အလှူခံ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခါးသီးလှသော အတွေ့အကြုံလေး တစ်ခု ပြောပြချင်တယ်။ ဘာမှ မရောသော ကိုယ့်တွေ့လေးတစ်ခုပေါ့။
အင်တာနက်ကို စပြီး သုံးခါစ။ ကျွန်တော့်ဆရာနဲ့ လိုင်းပေါ်မှာတွေ့တော့ ဆရာက သူ့ရဲ့ မိဘမဲ့ ကလေးတွေ ၊ ချို့တဲ့ ကလေးတွေ အတွက် ပညာရေးထောက်ပံ့မှု အကြောင်းပြောတော့ တတ်ကြွတတ်တဲ့ ကျွန်တော်က သူငယ်ချင်းတွေကို အလှူခံပြီး လှူရင်ရတယ် ဆိုပြီး တတ်ကြွ ဖြတ်လတ်နေခဲ့တယ်။
ဒါနဲ့ ဒီက သူငယ်ချင်းတွေကို အာပေါက်အောင် ပြောပြတယ်။ အင်တာနက် ဆိုတာကို မသိတဲ့ သူတွေကိုလည်း ညဆိုင်း အလုပ်ဆင်းပြီးတာတောင်မှ မအိပ်ပဲ။ အင်တာနက်နဲ့ ချိတ်ဆက်မိရင် ဆရာ့ပရဟိတ လုပ်ငန်းလေးကို စိတ်ဝင်စားလာမှာပဲ ဆိုပြီး သူတို့ကို ကျွန်တော် အလကား အင်တာနက် သင်ပေးတယ်။ အပြင်မှာ သွားသင်ရင် နှစ်ရက်ကို သင်ခ 50 RM ။ ကျွန်တော်က အလကား။ နက်ကြေး အိတ်စိုက် သင်ပေးတယ်။
ဒါနဲ့ တတ်တတ်ကြွကြွပါပဲ။ သင်ကြတယ်။ ကိုယ်ကလည်း ပျော်မိပါတယ်။ အိပ်ရေးပျက်တာတွေတောင်မှ ဂရုမစိုက်နိုင်ဘူး။ အင်တာနက် သင်ပေးတော့ သူတို့ကို စစကတည်းက ပြောထားပါတယ်။ “ အင်တာနက် ဆိုတာ ကျွန်တော်က ဒီလို သင်ပေမဲ့ ကိုယ်ဘာကို စိတ်ဝင်စားလဲ ဒီဘက်ကို အားသာသွားပါလိမ့်မယ် ” လို့။
တကယ်လည်း ကျွန်တော် ပြောတာမှန်ခဲ့ပါတယ်။
နည်းနည်းလေး သိသွားတာနဲ့ အပြင်မှာ ကျွန်တော်က အကိုခေါ်ရသူ အသက် ၃၇ နှစ် အကိုကြီးကလည်း နက်ထဲမှာ အသက် ၂၂ နှစ်ဖြစ်သွားတယ်။ အိမ်က မိန်းမကို အရမ်းအရေးကြီးလို့ ဆိုပြီး ဟိုးအရင်က ပုံတွေ လှမ်းတောင်းတယ် ပြီးတော့ Scan ဖတ်ပြီး Gtalk လေးမှာ တင်ထားတယ်။ ဒါနဲ့ပဲ သူ့မှာ “ သဲလေးတွေ ” “ ကိုကိုတွေ ” နဲ့ ချက်တင် ဝိဇ္ဇာတစ်ယောက် ဖြစ်သွားတယ်။ လေးစားစရာကောင်းတာကတော့ ကောင်မလေးတွေဆီက ဘယ်လို ဓါတ်ပုံတောင်းရမလဲဆိုတာ အတော်ကျွမ်းကျင်တဲ့သူ တစ်ယောက် ဖြစ်လာခဲ့တယ်။
တချို့ကျတော့လည်း နက်ထဲ ဝင်ပြီ ဆိုတာနဲ့ “ ဟိုပုံ ဒီပုံတွေ ” ရှာတော့တာပဲ အဲ...အဲ...Google Map ကနေ မြေပုံတွေ ပြောပါတယ်။ တချို့ကျတော့လည်း သီချင်းတွေပဲ လှိမ့်ဒေါင်းနေတယ်။ တချို့ကျတော့လည်း “ ဟိုကား ဒီကား လိုင်းတွေ ” ပဲ ရှာကြည့်နေတယ် အဲ...တိုယိုတာတို့ ၊ မာစီဒီးတို့ ကို ပြောတာပါ။ ဒါနဲ့ပဲ ကျွန်တော့် အင်တာနက် သင်တန်းကြီးက ကျွန်တော်ပဲ အိပ်ရေးပျက် ၊ ပိုက်ဆံကုန်ပြီး အထမြောက်သွားပါတယ်။
ဒါနဲ့ ။ ဒါနဲ့ပါပဲ. . .
မူလ ကျွန်တော်သူတို့ကို ပြောပြထားတဲ့ ကလေးတွေ ပညာရေးထောက်ပံ့ဖို့ အသင်းလေးကို အလှူငွေ ထည့်ဝင်ဖို့ ကောက်ခံတော့ အလှူငွေ စာရင်းတွေ ရပါတယ်။ တစ်ယောက် ဘယ်လောက်ပေါ့လေ။ စာရင်းထဲမှာ မှတ်ပြီး ကျွန်တော်က အိတ်စိုက် အရင် လှူလိုက်ပါတယ်။ လကုန်တော့ ပေးမယ်တဲ့။ လခထွက်ရင်ပေါ့တဲ့။
လလေး ကုန်ပြီး လခလေးထွက်တော့ တခန်းထဲနေပြီး သူတို့ကို အစ ရှာမရဘူး။ ဒါပေမဲ့ ပထမတစ်လတော့ ရလိုက်ပါသေးတယ်။ နောက်လကျတော့ အလှူငွေ ကို အကြွေးကျန်တယ်။ ကျွန်တော် မျောက်စိ ....အဲ...မျက်စိတောင်မှ လည်သွားတယ်။ အလှူငွေကို အကြွေးထားရတယ်လို့ ၊ ကျွန်တော်စိုက်ထားတာကို လကုန် မပေးပဲ . . နောက်လဆိုတော့။ ဘာပဲ ပြောပြော နောက်လတော့ ပေးပါတယ်။ ဒါပေမဲ့ အကြွေးရတဲ့ အဲဒီလ မလှူလိုက်ရပြန်ဘူး။
နောက်လ အလှူငွေကောက်တော့ ပိုက်ဆံ အဆင်မပြေလို့ ဆိုပြီး အမျိုးမျိုး အကြောင်းပြကြတယ်။ တကယ်တော့ဗျာ။ ကျွန်တော် ရတဲ့ လခနဲ့ ၁၀ ၊ ၂၀ ဆိုတာ ဘာမှ ဖြစ်သွားတာ မဟုတ်ပါ။ ဒါပေမဲ့လည်း သူတို့ မရှိကြဘူးတဲ့။ သို့သော် တစ်ခါ သောက်ရင် ၁၀ ၊ ၁၅ ကျပ် အကုန်ခံပြီးတော့ အရက်တော့ နေ့တိုင်း ပုံမှန်သောက်နိုင်ကြတယ်။ တစ်လမှ ၁၀ ၊ ၂၀ လှူဖို့ကျတော့ လက်ခက်တယ်။ ကြာတော့ မျက်နှာငယ်ငယ်လေးနဲ့ အလှူခံနေရတဲ့ ကျွန်တော် ကိုယ့်ဖာသာကိုယ်ပဲ ရှက်မိသလိုလို ၊ သူတို့ကိုပဲ ကိုယ်က အတင်းအကျပ် လုပ်နေသလို ဖြစ်နေသလား လို့ ကျွန်တော် စဉ်းစားမိသေးတယ်။
ဒီထက် ကံဆိုးချင်တော့ အလှူငွေ ထည့်ဖို့ ကျွန်တော် တစ်ယောက်တည်း ယောင်ပေပေ ဖြစ်နေတဲ့ အချိန်မှာ သူငယ်ချင်းတစ်ယောက်က မပြောသင့်သလို ၊ ပြောသလို ဇဝေဇဝါ မျက်နှာမျိုးနဲ့ ကျွန်တော့်ကို သတင်းပေးတယ်။
“ ကိုဇော် ။ မင်း အလှူငွေ ဆက်ကောက်မနေနဲ့တော့။ ”
“ ဟင်..ဘာလို့လဲ။ ကလေးတွေ ပညာရေးအတွက်လေ။ ”
“ ဟုတ်တယ်။ ဒါကို ငါလည်း သိတယ်။ ဒါပေမဲ့ မလှူချင်တဲ့ သူတွေက ဒီပိုက်ဆံတွေကို မင်းက မင်းအိမ်ကိုပဲ ပို့နေတယ်လို့ ပြောပြီး သူမလှူချင်တာကို သူများတွေကိုပါ မလှူချင်အောင် ဒီလို ပြောပြီး အလှူလိုက်ပိတ်နေတယ်။ မင်း ...သိလား။ ”
ဒီ “ မင်း..သိလား။ ” ဆိုတဲ့ အသံကို ထွန်းအိန္ဒြာဗို သီချင်းမှာ တုန်းက နားထောင်ကောင်းပေမဲ့ အခုတော့ ကျွန်တော် အံ့သြတကြီးနဲ့ နားထဲပူပြီး လူပါ ပူထူသွားတယ်။ အလှူလက်ခံတဲ့ ဆရာ့ဆီကို ဖုန်းဆက်လို့ရအောင်လည်း ငါ ဖုန်းနံပါတ် ပေးထားတယ်။ အလှူစာရင်းလည်း လွဲပြီးရင် ငွေလွှဲတဲ့ ဘောင်ချာနဲ့ စာအရင်းကို မိတ္တူကူးပြီး အခန်းမှာ ကပ်ပေးထားတာပဲ။ ဒါတောင်မှ...
ဒါတောင်မှ...
ဒီထက်လည်း ကျွန်တော် ဘာမှ မပြောတတ်တော့ပါ။ ကျွန်တော့်ရင်ထဲမှာ ဗလာ။
ချို့တဲ့နေတဲ့ ကလေးတွေကို မျက်စိထဲ မြင်ယောင်ရင်း ကျွန်တော် စိတ်မကောင်းပါ။ သူတို့ မြန်မာဆိုင်မှာ ဘီယာတစ်ခါ သောက်ရင် ၃ ဗူးဆို ၁၂ ကျပ် ပါ။ ဒီလိုမျိုး သူတို့ ၃ ယောက် ဆိုရင်တောင်မှ ဘီယာ ၁၅ ဗူးနဲ့ ရပ်နိုင်ကြတာ မဟုတ်။ သူတို့ ပါးစပ်ထဲ ဘီယာအရည်တွေ ဝင်သွားတာ မြင်တိုင်း ကကြီး ၊ ခကွေး ရေးဖို့ စာအုပ်မရှိနေတဲ့ ကလေးတွေ အတွက် သူတို့စိတ်ထဲ ဘာမှ မရှိတာကို မြင်ပြီး စိတ်မကောင်းရုံကလွဲလို့ ကျွန်တော် ဘာမှ မတတ်နိုင်ပါ။
လူတိုင်း လူတိုင်း ကံမကောင်း အကြောင်းမလှခဲ့ရင် ကိုယ့်သားသမီးတွေ အချိန်မရွေး မိဘမဲ့ ဖြစ်သွားနိုင်တယ်။ ဒီအချိန်မှာ ဒီကလေးရဲ့ ပညာရေးကို ဘယ်သူတွေ ထောက်ပံ့မလဲ။ ဘယ်နိုင်ငံမှာ ရောက်နေနေပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ပညာတော်လာသင်နေတာ မဟုတ်ပဲ သူများနိုင်ငံမှာ အလုပ်လာလုပ်နေရတယ်ဆိုတာ ဘယ်လိုပဲ လုပ်နေရပါစေ ဒါ “ ကျွန် ” ဖြစ်နေတယ်ဆိုတာ သူတို့ မခံစားတတ်သေး။
အချိန်တန် အရက်ဝိုင်းလေး ၊ လခလေးထွက်ရင် ဘီယာဆိုင်မှာ ငေး..။
ဒါနဲ့ ကျွန်တော် တစ်ယောက်တည်းနဲ့ မစို့မပို့ အလှူငွေလေးကို လများစွာပေါင်းပြီးမှ တစ်ခါ ကျွန်တော် လှူနိုင်တော့တယ်။ စိတ်တော့ မကောင်းပေမဲ့ ဒါကလည်း ကျွန်တော့်လက်ကုန်။
အလှူတစ်ခု ဖြစ်မြောက်ဖို့ရာ . . . ၁) အလှူရှင် ၂) အလှူခံ ပုဂ္ဂိုလ် ဆိုသော နှစ်ဦးနှစ်ဖက် ပြီးပြည့်စုံမှသာ အလှူတစ်ခုဆိုတာ ဖြစ်မြောက်လာတာပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလှူလုပ်ချင်တာတောင်မှ အလှူခံ ပုဂ္ဂိုလ် မရှိခဲ့ဖူးသော ရာဇဝင် တစ်ခု ရှိခဲ့ဖူးတယ်။ ဒါကို လူတိုင်း သိကြပါတယ်။ သို့သော် ဒီလို ဘယ်သူမှ မခံစားမိကြပါ။ ကျွန်တော် အတိုချုံးပြီးတော့ ပြောပြမယ်။
အလှူရှင်တွေ များပြားပြီး အလှူခံပုဂ္ဂိုလ် မရှိသော ဖြစ်ရပ် တစ်ခုက ဒီလို အစပြုတယ်။
ဟိုးအရင်က ပုဂံပြည်ဟာ သာမာန်လူတန်းစားတွေပါပဲ။ ဒီပုဂံပြည်မှာ လူတိုင်းကို ချမ်းသာကြွယ်ဝစေချင်တဲ့ “ ရသေ့ ” တစ်ပါးရှိတယ်။ သူက သူ့မှာ ဝိဇ္ဇာဖြစ်စေနိုင်သော ဓါတ်လုံးဖြစ်စေနိုင်သော ဖိုထိုးနည်း ရှိတယ်။ ထိုဆေးနည်းက အမှန်။ သို့သော် ဝိဇ္ဇာဆိုတာ ပုထုဇဉ် ဆိုတော့ တစ်ဦးနဲ့ တစ်ဦး မနာလိုကြ။
ဒီရသေ့ကြီး ဒီနည်းလမ်းအတိုင်း ဖိုထိုးပြီး ဝိဇ္ဇာဖြစ်လာမှာ စိုးလို့ သူဖိုထိုးပြီး နောက်ဆုံး ဒီဓါတ်လုံးကို ဓါတ်ရည်စိမ်ရမဲ့ အရာက “ ချီးဆီ ” ။ ဒါကို “ ချဉ်ဆီ ” လို့ ပြင်ရေးလိုက်တယ်။ ( မြန်မာတွေများ အဲဒီလို။ ) ဒီတော့ ရသေ့ကြီး ခင်ဗျာမှာလည်း ထိုးလိုက်ရတဲ့ ဖို ၊ ကုန်လိုက်တဲ့ စရိတ် ။ နောက်ဆုံး သူ့ကို စပွန်ဆာ လုပ်နေတဲ့ ဘုရင်တောင်မှ မွဲလာတယ်။ ဒါကြောင့် နောက်ဆုံး အနေနဲ့ ဒီတစ်ခါမှ မအောင်မြင်ရင် ဒီရသေ့ကြီးရဲ့ မျက်လုံးကို ထိုးဖောက်မယ်လို့ ကြိမ်းမောင်းထားတယ်။
ဒါပေမဲ့လည်း ဘယ်လောက်ပဲ သေချာ ဖိုထိုးထိုး နောက်ဆုံးမှာ ဓါတ်လုံးအောင်ဖို့ စိမ်ရတဲ့ ဓါတ်ရည်က မှားနေတော့ ဘယ်လိုမှ မအောင်။ မအောင်တော့ ဘုရင်က ဒေါပွပြီး ရသေ့ကြီး မျက်လုံးကို သန်လျက်နဲ့ ထိုးဖောက်ပစ်လိုက်တယ်။ မျက်လုံး ဟောက်ပက်နဲ့ ရသေ့ကြီးက ဒီဓါတ်လုံး နဲ့ ဖိုထိုးတာကို စိတ်နာသွားပြီး သူ့တပည့်လေး ကို. ...
“ သွားစမ်းကွာ။ ဒီဓါတ်လုံးကို ကုဋီ ( အိမ်သာ ) ထဲ သွားပစ်စမ်း။ ”
ဆိုပြီး စိတ်နာနာနဲ့ ပစ်ချခိုင်းလိုက်တော့။ ဓါတ်လုံး အောင်ဖို့ ဓါတ်ရည်တွေ ရှိနေတဲ့ ကုဋီထဲ ဓါတ်လုံးလေးရောက်သွားတော့ ဓါတ်တွေ ထအောင်ပြီး ဖြိုးဖြိုးဖျတ်ဖျတ်တွေ အရောင် ထတောက်တယ်။ ဒီတော့ တပည့်လေးက အကြောင်းကြားတော့ ရသေ့ကြီးက သူ့ဓါတ်လုံးက အခုမှ အောင်သွားတာ ဆိုတာ သိတော့ အိမ်သာထဲက ပြန်ကောက်ခိုင်းပြီး ဒီတပည့်လေးကိုလည်း “ ဈေးထဲက ရတဲ့ မျက်လုံး နှစ်လုံး သွားဝယ်လာ ” လို့ ခိုင်းလိုက်တယ်။
တပည့်လေး ဝယ်လို့ ရလာတဲ့ မျက်လုံး နှစ်လုံးကလည်း နွားမျက်လုံး က တစ်လုံး ၊ ဆိတ်မျက်လုံးက တစ်လုံး ။ မညီမညာ။ ဒါပေမဲ့လည်း ဓါတ်လုံးရဲ့ တန်ခိုးနဲ့ ရသေ့ကြီး ရဲ့ မျက်လုံး အိမ်ထဲ ထည့်ပြီး ဓါတ်လုံးနဲ့ မည်သို့ မည်ပုံ ပြုလိုက်သည်မသိ ဒီရသေ့ကြီးရဲ့ မျက်လုံးအိမ်ထဲကို ရောက်နေတဲ့ နွားမျက်လုံး နဲ့ ဆိတ်မျက်လုံးတို့ အစွမ်းပြပြီး ရသေ့ကြီး မျက်စိ ပြန်မြင်လာခဲ့တယ်။
ဒီရသေ့ကြီးကတော့ အားလုံး သိကြတဲ့ အတိုင်း “ ရှင်အဇ္ဇဂေါဏ ” ပါပဲ။
ဒီလို ဓါတ်လုံးအောင်မြင်သွားတော့ သူ့ရဲ့ မူလ ရည်ရွယ်ချက်အရ။ သူ့နိုင်ငံအတွင်းမှာ ရှိနေတဲ့ လူတိုင်းကို ချမ်းသာစေချင်တယ်။ ( အဲဒီတုန်းက ဒီလို နယ်မြေလေးကိုပဲ နိုင်ငံတစ်ခုလို သူတို့က နေခဲ့တာပါ။ ) ဒါကြောင့် ဒီနိုင်ငံအတွင်းမှာ ရှိနေတဲ့ လူတိုင်း လူတိုင်း ကြေးရှိတဲ့ သူကလည်း ကြေးကို အရည်ကျိုထား ၊ သံရှိတဲ့ သူကလည်း သံကို အရည်ကျိုထား ၊ သတ္တုရှိတဲ့ သူကလည်း သတ္တုကို အရည်ကျို ထားစေလို့ သူက ထားလုံးကို ကြိုတင် မှာကြားတယ်။ ( အခုခေတ်ဆိုလို့ကတော့ ကျွန်တော်က ပလတ်စတစ်တွေ ကြိုတယ်ဗျာ။ အများကြီးကိုး..ပေါမှပေါ။ )
ဒါနဲ့ ဒီလို ကိုယ့်ရှိတာလေးတွေ ကိုယ်ကျိုပြီးတော့ သူက တိုင်းပြည်အနှံ သူ့ရဲ့ ဓါတ်လုံးထည့်ထားတဲ့ တောင်ဝှေးလေးနဲ့ တို့ထိ လိုက်တယ် ဆိုရင်ပဲ အားလုံးက “ ရွှေ ” တွေ ဖြစ်ကုန်တယ် ဆိုပဲ။ ဒါနဲ့ပဲ နိုင်ငံတစ်ခုလုံး ချမ်းသာကုန်ကြတော့တာပါပဲ။ ဒီလို ချမ်းသာကုန်ကြတဲ့ အထဲမှာ ဆင်းရဲ မွဲတေလှပါတယ် ဆိုတဲ့ မုဆိုးမ တောင်မှ ပါတယ် ဆိုပဲ။ ဒီတော့ အားလုံးက ရွှေပိုင်ရှင်တွေ ဖြစ်ကုန်ကြတော့ အားလုံးလည်း သူဌေးတွေ ဖြစ်ကုန်ကြတယ်။
သူလည်း သူဌေး ငါလည်း သူဌေးပေါ့။ ဒီတော့ တစ်ယောက်ယောက်က လှူချင်တယ် ဆိုရင်တောင်မှ လှူတဲ့ အလှူကို ဖြစ်မြောက်ဖို့ “ အလှူခံပုဂ္ဂိုလ် ” က မရှိဘူး။ သူဌေးတွေပဲလေ။ အားလုံးကပဲ လှူချင်ကြတယ်။ အလှူခံပုဂ္ဂိုလ်က မရှိကြဘူး။ ဒီတော့ သူတို့မှာ လှူစရာ လူ ၊ ပုဂ္ဂိုလ် မရှိဘူး။
ဒါကြောင့် နောက်ဆုံး ဘာလှူလှူ ငြင်းတော် မမူသော ဗုဒ္ဓမြတ်စွာ ဘုရားကို ပဲ စေတီပုထိုး ၊ ဘုရား ၊ ကျောင်းကန်တွေ ဆောက်လုပ်လှူဒါန်းခြင်းဖြင့် သူတို့ အလှူကို ပြုပြီး အလှူခံပုဂ္ဂိုလ်မဲ့နေတာကြောင့် ဘုရားကိုပဲ ပုံလှူကြတယ်။
ဒါကြောင့် လူတွေက ပြောနေကြတာ “ ပုဂံခေတ်တုန်းက မုဆိုးမတောင်မှ ဘုရားတည်နိုင်တယ် ။ ” ဆိုပြီး။ တကယ်တော့ မဟုတ်ပါ။ သူတို့ ဘုရားတည်နိုင်တယ် ဆိုတာ သူတို့မှာ တခြား ဘယ်နေရာကိုမှ လှူစရာ အလှူခံ ပုဂ္ဂိုလ် မရှိသောကြောင့် အားလုံး ဘုရားကိုပဲ ပုံလှူကြရတာပါ။
ဒါကြောင့် အလှူတစ်ခု ဖြစ်မြောက်ဖို့ဆိုတာ အလှူခံပုဂ္ဂိုလ်တွေကလည်း များစွာ အရေးပါပါတယ်။ သိန်းထောင်သောင်း ချမ်းသာနေစေကာမူ အလှူခံမယ် ဆိုသော ပုဂ္ဂိုလ် မရှိပါက အလှူဆို ဖြစ်မြောက်လာလိမ့်မည် မဟုတ်ပါ။ လှူချင်ပါတယ်ဆိုသော အချိန်မှ အလှူခံ ပုဂ္ဂိုလ် ဆိုတာ မရှိပါက လှူချင်လျှက်နဲ့ မလှူရ ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် နိဗ္ဗာန်ဆော်တွေ ရှိနေတုန်း ၊ အလှူခံပုဂ္ဂိုလ်တွေနဲ့ ကြုံနေကြတုန်း ဘယ်လောက်ပဲ ဖြစ်ဖြစ် ကိုယ့်မှာ တတ်နိုင်သလောက် လှူနိုင် ၊ တန်းနိုင် ရက်ရော နိုင်ကြပါစေ။ မရှိလို့ မလှူဘူး ဆိုရင် မလှူလို့ မရှိလာနိုင်ပါ။ ရှိလာတော့မှ လှူမယ် ဆိုရင် တောကြီးတောင်ထဲ ၊ သဲကန္တရ ထဲမှာ ရွှေသေတ္တာတွေ တွေ့နေပါပြီတဲ့ မိမိသောက်သုံးဖို့ ရေမရှိလို့ သေပွဲ ဝင်ရတော့မယ် ဆိုပါစို့ ဘယ်လိုများ လှူဖို့ အဆင်ပြေပါတော့မလဲ။ ရွေတွေ ပိုက်ပြီး သေရမဲ့ အဖြစ်။
ဒါကြောင့်..အလှူခံပုဂ္ဂိုလ်များ ရှိနေတုန်း ၊ မိမိနဲ့ ကြုံကြိုက်နေတုန်း ၊ အခြေအနေ အချိန်အခါ ပေးနေတုန်း လှူကြ တန်းကြနိုင်ဖို့ နိဗ္ဗန် အကျိုးမျှော်လို့ နှိုးဆော်ရေးသားရပါတယ်ဗျာ။
နောက်ဆက်တွဲ။ ။ အညွှန့်အဖူး ၊ အဆင့်ဆင့်တတ်ကာ ၊ ထီးတော်ပါရှိပြီး ၊ ဌာပနာထားသော ဗုဒ္ဓဘာသာ အထိမ်းအမှတ်နေရာကို “ စေတီတော် ” ဟုခေါ်ပါသည်။ ဘုရားဟု မခေါ်ပါ။ မမည်တွင်ပါ။ ဥပမာ - ရွှေတိဂုံ စေတီတော် ၊ ကျိုက်ထီးရိုးစေတီတော်။
ဗုဒ္ဓမြတ်စွာဘုရား၏ ရင်ငွေ့ခိုလှုံသကဲ့သို့ ဘုရားမျက်နှာတော် ၊ ခန္ဓာကိုယ် အချိုးအစား ကဲ့သို့ ထပ်တူညီစွာ ပြုလုပ် ထုသွန်းထားသော ကျောက်သား ၊ ကြေး ၊ သံ ၊ ပလတ်စတစ် ပုံတော်များကို “ ဘုရား၏ ရုပ်ပွားတော် ” ဟု မည်တွင်ပြီး “ ဘုရား ” ဟုခေါ်ဆိုပါသည်။ ဥပမာ - မဟာမြတ်မုနိဘုရား ၊ ခြောက်ထပ်ကြီးဘုရား ၊ ငါးထပ်ကြီး ဘုရား။
မမှားကြစေဖို့ပါ။ အရေးကြီးပါတယ်။
ဝန်ခံချက်။ ။ အထက်ပါ အကြောင်းအရာများကို ဖတ်ဖူးသမျှကို ကျွန်တော်၏ လူပြိန်းနားလည်မှု အတိုင်းရေးသားထားခြင်း ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်ကို အကြည်ညို ပျက်စေခြင်း ၊ အယူအဆမှားစေခြင်း ။ ရှင်အဇ္ဇဂေါဏ ၏ ရာဇဝင် ထေရုပတ္တိမှားယွင်း ဖော်ပြမိပါက ဘယ်သမိုင်းကြောင်း ၊ ရာဇဝင် ၊ ကျမ်းဂန် များ၏ အမှားမဟုတ်ပဲ။ လူပြိန်းနားလည်အောင် မှတ်သား ၊ ရေးသားမိသော ကျွန်တော် “ ကိုဇော် ” ၏ ဆိုးရွားသော အမှားသာ ဖြစ်ပါသည်ဟု ဝန်ခံပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုဇော် တင်ပြသည်။
.

Save The Aged အသင်း၏ ဖေဖော်ဝါရီလအတွက် အလှူပြုလုပ်ရန်
ဖေဖော်ဝါ၇ီလအတွက်ပရဟိတလေးကတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေအားလုံး
ရွေပြည်သာမြို့နယ်မှာရှိတဲ့ အနောက် အုတ်ကျင်း ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းကို ကျွန်တော်တို့ သွားရောပြီး ကျောင်းမနေနိုင်တဲ့ကလေးတွေကိုသွားရောက် အားပေးလှူဒါန်းမှာ ဖြစ်ပါတယ်
ကျွန်တော်တို့အဖွဲ့အနေနဲ့ ကလေးတွေကို နွေးနွေးထွေးထွေးကစားမယ် အားပေးစကားပြောမယ် စာအုပ်တွေလှူမယ် (စာရေးပစ္စည်းများ) နောက်ပြီ အဟာရတစ်ခုခု (ကြာဇံချက်) ကျွေးပါမယ်။ ကျွန်တော်တို့ ဒီလကတော့ အားလုံးသိတဲ့အတိုင်း စလုပ်ခါစဆိုတော့ အားလုံးပဲ (အမှားနည်းနည်းတော့ ပါတာပေါ့ဗျာ) သည်းခံပေးကြပါ ။
နောက်လတွေမှာဆိုရင် ကျွန်တော်တို့ရထားတဲ့ Data များကို အချိန်မှီ တင်ပြပေးသွားပါမယ်။ ပြည်တွင်းပြည်ပက Member များနဲ့ အလှူရှင်များကို မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ ဖေဖော်ဝါရီလမှစပြီး အခုဆိုရင် ကျွန်တော်တို့ အဖွဲ ရပ်ကွက်တွေထဲမှာ ရှိတဲ့ ဘိုးဘွားများကို သွားရောက်လှူဒါန်းနေပါတယ်
7.2.2010 နေ့ကဆိုရင် တာမွေကရှိတဲ့ အဘိုးအဘွား( မသိင်္ဂိဖြိုးနှင့်အဖွဲဦးဆောင်းပြီး ကိုလှူဒါန်း ခဲ့ပါတယ်။
9.2.2010 နေ့မှာဆိုရင် ဒလမှာ ရှိတဲ့ အဘိုးအဘွား (၂)ဦးကို ဗေဒါဇော်ဦင်္းဆောင်တဲ့အဖွဲ့မှ သွားရောက်လှူဒါန်းပါမယ် ။
10.2.2010 မနေ့မှာဆိုရင်ဖြင့် ကိုအနက်ရောင် ဦးဆောင်တဲ့အဖွဲ့မှ တာမွေဆီစက်ဝင်းမှာ အဖွားတစ်ဦးအား သွားရောက်လှူဒါန်းမှာဖြစ်ပြီး
12.2.2010 နေ့မှာ ကျွန်တော် စည်သူထွန်း /နိုင်စစ်သွေး အဖွဲ့မှ မြောက်ဒဂုံမှ အဘွား(၂)ဦးအားသွားရောက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ် ဆိုတာ တင်ပြအပ်ပါသည်။
ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ...........
ကျေးဇူးတင်ပါတယ်ခင်ဗျာ။။။။။။။။။။
ရေးသားသူ....။ စည်သူထွန်း / နိုင်စစ်သွေး

1 ယောက် ရဲ့ ထင်မြင်ချက်:
“ ရှင်အဇ္ဇဂေါဏ ”မတဲ့ကိန်းဆိုက်မည်။
နဂါးနီသီချင်းလေးထဲမှာပါတယ်။
လူတွေဟာကိုယ်မလုပ်နိုင်တာကိုသူများလုပ်ရင် မကောင်းပြောတတ်ကြတာ လူ့ဓမ္မတာပါ။
ကောင်းတာလုပ်တဲ့အတွက် နိဗ္ဗာန်တံခါးပွင့်နေပါပြီ။
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်။
သာဓု၊သာဓု၊သာဓု။
Post a Comment