မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 February 2010

0 ယုံကြည်မှု ၏ စွမ်းအား (၁)


သင်လုပ်နိုင်သည် ဟု ထင်သည် ဖြစ်စေ...၊
မလုပ်နိုင်ဘူးလို့ ထင်သည် ဖြစ်စေ....၊

သင်၏ အထင် အမှန်ပဲ ဖြစ်သည်.။

ဟင်နရီ ဖို့ဒ်



ဖြစ်စဉ်(၁)

ဂမ္ဘီရ ဆရာကြီး တစ်ဦးရှိသည်.။ သူက ဘယ်လောက် စွမ်းသလဲတော့ မသိ.။ သူ့ကို သူ့တပည့်များက ဘုရားပြီးရင် သူလောက်ကဲသို့ပင် အားကိုး ယုံကြည်ကြသည်.။ ဆရာကြီး ဘာပြောပြော လုပ်ဖို့ သူတို့ ဝန်မလေးကြ.။ ဆရာကြီးကလည်း သူတို့ကို ဂမ္ဘီရ ကျင့်စဉ်များကို အခါအားလျော်စွာ လေ့ကျင့်သင်ကြား ပေးသည်.။

ဒါနဲ့ တစ်နေ့ .....ဆရာကြီးက သူ့တပည့်တစ်ယောက်နဲ့ ခရီးသွားနေတုန်း ချောင်းလေးကို ဖြတ်ပြီး လှေလေးနဲ့ ကူးရတယ်.။ သူတို့လည်း ဟိုဘက်ရောက်တော့ လှေသမားက သူ့ကိစ္စပြီးတော့ ပြန်သွားတာပေါ့လေ.။ ဆရာကြီးတို့ ရောက်နေတဲ့ ဒီဘက်ကမ်းမှာကလည်း ဆရာကြီးကို လာကြိုနေတဲ့ သူတွေက အများကြီး ...၊ အဲဒီအချိန်မှာ ဆရာကြီး နဲ့ သူ့တပည့်က အရေးကြီးတဲ့ ပစ္စည်းတစ်ခုကို ယူလာဖို့ မေ့နေတာ သတိရတယ်.။ ဒါပေမဲ့ လှေသမားက ဟိုဘက်ကမ်း ပြန်ရောက်သွားပြီ.။ ဖြစ်ချင်တော့ ဒီဘက်ကမ်းမှာ လှေတွေကလည်း တစ်စီးမှ မရှိဘူး.။

ဒါနဲ့ ဆရာကြီးက သူ့တပည့်ကို ပြောတယ်.။

“ ကဲ..တပည့်ရေ..မင်းရဲ့ အစွမ်းပြဖို့ အချိန်ရောက်ပြီ..။ အခု..မင်း ဒီချောင်းဟိုဘက်ကမ်းကို ရေပေါ်က လမ်းလျှောက်ဖြတ်ပြီး ဟိုဘက်ကမ်းမှာ ကျန်ခဲ့တဲ့ ပစ္စည်းကို သွားယူပေတော့..။ မင်းကို ဆရာကြီး ကျင့်ပေးထားတဲ့ ပညာတွေနဲ့ ဆိုရင် ဒီလောက်ကတော့ အပျော့ပေါ့..။ ”

ဆရာကြီးက ဒီလို ပြောလိုက်တော့ သူ့တပည့်က ဆရာကြီးကို အစွမ်းကုန်ယုံလေတော့....

“ ဟုတ်ကဲ့..ဆရာကြီး..။ ”

လို့ တစ်ခွန်းထဲ ပြောပြီး ရေထဲကို ဆင်းလိုက်တာ ရေမမြှုပ်ပဲ ရေပေါ်မှာ လမ်းလျှောက်သွားပြီး ဟိုဘက်ကမ်းရောက်သွားတယ်.။ နောက်တော့...သူတို့ ကျန်တဲ့ ပစ္စည်းကို ယူပြီး ရေပေါ်ကပဲ လမ်းလျှောက်ပြန်လာပြီး ဆရာကြီး ဆီကို သူယူလာတဲ့ ပစ္စည်းကို ပေးတယ်...ဆိုပဲ...။



ဖြစ်စဉ် (၂)

ထိုဂမ္ဘီရ ဆရာကြီးကပါပဲ...။ တစ်နေ့ကျတော့ သူ့နောက်တစ်ပည့်တစ်ယောက်နဲ့ တောင်ပေါ်ခရီးစဉ် တစ်ခုကို သွားရတယ်.။ ဒီလို သွားရင်းနဲ့ တစ်နေရာလည်း ရောက်ရော...။ လေပြင်းတစ်ချက်တိုက်လိုက်တာနဲ့ ဆရာကြီးတို့ရဲ့ ဂမ္ဘီရ နဲ့ အစီအရင်လုပ်ထားတဲ့ အင်းတွေ ထည့်ထားတဲ့ သေတ္တာလေးဟာ လေပြင်းအရှိန်နဲ့ လွင့်သွားပြီး ဘေးမှာ ရှိတဲ့ ချောက်ထဲ ကျသွားသတဲ့..။

ချောက်ကလည်း အမြင့် ၁၅ ပေ လောက်တော့ ရှိတယ်.။ ဒီတော့ ...သူတို့ ဘာနဲ့မှလည်း လှမ်းဆွဲကောက်လို့ မရဘူး.။ ဒီမှာ ဆရာကြီးက သူ့တပည့်ကို ပြောတယ်..

“ ကဲ..တပည့်ကြီး..။ အခုတော့ မင်းရဲ့ စွမ်းရည်တွေကို ပြရမဲ့ အချိန်ရောက်လာပြီ..။ မင်းကို ဆရာကြီး သင်ပေးထားတဲ့ ဂမ္ဘီရ ပညာတွေ နဲ့ ဆိုရင်တော့ မင်း.ဒီချောက်လောက်ကတော့ အသာလေး ခုန်ဆင်းနိုင်ပြီ.။ မင်း အခု ချောက်ထဲကို ခုန်ဆင်းလိုက် ပြီးတော့ ဆရာကြီးတို့ ကျသွားတဲ့ အင်းသေတ္တာလေးကို ကောက်ခဲ့ပေတော့.။ ”

ဆရာကြီးလည်းရဲ့ စကားလည်း ဆုံးရော..။ သူတပည့်က ဘာမှ မပြောတော့ပဲ နဲ့ ဝုန်းဆို ချောက်ထဲကို ခုန်ဆင်းလိုက်တယ်.။ ဒါပေမဲ့...သူချောက်ရဲ့ အောက်ခြေကို ရောက်သွားတယ်.။ ဒါပေမဲ့ တပည့်ဘာမှမဖြစ်ခဲ့ဘူး.။ အနည်းငယ် ခြစ်ရာလောက်က လွဲလို့ သူဘာဆို ဘာမှ မဖြစ်ခဲ့.။

ဒီအဖြစ်တွေကို ကြားသိရတဲ့ ဆရာကြီး တပည့်တွေနဲ့ တခြားလူတွေက ဆရာကြီးကို ပိုပို လေးစားလာကြတယ်.။


ဖြစ်စဉ် (၃)

ဒီနောက်မှာတော့ ဒီဂမ္ဘီရ ဆရာကြီးက ပိုပိုလူသိများ ကျော်ကြားလာတယ်.။ အလွန်ကျော်ကြားလာသလို သူ့ဆီကို တပည်ခံချင်တဲ့ သူတွေလည်း တစ်နေ့တခြား များများလာကြတယ်.။

ဒါနဲ့ တစ်နေ့ ဆရာကြီးက ဒီလို စဉ်းစားမိတယ်..။ ငါ တပည့်တွေတောင်မှ တော်တော်စွမ်းနေ ကြပြီ.။ သူတို့တောင်မှ ဒီလို စွမ်းရင် ငါ ဆရာ ဆိုရင် ပိုတောင်မှ စွမ်းရမှာပဲ..။ ငါ့တပည့်တစ်ယောက်ဆိုရင် ရေပေါ်မှာတောင်မှ လမ်းလျှောက်နိုင်နေပြီ.။ ငါလည်း အခု အားနေတုန်း ရေပေါ်လမ်းလျှောက်ဖို့ လေ့ကျင့်ဦးမှပဲ ဆိုပြီး သူရေထဲ ကို ဆင်းလိုက်တာ..။ ရေပေါ်မှာ လမ်းမလျှောက်နိုင်တဲ့ အပြင် ရေနစ်ပါလေရော.။

ဒါကို တွေ့တော့ သူတပည့်တွေက အသည်းအသန်ဆယ်ယူကြရတယ်.။ ဒါပေမဲ့ သူတို့ ဆရာကြီး ရေနစ်တာကိုတော့ နားမလည်ကြဘူး.။ ကျင့်စဉ်တစ်ခု မှားလို့လို့ပဲ သူတို့ ယူဆနေကြတယ်.။ ဆရာကြီး ကိုလည်း ဘယ်သူမှ မမေးရဲဘူးလေ.။

ဒီလိုနဲ့နေလာလိုက်တာ ...။ နောက်ထပ် ၂ လလောက်နေတော့ ဆရာကြီးက ချောက်ကမ်းပါးတစ်ခု နားကို ရောက်သွားသတဲ့ .။ နောက်တော့ သူက ဟိုအရင်တစ်ခါက သူ့တပည့်တစ်ယောက် ဒီလို ချောက်ထဲကို ဘာမှ အထိအခိုက်မရှိပဲ ခုန်ဆင်းတာကို သတိရလာတယ်.။ ဒီတော့ ငါ့တပည့်တောင်မှ ခုန်ဆင်းနိုင်သေးတာ..ငါက ဘာလို့ မဖြစ်ရမှာလဲ ဆိုပြီး. ချောက်ထဲကို ခုန်ချလိုက်တယ်.။ ဒါပေမဲ့..ဝမ်းနည်းစရာ ကောင်းစွာပဲ ဂမ္ဘီရ ဆရာကြီးရဲ့ အလောင်းကို သူ့တပည့်တွေ နောက်နေ့မှ ရှာလို့ တွေ့ကြရတယ်.။

တကယ်တော့...ဒါဟာ ဂမ္ဘီရ နဲ့ မဆိုင်ပါ.။ ယုံကြည်မှု နဲ့ပဲ ဆိုင်ပါတယ်.။ ဆရာကြီး တပည့်တွေဟာ ဆရာကြီးကို လေးစားယုံကြည့်ကြတယ်.။ ဒါကြောင့် ဆရာကြီးကို ဘာပဲ ပြောပြော သူတို့ ယုံတယ်..။ ဆရာကြီး ပြောတဲ့ အတိုင်းဖြစ်ရမယ် လို့ သူတို့ ခံယူတယ်.။ ဒါကြောင့် သူတို့ အရာရာဖြစ်လာကြတယ်.။ ဆရာကြီးက ကျတော့ သူဘာမှ မသိ မတတ်သေးဘူး ဆိုတာ သူ့ဖာသာ သိနေတယ်.။

ဒါပေမဲ့..သူ့ကိုသာ သူများတွေက ယုံကြည်နေတာ ...သူက သူများကို ယုံကြည့်ထားတာ မရှိဘူး.။ သူ့ကိုယ်သူတောင်မှ ယုံကြည်တာ မဟုတ်သေးဘူးလေ.။ ဒါကြောင့် သူ့ကိုယ်သူ မယုံကြည်ပဲ နဲ့ စမ်းသပ်မှု တစ်ခု ကြောင့် သူ့အသက်ကို ပေးလိုက်ရတာပါ.။


စာဖတ်သူရော..သင်ကိုယ်သင် ယုံကြည်ပါပြီလား.။

ဘယ်လို အချိန်မျိုးမှာ ယုံကြည်မှု ဆိုတာကို ကျွန်တော်တို့ တွေ့ရ တတ်ပါသလဲ .။ ကျွန်တော်တို့ ကြုံဖူးပါတယ်.။ “ ယုံကြည်မှု ၏ စွမ်းအား (၂) ” မှာ ဆက်ဖတ်ကြည့်ရအောင်..။

လေးစားစွာဖြင့်
ကိုဇော်


http://zaw357.multiply.com/journal/item/663 မှာ 30.9.2009 က ရေးထားတာပါ။


.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: