မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 April 2010

12 အမြင်များ ( Tag )



သတ္တဝါတိုင်းမှာ သူ့တို့ ကိုယ်ပိုင် အမြင်လေးတွေနဲ့ ရပ်တည်လျက်ရှိပါတယ်။ သူ့အမြင်ဟာ ကိုယ့်အမြင် ဖြစ်မလာနိုင်သလို ၊ ကိုယ့်အမြင်ဟာလည်း သူ့အမြင်ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီလို မတူညီတဲ့ ကြားထဲကနေ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် လိုက်လျောညီထွေစွာ တစ်ယောက် အမြင်ကို တစ်ယောက် လေးစားစွာဖြင့် နေထိုင်ရင်း ကမ္ဘာကြီး သက်တမ်းကြာရှည်စွာ ဆွဲဆန့်နိုင်ခဲ့ရတာပါပဲ။

အမြင်နဲ့ ပတ်သတ်ပြီး ကျွန်တော်ကြားဖူးထားတဲ့ စကားလေး တစ်ခု ရှိတယ်။

“ Worm View Vs Bird View. ” 

တဲ့။ “ တီကောင်တစ်ကောင်ရဲ့ အမြင် နဲ့ ငှက်တစ်ကောင်ရဲ့ အမြင် ” လို့ ဆိုလိုတယ်။ 

တကယ်လည်း တီကောင်ဆိုတာ သူ့ရှေ့က တစ်တွားသွားစာလောက်သာ မြင်တတ်ကြတယ်။ ပြီးတော့ သူတို့မှာ မြေကြီးကုန်သွားမှာကို စိုးရိမ်တယ် ဆိုတဲ့ စိတ်ကလေးကလည်း ရှိတယ်။ တကယ်တော့ တီကောင်ဆိုတာ မြေကြီးကို စားပြီး မြေကြီးကိုပဲ ပြန်ပြီး စွန့်တာပါပဲ။ သို့သော် ဒါ သူ့အမြင်။ ဒါကြောင့် အမြင်ကျဉ်းမြောင်းသူများကို “ တီအမြင် ” လို့ ခေါ်ကြတယ်။

ငှက်တွေကျတော့ အမြင့်မှာ ကျင်လည်ပျံသန်းကြတယ်။ ငှက်အမျိုးအနွယ်ဖြစ်ပြီး မပျံသန်းနိုင်တဲ့ ငှက်ကလည်း ရှိသေးတယ်။ ပင်ဂွင်း နဲ့ ငှက်ကုလားအုတ် ။ ပျံသန်းနိုင်သော ငှက်တိုင်းကတော့ လေပေါ်ကနေပြီး အားလုံးကို အထက်စီးကနေ မြင်ခွင့်ရှိတယ်။ ဒါကို အမြင်ကျယ်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် အမြင်ကျယ်သူများကို “ ငှက်အမြင် ” လို့ ခေါ်ကြတယ်။

ကျွန်တော်က ငယ်ငယ်က နည်းနည်းတော့လည်း အူတူတူနဲ့ ရယ်စရာ ကောင်းပါတယ်။ များများစားစားရယ်ရင်လည်း ခွင့်ပြုပါတယ်။ ကျွန်တော်က ပေါက်ပေါက်ရှာရှာတွေ တွေးမိတတ်တာပါ။ ငယ်ငယ်က လူကြီးတွေက အမြင်ကျယ်တယ် လို့ ပြောတာကို ကြားမိရင် “ မျက်လုံးပြူး ” နေတဲ့ လူကိုပဲ စိတ်ထဲမှာ သွားသွားမြင်မိတယ်။ 

နောက်ပြီး ရှိသေး။ နဖူးပြောင်နေတဲ့ လူတွေကိုလည်း သူများတွေလို ပြောင်ပြောင်ရောင်ရောင် ရှိတယ်နော် လို့ နောက်မိတဲ့ အပြင် ကိုယ်က ပိုပြီး ပြောလိုက်သေးတယ်။ 

“ တကယ်ကို တမေ့တမောဖြစ်အောင်ကို အမြင်ကျယ်ပြန့်တယ်ဗျာ။ ”

လို့။ နဖူးပြောင်သူက ရယ်ရခက် ၊ စိတ်ဆိုးရခက်ခက် နဲ့။ အဲဒီလိုလည်း လူတွေ မခံချိ မခံသာ ဖြစ်အောင် ပြောတတ်သေး။

ငယ်ငယ်ကဆို ဘယ်လောက်တောင်မှ ကျွန်တော်က အမြင်ကျဉ်းမြောင်းခဲ့လဲ ဆိုရင် လူကြီးတွေ ပြောပြောနေတဲ့ “ ထောင်မြင်ရင် ရာစွန့် ” ဆိုတဲ့ စကားပုံလေးကို နှုတ်အားဖြင့် ပြောတာဆိုတော့ နားဖြင့်သာ ကြားရလေတော့ ကျွန်တော်က ဒီလို စိတ်ကူးထဲမှာ မြင်မိပြန်တယ်။ 

“ သြော်.. . .ထောင်ကျမယ် ဆိုတာ မြင်ရင် နေတဲ့ အိမ်ယာကို စွန့်ရမယ် ဆိုတဲ့ သဘောပါလား။ ”

လို့။ ဟီး. . .ဒီလို ဆိုတော့လည်း မှန်နေသားပဲဗျ။ စကားပုံကိုသာ ပြောင်းရမှာ “ ထောင်မြင် ယာစွန့် ” ဆိုပြီး။ ဒါပေမဲ့လည်း အသက်ကြီးလာတာနဲ့ အမျှ ကျွန်တော့် အမြင်တွေလည်း ပြောင်းလာခဲ့ပါတော့တယ်။ အသက်အရွယ်က အမြင်တွေကိုလည်း ပြောင်းစေတယ် မဟုတ်လား။

ဒါနဲ့ ကျွန်တော်လည်း အမြင်တွေကို သူများတွေ မတွေးမိတဲ့ နေရာ ၊ ရှုထောင့်လေးတွေကနေ တွေးမိတယ်။ တစ်ခါတစ်လေတော့ ဟုတ်တုတ်တုတ် ၊ တစ်ခါတစ်လေတော့ ဖွတ်ဖြစ်နေအောင် လွဲပါရောလား။ ဘာပဲဖြစ်ဖြစ်ပါ။ သူများတွေ မမြင်မိတဲ့ အမြင်ကလေးတွေကနေ ကြည့်မိတော့လည်း တစ်ခါတစ်လေမှာ လောကကြီးက အဆန်းသားလားဗျ။ ဒီလို ဆန်းဆန်းတွေ မြင်လာတော့ သူများတွေ ဖြစ်နေတာကို ၊ မြင်နေတာကို ကိုယ်က သွားသွားပြီး တို့မိချင်လာပါလေရောလား။ ဒါနဲ့ပဲ ကျွန်တော့်မှာ ခက်နေပါလေရောဗျာ။

ဒီလိုနဲ့ပဲ ကျွန်တော်က ကပေါက်တိ  ကပေါက်ချာ ဖြစ်နေတယ် ဆိုပါတော့။ ဒီမှာ ကျွန်တော့်ကို ကျွန်တော့်အဖေက ပုံပြင်လေး တစ်ခုကို ပေးဖတ်တယ်။ ဒီပုံပြင်လေး ဖတ်ပြီးတော့မှ ကျွန်တော်လည်း “ သူ့အမြင် ကိုယ့်အမြင် ၊ လောကကြီးရဲ့ သူ့အထွာ ကိုယ့်အထွာ ” ဆိုတာကို သဘောပေါက်တော့တယ်။ ပုံပြင်လေးက ဒီလို ဆိုတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~
တစ်ခါက. . . .

တောထဲမှာ လေပြင်းမုန်တိုင်း ကျပါလေရော။ လေပြင်းနဲ့ အတူ မိုးတွေကလည်း သည်းထန်အောင် ရွာတယ်။ ဒီမှာ သူငယ်ချင်း နှစ်ဦး ဖြစ်တဲ့ ဆင်နဲ့ ပုရွက်ဆိတ်က လေပြင်းမုန်တိုင်း အပြင် ရေတွေကြောင့် သူတို့ ရေနဲ့ အတူ မျောပြီး ပါသွားခဲ့တယ်။ 

နောက်တော့ လေပြင်းမုန်တိုင်းတွေလည်း ငြိမ်သက်ပြီး သူတို့စီးမျောနေတဲ့ ရေတွေလည်း ငြိမ်သွားတယ် ဆိုတော့မှ သူတို့လည်း သူတို့ နေထိုင်ရာ နေရာ အသီးသီးကို ပြန်ရောက်လာကြတယ်။ ဒီတော့ သူငယ်ချင်း နှစ်ဦး ပြန်တွေ့တဲ့ အခါမှာ တစ်ဦး ဖြစ်ပျက်တာကို တစ်ဦးကို ပြန်ပြောပြတယ်။ 

ဆင်က ပြောတယ်။

“ လေကလည်း ပြင်း ၊ မိုးကလည်း များလိုက်တာကွာ။ ငါ့မှာ ရေစီးအားနဲ့ မျောသွားလိုက်တာ။ သစ်ပင်တစ်ပင်နဲ့ ခြစ်မိလို့ ကျောမှာ တစ်ထွာလောက် ပြဲသွားတယ်။ ”

ဒီတော့ ပုရွက်ဆိတ်ကလည်း သူ့အတွေ့အကြုံကို သူပြောပြတယ်။

“ ဟုတ်တယ်ကွ။ ငါလည်း ဒီလိုပဲ မိုးရေထဲ မျောသွားလိုက်တာ သစ်ကိုင်းတစ်ကိုင်းနဲ့ ငြိလို့ ငါ့ကျောမှာ တစ်ထွာလောက်ပြဲသွားတယ်။ ”

ပုရွက်ဆိတ်က ဒီလိုလည်း ပြောရော ဆင်က တဟားဟားအော်ရယ်ပြီး. . .

“ အကောင်တစ်ကောင်လုံးမှ တစ်ထွာ မပြည့်တဲ့ ကောင်က ဘယ်လိုလုပ်ပြီး တစ်ထွာပြဲမလဲကွ။ ”

တဲ့။ ဆင်ဆီက ဒီလို ပြောသံလည်း ကြားရော။ ပုရွက်ဆိတ်က ဒေါသတကြီးနဲ့. . . .

“ ဟ . . မင်းကလည်း မင်းအမြင်နဲ့ မင်းပဲလေ။ ငါ့မှာလည်း ငါ့အထွာ နဲ့ ငါပေါ့ကွ။ ”

လို့ ဆိုသတဲ့။ 

ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ လူတွေမှာလည်း လူတစ်ယောက် အပေါ်တစ်ယောက် အမြင်ဆိုတာ ပုရွက်ဆိတ် နဲ့ ဆင် လို့ သူ့အထွာ နဲ့ သူ ရှိတတ်ပါတယ်။ ဆင်က ဆင်လို အမြင်နဲ့ တော့ ပုရွက်ဆိတ်က သေးချင်သေးနေလိမ့်မယ်။ ပုရွတ်ဆိတ်က ပုရွတ်ဆိတ်အတွက်လည်း ဆင်ဆိုတာ ကြီးချင်ကြီးနေလိမ့်မယ်။ 

ဒါကြောင့် လူတွေမှာ “ အထွာ မတူရင် အမြင်လည်း မတူနိုင်ကြပါဘူး။ ” ဒါကို ပေါ်လွင်စေပြီး ဆင်ရော ပုရွက်ဆိတ်ရောပါတဲ့ စကားပုံလေး တစ်ခုက ဒီလိုပြောတယ်။

“ ဆင် အတွက်တော့ သေးပေါက်ချလိုက်တာပါ. . . . .
ပုရွက်ဆိတ် အတွက်တော့ ပင်လယ်တွေ ဝေ. . .လို့ . . . ။ ” 

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

*** ညီလေး ကျော်ဆက် Tag ထားတာလေးပါ။ အချိန်ရပြီး စိတ်ကူးလေးပေါ်လာတုန်း ချရေးလိုက်ပါတယ်။ ထုံးစံအတိုင်းပဲ ဆက်ပြီး Tag ပါရစေ။ “ အမြင်များ ” ခေါင်းစဉ်ကိုပဲ အဆင်ပြေသလို ရေးပေးပါ။

* မချစ်ကြည်အေး

သူတို့ကို ဆက်ပြီး Tag လိုက်ပါတယ်။ “ မြစ်ကျိုးအင်း ” ကိုတော့ ခင်မင်စွာဖြင့် Tag ချင်သော်လည်း သူက Tag ပို့စ်တွေ မရေးဘူးလို့ ပွင့်လင်းစွာ ပြောလာလို့ ချန်ထားခဲ့ရပါတယ်။

လေးစားစွာဖြင့်
ကိုဇော်
.               

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

ချစ်ကြည်အေး said...

ခက်ထှာဟယ် ရေးရမှာကြီးက...သူ့အမြင်ကတော့ ဖတ်ကောင်းသား...အေးလေ...ကြိုးစားကြည့်တာပေါ့...လာမယ် နဲနဲတော့ ကြာမယ်နော်...:)

SHWE ZIN U said...

ဖတ်ပြီး ရီသွားတယ် ကိုဇော်
ထောင်မြင်ရင် ယာစွန့်
ဟုတ်ပါတယ် ထင်စရာပါဘဲ

ခင်တဲ့
ရွှေစင်

ဏီလင်းညို said...

ကိုဇော်ရေ.....
ကျွန်တော်ဆို ကိုဇော့်ထက်တောင်ဆိုးမလားပဲလေ....။
“ပျက်အစဉ်... ပြင်ခဏ”.... ဆိုတာကို ဘယ်လို မြင်တယ်ထင်သလဲ....။
ပြင်ရင်လည်း... ခဏပဲခံမှာပါ...။ ပျက်တာကတော့ အမြဲပျက်နေမှာပါပဲလို့လေ....ဟိ...ဟိ...း))
တစ်ကယ့်ကို... ဇောက်ထိုးမိုးမျှော်ကြီးကိုး.......း))
ရေးဖို့ အားခဲလိုက်ဦးမယ်ဗျာ.....။ လောလောဆယ်..... အကြွေးဒွေ များနေဘာဘီ......း((
ခင်မင်တဲ့
ဏီလင်းညို

Doublem { မြို.မ } said...

ကျေးပဲ ကိုဇော် ရေးတာမြန်လိုက်တာ..
သင်ခန်းစာယူစရာတွေရလိုက်တယ်ကိုဇော် အမြင်လေးတွေက ...
ကြံကြံဖန်ဖန် ကိုတွေးတတ်တယ် ထောင်မြင်ယာစွန်.တဲ. ...

Flower said...

အိမ်ပြန်မည်ဖြစ်ပါ၍
ရေးဖြစ်မည် မထင်ပါကြောင်း
ကြိုတင်အကြောင်းကြားပါသည်။
စကားမစပ်
လ၀က ကလား
သန်းကောင်စာရင်းဌာနကလား

နမ်းမဝ said...

မနေ့ တနေ့ကမှ မချော(အစိမ်းရောင်လွင်ပြင်)ကို အကြွေးဆပ်ထားတာ...
နောက်ကြွေးတစ်ခုက ထပ်တိုးလာပြန်ပြီ...။
ဆပ်တော့ဆပ်မယ်....ဖြည်းဖြည်းပေါ့နော်...
-------------------------------------------
ကိုဇော့်အတွေးလေး အရမ်းကောင်းပါသည်.။
မှတ်သားစရာတွေ အများကြီးယူသွားပါသည်။

နှင်းနဲ့မာယာ said...

ကိုဇော်ရေးထားတာက ပိုပြည့်စုံနေတယ်သိလား...
ဆင်အမြင်နဲ့ ပုရွက်ဆိတ်အမြင်လေးလိုပေါ့ ...
တို့ ရေးရင် ပုရွက်ဆိတ်အမြင်ဖြစ်သွားမှာစိုးတယ်...:P
ဒါပေမယ့် ကြိုးစားပြီးရေးကြည့်မယ်နော်..

နှင်း

Unknown said...

ဟုတ်..အားလုံးကကိုယ့်အထွာနဲ့ ကိုယ်ဘဲလေ
သူဌေးသဘောင်္မှောက်တာနဲ့  သူတောင်းခွက်
ပျောက်တာလည်းခံစားချက်အတူတူဘဲလေ
ခိခိခိခိ

ရွှေပြည်သူ (ShwePyiThu) said...

“ထောင်မြင်ရင် ရာစွန့်” စကားအတွက် အစ်ကို အဓိပ္ပါယ်ဖွင့်ပုံကို ကြည့်ပြီးရယ်မိတယ်း)

ဟုတ်တယ် တစ်ယောက်အမြင်နဲ့တစ်ယောက်ကတော့ ဘယ်လိုမှ မတူနိုင်ပါဘူးလေ...

မြစ်ကျိုးအင်း said...

အထွာတွေ တိုင်းကြည့်ပါတယ်း)

တချိန်လုံး တွေးနေတဲ့ မိဇော်ဆီမှာ အတွေးကောင်းတွေ များစွာ ရှိနေအုံးမယ်လို့ ထင်မြင်မိတယ်။ ကိုယ့်အမြင်နဲ့ ကိုယ်ပေါ့လေ...။

မြသွေးနီ said...

စာကြွေးတွေလာဖတ်ကာမှ တက်ဂ်နဲ့တိုးမိလေးခြင်း။
အင်း.. သို့ပေသော်ငြား အမြန်ရေးလေမှ..။ မဟုတ်ရင် အကြွေးတွေ နောက်နှစ်သစ်ကို ကူးပါသွားမှ။

ဟိန်းတင့်ဇော် said...

ကိုဇော်ရေ..
လာရောက်လည်ပတ်ရင်း စာလေးတွေ ဖတ်သွားပါတယ်
ဆက်လက်၍ ဗေဒင်ဆရာအမြင် ၊ နတ်ကတော်အမြင် ၊ ဘိုးတော်အမြင် ဆိုပြီး ရေးပေးစမ်းပါဗျာ..
ခင်မင်လေးစားစွာဖြင့်
ဟိန်းတင့်ဇော်