မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 April 2010

8 လောဘကြီးသူများ




တစ်ခါတစ်လေ ပြန်စဉ်းစားကြည့်ရင် တချို့ကိစ္စတွေမှာ လောဘကြီးတာက စိတ်ပျက်ဖွယ် ဖြစ်ပေမဲ့ တစ်ခါတစ်လေကျတော့လည်း ရယ်ဖို့ ကောင်းနေပြန်ပါလေရော။

လူတိုင်းလူတိုင်း လောဘတော့ ရှိကြတာပါပဲ။ ရိုးရိုးလောဘနဲ့ မတော်လောဘပဲ ကွာမယ်လို့ ထင်တယ်။ ရိုးရိုးလောဘ ဆိုတာကတော့ လူတိုင်းမှာ ရှိပါတယ်။ မရှိတာကတော့ အကောင်းဆုံးဆိုပေမဲ့ ရှိလည်း ရှိသင့်တယ် ထင်တယ်။ တစ်သိန်းချမ်းသာသူက ၁၀ သိန်း ချမ်းသာချင်တယ်။ ၁၀ သိန်းချမ်းသာနေသူက သိန်း ၁၀၀ ချမ်းသာချင်တယ်။ ကားမရှိတဲ့ သူက ကားရှိချင်တယ်။ ကားတစ်စီးရှိနေတဲ့ သူက ကား နှစ်စီး ဖြစ်ချင်တယ်။ ဘွဲ့တစ်ခု ရထားသူက ဘွဲ့နောက်တစ်ခု ရချင်တယ်။

လူတိုင်းလူတိုင်း လောဘကြီးတယ် လို့ ဆိုထားမှတော့ လောဘကြီးသူများထဲမှာ ကျွန်တော်လည်း ပါတယ်။ ကျွန်တော်က ငယ်ငယ်ကပေါ့။ ဖေဖေ့ဆီက သကြားလုံးတောင်းတယ်။ ဖေဖေက ကျွန်တော် သကြားလုံးတောင်းတိုင်း ထိုင်ရာက ထလိုက်ပြီး အဝတ်ချိတ်မှာ ချိတ်ထားတဲ့ ဂျာကင်က အိတ်ကနေပြီး ထုတ်ပေးတယ်။ တစ်လုံး။

ဒါက ငယ်သေးတာကိုး တစ်လုံးနဲ့ ရတယ်။ နည်းနည်းကြီးလာတော့ လက် ဆိုတာ နှစ်ဖက်ရှိတယ် ဆိုတာ သိလာတော့ ဖေဖေ သကြားလုံးပေးရင် လက်ဝါးနှစ်ဖက် ဖြန့်ပြတယ်။ ဒီတော့ ဖေဖေကလည်း အလိုက်သိတယ်။ လက်တစ်ဖက်မှာ တစ်လုံးနှုန်းနဲ့ နှစ်လုံးပေးတယ်။ နောက်တော့ ဒီထက် အသက်ကြီးလာတော့ လက်ထဲမှာ သကြားလုံး နှစ်လုံးဆိုတာထက် ပိုပြီး လက်ခံရယူနိုင်တယ် ဆိုတာ သိလာတော့ ဒီထက် လက်ဝါးကို ကြီးကြီး ဖြန့်တယ်။ ပိုရလာတယ်။

ဒီထက် ပိုပြီး လောဘတတ်လာတော့ ကိုယ့်ဖာသာပဲ နှိုက်စားတော့မယ်ကွာ ဆိုပြီး ဖေဖေ့အဝတ်ချိတ်တဲ့ ဂျာကင်အိတ်ထဲကို ခုံလေးခုပြီး တတ်နှိုက်လိုက်တော့ ဘာမှ မရှိ။ ဗလာ။ ဖေဖေကတော့ ကျွန်တော် စားချင်တယ် ဆိုတိုင်း နှိုက်ပေးလိုက်ရင် သကြားလုံးတွေ ထွက်လာတာပါပဲ။ နောက်တော့မှ ကျွန်တော် သဘောပေါက်တော့တယ်။ ဖေဖေက သူထားရာ နေရာကို ကျွန်တော် သိမှာ စိုးလို့ တခြားနေရာကနေ ယူလာပြီး သူ့လက်ကို ဂျာကင်ထဲ အနှိုက်သာ ပြခဲ့တာ. . တကယ်က ဖေဖေ့လက်ထဲမှာ နဂိုကတည်းက ပါပြီးသား။

ဒီထက်လည်း နည်းနည်းကြီးလာရော ကျောင်းက စာမှာ သင်ရပါလေရော။ တစ်နေ့တစ်လုံး ရွှေဥ ပုံမှန် ဥပေးတဲ့ ငန်းကြီးကို ဗိုက်ထဲမှာ ရွှေဥတွေ အများကြီး ရှိမှာပဲ ဆိုတဲ့ အတွေးနဲ့ သတ်ပြီး ဗိုက်ထဲက ရွှေဥတွေကို လောဘတကြီးနဲ့ ယူမိလို့ နေ့စဉ် ရွှေဥတစ်ဥတောင်မှ မရတော့တဲ့ ငန်းပိုင်ရှင် အကြောင်း။ ဒီလို သင်ခန်းစာလေးတွေ ဖတ်ရတော့ လောဘဆိုတာထက် မတော်လောဘ ဆိုတဲ့ အကြောင်းကို ပိုပြီး နားလည်လာရတယ်။

ဗုဒ္ဓဘာသာရဲ့ ဆိုဆုံးမမှု အောက်မှာလည်း သူငယ်ချင်းတွေနဲ့ ခဏခဏ ပြောဖူးပါတယ်။ သတ်သတ်လွတ်စားတာနဲ့ ဝစီပိတ်ကျင့်တာ ဘုရားရဲ့ ဟောပြော ဆိုဆုံးမမှု ထဲမှာ မပါဘူး။ ဒါဆို ဘာကြောင့် ဒီလိုတွေ သတ်သတ်လွတ်စားနေကြတာလဲ ၊ ဘာလို့ ဝစီပိတ်တွေ ကျင့်နေကြတာလဲ။ တကယ်တော့ ဘုရားဟောထဲမှာ အကျဉ်းချုပ် အနေနဲ့ တစ်ခါတည်းပဲ ပြောပြခဲ့ပါတယ်။ ဘုရားက “ အရာရာကို ချွေတာပါ။ ” လို့ ဟောကြားခဲ့တယ်။

ဒါကြောင့် သူ့များအသက်ကို မသတ်ဖြတ်စေပဲ ချွေတာလိုက်ခြင်းဖြင့် သတ်သတ်လွတ်စားကြတယ်။ စကားများ အမှားပါတယ် ဆိုသောကြောင့် အမှားနည်းစေရန် ချွေတာလိုက်ခြင်းဖြင့် ဝစီပိတ်ကျင့်ကြတယ်။ အဝတ်အစားကို ချွေတာစေလိုခြင်းဖြင့် သင်္ကန်း သုံးစုံသာ ထားကြတယ်။ ( ဒါက ဘုရားဟောလည်း ဖြစ်တယ်။ ) ဒီလို ချွေတာတယ် ဆိုတာ လောဘရဲ့ ဆန့်ကျင့်ဘက်ပဲ မဟုတ်လား။ “ လောဘကြီးတယ်  ” ဆိုတာထက် စာရင်တော့ ကျွန်တော်ကတော့ “ ချွေတာတယ် ” ဆိုသော စကားလုံးကို ပိုပြီး နှစ်သက်မိတယ်။

ဒါနဲ့ ဟိုနေ့က လူတွေရဲ့ လောဘကြီးမှုကြောင့် နေရင်းထိုင်းရင်းတောင်မှ ကြားထဲက တိရစ္ဆာန်လေးတွေ အခက်အခဲ ဖြစ်ရတာကို ဖော်ညွှန်းထားတဲ့ ဟာသလေး တစ်ခုကို ကျွန်တော် အစ်မ “ မကေ ” ဘလော့မှာ ဖတ်လိုက်ရတယ်။ ကြက်တူရွေး ဆိုတာ စကားသင်လို့ လွယ်တယ် မဟုတ်လား။ လူတွေများ ပြောပါတယ်။ ကြက်တူရွေး စကားသင်လို့ လွယ်တယ် ဆိုတော့ ပိုပြီးတော့တောင်မှ လောဘကြီးလာပုံ နဲ့ ကြက်တူရွေးလေးရဲ့ မခံချိ မခံသာ ဖြစ်ပုံကို “ မှောက်ရက် ကျမှာပေါ့။ ” ဆိုတဲ့ ဟာသလေးနဲ့ တင်ပြထားတယ်။

ကျွန်တော် တော်တော် သဘောကျတယ်။ အားလုံးလည်း ဖတ်လို့ရအောင် ထပ်ဆင့် မျှဝေလိုက်ပါတယ်။ ဟာသလေးက ဒီလို . . . .

မှောက်ရက် ကျမှာပေါ့ 

အိမ်မွေး တိရစ္ဆာန်များရောင်းသော ဆိုင်တစ်ဆိုင်သို့ လူတစ်ယောက် ရောက်ရှိလာပြီး ဘာသာစကား နှစ်မျိုး ပြောတတ်သော ကြက်တူရွေးတစ်ကောင် လိုချင်ကြောင်း ပြောလေသည်။ 

ထိုအခါ ဆိုင်ရှင်က ခြေတစ်ဖက် တစ်ချက်စီ၌ ကြိုးတစ်ချောင်းစီ ချည်ထားသော ကြက်တူရွေး တစ်ကောင်ကို ပြပြီး. . .

“ ဘယ်ဘက် ခြေထောက်က ကြိုးကို ဆွဲလိုက်ရင် ပြင်သစ်လို ပြောပါလိမ့်မယ်၊ ညာဖက် ခြေထောက်က ကြိုးကို ဆွဲရင် အင်္ဂလိပ်လို ပြောပါမယ် ” 

ဟု ရှင်းလင်း ပြောပြသည်။

ထိုအခါ ၀ယ်သူက . . 

“ တစ်ချိန်ထဲမှာ ခြေနှစ်ဖက် စလုံးက ကြိုးတွေကို ဆွဲလိုက်ရင်ကော. . . ” 

ဟုမေးရာ . . .

“ မှောက်ရက် ကျသွားမှာပေါ့ဗျ။ ” 

ဟူ၍ ကြက်တူရွေးက ၀င်ပြောလိုက်လေသည်။


ကဲ. . ကြည့်. . .လူတွေများ “ လောဘကြီးပုံ ” ပြောပါတယ်။ မလွယ်ဘူး. . .တကယ် မလွယ်ဘူး။


ကိုဇော် ခံစားပုံဖော်သည်။
7.4.2010 – 5.03 AM

.

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

အေးပါ.. နင့်မွေးနေ့ကျရင် ငါ လောဘ မကြီးတော့ပါဘူး သင့်တင့်ရုံဘဲ စားတော့မယ်နော် သူငယ်ချင်း..

Unknown said...
This comment has been removed by the author.
မြသွေးနီ said...

မှန်တယ် ကိုဇော်..
အလိုကြီးရင် အရနည်းတတ်တယ်နော်။
လူ့သဘာဝ ရောင့်ရဲနိုင်ဖို့ကလည်း ခက်သားကလား။

ahphyulay said...

ဟုတ်တယ် ကိုဇော်ရေ....
လောဘကြီးတာကို ကျွန်တော် နောက်တစ်မျိုး
ပြောကြည့်  ချင်တာက ရလို မှု ကြီး တာ ပါလို့ ။
ရလို မှု များလေ လိုအပ်ချက် များ လေပါ တဲ့ ။
တစ်ခု ပြောခဲ့  ချင်သေးတာက...
လူဆိုတာ ကိုယ့် ကိုယ် ကို မချမ်းသာသေးဘူး
ထင်နေသရွေ့  တော့  ဆင်းရဲ နေအုံးမှာပါပဲ ။

ညလင်းအိမ် said...

ဟုတ်တယ် ကိုဇော်ရ ...

လောဘကြီးတာ မကောင်းဘူးဗျ ...
ဟာသလေးက ပိုထိရောက်ပါတယ် ...

မြစ်ကျိုးအင်း said...

ညကတင် လောဘကြီးလိုက်မိသေးတယ်
ပန်းချီကားချပ်လေးတွေ ဆက်မယ်ဆိုပြီး
Jigsaw puzzle သွားဝယ်တယ်။
အစိတ်အပိုင်း ၅၀၀ ပါတဲ့ဘူးက ၇၅ ကျပ်တဲ့
၁၀၀၀ ပါတဲ့ ဘူးက ၉၅ ကျပ်တဲ့လေ။ ဒါနဲ့ ၂၀ ထပ်ပေးရုံနဲ့ အစိတ်အပိုင်း ၁၀၀၀ တောင်ရမှာ ဆိုပြီး ဝယ်မိလိုက်တာ ခုတော့ ဘယ်လို ဆက်ရ မှန်းတောင် မသိတော့ဘူး။ ၅၀၀ ကိုတောင် ဆံပင်ဖြူအောင် ဆက်ရမှာ ။ ၁၀၀၀ ဆိုတော့ အခု ပြန်သိမ်းထား လိုက်ရတော့တယ်။

၁၀၀၀ ဆိုတော့ ငါလည်း မှောက်ရက်လဲ သွားရပြီပေါ့ကွာ....။

SHWE ZIN U said...

သတ်သတ်လွတ် စားတာ နဲ့ ၀ဇီပိတ် ကျင့်တာဆိုရင်တော့ ဦးဂိုအင်ဂါ တရားစခန်းက ပြန်ခဲ့ပြီ ထင်တယ်

အရာရာကို ဘုရားတရား နဲ့ အညီကျင့်သုံးနိုင်ရင် အကောင်းဆုံးပါဘဲ

ခင်တဲ့
ရွှေစင်

Flower said...

လူမှန်ရင် လောဘရှိကြတာချည်းပါဘဲ
လောဘစိတ်ကို အသိတရားလေးနဲ့ ထိန်းဖို့ရယ်
နည်းနိုင်သမျှ နည်းဖို့ရယ်သာ ကြိုးစားရမှာ
ကိုယ်တိုင်လဲ လောဘနယ်ပယ်ထဲကနေ လွတ်မှ မလွတ်နိုင်ဘဲ..
လစာ နည်းနည်းတိုးပေးရင် များများလိုချင်တယ်
များလာရင် ဒီထက်တိုးချင်တယ်
ဒါလူတိုင်းဘဲ မဟုတ်လား..
ဒီတော့ လောဘနဲ့ ဘယ်သူများ ကင်းပါ့မလဲ...