မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 April 2010

8 နှစ်သစ်အတွက် စကားလက်ဆောင်




မြန်မာနှစ်သစ် ၁၃၇၂ သို့ ကူးပြောင်းသွားပြီ ဖြစ်တယ်။ မြန်မာတို့ရဲ့ ပျော်စရာ ကောင်းလှသော သင်္ကြန်ဆိုသော ရေကစားသော ပျော်ပွဲရွှင်ပွဲ ကလေးသည် ပျော်ရွှင်မှုကို ညစ်နွမ်းစေချင်သော ယုတ်မာသူ တစ်စုကြောင့်  . . . . . .

* အပျော်တွေ အဖြစ်မှ အငိုတွေ အဖြစ်ကူးပြောင်းခဲ့ရသည်။ 
* ဝမ်းသာမှု အဖြစ်မှ ဝမ်းနည်းမှု အဖြစ်ကူုးပြောင်းခဲ့ရသည်။ 
* ပိတောက်ပန်းပန်သူတွေရဲ့ ခေါင်းမှ ပိတောက်ပန်းတွေလည်း အဝါရောင် အဖြစ်မှ အနီရောင်သို့ ကူးပြောင်းခဲ့ရသည်။ 
* အတာသင်္ကြန်ရေထဲမှာ ရေမွှေးထည့် ကစားသဖြင့် သင်းပျံ့နေသော ရေမွှေးနံ့များမှ သွေးညှိနံ့သို့ ကူးပြောင်းခဲ့ရသည်။
* အလှူအတန်းဖြင့် စည်ကားရမည့် အချိန်မှာ မစည်ကားအပ်သော ဆေးရုံနေရာမှာ စည်ကားခဲ့ရသည်။
* ဝမ်းနည်းတတ်လွန်းသဖြင့် ကမ္ဘာမြေသို့ နှစ်စဉ် ရွာချမြဲ ဖြစ်သည် သင်္ကြန်မိုးလည်း  မိုးအဖြစ် ဒီနှစ်မရွာပဲ “ အ ” ခဲ့ရသည်။

မည်သို့ဖြစ်ပါစေ . . . . . 

ကျွန်တော်တို့ မြန်မာသင်္ကြန် သမိုင်းတွင်ရစ်အောင် အရုပ်ဆိုး အကျည်းတန်သော ဖြစ်ရပ်သည် ၁၅.၄.၂၀၁၀ အကြတ်နေ့တွင် ဖြစ်ခဲ့ရ၍ မဖြေသာသော်လည်း ဖြေသာခဲ့ပါတယ်။ ၁၃၇၁ ခုနှစ် နှစ်ဟောင်းတွင် ကျန်နေခဲ့သောကြောင့် ကျွန်တော်တို့ ဖြေသာနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၃၇၂ ခုနှစ်တွင် ဖြစ်ခဲ့ပါက တစ်နှစ်လုံး ကျွန်တော်တို့ တသသ ပို၍ ဖြစ်နေခဲ့ရနိုင်သည်။ 

ယခုတော့ ၁၃၇၁ ခုနှစ်မှ ဖြစ်ခဲ့သော ဖြစ်ရပ်များကို ရင်ထဲတွင် ဒဏ်ရာ တစ်စုံ အဖြစ် ၊ ဖွင့်ကြည့်မိရင် အနံ့မကောင်းသော ခပ်သိုးသိုးဗူးကြီး တစ်ခု အနေဖြင့် ဘယ်တော့မှ ပြန်ပြီး ဖွင့်မကြည့်ကောင်းသော ထိုနှစ် (၁၃၇၁ ခုနှစ်) ကို ပြည်ဖုံးကား ချလိုက်ကာ ယခု ရောက်နေသော နှစ်သစ် ၁၃၇၂ ခုနှစ်ကို တတ်ကြွမှု အပြည့်ဖြင့် ဆက်လက်ဖြတ်သန်းပြီး နှစ်သစ်အတွက် ကျွန်တော်တို့ စိတ်ဓါတ်များကို ဒီလို ကြိုးစား ပြုပြင်ကြပါစို့။

* ကိုယ် ဒန်ပေါက် ၊ ကြေးအိုး စားနေတဲ့ အချိန်မှာ ဘေးနားမှာ လာပြီး မျက်နှာငယ်လေးတွေနဲ့ လာကြည့်ပြီး သွားရည်သိမ်းနေသူများကို “ သူတောင်းစားလေးတွေ ရှုပ်လိုက်တာ ” လို့ မပြောမိပဲ မိမိစားနေသော ပန်းကန်ကို သူတို့ ဆီသို့ လှူနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ ဂရုဏာစိတ်ရှိပါတယ်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

* လူတစ်ယောက် ချော်လဲတာကို တဟားဟားနဲ့ ရယ်မိနေမဲ့ အစား သူ့ဆီကို မေတ္တာလွှမ်းသော ဂရုဏာအစွမ်းဖြင့် သွားရောက်ပြီး  ထူမိအောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ မေတ္တာစိတ်ရှိပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

* ရှိပြီးသားနေရာများ ၊ ပိုလျှံနေသော နေရာများ ဖြစ်သော စေတီ ၊ ဘုရား ၊ ကျောင်းကန် ၊ နေရာဌာနများကို ကျွန်တော်တို့ နာမည်ကြီးဖို့ သွားရောက်လှူမည့်အစား စားရေးဖို့ စာအုပ် မရှိသူ ၊ ထမင်း ညမနက် ပေါင်းစားနေရသူတွေ ဆီသို့ ရောက်အောင် လှူဒါန်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ အသိဥာဏ်ရှိပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

* အတိတ်ဘဝကံ နည်းပါးသောကြောင့် သူတို့ ဖြစ်သလို ရှာဖွေ စားသောက်နေရတာကို “ သူတောင်းစား ၊ သူဖုန်းစား ” ဟု မပြောမိအောင် ရှောင်ကြဉ်ပြီး ကုသိုလ်အဖြစ် ( လှူဒါန်းသင့်သူများကို )  လှူဒါန်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ ဆင်ခြင်မှု ရှိပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

* ဆွဲကြိုးကြီး လက်မလုံးလောက် ဝတ် ၊ ပိုက်ဆံအိတ်ကြီး ချိုင်းကြာညှပ် ၊ ရင်ကော့က ဈေးထဲက မျက်နှာမွဲ ကုန်စိမ်းသည်လေးကို အတင်းအကြပ် ဈေးစစ်နေသူများကို တွေ့ရရင် ကျွန်တော်တို့ သူတို့ ဝယ်မည့် ထိုအရာအား ဈေးမစစ်ပဲ ဝယ်ယူကာ အားငယ်သူကို အားပေးနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ စာနာမှု ရှိပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

* “ ကျွန်တော် / ကျွန်မကတော့ ခရီးဝေးလို့ ကားပတ်စီးလာရတာမို့ပါ။ ”  ဆိုသော အသုံးအနှုန်းကို ရှောင်ကြဉ်ပြီး သက်ကြီးရွယ်အိုများကို ဘတ်စ်ပေါ်မှာ တွေ့လျှင် မျက်နှာမလွှဲပဲ နေရာဖယ်ပေးခြင်းဖြင့်  ဖေးမနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ ဖေးမမှု ရှိပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

* “ ဒီင်္ခေတ်က အဖေတို့ အမေတို့ခေတ်ကလို မဟုတ်တော့ဘူးဗျ။ ” ဆိုသော အစိုးရိမ်ကြီးပြီး ပြောနေမိသော မိဘကို ပြန်၍ နှုတ်လှန်ထိုးသော သားသမီး အဖြစ်များမှ သတိရှိရှိ ရှောင်ကြည်နိုင်အောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ ရိုသေမှု ရှိပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

* “ သူက ဒူးအထက် ဟုတ်လား ၊ ကျုပ်က ပေါင်လည် ၊ ကျုပ်ကတော့ ပေါင်းရင်း ၊ သူက ရင်ညွှန့် ၊ ကျုပ်ကတော့ တစ်ဝက် တော်ရေ ” ဆိုသော “ ဖော် ၊ လှန် ၊ ချွတ် ၊ ပြ ” မှုများကို မိမိကိုယ်တိုင်လည်း ရှောင်ကြည်ပြီး မိမိနဲ့ လက်လှမ်းမှီသူများကိုလည်း ပြောဆိုသွန်သင်နိုင်ရန် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ အရှက်တရား ရှိပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

*  ရက်စက်ယုတ်မာ ရိုင်းစိုင်းသူများနဲ့ ဘဝမှာ ကြုံတွေ့လာရနိုင်ပါသည်။  ထိုအခါ ထိုဖြစ်ရပ်များကို ခဏတာ အဖြစ်မေ့ဖျောက်ထားလိုက်ပြီး ၊ ထိုသူများကိုလည်း လျစ်လျူရှုကာ နောက်တစ်ခါ မဖြစ်ရအောင် မိမိက ပြင်ဆင်ထားပြီး တခြားသူများကိုလည်း ပြောဆို ၊ ပညာပေးနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ ဥပေက္ခာ ပြုသင့်တာ ပြုရပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

* လူဆိုတာ လူလို သိ ၊ မြင် ၊ ခံစား ၊ နားလည်တတ်ကြပါတယ်။ ဒါကြောင့် လူကို လူလို မမြင်သူ ၊ လူဖြစ်ပြီး လူလို မသိသူများကို ကျွန်တော်တို့ ရှောင်ကြဉ်ပြီး လူကို လူလို သိမြင် ခံစားတတ်သူတွေနဲ့သာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း လျှောက်လှမ်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြပါမည်။

* လူဆိုတာ လူစိတ်ရှိသူတွေနဲ့ပဲ ပေါင်းပါသည်။ ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါမည်။

လူဆိုတာ အခုလိုပဲ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းသိမ်းတတ်ပါတယ်။ သူများကိုလည်း ထိခိုက်နာကြင်အောင် မလုပ်တတ်ကြပါဘူး။ ကျွန်တော်တို့လည်း ကျွန်တော်တို့ ဘဝ ပတ်ဝန်းကျင်မှာ လူစိတ်ရှိသူတွေနဲ့ ဆက်လက် ပေါင်းသင်းပြီး ကျွန်တော်တို့ လူပီသအောင် ကြိုးစားကြပါစို့။

*** ကိုကြည်နိုင်(ကျုံတိုင်းရွာ) ရဲ့ Tag မထားတဲ့ ပို့စ်တစ်ပုဒ်ပါပဲ။***

လေးစားစွာဖြင့်
ကိုဇော်
18.4.2010 - 3.51 PM

.

                                                           

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မိုး said...

သာဓု...သာဓု..သာဓုပါဗျာ။ လူမှုအကျိုးဆထက်တပိုးထမ်းဆောင် နိုင်ပါစေ။

ချစ်ကြည်အေး said...

အဲဒါတွေ အကုန် လိုက်နာနိုင်မယ်ဆို ကောင်းသပတော်...

Unknown said...

လိုက်နာနိုင်အောင်ကြိုးစားပါ့မယ်

မြစ်ကျိုးအင်း said...

တဝက်လောက်လုပ်နိင်ကြရင်တောင် တော်တော် ကောင်းနေပြီ။ တစစနဲ့ ပိုမိုကောင်းမွန်တဲ့ အမူအကျင့်တွေစီ ဆွဲခေါ်သွားနိင်ဖို့ အဓိကပါပဲ။

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်လေး ဖြစ်ပါစေ

Unknown said...

ကောင်းတယ် သူငယ်ချင်းရေ တက်နိုင်သလောက် ကြိုးစားကြတာပေါ့

Unknown said...

ကျွန်တော်တို့ ကြိုးစားကြ၇မှာပေါ့ကိုဇော်ေ၇..
ခရီးထွက်နေလို့  အခုမှလာဖတ်၇တယ်ကိုဇော်ေ၇

~ဏီလင်းညို~ said...

ကိုဇော်ရေ.......
မှတ်သားသွားပါတယ်ဗျား........
ခင်မင်တဲ့
ဏီလင်းညို

မြသွေးနီ said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ကိုဇော်ရေ...