တစ်ခါက
ကောင်လေးတစ်ယောက်က ပညာရှိကြီးလို လူတွေ သတ်မှတ်ထားတဲ့ “ ဆိုကရေးတီး ” ဆီကို ရောက်လာတယ်။ သူ့ရင်ထဲမှာ လိုချင်ဖြစ်မြောက်ချင်နေတဲ့ ကိစ္စတစ်ခု ပြင်းပြင်ပြပြ ရှိနေတယ်။ ဒါကတော့ သူက လူအများပြောနေတဲ့ ပညာရှိကြီး တစ်ယောက် ဖြစ်ချင်နေတယ်။ ဒါကြောင့် လူအများ ပညာရှိကြီးလို့ လူတွေပြောတဲ့ ဆိုကရေးတီး ဆီကနေ ပညာရှိဖြစ်နည်း တောင်းဖို့ သူထွက်လာတယ်။
ဒါနဲ့ သူ ဆိုကရေတီး ကြီးနဲ့ တွေ့တော့ သူ ခရီးရောက်မဆိုက်ပဲ သူလိုချင်တာကို တန်းမေးလိုက်တယ်. .
“ ဆရာကြီး ဆိုကရေးတီး ခင်ဗျား။ ဆရာကြီးကို လူတွေက ပညာရှိကြီးလို ခေါ်ကြပါတယ်။ အခု ကျွန်တော်လည်း ဆရာကြီးလို ပညာရှိ ဖြစ်ချင်ပါတယ်။ ဒါကြောင့် ပညာရှိဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကျွန်တော့်ကို ညွှန်ကြားပေးပါ ခင်ဗျား။ ”
လို့ သူက တောင်းဆိုတယ်။ ဒီတော့ ဆိုကရေးတီးက သူ့ကို သေချာ စူးစူးစိုက်စိုက်ကြည့်ပြီး ဘာမှ မပြောပဲ တစ်ဖက်ကို လှည့်ပြီး ထွက်သွားတယ်။ ဒီတော့ ကောင်လေးကလည်း ဘာမှ မသိပဲ . . .
“ ကျွန်တော့်ကို ပညာရှိဖြစ်နည်း သင်ပေးပါလား ဆရာကြီး။ ”
လို့ ပြောရင်း ဆိုကရေးတီး ထွက်ခွာသွားရာကို နောက်က လိုက်သွားသတဲ့။ ဆိုကရေးတီးကလည်း ကောင်လေးကို လုံးဝ မလှည့်ကြည့်ပဲ ။ သူ့ဖာသာသူ အေးဆေးစွာ လမ်းလျှောက်ပြီး ထွက်သွားတယ်။ ကောင်လေးကလည်း သူ ပညာရှိဖြစ်ချင်တာဆိုတော့ တစ်ချိန်ချိန် ဆိုကရေးတီး တစ်ခုခု ပြောလိမ့်မယ် အထင်နဲ့ နောက်က လိုက်သွားခဲ့တယ်။ ဒီလိုနဲ့ ဆိုကရေးတီးက ရှေ့ကလျှောက် ကောင်လေးက နောက်ကလိုက်နဲ့ သူတို့ မြစ်ကမ်းစပ်နားကို ရောက်လာခဲ့တယ်။
ဒီမှာ ဆိုကရေးတီးကလည်း ကောင်လေးရှိနေတဲ့ နောက်ကို လုံးဝ လှည့်မကြည့်ပဲ မြစ်ထဲကို ဆင်းသွားတယ်။ ဒီတော့ ကောင်လေးကလည်း ဘုမသိ ၊ ဘမသိနဲ့ ဆိုကရေးတီး ဆင်းသွားရာ မြစ်ထဲကို ဆင်းလိုက်တယ်။ ဒီလိုနဲ့ မြစ်ရေ ရင်ဘတ်လောက်နစ်တဲ့ နေရာလည်း ရောက်ရော ဆိုကရေးတီးက ဘာမှပြော ညာမပြောနဲ့ ကောင်လေးဘက်ကို လှည့်ပြီး ကောင်လေးကို ဂုတ်ကနေဆွဲပြီး မြစ်ရေထဲ ဆွဲနှစ်လိုက်တယ်။
ရုတ်တရက်ဆိုတော့ ဆိုကရေးတီး က ဒီလိုလုပ်မယ် လို့ မထင်တော့ ကောင်လေး အလစ်မိပြီး ဆိုကရေးတီး လက်ထဲမှာ “ ဝူးဝူး ဝါးဝါး “ နဲ့ ရေထဲမှာ အနှစ်ခံနေရတယ်။ ခဏနေတော့ ဆိုကရေးတီးက ကောင်လေးကို ရေထဲကနေ နှစ်ထားရကနေ ရေပေါ်ပြန်ဖော်ပေးလိုက်တော့ ကောင်လေးက ရေမွန်းပြီး သူ့အသက်ကို လုပြီးရှူနေရတယ်။ ကောင်လေး ဒီလို အသက်ရှူနေတုန်းပဲ ဆိုကရေးတီးက ကောင်လေးကို ရေထဲ နောက်တစ်ခါ ဆွဲနှစ်လိုက်တယ်။
ဒါနဲ့ ကောင်လေးလည်း ဆိုကရေးတီး လက်ထဲမှာ ရေမွန်းပြီး “ ဝူးဝူး ဝါးဝါး ” ဖြစ်နေတော့တယ်။ ခဏကြာတော့ ဆိုကရေးတီးက ကောင်လေးကို လုံးဝ လွှတ်ပေးလိုက်ပြီး ဘာမှ မပြောပဲ သူ့ဖာသာ ကမ်းပေါ် ပြန်တတ်လာခဲ့တယ်။ ဒီတော့ ရေမွန်းပြီး ဝူးဝူးဝါးဝါး ဖြစ်နေတဲ့ ကောင်လေးက ဆိုကရေးတီး နောက်ကနေ လိုက်လာပြီး. .
“ ကျွန်တော် ခင်ဗျားကို ဘာလုပ်လို့ ခင်ဗျား ကျွန်တော့်ကို ရေနှစ်သတ်ရတာလဲ.။ ဘာလို့ ဒီလို လုပ်ရတာလဲ ။ ”
လို့ မေးတယ်။ ဒီတော့ ဆိုကရေးတီးက . .
“ မင်းခုန ရေနစ်နေတုန်းက ဘယ်လိုနေလဲ။ ”
“ ရေနစ်နေပါတယ် ဆိုမှ အသက်ရှူကြပ်တာပေါ့ဗျာ။ ”
“ မင်း အဲဒီလို ရေနစ်နေလို့ အသက်ရှူကြပ်နေတယ် ဆိုတဲ အချိန်မှာ ဘယ်အရာကို အလိုချင်ဆုံးလဲ။ ”
“ ရေနစ်ပြီး အသက်ရှူကြပ်နေတယ် ဆိုတဲ့ အချိန်မှာ အသက်ရှင်ဖို့ အသက်ရှူဖို့ အတွက် လေကိုပဲ အဓိက လိုချင်တာပေါ့။ ”
ဒီတော့မှ ဆိုကရေးတီးက ပြုံးပြီး.. . .
“ ဒီလိုပဲ. . ။ မင်း ရေနစ်နေပြီး အသက်ရှူကြပ်နေတဲ့ အချိန်မှာ အသက်ရှင်ဖို့ လေ ကို သလိုမျိုး ၊ မင်းဘဝမှာလည်း “ ဗဟုသုတ ” တွေကို အာသာငမ်းငမ်း လေ့လာလိုက်စားမယ် ဆိုရင် မင်းဟာ တစ်နေ့ ပညာရှိ ဖြစ်လာလိမ့်မယ်။ ”
လို့ ကောင်လေးကို ပြောခဲ့ပါတယ်။
“ တကယ်တော့ ကျွန်တော်တို့ ဘဝမှာလည်း ဘယ်အရာက အရေးတကြီး လိုအပ်နေတယ် ၊ ဘယ်အရာကတော့ အရေးမကြီးသေးဘူး ၊ ဘယ်အရာကတော့ မလိုပါဘူး ၊ ဘယ်အရာကတော့ မရှိမဖြစ်လိုနေပြီ ဆိုတာကို သိပြီး ကိုယ်လိုချင်တာကို တစိုက်မက်မက် လေ့လာလိုက်စားမယ် ဆိုရင် “ ကိုယ်လိုချင်တာ မဖြစ်မြောက်လာစရာ မရှိပါ။ ” အဓိက နဲ့ သာမည ကွဲပြားနေစေဖို့ပါပဲ.။ ”
မှတ်ချက်။ ။ ဒီအကြောင်းအရာလေးကို ကျွန်တော် Chicken Soup For The Soul ( နှလုံးသား အာဟာရ ) မှာ ငယ်ငယ်က ဖတ်ဖူးပါတယ်။ သို့သော် ဟိုတစ်လောက ဖတ်လိုက်ရတဲ့ စာက စာရေးဆရာ မတူလို့ ထင်တယ်။ တင်ပြပုံက ကွဲနေတယ်။ ဒါကြောင့်မို့ ဒီပုံစံလေးနဲ ထပ်ရေးလိုက်တာပါ။ ဖတ်ဖူးကြမယ် ထင်ပါတယ်။ မူရင်းခေါင်းစဉ်ကတော့ ဒီလိုဆိုတယ် . . “ Which You Wish ” တဲ့။ ဂျာမန်စာရေးဆရာ Iliya Troyanov ရေးတာပါ။
ကိုဇော် ခံစားပုံဖော်သည်။
1 ယောက် ရဲ့ ထင်မြင်ချက်:
ကျနော် မဖတ်ဘူးသေးဘူးဗျ သိပ်ကောင်းတယ် ကိုယ့်မှာ ဝမ်းစာမဖူလုံဘဲ ဘာမှ လုပ်လို့မရဘူး အားလုံးသဘောက်ပေါက်ရမဲ့ အချက်ဘဲ
Post a Comment