မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 April 2010

6 တစ်သက်မှာ နှစ်ဘဝ




လူတစ်ယောက်ရဲ့ ဘဝ ဆိုတာ သူ ဘယ်လို ထိန်းကျောင်းတယ် ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘယ် ဗေဒင်ဆရာ ၊ ဘယ်နက္ခတ်တွေနဲ့မှလည်း မသက်ဆိုင်ပါဘူး။ ပြုပြင် ပုံသွင်းခြင်း မရှိသော ဘဝတစ်ခုဟာ ဘယ်လိုနဲ့ပဲ အခြေခံယူပြီး တည်ဆောက်ထားတာ ဖြစ်နေပါစေ နောင်မှာ ယိုယွင်းပျက်ဆီးသွားစေနိုင်တယ် ဆိုတာကို  ခရစ်ယာန်ဘုန်းတော်ကြီးများ စဉ်ဆက်မပြတ် ပြောကြားလေ့ရှိခဲ့သည့် ဒဏ္ဍာရီ ဆန်ဆန် အဖြစ်အပျက် တစ်ခုက အောက်ပါ အတိုင်းပြောတယ်။

တစ်ခါက . . .

အီတလီပြည် စီစလီကျွန်းပေါ်ရှိ မြို့တစ်မြို့တွင် ပန်းချီအကျော်အမော် တစ်ဦးက ဘုရားရှိခိုးကျောင်းကြီး တစ်ခု၏ အတွင်းနံရံ၌ ခရစ်ဝင် ပန်းချီကားတွဲကြီး တစ်ခု ရေးဆွဲလျက်ရှိသည်။ ခရစ်တော်၏ ဘဝဖြစ်စဉ်ကို ဖော်ကျူးသည့် ထိုပန်းချီကားများ ရေးဆွဲရာတွင် သရုပ်ပီပြင်စေရန် ယေရှု ခရစ်တော်နှင့်အတူ ခမည်းတော် ၊ မယ်တော် ၊ နောက်လိုက် တပည့်သာဝက အစရှိသည့် ရုပ်ပုံများကို ပုံတူရေးဆွဲရာမှာ အပြင်လောကမှ သက်ရှိထင်ရှား ရှိနေသူများထဲမှ စရိုက် လက္ခဏာချင်း နီးစပ်သူများကို အသီးသီး စံထားပြီး ပုံစံထိုင်ခိုင်းကာ ပုံတူရေးဆွဲလေ့ရှိသည်။

နှစ်ပေါင်း အတန်ကြာအောင် ရေးဆွဲပြီးသည့်အခါမှာ အရေးကြီးသော ရုပ်ပုံတူ နှစ်ခုမှ အပ ပုံအားလုံးကို ရေးဆွဲပြီးစီးလေသည်။ ကျန်ရှိနေသော ရုပ်ပုံနှစ်ခုကား “ ယေရှု ” ခရစ်တော်၏ သူငယ်ဘဝ ပုံတော်နှင့် ယေရှုခရစ်တော်အား သစ္စာဖောက်ဖျက်ခဲ့သည့် တပည့် သာဝက “ ယုဒ ရှကာရုတ် ” ရုပ်ပုံ ဖြစ်သည်။

ပန်းချီကျော်သည်  ထိုရုပ်ပုံနှစ်ခုအတွက် ပုံတူရေးကူးနိုင်ရန် သင့်တော်သော စံပြနှစ်ဦးကို လိုက်လံ ရှာဖွေသော်လည်း တော်တော်နှင့် ရှာမတွေ့ ဖြစ်နေသည်။

တစ်နေ့၌ သူသည် လမ်းမပေါ်တွင် ဆော့ကစားနေသော ကလေးတစ်သိုက်ထဲမှ အသက် ၁၂ နှစ်အရွယ်ကလေး တစ်ယောက်ကို သတိပြုမိသည်။ ကလေးငယ်၏ မျက်နှာမျက်နှာသည် အလွန်သန့်ရှင်း စင်ကြယ်လှသည်။ ရိုးဖြောင့်မှန်ကန်ခြင်း  ၊ ဥာဏ်အမြော်အမြင်ရှိခြင်း ၊ စေတနာပြည့်ဝခြင်း စသော အရိပ်အယောင်များ သူ့မျက်နှာပေါ်မှာ ထင်ဟပ်လျက်ရှိသည်။ ပန်းချီကျော်သည် ကလေးငယ်အား ခေါ်ဆောင်လာပြီး စံပြ အဖြစ်ထိုင်ခိုင်းကာ ယေရှုခရစ်တော်၏ သူငယ်ဘဝ ရုပ်ပုံကို ရေးဆွဲပြီးသော်လည်း နံရံဆေးရေး ပန်းချီကားတွဲကြီး၌ ယုဒ ပုံတူ တစ်ခုသာ ဖြည့်သွင်းရန် ကျန်လေတော့သည်။

ဘုရားရှိခိုးကျောင်းကြီးရှိ ခရစ်ဝင် ပန်းချီကားတွဲကြီးတွင် ယုဒပုံမှ လွဲ၍ အားလုံးပြီးပြည့်စုံလေပြီ။ သို့သော် ခရစ်ပန်းချီကားကြီးတွင် ယုဒပုံ တစ်ပုံ မပြည့်စုံသောကြောင့် မပြီးစီးနိုင် ဖြစ်နေရကြောင့် တဆင့်စကား တဆင့်နားဖြင့် ပတ်ဝန်းကျင် နယ်တခွင်သို့ ပျံ့နှံ့သွားခဲ့တယ်။ ဒီတော့ မိမိကိုယ်ကို ယုဒအဖြစ် စံပြထိုင် ပေးနိုင်လောက်အောင်ကို ယုတ်မာကောက်ကျစ်သည့် လက္ခဏာ ရှိသည်ဟု ယူဆသူ အများအပြား ဆရာကြီးဆီကို ရောက်လာကာ ပုံတူအဆွဲခံရန် ရောက်လာကြသည်။

သို့သော် ဆရာကြီးက တစ်ယောက်မှ စိတ်တိုင်းမကျ။ ပန်းချီကျော် ဆရာကြီးက သူ့၏ စိတ်အာရုံတွင် မြင်ယောင်ထားသည့် ဆိုးသွမ်း ယုတ်မာသော ၊ ကတိမတည်သော  ၊ သစ္စာ မရှိသော ၊ အသပြာငွေစ အနည်းငယ်မျှကို မက်မောသော စိတ်ဖြင့် မိမိ အရှင်သခင်ကို အသေသတ်မည့်သူတို့ လက်သို့ ပို့ရက်ခဲ့သော တပည့်ဆိုး ယုဒ၏ ရုပ်သွင်ကို ထင်ဟပ်နိုင်သူအား ရှာဖွေ၍ မရခဲ့ချေ။

ဒါနဲ့ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ယုဒ ရုပ်ပုံကို မရေးဆွဲနိုင်ဘဲ ရှိခဲ့သည်။ သို့သော် တစ်နေ့  စားသောက်ဆိုင် တစ်ခု၌ ထိုင်နေစဉ် ဆိုင်တွင်းသို့ ဒယီးဒယိုင်နှင့် ဝင်ရောက်လာသူ တစ်ယောက်ကို တွေ့ရလေသည်။ ညစ်ထေး စုတ်ပြတ်ကာ တစ္ဆေ္တမှင်စာ ရုပ်ပေါက်နေသော ထိုလုသည် . . .

“ ကျွန်တော့်ကို အရက်တိုက်ပါ ခင်ဗျာ ၊ အရက် တစ်ခွက်လောက် တိုက်ကြပါ။ ”

လို့ အရှက်အကြောက် ကင်းမဲ့စွာ တောင်းခံလျက်ရှိသည်။ ပန်းချီဆရာကြီးသည် ထိုသူ၏ မျက်နှာ၌ အကုသိုလ် ဒုစရိုက်ပေါင်းစုံ စုံပြုံထင်ဟပ် ကျရောက်နေပါလား ဟု အလန့်တကြား မြင်ယောင်မိကာ နှစ်ပေါင်းများစွာ မိမိရှာဖွေနေသော ထိုပုဂ္ဂိုလ်ကို ယခုတွေ့ရလေပြီဟု အကြီးအကျယ် ဝမ်းမြောက်သွားလေသည်။

“ မောင်ရင် ကျုပ်နဲ့ လိုက်ခဲ့ပါ။ မောင်ရင့်ကို အရက်ဝအောင် တိုက်မယ်။ ”

ဟု ဆိုကာ ထိုလူငယ်အား ပန်းချီခန်းသို့ ခေါ်လာသည်။ ထိုနောက် အသက်အရွယ်အလွန် ကြီးရင့်နေပြီ ဖြစ်သော ပန်းချီဆရာကြီးသည် အပြောင်မြောက်ဆုံး နံရံပန်းချီကားကြီးကို အဆုံးသတ်နိုင်ရန် အတွက် ဘဝတုံးနေသူ ထိုလူငယ်အား လိုသမျှ အရက်ကို ပေးကာ နေ့စဉ် ပုံတူရေးဆွဲ လေတော့သည်။

ထိုလူငယ်သည် အစပထမ၌ အရက်သောက်ရရင် ပြီးရော ဆိုသော အသိဖြင့်သာ ပန်းချီဆရာအိုကြီးဆီမှာ ပန်းချီဆွဲရန် ပန်းချီဆရာကြီး အကြိုက် ထိုင်ပေးနေရာမှ ရက်အနည်းငယ် အကြာမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ မူးယစ်ထုံမှိုင်းကာ လောကကိုရော ၊ ဘဝကိုပါ မေ့လျော့နေသော အမူအရာများမှ စိုးရိမ်ထိတ်လန့်သော အမူအရာများ ပြောင်းလဲလာခဲ့သည်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသော သူ့ပုံတူ ပန်းချီကားကို ကြည့်ကာ သူ ချောက်ချောက်ချားချားပင် ဖြစ်လာသည်။

သူရဲ့ ပြောင်းလဲကာ မျက်စိ မျက်နှာ ပျက်သည်ကို မြင်သောအခါ ပန်းချီဆရာကြီးက အကြောင်းရင်းကို မေးလေသည်။ ဆရာကြီး မေးသည့်အခါမှ ပုံဆွဲခံသူသည် ရုတ်တရက် အကြီးအကျယ် ဝမ်းနည်း ကြေကွဲသလို ဖြစ်ကာ မျက်နှာကို လက်ဝါးနဲ့ အုပ်လျက် ရှိုက်ကြီး တငင် ငိုကြွေးလေတော့သည်။ အတော်ကြာအောင် ငိုကြွေးပြီးသော အခါမှ ပန်းချီဆရာကြီးကို မော့ကြည့်ကာ. . .

“ ဆရာကြီးတောင်မှ ကျွန်တော့်ကို မမှတ်မိတော့ဘဲကိုး။ ဆရာကြီးဆီမှာ ခရစ်တော် သူငယ်ဘဝ ရုပ်ပုံအတွက် ပုံတူ အဆွဲခံတာလည်း ကျွန်တော်ပါပဲ ခင်ဗျား။ ”

လို့ ကြေကွဲသံကြီးနဲ့ ပြောလိုက်လေတော့သည်။

ဒါကြောင့် ဘဝဆိုတာ ဘယ်လို စတင်လာတယ် ဆိုတာထက် မိမိ ဘယ်လို ထိန်းကျောင်းသလဲ ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ 


source; “ ဆရာဖေမြင့်ရဲ့ အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း ” ထဲက ကောက်နှုတ်ချက်လေးပါ။ မူရင်းအတိုင်းတော့ မဟုတ်ပါဘူး။ ကျွန်တော့် မှတ်စုစာအုပ်ထဲက အတိုလေးကို ပြန်တွေ့လို့ ကျွန်တော် နားလည်သလို ခေါင်းစဉ်နဲ့ ချရေးလိုက်ပါတယ်။ မူရင်း ဆရာဖေမြင့် စာအုပ်ကို ဖတ်ခြင်းကတော့ ပိုပြီး ပြည့်စုံစေပါလိမ့်မည်။

ကိုဇော် တင်ပြသည်။

.
Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မိုး said...

ဒီဟာက နှလုံးသား အာဟာရများစာအုပ်ထဲက မဟုတ်လား။ ကျွန်တော်ဖတ်ဖူးတယ်။ ဒီဟာကိုဖတ်တိုင်း ကျွန်တော် သတိရနေကျ နေရာတစ်ခုရှိတယ်။ ဘုရားကျောင်းကြီးတစ်ခုရယ်။ မိုးမခပင်ကြီးတွေရယ်။ ဆေးရုံအိုကြီးတစ်ခုရယ်ပေါ့ဗျာ။ အဲ..နောက် ကောင်မလေးတစ်ယောက်ရယ်ပေါ့။

ဒဏ္ဍာရီ said...

ဆရာ့စာအုပ်ထဲက ဖတ်ဖူးတယ် ကိုဇော်။ အကို မောင်မိုးပြောတာ ဟုတ်တယ် နှလုံးသာအဟာရထဲကပါ။ တကယ်အရေးအသားကောင်းသလို အသိပညာလည်း ရစေတယ်လေ။ ကိုဇော်ပြန်ရေးထားတော့လည်း ဗားရှင်း တမျိုးနဲ့ ဖတ်ရတာပေါ့။
သိပါဘူး နှစ်ဘ၀နေချင်တယ်ဆိုလို့ လောဘကြီးလိုက်တာဆိုပြီး လာနောက်တာ။း)

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

yinminkhine said...

မှန်လိုက်တာကိုဇော်ရယ်

တဘ၀မယ် တခါသာသေတယ်

တသက်မယ်တော့ နှစ်ဘ၀ပေါ့နော်

ကိုဇော်ရေးသလို တကယ်ကို

ဖြစ်တာပါ အကိုတွေပေါ့နော်

အမှန်တရားတွေပါ

ကိုဇော် said...

ကျနော်ကတော့ နှလုံးသား အာဟာရ စာအုပ်ထဲမှာ မဖတ်ဖူးဘူးဗျာ. .စာဖတ်နည်းတာ ထင်တယ်။
ကျနော် ဖတ်မိတာကတော့ မပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း ၊ Masterpiece စာအုပ်ရယ် ၊ Art Of Museum ဆိုတာထဲမှာတော့ ဖတ်ဖူးတယ် ၊ အဲဒီ စာအုပ်ထဲမှာပဲ ဖတ်ဖူးတယ်။ ကျနော်က မှတ်စု မှတ်ရင် အောက်ကတော့ မှတ်တတ်တော့ မှားတော့ မမှားလောက်ဘူး...
ကျန်တဲ့ နေရာတွေမှာ မဖတ်ဖူးတာပါ။
အခုလို့ နောက်ထပ် ညွှန်းပြပေးလို့ ကျေးဇူး. . .

ညလင်းအိမ် said...

အင်း ဘ၀ဆိုတာ ...................................................................................................................................................................း)

Unknown said...

ကောင်းတယ် ကိုဇော်.. ဒီပို့စ်လေးကို ခုမှ ဖတ်မိတယ်..