးကို ခရင်းလေးနဲ့ မွှေရင်း စစားတယ်။ ကိုယ့်လက်ထဲက ခေါက်ဆွဲကလည်း သိပ်တော့ မပူတော့ပါဘူး။ စားလို့ကောင်းတဲ့ အချိန်ဆိုတော့ ကိုယ်လည်း အအေးမခံတော့ပဲ ဒီအတိုင်းပဲ ခရင်းလေးနဲ့ မွှေပြီး စ စားလိုက်တယ်။ “ အာ. . . ကိုမိုးမြင့်ကလည်း ပြောစရာ ရှိရင် အခု ပြောဗျာ။ ကျွန်တော်တို့လည်း သတိရတာပေါ့။ ” ပန်ကာရှေ့မှာ အအေးခံနေကြတဲ့ ကောင်လေး သုံးယောက်ထဲက တစ်ယောက်က ပြောတယ်။ ပြောရင်း သူတို့ လက်ထဲက ခေါက်ဆွဲဘူုးလေးတွေကို သူတို့စားနိုင်တဲ့ အပူချိန် ရောက်လို့ စစားတယ်။

“ ရှူး ” ခနဲ  ပူသွားလို့ ထင်တယ် လေကို တစ်ချက် စုပ်သွင်းပြီး “ ဘာကို ပြောပြရမှာလဲကွ။ ” ဆိုပြီး သူက ခုနက ကောင်လေးကို လှမ်းမေးတယ်။ ဒီတော့ ကောင်လေးက . . “ ကျွန်တော်တို့နဲ့ နေတိုင်း စားနေကြပဲလေ။ စားတိုင်းလည်း ကိုမိုးမြင့်က ပန်ကာ နောက်ကနေပဲ အအေးခံတယ်။ ကျွန်တော်တို့က အရှေ့မှာ လူတွေ များနေလို့ နောက်ကနေ အအေးခံနေတယ် ထင်နေတာ အခုမှ ကိုဇော် မေးလို့ တခြား အကြောင်း ရှိတယ် ဆိုတာ သိတာ ၊ ဒါကို ပြောပြဗျာ။ ” သူက ခေါင်းကို တစ်ချက် ခါရင်း. . “ တချို့ဟာတွေက ကိုယ်ပိုင် အယူအဆ ဆိုတော့ ပြောပြလို့ အတွေး မတူရင် ပေါတောတော ဖြစ်သွားမှာ စိုးလို့ မပြောတာပါကွာ။ ”

“ ကျွတ် ” ခနဲ ကောင်လေးက စုတ်သတ်ပြီး . . “ ပြောပြပါဗျာ ကိုမိုးမြင့်ကြီးကလဲ။ ကျွန်တော်တို့လည်း သိရတာပေါ့။ အတွေး တူတူ ၊ မတူတူပေါ့ ၊ ကိုမိုးမြင့်က ကျွန်တော်တို့ထက် ကြီးတော့ ဗဟုသုတ တစ်ခုခုတော့ ရမှာပဲ။ ” သူက စားနေတဲ့ ခေါက်ဆွဲဘူးလေးထဲက ခရင်းလေးကို ခေါက်ဆွဲဘူးလေးထဲ ထည့်ပြီး . . “ တချို့ဟာကျတော့ မပြောတာက ကောင်းတယ်ကွ။ ဒါကြောင့်. . . . ” ကောင်လေးကလည်း အတင်းပဲ. . “ ပြောပြပါဗျာ။ ကိုမိုးမြင့်ကလည်း သိချင်ပါတယ် ဆိုမှ ဈေးကိုင်နေပြန်ပြီ။ ” သူက ခေါင်းကို ခါပြရင်း . . “ ငါက ဈေးမကိုင်တတ်ပါဘူးကွာ။ မင်းတို့ သိပါတယ်။ ”

“ ရုတ် ” ခနဲ ကိုယ်က ကိုယ့်လက်ကို ရှေ့ကို ဆန့်တန်းပြီး သူတို့ကြားကို ကန့်လန့် ဖြတ်တားပြီး . . “ ကဲပါ.. . ကိုမိုးမြင့်ရယ်။ ကောင်လေးတွေ သိချင်နေသလို ကျွန်တော်ကလည်း သိချင်နေတာပါပဲ။ ဒါကြောင့် ပြောပြလိုက်ပါဗျာ။ ” ဒီတော့ သူက လက်ကျန်နေတဲ့ ခေါက်ဆွဲကို ဘူးလေးထဲကနေ ခရင်းလေးနဲ့ ကော်စားလိုက်ပြီး . . “ အင်း . . ပြောဆိုတော့လည်း ပြောရတာပေါ့ဗျာ။ ဒီလိုဗျ. . . ” ဆိုပြီး ဘူးလေးထဲက အရည် လက်ကျန်တွေကို အကုန် စောင်းသောက်လိုက်တယ်။

“ ဝဲ ” ခနဲ တစ်ချက်ကြည့်လိုက်ပြီး “ ဒီလိုဗျ။ ကျွန်တော်တို့ စက်ရုံက သံထည်တွေနဲ့ လုပ်တဲ့ စက်ရုံဆိုတော့ ဝရိန်ဆော်တာတို့ ၊ ချောအောင် ကျောက်စက်တိုက်ရတာတို့ အချိန်ပြည့်လုပ်နေရတာ မဟုတ်လား။ ဒီတော့ အမြဲတမ်းလိုလိုက စက်ရုံထဲမှာ ဝရိန်မီးခိုးတွေ ၊ ညော်တွေ ၊ ကျောက်စက်က ထွက်တဲ့ အမှုန့်တွေ ၊ တခြား ဖုန်တွေက အမြဲတမ်း လွင့်နေတာဗျ။ ကိုဇော်တို့က Marketing ပဲ ဆိုတော့ ဘာမှ မရှိပဲ အမြဲတမ်း သန့်ပြန့်နေတာပေါ့ဗျာ။ အဲ. . . သူများနေရာမှာ လိုက်ပြီး ပစ္စည်းဆင်ပေးတာကိုတော့ ထားလိုက်တော့၊  အခု ကျွန်တော်တို့ စက်ရုံက Production ဆိုတော့ အမြဲတမ်း ဖုန်တွေ ၊ အမှုန်တွေက လွင့်နေတာ. . ၊ ”

“ ဟမ်း ” ခနဲ သူက ချောင်းတစ်ချက် ရှင်းပြီး ဆက်ပြောတယ်။ “ ဒါကြောင့် ကိုဇော် စဉ်းစားကြည့်လေ။ ပန်ကာ ဆိုတာ အနောက်က လေကို စုပ်တယ်။ အရှေ့ကို လေကို မှုတ်ထုတ်တယ်။ ဟုတ်တယ်နော်။ ဒီတော့ လေထဲမှာ ပျံ့လွင့်နေတဲ့ အမှုန်တွေ ၊ ဖုန်တွေက ပန်ကာက အနောက်က စုပ်ပြီး အရှေ့က ထုတ်လိုက်မှတော့ ကျွန်တော်သာ ခေါက်ဆွဲဘူးကို အရှေ့မှာ အေးအောင် လေသလပ်ခံရင် ဖုန်တွေ ၊ အမှုန်တွေကို ဝင်အောင် လုပ်တာနဲ့ တူမနေဘူးလား။ ”

“ ဟာ ” ခနဲ ကိုယ်ရော ၊ ဘေးက စားနေတဲ့ ကောင်လေးတွေရော အာမေဋိတ်တွေ ထွက်လာတယ်။ သူက ဆက်ပြောတယ်. . . “ တကယ်တော့ဗျာ။ ပန်ကာ လေတိုးတာကို လူတွေက ခံစားရလို အဲဒီရှေ့မှာ အအေးခံရင် အအေးမြန်မယ် လို့ ထင်နေကြတာ။ အနောက်က လေကို စုပ်မှ အရှေ့ကို ထွက်မယ် ဆိုတာကို မစဉ်းစားမိကြဘူး။ ခေါက်ဆွဲဘူးထဲက အပူကို ပန်ကာရှေ့က ထွက်တဲ့ လေနဲ့ တိုက်ထုတ်မှ မဟုတ်ပါဘူးဗျာ။ ပန်ကာနောက်ကနေပြီးတော့လည်း ခေါက်ဆွဲဘူးထဲက အပူကို စုပ်ခိုင်းလိုက်ရင်လည်း အေးသွားတာပါပဲ။ ဒါကို လူတွေက သတိမထားမိတော့ ပန်ကာရှေ့မှာ လေတိုးခံနေမှ အေးမယ် ထင်နေတာလေ။ ဒီတော့ဗျ လေထဲမှာ ပျံ့လွင့်နေတဲ့ ဖုန်တွေ ၊ အမှုန်တွေကိုလည်း သူတို့ စားမဲ့အထဲ ဝင်ခိုင်းသလို ဖြစ်တော့တာပေါ့ဗျာ။ ”

“ ထောက် ” ခနဲ ဘေးမှာ စားနေတဲ့ ကောင်လေး သုံးယောက် ၊ စားနေတဲ့ ခေါက်ဆွဲဘူးတွေထဲကို ခရင်းတွေ ပစ်ထည့်လိုက်ပြီး သူတို့ စားနေတာက ဖုန်တွေ ၊ အမှုန့်တွေ ဝင်နေပြီလားလို့ ပြူးတူး ပြဲတဲ ငုံကြည့်တယ်။ “ ဒါကြောင့် ငါက မပြောချင်တာပေါ့ကွ။ သူများစားနေတာကို မကောင်းတာတွေ စားနေတယ် ဆိုပြီး ပြောသလို ဖြစ်နေမှာ စိုးလို့။ ” သူက ဒီလို ဆက်ပြောတယ်။ “ ဟာဗျာ ၊ ကိုမိုးမြင့်ကလည်း မထင်ပါဘူးဗျာ။ ဒါပေမဲ့ ဟိုးအရင်ကတည်းက ကျွန်တော်တို့ကို ဒီလို ရှင်းပြရင် ကျွန်တော်တို့ ပန်ကာရှေ့မှာ ဘယ်အအေးခံပါ့မလဲ။ ”

“ ခါ ” ခနဲ သူက သူ့ခေါင်းကို ခါလိုက်ပြီး . . . “ မဟုတ်ဘူးကွ ၊ မင်းတို့က အခုမှ သေချာ စဉ်းစားပြီး လက်ခံလို့ ၊ တကယ်လို့သာ မင်းတို့ စ စားကတည်းက ငါက ဒီလို ပြောလိုက်ရင် မင်းတို့က ငါ့ကို အရာရာ တွေးကြောက်နေတဲ့ “ လူ့ငကြောင်ကြီး ” ဆိုပြီး ကွယ်ရာမှာ ပြောလာလိမ့်မယ်။ ဘာလို့လဲ သိလား။ ” ကိုယ် အပါအဝင် အားလုံး ခေါင်းခါပြလိုက်ကြတယ်။ ဒီတော့မှ သူက ဆက်ပြောတယ်။ “ ဘာလို့လဲ ဆိုတော့ . . . ငါ အရင်က လူတွေကို ဒီလို ပြောပြဖုးလို့ပဲ။ သူတို့က ဒီလောက်များ ဘာမှ မဖြစ်ဘူး ဆိုပြီး ငါ့ နောက်ကွယ်မှာ အတင်းတုပ် ကြတော့တာပဲ။ ဒါကြောင့် ငါလည်း ဘာမှ မပြောတော့တာ။ ဘယ်သူ့ကိုမှ ငါ့လို မလုပ်ခိုင်းပါဘူး။ ငါက ငါ့ဖာသာ စဉ်းစားမိသလိုလေး လုပ်ကြည့်တာပါပဲ။ ”

“ ဝုန်း ” ခနဲ မိုးက ချုံးလိုက်တယ်။ အပြင်ကို ကိုယ် လှည့်ကြည့်လိုက်တော့ မိုးက တိတ်နေပြီ။ မိုးအတိတ် လက္ခဏာ ပြတဲ့ အနေနဲ့ မိုးချုံးပေးသွားတာ ထင်တယ်။ ဒီအချိန်မှာပဲ “ တီ ” ဆိုတဲ့ အသံနဲ့ အတူ တီးတိုင်း အချိန်က ပြည့်သွားတယ်။ ဘေးက ကောင်လေး သုံးယောက်က သူတို့ လက်ထဲမှာ အေးနေပြီ ဖြစ်တဲ့ ခေါက်ဆွဲဘူးထဲက ခေါက်ဆွဲတွေကို ဆက်ပဲ စားရနိုးနိုး ၊ သွန်ပဲ ပစ်ရနိုးနိုး ချီတုံချတုံ ဖြစ်နေတယ်။ နောက်ဆုံးမှ အမှိုက်ပုံးထဲ ပစ်လိုက်တာ ကိုယ် တွေ့လိုက်ရတယ်။ သူတို့ စိတ်ထဲမှာ စားနေရင်းကို မသန့်တော့ဘူး ဆိုတာလို ဖြစ်သွားတာကိုး။


“ လွင့် ” ခနဲ ကိုယ်အားစိုက် ပစ်လိုက်တဲ့ ခေါက်ဆွဲဘူး အလွတ်လေးက အမှိုက်ပုံးထဲ ဝင်သွားတယ်။ ကိုယ်လည်း အလုပ်ဆက်လုပ်ဦးမှ အခုတောင်မှ မနက် ၃ နာရီခွဲနေပြီ။ ပြီးတော့ ဒီက သယ်စရာ ရှိတာတွေ ယူပြီး ကိုယ့်စက်ရုံကို ပြန်ရဦးမယ်။ တစ်လော့ပြီး တစ်လော့ ကိုယ်စစ်ပြီး ဒီနေ့ စာရင်းကို ကိုမိုးမြင့်ဆီကို အပ်ပြီးတော့ မနက် ၄ နာရီခွဲနေပြီ။ “ ကိုမိုးမြင့်ရေ . . ကျွန်တော်တို့ စက်ရုံအတွက် တင်စရာ ရှိတာတွေ တင်တော့ဗျာ။ ကျွန်တော်လည်း ပြန်လိုက်ဦးမယ်။ နောက်တစ်ခေါက်ကျမှ တွေ့ကြတာပေါ့။ ” သူက သူ့စားပွဲက ထလာပြီး Forklift ကို မောင်းပြီး ကိုယ့်စက်ရုံအတွက် ပို့မဲ့ ပစ္စည်းတွေကို ယူပြီး လော်ရီကားပေါ် တင်ပေးတယ်။

“ ငြိမ့် ” ခနဲ လော်ရီက ဖြစ်သွားလို့ ထင်တယ် ဆီဗား နိုးလာပြီး ကားခေါင်းခန်းထဲက ထွက်လာတယ်။ “ ပြီးပြီလား။ ” ကိုယ်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး . . . “ ပြီးပြီ. . . ပစ္စည်း တင်ပြီးရင် ထွက်မယ်။ ” ကိုမိုးမြင့် ပစ္စည်းတွေကို လေးခေါက်တင်ပြီးတော့ လော်ရီနောက်ဖက်မှာ ပြည့်နေပြီ။ ဒါဆို ယူရမဲ့ စာရင်း အတိုင်းလည်း ကွက်တိပဲ။ ကိုယ်တို့ ပြန်ဖို့ အဆင်သင့်ဖြစ်ပြီ။ “ သွားတော့မယ် ကိုမိုးမြင့် ၊ နောက်မှ တွေ့မယ်ဗျာ။ ” သူကလည်း ခေါင်းငြိမ့် လက်ပြကာ . . “ အိုကေ . . ကိုဇော် ၊ နောက်မှ တွေ့မယ်။ ” ကိုယ်လည်း လက်ပြပြီး လော်ရီခေါင်းခန်းပေါ်ကို တတ်မယ် လုပ်တော့ “ သိုးကလေး ” က ကိုယ့်စက်လေး ကိုင်ပြီး ရောက်လာတယ်။ တော်ပါသေးရဲ့ ကိုယ် မေ့တော့ မလို့။ ဒါတွေ သိုးကလေးက အားကိုးရတာ. . .။

“ ဗွမ်း ” ခနဲ ရေဘုံဘိုင်ကနေ မျက်နှာ သစ်ပြီး ဇက်ပိုးကို တစ်ချက် နှစ်ချက် ဆီဗားက ရိုက်ပြီး လော်ရီ ခေါင်းခန်းပေါ် တတ်လာတော့ ကိုယ်တို့ စက်ရုံကို ပြန်ဖို့ အားလုံး အဆင်သင့် ဖြစ်နေပြီ။ ကားစထွက်တော့ ကိုယ် စက်လေးကို မဖွင့်ရဲသေးဘူး။ ဒီလမ်းက မကောင်းသေးဘူးလေ။ စက်မှုဇုံရဲ့ ကွန်ကရစ်လမ်း ဆိုတော့ နိုင်လွန်လမ်းလို မဖြူးဘူး။ ဒါပေမဲ့ နိုင်လွန်လမ်းပေါ် ရောက်တာတောင်မှ ကိုယ့်မှာ အတွေးတချို့က ငြိနေလို့ ကိုယ် စက်လေးကို ဖွင့်ပြီး နက်ထဲ မဝင်ဖြစ်ဘူး ဖြစ်တယ်။ ဘေးနားက သိုးကလေးကတော့ ထုံးစံ အတိုင်း သိုး နေရှာပြီ။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို ကိုယ်လုပ်ချင်လာတယ်။ ကိုယ့်ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြီး နံပါတ် တစ်ခုကို နှိပ်လိုက်တယ်။

“ တူ ” ခနဲ ၊ တူခနဲ အသံရှည် နှစ်ချက် အပြီးမှာတော့ တစ်ဖက်က ကိုင်တယ်။ “ ကိုဇော် ဘာကျန်နေသေးလို့လဲ။ ” ကိုမိုးမြင့် ဖုန်းထဲကနေ လှမ်းမေးတယ်။ “ ပစ္စည်းကတော့ မကျန်ဘူး ကိုမိုးမြင့် ၊ ပြောစရာလေး ကျန်နေလို့ လှမ်းဆက်လိုက်တာ။ ” သူ့ဘက်က တစ်ချက် တိတ်ဆိတ်သွားတယ်။ ပြီးမှ. . .“ ဟုတ်ကဲ့ ၊ ပြောလေ ကိုဇော်။ ” ကိုယ်လည်း လေတစ်ချက်ကို ပြင်းပြင်းရှူပြီးမှ သူ့ကို ပြောလိုက်တယ်။ “ ကိုမိုးမြင့် ကျွန်တော် အကျဉ်းချုံးပြီးပဲ ပြောလိုက်တော့မယ်ဗျာ။ မဟော်သဓာ နဲ့ အမရာ တွေ့ဆုံပြီး ၊ သူတို့ မေးကြ မြန်းကြနဲ့ အဆင်ပြေပြီးတော့ မဟော်သဓာ နဲ့ အမရာ ပေါင်းသင်းတယ် ဆိုပါစို့ဗျာ။ နောက်တော့ မဟော်သဓာက အမရာကို သူ့အခစား ဝင်တဲ့ နန်းတော်ကို ခေါ်လာတော့ လမ်းမှာ အမရာရဲ့ လုပ်ဆောင်ပုံတွေကို မှတ်မိလား။ ”

“ ဟူး ” ခနဲ သူ့ဘက်က လေတစ်ချက် ခပ်ဖြေးဖြေး မှုတ်ထုက်လိုက်သံ ကြားလိုက်ရတယ်။ ပြီးမှ. . . “ ဟုတ်ကဲ့ မှတ်မိပါတယ်။ ဘာဖြစ်လို့လဲ ကိုဇော်။ ” ကိုယ်လည်း သူမမြင်နိုင်တာ သိပေမဲ့ ခေါင်းတော့ တစ်ချက် ဆတ်လိုက်တယ်။ ပြီးမှ. . “ အဲဒီမှာဗျာ။ အမရာက ကုန်းပေါ်မှာဆို ဖိနပ် မစီးဘူး။ ရေထဲကို ဖြတ်တော့မှာဆိုမှ ဖိနပ်ကို ထုတ်စီးတယ်။ မဟော်သဓာက မေးတော့ ကုန်ပေါ်မှာက ဆူးညောင့်တွေကို မြင်ရတယ် ၊ ရေထဲမှာက မမြင်ရဘူး ဒါကြောင့် စီးတာပါလို့ ဖြေတယ်။ ဒါနဲ့ သူတို့ ဖြတ်နေရတဲ့ လွင်ထီးခေါင်မှာ ထီးကို ထုတ်မဆောင်းဘူး။ တောအုပ်ထဲ ဝင်ပြီး အရိပ် အာဝါသ အောက်ရောက်ဖြတ်တော့မှ ထီးကို ထုတ်ဆောင်းတယ်။ ဒါကို မဟော်သဓာက မေးတော့ လွင်ထီးခေါင်မှာက ဘာမှ ခေါင်းပေါ်ကို ကျစရာ မရှိပါဘူး။ သစ်ကြီး ဝါးကြီး အောက်မှာ ကျတော့ ခေါင်းပေါ်ကို သစ်ကိုင်းဆွေးတွေ ကျိုးပြီး ကျလာနိုင်ပါတယ် လို့ အဖြေပေးတယ်ဗျာ။

“ ဟုတ် ”  ခနဲ သူက စကားထောက်တယ်။ “ ဒါပဲ ကိုမိုးမြင့်ရဲ့ ခုနက ကိုမိုးမြင့် ပြောလိုက်တဲ့ ပန်ကာလေ နဲ့ အအေးခံတဲ့ နေရာမှာ အရှေ့မှာ အအေးခံတာနဲ့ အနောက်မှာ အအေးခံတာ ကျွန်တော် တစ်ခါမှ မစဉ်းစားမိဘူး။ တကယ်လို့ ကျွန်တော်လည်း အအေးခံရင် ပန်ကာရှေ့မှာ အအေးခံမိမှာ သေချာတယ်။ ကိုမိုးမြင့်ကတော့ ဒီလို မဟုတ်ဘူး။ ကိုမိုးမြင့်က “ အမရာ ” လို တွေးလိုက်တာကိုး ၊ ဒါကို ကျွန်တော် အခု တစ်လမ်းလုံး စဉ်းစားလာတာဗျ။ ဟုတ်တာပဲ လူတွေက ကိုယ့်ကို လေ လာတိုးမှ လေတိုက်တယ် ၊ အပူအေးမယ်လို့ ထင်နေကြတာကိုး ၊ တကယ်တော့ အပူကို အေးသွားစေချင်ရင် လေတိုက်နေမှ မဟုတ်ပါဘူး။ လေစုပ်ပြီး အပူတွေ ပါသွားရင်လည်း အေးသွားတာပါပဲ။ ဒါကို ကျွန်တော် အခုမှ စဉ်းစားလိုက်မိတယ်ဗျာ။ ”

“ ဟင် ” ခနဲ သူ့ဆီက အာမေဋိတ် ထပ်ထွက်လာတယ်။ ပြီးမှ . . .“ ဘာများလဲလို့ ကိုဇော်ရယ်။ ဒါက ကျွန်တော်လည်း ပေါက်ပေါက်ရှာရှာ တွေးမိတာလေးပါဗျာ။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဘယ်သူ့မှတော့ မပြောမိဘူး။ အခုမှ ကိုဇော်က ကြုံလို့ ကြားလိုက်ရတာဗျာ  အဲ. . . အတွေးမျှမိသွားတယ် ဆိုပါစို့ဗျာ။ ဒီလိုပါပဲဗျာ ကျွန်တော်ကလည်း ဒီလိုပဲ ကြောင်ကြောင်တောင်တောင် အတွေးတွေ ရှိတယ်လေဗျာ။ ဒါကြောင့်လည်း ကျွန်တော်က ကိုဇော့်နဲ့ တစ်ခါတစ်လေ ပြောဖြစ်တာ။ ဒါပေမဲ့ လူတိုင်းကိုတော့ မပြောဖြစ်ဘူးဗျာ။ ဒါတော့ တကယ်ပဲ။ ”

“ ဟား ” ခနဲ ကိုယ်က ပျော်သွားသလို သူ့ကို တစ်ချက်အော် လိုက်ပြီး. . . “ ဒီမှာ ကိုမိုးမြင့်ရေ ၊ ကျွန်တော် တစ်ခု ခွင့်တောင်းမယ်ဗျာ။ ” သူ့ဘက်က ချက်ချင်း တုံ့ပြန်တယ်။ “ ဟုတ်ကဲ့. . . ကိုဇော် ၊ ပြောပါ။ ” ကိုယ်က တစ်ချက် စဉ်းစားသလို ခဏငြိမ်ပြီး သေချာ စဉ်းစားပြီးမှ. . “ တကယ်လို့ဗျာ ၊ ကိုမိုးမြင့်သာ မိန်းကလေးဆိုရင် ကျွန်တော်က မဟော်သဓာ မဟုတ်ပေမဲ့ အခု ချက်ချင်းကို “ လက်သီး ” ပြမိမှာပဲဗျာ။ ” ဒီလို ကိုယ်က နောက်လိုက်တော့. . သူက . . . “ ဟား ဟား ဟား . . ကိုဇော်ရယ် ၊ မလုပ်ပါနဲ့ဗျာ။ ကျွန်တော်က ယောက်ျား စစ်စစ်ပါ။ အခုနေ ပြရင်တော့ ကျွန်တော်ကလည်း ယောက်ျား ဆိုတော့ ကိုဇော့်ကို ပြန်ပြီး “ လက်သီး ” ပြရမှာပါပဲ။ ဟား ဟား ဟား .။ ”

“ ဟဲ ” ခနဲ ၊ ဟဲ ခနဲ ကိုယ်လည်း တစ်ချက်ချင်း ရယ်လိုက်ပြီး . . . “ နောက်တာပါဗျာ။ လက်သီး ပြလို့ မရတော့လည်း ကိုမိုးမြင့်ကို ကျွန်တော် တစ်ခု ခွင့်တောင်းမယ်ဗျာ။ ” သူ အတော်ကြာကြာကို ငြိမ်သွားတယ်။ ပြီးမှ. . . “ ဟုတ်ကဲ့. . . ပြောလေ ကိုဇော်။ ” “ ဒီလိုပါ ကိုမိုးမြင့် ၊ အခု ကျွန်တော်တို့ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးကို ကျွန်တော့်ဘလော့မှာ ပို့စ် အနေနဲ့ ကျွန်တော် တင်ချင်တယ်ဗျာ။ ပို့စ်တင်ခါနီးရင်တော့ ကိုမိုးမြင့်ဆီကို အကြမ်း ပို့လိုက်ပါ့မယ်။ ကိုမိုးမြင့် အရင် ဖတ်ကြည့်ပေါ့။ လိုတာ ပြောဗျာ။ ”

“ အား ” ခနဲ သူက အော်တယ်။ ပြီးမှ . . .“ မလွယ်ပါလား ဘလော့ဂါရယ်။ ဒါကြောင့် ဘလော့ဂါ ရှေ့မှာ ချောင်းတောင်မှ မဆိုးနဲ့လို့ ပြောကြတာကိုး။ ရပါတယ် ကိုဇော်ရာ တင်ပါ။ ကျွန်တော်ကလည်း ခွင့်ပြုပါတယ်။ အတွေးလေးတွေ မျှတာပဲလေ။ စာကတော့ ကျွန်တော်က ချောအောင် မရေးတတ်တော့ ကိုဇော့်ဖာသာပဲ ရေးပြီး တင်လိုက်ပါဗျာ။ ” သူ့ဆီက စကားကြားတော့ ကိုယ်လည်း ပြုံးလိုက်ပြီး. . .“ အိုကေဗျာ။ ခွင့်ပြုလို့ ကျေးဇုးပါပဲ။ ” ဒီတော့ သူ့ဆီက မေးတဲ့ စကားသံ တစ်ခု ထွက်လာတယ် . . “ ဒါပေမဲ့ တစ်ခုတော့ ကြိုပြောဗျာ။ ” ကိုယ်ကလည်း ပြန် စကားထောက်လိုက်တယ်. . “ ဟုတ်ကဲ့ . . ဘာကို ကြိုပြောရမှာလဲ။ ” သူက ချင့်ချိန်နေသလိုနဲ့ ခဏ ငြိမ်နေပြီးမှ ဆက်မေးတယ်. .“ ကိုဇော့်က ပို့စ်တင်ရင် ခေါင်းစဉ်ကို ဘာလို့ ပေးမှာလဲ။ ” ဒီတော့မှ ကိုယ်ကလည်း တစ်လုံးချင်း ပြန်ဖြေလိုက်တယ်။

“ အ မ ရာ နှင့် တူ သော ယော က်ျား ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

16 ယောက် ရဲ့ ထင်မြင်ချက်:

ခိုင်နုငယ် said...

ဒိုင်..ကနဲအလုပ်ကကိုရောက်တယ်ဆို။
ဖြတ်ကနဲဖွင့်လိုက်မိတာကကိုယ့်ဘလောပ့်။
စွေ ကနဲမျက်လုံးလေးဝေ့ကြည့်လိုက်တော့။
ဟိုက်ကနဲနေအောင်အာမေဋိတ်သံနှင့်အတူထိပ်ဆုံးမှာရောက်နေတဲ့ "အမရာနှင့်တူသောယောကျာ်း"
ဖျက် ကနဲဆို ကလစ်ကြည့်လိုက်တော့။
ဟာ..ကနဲ..ဟင်ကနဲနေအောင်ချပြထားတဲ့ရသကိုရလိုက်လို့ကျေးဇူးပါဂျာ။

နေ၀သန် said...

အရေးအသားပြောင်မြောက်ပါပေတယ်ဗျာ....း)))... ပထမဆုံးရောက်ဖူးပေမယ့် တခါတည်းကို စွဲလန်းသွားရတဲ့ ဆိုဒ်လေးပါ....


ခင်မင်တဲ့
နေ၀သန်

♥shwe♥gal♥♥♥♥ said...

ကိုဇော်ရေ....
အသံအားတွေ ဖတ်သွားတယ်နော်
မန့်ရခက်လို့
ဟင်း...ကနဲ သက်ပြင်းခနခနချသွားရတယ်..နောက်တော့
ကျော်ခွ မန့်လိုက်တယ်...
အရမ်းကောင်းတဲ့ ရသစာတမ်းလေးပါ

shwenattharr said...

ကိုဇော် တကယ်ရေးတတ်တယ်ဗျာ
ပန်ကာအအေးခံတဲ့ အတွေး ဆိုရင် ကျွန်တော် မတွေးမိဖူးဘူးဗျ......သူပြောတာမှန်တယ်နော်.
ပိုစ့်ရေးပေးတဲ့ ကိုဇော့်ကိုလည်းကျေးဇူးတင်ပါတယ်ဗျာ

SHWE ZIN U said...

အင်း မန့်ထားတာေ၇ာက်ရဲ့လားမသိဘူး ညနေမှလာကြည့်တော့မယ်

SHWE ZIN U said...

ရောက်ဘူးထင်တယ် ပြန်မန့်ခဲ့မယ် အရာရာကို အသေးစိတ် မြင်တတ်တဲ့ မြင်တာကို သိတဲ့ ကိုဇော်ကို ကျေးဇူးပါ

အရာရာ မှာ ဘက်ပေါင်းစုံ ကကြည့်တာအကောင်းဆုံးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

ပန်ကာ နောက်မှာ အအေးခံဖို့ ဆိုတာ ဘယ်သူမှ မတွေးဖူးတဲ့ အတွေးပဲနော်..
blogger ရှေ့လုပ်မိတော့လည်း ဖတ်ကောင်းတဲ့ စာတစ်ပုဒ် ဖြစ်သွားတာပေါ့..

ဇီးရိုး said...

"ဟာ" ခနဲ ဖြစ်အောင် စား တယ် ဗျာ ...

မောင်ဘကြိုင် said...

ဟိုက် ကနဲ့နေအောင်ကို ပါးစပ်ဟပြီး နေလည်က တခါ ညနေတခါ စုဖတ်လိုက်ရတယ် မြောက်တယ်
လက်ရာမြောက်တယ် ကိုဇော် ဗဟုသုတတွေပေးပြီး
မလေးမလေး အဲမလေးကိုလွမ်းမိပါတယ်း)

ကိုအောင်(ပျူနိုင်ငံ) said...

မှတ်သားသွားတယ် ကိုဇော်ရေ၊ ကောင်းတယ်။

Shwe Aeim said...

ဟယ်..ဘယ်ကပြုံးရမှာလည်း...
ဘာသံထွက်မလဲစောင့်နေတာ...
အေ၇းအသားပြောက်မြောက်ပါပေတယ်..။
ကိးဘုတ်ပေါ်က...တတောက်တောက်နဲ့ ကောမက်ရေးပေးလိုက်ပါတယ်
ခင်မင်သော

moethout said...

:)

War said...

ဖတ်လို့  သိပ်ကောင်းတာပဲ။ အားကျလိုက်တာ...။

soenay said...

ကောင်းတယ်ဗျာ။

chodesigner said...

အရမ်းကို ရေးတတ်တယ်နော် အားကျလိုက်တာ ချိုလဲ ဒီလိုရေးတတ်ချင်တယ် ဥိးဇော်ရေ

sky1988 said...

ဖတ်လို.မရဘူး။ဘာလုပ်ရမှာလဲ

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.