မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 April 2010

12 ကိုယ့်အကြိုက် (Tag )




ကျွန်တော့်ကို ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ဒီကြားထဲမှာ ကိုဏီလင်းညို က “ ကိုယ့်အကြိုက် ” ဆိုပြီး Tag လိုက်တော့ ကျွန်တော့်မှာ တော်တော် ခက်သွားတယ်။ ဒီတော့မှ ကိုယ့်ကိုယ်ကိုယ် အပြန်အလှန် ပြန်ပြီး စစ်ကြည့်မိတယ်။ ငါ ဘာတွေ ကြိုက်သလဲ။ “ မသိဘူးလေ ” တဲ့ အထဲက ပြန်ပြောတယ် ကောင်းရော။

ဟာ . .ဒါဆို ငါ သူ့နေရာမှာ တုန်းက သူ့ရေးထားတာ ဖတ်ပြီး ဘယ်လို ခံစားရသလဲ ဆိုပြီး ပြန်စဉ်းစားတော့ သူ့နေရာမှာ သူ့စာဖတ်ပြီး ငါ ဒီလို ရေးထားတာပဲ ဆိုပြီး ပြန်သတိရတယ်။

1) အိပ်ယာခင်းနဲ့ မအိပ်တတ်... ခါးနာသောကြောင့် ၊ ထို့ကြောင့် ကုတင်ပေါ်မှာ သစ်သားပြားခင်းအိပ်... သို့သော် ... စပရင် ဆိုဖာ (မွေ့ယာ) ဆိုရင်တော့ အိပ်တတ်...
2) ပိုက်ဆံဆိုတာ ရှိထားသင့်....
3) စာအုပ်ကိုတော့ ပြောဖို့ မလို ၊ အရင်က တလ ၇ သောင်းကျော်ဖိုးလောက် ဝယ်လို့ အမြဲ အဆူခံရ...
4) ဒိုင်ယာရီ မရေးဖြစ်တော့ . . သို့သော် မှတ်ချက်ရေးထားသော စာအုပ်များစွာ...
5) သစ်ပင်စိုက်ထားတယ်... စက်ရုံထဲမှာတင်. . ဒီအတွက် ပို့စ်ရေးဦးမှာ..
6) ဂီတ ဆိုတာ လူ့စိတ်ကို နူးညံ့စေတယ်. . ဒါကြောင့်..ကြိုက်စ်...
7) ဂစ်တာကို ဗုံလိုသာတီးတတ်...
8) သံစဉ် ၊ ရုပ်ပုံ ၊ ဗီဒီယို အားလုံး ကွန်ပျူတာဖြင့်သာ ကြည့်ပါတယ်.. ဒါကြောင့် ဒါတွေ (တခြားစက်တွေ) မရှိ...
9) ဒါကြောင့် ကွန်ပျူတာက အိမ်မှာနဲ့ အပြင်သွား ၂ လုံးဖြစ်နေ...
10) RM 99 တန် နိုကီယာ ဖုန်းသာ ကိုင်လာတာ ၂ နှစ်ကျော်... ဒီဖုန်းတောင်မှ ပိုက်ဆံမထည့်လို့ ကဒ်က ခဏခဏ သေနေတယ်... ဟော ပြောရင်းတောင်မှ အခုလည်း သေနေ...

ဘဝမှာ အလိုချင်ဆုံးကတော့ အေးချမ်းသာယာသော မိသားစု ဘဝလေး တစ်ခုရယ်သာ... ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဒီလို သွားရေးမိတာကို ပြန်သတိရမိတယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ငါ ဘာကြိုက်လဲ လို့ တစ်ခါမှ မစဉ်းစားမိလေတော့ ဘယ်လိုမှ ဆက်မပြောတတ်တော့။ ဆက်မပြောတတ်ပေမဲ့ မပြောလို့ မရပေဘူး။ (မရေးရင်လည်း သူက ရှောက်သီးဆေးပြား မရောင်းပဲ စီဘောက်မှာ ခဏခဏ လာအော်သွားတယ်လေး။ သူ Tag ထားတာ မရေးသေးလို့တဲ့။) ဒီတော့ အခုမှ ကိုယ့်ဖာသာ ပြန်ပြီး စဉ်းစားကြည့်တယ် . . “ ငါ ဘာကြိုက်လဲ . . ငါ ဘာကြိုက်လဲ။ ” ဒီတော့ ကြိုက်တာတွေရော ၊ မကြိုက်တာတွေက ပလုံစီပဲ ထွက်လာတယ်။

ဒါပေမဲ့. . . ဒါတွေကို ကျွန်တော်က “ ကိုယ့်အကြိုက် ” ဆိုပြီး ကြိုက်တာတွေချည်း မရေးချင်ဘူးဗျာ။ ကျွန်တော် ဟိုဟာသလေးထဲကလို ရောပြီး ရေးချင်တယ်။

“ မိန်းမက အလုပ်က ပြန်လာတဲ့ ယောက်ျားကို တံခါးဝမှာ ကြိုပြီး မျက်နှာမကောင်းပဲ စောင့်နေတာ တွေ့တော့ ယောက်ျားလုပ်သူက အလုပ်က မောပြီး ပြန်လာတာ ဆိုတော့ မကောင်းတဲ့ သတင်းကို အရင် မကြားချင်ဘူး။ ဒါကြောင့်. . .

“ ငါ့ကို မကောင်းတဲ့ သတင်းတွေ အရင် မပြောနဲ့ကွာ။ ကောင်းတာတွေ အရင်ပြောစမ်းပါ။ ”

လို့ မိန်းမကို ဟန့်တယ်။ ဒီတော့ မိန်းမက ပျော်သွားပြီး ဒီလို ပြောလိုက်တယ်။

“ ရှင့်သား သုံးယောက်မှာ ဒီနေ့ နှစ်ယောက်က လက်မကျိုးဘူး။ ”

တဲ့လေ။ ”

ကျွန်တော်လည်း ဒီလိုပဲ ပြောပြချင်တယ်။ ကျွန်တော်ကြိုက်တာတွေချည်းပဲ ရေးမပြချင်ဘူး။ ရွေးစရာ နှစ်ခုပဲ ရှိတာတွေဆို မပေါ်လွင်တာလေးကို တင်ပြရတာကိုက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်တယ်။ ဥပမာ - ခေါင်းနဲ့ ပန်းမှာ ဘယ်ဟာ ကျနေလဲ ဆိုရင် ဘယ်သူမဆို အပေါ်က ဟာကိုပဲ ပြောတတ်တယ် မဟုတ်လား။ ဒီတော့ “ ပန်းက အောက်မှာကွာ ” ဆိုပြီး ပြောတာမျိုးလေးပေါ့။

ဒီလိုလေးပဲ စပြောကြည့်ရအောင်. . . .။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ပထမဦးဆုံး ကျွန်တော့်အကြိုက်က ကျွန်တော့်ကိုယ်ခန္ဓာက ချို့ယွင်းချက် မရှိ အားလုံး ကောင်းမွန်နေတာကိုပဲ။ ဒါ အရေးကြီးပါတယ်။ ကိုယ့်မှာ ရှိနေတာ ၊ ကောင်းနေတာကို လူတွေက မမြင်တတ်ကြဘူး ၊ သူများတော်နေတာ ၊ တတ်နေတာ ၊ ကောင်းနေတာ ကိုပဲ မြင်ပြီး အားကျကာ အားငယ်နေတတ်ကြတယ် မဟုတ်လား၊ ဒီအတွက် ကျွန်တော် “ ချို့ယွင်းချက် မရှိပဲ ကျန်းမာရေးကောင်းနေသော ခန္ဓာကိုယ်ကို ကြိုက်တယ်။ ”

ဒါကြောင့် ကျွန်တော် “ ကျန်းမာနေတာကို ” ကြိုက်တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော် ပိုက်ဆံကို မကိုးကွယ်ပါ။ သို့သော် ကျွန်တော် ပိုက်ဆံကို ကြိုက်နှစ်သက်တယ်။ ဘာလို့လည်း ဆိုတော့ ပိုက်ဆံ မရှိရင် ကျွန်တော်က မနေတတ်သူ တစ်ယောက် ဖြစ်တယ်။ လက်ထဲမှာ ပိုက်ဆံ မရှိရင် အလိုလို အားငယ်သလို ခံစားရတယ်။ သူများတွေ လက်ဖက်ရည် တစ်ခွက်ဖိုးနဲ့ လက်ဖက်ရည်ဆိုင် သွားတတ်ကြပေမဲ့ ကျွန်တော်က အိတ်ထဲ ( မြန်မာငွေ ) X X X X X အောက် လျော့နေရင် ကျွန်တော် မနေတတ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတာ မဟုတ်ပေမဲ့ ငွေမပါပဲ လိုချင်တာ တစ်ခုခု ပေါ်လာလို့ မဝယ်လိုက်နိုင်ပဲ လွဲသွားမှာ စိုးတာက အဓိက ဖြစ်တယ်။

ပိုက်ဆံ ဆိုတာ လိုတာတွေ အားလုံးကို မဖြစ်စေနိုင်ပေမဲ့ အရာများစွာကိုတော့ စိတ်ကျေနပ်အောင် ဖန်တီးပေးနိုင်တယ်။

ဒါကြောင့် ကျွန်တော် သမာသမတ်ကျစွာ  ရလာသော “ ပိုက်ဆံ ” ကို ကြိုက်တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

လိုချင်တာ တစ်ခုခုကို မဝယ်လိုက်နိုင်မှာ စိုးလို့ ဆိုလို့ ကျွန်တော်က ပစ္စည်းတစ်ခုခုကို လွယ်လွယ်နဲ့ ဝယ်တတ်တယ် ထင်နေဦးမယ်။ မဟုတ်ပါ။ ကျွန်တော်က အလွန် ပစ္စည်း ချေးများသောသူ တစ်ယောက် ဖြစ်တယ်။ အဝတ်အစားဝယ်ရင် ကျွန်တော်က ဟိုဟာ ကြည့်လိုက် ဒီဟာ ကြည့်လိုက်နဲ့ တော်တော်ကို အဆင်မပြေ။ ဒီဇိုင်း ၊ အရောင်ကြည့်ပြီးတော့လည်း ၊ ချုပ်ရိုးချုပ်သား ၊ ဒါကို အဆင်ပြေတော့လည်း ကိုယ်နဲ့ Fit ဖြစ်ရဲ့လား။ ဒီလို ကြည့်တာနဲ့ တော်တော်နဲ့ မဝယ်ဖြစ်ဘူး။

ငယ်ငယ်ကဆို မေမေတို့က ကျွန်တော့်အတွက် ဝယ်လာပေးတာတွေကို တမင်လုပ်ငြင်းတာ မဟုတ်ပေမဲ့ ဟိုနားက မကြိုက် ၊ ဒီနားက ဘာဖြစ် ဆိုတာနဲ့တင် နောက်တော့ မဝယ်ပေးတော့ဘူး။ တစ်ခါတစ်လေ ဈေးသွားရင်း ကြုံလို့ “ သား ဒါလေး ဝယ်ပါလား ” ဆိုပြီး ဝယ်ပေးရင်တောင်မှ ချေးများနေတာနဲ့ နောက်ဆုံး ဝယ်ပေးသူ ဒေါသဖြစ်ပြီး မဝယ်ဖြစ်တော့ဘူး။

ဒါကြောင့် “ အဝတ်အစားနဲ့ အသုံးအဆောင် ” တွေကို ကျွန်တော် မကြိုက်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

တခြားတခြားသော အရာများ နည်းတူပဲ ကျွန်တော် ဘယ်အရာကိုမှ သိပ်ပြီး စွဲစွဲလန်းလန်း ကြိုက်မိတတ်သည် မဟုတ်။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ ဟိုးအရင်ကရော အခုရော ၊ အခုရော ၊ နောင်ရော ၊ တစ်သက်လုံးရော ကြိုက်သွားမှာ တစ်ခုတော့ ရှိပါတယ်။ သူက သက်မဲ့ ပစ္စည်းပဲ ဖြစ်တယ်။ ဒါက စာအုပ်တွေပါ။

ကျွန်တော့်ဘဝရဲ့ အချိန်တော်တော်များများက စာအုပ် ( သို့ ) စာတွေ ဖတ်နေရတာနဲ့ ကုန်လွန်နေလေ့ ရှိတယ်။ စာပေဆိုတာ လူတွေ ၊ သတ္တဝါတွေ အားလုံးရဲ့ သမိုင်းလို့လည်း ပြောလို့ ရတယ်။ လူတစ်ယောက် မှားတာကို ကိုယ်က ကိုယ်တိုင် မှားစရာ မလိုပဲ ပညာလိုချင်ရင် လုပ်ရမဲ့ အလုပ်က သူမှားခဲ့တာကို ရေးထားတဲ့ စာလေးကို ဖတ်ပြီး ကိုယ်က သူမှားခဲ့သလို လိုက်မမှားအောင် ပြင်ဆင်လိုက်နိုင်ရင် ကိုယ်က ပညာရလိုက်တာပါပဲ။

အင်တာနက် ဆိုတာရယ် ၊ အီးဘုတ် ဆိုတာရယ်နဲ့ အကျွမ်းမဝင်ခင် အချိန်မှာ ကျွန်တော် စာအုပ်တွေနဲ့ ဝန်းရံနေတဲ့ နေရာ တဝိုက်မှာသာ နေထိုင် အိပ်စက်ဖြစ်ခဲ့တယ်။ အခုတော့ အင်တာနက် ၊ အီးဘုတ် ၊ ဘလော့ ဆိုတော့ ကျွန်တော်မှာ လူတွေရဲ့ အမြင်တွေ ၊ အကြားတွေ ၊ အသိတွေကို ဗဟုသုတ အနေနဲ့ ကြားရ ဖတ်ရတယ်။

ဒါကြောင့် “ Blog တွေ ” ကိုလည်း ကြိုက်ပါတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဒါပေမဲ့ တချို့ Blog တွေမှာ Blogger တွေရေးတာကို ကျွန်တော် မကြိုက်ပြန်ဘူး။ သူတို့ရဲ့ စာအရေးအသားကို မကြိုက်တာ မဟုတ်ပေမဲ့ သူတို့ တင်ပြပုံနဲ့ ဖော်ညွှန်းချက်တွေကို မကြိုက်ဘူး။ မြန်မာတွေမှာ ခက်နေတာ သူတစ်လူ ၊ ငါ တစ်မင်း ဖြစ်နေတာပဲ။ ဥပမာ အနေနဲ့ ကြည့်ဦး။ ဂျာနယ်တွေမှာ ရေးကြတယ်။ Real Madrid အသင်းကို ဂျာနယ်ပေါင်းများစွာက “ ရီးရဲ မက်ဒရစ် ” “ ယီးယဲ မက်ဒရစ် ” “ ရီးယဲ မက်ဒရစ် ” တဲ့လေ။ နောက်တော့ လီဗာပူးက Dirk Kuyt ကို ဂျာနယ် တွေမှာ ရေးကြတယ် “ ဒါကုတ် ” “ ကူရစ် ” “ ဒါကောက် ” တဲ့။ တကယ်ဆို သူတို့နိုင်ငံရဲ့ သူတို့ ဘာသာစကားနဲ့ အခေါ်အဝေါ်လေးကို လိုက်နားထောင်ပြီး ရေးလိုက်ပေါ့။

အခုတော့ဗျာ။ မြန်မာတွေမှာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ဖြစ်နေတယ်။ အခု ကျွန်တော် မြတ်နိုးနေတဲ့ “ Blog ” ဆိုတာကို ရေးလိုက်ကြတာ တစ်ယောက် တစ်ပေါက် ၊ “ ဘလောက် ” “ ဘလော့ဂ် ” “ ဘလော့ ” “ ဘလုဂ် ” တဲ့။ Comment ဆိုရင်လည်း “ ကွန်မန့် ” “ ကွန်းမန့် ” “ ကော်မန့် ” တဲ့။ ဒါတွေကို ကျွန်တော် မြင်ရင် စိတ်မချမ်းသာဘူး။ ဘာမှ မဟုတ်ပါဘူး ဆိုတဲ့ ဒီလို စာလုံးလေး တစ်လုံးတောင်မှ ငါ ထင် ရေးချင်ရာ ရေးဖြစ်နေကြရင် တခြား  ကိစ္စတွေအတွက် ဘယ်လိုများ သွေးစည်းညီညွှတ် လိမ့်မလဲလို့လည်း တွေးမိတယ်။

ဒါတွေကို ကျွန်တော် မကြိုက်ပါ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

Blog ပေါင်းများစွာ လိုက်ဖတ်တော့ ကျွန်တော် ငယ်ငယ်က အဘွားနှစ်ယောက်ရဲ့ ပုံပြင်စာအုပ်လေးတွေ ဖတ်ပြတာကို သွားသတိရတယ်။ ကျွန်တော့်ငယ်ငယ်က အဖွားနဲ့ အတူတူ အိပ်ရတယ်။ အိပ်ယာဝင်ခါနီးရင် အဖွားက ပုံပြင်တွေ ပြောပြတယ်။ ငါးရာ့ငါးဆယ် ဇာတ်တော်တွေရောပေါ့။ အဖွားလိုပဲ ကျွန်တော့်ကို ပုံပြင်တွေ ၊ ပုံပြင် စာအုပ်တွေ ဖတ်ပြသူက အဖွားအစ်မ ၊ ကျွန်တော်က “ ဖွားလေး ” လို့ ခေါ်တယ်။ ဖွားလေး ပုံပြင်ပြောပြရင် အရမ်းနားထောင်ကောင်းတယ်။ ကျွန်တော့်အဖွား ပုံပြင်ပြောပြရင်တော့ အဓိပ္ပါယ်ကို သိလိုက်တယ် ဆိုတာပဲ ရှိတယ်။ နားထောင်လို့ သိပ်မကောင်း။

ဒီတော့ သူတို့ ဘယ်လိုများ ပုံပြင် ပြောပြပါသလဲ။ ဖွားလေးက ပုံပြင်ပြောပြမယ် ဆိုရင် ပုံပြင်နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကိုပါ အရင်ပြောထားတယ်။ ဒီတော့ ပုံပြင်ကို နားမထောင်ရသေးကတည်းက ပတ်ဝန်းကျင်ကို မျက်လုံးထဲမှာ မြင်ယောင်မိစေတယ်။ နောက်တော့ သူပုံပြင်ပြောပြတယ် ဆိုရင်လည်း မျက်လုံးကြီး အသေ ၊ မျက်နှာအတည် ၊ ခန္ဓာကိုယ် အငြိမ် နဲ့ ပြောတတ်တာ မဟုတ်ပါ။ သူ့မျက်နှာမှာကို ပုံပြင်ရဲ့ ခံစားချက်တွေ ထင်ဟပ်ပြီး ပြောပြတယ်။

ဒီတော့ နားထောင်နေရတဲ့ ကျွန်တော်တို့ကလည်း ဟာခနဲ ၊ ဟင်ခနဲ ပါပဲ။ ဥပမာ သူဖတ်ပြနေတဲ့ ပုံပြင် ရုပ်ပြစာအုပ်လေး ဆိုရင် မင်းသမီးလေးက ငိုတယ် ဆိုပါတော့ သူက ဇာတ်ကြောင်းကို ပြောပြရင်း “ ဒီမှာကြည့် ပုံလေးကို မင်းသမီးလေး မျက်ရည်တွေ ကျနေတယ် တွေ့လား။ ” အဲဒီလိုမျိုး ဇာတ်ကြောင်းထဲပါ ဆွဲခေါ်ပြီး မျောပါသွားအောင် ပြောတတ်သူပါ။ ဒီတော့ ကျွန်တော်တို့လည်း ပါးစပ် အဟောင်းသားနဲ့ပေါ့လေ။

ကျွန်တော့် အဖွား ပုံပြင်ပြောရင်တော့ ဒါက ဒါ. . .၊ ဟိုဟာက ဟိုဟာ. . ၊ ဒါကြောင့် ဒါဖြစ်တယ် ဟိုဟာ မဖြစ်ဘူး ဒါပဲ။ အဲ. . သလိုကြီး။ ကျွန်တော်တို့ စိတ်ထဲ မျက်လုံးထဲမှာ ပုံပေါ်တယ် ဆိုရုံပဲ ရှိတယ်။ တစ်ခါတစ်လေ လာလိုက်သေးတယ်။ “ ဒါပဲ ဆက်စဉ်းစားကြတော့ ” တဲ့။ ပုံပြင်ထဲကို ကျွန်တော်တို့ကို ခေါ်သွားပြီး အထဲမှာ ယောင်လည်လည် ထားခဲ့သလိုပါပဲ။ ဒီတော့ ကျွန်တော်တို့ ဆက်ပြီး ပုံပြင်လေးကို ဘယ်လို ဖြစ်သင့်လဲ ဆိုပြီး ဆက်စဉ်းစားကြရပါတော့တယ်။ ဒါပေမဲ့ ကြီးလာတော့ ဒါက ပိုကောင်းလာခဲ့တယ်။

အခုတော့ ကျွန်တော် လိုက်ဖတ်နေတဲ့ Blog တွေမှာ ဒီလိုနည်း နှစ်မျိုးနဲ့ ရေးထားတဲ့ “ Blogger ” များရဲ့ စာများကို ကျွန်တော် ဖတ်ခွင့်ရခဲ့တယ်။

ကျွန်တော် ဘယ်ဟာကို ပိုကြိုက်မယ် ထင်ပါသလဲ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော် မြန်မာ့ ရုပ်ရှင် သမိုင်း တလျှောက်မှာ အကြိုက်ဆုံး “ ဒါရိုက်တာ ” ကို ပြောပါ ဆိုရင် . . . ကျွန်တော် အကြိုက်ဆုံး ဒါရိုက်တာက “ အကယ်ဒမီ မောင်ဝဏ္ဏ ” ပါပဲ။ ကျွန်တော် ဘာလို့ ကြိုက်တာလဲ ဆိုတော့ အကြောင်းရှိပါတယ်။

ဆရာ မောင်ဝဏ္ဏက ပြောပါတယ်။ အခုခေတ်လူတွေကတဲ့ ဟိုးအရင်က လူတွေထက် နားလည်သဘောပေါက် လက်ခံနိုင်စွမ်း ပိုပြီးတော့ ကောင်းမွန် ထက်မြက်လာပြီ တဲ့။။ ဒါကြောင့် မင်းသား ရန်ကုန်ကနေ မန္တလေးသွားတာကို ဘူတာရုံထဲကို မင်းသား ကားစီးလာရာကနေ မင်းသား ဘူတာထဲ ဝင်တာ ၊ ရထားပေါ်တတ်တာ ၊ ရထားဥသြဆွဲတာ ၊ ဘီးစလှိမ့်တာ ၊ ရထားကြီး ဝေးသွားတာ ဒါတွေကို အကုန်လုံး ရိုက်ပြနေစရာ မလိုတော့ဘူး။

သူတို့ကို မင်းသား မန္တလေးသွားမယ် ဆိုတာကို စကားနဲ့ ရိုက်ပြထား ၊ ပြီးရင် သွားတော့မယ်လို့ တစ်ယောက်ယောက်ကို နှုတ်ဆက်ပြ ၊ ရထားဘူတာ ရုံကို ပြ ၊ ရထားထွက်သွားတာကို ပြ ၊ မန္တလေးဘူတာကိုပြ ၊ ရထား ဝင်လာတာကို ပြ ဒါဆိုရင် လုံလောက်ပြီတဲ့။

ဒါကို ကျွန်တော် အရမ်းကို ကြိုက်နှစ်သက်တယ်ဗျာ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဘာလို့လဲ ဆိုတော့ ကျွန်တော် ငယ်ငယ်က စာပေအရူးအမူး ဝါသနာပါတဲ့ သူငယ်ချင်း ၅ ယောက်နဲ့ ဝတ္ထုစာအုပ်လေး တစ်အုပ်ကို ဖတ်ပြီး အဲဒီအထဲက ကိုယ်ကြိုက်တဲ့ ဇာတ်ကောင် တစ်ခုကို ဆွဲထုတ်ပြခိုင်းတော့ ၅ ယောက် မို့လို့သာပေါ့ဗျာ။ တစ်ယောက်မှ မတူကြဘူး။ ဘယ်လောက်များ လွဲသလဲ ဆိုရင် အထဲမှာ ပါတာက အဓိက ဇာတ်ကောင် ၄ ယောက်ထဲပါ။

ဇာတ်လမ်းကို ဖတ်ပြီး ဝေဖန်နေတာ ၅ ယောက် မဟုတ်လား။ ဒါကြောင့် အနည်းဆုံး နှစ်ယောက်ကတော့ သွားပြီး တူနေရမယ်လို့ အကြမ်းအားဖြင့် မြင်နိုင်တယ်။ ဒါပေမဲ့ တကယ်ကိုပါ တယောက်မှ မတူပဲ ဇာတ်လမ်းကို ဖတ်ပြီး သူတို့ ထင်မြင်ခံစားမိတဲ့ ဇာတ်ရုပ်တွေကို ဆွဲထုတ်လိုက်တာ ၅ ယောက် ဖြစ်သွားတယ်။ အဓိက ဇာတ်ကောင် ၄ ယောက်ထဲပါတာမှာ နောက်ထပ် တစ်ယောက်က ဘယ်က ရောက်လာတာလဲ ဆိုတော့ စာရေးသူ ဆိုတာ သူရဲ့ စာထဲကို နှစ်ဝင်ပြီး ရေးတတ်တယ် မလား။ ဒီအထဲမှာ စာရေးသူရဲ့ စိတ်တွေကို သွားပြီးတော့ မြင်နေရတော့ တာပါပဲ။

အဲဒီလို မြှုပ်နေတဲ့ ၅ ယောက်မြောက်ကို ဖော်ထုတ်ပြီး ကျွန်တော်တို့ နောက်ကျတော့ သူငယ်ချင်းတွေ အချင်းချင်း အပျော် အနေနဲ့ “ ခေါင်းစဉ် ” လေး တစ်ခုကို ရွေးပြီး ကဗျာ ၊ ဝတ္ထု အပြိုင်ရေးခဲ့ကြတယ်။ ကိုယ်ပိုင် အမြင်လေးတွေပေါ့။ ဒါကို အခုခေတ် Blog မှာတော့ “ Tag ” တယ် လို့ ခေါ်မယ် ထင်တယ်။ ဒါပေမဲ့ဗျာ . .မသိသား ဆိုးဝါးလှစွာပဲ အခုတော့ ဟိုလူက ဒီခေါင်းစဉ်နဲ့ Tag တယ်။ ရေးချင်သလို ရေးပါ လို့ ပြောလိုက်တယ်။

ဒါက ကိုယ်ဖန်တီးမဲ့ စာမူကို မိမိ ခံစားမိသလို ရေးပါလို့ ပြောတာပါ။ အခုတော့ဗျာ. . .“ ခေါင်းစဉ်လေး တစ်ခု ” အပေါ်မှာ လူတွေများစွာ ရဲ့ မတူညီတဲ့ အမြင်လေး ရချင်လို့ Tag ဆိုပြီး ရေးပါတယ်။ ခေါင်းစဉ်ကိုပါ ပြောင်းပြီး ရေးတော့တာပဲ။ တကယ်တမ်း အမှန်ဆို ခေါင်းစဉ်ကို တည်ကြက်ယူပြီး အကြောင်းအရာ ၊ အမြင်တွေ ပြောင်းပြီး တင်ပြတာ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ Blogger ရပ်ဝန်းမှာ “ ပေါင်ချိန် ” လည်း မရှိပါ။ ဒါကြောင့် ဘယ်သူ့ဆီမှ လည်း သွားပြီး ဆုံးဖြတ်ခိုင်းလို့ မရပါ။

ဒီလိုတွေ ဖြစ်နေတာကို ကျွန်တော် “ မကြိုက်ပါ။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

နောက်ဆုံး တစ်ခုက . . . ကျွန်တော် ရင်ထဲမှာ တစ်ခါတစ်လေ ဆို့သွားစေတဲ့ စာလေးတွေကို ဖတ်ခွင့်ရတယ်။ ကောင်းလိုက်တာဆိုပြီး ကိုယ့်ဖာသာ အမြင်လေးနဲ့ အောက်မှာ Comment ပေးမယ် ကြံတော့ ထိုစာရေးသူက သူရေးတဲ့ စာကို သူ့လိုပဲ မြင်စေချင်တယ် ထင်ပါတယ်။ အောက်နေ အဆုံးသတ် မှတ်ချက် ( Conclusion (or) Writer Suggest Remark) အနေနဲ့ ရေးထားတာတွေ ဖတ်လိုက်ရတယ်။

အထက်ပါ အကြောင်းအရာက ဘယ်သို့ ဘယ်ပုံ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လည်း ဒီလို ထင်မြင် ခံစားကြပါစို့လား. . . . ဘာညာပေါ့ဗျာ။ အဲဒီမှာတင် အထက်က မူရင်း ဘာသာပြန် ၊ ဖန်တီးရေးသားမှု ကြောင့် ရင်ထဲ ဆို့နင့်ပြီး ဖီးလ်တွေ တတ်နေတဲ့ ကျွန်တော် ထောပတ်နဲ့ မုန့်စိမ်းပေါင်း ရောစားလိုက်သလို အီလည်လည် ဖြစ်တော့တာပါပဲဗျာ။ ခုနက ဖီးလ်တတ်နေပြီး ပေးမယ် ဆိုတဲ့ Comment လေးတောင်မှ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။

ဒါ ကျွန်တော့် အဘွား နှစ်ယောက် ပုံပြင် ပြောပြသလိုပါပဲ။ ဖွားလေး ပြောသလိုမျိုး ကလေးငယ်လေးတွေကို ပြောလို့ သင့်တော်ပါတယ်။ အသက်အရွယ် ၊ စဉ်းစားဥာဏ် ဖွံ့ဖြိုးလာတဲ့ သူတွေကိုတော့ ဒီလိုမျိုး လိုက်ပြီး ထင်မြင်ချက်တွေ နိဂုံးချုပ် ချပြပေးနေစရာ မလိုတော့ဘူးလို့ ထင်တယ်။ ကိုယ့်ရဲ့ စာထဲမှာပဲ ကိုယ်ပြောချင် ၊ တင်ပြချင်တာကို အစွမ်းကုန် တင်ပြပြီးရင် လိုရင်း ရောက်ပါပြီ။ ကျွန်တော့်အဖွားလိုမျိုး သူတို့ကို သူတို့ကို ပုံပြင်ထဲမှာ ပစ်ထားလိုက်စမ်းပါ။ သူတို့ဖာသာ ထွက်ပေါက်ကို တွေးတော ယူပါလိမ့်မယ်။

ဆရာမောင်ဝဏ္ဏ ပြောသလိုမျိုး ဒီခေတ်က လူတွေကို အရာရာ လိုက်ပြီး ရှင်းပြ နေစရာ မလိုတော့ပါဘူး။ သူတို့ဖာသာ နားလည်နိုင်မှု ( Understanding Level ) တွေ မြင့်မားကြပါတယ်။ ဒါကို ကိုယ်က သွားပြီး ဝါးဝါးကျွေးနေတော့ ငယ်တုန်းကတော့ ဟုတ်တာပေါ့ဗျာ။ ကြီးတော့မှ ဝါးကျွေးတာကြီးကို ဘယ်သူက စားချင်မလဲ. . ဖွယ်တယ်တယ် နဲ့ရယ်။ သူတို့ဖာသာလည်း ဝါးကြပါစေ ၊ ဝါးလည်း ဝါးစေချင်တယ်။

ဒီလိုတွေ ရေးထားတာကို ကျွန်တော် မကြိုက်ပါ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

သြော်. . . .

ကျွန်တော့်မှာလည်း “ ကိုယ့်အကြိုက် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးလိုက်တာ . . ကိုယ် မကြိုက်တာတွေ တော်တော် ရောက်သွားပါလား။ တကယ်တော့လည်း ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ အဝတ်အစား ၊ အသုံးအဆောင်များ ကလည်း အရေးကြီးပါတယ်။ ဘဝမှာ မိတ်ဆွေတွေ ဆိုတာကလည်း အရေးကြီးပါတယ်။ ဘဝမှာ ဗဟုသုတဆိုတာတွေကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့. . . ဒီလို. . . ဒီလိုတွေ ကြားထဲမှာ တကယ်တမ်း အရေးအကြီးဆုံးနဲ့ ကျွန်တော် အကြိုက်ဆုံးကတော့ တစ်ခုပဲ ရှိပါတယ်။

သူသာ မရှိရင် ကျန်းမာရေးကောင်းသူလည်း ချုံးချုံးကျ သွားပါလိမ့်မယ်။ အဝတ်အစား မက်သူလည်း အဝတ်အစားတွေလည်း မကပ်နိုင် ဖြစ်ပါလိမ့်မယ်။ အသုံးအဆောင် ပစ္စည်းတွေလည်း အလကားဖြစ်ပါလိမ့်မယ်။ မိတ်ဆွေတွေကြားထဲမှာလည်း အခင်အမင်ပျက်ရပါလိမ့်မယ်။ ဗဟုသုတကြွယ်ဝသူတွေလည်း သွက်သွက်ခါအောင် ရူးသွပ်သွားပါလိမ့်မယ်။ ထိပ်တန်းဆိုတဲ့ လူတစ်ယောက်ကိုလည်း နေ့ချင်းညချင်း ဟိုးအောက်ဆုံးကို ရောက်အောင် ဆွဲချသွားပါလိမ့်မယ်။

သူက ဒီလိုကို အစွမ်းထက်ပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် အရမ်းကို နှစ်သက်စွာ ကြိုက်မိပါတယ်။

ဒါကတော့ . . .“ အတင်းအကြပ် လုပ်ယူထားခြင်း ၊ အားနာလိုက်လျောမှုကင်းခြင်း ၊ အလိုလို သူ့ဖာသာ ပေါက်ဖွားလာခြင်း ” နဲ့ ပြည့်စုံတဲ့ . . . .

“ မေတ္တာတရား ” . . . . . . . . . ပါပဲ။

ကျွန်တော့်ဘဝမှာ ချစ်ခြင်းမေတ္တာတရားနဲ့ ပြည့်စုံသော မိသားစုလေး တစ်ခုကို ကျွန်တော် အလိုချင်ဆုံးပါပဲ။

သူ့ကိုတော့ ကျွန်တော် အလွန် ကြိုက်ပါတယ်။

မှတ်ချက်။  ။ ကျွန်တော် အခုချိန်အထိ ကျွန်တော် စပြီး ဘယ်သူ့ကိုမှ မ Tag ရသေးပါ။ သူများတွေ Tag လာတာကိုသာ ထပ်ဆင့် Tag လိုက်တာပါ။ ဒါကြောင့် ဒီပို့စ်မှာတော့ မ Tag တော့ပါဘူး။ ကျွန်တော်လည်း နောက်ထပ် ပို့စ် တစ်ခုလောက် အားလုံးကို Tag ပါရစေ။

ကိုဇော် ခံစားတင်ပြသည်။
15.4.2010 – 7.51 AM
.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မိုး said...

လူတစ်ကိုယ်အကြိုက်တစ်မျိုးလို့ဆိုကြတယ်မဟုတ်လားဗျ။ ဒါပေမယ့် ကိုဇော်ရေးထားတဲ့ အကြောင်းအရာနဲ့ တင်ပြချက်ကိုတော့ ကြိုက်တယ်။ ကြိုက်တယ်ဆိုတာက စာဖတ်သူရဲ့စဉ်းစားတွေးခေါ်မှုကို ဘောင်ခတ်ထားတဲ့ အရေးအသားတွေကို ကျွန်တော်မကြိုက်ဘူး။ စာတစ်ပုဒ်ကို လူ တစ်ရာဖတ်ရင် အမြင် ၇၀ လောက်ပေါ်ထွက်လာတာမျိုးတွေကို ပြန်ကြားချင်တယ်။ လူတိုင်း လွတ်လပ်စွာနဲ့ မြင့်မားစွာတွေးခေါ်တတ်မှုကို ရှင်သန်စေချင်တယ်။ သို့သော်လည်း တစ်ချို့က၀ါးကြွေးနေတာတောင် မကောင်းဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘယ်တော့မှ ၀ါးကြွေးမှာမဟုတ်ဘူး။ ပွဲဆူတယ်ဆိုတာ ခင်ဗျားရဲ့အမြင်ကို သူတို့အမြင်နဲ့အတင်းဆွဲညှိချင်တဲ့အခါမျိုးမှာ ဖြစ်ပေါ်လာလေ့ရှိတယ်။ ဒါကြောင့် မစိုးရိမ်ပါနဲ့။ ခင်ဗျားကသာ ကိုယ့်ယုံကြည်ချက်မှာ မားမားမတ်မတ်ရပ်နေပြီဆိုရင်ပေါ့ဗျာ။
မှတ်ချက်။ (မောင်မိုး အရက်မသောက်ရသေးပါ။):D:)

KO GYI said...

ဦးဇော်

Tag ထားတာလေးကို ပြန်ရှင်းထားတာလေးကို နှစ်သက်၏။
တစ်ခုတော့ ပြောအုံးမယ်.....
ရန်ကုန်ရောက်ရင် ကျနော်တို့ ရွာနားမှာ လာနေဗျ။
ဒါမှဦးဇော်နဲ့ ဖြစ်မှာ။ ကျနော်လည်း အဖော်ရအောင်လို့ပါ။

ပြောပေးပါ... ဦးဇော်ရေ
ကိုဏီလင်းညိုဆိုတဲ့ သူကို
သူ့မှာရှိတာတွေကို ကျနော်ကြိုက်တယ်
ပေးမလားလို့ :)
ပေးချင်လို့ပဲ သူစာမျက်နှာပေါ်တင်ထားတာနေမှာပေါ့နော် :)

SHWE ZIN U said...

ကိုဇော်ရေ

ပို့စ်လေး ဖတ်သွားတယ်..ရေးထားတဲ့ အမြင်လေးတွေ ကို ကြိုက်တယ်..

ကျနော်လည်း ဘောင်ခတ်တာကို မုန်းတယ်..

ဘာသာခြား အသံထွက် တွေကို မြန်မာ လို ပြန်ရေးတဲ့ အခါမှာ တယောက် နဲ့ တယောက် တော့ တူချင်မှတူနိုင်ပါလိမ့်မယ် ဒါပေမဲ့ အဲဒီအတွက် နဲ့တော့ သွေးစည်းညီညွတ်မှု့ မရှိဘူးလို့ ပြောလို့ မရပါဘူးထင်တယ်..

ကျနော်တို့ မြန်မာတွေ မအ ပါဘူး အကောင်းဆုံး သွေးစည်းပြခဲ့ ပြီလေ.. ၈၀% ကျော်နဲ့ထင်တယ်...

ကိုဇော် ဘာကို Tag မှာလည်း ဆိုတာ စောင့်ကြည့်နေတယ်နော်

ခင်တဲ့
ရွှေစင်
(နှစ်သစ်မှာ မင်္ဂလာ အပေါင်း ခညောင်းပါစေ)

~ဏီလင်းညို~ said...

ကိုဇော်ရေ....
တစ်ကယ့်ကို လူတစ်ကိုယ်အကြိုက်တစ်မျိုးပါပဲ......။
အကြိုက်တွေဖတ်ရင်းမကြိုက်တာတွေရောနေလို့ ဘာကိုသူကြိုက်လဲ.... မကြိုက်လဲလို့ ပြန်ပြန်ဖတ်နေရတယ်...))
တစ်ခုတော့ပြောချင်တယ်...။
မကြိုက်တာလေးတစ်ခုကိုပေါ့ဗျာ...။
conclusion ဆိုတာလေးကိုပါ...။
တချို့တွေကတော့ စာဖတ်တဲ့သူတွေကို စေတနာနဲ့ပိုမြင်သာအောင်ထောက်ပြချင်လို့ သူ့ရဲ့ကောက်ချက်လေးကိုထည့်ရေးတာလို့ ကျွန်တော်တော့ထင်တယ်လေ...။
ကိုယ့်ဖက်ကတွေးတိုင်း ၁၀၀% နှုန်းမှမှန်နိုင်တာ ဟုတ်တယ်ဟုတ်...။ သူ့စေတနာ တစ်ချို့တစ်ဝက်လည်း ပါချင်ပါနေမှာပေါ့...။ ဆရာကြီးလုပ်ချင်တဲ့လေသံလား....၊ စေတနာနဲ့ ပိုမြင်စေချင်လို့ ထုတ်ပြောထားသလားဆိုတာ ဖတ်ကြည့်ရင်သိနိုင်ပါတယ်....။
ဘာပဲဖြစ်ဖြစ် စာတစ်ပုဒ်ကိုရေးပြီ၊ ဘာသာပြန်ပြီဆိုကတည်းက အဲ့ဒီစာရေးသူမှာ စာဖတ်သူကို စေတနာအနည်းနဲ့ အများတော့ ထားမိကြမှာပါပဲလေ....။ စဉ်းစားမိတာလေးပါ...။
understanding level ဆိုတာကို တော့ ကျွန်တော်နားလည်မိသလောက်ပြောရရင် တစ်ယောက်နဲ့ တစ်ဦးလုံးဝမညီမျှနိုင်ဘူးလေဗျာ...။ တစ်ကယ်တော့ တချို့တွေက တစ်ကယ့်ကို တည့်တည့်ပြောမှသိတတ်ကြတာမျိုးပါ...။ ကိုယ့်ပတ်ဝန်းကျင်မှာ ရင်းနှီးထိတွေ့ဆက်ဆံနေရတဲ့ အလုပ်တူ၊ နေရာတူတဲ့လူမျိုးတောင် နားလည်နိုင်စွမ်းက အနည်းနဲ့အများကွာတတ်သေးတာပါပဲလေဗျာ....။ အဲ့ဒါကြောင့် တချို့ရှင်းပြမှုတွေဟာ... လူတချို့အတွက် တစ်ကယ့်ကို လိုအပ်ပါတယ်...။ ပြီးတော့ စာဖတ်သူဆိုတာကလည်း...အရွယ်စုံပဲလေ...။ ကိုဇော်တို့လို အတွေးအခေါ်ကောင်းတဲ့ သူမျိုးအတွက်ရှင်းပြမှု၊ ကောက်ချက်ဆွဲပြမှုဆိုတာ မလိုအပ်လောက်တော့ပေမယ့် အခုမှ စာစဖတ်ကာစ လူငယ်လေးတွေအတွက်ကတော့ ရှင်းပြမှုက အနည်းနဲ့အများလိုအပ်နေဦးမှာပါ...။ တက်ဂ်ပို့စ်ကို ရေးပေးတဲ့အတွက် ကျေးဇူးဗျာ.....။
ကျွန်တော်တော့ ခင်ဗျားရဲ့တက်ဂ်ကို ကြာဦးမယ်ထင်တယ်....ဟီးးးးး
လက်တစ်ကမ်းမှာရှိတဲ့ အရာတွေထဲက ကိုယ်နဲ့အနီးစပ်ဆုံး စိတ်ချမ်းသာမှုပေးနိုင်မယ့် အရာလေးတွေကို နှစ်သစ်မှာရှာဖွေတွေ့ရှိလာပါစေဗျား...
ဆုတောင်းပေးသွားပါတယ်....။
ခင်မင်တဲ့
ဏီလင်းညို

thu thu win said...

အကိုဇော် အလိုချင်ဆုံးဘဝလေး ကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ညလေးဆုတောင်းပေးပါတယ်။

အဖြူရောင်နတ်သမီး said...

ကိုဇော်ရေးထားတဲ့စာတွေရော....အပေါ်က ရေးထားကြတဲ့ Comment တွေပါ ဖတ်ပြီး ပြန်သွားပါသည်။ ရွှင်လန်းချမ်းမြေ့ပါစေရှင်..။

Bo said...

I don't listen songs today. Before
I listen every day.
very sorry
so sad.

မြစ်ကျိုးအင်း said...

ဘလော့ပဲရေးရေး ဘလောဂ်ပဲရေးရေး ကော်မန့်ဖြစ်ဖြစ် ကွန်မန့်ဖြစ်ဖြစ် အရေးမကြီးပါဘူး။ သွေးရင်းသားရင်း မောင်နှမချင်းတောင် ညှိနှိုင်းဖို့ မလွယ်ပါဘူး။ ပြီးတော့ ဒါတွေက သာမညတွေပါ အဓိကက ဘယ်လိုပဲ ခေါ်ခေါ်ပါလေ ရေးတဲ့စာ ဖတ်ကောင်းဖို့ ရသတစ်ခုခုရစေဖို့ အသိအမြင်တခုခုတိုးစေဖို့ ရည်ရွယ်ပြီး ရေးဖို့သာ အဓိကပါ။
စာကောင်းတစ်ပုဒ်က အထားခံတယ် တဲ့။
ဘယ်အချိန်ပြန်ဖတ်ဖတ် ကိုယ်ကိုယ်တိုင်တောင် မကြိုက်နိင်တဲ့ စာမျိုး မရေးတာ ပိုကောင်းတာပါပဲ။
ဘလောဂ်(blog) ကို ခံယူထားပုံ နှစ်မျိုး ရှိတယ်ဗျ တခုက အိမ်တဲ့ ကိုယ့်အိမ်လေးလို သဘောထားတယ်။ နောက်တစ်ခုက ပြတိုက် တဲ့။ ပြတိုက်လေးတစ်ခုလို တန်ဖိုးရှိတာလေး တွေပဲ တင်ချင်တာမျိုးပေါ့။ ပြတိုက်ဆိုရင် ခလုတ်တိုက်လို့ မှောက်ရက်လဲတာမျိုး ရေးမတင်ဘူး။ ဒီနေ့စားတာ ဘာဟင်းဆိုပြီး ရေးမတင်ဘူး။ အိမ်ပဲ ဖြစ်ဖြစ် ပြတိုက်ပဲ ဖြစ်ဖြစ် သပ်သပ်ရပ်ရပ်ရှိဖို့ အဓိကပါပဲ။
ကိုယ်နဲ့ အမြင်မတူလည်း လေးစားပေး နိင်ရမှာပါပဲ။
အမြင်မတူတာတွေ ရှိပေမယ့် ကိုဇော့် အကြိုက်ကို သေသေချာချာ ဖတ်သွားပါတယ်။

(လူတိုင်းကလည်း ကိုယ့်လောက်အတွေးမျိုး ရှိမယ်လို့ ထင်ထားလို့တော့ မရဘူးဗျ တချို့က အရိပ်ပြရင် အကောင်မြင်တယ်
တချို့ကတော့ အကောင်လိုက်ပြမှ အကောင်မြင်တတ်တယ်လေ။)

အရိပ်ပြနေပေမယ့် သူအောင်မြင်နေရင် သူရွေးထားတဲ့ လမ်းက မှန်နေသေးတယ်လို့ တွက်ရမှာပါပဲ။

နောက်တစ်ခုက လိုက်လျောညီထွေစိတ် ဆိုတာ အရေးကြီးတယ်။ အောက်မှာ စာရေးသူရဲ့ မှတ်ချက်လေးတွေ ထည့်ထားတဲ့ ဘလောဂ်(blog) တွေ ဖတ်ဖူးပါတယ်။ အကြိမ်ကြိမ်ဖတ်ဖြစ်တဲ့ အခါမှာ စာရေးသူရဲ့ စိတ်နေစိတ်ထားကို သိလာတယ် ။ သူကတော့ ဒီလို မှတ်ချက်လေးတွေ ရေးမှာပဲ ဆိုတာ သိလာတော့ ကိုယ်က စာဖတ်ရင် အောက်ဆုံး အပိုဒ်ကို ကျော်ဖတ်လိုက်တယ်။
ဒါကို အခြေအနေပေါ်မှာ လိုက်လျောညီထွေ နေတဲ့စိတ်လို့ ခေါ်မယ်နဲ့တူတယ်။
ဒီစိတ်လေးနဲ့သာ အဲဒီစာတွေ သွားဖတ်ပါဗျာ ဖတ်ရင်းရထားတဲ့ ရသလေး မပျောက် သွားပါဘူး။

မိုဟာမက်ဆီ တောင်က မလာရင် တောင်ဆီကို မိုဟာမက်က သွားမယ် ဆိုတဲ့ စကားပုံလေးလိုပေါ့
သူက မှတ်ချက်ရေးတာ မပြင်နိင်ရင် ကိုယ်က အဲဒီမှတ်ချက် ကျော်ဖတ်လိုက်ရတာ ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုပဲ ကျော်ဖတ် နေကြမို့လို့ပါ။

ပွားရင်းနဲ့ စာက ရှည်သွားတယ်ဗျး)

မြစ်ကျိုးအင်း said...

ကိုဇော်နဲ့ လိုက်လျောညီထွေရှိအောင် စာထဲမှာ
ဘလောဂ် လို့ရေးတိုင်း ဘေးမှ (blog) လို့ ထည့်ပေးလိုက်တယ်။ ဒါဆို အိုကေရောပေါ့။

အမည်မဲ့ said...

ဟဟဟ...ငွေကြိုက်တာနဲ့ ပျော်ရွှင်သောမိသားစုဘဝလိုချင်တာတော့
တူနေပြန်ပြီ။ ဦးဇော်ကြီးနဲ့ မတူချင်ပါဘူး။

ဇီဝက (ဆေး-၂) said...

English စာကို မြန်မာလိုမွေးစားတာ ကြိုက်သလို မွေးစားခွင့်ရှိပါတယ်။ မတူတာက သဘာဝကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကို ဒီလိုရေးရမယ်ဆိုတဲ့ ကန့်သတ်ချက်မှ မရှိတာ။ ရေးချင်သလိုသာရေး။ အဲဒါကို မတူလို့ဆိုပြီး အပြစ် မြင်နေရင် ခေတ်နောက်ပြန်စွဲသလို ဖြစ်နေမှာပေါ့။ သွေးစည်းညီညွတ်တယ်ဆိုတာက အားလုံးဆန္ဒတူတာကို ပြောတာမဟုတ်ဘူး။ မတူညီတာတွေကို အကောင်းဆုံး အဆင်ပြေဆုံးဖြစ်အောင် ညှိပြီး ပူးပေါင်းဆောင်ရွက်တာကို ပြောတာလေ။ ဆရာမောင်ဝဏ္ဏ ပြောတာက လုံးဝမှားတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့ခေတ်လူငယ်တွေက အရိပ်ပြတောင် အကောင်မြင်ချင်တာ မဟုတ်ဘူး။ မယုံရင် တိုင်းပြည်မှာ ကျောင်းစာအတော်ဆုံးလို့ ပြောကြတဲ့ ဆေးကျောင်းသားတွေကို interview ကြည့်ပါ။ ကျူရှင်မယူဘဲ ကိုယ်ဘာသာကို နားလည်အောင် စာဖတ်တာ ဘယ်နှစ်ယောက် ရှိသလဲလို့။ မဟုတ်တဲ့နေရာတွေမှာ understanding level မြင့်ကောင်းမြင့်မယ်။ အသိပညာ အတတ်ပညာမှာတော့ အတော်နိမ့်ပါသေးတယ်။ အကုန်လုံးကို မပြောပါဘူး။ ၉၈ ရာခိုင်နှုန်းလောက်ကို ပြောတာ။

စာရေးသူတစ်ယောက်အနေနဲ့လည်း သူကိုယ်တိုင်ရေးသည်ဖြစ်စေ ဘာသာပြန်သည်ဖြစ်စေ explanation တစ်ခုလောက်တော့အ ဆုံးသတ်မှာ ရေးချင်ရေးမှာပဲလေ။ လူတိုင်းအတွက်ဖြစ်ချင်မှ ဖြစ်ပေမယ့် လိုတဲ့သူအတွက်ကတော့ အသုံးဝင်မှာပါ။

နေ၀သန် said...

ကိုဇော်ရေ..
ရေးထားတာ တကယ်ကို ဆန်းပြီးတော့ တင်ပြပုံလေး ကောင်းတယ်...။ မွေးစားစကားလုံးကို ယူသုံးတာ တကယ်တမ်းတော့ တစုံတရာစံနှုန်းသတ်မှတ်ပြီး ယူသုံးသင့်တယ်...။ အခုလို သူတစ်မျိုး ငါတစ်မျိုးဖြစ်နေတာဟာ မြန်မာစာပေကို နိမ့်ကျစေတယ်ဆိုတာ သတိပြုမိစေချင်တယ်...။ တရုတ်လို နိုင်ငံမျိုးမှာ စကားလုံးတစ်ခုကို မွေးစားတော့မယ်ဆိုတိုင်း သူတို့မှာ ကောင်စီတစ်ခုရှိတယ်..။ ဒီကောင်စီက ဥပမာ- အိုဘားမား ဆိုတာကို ဘယ်စကားလုံးတွေနဲ့ ရေးမလဲပေါ့...။ သူတို့မှာလည်း အို ဆိုတာကို ထွက်နိုင်တဲ့စကားလုံးလည်း အများကြီး.. ဘား ဆိုတာလည်းအများကြီး...။ အဲလိုသာ မသတ်မှတ်ထားရင် ရေးချင်တာရေးကုန်မှာပေါ့...။ ဒီလိုလုပ်တာဟာ စည်းစနစ်ရှိပြီးတော့ မိခင်ဘာသာကိုလည်း တန်ဖိုးတက်စေပါတယ်..။

အရိပ်ပြရင် အကောင်မမြင်ဘူး ဆိုတာ ဘာသာရပ်တစ်ခုကို သင်ကြားတတ်မြောက်မှုနဲ့ တိုင်းတာလို့မရပါဘူး...။ ဆေးကျောင်းမှာသင်တဲ့ ဆေးစာဆိုတာ လွယ်လွယ်နားလည်နိုင်တာမဟုတ်ဘူး..။ ကျူရှင်မယူပဲ နားလည်အောင်ဖတ်တာ ဘယ်နှစ်ယောက်ရှိသလဲလို့ပြောမယ်ဆိုရင် ဒီနေ့ခောတ်လူငယ်တွေရဲ့ မွေးရာပါ အသိဥာဏ်ဟာ ရှေ့ခောတ်ကလူတွေထက် မြင့်မားတယ်ဆိုတာကိုတော့ ဆရာဇီဝက လက်ခံစေချင်တယ်...။ အသိပညာ အတတ်ပညာနိမ့်နေတယ်ဆိုတာက ဟိုးအရင်က အခြေခံပညာရေးနဲ့ ဒီခောတ်အခြေခံပညာရေး ဆီနဲ့ရေလိုကွာတယ်ဆိုတာကိုလည်း သဘောပေါက်စေချင်တယ်...။

ခင်မင်တဲ့
နေ၀သန်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.