ကျွန်တော့်မှာ အရမ်းတော်တဲ့ အဖေ တစ်ယောက် ရှိပါတယ်.။ အဖေက စီပွားရေးသမားတစ်ယောက်ပါ.။ ကျွန်တော့်ကိုလည်း ငယ်ငယ်တုန်းက စီးပွားရေးသမား တစ်ယောက် ဖြစ်စေချင်ခဲ့ပါတယ်.။ ဒါပေမဲ့ ငယ်သေးတော့ ကျွန်တော်ကလည်း လူငယ်တွေရဲ့ အတိုင်း စိတ်ကူး ပေါက်ရာလေးတွေ လုပ်မိပါတယ်.။ ဥပမာ - ကဗျာရေး ၊ စာရေး ဘာညာပေါ့လေ.။ ဒါကို ဖေဖေက မကြိုက်ပါဘူး.။ ကျွန်တော့်တို့ အမျိုးထဲမှာလည်း ဒီလို လူတွေ မရှိဘူးပေါ့လေ.။ အဲ..အဘိုးကတော့ တရုတ်ဆေး ဆရာဝန်ဆိုတော့ ဆေးကြမ်းတွေ ရေးတယ် .။ အဖိုးနဲ့ အနေနီးလို့ ဒီစာရေးတာ ဝါသနာ ပါလာတာလားလည်း မမှတ်မိတော့ဘူး.။
တကယ်တော့..ကျွန်တော့်ဘဝမှာ စိတ်ထွက်ပေါက်ရယ်လို့ တကယ်နည်းခဲ့ ပါတယ်.။ ကျွန်တော် သူများတွေလို စက်ရုပ်တွေ ၊ ကားတွေနဲ့ မကစားတတ်ဘူး ။ သေနတ်ကိုတော့ ကျွန်တော် ဝါသနာပါတယ်.။ ကျွန်တော့်မှာ စာဖတ်နေရတဲ့ အချိန်ဟာ ကျွန်တော့်အတွက် မငြိမ်းချမ်းဆုံး အချိန် နဲ့ စာရေးနေရတဲ့ အချိန်က အလွတ်လပ်ဆုံး အချိန်ပါ.။ ဒါကို “ ဝါသနာ ” လို့ ခေါ်မလား.။
ဟုတ်ပါတယ်..။ စာရေးခြင်း ဆိုတာ ကျွန်တော့်ဘဝအတွက် စိတ်ထွက်ပေါက် ဝါသနာလေး တစ်ခုပါ.။ ဒါပေမဲ့..ကျွန်တော် အဓိက ဝါသနာကိုတော့ ဖေဖေ အမြင်နိုင်ခဲ့ပါဘူး.။ အဖေတူသားလို့ ပြောကြတယ် ။ ကျွန်တော်လည်း ဖေဖေလိုပဲ ပေါက်ကရတီထွင်ချင်တယ်.။ ပြီးတော့..ကျွန်တော့်ဘဝရဲ့ အတတ်အလွယ်ဆုံး ဘာသာရပ်က Economic ဆိုတာကိုတော့ ဖေဖေ မသိ ၊ မမြင်နိုင်ခဲ့ဘူး.။
စီးပွားရေး ဝါသနာပါတာချင်း အတူတူ ဖေဖေ ကျွန်တော့်ကို ဘာလို့ မမြင်နိုင်တာလဲ ဆိုရင် ဖေဖေက Creative ကိုအားသန်တာလေ..။ ဒီခေတ်စကားနဲ့ ပြောရရင် ဖေဖေက စွန့်ဦးတီထွင်မှု ကို ပဲ အားသန်နေခဲ့တယ်.။ ဖေဖေတစ်ခုခု တီထွင်ပြီးရင် စီးပွားဖြစ်အောင် ဆက်မလုပ်ဘူး.။ ကျွန်တော်ကတော့ စီးပွားပဲ ဖြစ်ချင်သူ.။ လုပ်ငန်းတစ်ခုမှာ တီထွင်သင့်တယ်.။ ဒါပေမဲ့ ...စီးပွားလည်း ဖြစ်ရမယ်လေ.။ ကျွန်တော်က ဒီလို ခံယူတယ်.။ နောက်ထပ် ဖေဖေ ကိုယ့်ဖာသာကိုယ် မမြင်နိုင်တာ တစ်ခုက “ တီထွင်နေရတာဟာ ဖေဖေ့ဝါသနာ ” ပါ.။
ကျွန်တော် အသက်ရလာတော့ ဖေဖေလုပ်ငန်းတွေ ( ကျွန်တော်တို့က စက်မှု လုပ်ငန်း လုပ်ပါတယ်.။) ထုံးစံ အတိုင်း ဝင်လုပ်ရင်း ကျွန်တော် အမြင်တွေကို ပြောပြတော့ ဖေဖေ နဲ့ ကျွန်တော် သဘောထားတွေ ကွဲပါတော့တယ်.။ ဒါပေမဲ့..ကျွန်တော် ဆက်မငြင်းခဲ့ပါ။ လိုအပ်ရင်တော့ ပြောပြောနေခဲ့ရတာပါပဲ.။ ကျွန်တော်တို့ လုပ်ငန်းက အရမ်းကောင်းပါတယ်.။ သားတစ်ယောက်တည်း ရှိတဲ့ ကျွန်တော့်ကိုလည်း ဖေဖေက အားကိုးတာ သိပေမဲ့ တီထွင်မှုတွေထက် အဓိက စီးပွားဖြစ်ရေးကို ဦးစားပေးချင်တဲ့ ကျွန်တော်က တခြား လုပ်ငန်းတစ်ခု ခွဲမှပဲ လို့ မြင်ပါတယ်.။ ဒါနဲ့ပဲ..ကျွန်တော် သူငယ်ချင်း သူငယ်ချင်းတစ်ယောက် နဲ့ ရောရောင်ပေါရောင် နိုင်ငံခြား ရောက်ခဲ့ပါတယ်.။ ဒီမှာလည်း ကျွန်တော် ဘာမှ မမှားခဲ့ပါ.။ ကျွန်တော် ကြိုးစားခဲ့ပါတယ်.။
ဒါပေမဲ့..မိဘမှာ လုပ်ငန်းရှိရဲ့သားနဲ့ နိုင်ငံခြားထွက်ရမလားဆိုပြီး အမျိုးတွေ အပါအဝင် ပတ်ဝန်းကျင်ကလည်း အပြစ်တင်ကြပါတယ်.။ ကျွန်တော်မမှုခဲ့ပါ.။ နိုင်ငံခြားထွက်တာကို ဖေဖေကလည်း သဘောမတူပါ..။ သို့သော်..ကျွန်တော့်ကို သေချာလည်း မပြောပါ.။ မတားခဲ့ပါ...။ နောက်မှပဲ သိရပါတော့တယ်.။ ဒါပေမဲ့..ကျွန်တော် အဖေကပါ..ကျွန်တော့်ကို အကြောင်းပြပြီး ကျွန်တော် လုပ်ငန်းကြီး တစ်ခုလုံးပါ ရပ်ပစ်ခဲ့ပါတော့တယ်.။
ကျွန်တော် ဘဝမှာ တော်တော် အထိနာခဲ့ပါတယ်.။ ကျွန်တော် မရှိလည်း ဖေဖေ့ အလုပ်သမားတွေနဲ့ ဆက်လက် လည်ပတ်လို့ရနေတာပါပဲ.။ ဒါပေမဲ့..အားလုံးအမြင်မှာ ကျွန်တော်ဟာ ကိုယ်ပိုင်လုပ်ငန်း ရှိရဲ့နဲ့ မိဘတွေဆီက ထွက်သွားတဲ့ သားတစ်ယောက် ဖြစ်နေခဲ့ရပါတော့တယ် ။ ဒါကြောင့် လုပ်ငန်းတွေတောင်မှ ရပ်ပစ်ခဲ့ရတယ်လို့ ဖြစ်ခဲ့ရပါတော့တယ်.။ ကျွန်တော့် အခု နိုင်ငံခြားထွက်လာခဲ့တဲ့ ၇ နှစ်မှာ ဖေဖေ နဲ့ အနီးကပ် စကားပြောရတာ ဆိုလို့ ၂ လတောင်မှ မပြည့်တော့ပါ.။
တစ်ခါတစ်လေ ငယ်ငယ်ကလို ကျွန်တော် အင်္ဂျင်တပ်ထားတဲ့ လေယာဉ်ပျံလေး တီထွင်တုံးက ဖေဖေ ကိုမေးခဲ့သလို ၊ Remote နဲ့ သင်္ဘောလေး လုပ်တုန်းက ဖေဖေကို မေးခဲ့သလို ၊ တစ်ပေပတ်လည် မီးအားမြှင့်စက်ပုံလေးထဲမှာ မီးအားမြှင်စက်ရော ၊ ဝရိန်ဆော်ဖို့ရော ၊ စပေါ့ဝရိန်ဆော်ဖို့ ရော ၊ ဘက်ထရီအားသွင်းတာရော ၊ အထွေထွေသုံးဖို့ ကျွန်တော် စမ်းလုပ်တော့ ဖေဖေ ဘေးက အကြံပေး ဝိုင်းတွက်ပေးခဲ့သလို .......ဒီလိုမျိုးတွေ သတိရပါတယ်.။
ဒါကြောင့်မို့လည်း ကွန်ပျူတာမှာ ကျွန်တော် Software ထက် Hardware ကို ပိုအားသန်တာပါ.။ ဒါပေမဲ့...ကျွန်တော်တို့ဟာ ဘယ်လိုမှမှ ပြန်လည်နီးစပ်ပါတော့မလဲ ဖေဖေရယ်..။ အဲဒီတုန်းက ကျွန်တော်ကဗျာလေး တစ်ပုဒ်ရေးခဲ့မိပါသေးတယ်.။ ဒီလို အောက်တိုဘာလ ကပေါ့..။
အောက်တိုဘာလ တစ်လမှာ ရေးခဲ့ဖူးတဲ့ ကဗျာလေး တစ်ပုဒ်ပါ.။ အခု အောက်တိုဘာလမှာပဲ အားလုံးသိအောင် ချရေးမိပါတယ်.။ ကျွန်တော့်ဘဝရဲ့ အပိုင်းအစ တစ်ခုဖြစ်သလို ကျွန်တော့်အဖေနဲ့ ကျွန်တော် အကြောင်း တစ်စိတ်တစ်ဒေသလည်း ဖြစ်တယ်.။ တစ်ခါတစ်လေ ဆို ဖေဖေ့ကို ကျွန်တော် လွမ်းတယ်ဗျာ..။ ဘယ်တော့များမှ အရင်လို ပြန်လည် တွေ့ဆုံနိုင်ပါတော့မလဲ..။
ကိုဇော် ခံစားပုံဖော်သည်..။

နာမည်ပြောင်းခြင်း
မိဘတို့ရဲ့ အလိုကို
မလိုက်လျောနိုင်တဲ့
သားသမီးတို့ရဲ့ ထုံးစံအတိုင်း
နာမည်တစ်ခု
ကျောမှာ ၊ ရင်မှာကပ်
သန်းခေါင်ယံ ညဉ့်နက်နက်ထဲ
တစ်ကိုယ်တည်း ခရီးထွက်ခဲ့တယ်..။
အဖော်ဆိုလို့
နာမည်တစ်ခုသာ ရှိနေခဲ့..
“ သားဆိုး ” တဲ့...။
ကိုဇော်

http://zaw357.multiply.com/journal/item/676 မှာ 8.10.2009 က ရေးထားတာပါ။
.
1 ယောက် ရဲ့ ထင်မြင်ချက်:
အော်...သားဆိုးလေးကိုး။
သာဆိုးလို့ခေါ်တော့မယ်။:)
Post a Comment