မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 April 2010

8 မျက်ချေး




ဖေဖေ နဲ့ ပြေပြေပြစ်ပြစ် လမ်းလျှောက်ထွက်တဲ့ တစ်နေ့ကပေါ့။ လမ်းမှာ ကျွန်တော်နဲ့ သိပြီး ဖေဖေ နဲ့ ခင်တဲ့ ဖေဖေ့ သူငယ်ချင်း တစ်ယောက်ကို လမ်းမှာ အလျားလိုက် တစ်ခုခုကို ကိုင်တွဲရင်း လျှောက်လာတာကို မြင်ရတယ်။ ထိုသူ ကိုင်တွဲလာတာက သူ့အမေ။

“ ဘယ်က ပြန်လာတာလဲ။ ”

ဆိုပြီး ခပ်ညံ့ညံ့ လူတွေလို ဖေဖေက သိသိကြီးကို မသိသလိုနဲ့ နှုတ်ဆက်မနေဘူး။ သူတို့လာတာကို တွေ့နေကတည်းက သူတို့ ဆေးခန်းက ပြန်လာမှန်း သိသာတယ်။ ထိုသူရဲ့ အမေ အသက်ကြီးလို့ လူကြီးရောဂါနဲ့ နေမကောင်းဖြစ်နေတာကို ရပ်ကွက်ထဲက လူတွေ သိနေကြတာပဲလေ။

“ ဆေးခန်းက ပြန်လာပြီလား။ ဘယ်လိုနေလဲ အန်တီ။ ”

ဖေဖေက ဒီလို ဒဲ့တိုးမေးတယ်။

“ သက်သာပါတယ်ကွယ်။ ”

ဆိုပြီး လူကြီးတွေရဲ့ လက်သုံးစကားကို ဒိုင်းအဖြစ် ထုတ်ကာတယ်။ နောက်တော့ ထိုသူ့အမေက လက်ထဲက လက်ကိုင်ပုဝါလေးကို သူ့ရဲ့ မျက်ဝန်းထောင့်ချိုးတွေကို အသာအယာတို့ပြီး သုတ်လိုက်တယ်။ ဒါပေမဲ့ မျက်ရည် မဟုတ်ဘူး။ သူ့မျက်ဝန်းထောင့်မှာ ကပ်နေတဲ့ “ မျက်ချေး ” လေးကို ၊ “ မျက်ဝတ် ” လေးကို။

တစ်ခွန်း နှစ်ခွန်း ကျွန်တော်နားလည်တဲ့ ဘာသာစကားနဲ့ပဲ ဖေဖေ နဲ့ သူတို့ စကားပြော နှုတ်ဆက်ပြီး ကိုယ့်ခရီး ကိုယ်ထွက်လာတယ်။ လမ်းဆက်လျှောက်လာတော့ ဖေဖေက ငြိမ်ပြီး အတိတ်တွေကို တွေးနေပုံ ရတယ်။ နောက်တော့ အဝေးကို ငေးရင်း ကိုင်ထားတဲ့ ကျွန်တော့်လက်ကို ညှစ်လိုက်တယ်။ ဖေဖေက ပြောစရာ တစ်ခုခု ရှိရင် ဒီလိုပဲ သတိပေးသလို တစ်ခုခုနဲ့ သတိရှိအောင် လုပ်ပြီးမှ ပြောတတ်တယ်။ မကြားရ မရှိတော့ဘူးပေါ့။

“ ဖေဖေ့ ဖေဖေ ၊ သားဖိုးဖိုး ဆုံးခါနီးတုန်းကလည်း မျက်ဝတ် ( မျက်ချေး ) တွေ အရမ်းထွက်တယ်။ ဖေဖေတို့ကလည်း အတွေ့အကြုံ မရှိတော့ မသိဘူးပေါ့လေ။ သူ့ ရင်ထဲမှာ နေမကောင်းတာကို မျက်လုံးမှာ မျက်ဝတ်တွေ အနေနဲ့ လာပြီး ထွက်တာ။ လူကသာ ဟန်ဆောင်နေလို့ ရတာ မျက်ဝတ်ကိုတော့ ဟန်ဆောင်လို့ မရဘူး။ သားသမီးတွေ ၊ မိန်းမ စိတ်ညစ်မှာ စိုးလို့ ဟန်ဆောင်ပြီး နေနေတာ ထင်တယ်။ လက်ကိုင်ပုဝါလေး တကိုင်ကိုင်နဲ့ မျက်ဝတ်တွေကို သုတ်နေတာ။ ”

“ သြော်. . ဖိုးဖိုးက ဘာဖြစ်နေလို့လဲ. . ဟင်။ ”

“ သား ဖိုးဖိုးက အသည်းရောင်နေတာလေ။ ကိုယ်တိုင် ဆရာဝန် ဆိုတော့ သူ့ဖာသာ ဆေးတွေ သောက်ပြီး ကြိတ်ကုနေတာပေါ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ ခံစားနေရတာ သူပဲ သိမယ် ထင်တယ်။ နောက်တော့ လုံးဝ မဟန်နိုင်မှ ဖေဖေတို့ သိကြရတာ။ ”

“ ဒါဆို မျက်ဝတ် ၊ မျက်ချေး ဆိုတာ လူတွေ နေမကောင်းလို့ ထွက်တာပေါ့။ ”

“ ဟုတ်တယ် သားရဲ့။ လူတစ်ယောက်က သာမာန်အချိန် အိပ်ယာနိုးလို့ မျက်ဝတ် ထွက်တယ် ဆိုတာ မအိပ်ခင်က ဝင်ထားမိတဲ့ ဖုန်တွေကို မျက်ဝတ် အနေနဲ့ ထုတ်ပေးတာ။ ဒါကို သာမာန် အချိန်တောင်မှ မျက်ဝတ်တွေ ခဏခဏ ထွက်နေရင် ဒါ သာမာန် မဟုတ်တော့ဘူး။ ”

“ သြော် . . ဒီလိုလား။ ”

ဒီလိုနဲ့ နေ့ရက်တွေကို ဖြတ်သန်းပြီး ကျွန်တော် အသက်အရွယ် ရလာတော့ လူတွေ ပြောပြောနေတဲ့ စကားလေး တစ်ခွန်းက နားကနေ တဆင့် ရင်ထဲကို ဆောင့်ကြီး အောင့်ကြီး ဝင်လာတော့တယ်။

“ သူများ မျက်ချေးပဲ မြင်ပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်ဘူး။ ”

တဲ့။ ဘယ်သူကများ ကိုယ်မျက်လုံး အစစ်နဲ့ ကိုယ့်မျက်ချေး ကိုယ် ပြန်မြင်ရလို့လဲ။ မျက်လုံးကို သုံးပြီး ကြေးမုံ အကူအညီ နဲ့သာ ကိုယ့်မျက်ချေး ကိုယ်မြင်ကြရတာ။ သူများ မျက်ချေးကျတော့ ကိုယ်က ကိုယ့်မျက်လုံးနဲ့ ကိုယ် မြင်ရတာ ဘာများ ဆန်းလို့လဲ။

တကယ် ဆန်းတာက သူများမှာ မျက်ချေး ဘာလို့ ထွက်နေတယ် ဆိုတာကို မခံစားတတ်တာက ဆန်းနေတာ။ ကိုယ်ကတော့ နေကောင်းနေသူ ဆိုတော့ မျက်ဝန်းမှာ ဘယ်လိုလုပ် မျက်ချေးက ရှိနေမလဲ။ သူများ မျက်ဝန်းမှ မျက်ချေးတွေ တွေ့နေရပြီ ဆိုရင် သူ မျက်လုံး တစ်ခုခု ဖြစ်နေလား ဒါမှမဟုတ် သူနေမကောင်းဘူး လား လို့ ဘယ်နှစ်ခါများ လူတွေ ခံစား စဉ်းစားမိပါသလဲ။

“ သူငယ်ချင်းရေ မျက်ဝန်းမှာ မျက်ဝတ်တွေ ၊ မျက်ချေးတွေနဲ့ နေမှ ကောင်းရဲ့လား။ ”

လို့ ဘယ်နှစ်ခါ မေးဖူးပါသလဲ။

ဒါကြောင့် သူများ မျက်ဝန်းမှာ မျက်ချေးကို မြင်တယ် ဆိုတာ မထူးဆန်းပါ။ ဘာကြောင့် သူ့ မျက်ဝန်းမှာ မျက်ချေးတွေ ရှိနေရတာလဲ ဆိုတာကို မြင်အောင် မကြည့်တတ်တာကတော့ ထူးဆန်းပါတယ်။ သူများ မျက်ဝန်းမှာ မျက်ချေးကို မြင်အောင် မကြည့်တတ်သူတွေ ဆိုမှတော့ သူ့များ ရင်ထဲကို ဘယ်လိုလုပ်များ မြင်အောင် ကြည့်တတ်ပါတော့မလဲ။ သူ့ရင်ထဲမှာ ဘာဖြစ်နေမလဲ ၊ သူဘယ်လို ခံစားနေရမလဲ ဆိုတာ ဘယ်လိုများ ခံစားတတ်ပါတော့မလဲ။

“ သူများ မျက်ချေးပဲ မြင်တယ် ဆိုတာ မဆန်းလှပါ။ ဘာကြောင့် သူ့မျက်ဝန်းမှာ မျက်ချေးတွေ ရှိနေရတာလဲ ဆိုတာကို မမြင်တတ်တာကတော့ တကယ်ကို ဆန်းတယ်။ အင်းလေ . . . သူများ အပေါ်မှာ ခံစား နားမလည်တတ်သူတွေ အဖို့ကတော့ ကိုယ့်မျက်ချေး ကိုယ် မမြင်ပဲ သူများ မျက်ချေးပဲ မြင်တယ် ဆိုပြီး အပြစ်ပြောကြမှာပါပဲ။

ကျွန်တော်ကတော့ ကျွန်တော့် မျက်ဝန်းထဲက မျက်ချေးတွေကို ကျွန်တော် ဂရုစိုက် မနေမိပါ။ ကျွန်တော် ဘာတွေပဲ ဖြစ်နေပါစေ။ ဒါပေမဲ့ သူများ မျက်ဝန်းတွေထဲက မျက်ချေးတွေကိုတော့ ကျွန်တော် ဂရုစိုက်မိတတ်ပါတယ်။ သူတို့ဘာတွေများ ဖြစ်နေကြလဲ ၊ သူတို့ ဘာတွေများ ခံစားနေရလဲ ၊ နေကောင်းရဲ့လားလို့ ကျွန်တော် သတိထား မေးမိတယ်။ ”

17.6.2005 ( စာအုပ်ထဲက နေ့စွဲပါ။ )


*** ကျွန်တော့် အတွေးမှတ်စုများ စာအုပ်ထဲကပါပဲ။ အခုလို မျက်စိမကောင်းလို့ မျက်ဝတ်တွေ ထွက်နေတဲ့ အချိန်မှာ ဆို ပိုပြီး ခံစားမိပါတယ်။ ***

ကိုဇော် ခံစားပုံဖော်သည်။
27.4.2010 - 11.41 AM

.

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Angel Shaper said...

ရောက်လာခဲ့ပါကြောင်းးးး
နောက်တစ်ခါ သူများမျက်စိရော ကိုယ့်မျက်စိပါ ဂရုစိုက်မိဖို့ သိလိုက်တယ်။
ကျေးဇူးးးပါ။

SHWE ZIN U said...

သြ ဒီလိုလား အခုမှ သိပါတယ်

ရွှေစင်

Anonymous said...

အတော်မိုက်တဲ့ အမြင်ပဲဗျ။ ကျနော် တခါမှ အဲ့လို မတွေးမိဖူးဘူး ။ ကျေးဇူးဗျာ ။ သူများမျက်ချေးတွေ့တဲ့အခါ လက်ညှိုးမထိုးတော့ဘူး ကူသုတ်ပေးဖို့ သတိထား ကြိုးစားပါဦးမယ် ။ နောက်လည်း လာဖတ်ပါဦးမယ် ။

~ဏီလင်းညို~ said...

ကိုဇော်......
အောက်ဆုံးက စကားစုလေးကြိုက်တယ်ဗျာ......။
မျက်စိဘာဖြစ်သလဲကိုဇော်.....။
ကျွန်တော်က..... မျက်စိသိပ်မကောင်းလို့ မျက်မှန်တပ်ရတာ ဆယ့်နှစ်နှစ်ကျော် ကြာခဲ့ပြီမို့ စိုးရိမ်တယ်...........။
အကြောင်းပြန်နော်ဗျ........။

ခင်မင်မင်တဲ့
ဏီလင်းညို

မြသွေးနီ said...

နောက်ဆို..
ကိုယ်မျက်ချေး ကိုယ်အရင်ကြည့်ရမယ်။နောက်ပြီး သူများမျက်ချေးကိုလည်း ကြည့်တတ်အောင် လုပ်ရမယ်။ မျက်ချေးကနေ ပို့စ်ထွက်အောင် ဗ၇းတာ အံ့ရော..။

အဖြူရောင်နတ်သမီး said...

ရင်ထဲက ပြောချင်တာတွေကို မြင်တယ်ကိုဇော်ရေ..
စာဖတ်ရင်း ပြုံးမိတယ်..
ကိုဇော်ရေးထားတဲ့အပေါ်က စာကြောင်းလေးကို သွားသတိရလိုက်တယ်..“သေခြာတာ တခုက ရေးတဲ့စာနဲ့ ရေးတဲ့သူကို မရောထွေးစေဖို့ပါ”..ဆိုတာလေးပါ..း)
ပညာသားပါပါ ရေးထားတဲ့ အကိုတွေရဲ့စာတွေကိုဖတ်ပြီး..ပညာယူသွားပါတယ်..
“ငြိမ်းချမ်းရေး ချိုးဖြူငှက်လေး” တကောင် ထားခဲ့ပါတယ်...

ရွှေနတ်သား said...

ကိုဇော်ပြောမှ..မျက်ချေးထွက်တယ်ဆိုတဲ့အကြောင်းကိုသေချာသိတော့တယ်....ကျေးဇူးပါကိုဇော်ေ၇

sosegado said...

ဘယ်မျက်ချေးပဲမြင်မြင် အမြင်က အရေးကြီးတာပေါ့
ဒိုင်လေးကောင်းပါတယ်၊