မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 December 2009

5 ဗာရာဏသီ ချဲ့သူများ



ကျွန်တော်က ဗာရာဏသီချဲ့သူ တစ်ယောက်တော့ မဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော့်ကို ကျွန်တော့်အိမ်ကအမြဲတမ်း ဗာရာဏသီချဲ့တယ် လို့ အမြဲပြောတတ်တယ်။ ကျွန်တော်က အလုပ်တစ်ခုကို စည်းစနစ်ကျကျနဲ့ ပြီးချင်တဲ့ လူတစ်ယောက်ဆိုတော့ အလုပ်တစ်ခုကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး သေသေချာချာ လုပ်တတ်တယ် ၊ လုပ်ချင်တယ် ၊ လုပ်မိတယ်။

ပြီးတော့ ကျွန်တော်က Chess ထိုးတာကိုလည်း အလွန် ခုံမင်သူတစ်ယောက် ဆိုတော့ ကိုယ့်ဘက်က ဘက်လုံအောင် လုပ်မိရင်း အရာရာက ဗာရာဏသီချဲ့မိသလို ဖြစ်မိတယ်။ ဒါနဲ့ ကျွန်တော် အလုပ်ထဲ ရောက်တော့ ဒီလိုတွေ လုပ်မိတာနဲ့ အလုပ်တွေက သွက်လက်သင့်တဲ့ အလုပ်တွေက မသွက်လက်ဘူး ဖြစ်ခဲ့ဖူးတယ်။ ဒီမှာ ကျွန်တော့်မန်နေဂျာ Ms Ng က မလိုတာတွေ “ သိပ်ပြီး ကြိုမတွေးထားနဲ့ လုပ်စရာ ရှိတာ အရေးကြီးတာကို အရင်လုပ်.။ ” လို့ ပြောဖူးတယ်။

ဒါပေမဲ့လည်း အကျင့်လိုဖြစ်နေတော့ ဒီဗာရာဏသီချဲ့တာကြီးက ပါလာသေးတာပဲ။ နောက်ပိုင်း Ms Ng က ကျွန်တော့်ကို တိုတိုနဲ့ပဲ သတိပေးတော့တယ်။

“ Don't think so much. ”

ဒါလေးပဲ ပြောတော့တယ်။ ဒါပေမဲ့ ... သူပြောတုန်း ခဏ ၊ နောက်တော့ သေချာအောင် ၊ သပ်ရပ်အောင် ဆိုတာကြီးက ကျွန်တော့်ခေါင်းထဲကို စွဲနေမိတယ်။ သို့သော် ကံကောင်းတတ်တဲ့ ကျွန်တော်က စာလေး တစ်ခုကို သွားဖတ်မိတယ်။ Thomas Davenport ရေးတဲ့ Waiting By Three Day ကို ဖတ်ပြီးတော့ ..၊ ကျွန်တော် ခေါင်းထဲမှာ ဒီစာလေးက မေ့မရတော့ဘူး။ ဒါနဲ့ပဲ ကျွန်တော် နောက်ပိုင်းမှာ ကျွန်တော် လုပ်သမျှကို ဗာရာဏသီ မချဲ့မိတော့ဘူး။

ဒီအဖြစ်အပျက်လေးက ဒီလို ဆိုတယ်။


တစ်ခါက ဗိုလ်မှူးကြီး အဂ္ဂါအာသာ ဟာ တိုက်ပွဲအတွက် ခရီးထွက်လာရင်း ခရီးတစ်ခု ရောက်တော့ သူတို့သွားမဲ့ ခရီးမှာ ချောင်းတစ်ခုက ပိတ်ခံနေတယ်။ တင့်ကားတွေ ၊ ဂျစ်ကားတွေနဲ့ ဘယ်လိုမှ သွားလို့မရတော့ဘူး။ ဒါနဲ့ ဒီချောင်းကို ဖြတ်ကူးဖို့ဆိုတာ တံတားဆောက်မှပဲ ရတော့မယ်။

ဒါနဲ့ သူလည်း သူ့ရဲ့ လက်ထောက် ဗိုလ်ကြီးကို ခေါ်လိုက်ပြီး

“ ကဲ..ဗိုလ်ကြီး ဒီချောင်းကို ဘယ်လို ဖြတ်ကူးရင် ကောင်းမလဲ။ ”

“ ဟုတ်ကဲ့.. ၊ တံတားဆောက်မှပဲ ရမှာပါ ဗိုလ်မှူးကြီး။ ”


“ ဒါဆို တံတားဆောက်ရင် ဘယ်လောက်ကြာမလဲကွ.။”


“ သုံးရက်လောက်တော့ ကြာနိုင်ပါတယ် ဗိုလ်မှူးကြီး။ ”

“ ကောင်းပြီး ၊ ဒါဆိုရင် ငါတို့ တပ်ကို ဒီမှာ တပ်စွဲမယ်.။ မင်း အခုပဲ အင်္ဂျင်နီယာ တပ်ဖွဲ့ကို တံတားဆောက်ဖို့ ပုံစဆွဲတော့လို့ အမိန့်ပေးလိုက်ပါ။ ”

“ ဟုတ်ကဲ့..၊ ကောင်းပါပြီ ဗိုလ်မှူး.။ ”

ဒါနဲ့ ဗိုလ်မှူးကြီး ဒီချောင်းဘေးနားမှာ တပ်စွဲနေတာ သုံးရက်ပြည့်သွားတယ်။ ဒါနဲ့ပဲ ဗိုလ်မှူးကြီး အဂ္ဂါအာသာက သူ့လက်ထောက်ဗိုလ်ကြီးကို ခေါ်ပြီး . .

“ တံတားအခြေအနေ ဘယ်လိုလဲ ဗိုလ်ကြီး။ ”

“ ဟုတ်ကဲ့.. ၊ ဗိုလ်မှူး တပ်တွေ ဖြတ်ကူးမယ် ဆိုရင် ဖြတ်ကူးလို့ရပါပြီ.။ ဒါပေမဲ့.. ပုံဆွဲသူတွေကတော့ အခု အချိန်အထိ ပုံဆွဲလို့ မပြီးကြသေးဘူး ခင်ဗျ.။ ”

လို့ ပြောဖူးလေသည်။ တကယ် အရေးကြီးသော အချိန်မှာ အရေးကြီးတာကို အားသွန်ခွန်စိုက် လုပ်ပြီး သိုင်းဝိုင်းချဲ့ထွင်နေသော ကိစ္စများကို ရှောင်ရှားခြင်းဖြင့် မိမိရဲ့ အရေးကြီးသော အလုပ်မှာ အင်တိုက် အားတိုက် လုပ်ကိုင်နိုင်စေပါလိမ့်မယ်။


သာမာန် သိုင်းဝိုင်းချဲ့ထွင်နေသော ကိစ္စများကို လုပ်ကိုင်နေရင်းဖြင့် မိမိရဲ့ အရေးကြီးသော ကိစ္စများကို မလုပ်လိုက်ရ မဖြစ်လိုက်ရလေအောင် ဗိုလ်မှူးကြီး အဂ္ဂါအာသာ ရဲ့ ဥပမာလေးက အမြဲတမ်း သတိပေးနေပါလိမ့်မယ်။

“ စာဖတ်သူတို့ရော မိမိရဲ့ ဘဝမှာ ခဏတာ ဖြတ်သွား ဖြတ်လာ အတွက် တံတားကို ပုံကြီးနဲ့ ခမ်းခမ်းနားနားဆွဲရင်း အချိန်ကုန်ခံတော့မှာလား။ ဒါဆိုရင် တကယ်တမ်း ဘဝမှာ လျှောက်လှမ်းမဲ့ ဘဝတံတားကြီးဆောက်ရာမှာ အချိန်တွေ မလောက်မင ဖြစ်နေပါလိမ့်မယ်။ ဒီတော့ ဖြတ်သွားဖြတ်လာ တံတားတွေမှာ တံတားကို ဖြစ်အောင် ဆောက်မလား။ တံတားမဆောက်ပဲနဲ့ ပုံပဲ ထိုင်ဆွဲနေကြတော့မှာလား။ ”




ကိုဇော် ခံစားပုံဖော်သည်။




Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

အတွေးတွေသဘောကျတယ်
လင့်ထားခွင့်ပြုပါ

Unknown said...

ဟုတ်တယ်အစ်ကို..။ ကျွန်တော်လည်း ဗာရာဏသီချဲ့တဲ့ သူပဲ။ ဒါပေမယ့် အစ်ကို့လိုသေချာ စေ့စပ်လို့တော့မဟုတ်ဘူး။ ဆုံးရှုံးသွားမလား..? မှားသွားမလား.? လုပ်သင့်လား? မသင့်လား? တွေးနေရတာနဲ့ပဲ လုပ်သင့်လုပ်ထိုက်တာတွေ နောက်ကျရတယ်။ ခုလိုဖတ်ရတဲ့အတွက် ကျေးဇူးပါ.

ပူးတေ said...

ဗာရာဏသီချဲ့ တယ်လို့ ခေါ်တာလား။ ပူးတေတို့ကတော့ လွယ်လွယ်ပဲ ဇီဇာချဲ့  လွန်းတယ် လို့ပြောလေ့ရှိတယ်။ ပူးတေလဲ အမြဲတော့မဟုတ်ပေမယ့် တခါတလေ ဗာရာဏသီဇီဇာချဲ့မိလေ့ရှိတယ်....
ဖတ်လို့ကောင်းတယ်...ဗာဟုတုတလဲရတယ်။

သိင်္ဂါကျော် said...

မှန်တယ်နော်.. ဘဝမှာ အရေးမကြီးတာတွေကို ပုံကြီးမချဲ့မိဖို့ လိုတာပေါ့..
ကိုယ်တိုင်လည်း တစ်ခါတလေ လုပ်မိချင် လုပ်မိမှာလေ..

မြတ်မွန် said...

ဟုတ်တယ်နော်..
ပုံကြီးချဲ့ လွန်းတာကောင်းဘူး။