မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 June 2010

7 အကြားမှန် ၊ အထင်မှား



စာရေးဖို့ အချိန်မရှိလို့လား မသိပါဘူး အခုတလော စာတွေတော့ တော်တော် ဖတ်ဖြစ်တယ်။ ဖတ်ဖြစ်တဲ့ အထဲက တချို့အကြောင်းအရာလေးတွေကို ဆင့်ပွားခံစားမိတာကြောင့် ထပ်ပြီး တင်ပြချင်ပါတယ်။ မူရင်းကို ဖတ်ချင်ရင်တော့ မူရင်းစာအုပ်ကိုလည်း  ညွှန်းပေးထားပါ့မယ်။ ကျွန်တော်ကတော့ ဖတ်ပြီး ကျွန်တော့်ဖာသာ ထပ်ဆင့် တွေးမိတာလေးကို ရေးပြမှာ ဖြစ်ပါတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဖြစ်စဉ် ( ၁ )

ကျွန်တော်တို့ အလုပ်မှာ ကျွန်တော်နဲ့ တော်တော်ခင်တဲ့ တရုတ်မက ပြီးခဲ့တဲ့ အပတ်က ကလေးမွေးပါတယ်။ ကလေးက ကြီးတော့ ရိုးရိုးမမွေးနိုင်လို့ ခက်ခက်ခဲခဲ ခွဲမွေးရတယ်တဲ့။ ကလေးက ထွားထွားကြိုင်းကြိုင်း ဖြူဖြူဖွေးဖွေးကြီး ဆိုပဲ။ ဒီလိုကြီးလို့လည်း ခွဲမွေးရတာလို့ ပြောကြတယ်။ ဒါကြောင့် သူ အလုပ်ကို တော်တော်နဲ့ ပြန်မဆင်းနိုင်ဘူးပေါ့လေ။ သာမာန်မွေးတယ် ဆိုရင်တောင်မှ ခွင့်က နှစ်လပေးတာ ဆိုတော့ အခုလို ခက်ခက်ခဲခဲ ခွဲမွေးရတာ ဆိုတော့ သူလည်း တော်တော် ခံစားရမှာပဲ လို့ ကျွန်တော်လည်း သူ့ကို စာနာပြီး ရင်တွင်းမှာ ဖြစ်မိပါတယ်။

“ ခွဲမွေးတယ် ဆိုတာ မလွယ်ပါလား ” လို့လည်း တွေးလိုက်မိပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဖြစ်စဉ် ( ၂ )

ကျွန်တော့်ကားကို မောင်းနေတဲ့ လက်ရှိ ဒရိုင်ဘာကြီးမှာ ကရင်ကြီး တစ်ယောက် ဖြစ်သည်။ အလွန် အစားစားနိုင်သလေက် အလုပ်လည်း အလွန်လုပ်နိုင်၏။ သူထံမှ  စကား အထူးအဆန်းများကိုလည်း အရမ်းကြားရလေ့ ရှိသည်။

တစ်နေ့မှာ သတ်မှတ်ချိန်ထက် နောက်ကျပြီး သူ ရောက်လာ၏။ ရံဖန်ရံခါ ဖြစ်တတ်သည့် ကိစ္စမျိုးကို  ကျွန်တော် ဆူပူစရာ အကြောင်း မရှိပါ။ သို့သော် သူက ကျွန်တော့်ကို မျက်နှာချိုသွေးလျှက် ပြုံးရယ်ပြကာ. . . . 

“ နည်းနည်းနောက်ကျသွားတယ် ဆရာရယ်။ အိမ်မှာ ဘဲကို ခွဲမွေး ပေးနေရလို့။ ”

( အထက်က ကျွန်တော့်အလုပ်က တရုတ်မ ခွဲမွေးနေရတာနဲ့ အခု ဘဲခွဲမွေးရတာကို အတူတူပဲ သတ်မှတ်လိုက်ရင် တော်တော်ကို လွဲသွားပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဘဲဆိုတာ ဥလိုက် ပေါက်တာကိုး။ ဒါကြောင့် ဆက်ဖတ်ကြည့်ရအောင်. . . ။ )

“ ဘာရယ်။ ဘဲကို ခွဲမွေးတယ် ဟုတ်လား.။ ”

“ ဘဲဥထဲက ဘဲပေါက်ကလေးလေ။ ဥခွံကို ဖောက်ရာပေးပြီးမှ မထွက်နိုင်ဖြစ်နေလို့ ကျွန်တော်ကပဲ ဥကိုခွဲပြီး မွေးပေးနေရတာ။ အဲဒီတော့မှ သူထွက်လာတယ်။ လုံးလုံးဝါဝါလေး ဆရာရဲ့ ၊ ချစ်စရာလေး. . .”

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~  ~ ~ ~ ~ ~ ~ ~ ~ 

နိဂုံး

ဒီလို သေချာကြားတော့မှ ဘဲလေးကို ဘဲမကြီး ဗိုက်ကနေ ခွဲမွေးတာ မဟုတ်ဘဲ။ ဘဲလေးက သူ့ဖာသာ မထွက်နိုင်လို့ ဘဲဥထဲမှာ ကြာနေလို့ ဥခွံလေးကို ခွဲပြီး မွေးပေးလိုက်တာကို ဆိုလိုတာပါ။ ဒါပေမဲ့လည်း အထက်က တရုတ်မ ကလေးမွေးတာကို ကျွန်တော်တို့ အားလုံးက ဒီလိုပဲ သိထားတော့ ဘဲအကောင်ပေါက်တယ် ဆိုရင် ဘဲက ဥထဲက ထွက်တယ် ဆိုတာပဲ ပြောနေကြတော့ အခုလို ဘဲကို ခွဲမွေးရတယ် ဆိုပြီး ကြားလိုက်ရင် ကျွန်တော်တို့ အထင်တွေ မှားသွားစေတတ်ပါတယ်။

တကယ်တော့ ဘဲဆိုတာ ကြက်လို နှုတ်သီးက မချွန်လေတော့ ဥခွံကို စဖောက်ခါစမှာ ထိုးခွဲဖို့ တစ်ခါတစ်လေ ခက်တတ်တာပါ။ ဒါကြောင့် ဘဲဥလေးကို ခွဲပြီး ဘဲလေးကို အပြင်ကို ထုတ်ပေးရတာပါ။ ဒါပေမဲ့ ဘဲကို ခွဲမွေးတယ် ဆိုရင် ကျွန်တော်တို့ သိနေတဲ့ အသိကြောင့် အကြားက မှန်ပေမဲ့ အထင်က လွဲသွားနိုင်ပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီလိုပဲ သူများပြောတာ ဘာကို ဆိုလိုလည်း ဆိုတာကို အရင် သေချာ သဘောက်ပေါက်အောင် နားထောင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို မဟုတ်ဘဲ သူများပြောတာကို ကိုယ့်ရဲ့ အခံ အတ္တနဲ့ နားထောင်တယ် ဆိုရင်တော့ ကြားတာကတော့ ကြားလိုက်ရမှာပါ။ ဒါပေမဲ့ သူပြောချင်တဲ့ အဓိပ္ပါယ်ကို မရဘဲနဲ့ ကိုယ့်ရဲ့ အတ္တအထင်မှားတွေပဲ ဆုပ်ကိုင်မိနေပါလိမ့်မယ်။ သူများလိုဆိုရင်းကို သေချာ သိနားအောင် ဖတ် ၊ နားထောင် ၊ မေးမြန်း သင့်ပါတယ်။


source; ဖြစ်စဉ် ( ၂ ) ကို ဆရာ တာရာမင်းဝေ ၏ ကျွန်တော်နဲ့ ဆောင်းရာသီဒဿန ( ၂ ) ကနေ ကောက်နှုတ် ဖော်ပြပါတယ်။ ဒါကို ကျွန်တော့် မှတ်စု အဟောင်းလေးထဲက ဖတ်မိလို့ ဒီပို့စ်လေး ဖြစ်အောင် ဆင့်ပွားတွေးမိတာပါ။ 


လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

7 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

ဒုတိယဖြစ်စဉ်လေးက မှတ်သားစရာလေးပဲ... တကယ်လို့သာ ကိုယ့်အတွေးနဲ့သာ ကိုယ်တွေးမယ်ဆို မဟုတ်တရားတွေ လျှောက်ပြောမိတော့မှာပဲပေါ့.... မိုက်တယ်ဗျာ.. သဘောကျတယ်.....


ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

ကိုဇော်ရေ..ရောက်လာခဲ့တယ်။
အင်းဟုတ်ပ..လောကမှာ အကြားမှန်ပြီး
အထင်မှားစေတတ်တွေအများကြီးရှိနေသေးတယ်။
မှတ်သားသွားပါတယ်။
ကျေးဇူး..

SHWE ZIN U said...

သြ ကိုဇော် ရေ

မွေးတာ ဖွားတာ ပူတာ မိန်းမတွေ အလုပ်ပါ လူပြိုကြီး ရေ

သူများပြောတာ နားမထောင်တဲ့ သူတွေ ခက်ပါ့ ကိုယ်ထင်ရာ ကိုယ်ပြော အခုကိုကြည့် ကိုဇော် ဆိုလိုရင်း နဲ့ လွဲပြီး ပြောချင်ရာပြောသွားတာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ဖြစ်စေချင်တာနဲ့ ဖြစ်သွားတာရယ်..၀ လုံးကို လုံးဝ လို့ထင်သွားတာတွေက ထပ်တလဲလဲ ဖြစ်နေတော့လည်း ခက်ပေသားပဲဗျ။ ကောင်းတယ်ဗျာ..။ ရေးပါဦး။ ဒါနဲ့ စကားမစပ်..မိန်းမမယူသေးဘူးလားဗျ။

လသာည said...

တဖက်သားကို သေချာနားထောင်ပေးတဲ့သူဆိုတော့လည်း ဘဲပေါက်ကလေးကို ကယ်နေတဲ့ သူ့စေတနာကိုပါ မြင်လိုက်ရတာပေါ့..။ ကောင်းလိုက်တဲ့ အတွေးလေး..။

Unknown said...

ဖတ်မှတ်သွားတယ် သယ်ချင်း...

Unknown said...

ဘဲကိုခွဲမွေးတယ်ဆိုတော့ ကြောင်သွားတယ်
အော်ပြီးမှ.. ဂလိုပါလားပေါ့လေ