မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 April 2010

11 ရေမွှေးသုံးသူများ




ဟိုးလွန်ခဲ့သော လက်နှစ်ဖက်မျှ နှစ်တွေတုန်းက ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက် စကားများခဲ့ဖူးပါတယ်။ စကားများတယ် ဆိုလို့ “ မင်း ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ။ ” ဆိုပြီး စကားများ ရန်ဖြစ်ကြတာ မဟုတ်ပါ။ စကားတွေ သူလည်း သူ့လိုရာ ၊ ကျွန်တော်လည်း ကျွန်တော့်လိုကို ဆွဲပြီး စကားတွေ များများကြီး ပြောဖြစ်တာပါ။

ပြောဖြစ်တဲ့ အကြောင်းကလည်း ရေမွှေးအကြောင်း. . . . အင်း . . အဲဒီမှာ စတွေ့တာပဲလို့ ပြောချင်ပေမဲ့ အခုက အဲဒီထက် ဆိုး။ အဲဒီအတိုင်ခင်ကတည်းက ကျွန်တော်တို့ ယောက်ျားလေး သူငယ်ချင်းတွေ အယောက် ၂၀ ကျော် လက်ဘက်ရည်ဆိုင် လာထိုင်ပြီဆို သူတစ်ယောက်တည်းပဲ ရေမွှေးနံ့ တစ်ထောင်းထောင်းနဲ့။ ပြီးတော့ ဒီလို ရေမွှေး မွှေးနေတတ်တာကိုပဲ သူက ဂုဏ်ယူနေသေး။

အဲဒီ အချိန်က သူက လွဲရင် ကျွန်တော်တို့ အဖွဲ့မှာ ရေမွှေးတွေ သုံးပြီး မွှေးမွှေးကြိုင်ကြိုင် ဘယ်သူမှ မနေကြ။ သူက သူမွှေးနေတော့ အမြဲ ကျွန်တော်တို့ကို ပြောတတ်တယ်။

“ မင်းတို့ကလည်းကွာ ရေမွှေးတော့ သုံးပါကွ။ ”

ဆိုပြီး နှာခေါင်းလေး ပွရှုံရှုံ နဲ့ ပြောတတ်တယ်။ အဲဒီမှာပဲ ကျွန်တော်နဲ့ စတွေ့တာ. . .

“ ဟ. . ရေမွှေးသုံးရအောင် ငါတို့က နံနေလို့လား။ ရေမွှေးသုံးတယ် ဆိုတာ နံနေတဲ့ လူမှ သူ့အနံ့ကို ဖုံးချင်လို့ သုံးရတာ. . .။ ”

“ အဲ. . . ဒီလို သဘောမျိုး မဟုတ်ဘူးလေ။ ရေမွှေးသုံးထားတော့ ကိုယ်က မနံ့ပေမဲ့လည်း ကွန်ဖစ်ဒန့် ( Confidence ) ရှိတာပေါ့။ ”

“ တော်ပါကွာ . . ငါ့ကိုယ်ငါ ယုံပြီးသား။ ”

ကျွန်တော် ဒီလို ပြောတော့ သူကလည်း ဝူးဝူးဝဲဝဲ နဲ့ ပြန်ပြောတာပါပဲ။ ဒီတော့ ကျွန်တော်ကလည်း ရှူးရှူးရှားရှားနဲ့ ပြန်ပြောတာပေါ့။ ဒါနဲ့ပဲ ဝူးဝူးဝါးဝါး နဲ့ ရှူးရှူးရှားရှား စကားတွေ များကြပါလေရောဗျာ။ အဲဒီအချိန်တုန်းက ကျွန်တော် အပါအဝင် သူငယ်ချင်းတွေ အားလုံးလိုလိုက ရေမွှေးမသုံးကြဘူး။ ဒီတော့ အားလုံးကလည်း ကျွန်တော့်ဘက်ကပေါ့။ အများနဲ့ တစ်ယောက်ပေမဲ့ သူကလည်း မလျော့ဘူး။ ကြုံတိုင်း ၊ တွေ့တိုင်းမှာ ရေမွှေးသုံးဖို့ ၊ ကွန်ဖစ်ဒန့်. . .ဒန့်. . .ဒန့် ဖို့ ဒါတွေပဲ ပြောနေတတ်တယ်။

“ အေးလေ. . .နောက်ကျတော့ မင်းတို့ နားလည်ပြီး သုံးလာမှာပါကွာ။ ”

တဲ့။ ကြာလာတော့လည်း သူ့စကားကို ဘယ်သူမှ အရေးမစိုက်တော့ပါဘူး။ သူကလည်း သူ့ဖာသာ လွှတ်လပ်စွာ မွှေးလို့ကြိုင် ၊ ကျွန်တော်တို့ကလည်း ကိုယ့်ဖာသာ နဂိုယဉ်အလှနဲ့ ပင်ကိုယ်အနံ့လေးတွေက သူ့ဖာသာသူပဲ ကိုယ်ရပ်ဝန်းမှာ ကိုယ့်ဖာသာ ဖြစ်ထွန်းခဲ့ကြတယ်။

ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာလည်း ဘယ်သူမှ ချွေးနံ့တွေ စူးစူးရှရှ မပါ ပါဘူး။ အားလုံးက ကျောင်းသားတွေ ဆိုတော့ ဘယ်သူမှ ဘာမှ ချွေးထွက်အောင် အလုပ်မလုပ်ဖုးတာလဲ ပါတာပေါ့လေ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ ရေမွှေးမသုံးပဲ ကိုယ်ပိုင် ကိုယ်သင်းရနံ့ ကြာညိုနံ့လေးတွေနဲ့ မွှေးနေခဲ့ကြပါတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဖာသိဖာသာပဲ ဖြစ်ဖြစ် ၊ မလိုက်မသိ ဖာသာပဲ ဖြစ်ဖြစ် ၊ သိသိကြီးပဲ ဖြစ်ဖြစ် အချိန်ကတော့ ကျွန်တော်တို့ကို သတိမပေးပဲ တွန်းတိုက်ရွေ့လျှောသွားခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းကတော့ သူ့ဖာသာ မွှေးမြဲမွှေး ၊ ကြိုက်မြဲကြိုင်လှစွာပါပဲ။ အဲ. . တစ်နေ့. . .

ကျွန်တော်တို့ သူငယ်ချင်းတွေထဲက နောက်ထပ် တစ်ယောက်က ညဘက် လက်ဘက်ရည်ဆိုင်ကို လာတော့ ရေမွှေးနံ့တွေနဲ့ မွှေးကြိုင်လို့ . . . ။ သူ ဝင်လာကတည်းက အားလုံး သတိထားမိအောင်ကို နှာခေါင်းတွေ ရှုံပွပွ နဲ့ ဖြစ်ကြရတယ်။ သူကလည်း နည်းနည်းရှက်နေတဲ့ အမူအရာနဲ့ တွေ့သမျှ သူငယ်ချင်းတွေကို “ အဟီး . . .အဟဲ ” ဆိုပြီး လိုက်ရယ်ပြနေတယ်။

“ မင်းက ဘာဖြစ်လာတာလဲ လူတိုင်းကို လိုက်ရယ်ပြနေတယ်။ ပြီးတော့ ရေမွှေးနံ့ကလည်း တထောင်းထောင်း ထလို့။ ”

“ အဟီး. . . ။ ”

မပြောသေးဘူး ထပ်ရယ်ပြနေပြန်တယ်။ ဒါတွေ အကြောမတည့်တာပေါ့။

“ ဘာလာဖြစ်နေတာလဲ ဒီကောင်. . . . ”

“ အဟဲ. . . ဘာမှ မဖြစ်ပါဘူးကွ။ ငါ အရင်လိုပါပဲ။ ရေမွှေးသုံးတယ် ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အရ ကွန်ဖစ်ဒန့် ဖြစ်အောင် သုံးတာပါ။ ”

“ ဘာ . . .။ ”

လာပြန်ပြီ ဒီ ကွန်ဖစ်ဒန့် ။ ကျွန်တော့် ရေမွှေးသုံးဖို့ ပထမ စပြောတဲ့ သူငယ်ချင်းကို ကြည့်လိုက်တော့ သူကတော့ ဖာသိဖာသာ။ ဒီကောင်မြှောက်ပေးလို့ ဟိုကောင်က ရေမွှေးသုံးတာတော့ မဖြစ်နိုင်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ တစ်ယောက်လုပ်လို့ နောက်တစ်ယောက်က လိုက်လုပ်တယ် ဆိုတာ မရှိ။ သူ့ဖာသာ လွတ်လပ်စွာ စီးမျောကြတယ်။ အခု ဒီကောင် ဘယ်ကနေ ဘယ်လို ဖြစ်ပြီး ရေမွှေးသုံးလာတာလဲ မသိ။

ကျွန်တော်သိလိုက်တာကတော့ အရင်က အများနဲ့ တစ်ယောက် ဖြစ်နေခဲ့တဲ့ ရေမွှေး စသုံးတဲ့ သူငယ်ချင်း ဘက်မှာ အခုတော့ သူ တစ်ယောက်တည်း မဟုတ်တော့။ သူ့မှာ သူ့လိုပဲ ရေမွှေးသုံးတဲ့ လူနောက်တစ်ယောက် အဖော်အဖြစ် ရှိနေခဲ့ပြီ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ခေတ်ရေစီးကြောင်းဆိုတာ ပြုပြင်လို့ မရဘူးတဲ့ ပြောကြတယ်။ ဒီရေစီးကြောင်း ဘယ်လောက်ပြင်းလဲ ကျွန်တော် မသိခဲ့ရိုး အမှန်ပါ။ တကယ်လည်း ကျွန်တော့်မှာ မသိတာတွေ တော်တော်များနေခဲ့ပါတယ်။ ဒီရေစီးကြောင်းကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ တော်တော်ကို ဝင်မွှေသွားခဲ့တယ်။

ဘာမှ မသိရာကနေ ကျွန်တော် သိလိုက်တော့ . . . . ၊ နောက်. . . ကျွန်တော် တဖြည်းဖြည်း သိသိ လာတာကတော့ ကျွန်တော့် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ရေမွှေးတွေ သုံးလာတာပါပဲ။ ဘာလို့လဲ ကျွန်တော် မေးလို့ မရသလို ၊ မေးလိုက်ရင်လည်း သူတို့ကလည်း “ အဟဲ. . . အဟီး ” ဆိုပြီး အပြုံးတွေ ကြွားကာ ပြုံးပြရုံဖြင့် ပြဿနာရဲ့ အဖြေကို ရှောင်သွားကြတယ်။

အရင်က အများနဲ့ တစ်ယောက် ဖြစ်နေခဲ့တဲ့ ရေမွှေးစသုံးတဲ့ သူငယ်ချင်းဆီမှာ ရေမွှေးသုံးသူ သူငယ်ချင်းတွေ တစ်ယောက်ပြီး တိုးသွားသလို ၊ အရင်က ရေမွှေး မသုံးဘူး ဆိုပြီး မဲဦးရေ များနေတဲ့ ကျွန်တော့်ဘက်မှာတော့ လူဦးရေ တစ်ဦးပြီး တစ်ဦး လျော့လာခဲ့တယ်။ အသင်းဝင် အင်အား များလာပေမဲ့ ရေမွှေးစသုံးသော ကျွန်တော့်သူငယ်ချင်းကတော့ ဖာသိဖာသာပဲ ငှက်ပျောသီး အခွံနွာလိုက်လို့ ငှက်ပျောသီး တွေ့တာ အဆန်းလား ဆိုတဲ့ မျက်နှာပေးနဲ့ပါပဲ။

အချိန်ကာလလေး တစ်ခုကို ဖြတ်သန်း အပြီးမှာတော့ . . . ရုတ်တရက် ကျွန်တော် သတိထားမိသွားတာက အရင်က ရေမွှေးမသုံးဘူး ဆိုပြီး လူအင်အား တောင့်တင်းခဲ့သော ကျွန်တော့်ဘက်မှာ အခုတော့ ကျွန်တော် တစ်ယောက်တည်း ထီးထီးကြီး။ ဘာလို့ ရေမွှေးသုံးတာလဲ လို့ မေးရင်လည်း “ အဟီး. . . .အဟဲ . ” ဆိုသော အပြုံး . . .။ ပြီးတော့ သူတို့ ဖြေပါတယ်။

“ ကွန်ဖစ်ဒန့်. . .ရှိအောင်လို့ . . ။ ” တဲ့။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အလုပ်မှာ ကျွန်တော်နဲ့ တော်တော်ခင်တဲ့ နောက်ထပ် တရုတ် စူပါဗိုက်ဇာ တစ်ယောက် ရှိသေးတယ်။ ပျော်ပျော်နေတတ်သူပါပဲ။ သူက ကျွန်တော်နဲ့ အသက် သိပ်မကွာပါဘူး။ ဒီတော့ သူနဲ့ ကျွန်တော် သူငယ်ချင်းလိုပဲ “ လယ်ဗယ် ” ပဲ ပေါင်းတယ်။ သူ့အလုပ်က စက်ရုံက အလုပ်အပြင် ၊ Office Boy အလုပ်ပါ လုပ်ရတယ်။ ဒီတော့ ကျွန်တော်တို့ ဆေးစစ်တာတို့ ၊ Passport သက်တမ်းတိုးတာတို့ ဆိုရင် သူက ကျွန်တော်တို့ကို သူ့ကားလေးနဲ့ လိုက်ပို့ပေးတယ်။

သူ့ကားကလည်း ကားစုတ် မဟုတ်ပေမဲ့ ကားဟောင်းလေး တစ်စီးပါပဲ။ ကားသေးလေး တစ်စီးလည်း ဖြစ်တယ်။ ဒီတော့ သူနဲ့ ကိစ္စ ရှိလို့ အပြင်သွားတယ် ဆိုရင် သူ့ကားကို စီးပြီးသွားရတယ်။ ကားထဲမှာ ကုတ်ဗူးခွံတွေရော ၊ မုန့်ဗူးတွေရော ၊ တိုလီမုတ်စတွေရော ရှုပ်ပွနေတယ်။ ယောက်ျားလေး တစ်ယောက်စီးတဲ့ ကားမှာ ဒီလို ဖြစ်နေနိုင်တာကတော့ သဘာဝ ဆိုပြီး ဖြစ်လေ့ဖြစ်ထကို လွဲချလို့ရပေမဲ့ ဒါကို သန့်ရှင်းရေး မလုပ်တာကတော့ ဆိုးတယ်။ ဒါကြောင့် သူ့ကားထဲမှာ လိုက်စီးရင် အောင်သိုးသိုး အနံ့တစ်ခုက ကားထဲမှာ ဖုံးကာ လူကိုပါ မိုးနေတယ်။

အောက်သိုးသိုး ကားကို မောင်းတဲ့ သူကရော ဒီလိုပဲ ပေကပ်ကပ် နေလာတော့ သူ့မှာ အနံ့တွေ စုံလို့ . . . ။ သူ့ကိုယ်ပေါ်က ဝေဖာနံ့ရချင် ရနေမယ်။ ဒါမှ မဟုတ် ဘီယာနဲ့ ဖြစ်ချင် ဖြစ်နေမယ်။ ဒါမှမဟုတ် ဆပ်ပြာမပြောင်တဲ့ အင်္ကျီက ချွေးကြောင့် ပြန်ပြီး အနံ့ထွက်လာတဲ့ ခပ်ဖွယ်ဖွယ် ဆပ်ပြာနံ့ထွက်နေမယ်။

ဟိုတလောက ကျွန်တော့်ကို သံရုံးလိုက်ပို့ပေးတုန်းက သူ့ကားထဲကို ကျွန်တော် ဝင်ထိုင်တော့ အောက်သိုးသိုးနံ့က ကျွန်တော့်ကို လာရစ်ပတ်တယ်။ ကားစမောင်းတော့ သူလည်း အဲယားကွန်း ဖွင့်လိုက်ပါတယ်။ ဒါပေမဲ့ ထုံပေပေ နဲ့ ဘာနံ့ကြီးမှန်း မသိဘူး။ မပျောက်ဘူး။ သူနဲ့ကျွန်တော် ပြောမနာတွေ ဆိုတော့ ကျွန်တော်ကလည်း ပြောလိုက်တယ်။

“ မင်းကားထဲကွာ အနံ့တွေကလည်း မကောင်းဘူး။ ကားထဲမှာ သုံးတဲ့ Ambi-Pur ရေမွှေးလေး ဘာလေး သုံးပါလားကွာ။ ”

ဆိုတော့ သူက . . .

“ အာ . . မလိုပါဘူးကွာ။ ငါ့ကားက ဘယ်သူမှလည်း စီးတာ မဟုတ်ဘူး။ ငါ့ဖာသာ တစ်ယောက်တည်း စီးနေတာလေ။ ဘာမှ အမွှေးနံ့တွေ သုံးစရာ မလိုပါဘူးကွာ။ ”

“ မလိုတာတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ကွာ. . ကိုယ့်ကားထဲကို လာစီးတဲ့ သူ ရေမွှေးနံ့လေးနဲ့ ဆိုတော့ နည်းနည်းတော့ စိတ်ချမ်းသာတာပေါ့။ ”

“ နေပါစေကွာ . . . ဘာမှ မလိုပါဘူး။ ငါ့ဖာသာ ဒီအတိုင်းပဲ ၊ သဘာဝ အတိုင်းပဲ ကောင်းပါတယ်။ ”

ဒါနဲ့ပဲ သူနဲ့ ကျွန်တော် သူ့ကားထဲက အတွင်းရေး ကိစ္စတွေ ဆက်မပြောဖြစ်တော့ဘူး။ သူကလည်း တစ်နေ့တစ်နေ့ သူရဲ့ အောက်သိုးသိုး အနံ့ရှိနေတဲ့ ကားကို မောင်းပြီး အလုပ်ကို လာတယ်။ ကျွန်တော်ကတော့ ဘာမှ အောက်သိုးသိုး အနံ့ မရှိတဲ့ ကျွန်တော် ခန္ဓာကိုယ်ကို ခြေထောက်က ထမ်းခိုင်းပြီး အလုပ်ကို လာတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ သူနေမြဲ ကျွန်တော်နေမြဲ အလုပ်လုပ်နေကြတယ်။ အဆင်ပြေပါတယ်။ အကြောင်းကိစ္စ မရှိတော့လည်း သူ့ကားကို မစီးဖြစ်ဘူးပေါ့လေ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ခြောက်လတစ်ကြိမ် လခတိုးပေးတာကလွဲရင် ကျွန်တော့်တို့အတွက် လခက တိုးမလာသော်လည်း ကျွန်တော့် သူဌေးမှာကတော့ ဝင်ငွေတွေ တိုးလာခဲ့တယ်။ ဘာလို့ ကျွန်တော် ပြောနိုင်လဲ ဆိုရင် အရင်က စက်ရုံမှာ စာရင်းကိုင် နှစ်ယောက်တည်း။ အခုတော့ နောက်ထပ် တစ်ယောက်ကို အသစ် အလုပ်ခန့်ထားတာ သုံးလပြည့်တော့မယ်။ ဒီတရုတ်မက ကျွန်တော်နဲ့ ခင်တဲ့ အောက်သိုးသိုးကားလေးကို မောင်းပြီး အလုပ်လာတဲ့ စူပါဗိုက်ဇာ ရဲ့ အိမ်နားကလို့ ပြောတယ်။

ကျွန်တော်တို့ အလုပ်က ပြန်ရင်သာ ရုံးပိုင်းဆိုင်ရာတွေက ညနေ ၅ နာရီခွဲဆို ပြန်ပေမဲ့ ၊ Production ပိုင်းတွေ ၊ Store ပိုင်းတွေက အလုပ်ပြီးမှသာ ပြန်ရတယ်။ အလုပ်ဝင်တဲ့ အချိန်ကတော့ အားလုံး အတူတူ။ ဒီတော့ အလုပ်ဆင်းချိန်သာ မတူလို့ အတူတူ မပြန်ရတာပဲ ရှိမယ်။ အလုပ်လာချိန်တူတော့ မနက်ဆိုရင် အားလုံး ဆုံကြတယ်။

ကျွန်တော် သတိထားမိတဲ့ အချိန်မှာ မနက်ဆိုရင် ဒီစူပါရဲ့ ကားလေး စက်ရုံကို ရောက်ပြီး ခဏနေရင် စာရင်းကိုင်က တရုတ်မ အသစ်လေး ကလည်း ရောက်လာတယ်။ ဒါဆို မနက်စာ စားဖို့ တရုတ်မက စူပါ့ကားဆီကို တတ်ပြီး စက်ရုံရောက်မှ အလုပ်မဝင်ရသေးတော့ သူတို့ ပြန်ထွက်ပြီး မုန့်သွားစားကြတယ်။ နေ့တိုင်း တွေ့နေ မြင်နေရတာ ဖြစ်တော့ ဘာမှလည်း မထူးဆန်းတော့သလို ၊ ဘယ်သူမှလည်း မျက်စောင်းထိုးပြီး ပြောမနေကြတော့ပါဘူး။

သူတို့လည်း ဘယ်သူတွေ ဘာပြောပြော ၊ စူပါ့ကားလေးကို မနက်ဆိုရင် အတူတူစီးပြီး မုန့်ထွက်ဝယ်စားကြတယ်။

ဟိုတစ်နေ့က . . .

Passport သက်တမ်းတိုးဖို့ ကျွန်တော့်ကို သူဌေးက လွှတ်တော့ ထုံးစံ အတိုင်းပါပဲ သူက သူရဲ့ အောက်သိုးသိုး ကားလေးနဲ့ လိုက်ပို့ရမယ်ပေါ့။ ဒါကြောင့် နှစ်ယောက်သား သွားဖို့ အချိန်ညှိပြီး ချိန်းလိုက်ကြတယ်။

သွားမယ် ဆိုပြီး ကျွန်တော် သူ့ကားထဲကို ဝင်လိုက်တော့ ဘာမှန်း ချက်ချင်း မသိမထားမိပေမဲ့ တစ်ခုခုတော့ ထူးခြားနေတယ်။ ကြောင်တောင်တောင်မှ ဟိုကြည့် ဒီကြည့် လှည့်ကြည့်တော့ သူက “ အဟီး ” ဆိုပြီး ရယ်ပြတယ်။ သူရယ်ပြတာ ထားဦး ။ တစ်ခုခုတော့ ထူးခြားနေတယ်။ ဒါနဲ့ ကျွန်တော် ပိုပြီး သိသိသာသာ ကားနောက်ခန်းတွေရော အကုန်လှည့်ပြီး ကြည့်လိုက်တော့ ဘာမှ မတွေ့၊ ဒါနဲ့ သူ့ကို ပြန်လှည့်ကြည့်လိုက်တော့ . . . “ အဟဲ ” ဆိုပြီး ထပ်ရယ်ပြတယ်။

အာ . . . တစ်ခုခုတော့ ထုးခြားနေတယ်ကွာ။ ဘာထူးခြားနေတာသာ မသိတာ။ နောက်ဆုံး မနေနိုင်ပဲ သူ့ကို ဗြောင်ဖွင့်မေးလိုက်တယ်။

“ ငါ မင်းကားကို ဒီနေ့ စီးရတာ အရင်လို မဟုတ်ဘူး။ တစ်ခုခု ထူးခြားနေတယ်။ ဒါပေမဲ့ ဘာထူးခြားနေတယ် ဆိုတာသာ မသိတာ။ ”

ဒီတော့ သူက “ အဟီး. . .အဟဲ ” ဆိုပြီး နှစ်ခုလုံးပြိုင်တူ ရယ်ပြပြီးမှ . . .

“ ဒါကြောင့်လား ။ ”

ဆိုပြီး ကား အဲယားကွန်းမှာ တပ်ထားတဲ့ ကားလေသန့် ရေမွှေးပုလင်းလေးကို လက်ညှိုးထိုးပြတယ်။ ဒီတော့ ကျွန်တော်လည်း . . .

“ ဟာ . . . ဟုတ်တယ်။ ဒါကြောင့် မင်းကားက အရင်လို အောက်သိုးသိုးနံ့ မရပဲ မွှေး နေတာကိုး။ ”

လို့ ပြောလိုက်တော့မှ သူက . . .

“ အဟီး. . ဟုတ်တယ်ကွ။ ငါလည်း ကွန်ဖစ်ဒန့် ဖြစ်အောင် လုပ်ထားလိုက်တာပါ။ ”

“ ဘာ. . . ”

လာပြီ ဒီ ကွန်ဖစ်ဒန့်။ ဘာလို့ ဒီလိုလူက ကွန်ဖစ်ဒန့် ဖြစ်သွားတာလဲ။ ကျွန်တော် စဉ်းစားတယ်။ မရဘူး။ ဒီမှာ သူက ကျွန်တော့်ကို တစ်ခု ဖွင့်ပြောလာတယ်။

“ ငါလေ. . . . ဟို . . စာရင်းကိုင်က ကောင်မလေးနဲ့ ကြိုက်နေပြီကွ။ သူနဲ့ မနက်ဆိုရင် အလုပ်မဝင်ခင် မုန့်သွားစားရင် သူ့ကို ငါ့ကားနဲ့ တင်ခေါ်သွားတယ်လေ။ ဒီအချိန်မှာ ပထမတစ်ရက်က သူက နှာခေါင်းလေး ရှုံနေတာကွ။ ဒါကြောင့် ငါလည်း မင်းပြောတဲ့ ငါ့ကားက အောက်သိုးသိုးနံ့တွေကို ဆိုင်မှာ သွားဆေးပြီး အဲဒီနေ့ကတည်းက “ ကွန်ဖစ်ဒန့် ” ရှိအောင် ကားရေမွှေးလေး ဝယ်တပ်လိုက်တာပါပဲကွာ။ ”

“ သြော်. . .ဒါ . . ကြောင့်. . . ကိုး . . . ။ ”

ဒီတော့မှ ကျွန်တော် နှစ်ပေါင်းများစွာ ၊ သူငယ်ချင်း ပေါင်းများစွာက “ အဟီး. . .အဟဲ ” ဆိုပြီး ရယ်ပြခဲ့တာတွေ ၊ “ ကွန်ဖစ်ဒန့် ” ဆြိုပီး သူတို့ ရေမွှေးသုံးစွဲ သွားခဲ့တာတွေ ကျွန်တော် သဘောပေါက်တော့တယ်ဗျာ။ သူတို့ ဒါကြောင့် ကျွန်တော့်ကို မပြောတာကိုး။ ကျွန်တော်ကလည်း အလွန်တုံးခဲ့ပါတယ်။ သူတို့ ဘာကြောင့် ရေမွှေးသုံးတာလည်း ဆိုတာကို နှစ်ပေါင်းများစွာကို မစဉ်းစားမိခဲ့ဘူး။ အခုမှသာ . . . .

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဟိုးအရင်က ကျွန်တော့်ဘက်မှာ လူအင်အားများခဲ့ပါတယ် ဆိုသော ရေမွှေးမသုံးသူ သူငယ်ချင်းတွေ အားလုံး အခုတော့ ရေမွှေးသုံးနေခဲ့ကြပြီ။ ကျွန်တော်ကတော့ ခုထိ ဘယ်ရေမွှေးမှ အသုံးမသလို ၊ ဘယ်ရေမွေးမှကိုလည်း စိတ်တိုင်းကျ မကြိုက်မိ ၊ မသုံးမိ သေးပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော် “ အဟီး. . . အဟဲ ” ဆိုပြီး ရှက်ရယ် ရယ်ပြစရာ လူလည်း မရှိလို့ပါ။ နောက်ပြီး အခုချိန် အထိလည်း ကျွန်တော့်ကို ကျွန်တော် “ ကွန်ဖစ်ဒန့် ” ရှိနေသေးတယ်လေဗျာ။

အဲ...ဒါပေမဲ့လည်းပေါ့လေ.. . .နောင်တစ်ချိန် ကျွန်တော် . . .

“ အဟီး. . . အဟဲ . . ” 

ဆိုပြီး ရယ်ပြခဲ့မိရင် နားလည်ပေးပါ။

နောက်. . . . တစ်နေ့နေ့ တစ်ခုခု ပြောမိလာတဲ့ အခါကျရင် တစ်ခုတော့ . . . . . . တောင်းဆိုချင်တယ်ဗျာ။ ကျွန်တော် ပြောတဲ့ အတွက်. . . .

“ အခုတော့ သိပြီလား ”

လို့ မပြောပဲနဲ့. . . .ကျွန်တော် ပြောတာလေးကို . . .

“ မသိသလိုလေးပဲ နေပေးပါ။ ”

အဲဒီအချိန်ကျရင် ကျွန်တော် ပြောမယ်ဗျာ။

“ ကွန်ဖစ်ဒန့် ( Confidence ) ရှိအောင် ရေမွှေးသုံးတာပါ။ ”


လေးစားစွာဖြင့်
ကိုဇော်
2.4.2010 – 6.16 AM




Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

အလွမ်းပြေ said...

ဟီးး...ဟီးး....ဖတ်လို့အရမ်းကောင်းပါ၏.. ^_^

Unknown said...

မောင်လေး..တိလာမှာပါကွယ်
စိတ်ချ..စိတ်ချ.... အဲဒါအခါကျ၇င်
ကွန် ဖီးဒန့်  ၇ှိပီလား လို့ မမေးပါဘူး..ခိခိခိ

NangNyi said...

ခေါင်းစဉ်လေး စိတ်ဝင်စားလို့ လာဖတ်ပါတယ်..
ကျမလည်း ရေမွှေးသုံးတယ်.. ကွန်ဖစ်ဒန့်တွေ ဘာတွေတော့ မသိပါဘူး.. မွှေးတာကို သဘောကျလို့.. မသုံးတဲ့လူတွေကိုလည်း ဘာမှတော့ မဝေဖန်မိဘူး.. သုံးဖို့လည်း မတိုက်တွန်းဘူး.. သုံးတတ်တဲ့လူတွေဆိုရင်တော့ အနံ့က လိုက်ဖက်တယ် မလိုက်ဖက်ဘူးတွေ ပြောမိတတ်တယ်.. ကိုယ်နံ့ဆိုးတဲ့ လူတွေတွေ့ရင်တော့ နှာခေါင်းရှုံ့မိတာ အမှန်ပဲရှင့်..း)

Flower said...

ဟဟဟ
ဖတ်ရင်းနဲ့ ရယ်နေတယ်ဟေ့...
မိဇော်...
ညည်းဟိုနေ့ကဘဲ ရေမွှေးတစ်ပုလင်းဝယ်လာပြီဆို
ဘာခုမှ ရှက်ပြီး စာထဲ ထည့်မရေးတာလဲ
အဲဒီတုန်းကတော့ သွားလေးအဖြဲသားနဲ့ လာပြုံးပြနေပြီးတော့...
ရုံးက ကုလားမကြီးက နင့်နားအမြဲလာလာကပ်နေလို့
ရေမွှေးဝယ်လာတာပါဆို....
ခုအဆင်ပြေသွားပြီလား.. ကုလားမကြီးနဲ့...
ခွိခွိ

မြတ်နိုး said...

tone pa. ::))

:))

Angel Shaper said...

ဟားးးဟားးးရယ်ရပါ၏။
ကွန့်ဖစ်ဒန့်တွေတော့မသိပါ ရေမွှေးတော့ကြိုက်တယ်။
ကွန့်ဖစ်ဒန့်ရှိအောင်လို့သုံးတာပါလို့ပြောတဲ့အချိန်လည်း မသိသလိုပဲနေပေးပါ့မယ် :)

မြသွေးနီ said...

ဖတ်ကောင်းကောင်းနဲ့ ဖတ်နေမိတာ
အဆုံးသတ်မှ ကြော်ငြာဝင်လာတာကိုး။
ဈေးကွက်စီးပွားရေးစံနစ်မှာ ကိုဇော်တို့ ကြော်ငြာဝင်ပုံလေးက သင်းပနော်..။
ဟားဟားဟား :)

အမည်မဲ့ said...

ဟာ တူချက်ကတော့

အဖြူရောင်နတ်သမီး said...

“ရေမွှေးသုံးသူများ” ဆိုလို့ ပြေးလာကြည့်တာ..
ညီမနာမည်များပါမလားလို့..။
ညီမကတော့ နဂိုကတည်းက ရေမွှေးကြိုက်တာရယ် လုပ်နေရတဲ့ ဧည့်ကြိုအလုပ်ရယ်ကြောင့် ရေမွှေးကိုသုံးပါတယ်..။(ကွန့်ဖိဒန့် ရှိအောင်လို့ပါးးးး))))
Hotel စကားနဲ့ပြောရရင်တော့ Presentation ပေါ့..။
ရေမွှေးကို သုံးတဲ့အခါမှာလည်း စွတ်ရမည့်နေရာမှန်ဖို့လိုပါတယ်..
ဥပမာ။ ။သွေးခုန်မှုကိုအလွယ်တကူသိရှိနိုင်သော လည်ပင်းနဲ့လက်ကောက်ဝတ်လိုနေရာမျိုးတွေမှာစွတ်ရင် အမွှေးနံ့ပိုထွက်လာတတ်ပါတယ်။(မစွတ်သင့်သည့်နေရာကတော့
အင်္ကျီပေါ်တွင်ရေမွှေး၏အရောင်များ စွန်းထင်ကျန်ရစ်တတ်သည့်အတွက်အဝတ်အစားများ ပေါ်မှာတော့ မစွတ်သင့်ပါဘူး၊ )။ ပြီးတော့ ကိုဇော်ပြောသွားတဲ့ Confidence ဆိုတဲ့ကိစ္စမှာ မွှေးတဲ့ရေမွှေးတိုင်းကို လိုက်ဝယ်သုံးနေမယ့်အစား ကိုယ်နဲ့လိုက်ဖက်မယ့် အနံ့ရှိသော ရေမွှေးတစ်မျိုးထဲကိုသာ စွဲပြီးသုံးသင့်ပါတယ်..အဲဒီက ရလာမည့် နောက်ဆက်တွဲအကျိုးကတော့ အခန်းတစ်ခန်းထဲမှာ ကိုယ်ရှိနေရင်ပဲဖြစ်ဖြစ်၊ အခန်းတစ်ခုခုထဲကို ကိုယ်ဝင်လာသည်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်းများဟာ ကိုယ့်ကို မြင်တွေ့စရာမလိုပဲ ကိုယ်ရှိနေသည်ကို အလိုလိုသိရှိနေခြင်းနှင့်သုံးစွဲမှု ကြာလာပါက မိမိ၏ ကိုယ်တွင် ထိုရေမွှေးရနံ့စွဲထင်ကျန်ရစ်လာခြင်းပင်ဖြစ်ပါတယ်။
နောက်ပြီး ကိုယ်သင်းနံ့ဆိုတာ လူတိုင်းမှာရှိသည့်အတွက် ကိုယ်နဲ့လိုက်ဖက်မယ့် ရေမွှေးနံ့ကိုရွေးဝယ်ဖို့လိုပါတယ်။ ကိုယ်သင်းနံ့ဆိုတာ လူတိုင်းမှာရှိသည့်အတွက်
ရေမွှေးနံ့အမျိုးမျိုးရှိသည့်အနက် ပန်းနံ့သင်းသောရေမွှေး၊ လူကြီးနံ့ဟုခေါ်သော(အသက် ၅၀ ပတ်ဝန်းကျင်) ရေမွှေး၊ လူငယ်များအကြိုက် Fresh အနံ့ရှိသော ရေမွှေး၊Lady (ဂုဏ်သရေရှိ အမျိုးသမီးများ)သုံးလေ့ရှိသည့် ငြိမ်သက် ချိုအီသော အနံ့ရှိသည့်ရေမွှေး၊ခေတ်သမီးပျို/သားပျိုများသုံးလေ့ရှိသည့် Sexy ရေမွှေး များထဲမှကိုယ်နဲ့လိုက်ဖက်မယ့် ရေမွှေးနံ့ကိုရွေးဝယ်ဖို့လိုပါတယ်။
အရွေးမှာ အစွတ်မှားလျှင်တော့ မိမိစွတ်သော ရေမွှေးအနံ့ကြောင့် ခေါင်းကိုက်ခြင်းနှင့် မိမိကိုယ်မှထွက်သော အနံ့မှာ ပိုမိုဆိုးရွားလာတတ်ကြောင်း ဗဟုသုတအဖြစ် ဆွေးနွေးသွားပါတယ် ကိုဇော်ရေ...။

ကိုဇော် said...

ကျေးဇူးတင်တယ်..ညီမရေ...
ပျော်စရာလေး အနေနဲ့ ရေးလိုက်တာပါ..
အကိုက ဘာသုံးရမှန်း မသိသေးပါဘူးကွာ။
အရင်ကတော့ Japan က ထုတ်တဲ့ Secret ကိုတော့ ကြိုက်မိပါရဲ့..ကိုယ်သုံးမယ် ဆိုတော့မှ သူက ဆက်မထုတ်တော့ဘူး..ဟီး။
ဂလို..ဂလို..ဘာရယ် မဟုတ်ပါဘူး..
စိတ်ကူးလေး ပေါ်လာလို့ ပျော်စရာ ဝတ္ထုလေး ချရေးလိုက်တာပါ..

အားလုံး ကျေးဇူးနော်..
ဘာမှ မသိတဲ့ ကျနော့်ကို သင်ပေးလို့....

အမည်မဲ့ said...

အဖြူရောင်နတ်သမီးရေးထားတာလေး ဗဟုသုတရတယ်နော်။ ပြောပြပေးလို့ကျေးဇူးပါ။

အဲဒီဦးမိဇော်က ကိုဇော်လား။ မိဇော်လားသိဘူး။
ရေမွှေးဝယ်သုံးချင်တာ ဘာသုံးရမှန်းမသိလို့ ဖြစ်နေတာတဲ့။
ဦးမိဇော်ကြီးကို သင့်တော်သလို ဆင်မြန်းပေးကြပါနော်။