ကျွန်တော်လည်း ရွံတတ်ပါတယ်ဗျာ ၊ အတိုင်းအတာ တစ်ခု အထိပေါ့။ ဒါပေမဲ့ . . . ကျွန်တော့်သူငယ်ချင်း ဟန်ဝင်းအောင် ရွံတတ်တာက ပိုဆိုးတယ်။ လွန်လွန်အားကြီးတယ် လို့ပဲ ပြောရမယ်။
သူ့ရှေ့မှာ ချောင်းမဆိုးနဲ့ ချက်ချင်း ထသွားတယ်။ အားမနာဘူးနော်။ ထမင်းစားနေတုန်း နှာချေရင် ထမင်းပန်းကန်တွေ ဘာတွေ ထသွားပြီး သွန်ပစ်တာ ၊ ပြီးတော့ ပြောလိုက်သေးတယ်။ နှာချေရင် နှာချေရာက ထွက်လာတဲ့ အမှုန်အမွှားတွေက နှာခေါင်းကနေ တစ်နာရီကို ၁၀၃.၇၆ မိုင်နှုန်းနဲ့ ကန်ထွက်လာတာ နောက်ပြီးမှ မြေပြင်ဆီကို တဖြေးဖြေးကျလာတာ . . . ဘာညာ ဆိုပြီး နှာလေး တစ်ခါချေမိတဲ့ သူက ပြစ်မှု တစ်ခု ကျူးလွန်သလောက်ကို သူ့ရှေ့မှာ အပြစ်ကြီးသွားတယ်။
ဒါပဲလား . . မဟုတ်သေးဘူး ရှိသေးတယ်။ ဘယ်လောက်လွန်လဲ ပြောပါတယ်။ သူ့အိမ်ရှေ့က အသုဘချလို့ မသာကား ဖြတ်သွားရင် သူက ရေတွေထချိုး ခေါင်းတွေလျှော် နောက်ဆုံး သူ့မှတ်ပုံတင်ကိုပါ ရေထဆေးတယ်။ ဘယ်သူပြောတာမှလည်း နာတာ မဟုတ်ဘူး။ ဘယ်သူ့မှလည်း ဂရုမစိုက်ဘူးဗျ။ သူ့ကို ပြောရတာ ခက်နေတာပေါ့ဗျာ။ ကြာတော့ သူဒီလို ရွံတတ်တာကြီးကို အားလုံးကလည်း သိနေတော့ ရိုးတောင်မှ လာကြပါပြီ။
အင်း . . . ဖြစ်ချင်တော့ တစ်နေ့ ကျွန်တော်တို့ နှစ်ယောက်ကို ဆရာက ခေါ်လို့ သွားကြတယ်။ ဆရာက သူ့ကျူရှင်မှာ ဝိုင်းကူလုပ်ဖို့ ခေါ်တာ။ ကျွန်တော်တို့ ရောက်တော့ ဆရာက စာသင်နေတယ်။ ကျွန်တော်တို့ကလည်း ဆရာ့ကို ထိုင်စောင့်နေရင်းနဲ့ ဆရာ့ စာရေးကောင်တာမှာ ထိုင်နေကြတာပေါ့။ နောက်တော့ ဆရာက ကျူရှင် အချိန်ပြီးတော့ သူနဲ့ Exam အတွက် အပ်ထားတဲ့ စာအုပ်တွေ သွားပြီး ဝိုင်းကူကြည့်ပေး စစ်ပေး လုပ်ပေးရတာပါ။ ဒါပြီးတော့ ကျွန်တော်တို့ ဆရာတပည့် ၃ ယောက် အေးအေးဆေးဆေး လမ်းလျှောက်ပြီး ပြန်လာတယ်။
တစ်နေရာရောက်တော့ ဆရာက “ လာကွာ . . လက်ဘက်ရည်ဆိုင် ထိုင်ကြမယ်။” ဆိုပြီး လက်ဘက်ရည်ဆိုင် တစ်ဆိုင်ကို ဝင်ထိုင်တယ်။ ဒီမှာ ဟန်ဝင်းအောင် က သူ့ထုံးစံ အတိုင်း ရေနွေးခွက်တွေကို ရေနွေးကြမ်းနဲ့ ထပ်ထပ် ဆေးနေတယ်။ ဒါကို ဆရာရော ၊ ကျွန်တော်ပါ မြင်တယ်။ သူ့အကြောင်းလည်း ဆရာက သိနေတာပဲလေ။ ဒီတော ဆရာက စကားစပြောတယ်။
“ မင်းတို့ကို ပုံပြင်လေး တစ်ခု ပြောပြဦးမယ်။ ”
ကျွန်တော်တို့ကလည်း ဆရာပြောတဲ့ စကားတွေဆိုရင် အထူုးအဆန်းတွေ ကြားရတာ ဆိုတော့ ...
“ ပြောလေ . . . ဆရာ ၊ ဆရာ့ဆီက စကားတွေ မကြားတာတောင်မှ ကြာနေပြီ။ ”
“ အင်း . . . ဒီလိုကွ။ တစ်ခါက အရမ်းရွံတတ်တဲ့ သူတစ်ယောက်က ခရီးတစ်ခုကို သွားတယ်။ ဒီအချိန်မှာ သူလယ်ကွင်း တစ်ခုကို ဖြတ်ရတယ်။ အနီးအနားမှာ ဘယ်အိမ်မှာ မရှိဘူး။ အဲဒီအချိန်မှာ သူ ဗိုက်နာလာတယ်။ အိမ်သာ တတ်ချင်လာတာ။ ဒါနဲ့ သူက ရွံတတ်တဲ့သူ ဖြစ်နေတော့ လယ်ကွင်းကြီးမှာလည်း ထိုင်ပြီး မသွားချင်ဘူး။ ဒါနဲ့ သူ ကြိတ်မှိတ်ပြီး ဆက်လျှောက်လာတယ်။ ဒါနဲ့ လယ်ကွင်းကို ဖြတ်လျှောက် လာရင်း လယ်ကွင်းအစပ်ကို သူရောက်လာတယ်။ ဒီမှာ သူရွာစပ်မှာ ဆက်ထားတဲ့ အိမ်သာ တစ်ခုကို တွေ့လိုက်တယ်။ ဘေးမှာလည်း ဇရပ်တစ်ခုကို တွေ့လိုက်ရတယ်။
ဒါနဲ့ သူလည်း ပျော်သွားတာပေါ့။ ရွာမဝင်ခင် ဇရပ် တစ်ခု ရှိနေတာ..ပြီးတော့ ဇရပ်မှာ အိမ်သာလေးပါ တွဲပြီး ရှိနေတာလေ။ ဒါနဲ့ သူ ခြေလှမ်း သွက်သထက် သွက်အောင် လျှောက်လိုက်တယ်။ သူ အန္တရာယ်က မထိန်းနိုင်လောက်အောင်ကို ဖြစ်နေပြီလေ။ ဒါနဲ့ပဲ နောက်ဆုံး သူ အိမ်သာကိုလည်း ရောက်ရော ဘာမှ မကြည့်နေနိုင်တော့ဘူး။ သူ အိမ်သာထဲ ဝင် အိမ်သာတတ်ပြီး သူကိစ္စကို ဖြေရှင်းလိုက်တယ်။
ခုနက အရမ်းကိစ္စများနေလို့သာ သူ ဘာမှ မကြည့်နိုင်တာ အခု သက်သာလာလို့ သူဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အိမ်သာက သစ်သားနဲ့တော့ ဆောက်ထားတာပါ။ ဒါပေမဲ့ ခရီးသွားတွေ သုံးတာ ဆိုတော့ ကိစ္စပြီးရင် သုံးဖို့ ရေက အဆင်သင့်ရှိမနေဘူး။ အနီးနားမှာတော့ ရေတွင်းတို့ ၊ ရေကန်တို့ ရှိမှာပေါ့လေ။ အခုတော့ အိမ်သာထဲမှာ ကိစ္စပြီးရင် သုံးဖို့ ရေက မရှိဘူး။ ပုံးလေးထဲက ရေကလည်း ခန်းနေပြီ။ ဘေးမှာ စက္ကူတို့ ဘာတို့လည်း မရှိဘူး။ တကယ်လို့ ရှိနေခဲ့ရင်လည်း သူက ရွံတတ်တဲ့ သူဆိုတော့ မသုံးချင်ဘူး။
ဒါနဲ့ သူက ကိစ္စပြီးမှ ပြဿနာက ထပ်တတ်နေတယ်။ ဒါနဲ့ သူ သူ့အိတ်ထဲ လိုက်ရှာတော့ ဘာစက္ကူမှ မတွေ့ဘူး။ ရှားရှားပါးပါး တစ်ရှူးလေး တစ်ရွက်ပဲ သွားတွေ့တယ်။ မတတ်နိုင်ဘူးလေ။ ဒါလေးပဲ ရှိတာ . . ဒါလေးနဲ့ပဲ ဖြစ်သလို သုံးရတော့မှာပေါ့။ ဒီတော့ တစ်ရှူးစလေး ပျော့ဖတ်ဖတ်လေးနဲ့ သူ ကိစ္စရှင်းတယ်။ ဒါပေမဲ့ ရွံတတ်သူ ဆိုတော့ ကိစ္စသာ ရှင်းသွားတာ သူ့စိတ်ထဲမှာ ရှင်းမသွားဘူး။ ဒါကြောင့် သူက သေချာရှင်းရဲ့လား ဆိုပြီး သူ့လက်နဲ့ပဲ အသာလေး စမ်းကြည့်တယ်။ နောက် ဒီအတိုင်း မနေဘူး။ စမ်းပြီးသား လက်ကို သူ့နှာခေါင်းနဲ့ လာနမ်းကြည့်သေးတယ်။
ဒီမှာ ဘာပဲ ပြောပြောသူ အနံ့ တစ်ချို့ရသွားတယ်။ ဒီတော့ . . . . . . . အင်း လူတွေမှာ လက်ကို တစ်ခုခု နာသွားရင် ၊ ပူသွားရင် အား ဆိုပြီး လက်ကို မပူသက်သာအောင် ၊ အနာသက်သာအောင် ပါးစပ်ထဲ ယောင်ပြီး ထည့်တတ်ကြတယ် မဟုတ်လား။ သူလည်း အခု လက်က အနံ့တချို့ နှာခေါင်းကရလာတော့ ရွံတတ်သူ ဆိုတော့ ဟာကွာ ဆိုပြီး လက်ကို ရုတ်တရက် ခါလိုက်တယ်။ ဖြစ်ချင်တော့ သူခါလိုက်တဲ့ လက်က ဘေးမှာ ရှိနေတဲ့ သစ်သားဘောင်နဲ့ ရိုက်မိတယ်။ ဒီတော့ သူနာသွားတယ်။
နာသွားတော့ နာသွားတဲ့ သူတွေရဲ့ ထုံးစံ အတိုင်း “ အာ . . . ဝု ” ဆိုပြီး သူ့နာသွားတဲ့ လက်ကို ပါးစပ်ထဲ ထည့်ပြီး စုပ်လိုက်တယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွာ။ ရွံတတ်တဲ့ သူတွေ သတိထားဖို့ပါ။ ရွံတယ် ရွံတယ် နဲ့ နောက် လက်စုပ်မိနေဦးမယ်။ ”
ဆရာက ဒီလိုလည်း ပြောပြီးရော။ ကျွန်တော့် သူ့ကို မသိမသာ အကဲခတ်ကြည့်တာ သူ မျက်နှာကြီး နီးရဲပြီး ရှက်နေတယ်။ ဟီး . . . . သူ လက်စုပ်မိနေပြီးပြီ ထင်တယ်။ ဆရာကလည်း သူရှက်နေတာကို သိပါတယ်။ ဒါကြောင့် သူ့ကို ဘာမှ မပြောတော့ဘူး။ မသိမသာနဲ့ စကားကို လျောချသွားတယ်။ နောက်တော့ ကျွန်တော်တို့ ပြန်လာကြတယ်။
ကျွန်တော်ထင်တယ်။ အဒီအချိန်က စပြီး ဟန်ဝင်းအောင် အရင်ကလို မရွံတော့ဘူး လို့။ ပြီးတော့ ရွံတာနဲ့ စွံတာ က ဘာမှ မဆိုင်ဘူးဗျာ။ သူက ရွံသာ ရွံသာ ကျွန်တော့်ထက်တော့ စွံတယ်ဗျ။ အခုလေ . . . သူက မိန်းမရလို့ ကလေး နှစ်ယောက်တောင်မှ ရနေပြီ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့်သူ့ဆီကို သွားလည်တော့ သူ့အိမ်ထဲ ဝင်ဝင်ချင်း သူ ဘာတွေ လုပ်နေတယ် ထင်လဲ။ သူကလေး တစ်ယောက်ရဲ့ နောက်ဖေး ( ချေး ) တွေကို ဆေးနေတာ တွေ့တယ်။ ကျွန်တော်ဝင်လာတာကို မြင်တော့ သူက ကျွန်တော်လည်းဘာမှ မပြောပဲနဲ့ . . . . .
“ မိန်းမ ထမင်းချက်နေလို့လေ . . . ဟီး။ လာလေကွာ . . . ကိုဇော် . . ဝင်ထိုင်ဦး။ ” တဲ့။
ကျွန်တော့်လည်း ဘာမှ မပြော ၊ မမေးပါလား။ ဒါပေမဲ့..ဒီလိုပါပဲလေ။ ဘဝဆိုတာ ဘယ်လောက် ရွံတတ်တတ် တစ်ခါတစ်လေတော့ ယောင်ပြီး လက်စုပ်မိမှာပါပဲ။
သြော် . . . ဒါနဲ့ မေးရဦးမယ်။
အခု စာဖတ်သူရော ရွံတတ်လား။ ရွံတတ်ရင်တော့ သတိထားနော် တော်ကြာ. . . . လက်စုပ်မိနေဦးမယ်။
လေးစားစွာဖြင့်
ကိုဇော်
http://zaw357.multiply.com/journal/item/659 မှာ 29.9.2009 က ရေးထားတာပါ။

1 ယောက် ရဲ့ ထင်မြင်ချက်:
မရွံတတ်လို့ ခက်နေတယ် ကိုဇော် ...
ရွံတတ်ရင်လဲ ကောင်းသားးး
အဟဲ ကိုဇော်လဲ မရွံတတ်လို့ခုလိုဖြစ်နေတာမလား .... ရွံလိုက်ဇမ်းးးးးးးးးးဘာာာာာာာာ
Post a Comment