မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 April 2010

3 ကျွန်တော့်ရပ်ဝန်းမှာ . . .





အခု တလော ကျွန်တော် ရပ်ဝန်းမှာ ပြဿနာတွေနဲ့ ကိစ္စတွေ တော်တော်ပွား သွားတယ်။ ဒါကြောင့် ကျွန်တော်လည်း အလုပ်တွေများပြီး တော်တော်ခါးသွားတယ်။ 

ပထမဦးဆုံး စဖြစ်တာ စက်ရုံရုံးခန်းကို ခေါင်မိုးကနေ တတ်ဖောက်သွားတာပဲ။ ဘေးအောက်က စတိုထဲမှာ အားလုံး အလုပ်လုပ်နေကြတယ် ဆိုပေမဲ့ ခိုးတဲ့ သူက ရုံးခန်းနောက်ဖက်က အုတ်တံတိုင်းကနေ တွယ်တတ်ပြီး ရုံးခန်းခေါင်းမိုးကနေ ဖောက်ဝင် ၊ မျက်နှာကျက်ကိုထပ် ဖောက်ပြီး ဝင်သွားတာပဲ။ အလွန်ကျွမ်းကျင်တဲ့ သူခိုးဆိုတော့ တပ်ထားတဲ့ Alarm တွေကို ပိတ်ပြီး ဝင်သွားတယ်။ သူ မပိတ်လိုက်နိုင်တာက CCTV တွေ။ ဒါကြောင့် ရုပ်ပုံတွေကို မြင်ရပါတယ်။ ထပ်ခက်နေတာ မှောင်နဲ့ မည်းမည်း ကုလား မီးသွေးနဲ့ သွားတိုက်ထားသလို ဖြစ်နေတယ်။ ဘာမှ မမြင်ရ။

ဖြစ်ချင်တော့ မနက် မိုးလင်းခါနီး ၆ နာရီလောက်မှာမှ Alarm တွေက ရုတ်တရက် ထမြည်တယ်။ ဖြစ်ချင်ပြန်တော့ ဒီအချိန်က အပြင်မှာ မိုးတွေက တဝုန်းဝုန်း အသံပေးပြီး စွေလို့။ အလုပ်ထဲက စူပါတွေရော ၊ ကျွန်တော်ရော ၊ ကျန်တဲ့ သူတွေရော စက်ရုံကို ပတ်ကြည့်တာပဲ ၊ ဘာမှ မတွေ့။ မိုးရွာလို့ မိုးကြိုးတွေ ပစ်ရင် ဒီ Alarm ကလည်း ဖောက်ပြီး ထမြည်တတ်တော့ သိပ်လည်း ဂရုမစိုက်ဘူးဘူးပေါ့။  ဂရုမစိုက်မိပေမဲ့ Alarm ကတော့ သူ့တာဝန်ကို ကျေပွန်စွာ မရပ်မနား ငယ်သံပါအောင် အော်ပါလေရော။

မနက်မိုးလင်းလို့ နေ့ဆိုင်းသမားတွေ လာတဲ့ အထိ Alarm လေးက သီချင်းဆိုလို့ ကောင်းတုန်း . .အဲ. . ငယ်သံတော့ ပါနေပြီ ပြာလို့။ သူဌေး ရောက်လာပြီး ရုံးခန်းကို ဖွင့်တော့မှ အံဆွဲမှန်သမျှ ဖွင့်ပြီး ရှာထားတာ တွေ့တယ်။ ညက ရှာထားတာကို သူတို့တွေ့တာ မဆန်းပါ။ ဆန်းတာက ကျွန်တော်တို့ ညဆိုင်းသမားတွေကိုပါ သူဌေးက ခေါ်တွေ့တာပါပဲ။ 

* ဘယ်လို ဖြစ်တာလဲ။
* ဘာကြောင့် မကြားကြတာလဲ။
* ဘာတွေ လုပ်နေကြလဲ။
* ဘာ. . . .

ဒီလို ဘာပေါင်းများစွာနဲ့ အားလုံးကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ မကြားလိုက်ကြတာလည်း ပါသလို ခေါင်းမိုးကို တွယ်တတ်ပြီးမှ ဖောက်သွားတာ ဆိုတော့ မသိလိုက်ကြသလို ၊ မထင်လိုက်ကြဘူးပေါ့။ 

* ဘယ်သူမှာ တာဝန် ရှိလဲ။ 

လို့ မေးလည်း မေးလိုက်ရော နဂိုကတည်းကမှ တိတ်နေတဲ့ လူတွေဆီက အသံ မထွက်တော့ဘူး။ ဘယ်သူမှာ တာဝန် ရှိရမှာလဲ။ အားလုံးမှာလည်း တာဝန် ရှိတာပါပဲ။ အသံက မထွက်လေ သူဌေး ညီအစ်ကိုတွေကလည်း စိတ်တွေ တိုလာတယ် ထင်ပါတယ်။ အသံတွေ ပိုကျယ်လာတယ်။ တရုတ်စူပါတွေလည်း ငြိမ်လို့။

တကယ်တော့ ကျွန်တော်က ရုံးခန်းနဲ့ အနီးဆုံးမှာ လုပ်နေရတာ ဆိုတော့ ကျွန်တော့်မှာ တာဝန် အရှိဆုံးလို ဖြစ်နေတယ်။ ဒီလိုပဲလည်း ကျွန်တော် ခံစားရတယ်။ ဒါကြောင့် . . .

“ ငါ့မှာ တာဝန် အရှိဆုံးပဲ ။ ဘာလို့လဲ ဆိုတော့ ငါက ဒီရုံးခန်းနဲ့ အနီးဆုံး မှာ အလုပ်လုပ်နေတာလေ။ ဒါပေမဲ့ သေချာတာက ဘာမှ မကြားလို့ ဘယ်သူ့မှ မသိလိုက်တာ။ ဒါပေမဲ့ ထားတော့။ တာဝန် အရှိဆုံးက ငါပဲ။  ”

ကျွန်တော်လည်း တင်းတင်း ရွတ်ရွတ် နဲ့ ပြောလိုက်တော့ ဒေါသတွေ ၊ ကြောက်ရွံမှု တွေနဲ့ လူတွေ အံ့သြစရာ ကောင်းလောက်အောင်ကို ငြိမ်သွားတယ်။ သူဌေးညီအစ်ကိုတွေကလည်း ဘာမှ ဆက်မပြောတော့ဘူး။ ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော်လည်း ပြဿနာတတ်လည်း ပြန်ကွာ ဘာဖြစ်လဲ ဆိုပြီး ဆော်ထည့်လိုက်တာ။ အခုတော့ ဘာမှန်း မသိပဲ ငြိမ်သွားတယ်။

ဒါနဲ့ပဲ ခုနက ကြီးကြီးကျယ်ကျယ် အော်ဟစ် ပြောဆိုနေတာတွေ ငြိမ်သွားပြီး ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်။ ဒါကြောင့် အခန်း ပြန်ရောက်တော့ ကျွန်တော်လည်း အခု လုပ်နေတဲ့ နေရာမှာ အစားထိုး လုပ်ဖို့ တရုတ်မ အသစ် ရောက်နေတော့  အလုပ်ပြောင်းဖို့ နဲ့ တစ်ခုခု ထူးခြားမယ် အောက့်မေ့လို့ ပို့စ်တောင်မှ တင်လိုက်သေးတယ်။ 

နောက်နေ့ကျတော့ သူဌေးက လှမ်းခေါ်တယ်။ စက်ရုံနဲ့ ပတ်ဝန်းကျင် လုံခြုံရေးအတွက် လိုတာတွေ စူပါတစ်ယောက်နဲ့ ကျွန်တော့်ကို မေးတာ . . .။ ဒါနဲ့ပဲ ကျွန်တော်တို့ သူခိုးဝင်နိုင်တဲ့ အပေါက်တွေ မှန်သမျှ အလုပ်သမားတွေ ခေါ်ပြီး လိုက်ပိတ် လုပ်နေရတယ်။ နောက်တော့ CCTV ၁၅ လုံး ထပ်တပ်လိုက်တယ်။ Alarm ကိုလည်း လေဆာတွေရော ၊ ထိတိုက် ခလုတ်တွေရော စုံအောင် တပ်လိုက်တယ်။ ဒါတွေပြီးမှာ ကျွန်တော် သူဌေးကို တစ်ခုတော့ မေးလိုက်တယ်။

“ အခု သူခိုးဝင်ဖောက်သွားတာ ဘာတွေ ပါသွားလဲ။ ”

သူဌေး မျက်ဝန်းထဲက အရိပ်အယောင် တချို့ကို မြင်လိုက်ရတယ်။ နောက်မှ ပြုံးလာပြီး ပြောတယ်။

“ ကွန်တိန်နာ လာရင် မှတ်တမ်းတင်တဲ့ ကင်မရာ နဲ့ စားပွဲတင် နာရီ တစ်လုံး။ ”

“ ဘယ်လို. . .တခြားရော ။ ”

ဒီတော့မှ သူဌေးက သေချာ ပြုံးပြီး . . 

“ ဟုတ်တယ်။ ဒါပဲ တခြားဟာတွေ မယူဘူး။ ဒါပဲ ယူသွားတယ်။ ”

သူခိုးစပြီး ဝင်တဲ့ အခန်းက Meeting Room ၊ အဲဒီအထဲမှာ တင် DELL လက်တော့တွေ ၄ လုံးလောက် ရှိတယ်။ တခြားဟာတွေရော ဒါတွေကို မယူပဲ ကင်မရာ အစုတ်လေးနဲ့ စားပွဲတင် နာရီလေး ဆိုတော့ ဒီသူခိုးက ပိုက်ဆံကိုပဲ အဓိက လာရှာပုံ ရတယ်။ 

တော်တော်တုံးတဲ့ သူခိုး။ ဒီလို ကုမ္ပဏီမှာ ပိုက်ဆံ ရှိမလား ။ အားလုံးက Credit Card နဲ့ Bank To Bank ပဲ အလုပ်လုပ်နေတာကို။ ခက်ပါ့ ဒီကောင်နှယ်။ ဒါကြောင့် အံ့ဆွဲတွေ အကုန်ဖွင့်ပြီး ရှာသွားတာကိုး။ ဒီမှာ ကျွန်တော် တစ်ခု သတိရပြီး မေးလိုက်တယ်။

“ Insurance ( အာမခံ ) က . . .ဘယ်လိုလဲ။ ”

“ အင်း . . သူတို့ဆီက သောင်းနှစ်ထောင် ရလိုက်တယ်။ အခု ဒီပိုက်ဆံတွေနဲ့ ကင်မရာတွေ ၊ Alarm တွေ ထပ်တပ်လိုက်တာလေ။ ”

သြ. . .ဒါကြောင့်မို့ လုပ်လှချည့်လား အောင့်မေ့နေပါတယ်။ သူက အာမခံငွေနဲ့ ကစ်နေတာကိုး။ လူဇိုး. . .။ ဒီလိုနဲ့ ကြီးကြီးကျယ်ကျယ် ကိစ္စတစ်ခုက ဘာမှ မဟုတ်ပဲနဲ့ ပြီးသွားခဲ့တယ်။

ဒါကြောင့် အခု တလော စာတွေ ကောင်းကောင်း ကန်းကန်း မရေးဖြစ်တာပါ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ကိစ္စတွေ အားလုံး ငြိမ်းချမ်းလို့ သောကြာနေ့လည်း ရောက်ရော ညဘက် အော်ပရာဇီ ဆိုတာ ဝင်ပါလေရော။ အော်ပရာဇီ ဆိုတာ အထူးစစ်ဆင် ဖမ်းဆီးရေး ဆိုပါတော့ ။ သူက တိုက်ခန်းတွေ ဆီကို ည ၁ နာရီထိုးကြီး ရုတ်တရတ် ဝင်ဖမ်းတယ်။ သူဌေးက တိုက်ခန်းတွေ နေရာမှာ မြန်မာတွေ ၊ ဘင်္ဂလားတွေ ၊ နီပေါတွေ ဆိုပြီး ထားထားတာ ရှိတယ်။ ကျွန်တော်တို့က ဒီဘက် တိုက်မှာ။ 

“ ရဲဟေ့. . .တံခါးဖွင့် ။ ”

ဆိုတော့ ကိုယ့်မြန်မာတွေက အေးဆေးပါပဲ ဖွင့်ပေးလိုက်တယ်။ ရဲ ဆိုမှကိုး။ သူတို့ကလည်း ကိုယ့်တစ်ခန်းတည်း ဖမ်းတာ မဟုတ်ဘူး။ တစ်ထပ်မှာ ၁၅ ခန်းနဲ့ ၁၈ ထပ် ရှိတယ်။ ဒီလောက်များတဲ့ အခန်းတွေမှာ ဘယ်အခန်းက နိုင်ငံခြားသားလည်း ဆိုတာကို စုံစမ်းပြီးမှာ ဝင်ပြီး စစ်တာ။ အားလုံးကို တံခါးဖွင့်ခိုင်းပြီး စစ်တော့ အလုပ်ကပဲ ဘင်္ဂလား နဲ့ နီပေါ တွေ နေတဲ့ အခန်းက တံခါးမဖွင့်ပေးဘူး။ 

“ ငါ သူဌေးကို ဖုန်းဆက် လိုက်ဦးမယ်။ သူဌေးဖွင့်ဆိုမှ ဖွင့်မယ်။ ”

လို့ သွားပြောတယ်။ ငါ က ရဲကွ။ ရဲ ဖွင့်ခိုင်းတာတောင်မှ မဖွင့်ဘူး ဆိုတော့ မင်းက ဘာကောင်လဲ ဆိုပြီး တံခါးတွေကို ရိုက်ဖွင့်တယ်။ သူတို့ကို ပြန်ပြီ ပမာမခန့်တဲ့ အမှုနဲ့ ဆွဲသွားလိုက်တာ အခုဆို ၁၀ ရက်ကျော်ပြီ ပြန်မလွှတ်သေးဘူး။ မြန်မာတွေကျတော့ စစ်ပြီးတော့ ချက်ချင်းပြန်လွှတ်လိုက်တယ်။ ဒါကြောင့် ကျွန်တော်နဲ့ နေ့ဆိုင် တွဲလုပ်နေတဲ့ ဘင်္ဂလားက ပါတော်မူသွားလေတော့ ကျွန်တော့်မှာ အလုပ်ကို ပြတ်အောင် သူ့အလုပ်တွေကိုပါ လုပ်ပေးနေရပြန်တယ်။

အလုပ်မှာလည်း ပါသွားတာ ၈ ယောက်ဆိုတော့ ရုတ်တရက် သူတို့ နေရာတွေကိုပါ အစားထိုးပြီး လုပ်ပေးနေရတော့ အားလုံးလည်း မသက်သာကြပါဘူး။ ရဲစခန်းကို သွားမေးတော့ ဟိုနေ့ ဒီနေ့ ဆိုပြီး ညှစ်နေတယ်။ လူကို ညှစ်တာ မဟုတ်ပါ ၊ ပိုက်ဆံကို ညှစ်နေတာ။ အခုတော့ တစ်ယောက်ကို ၄၀၀ နဲ့ တည့်သွားတာတောင်မှ Passport ကို သေချာအောင် စစ်ဦးမယ် ဆိုပြီး မလွှတ်ပေးသေးဘူး။ ဒါကြောင့် အခု တလော အတွင်းရော အပြင်ရော လိုက်ပြီး ကူပေးနေရတော့  ကျွန်တော် အပါအဝင် ဘယ်သူ့မှ မသက်သာလှ။ ကျွန်တော်ကတော့ အိပ်ရေးပျက်တာ များတာပါ။

ဒါကြောင့် အခု တလော စာတွေ ကောင်းကောင်း ကန်းကန်း မရေးဖြစ်တာပါ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~
  
နေရာ မတူရင် ကွဲသလိုပဲ ( ဟုတ်ပ သူပြောမှလား ) အလုပ် မတူတော့လည်း ကွဲပြန်တာပါပဲ ( လုပ်ပြန်ပြီ . . အဟီး  ) ။ သူများတွေ အလုပ်က လခ ဘယ်နှစ်ရက်နေ့ကျရင် ရတာလဲ ကျွန်တော်လည်း မသိပါ။ ကျွန်တော့်သိတာကတော့ ကျွန်တော်တို့ အလုပ်က ၇ ရက်နေ့ ဆိုရင် လခပေးတယ်။ 

အခု ၇ ရက်နေ့ မတိုင်ခင် သောကြာနေ့ ၇ ရက်နေ့က အလုပ်က ကောင်လေးတစ်ယောက် သူ့အစ်ကို အသည်းအသန် ဖြစ်လို့ ဆိုပြီး ပိုက်ဆံချေးတယ်။ ကျွန်တော်ကလည်း အဲဒီလိုပဲ သူများ ဖြစ်နေရင် မနေတတ်တော့ ချေးလိုက်မိတယ်။ လခထုတ်ရင် ပြန်ပေးမယ်ပေါ့။

၇ ရက်နေ့က ဗုဒ္ဓဟူးနေ့ ၊ အင်္ဂါနေ့ကတည်းက ဒီကောင်လေးကို မတွေ့တော့ဘူး။ ဗုဒ္ဓဟူးနေ့ အလုပ်က ပြန်လာတော့ အိမ်မှာ ရှိနေတဲ့ သူငယ်ချင်းတွေကို မေးလိုက်တော့ ထွက်ပြေးပြီတဲ့။ ကျွန်တော် “ ဟာ ” ခနဲ ဖြစ်သွားတယ်။ ကျွန်တော့် ပိုက်ဆံတွေ ပါသွားလို့ ဆိုတာထက် အခု မလေးရှားမှာ အထူးစစ်ဆင်ရေးနဲ့ ဖမ်းနေပါတယ် ဆိုမှ ပြေးရတယ် လို့ ဆိုပြီး သူ့ကို စိတ်ပူသွားမိတာ။ 

ပါမစ်တွေ Passport တွေ ရှိနေတဲ့ ကောင်တွေတောင်မှ တံခါးမဖွင့်လို့ ပမာမခန့်တဲ့ အမှုလေးနဲ့ ၁၅ ရက် အချုပ်ခံ နေရာတာ။ ပြီးတော့ ဒီကောင်လေးကလည်း စကားကလည်း ဘာမှ တတ်တာ မဟုတ်ဘူး။ အမှန်က အပြင်မှာ ဘယ်လောက် ရတယ် ၊ ဘယ်လို ပိုရတယ် ဆိုတဲ့ ပွဲစားတွေ စကားကို နားယောင်ပြီး ပြေးကြတာ။ ပြေးလို့ “ အို ” ဖြစ်သွားပြီ ဆိုရင် အလုပ်ရဖို့က ပွဲစားကိုပဲ အားကိုးရတာ ဖြစ်သွားပြီ။ ကိုယ်က တစ်ခုခု ကျွမ်းကျင်တယ်။ စကားလည်း ကောင်းကောင်းတတ်တယ် ဆိုရင်တော့ ကိုယ့်ဖာသာ အလုပ်ရှာလို့ ရတယ်။

ဒီတော့ သူဌေးက ခေါ်ပြီး ပြောရှာပါတယ်။ 

“ မင်း ကောင်လေးကို စုံစမ်းပြီး ပြောလိုက်။ ငါ ချက်ချင်း လ-ဝ-က နဲ့ ရဲစခန်း မအပ်သေးဘူး။ တစ်ပတ်စောင့်ပေးမယ်။ တစ်ပတ်ကျော်ရင်တော့ အပ်တော့မယ်။ ”

တဲ့။ ဒီတော့ ကျွန်တော့်မှာ ကိုယ့်ပိုက်ဆံတွေ ပါသွားတာကလည်း တစ်ကြောင်းပေါ့။ သူ့ကို လိုက်ပြီး စုံစမ်း ဖုန်းဆက်နေရတာနဲ့တင် တစ်နေ့နေ့ ပိုပြီး အလုပ်က ရှုပ်ရပြန်ရော။ အလုပ်မှာ လူနည်းနေတဲ့ အခါမို့ အလုပ်ပိုများပါတယ် ဆိုမှ လူမှုရေးတွေကပါ ရှုပ်နေတော့ စာကို ကောင်းကောင်း ရေးလို့ မရဘူး ဖြစ်နေတာ။ မွေးနေ့နားနီးမှ မွှေလိုက်တဲ့ ဂြိုလ်တွေ ၊ ဂြိုလ်ကောင်လေးတွေဗျာ . .။ (သူလုပ်တာနဲ့ မွေးနေ့အမှတ်တရ ဝယ်မယ် ဆိုတဲ့ နာရီ ဝယ်ဖို့ ပိုက်ဆံလေးပါ ပါသွားတယ်။) ဒီလို လူမှုရေးတွေကလည်း ရှုပ်နေလို့ဗျာ။

ဒါကြောင့် အခု တလော စာတွေ ကောင်းကောင်း ကန်းကန်း မရေးဖြစ်တာပါ။

အခုတော့ဗျာ . . . . ကျွန်တော့်မှာ လာ Tag ထားတာတွေကိုတောင်မှ မသိဘူး ဖြစ်နေတယ်။ မနေ့ကဆိုလည်း ရေးလိုက် ၊ ထလိုက် ၊ အိပ်လိုက်နဲ့ ဘာမှ ကောင်းကောင်း မဖြစ်လာဘူး။ ၁၁ ရက်နေ့က “ သင်္ကြန်အကြောင်းလေး ရေးပေးပါ ” ဆိုပြီး Tag ထားတာလည်း Last Date ၁၁ ရက်နေ့မှ လာပြောထားမှန်း သိတော့တယ်။ ကမန်းကတန်းတွေချည်းပဲ ရေးနေရတယ်။

အခုတော့ . . ပြန်လည် အေးဆေး လာပြီ မဟုတ်ပေမဲ့ လူနည်းနည်းနဲ့လည်း အသားကျလာပြီ ဆိုတော့ အချိန်အားအားလေး ရရင် စာတွေ ပြန်ရေးပါဦးမယ်။ စာလုံးပေါင်းတွေ မှားရင်လည်း ပြင်သာ ဖတ်လိုက်ကြပါတော့. . :P

ပျော်ရွှင်ပါစေ

လေးစားစွာဖြင့်
ကိုဇော်
.            

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

ကိုရီး{ကိုကြီး} said...

ဩော်.... အပူ... အပူ
အပူ ကိုယ်စီနဲ့ပါလား ကိုဇော်ရေ။

အမည်မဲ့ said...

အဆင်ပြေပါစေရှင်။
စိတ်ကြည်လင်လန်းဆန်းပြီး စာကောင်းလေးတွေရေးနိုင်ပါစေ။

Anonymous said...

ကျေးဇူးပါ။ အစစအရာရာ အဆင်ပြေပါစေ။ ကျနော့် mail က asiadragon117@gmail.com ပါ။ အဆင်ပြေရင်ပို့ပေးပါဦး။