ဖြစ်စဉ် ( ၁ )
တစ်ခါက ရွာလေးတစ်ရွာမှာ လူငယ် ကောင်လေး တစ်ယောက်နဲ့ တစ်ခုလပ် ကောင်မလေးတစ်ယောက် တစ်ဦးကို တစ်ဦး ချစ်ခင်ကြင်နာလို့ အကြင်လင်မယား အဖြစ် အတူတူ ပေါင်းသင်းနေထိုင်ကြတယ်။
ကောင်မလေးက တစ်ခုလပ် ဖြစ်ပေမဲ့ ကောင်လေးကလည်း သူမှ ထူးထူးထွေထွေ ပြောမနေပဲ သူတို့နှစ်ယောက် ပျော်ရွှင်စွာနဲ့ပဲ ပေါင်းသင်းနေထိုင် လာကြတယ်။ ကောင်လေးက အလုပ်သွားတယ်။ ကောင်မလေးက အိမ်မှာ လုပ်စရာ ရှိတာတွေ လုပ်ထားရင်း ကောင်လေးပြန်လာရင် စားသောက်ဖို့ ပြင်ဆင်ချက်ပြုတ်ထားလေ့ရှိတယ်။ သူတို့ အိမ်ထောင်ရေးက သာသာယာယာပါပဲ။
တစ်နေ့တော့ ... ကောင်လေး အလုပ်က ပြန်လာတော့ ကောင်မလေးက ထုံးစံအတိုင်း ထမင်းပွဲလေးခူးပြီး စောင့်နေတယ်။ ကောင်လေးလည်း အိမ်ထဲ ဝင်လာတော့ ကောင်မလေးက ကောင်လေးကို မေးတယ်။
“ မောင်ရေ။ ထမင်းအရင် စားမလား ၊ ရေးအရင်ချိုးမလား။ ”
ဒီတော့ ကောင်လေးက . .
“ ရေအရင်ချိုးလိုက်မယ် လေ။ ”
ဒီမှာ ကောင်မလေးက ပြောတယ်။
“ ကောင်းတယ် မောင်ရေ။ ရေအရင်ချိုးလိုက်နော်။ ထမင်းပွဲကတော့ ခူးပြီးပြီ။ ရေချိုးပြီးမှ ထမင်းစားပေါ့။ ကိုမြင့်အုန်း ဆိုလည်း ဒီလိုပဲ ရေချိုးပြီးမှ ထမင်းစားတယ်။ ”
ကိုမြင့်အုန်း ဆိုတာ ကောင်မလေးရဲ့ အရင် ယောက်ျား။ ကောင်မလေးက ဒီလို သူ့အရင် ယောက်ျား နာမည်ကို ထည့်ပြီး နှိုင်းယှဉ်ပြောတော့ ကောင်လေးလည်း ရင်ထဲ အောင့်သွားပေမဲ့ ဘာမှ မပြောတော့ပဲ ရေချိုးလိုက်တော့မယ်။ ပြီးတော့ ထမင်းစားလိုက်တယ်။ နောက်တော့လည်း သူ့ဖာသာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့တယ်။
ဒါနဲ့ အတော်ကြာတော့ ကောင်လေး ရုံးက အလုပ်တွေ အိမ်ကို ပါလာသတဲ့။ ဒါနဲ့ ထမင်းစားသောက်ပြီး ညမိုးချုပ်တဲ အထိ ကောင်လေးက လုပ်နေတာကို ကောင်မလေးက ဘေးနားကနေ ထိုင်ပြီး စောင့်နေတယ်။ အတော်ကြာတော့. .
“ မောင်ရေ..။ အလုပ်လုပ်ရင်း သောက်ဖို့ ကော်ဖီ ဖျော်ပေးရမလား။ ”
ဒီတော့ ကောင်လေးက အလုပ်လုပ်ရာကနေ . .
“ ကောင်းသားပဲ။ သောက်ရတာပေါ့။ ”
လို့ လှမ်းပြောတယ်။ ဒီတော့ ကောင်မလေးက ကော်ဖီဖျော်ဖို့ ထသွားရင်း ကော်ဖီ ဖျော်ပြီးတော့ ယူလာခဲ့တယ်။ ပြီးတော့ ကောင်လေး သောက်ဖို့ချပေးရင်း . . .
“ သောက်လို့ ရပြီ မောင်ရေ။ ကိုမြင့်အုန်း လည်း ဒီလိုပဲ အလုပ်တွေ များလို့ ညဘက် လုပ်ရရင် ဒီလိုပဲ ကော်ဖီသောက်တတ်တယ်။ ”
ကောင်လေး သောက်နေတဲ့ ကော်ဖိ နင်သလို ဖြစ်သွားတယ်။ သူ့အရင်ယောက်ျားကို သတိရနေတာပါလား လို့လည်း တွေးမိပြီး စိတ်ထဲမှာ ပိုပြီး မခံချိ မခံသာ ဖြစ်သွားတယ်။
ဒီလိုနဲ့ နောက်တစ်နေ့မှာတော့ ကောင်လေး လစာထုတ်လာတော့ သူငယ်ချင်းတွေက အတင်းတိုက်လို့ နည်းနည်းလေး ထွေလာတယ်ပေါ့လေ။ ဒါကြောင့် ကောင်လေး အိမ်ပြန်တာ နောက်ကျတယ်။ အိမ်ကို ရောက်တော့ ကောင်မလေးကတော့ ထုံးစံ အတိုင်း ထမင်းပွဲလေး ပြင်ပြီး စောင့်နေတယ်။ ကောင်လေး အိမ်ပေါ်တတ်တော့ ကောင်မလေးက အရက်ထွေလာတာကို မသိပဲ။
“ မောင်ရေ ထမင်းအရင်စားမလား ၊ ရေအရင် ချိုးမလား။ ”
ဒီတော့ ကောင်လေးက အာလေး လျှာလေးသံကြီးနဲ့ . .
“ ဘာဖြစ်နေတာလဲ။ အခုမှ ပြန်ရောက်တာလေ..။ စားမှာပေါ့။ ”
ကောင်လေးရဲ့ အသံကြားတော့ ကောင်မလေးက ကောင်လေး ထွေလာတယ် ဆိုတာ သိတော့ အလိုက်သင့် အနေနဲ့. .
“ ကဲပါ။ ဒါဆိုလည်း မောင် ရေအရင်ချိုးလိုက်။ ပြီးမှ ထမင်းစားနော်။ ကိုမြင့်အုန်း ဆိုလည်း ဒီလိုပဲလေ။ ”
ထေလာတဲ့ ကောင်လေး ပိုပြီး နင်သလို ဖြစ်သွားတယ်။ ဘာမှ မပြောတော့ပဲ ရှူးရှူးရှားရှား ရေဆင်းချိုးနေတယ်။ ပြီးတော့ နည်းနည်းလည်း အမူးပြေသွားပြီး ရေချိုးတတ်လာတော့ ကောင်မလေးက . . .
“ မောင် ဘယ်လို နေသေးလဲ။ ကိုမြင့်အုန်း ဆိုလည်း ဒီလိုပဲ မူးလာလို့ ရေးချိုးလိုက်ရင် သက်သာသွားတယ်လေ။ ”
ဒီတော့ နဂိုကတည်းက အရင် ယောက်ျားနဲ့ ခိုင်းနှိုင်းပြတာကို မကြိုက်လို့ စိတ်တိုနေတဲ့ ကောင်လေးက အခုလို အရက် ထွေလာတဲ့ အချိန်ဆိုတော့ ကောင်မလေးက စပြီး ရိုက်တော့တာပဲ ။ ရိုက်လည်း ရိုက် ကောင်လေး ပါးစပ်ကလည်း အော်ပြောတော့တယ်။
“ ငါနဲ့ ပေါင်းနေတာတောင်မှ အရင်က လင်ကြီးကို သတိရနေသေးတယ် ဟုတ်လား။ တစ်ခုခု ဖြစ်ရင် နင့်လင်ကြီးကိုပဲ သတိရနေတယ်ပေါ့လေ။ ”
ဒီလို ပြောလည်း ပြော ၊ ရိုက်လည်း ရိုက်နေတော့ ။ ကောင်မလေးကလည်း ကောင်လေးက ဒီလို မရိုက်ဖူးတော့ ကြောက်လန့်တကြား ငိုရင်းနဲ့ ဒီလို ပြန်ပြောသတဲ့။
“ ရိုက်ပါ ၊ ရိုက်ပါ ။ အဲဒီလိုပဲ ကိုမြင့်အုန်းလည်း မူးလာရင် ခဏခဏ ရိုက်တယ်။ ”
တဲ့လေ။ ကဲ..အဲဒီလိုပဲ မိန်းကလေးတွေကလေ။ ဆင်ခြင်ကြဖို့ပါ။ ကျွန်တော်ကတော့ ပြောလိုက်ချင်တယ်။ “နည်းတောင်မှ နည်းသေးတယ်။ ” လို့. ... အဟဲ.။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖြစ်စဉ် ( ၂ )
တစ်ခါက
တရားရုံးတစ်ခုမှာ ဘတ်စ် စပယ်ယာက သူ့ရဲ့ ခရီးသည် အဒေါ်ကြီး တစ်ဦးကို ကားပေါ်က ကန်ချတယ် ဆိုသော အမှု တစ်ခုကို စစ်ဆေးနေတယ်။
တရားသူကြီးက ကားစပယ်ယာကို မေးတယ်။
“ မင်း ခရီးသည် ဒီအဒေါ်ကြီးကို ကားပေါ်က ကန်ချတယ် ဆိုတာ တကယ်ပဲလား။ ”
ဒီတော့ ကားစပယ်ယာကလည်း မလိမ်မညာပဲ အမှန်အတိုင်းပြောတယ်။
“ ဟုတ်ပါတယ် တရားသူကြီးမင်း ။ ကျွန်တော် ကန်ချခဲ့ပါတယ်။ ”
“ ဟေ။ ဘာလို့ ဒီလို ကန်ချတာလဲ။ ”
တရားသူကြီးကလည်း တအံ့တသြ နဲ့ မေးလိုက်တော့ တရားခံ ကားစပယ်ရာက .. . .
“ ဒီလိုပါ တရာသူကြီးမင်း။ ကျွန်တော့် ကားပေါ်ကို သူက တတ်လာပါတယ်။ တတ်တတ်ချင်းလည်း နေရာရပါတယ်။ ခဏကြာတော့ သူ့ဆီကို ကျွန်တော် သွားပြီးတော့ “ ယာဉ်စီးခ ” တောင်းပါတယ်။ ( ဒီနေရာမှာ “ ကားခ ” ဆိုတာကြီးကို ကျွန်တော်က မကြိုက်လို့ မသုံးဘူးဗျာ။ ဘယ်လိုကြီးမှန်း မသိဘူး။ ကျက်သရေ မရှိ။ )
ဒီလို ယာဉ်စီးခ တောင်းတော့ သူက သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက လက်ပွေ့အိတ်ကို ထုတ်ပါတယ်။ လက်ပွေ့အိတ်ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပါတယ်။ ပိုက်ဆံ အိတ်ထဲက ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံ အခေါက်လေးကို ထုတ်ယူပါတယ်။ ဒီပလတ်စတစ်လေးကို သားရေပင်နဲ့ ချည်ထားပါတယ်။ သူ ဒါကို ဖြေနေတုန်း ဘတ်စ် နောက်ဘက်မှာ လူတွေ တတ်လာလို့ ကျွန်တော် ယာဉ်စီးခ သွားကောက်ပါတယ်။
နောက်က လူတွေကို ယာဉ်စီးက သွားကောက်ပြီး သူ့ဆီ ပြန်လာတော့ သူက အားလုံးကို ပြန်ထည့်ပြီးသွားပြီ။ ဒါကြောင့် ယာဉ်စီးခ ပေးဦးလေ လို့တောင်းတော့ သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက လက်ပွေ့အိတ်ကို ထုတ်ပါတယ်။ လက်ပွေ့အိတ်ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပါတယ်။ ပိုက်ဆံ အိတ်ထဲက ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံအခေါက်လေးကို ထုတ်ယူပါတယ်။ ဒီပလတ်စတစ်လေးကို သားရေပင်နဲ့ ချည်ထားပါတယ်။ သူ ဒါကို ဖြေနေတုန်း ဘတ်စ် နောက်ဘက်မှာ လူတွေ တတ်လာလို့ ကျွန်တော် ယာဉ်စီးခ သွားကောက်ပါတယ်။
ဒီတစ်ခါ တတ်လာတာက သုံးယောက်ဆိုတော့ နည်းနည်းကြာသွားပါတယ်။ ပြီးတော့ သူ့ဆီ ပြန်ရောက်တော့ သူက ယာဉ်စီးခ မထုတ်ထားပဲ အားလုံး ပြန်ထည့်သိမ်းထားတယ်။ ဒါကြောင့် ယာဉ်စီးခ ပေးဖို့ ထပ်ပြောတော့..သူက သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက ....................။ ”
“ ဟေ့...ဟေ့..တော်တော့။ ”
နားထောင်နေတဲ့ တရားသူကြီးက ရုတ်တရက် လှမ်းအော်ပြောတယ်။ စပယ်ယာက မျက်နှာငယ်လေးနဲ့ လှမ်းမော့ကြည့်တော့ တရားသူကြီးက ပြောတယ်။
“ မင်းကို သူကို ဒီလို ဘယ်နှစ်လုပ်လဲ.။ ဒါပဲ ဖြေတော့။ ”
“ ဟုတ်ကဲ့။ ဒီလိုမျိုး ၅ ခါ လုပ်ပါတယ်။ ၆ ကြိမ်မြောက်မှာတော့ ကျွန်တော်လည်း သည်းမခံနိုင်တော့လို့ သူ့ကို ကားပေါ်က ကန်ချမိတာပါ။ ”
“ အေး..၊ မင်းမို့လို့ ၆ ကြိမ်အထိ သည်းခံနေတာ.။ ငါသာဆိုရင် ၃ ကြိမ် ကတည်းက ကန်ချတယ်ကွ။ ”
လို့ တရားသူကြီးက အော်ပြောလေတော့တယ်။ ဒီလိုပါပဲ။ လောကကြီးမှာ လူတွေက နည်းနည်းတော့ ခက်တယ်နော်။ ဒါကြောင့် ကျွန်တော်ပြောတာ စပယ်ယာနဲ့မို့ပေါ့ဗျာ ကျွန်တော်သာဆို ဒီထက်ဆိုးမယ်.. .“ နည်းတောင်မှ နည်းသေးပါတယ်။ ” လို့။

ဖြစ်စဉ် ( ၃ )
တစ်ခါက
လူငယ်လေးတစ်ယောက်က မြို့ငယ်လေး တစ်မြို့ကို ဖြတ်လာတော့ သူ့ဆီကို လူကြီးတစ်ယောက်က . . .
“ ငါ့တူရယ်။ ဦးလေး အခုထိ ဘာမှ မစားရသေးလို့ ဦးလေးကို ထမင်းစားဖို့လေး ဒါနပြုပါကွယ်။ ”
လို့ လာပြောတယ်။ ဒီတော့ လူငယ်လေးက ဒီဦးလေးကြီးကို သေသေချာချာ ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ်နဲ့ ခရီးသွားတစ်ယောက်ပုံစံ ပေါက်နေတယ်။ ဒါကြောင့်.
“ ဦးလေးကို ကျွန်တော် အရင်က ဒီမြို့မှာ မတွေ့မိပါလား။ ”
“ ဟုတ်ပါတယ်ကွယ်။ ဦးလေးက ဒီမြို့က မဟုတ်ပါဘူး။ ဦးလေး နေထိုင်တဲ့ ရွာက သူကြီးက ဦးလေးကို ရွာမှာ မနေရတော့ဘူး ဆိုပြီး မောင်းထုတ်လို့ ဦးလေး မြို့ကြီးမှာ ရှိနေတဲ့ အမျိုးတွေဆီ သွားဖို့ တတ်လာရင်း ဒီနေရာမှာ ခဏ ခရီးတစ်ထောက် ဝင်နားတာပါကွယ်။
ဒါပေမဲ့ ရွာမှာလို မဟုတ်တော့ လမ်းစရိတ်က ပြတ်ပြီး အခု စားဖို့ ခက်ခဲလာလို့ ငါ့တူဆီက အကူအညီတောင်းရတာပါကွယ်။ ”
“ ဟုတ်ကဲ့ပါ ဦးလေး။ ဦးလေး ပြောလိုက်တဲ့ စကားမှာ ဦးလေးကို ရွာကနေ သူကြီးက နှင်လွှတ်တယ် လို့ ပြောတယ်နော်။ ဘာလို့ သူကြီးက နှင်လွှတ်ရတာလဲဗျာ။ ”
ဒီစကားကြားတော့ ဦးလေးကြီးက သက်ပြင်းလေးကို လေးလေးပင်ပင်ချရင်း
“ ဦးလေးကို သူတို့က အမှန်ပြောလို့တဲ့ ။ အမှန်ပြောလို့ ရွာကနေ မောင်းထုတ်တာတဲ့ကွယ်။ ”
“ ဟာဗျာ။ ဒါကတော့ လုံးဝ မဖြစ်သင့်ဘူး။ ကျွန်တော်က အမှန်တရားကို တကယ်ကို အလေးအနက်ထားတဲ့ လူဗျ။ ဒီလို အမှန်ပြောလို့ ရွာက မောင်းထုတ်တယ်ဆိုတာကို ဘယ်လိုမှ လက်မခံဘူး။
ထားတော့ ဦးလေး။ ဒါက ဦးလေး ထမင်းစားဖို့နဲ့ လမ်းစရိတ် ကျွန်တော် လှူတာပါ။ ဦးလေးလည်း အမျိုးတွေဆီကို ချောချောမောမော ရောက်ပါစေဗျာ။ ”
လို့ လူငယ်လေးက ပြောပြီး သူ့အိတ်ထဲက ပိုက်ဆံ တချို့ကို ထုတ်ပေးပြီး ဦးလေးကြီးကို နှုတ်ဆက်ထွက်သွားတယ်။
လူငယ်လေးပေးသွားတဲ့ ပိုက်ဆံလေးကို ဦးလေးကြီးက လက်ထဲမှာ ကိုင်ထားရင်း သူလှည့်ထွက်မယ် လုပ်တော့ မြေပြင်ပေါ်မှာ ကျနေတဲ့ ကဒ်လေးတစ်ခုကို တွေ့လိုက်ရတယ်။ ဦးလေးကြီး ကောက်ကြည့်လိုက်တော့ ခုနက သူ့ကို အလှူငွေ လှူသွားတဲ့ ကောင်လေးရဲ့ မှတ်ပုံတင်လေး ကျကျန်ခဲ့တယ် ဆိုတာ သိလိုက်ရတယ်။
ဒါနဲ့ သူလည်း ကမန်းကတမ်း အပြေးအလွှား ကောင်လေး ထွက်သွားရာဆီကို လိုက်သွားတော့ ရှေ့ခပ်လှမ်းလှမ်းမှာ ကောင်လေး မှတ်ပုံတင် ကျသွားတာကို မသိပဲ လျှောက်သွားနေတယ်။ ဒီတော့ ဦးလေးကြီး နောက်ကနေ ကောင်လေးကို လှမ်းခေါ်တယ်။ မကြားဘူး။ မကြားတာထက် သူ့ကို ခေါ်လို့ ခေါ်နေမှန်း ကောင်လေး မသိတာ။ ဒါကြောင့် ကောင်လေး သူ့ကို ခေါ်လို့ ခေါ်မှန်း သိအောင် ဦးလေးကြီးက ကောင်လေးရဲ့ ထူးခြားတဲ့ အမှန်တရားလေးကို ထုတ်ပြီးခေါ်လိုက်တယ်။
“ ဟိုရှေ့က ငါတူ။ မျက်စိတစ်ဖက်လပ်နေတဲ့ ငါ့တူကြီး ။ မင်း မှတ်ပုံတင် ကျနေလို့ ဦးလေး လိုက်ပေးတာဟေ့။ ”
“ မျက်စိ တစ်ဖက်လပ်နေတဲ့ ငါ့တူရေ။ ”
ဒီလို လိုက်အော်နေတော့ ပတ်ဝန်းကျင်က လူတွေကလည်း ကောင်လေးကို ကြည့်ပြီး သူ့ကို ခေါ်နေတယ် လို့ ပြောမှ ကောင်လေးကလည်း ဦးလေးကြီး ခေါ်နေတာကို သတိထားမိတော့တယ်။ ဒါနဲ့ သူရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်တော့. ..
“ မျက်စိတစ်ဖက်လပ်နေတဲ့ ငါ့တူကြီး။ မင်း မှတ်ပုံတင် ကျနေလို့ ဦးလေး လိုက်ပေးတာကွ။ ”
လို့ ပြောတော့ ကောင်လေးက ဦးလေးကြီး လက်ထဲက မှတ်ပုံတင်ကို ဆတ်ခနဲ ဆွဲယူသွားပြီး ဦးလေးကြီးနားနား တိုးပြီး ကပ်ပြောသွားတယ်။
“ သူကြီးမို့လို့ ခင်ဗျားကို ရွာက မောင်းထုတ်တာ။ ကျွန်တော်သာဆို သတ်ပစ်တယ်။ ”
တဲ့လေ။ ကဲ။ ဒီလိုပါပဲ။ လောကကြီးမှာ လူတွေက နည်းနည်းတော့ ခက်တယ်နော်။ ဒါကြောင့် ကျွန်တော်ပြောတာ ကျွန်တော်သာဆို ဒီထက်ဆိုးမယ်.. .“ နည်းတောင်မှ နည်းသေးပါတယ်။ ” လို့။
မှတ်ချက်။ ။ ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ ဟာသလေးတွေပါ။ အခု အရွယ်ကျတော့လည်း ဟာသအပြင် အတွေးလေးတွေပါ ပါလာမိတယ်။ ကိုယ်ဖတ်မိသလို စိတ်ထဲမှာ ထင်သလိုသာ အတွေးတွေ ယူသွားနိုင်ကြပါစေဗျာ။
* အချိန်ရရင် ဆက်ရေးပါ့မယ်။ အလုပ်တွေရှုပ် ၊ ခေါင်းတွေ ကုတ် ၊ စိတ်တွေ ငုပ်နေလို့။ *
ကိုဇော် တင်ပြသည်။

.
4 ယောက် ရဲ့ ထင်မြင်ချက်:
ကိုဇော်ရေ ဟာသတင်ပြီး ကိုယ်တိုင်က ဒေါသသင့်နေတယ်။ စိတ်လျှော့ စိတ်တိုရင် လူပိုပင်ပန်းတယ်။ ပျော်ရွှင်ပါစေရှင်။
ဟားဟားဟား။
ရယ်သွားပါတယ်။
စိတ်ညစ်နေချိန်မှာပျော်ရွှင်စွာရယ်မောမိပါတယ်။
ဒီပို့စ်လေးရေးပေးတဲ့သူလည်းပျော်ရွှင်မှုတွေရပါစေလို့ ဆန္ဒပြုပါတယ်။
အဆိပ်သင့်သူ
ကိုဇော်ရေ...ဟာသတွေ ဖတ်ပြီး ထရယ်မိတာ ညဘက်ကြီး ဖြစ်နေလို့ အဆောင်က သူငယ်ချင်းတွေ ဝိုင်းပြီး တံခါးခေါက်မေးကြတာကို ခံရတယ်ဗျာ...သူတို့ မေးလိုက်တာက ''မင်း နေကောင်းရဲ့လားတဲ''့။
ကျွန်တော် ဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့တယ် အဲဒါ ကိုဇော်ကြောင့်ပေါ့။
ဟေးဟေး.. ကောင်းပါ့အစ်ကိုရာ...
ကားပေါ်က ကန်ချတာလေးကိုတော့ ဖတ်ဖူးတယ်.။
ကျန်တာတွေကတော့ ခုမှ ဖတ်မိတာ...။
လင့်ခ်ယူသွားပါတယ်အစ်ကို.. :))
Post a Comment