မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 April 2010

17 ရေနူး၍ ပြန်ရှူကြည့်ခြင်း ( သို့ ) မျက်မှန် သုံးလက်



ဘာရယ်တော့ မဟုတ်ပါဘူးဗျာ။ ကိုယ်ရေးတဲ့ စာတွေကို Revision အနေနဲ့ ပြန်ဖတ်ကြည့်မိတော့ အရင်ကတည်းက ရည်ရွယ်ချက်လေးတွေနဲ့ ရေးထားတဲ့ စာလေးတွေကို ပြန်ပြီးတော့ အခုမှ  သတိရတယ်။ ဒါကြောင့် ဒါလေးတွေကိုလည်း ဖြေရှင်းချက် အနေနဲ့ ရေးရင်း အတူတူ ပြန်ပြီး တွေးကြည့်ရအောင် လို့ စဉ်းစားမိလို့ ဒီပို့စ်လေး တင်လိုက်တာပါ။ ပျော်စရာ ကောင်းမယ် လို့တော့ ထင်မိတာပါပဲ။ အမြင်သစ် ၊ အတွေးသစ်လေးတွေလည်း ရမယ်လို့ ယုံကြည်မိပါတယ်။

ပထမဦးဆုံး ဘာမှ စ မပြောခင် စာဖတ်သူများကို မျက်မှန်လေးတွေ အရင်တပ်ပေးပါရစေ။ မျက်မှန် ဆိုတာက ဒီလိုပါ။ အခု နောက်ပိုင်း 3D ရုပ်ရှင်တွေ ပေါ်လာတယ် မဟုတ်လား။ ဒါပေမဲ့ ဘယ်လိုပဲ ကြည့်ကြည့် သာမာန် မျက်လုံးနဲ့ ဆိုရင် 3D ရုပ်ရှင်ကို မြင်ခွင့် မရပါဘူး။ ( အခုတော့ အောင်မြင်တော့မယ် ပြောတယ်။ ရာခိုင်နှုန်းပြည့် မဖြစ်နိုင်သေးဘူး။ ) ဒါကြောင့် 3D ရုပ်ရှင်ကို မြင်ခွင့်ရအောင် 3D မျက်မှန်ကို တပ်ပြီး ကြည့်မှ မြင်ရပါတယ်။ ဒီလိုပဲ ကျွန်တော် ပြောချင်တာလေး မြင်မိအောင် အရင်ဆုံး မျက်မှန်လေး တပ်ပေးပါရစေ။ 

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

တစ်ခါက . . .

အဖေ လုပ်သူက သူ့သမီးကို ခေါ်ပြီး သူတို့ မြို့ကလေးရဲ့ ဘုရားကျောင်း မျှော်စင်ကြီးထိပ်သို့ခေါ်သွားကာ . . .

“ သမီး ဟိုမှာ ကြည့်စမ်း။ မြိုလယ်မှာ ရှိတဲ့ လယ်ကွက်ကို ရောက်အောင် သွားနိုင်တဲ့ လမ်းက တစ်လမ်းတည်း မဟုတ်ဘူး တွေ့လား။ အများကြီး ရှိတယ်။ လူ့ဘဝမှာလည်း ဒီလိုပဲ သမီး ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်အောင် ဒီလမ်းက သွားလို့ မရဘူး ဆိုရင်လည်း နောက်ထပ် တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ်။ ”

ဆိုပြီး ညွှန်ကြားကာ သြဝါဒ ပေးခဲ့ပါတယ်။ ဒီလို သြဝါဒ ပေးခြင်း ခံခဲ့ရတဲ့ “ ရှိယာပရက်လီ ” ဟာ တစ်သက်လုံး စွဲမြဲ ခဲ့ပြီး သူလုပ်သမျှ အလုပ်တွေကို ဒီတစ်နည်းနဲ့ မရရင် နောက်ထပ် တစ်နည်းနဲ့ စမ်းသပ်လုပ်ကိုင်ရင်း ကမ္ဘာပေါ်မှာ ရေပန်းစားသော ဒီဇိုင်းသစ်ပေါင်းများစွာကို တီထွင် နိုင်ခဲ့ပြီး ကမ္ဘာ့ဖက်ရှင်လောကကို နှစ်ပေါင်း ၄၀ ကျော် ကြီးစိုးထားနိုင်ခဲ့ပါတယ်။ 

(ဒီစာလေးကိုတော့ ကျွန်တော် မူရင်း မဖတ်ဖူးပါ။ ဆရာဖေမြင့်ရေးသားသော “ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား။ ” စာအုပ်ကို လွန်ခဲ့သော နှစ်အတန်ကြာက ဖတ်ခဲ့ရပြီး အခုတော့ ကျွန်တော် နားလည် မှတ်သားထားသလို ပြန်ပြောလိုက်တာပါ။ )

ဒါကြောင့် လောကမှာ One Way ဆိုတာကို ကျွန်တော် ဖယ်ရှောင်ပြီး Ways များဖြင့်သာ ကျွန်တော် စဉ်းစားကြည့်ပါတယ်။ ဒါကြောင့် ကျွန်တော် စာဖတ်တော့လည်း ၊ စာရေးတော့လည်း One sense ဆိုတာထက် Multi Senses ဖြစ်အောင် ကျွန်တော် စဉ်းစားဖတ်ခဲ့ ၊ ရေးခဲ့ပါတယ်။ ကျွန်တော့်စာတွေကိုလည်း ကြိုက်သလို မြင်ဖို့ရာ နေရာမှာ ချပြထား ၊ ရပ်ပြထား ခဲ့ပါတယ်။ ဒါကလည်း ဖြစ်သင့်တယ်လို့ပဲ ထင်ပါတယ်။

ကျွန်တော် ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် စာအုပ်ကို ၁၉၉၈ ခုနှစ်က ဝယ်ပြီး ဖတ်ဖြစ်ခဲ့ပေမဲ့ သဘောပေါက်ပုံက တစ်မျိုးဖြစ်နေခဲ့တယ်။ ဒါနဲ့ စာအုပ်ပုံကြားထဲမှာ သူက ခပ်ကွယ်ကွယ်ပဲ ငုပ်လျှိုးနေခဲ့တယ်။ နောက်တော့ ကျွန်တော် ၂၀၀၆ မှာ ကျွန်တော့်စာအုပ်ပုံလေးထဲက ပြန်တွေ့လို့ ဖတ်ခဲ့ရတော့ ကျွန်တော် အရင်က ဖတ်လို့ သိခဲ့သမျှ ၊ မြင်ခဲ့သမျှ တွေ အားလုံးဟာ အခု ကျွန်တော်ဖတ်လို့ သိခဲ့သမျှ ၊ မြင်ခဲ့သမျှ တွေနဲ့ တခြားဆီ ဖြစ်နေခဲ့ပါတော့တယ်။ ဒါဟာ အသက်အရွယ်ကြောင့် လူတစ်ယောက်ရဲ့ အမြင်ပြောင်းလဲ သွားခဲ့တာပါ။

ဒါကြောင့် စာရေးသူဆိုတာ စာဖတ်သူကို အမြင်တွေ ၊ ခံစားမှုတွေ  ၊ အတွေးတွေ များစွာ ပေးနိုင် မပေးနိုင် စာဖတ်သူလည်း စီစစ်ပြီး ဖတ်သင့်ပါတယ်။

ဒါက ကျွန်တော် ပေးချင်သော ပထမ မျက်မှန် တစ်လက် ဖြစ်ပါတယ်။

ကမ္ဘာမှာ နာဇီ နဲ့ ဖက်ဆစ် စနစ်ကြီး ကျဆုံးခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ( တခြား စနစ်တွေ ကျွန်တော် မပြောလိုပါ ၊ မနိုင်ပါ ၊ မပြောရဲပါ။ ကျွန်တော် နားမလည်သောကြောင့် ဖြစ်သည်။ ) ဒါပေမဲ့ ဒီစနစ်ကြီး တွေ ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ဆုံးသွားပါပြီလို့ ပြောလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က သိခဲ့ကြပါတယ်။ ရာမ နဲ့ ဒဿဂီရိ ဆိုရင် အားလုံးက ဒဿဂီရိကို အရမ်းမုန်းကြပါတယ်။ ဘာလို့လဲ ဆိုတော့ ရာမ နဲ့ သီတာ ကို ညားစေချင်တာကိုး ၊ ဒါကြောင့် ဒဿဂီရိ ကို ထည့်မတွက်တတ်ကြပါဘူး။ 

ဒီ အမြင်လေးကို တွန်းလှန်ပြောင်းလဲ လိုက်တာကတော့  ဆရာ ချစ်ဦးညိုပါ။ သူက “ လင်္ကာ ဒီပ ချစ်သူ ” စာအုပ်ကို ထုတ်ပြီး ဒဿဂီရိ ဆိုတာလည်း ချစ်တတ်တဲ့ အသည်းနှလုံးနဲ့ ဆိုတာကို ထုတ်ပြခဲ့ပါတယ်။ ဒီတော့ လူတွေ အရင်က မုန်းနေခဲ့ကြတာကနေ သူ့ကို စာနာခံစား သနားလာကြပါတယ်။

ဒီလိုပါပဲ . . . ကမ္ဘာပေါ်မှာလည်း စာရေးဆရာတွေက သူတို့ရဲ့ ဇာတ်ကောင်ကို အမွှန်းတင်ရင်း မလိုအပ်ပဲ နာဇီ ၊ ဖက်ဆစ် စနစ်များကို ကောင်းတယ် ဆိုသလို ဖော်ကျုးကာ ရေးသားမိတတ်ပါတယ်။ ဒါကို ဖတ်ကြရသော မသိနားမလည်သေးသော လူငယ်လေးများက ဖတ်မိပြီး နာဇီ  ၊ ဖက်ဆစ် ဝါဒတွေကို အလွန်ကောင်းသော စနစ်တွေ အဖြစ်ခံယူမိကာ သူတို့ကိုယ် သူတို့ တကယ့်ကို နာဇီ ၊ ဖက်ဆစ် ခေါင်းဆောင်များ သဖွယ် ခံယူပြီး ကားတွေ တဝီဝီ ၊ ဆိုင်ကယ်တွေ တဝူးဝူး နဲ့ စစ်ရေးပြတတ်ကြပါတယ်။ ဒါ စာရေးဆရာရဲ့ ဖော်ညွှန်းချက် အမှားကနေ ဖြစ်လာတဲ့ ဖြစ်ရပ်တွေပါ။ 

စာရေးဆရာ ဆိုတာ မလိုအပ်တာတွေ မဖော်ညွှန်းသင့်ပါဘူး။ ဒီလို ဖော်ညွှန်းမှုကြောင့် လူပေါင်းများစွာ ဒုက္ခရောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် စာရေးသူရဲ့ စာက ဘာလဲ ၊ စာရေးသူက ဘာကို ဖော်ညွှန်းချင်နေတာလဲ စာဖတ်သူတွေကလည်း မြင်အောင် ကြည့်ပြီး ဖတ်ကြည့်သင့်ပါတယ်။

ဒါက ကျွန်တော် ပေးချင်သော ဒုတိယ မျက်မှန် တစ်လက် ဖြစ်ပါတယ်။

ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြော ဖြစ်လိုက်ပါတယ်။ ပြောရင်း ဆိုရင်း ကျွန်တော် စာရေးတဲ့ အကြောင်းပါလာတော့ ကျွန်တော်က ကျွန်တော် ရေးနေတဲ့ ရည်ရွယ်ချက်ကို သူ့ကို ပြောပြမိတယ်။ ကျွန်တော် ပြောတာကတော့ ရိုး ပါတယ်။ 

“ ငါက လိုနေတာလေးတွေ ဖြည့်ပေးချင်တာပါ။ ”

ကျွန်တော်က ဒီလို ပြောလိုက်တော့ သူက ချက်ချင်းပဲ တုန့်ပြန်ပြောဆိုပါတယ်။ 

“ လိုနေတာတွေကို ဖြည့်ပေးတာ ဆိုတော့ “ ဆရာကြီး ” လား။ ”

တဲ့.။ ကျွန်တော် ဘာမှ ဆက်မပြောနိုင်လောက်အောင် အံ့သြ မှင်သက်သွားတယ်။ သူပြောတဲ့ စကား အဓိပ္ပါယ်ကို မြန်မာလို ကြားလိုက်ရပေမဲ့ ကျွန်တော် နားမလည်လိုက်ပါ။ သူငယ်ချင်း အရင်းကြီးက ပြောတော့ ပိုပြီး နားရှုပ်သွားတယ်။ ဒီတော့မှ ကျွန်တော့် စကားလုံးကို ကျွန်တော် ပြန်ပြီး သရုပ်ခွဲကြည့်ရပါတယ်။ တကယ်တော့ ကျွန်တော် တွေးတာနဲ့ သူတွေးတာ တော်တော်ကို လွဲသွားတာပါ။

ဥပမာ - ကျွန်တော်ကို ပြောလာတယ် ၊ မေးကြတယ်။ ( မေးလ်ပိုခြင်း ၊ စီဘောက်မှာ ရေးခြင်း ) အခု မိန်းကလေးတွေ ဝတ်တာ ၊ စားတာ အရမ်းဆိုးလာတယ် ပညာပေးလေး ရေးပေးပါဦး။ ဆိုက်မှာ (ကျွန်တော် ) သီချင်းတင်ထားသလို ဘယ်လို တင်ရတာလဲ။ PDF ဖိုင်ကို စာလုံးတွေ မပြောင်းအောင် အလွယ်ဆုံး ဘာနဲ့ လုပ်ရမလဲ။ နောက်. . . . . .များစွာပေါ့။ 

ဒါတွေ အတွက် ကျွန်တော်က အရာအားလုံးကို မသိပါ ၊ မတတ်ပါ ၊ (ဒီထက် ပိုပြောရရင် ကျွန်တော်က ဘာမှ မသိ ၊ မတတ်သော သူတစ်ယောက်ပါ။) တစ်ခါတစ်လေ တိုက်ဆိုင်ပြီး ကျွန်တော် သွားဖတ်မိတာလေးတွေက နောက်နေ့ကျတော့ မေးတာလေးတွေ ဖြစ်လာတော့ အချိန်ရရင် ကျွန်တော် သူတို့ လိုနေတာလေးတွေကို ဖြည့်ပြီး ပြောပြမိတယ်။ တစ်ဦးတစ်ယောက် သိရုံဆိုပြီး မေးလ်က မပို့တော့ပဲ ကိုယ့်နေရာလေးမှာ ပို့စ်လေး တင်ပြီး သူများတွေလည်း အဆင်ပြေအောင် တင်လိုက်မိတယ်။ 

ဒီလို ကျွန်တော် ဖြည့်ပေးနေတာတွေဟာ လွတ်နေတဲ့ အုတ်တစ်ချပ်နေရာမှာ အုတ်ခဲ မရှိခင် အချိန်မှာ ဝင်ပြီး ခဏထမ်းပေးထားတဲ့ လမ်းဘေး ကျောက်တွေ လိုမျိုး ၊ ဘုရား လျှောက်တော်မူမဲ့ လမ်းမှာ တံတားကျိုးနေလို့ ခန္ဓာကိုယ်ကို တံတားလိုမျိုး ဖြည့်ခင်းပေးချင်တဲ့ ရသေ့တစ်ပါးရဲ့ စိတ်ဓါတ်မျိုးရယ်ပါ။ ကြာနီကန် ဆရာတော် ဦးဇဋိလ ပြောတာကို နည်းနာယူပြီး ပြောရရင် “ ကျွန်တော်လိုမျိုး မဖြစ်ညစ်ကျယ်  ဘလော့ဂ်ဂါတွေက များပါတယ်။ တကယ်ကောင်းသော ဘလော့ဂ်ဂါတွေဆီက စာတွေကို ဖတ်တတ်လာအောင် ၊ ဖတ်ချင်စိတ် ရှိလာအောင် ကျွန်တော်က သစ်မရခင် ဝါးနဲ့ ဘောင်ကွပ် ပြီး ဖြည့်ရေးပေးချင်တာလေး တစ်ခုပါပဲ။ ”

ဒါပေမဲ့ သူငယ်ချင်းကတော့ သူဌေးတစ်ယောက်က သူ့ကားမောင်းရင် အဆင်ပြေအောင် ပိုက်ဆံ စိုက်ထုတ်ပြီး လမ်းဖြည့်ခင်းတာမျိုး ၊ “ အလိုရှိတာ ဖြည့်ဆည်းပြင်ဆင် ကြစေဗျား ” ဆိုပြီး ဘုရင်က သူ့တိုင်းသူပြည်သားတွေကို ဖြည့်ပေးတာမျိုး ၊ သူများတွေကို “ အလိုရှိရာ တောင်းလော့ ” ဆိုပြီး ဖြည့်ဆည်းပေးနိုင်သော သိကြားမင်း တစ်ယောက်လို ဖြည့်ဆည်းခြင်း လို့ ထင်မှတ် သွားတယ် ထင်ပါတယ်။

ကျွန်တော် မရှင်းပြလိုက်ရပါ။ ရှင်းပြချိန်လည်း မရလိုက်။ မဖြေရှင်းပြချင်တာလည်း ပါတယ်။ ဒါကြောင့် စာဖတ်သူများ ဘယ်နေရာမှာပဲ စာဖတ်နေနေ ၊ ဘယ်စာအုပ် စာတန်းပဲ ဖတ်နေနေ စာရေးသူ ဘာကို တင်ပြချင်လဲ ၊ သူရေးထားတာတွေက ဘယ်လို နေရာတွေကို ဖြည့်ဆည်းပေးချင်လဲ ဆိုတာလေးကို မြင်အောင် ကြည့်ပြီး ဖတ်စေချင်ပါတယ်။

ဒါကတော့ ကျွန်တော် ပေးချင်တဲ့ တတိယ မျက်မှန် တစ်လက် ဖြစ်ပါတယ်။ 

ဒီလို မျက်မှန် သုံးလက် တပ်ပြီးပြီ ဆိုရင်တော့ ဘယ်နေရာမှာပဲ စာဖတ်ဖတ် ဒီမျက်မှန် သုံးလက်နဲ့ စာဖတ်ရင် စာရေးသူ ပေးချင်တာတွေကို မြင်ရပါလိမ့်မယ်။ ဒါဆိုရင်တော့ 3D ဇာတ်ကားကြီးကို အရောင် ၊ ရုပ်ထွက် ကောင်းစွာ နဲ့ မြင်နိုင်ပါပြီ။ 

အခုခေတ်မှာ Wide Screen တွေ ပေါ်နေပါပြီ။ အသစ်တွေလည်း ထပ်ထွက်ဖို့ ရှိနေပါတယ်။ Projector တွေမှာလည်း မြင်ကွင်းကျယ် ( Wide Screen ) တွေ ပေါ်နေတဲ့ ခေတ်မှာ ဒါကို ကိုယ်က နောက်ကျပြီး ၁၄ လက်မ အဖြူ ၊ အမည်း တီဗီလေးနဲ့  ကြည့်မှ မျက်စိအေးတယ် ဆိုတာမျိုး မဖြစ်သင့်တော့ဘူးလို့ ထင်မိပါတယ်။ အခုတော့ ကျွန်တော် အရင်က ရေးထားတဲ့ စာအချို့ကို ဒီ မျက်မှန် သုံးလက်နဲ့ အစမ်း သဘောမျိုး ပြန်ပြီး ကြည့်ကြည့်ရအောင်. . . ။ ပျော်စရာ ကောင်းမယ်လို့ ထင်မိပါတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ပထမဦးဆုံး “ ခွေးကဗျာ ”  ဆိုတဲ့  ကဗျာလေးကို မှတ်မိမလား မသိဘူး။ ကျွန်တော်က စိတ်ထဲမှာ ဖြစ်လာသလို ကဗျာလေးကို ချရေးတတ်ပါတယ်။ ဒါကြောင့် ကျွန်တော့် ကဗျာတွေက မကောင်းပါ။ အရင်က လေတွေ အကြောင်း စဉ်းစားမိတော့ “ လေကဗျာ ” ဆိုပြီး ရေးချမိသေးတယ်။ အဲဒီနေ့ကတော့ ခွေးတွေ အကြောင်းကို စဉ်းစားမိပြီး ဒီကဗျာလေးကို ရေးမိပါတယ်။

ကျွန်တော်က တစ်ခုခုကို တွေးပြီး ရေးမိရင် ဒါနဲ့ ပတ်သတ်တာလေးတွေကိုပါ ကျွန်တော့်မှာ ရှိသလောက် အကုန် အားစိုက် ရေးလိုက်မိတော့ ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး အချက်အလက်တွေ တော်တော် ပါသွားနိုင်ပါတယ်။ သူများတွေ အတွက် ဖတ်လို့ ကောင်းသည် ဖြစ်စေ ၊ ဖတ်လို့ မကောင်းဘူး ဖြစ်စေ ကျွန်တော့် အားစိုက်ထုတ်မှုကတော့ ဘယ်စာမှာမှ မလျော့ခဲ့ပါဘူး။

အခုလည်း ဒီ “ ခွေးကဗျာ ” လေးကို ရေးနေတုန်းမှာ ကျွန်တော် ခွေးနဲ့ ပတ်သတ်ပြီး ကြားဖူးတာလေးတွေ ၊ တွေးဖူးတာလေးတွေ အကုန်ထည့်ပြီး သူများတွေ မြင်သလို မဟုတ်ပဲ။ အမြင်ကျယ်ကျယ်လေးနဲ့ မြင်ပြီး ချရေးမိတယ်။ ဒီနေရာမှာ ဝန်ခံစရာ ရှိတာက ဒီကဗျာ ရေးနေတဲ့ အချိန်မှာ ကျွန်တော် ခင်မင်ရသော အစ်မတစ်ယောက်ကို တခြားသူတွေက ဝိုင်းပြီး ပြောနေတာ ဘေးကနေ မြင်နေရတော့ ဒါကိုလည်း ခံစားချက်ပါသွားတယ်။ ဒါနဲ့ပဲ ခွေးကဗျာလေး ဖြစ်သွားပါတော့တယ်။

Publish ကို နှိပ်ပြီး ကဗျာလေးကို တင်ပြီးတော့ ကျွန်တော် စိတ်ထဲမှာ တစ်ခုကို သွားသတိရတယ်။ ငါ ဒီအတိုင်း တင်လိုက်ရင် မှန်ပါ့မလား။ ဒီအချိန်မှာ ဖြစ်နေတာကို အခြေခံထားတာ ဆိုတော့ “ ကိုဇော့်ကဗျာ ကောင်းလိုက်တာ ”  ဆိုတဲ့ Comment မျိုး ကျွန်တော်မလိုချင်ဘူး။ ဒါကြောင့် အောက်ကနေ ( Conclusion (or) Writer Suggest Remark ) အနေနဲ့ “ ဒီနေ့ ခွေးကိုက်ခံရသော နေ့အမှတ်တရ ” ဆိုပြီး ကျွန်တော် ရေးလိုက်ပါတယ်။ ပြီးတော့ တင်လိုက်တယ်။ 

ခဏနေတော့ စိတ်ထဲမှာ တစ်မျိုး ဖြစ်လာပြန်ရော။ ငါ ဒီလို တင်လိုက်ရင် အားလုံးက တကယ့်ခွေး အကိုက်ခံရတာလို့ ထင်သွားလိမ့်မယ် ပေါ့လေ။ ဒါကြောင့် ပြန်ပြီး Edit လုပ်ပြီး “ ( ခွေးက လူခွေးပါ ) ” လို့ ထည့်ရေးလိုက်မိတယ်။ တကယ်တော့ ဒီလူခွေးက ကျွန်တော့်ကို လာကိုက်တာလည်း မဟုတ်။ သူများကို ကိုက်တာ ကျွန်တော်က ကြားက ဝင်ရေးပေးတာ. . .။ သို့သော် ကျွန်တော်ပြောသလို စာတစ်ပုဒ်လုံး ၊ ကဗျာတစ်ပုဒ်လုံးကို အောက်ဆုံးက မှတ်ချက်လေး တစ်ခုက ဖျက်ဆီးလိုက်ပါတယ်။ 

ကျွန်တော် အသံမျိုးစုံ ကြားလိုက်ရတယ်။ “ ဂိန်  ၊ ဂွမ် ၊ ကိန် ၊ ဝူး ” စုံနေတာပါပဲလား။ တကယ်တော့ ကျွန်တော်သာ အောက်ခြေက အဆုံးသတ် မှတ်ချက်လေး မထည့်ခဲ့ရင် သူတို့တွေရဲ့ အမြင်တွေက တစ်မျိုး ပြောင်းသွားမှာပါ။ ဘာပဲ ပြောပြော ကျွန်တော် အောက်ခြေက  ( Conclusion (or) Writer Suggest Remark ) ရဲ့ အလွန် အရေးပါ အရာရောက်မှုကို အသံမျိုးစုံ နဲ့ ကြားပြီး သိခွင့် ရလိုက်ပါတယ်။ 

ကျွန်တော့်အတွက် မှတ်သားစရာ တစ်ခုပါ။ အဲဒီတုန်းက ကျွန်တော့်မှာ စာရေးသူ နဲ့ စာဖတ်သူ ကြားထဲကို မြင်အောင် ကြည့်နိုင်တဲ့ “ မျက်မှန်သုံးလက် ” မရှိသေးပါ။ ဒါကြောင့် ကျွန်တော် ဒီ ခွေးကဗျာလေးကို အခုနောက်ပိုင်းမှ ပြန်ပြီး မျက်မှန်တပ်ပြီး လေ့လာခွင့်ရတော့တယ်။ အခု စာဖတ်သူလည်း အထက်က မျက်မှန် သုံးလက် တပ်ပြီး လေ့လာ ဖတ်ရှုကြည့်ပါလား။ 

 ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လူတွေရဲ့ အမြင်နဲ့ သူတို့ ရင်ထဲကို ထင်းထင်းလင်းလင်းကြီး မှောင်နေတဲ့ ဂူထဲကို လက်နှိပ်ဓါတ်မီးနဲ့ ထိုးလိုက်သလို မြင်သွားစေတဲ့ စာလေး တစ်ပုဒ် ရှိပါသေးတယ်။ ဒါက ကဗျာလေး တစ်ပုဒ်ပါပဲ။ တကယ်တော့ ဒီကဗျာလေးကို “ ကြက်ကဗျာ ” လို့ ပေးဦးမလို့ပါပဲ။ ဒါပေမဲ့ အဓိပ္ပါယ်ကြီးက တစ်မျိုး ဖြစ်နေလို့ “ ကြက်တွန်သံ ” လို့ပဲ ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

ဒီကဗျာလေးကို ကျွန်တော်က ကျွန်တော့်အမြင် ရိုးရိုးလေးနဲ့ ရှင်းရှင်းလေး ရေးလိုက်တာပါ။ ဒါပေမဲ့ ကျွန်တော့်အမြင်နဲ့ စာဖတ်သူ အမြင် တော်တော် မတူဘူး ဖြစ်သွားကြတယ်။ ဘာလို့လဲ ဆိုတော့ နောက်ဆုံးမှာ ကျွန်တော် အဆုံးသတ်အနေနဲ့ ရေးထားတာက “ ဒါကြောင့် ဝမ်းကစ်ခ်ခ်ခ်  ( Kick )  “ ဝုန်း ” ဆိုပြီး ရေးထားလိုက်တော့ အားလုံးရဲ့ အမြင်မှာ ကြက်ဖကြီး ( အဆိုတော် မဟုတ်ပါ :P ) ကို ကျွန်တော်က ကန်လိုက်တယ် လို့ပဲ မြင်ကြတယ်ဗျာ။

တကယ်တော့ ကြက် မပြောနဲ့ ဘာကောင်ပဲ ဖြစ်ဖြစ် သူတို့ အန္တရာယ်ကို သူတို့သိပါတယ်။ သူ့ရဲ့ သခင် ဒေါသထွက်နေပြီ ဆိုရင် သူတို့ အလိုလို သိတတ်ကြပြီး သူတို့ ရှောင်သွားတတ်ပါတယ်။ အခုလည်း ကျွန်တော်က သူ့ကို မုန်းတော့မုန်းတယ်။ ဒါပေမဲ့ အခုလို အိပ်ဖို့ ဆိုပြီး တွန်နေတော့ ဆက်မတွန်နဲ့တော့ ဆိုတဲ့ သဘောနဲ့ သူ့ကို ထွက်သွားအောင် နံရံကို ကန်ပြီး ခြောက်လိုက်တာပါ။ ဒီတော့ သူကလည်း လန့်ပြီး မတွန်ပဲ ပြေးရောပေါ့ဗျာ။ ဒါကို အားလုံးက ကျွန်တော့်ကဗျာလေးထဲမှာ ကျွန်တော်က ကြက်ဖကြီးကို ကန်လိုက်တယ် ထင်နေတာ. . အမလေးဗျာ . .သူ့ကို ကန်ဖို့ နေနေသာသာ ဖမ်းလို့ကို မမိတာ. . .:P :P :P

ဒါနဲ့ ဒီကဗျာလေးကို ဖတ်ပြီး ကျွန်တော် သူများတွေ မန့်တာကို ကြည့်ပြီး ပြုံးခဲ့ရပါတယ်။ စာဖတ်သူများကလည်း တစ်ခုခု အတွေးလေးတွေ ရသွားခဲ့ရင် Comment မှာသာ ချရေးထားခဲ့ပါ။ ကိုယ်လည်း တွေးပြီး ပျော်ရသလို သူများတွေလည်း အတွေးတွေ ရတာပေါ့။ ဒီလို ကိုယ့်အတွေးတွေ ရလို့ ရေးသွားတာကို ကျွန်တော်က စိတ်ဆိုးမယ်လို့ မထင်ပါနဲ့။ ကျွန်တော် စိတ်မဆိုးပါဘူး။ စာလုံးပေါင်းမှားတာကို ပြဿနာကြီး တစ်ခုလို လာပြောတဲ့ သူကိုတောင်မှ ကျွန်တော် စိတ်မဆိုးသေးတာပဲလေ။ ကိုယ်လည်း စိတ်ကူးပေါ်လာတာလေးတွေ ချသာရေးသွား ၊ အားလုံးလည်း တွေးမိ မြင်မိတာပေါ့ဗျာ။ ပျော်စရာ ကောင်းပါတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

နောက်တပ် တစ်ပုဒ် အနေနဲ့ ကျွန်တော် အပြောချင်ဆုံး ပို့စ်လေး တစ်ပုဒ်ကတော့ “ ခပ်ညံ့ညံ့ အောင်သွယ်တော် ”  ဆိုတဲ့ ဝတ္ထုတိုလေးပါ။ ဒီပို့စ်လေးထဲမှာတော့ ကျွန်တော်က ကိုယ်တိုင် နှစ်ရာကို နှစ်နေရာက ပြောင်းပြီး ကျွန်တော် ခံစားရေးထားခဲ့တယ်။ ဒါက အဓိကတော့ မကျလှပါဘူး။ အဓိက ကျတာက ကျွန်တော် ဒီဝတ္ထုတိုလေးမှာ ဖွတ်ထားတာ တော်တော် များများပါပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေ အားလုံးက ဒါကို မြင်သွားကြတယ်။ 

တကယ်ပါ ကျွန်တော် အရမ်းကို ဝမ်းသာမိတယ်။ တကယ်တော့ ကျွန်တော် ရေးထားတာမှ ကောင်လေးက ကောင်မလေး တစ်ယောက်ကို တွေ့တယ်။ နောက် သူ့အကြောင်းနဲ့ ကောင်မလေး တစ်ယောက်နဲ့ ကားပေါ်မှာ ဆုံတယ်။ အဲဒီကောင်မလေးက သူမ ဖြစ်နေတယ်။ နောက်တော့ ကလေး တစ်ယောက်ကို ပေါင်းတယ်။ ဒီတော့မှ ပေါ်လာတဲ့ ကလေးက ဇာတ်လမ်းရဲ့ အဓိက အောင်သွယ်လုပ်ပေးမဲ့ ကလေးတစ်ယောက်။ ဒီကလေးက ဒီကောင်လေး အကြောင်း သူ သိချင်လို့ စုံစမ်းတယ်။ နောက်တော့ ကောင်မလေးကို သူသိတာကို ပြောပြလိုက်မိတယ်။ ဒါကြောင့် ဇာတ်လမ်း အဆုံးမှာ ကောင်မလေးက ကလေးလေး ပြောတဲ့ အတိုင်း X X X X X X X X X X X  X X X X X X X X 

ဒီမှာ ကျွန်တော် ကောင်လေးက ကောင်မလေးဆီက အချစ်ကို ကြိုးစားတာတွေ ၊ ကောင်လေးနဲ့ ကောင်မလေး အပြင်မှာ ချိန်းတွေ့တာတွေ ၊ သူတို့ အပြင်အခြေအနေတွေကို မတင်ပြထားပါဘူး။ အဆင့်များစွာ ကျော်ပြီး ရေးပြထားပါတယ်။ နောက်ဆုံး ကောင်လေးနဲ့ ကောင်မလေး စကားပြောခန်းမှာလည်း သူတို့ ပြောတာကို တိုက်ရိုက် မတင်ပြပဲ သူတို့ပြောနေတာကို ဘေးက ကောင်လေး တစ်ယောက် တစွန်းတစ ကြားမိတဲ့ အနေနဲ့ပဲ တင်ပြထားပါတယ်။ နောက်တော့ ကောင်လေးက သူ့ဖာသာ ရုတ်တရက် ပြန်လည် ပျောက်ကွယ် သွားပါတယ်။ ကောင်မလေးကလည်း သူ့ဖာသာ ဆက်လက် လည်ပတ်နေခဲ့တယ်။ 

ဒါတွေကို ထည့်မရေးခဲ့ဘူး။ ဒါပေမဲ့ စာဖတ်သူတွေက မြင်သွားရုံတင် မကဘူး။ သူတို့ နောက်ထပ် ဘာများ ဆက်ဖြစ်သွားလဲ ဆိုပြီး ကျွန်တော့်ဆီကို မေးလ်တွေပို့ပြီး မေးကြပါတယ်။ ကိုဝဏ္ဏ နဲ့ မသူဇာ နောက်တော့ ဘာများ ဖြစ်သွားကြလဲ တဲ့။ ကျွန်တော် ပြန်မဖြေခဲ့ပါဘူး။ ဒီဝတ္ထုတိုလေးက အပြင်မှာ တကယ်ဖြစ်ခဲ့တာလေးကို ကျွန်တော်က ကျွန်တော့်ရေးဟန်လေးနဲ့ တင်ပြလိုက်တာပါ။ မသူဇာ ဆိုတာ ကျွန်တော် အစ်မ ဝမ်းကွဲပါ။ “ ကေသာနိုး ” ဆိုပြီး နာမည်တွင်အောင် ကျွန်တော် နာမည်ပေးခဲ့သူပေါ့။ သူ့အကြောင်းကိုတော့ ကျွန်တော် “ ဝက်ပစ်ဂ်ရဲ့ အစ်ကို ဆိုတော့ ” ဆိုတဲ့ ပို့စ်မှာ ရေးထားပါတယ်။

အခုတော့ ကျွန်တော် သူတို့ နှစ်ယောက် အကြောင်းကို ပြောပြပါ့မယ်။ မသူဇာက အခုတော့ အိမ်ထောင်နဲ့ပါ ကလေးနှစ်ယောက်နဲ့။ သူယောက်ျား ( ကျွန်တော့် ယောက်ဖဝမ်းကွဲ ) ကတော့ အခု စလုံးမှာပါ။ သူတို့ဖာသာ အိမ်ထောင်ကတော့ သာသာယာယာပါပဲ။ အရင်က ဖြစ်ခဲ့တာတွေကိုလည်း မသူဇာလည်း အဲဒီတုန်းက ငယ်သေးတော့  အခုချိန်ဆို သူ့ကလေးတွေ ထိန်းနေရတာနဲ့ သတိတောင်မှ ရတော့မယ် မထင်ပါ။ ကိုဝဏ္ဏကတော့ အခုချိန်အထိ လူပျိုကြီးပါပဲ။ တတ်လိုက် ဆင်းလိုက်နဲ့ သင်္ဘောသား အဖြစ် နယ်မြေတွေကို အသစ်ရှာဖွေနေတုန်းပါပဲ။ ကိုဝဏ္ဏ အိမ်ထောင် မပြုသေးဘူးလား လို့ ကျွန်တော် မမေးမိတာ ဘာကြောင့်လဲ ဆိုတာတော့ စာဖတ်သူများ ခံစားနားလည်နိုင်လိမ့်မယ် ထင်ပါတယ်။ 

ဘာလို့လဲ ဆိုတော့ ကျွန်တော်က ခပ်ညံ့ညံ့ အောင်သွယ်တော် တစ်ယောက်ကိုး။ သူကလည်း ဈေးဦးကျိုးသွားသူ တစ်ယောက်လို ဘဝမှာ နောက်ပိုင်း အချစ်နဲ့ ပတ်သတ်ပြီး အရောင်းအဝယ် မဖြစ်တော့တာလား ဆိုတာတော့ ကျွန်တော်လည်း သေချာတော့ မသိပါဘူး။ တကယ်လို့ ကျွန်တော်သာ အခု အချိန်မှာ အောင်သွယ်ခွင့် ရမယ် ဆိုရင် . . . . . ကျွန်တော် ထင်ပါတယ် ကျွန်တော် တော်သော အောင်သွယ်တော် မဖြစ်နိုင်ရင်တောင်မှ “ ခပ်ညံ့ညံ့ အောင်သွယ်တော် ” တော့ ဖြစ်တော့မယ် မဟုတ်တော့ပါ။

ဒီဝတ္ထုတိုလေးက ကျွန်တော့်ကို အထက်က ဆိုခဲ့သော “ မျက်မှန် သုံးလက် ” ကို တိတိကျကျ ရှာဖွေပေးခဲ့တာပါပဲ။ ကျွန်တော်လည်း ဒီမျက်မှန် သုံးလက်နဲ့ အခုချိန်ထိ ကျွန်တော့်စာတွေကို သူများစာတွေကို တပ်ဆင်ပြီး ဖတ်ကြည့်မိပါတယ်။ 

၁) Multi Senses ဖြစ်ပြီး အမြင်ကျယ်ကျယ် ၊ နည်းလမ်းသွယ်သွယ်တွေ ပေးနိုင်လား။

၂) စာရေးသူက သူပြောလိုရာကို စာထဲမှာ မှိုင်းတိုက်သလို ပုံဖော်ထားလား ၊ သူ့စာကို စာထဲမှာ ပုံမဖော်ပဲ သူခံစားမှု အတိုင်း ခံစားပါလို့ ဖော်ညွှန်းချက်တွေ ရေးထားလား။

၃) စာရေးသူ ပေးချင်တာက ဘာလဲ ၊ သူက “ ဖြည့်ချင်သူလား ၊ အဖြည့်ခံလား ”

ဒါလေးတွေနဲ့ ကျွန်တော် ရေးသော စာများကို ဖတ်ပြီး အားမနာတမ်းသာ Comment ရေးပြီး ဝေဖန်ပေးစမ်းပါဗျာ။ (သူများနေရာတွေမှာတော့ ဒီ မျက်မှန်ကြီး တကားကား နဲ့ သွားဖတ်ပါ လို့ ကျွန်တော် မပြောလိုပါဘူး။ ဒါဆို ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။) ကျွန်တော့်နေရာမှာတော့ မြင်ကြည့် ၊ တွေးကြည့်သွားပါ  ၊ ရေးသွားပါ။ တစ်ခု ရှိတာကတော့ ရေးသူက အကောင့်မဝင်ပဲ Anonymous ဆိုရင်တော့ ကျွန်တော်ကလည်း Neglect ၊ Ignore ပေါ့ဗျာ။ မဟုတ်ဘူးလား။ 

ဒီနေ့ ကျွန်တော် ဖတ်ရတဲ့ ဘလော့ဂ်ဂါ မောင်မိုး ရဲ့ ဒီစာလေး က အရမ်းကို တန်ဖိုး ရှိတယ်ဗျာ။ သွားပြီး ဖတ်ကြစေလိုပါတယ်။

*** အရာရာကို Wide Screen နဲ့ ကြည့်နိုင် မြင်နိုင်ပြီး Multi Senses နဲ့ ခံစားနိုင်ကြပါစေဗျာ။***


လေးစားစွာဖြင့်
ကိုဇော် 
20.4.2010 - 3.10 AM

.
Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

မြတ်မွန် said...

ကောင်းပါတယ် ကိုဇော်..မျက်မှန်တပ်ပြီး စာဖတ်တော့ ပိုရှင်းတာပေါ့..။

sosegado said...

လာရောက်ဖတ်သွားပါတယ်၊ တော်တော်သိမြင်လိုက်ရပါတယ်၊ မျက်မှန်တတ်ဖို့ မျက်မှန်စမ်းရဦးမယ်လေ၊ ပါဝါကြီးတဲ့သူတွေ 3D မျက်မှန်တတ် ရုပ်ရှင်ကြည့်ရင် ဘယ်လိုနေမယ် မသိဘူး၊ တစ်ယောက်ကတော့ မူးတယ်လို့ပြောတယ်၊
ကိုဇော်ရဲ့ posts ဟောင်းတွေကိုပြန်ဖတ်မိပါတယ်၊
ပျော်ရွှင်ပါစေ၊

အောင်မော် said...

ကိုဇော်ေ၇...မျက်မှန်ဆို၇င် ray banဘဲတပ်ဖြစ်တယ်......ကြုံတော့မှ ကိုဇော့်မျက်မှန်တွေစမ်းကြည့်ဦးမှ။

မောင်မိုး said...

ပေးချင်တာတစ်ခု ယူသွားတာကတစ်ခု။ ပြောလိုက်တာကတစ်မျိုး ကြားသွားတာကတစ်မျိုး။
ခေါက်ရိုးကျိုးနေတဲ့ ဦးနှောက်တွေကို ပြန်ဖြန့်ဖို့ကြိုးစားရင်း အဲဒီခေါက်ရိုးတွေထဲကို ဆွဲသွင်းခံရတဲ့ အဖြစ်မျိုးတွေလည်း ခဏခဏကြုံဖူးတယ်။ ဒါဟာ လူသဘာဝပဲရယ်လို့ ရင်မောစွာ စဉ်းစားရင်း နောက်ထပ်စာရေးဖို့တွန့်နေခဲ့တာ အခါတစ်ရာမကတော့ဘူး။

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုပေးတဲ့ မျက်မှန်တွေကို သေချာယူသွားပါတယ်။ တန်ဖိုးရှိသောပို့စ်တစ်ပုဒ်ပါ အစ်ကို ကိုဇော်ရေ...

Flower said...

စေတနာကောင်းလေးတွေ ထားတတ်တဲ့ အတွက်
စာဖတ်သူတွေကို ထိုက်သင့်သလောက် အကျိုးရှိစေမှာပါ.. ပေးသူက ပြည့်ဝစွာပေးပေးမဲ့
ယူမဲ့သူက ပြည့်ဝအောင် ယူသွားဖို့သာ လိုပါတယ်..
တစ်ချို့တစ်ဝက်လောက် ရသွားရင်တောင် စေတနာအလကားမဖြစ်ဘူးပေါ့..
နှစ်သစ်မှာအတွေးသစ် အမြင်သစ်များနဲ့ ပျော်ရွှင်ပါစေ..

အဖြူရောင်နတ်သမီး said...

အရင်ကတော့ မျက်မှန်မပါပဲ ဖတ်နေခဲ့တာ...
ကိုဇော်လုပ်မှပဲ မျက်မှန်(၃)လက်နဲ့ အလုပ်ပိုများလာပြီ..၊ပထမတခုကိုချွတ်...နောက်တခုကိုတပ်၊ ပြီးတော့ အဲဒီတခုကိုချွတ်...နောက်ဆုံးတခုကိုတပ်၊ အဲ..ပြီးပြန်တော့ နောက်ဆုံးတလက်ကိုချွတ်...ပထမဦးဆုံးတလက်ကိုပြန်တပ်....အဲ..ပြီးပြန်တော့...ဟောဟဲ..ဟောဟဲ....းးး))))

------------------------------------------------
စတာပါ....ကိုဇော်ရဲ့...
ညီမက စာတွေကို လေးလေးနက်နက်နဲ့ ခံစားပြီးအမြဲဖတ်ပါတယ်...
ကဗျာတွေဆိုရင်လည်း အဲဒီလိုပဲ....
ကဗျာရေးသူတွေက သူတို့ခံစားချက်နဲ့ရေးပေမယ့် ကိုယ်က “ကဗျာထဲက ဇာတ်ကောင်အဖြစ်” ဝင်ခံစားပြီးဖတ်တာ....
-------------------------------------------
ကဗျာရေးသူ...စာရေးသူများကို အစဉ်လေးစားလျှက်...

thu thu win said...

မှတ်သားသွားပါတယ် အကိုဇော်။

Anonymous said...

တချို့ကိစ္စတွေကို ပေါ့ပေါ့ပါးပါးလေးတွေးကြည့်ပါလား ကိုဇော်....

Anonymous said...

တချို့ကိစ္စတွေကို ပေါ့ပေါ့ပါးပါးလေးတွေးကြည့်ပါလား ကိုဇော်....

SHWE ZIN U said...

မျက်မှန်လေး ၃လက်ကို သေချာ ဖတ်သွားပါတယ်..

စာရေးသူ ဆိုလိုချင်တာတွေကို စာဖတ်သူကလည်း သဘောပေါက်ချင်မှပေါက်တာဗျ..

ကျနော်ဆို ငယ်ငယ်က တချို့စာအုပ်တွေဖတ်ပြီး ဘာမှ သိတ်မသိဘူး ကြီးလာမှ ပြန်ဖတ်မှ တော်တော် သဘောပေါက်သွားတာတွေ အများကြီးရှိတယ်..

စာရေးသူ ရဲ့ အာဘော်တွေဟာ စာဖတ်သူတွေပေါ် မှာ အများကြီး လွှမ်းမိုးမှု့ရှိပါတယ် ..

ပိုပြီး လွှမ်းမိုးမှု့ရှိတာတွေကတော့ အဆိုတော်တွေ ရုပ်ရှင်သရုပ်ဆောင်တွေပေါ့ဗျာ..

ဒါပေမဲ့ ဖတ်သူမှာလည်း တာဝန်ရှိပါတယ် စာအုပ်ကောင်း တွေကို ရွေးချယ်နိုင် တဲ့ အစွမ်း ရှိရမယ်ဗျ..

ငယ်တုန်းကတော့ စာအုပ်ဆို အကုန်ဖတ်ဘဲ.. ကြီးလာတော့ မရတော့ဘူး.. ကိုယ့်စိတ်နဲ့ မတွေ့တဲ့ စာအုပ်ဆိုရင် ကိုင်တောင်မကြည့်ဘူး..

အေးချမ်းပါစေဗျာ

ခင်တဲ့
ရွှေစင်

Unknown said...

ပထမမျက်မှန်လိုမျိုးဘဲ..လမ်းတွေကို အခုအရွယ်မှာတော့ကြည့်တတ်လာပြီထင်တာဘဲ
ဒုတိယမျက်မှန်ကိုလည်း ကြိုက်တယ်
တတိယမျက်မှန်ကတော့ ဟိဟိ..
ကျွန်တော်အကြိုက်ဆုံးပါဘဲခင်မျာ

Unknown said...

ဟုတ်တယ်ကိုဇော်.. လူတွေရဲ့ အမြင်က အသက်အရွယ်နဲ့ ခေတ်ကာလအလိုက် အမြဲ ပြောင်းလဲနေတာနော်.. ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ကွာခြားမှုကလဲ အမြင်တွေကို မတူညီစေနိုင်ဘူး.. ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေးထဲမှာ စာရေးသူရဲ့ စေတနာကိုတော့ နားလည်ခံစားမိပါတယ်...

Anonymous said...

အဲဒီ Anonymous ဆိုတာကိုလဲ မျက်မှန်တစ်ခုခုတော့ တပ်ပြီးကြည့်ပေးသင့် တယ်ထင်ပါတယ် ကိုဇော်ရေ။ Anonymous ဆိုတာနဲ့ဘဲ Neglect, Ignore တော့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ You should make a decision according to their comments. That's just my personal opinion!
ဒီ Blog ရဲ့ ပင်တိုင် စာဖတ်ပရိတ်သတ်တစ်ဦးအနေနဲ့ မြင်မိတဲ့ အမြင်လေး တစ်ခုဆိုရင်လဲရပါတယ်။ နေ့တိုင်းလောက်နီးပါးစာလာဖတ်ဖြစ်ပေမဲ့ (ခရီးသွားချိန်ကလွဲလို့) Comment ကတော့ ဒီဟာနဲ့ပါဆိုရင် ၂ခါ (သို့) ၃ခါ လောက်ဘဲရေးဘူးပါတယ်။
ပရိတ်သတ်တစ်ဦး

မြသွေးနီ said...

မျက်မှန်လေးတွေက စာဖတ်သူတွေနဲ့ သင့်လျှော်ပါ့မလား..။
စာဖတ်သူတွေကရော သူတို့နဲ့ သင့်လျှော်တဲ့ မျက်မှန်လေးတွေကို ရွေးယူ တတ်တတ် ပါ့မလား..။ အင်း စဉ်းစားမိတာလေးပါ။

ထင်လင်းသူ said...

'အကိုရေ အလင်္ကာဒီပချစ်သူမဟုတ်ဘူးခင်ဗျ လင်္ကာဒီပချစ်သူပါခင်ဗျာ။

ကိုဇော် said...

ကျေးဇူးပါပဲ. .ထင်လင်းသူရေ. .
ဒါကို သေသေချာချာ မြင်အောင် ဖတ်ကြည့်ပေးပြီး အမှန်ပြင်ပေးသွားတဲ့ အတွက်. . .