မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 December 2009

3 ဒီလိုလူတွေရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ (၂)



“ တစ်ခါတစ်လေ အကိုရယ် . ၊ အဖေ့ကို အရမ်းသတိရတယ်။ အဖေ့ကို တွေ့ချင်တယ်။ ”


“ သြော်..ညီမရယ် ၊ တွေ့ချင်ရင် တွေ့ရမှာပေါ့။ အခုရော ညီမ အဖေက ဘယ်မှာလဲ။ ”

“ ဘယ်ရောက်နေမှန်း မသိဘူး အကိုရယ်။ ”

သူကတော့ Online မှာ ဆိုပေမဲ့ ကျွန်တော်နဲ့ စိတ်ဓါတ်အတူဆုံး ၊ ခံယူချက် အတူဆုံး လူတစ်ယောက်ပါ။ အပြင်မှာ လိုက်ရှာရင် ဘယ်လိုမှ တွေ့နိုင်မယ် မဟုတ်ပါ။ ကျွန်တော့်ညီမ အရင်းတွေတောင်မှ သူ့လိုမျိုး ကျွန်တော်နဲ့ စိတ်ဓါတ်မတူနိုင်ကြပါ။ စိတ်ဓါတ်ချင်းတူမှတော့ ဂျစ်တီးဂျစ်ကန် လောကကို အရွဲ့တိုက်ချင်တဲ့ ဆိုးပုံချင်းလည်း ညီမလေးနဲ့ ကျွန်တော် တူကြတယ်။

“ သြော်..တစ်နေ့ တွေ့ရမှာပေါ့ ညီမရယ်။ အခု ညီမ နေရတာ အဆင်ပြေလား။ ”

“ ဟုတ်ကဲ့..၊ ပြေပါတယ် အကို။ ”

သူက B.E နဲ့ ကျောင်းပြီးတော့ ရန်ကုန်တတ်လာပြီး အလုပ်လာလုပ်သူ တစ်ယောက်။ ဆိုက်လေးတစ်ခုကို ကျွန်တော်တို့ အတူတူ ဝိုင်းလုပ်ကြရင်း ခင်မင်ခဲ့သူ တစ်ယောက်ပါ။ မိန်းကလေး ရေးတဲ့ ကဗျာတွေထဲ ကျွန်တော်ဖတ်ခဲ့ရဖူးသမျှထဲမှာ သူ့ကို မှီသူ တစ်ယောက်မှ မရှိသေးပါ။ သူက မဂ္ဂဇင်းတွေမှာလည်း ကဗျာတွေ ၊ စာတွေ ရေးတယ်။ သူ့နာမည်လေးက “ ပန်းနာမည်လေးတစ်ခု။ ”

“ အေးပေါ့ ညီမရယ် ၊ ဘာပဲ ပြောပြော ကြိုးစားပေါ့ ။ ပြီးတော့ လုပ်လို့ရသမျှကို စည်းကမ်းလေးနဲ့ စုထား။ ”

“ ဟုတ်ကဲ့...အကို။ ”


သူက အခုတော့ အဆောင်မှာ နေတယ်။ သူက လိုက်လျောညီထွေနေတတ်ပေမဲ့ လူတိုင်းကတော့ ကိုယ်လို မကောင်းတတ်ကြတော့ သူက နေရတာ ကြပ်တယ်။ ပြီးတော့ သူများတွေက နယ်ကတတ်လာပြီး ကြုံရာ ရရာ အလုပ်လုပ်ကြတာ။ သူက အင်္ဂျင်နီယာ နဲ့ အလုပ်လုပ်ရင်း အဆောင်မှာ ငှားနေတာ။ ဒါကိုလည်း လူတွေက မနာလို။ သူ့မိဘတွေက မန္တလေးဇာတိ ၊ သူကတော့ နည်းနည်းဆန်းတယ်. . ၊ ပြီးတော့ ကျွန်တော် ပြောဖူးသလို ဂျစ်ကန်ဂျစ်နိုင်သူတွေရဲ့ အတိုင်း ထိုးထွက်ချင်စိတ်တွေ ရှိနေတယ်။ ဒါကြောင့် ရန်ကုန်ရောက်လာတာ. .

“ အခု အလုပ်ကရော အဆင်ပြေလား။ ”

“ ပြေတော့ ပြေပါတယ် အကိုရာ။ ဒါပေမဲ့ အထက်က စီနီယာ အင်္ဂျင်နီယာတွေက ဖိတယ်။ ဝင်လာတဲ့ အသစ်ကို မသိတာတွေ လုပ်ခိုင်းတယ်။ တွဲခေါ်မယ် မရှိဘူး။ ဒီတော့ ဒရွတ်တိုက် လိုက်ရတာပေါ့။ ”

သူ့မှာကလည်း ကျွန်တော်လိုပဲ ခင်မင်သူ သူငယ်ချင်းများပြီး အထီးကျန်တယ်။ ဘယ်သူ့ကိုမှ ရင်လည်း မဖွင့်တတ်လေတော့ ကိုယ့်ဖာသာကိုယ် ရင်ဘတ်ထဲမှာ ထုပ်ပိုး သိမ်းဆည်းရင် နေ့သစ်တွေကို ရင်ဆိုင်နေရတဲ့ လူတစ်ယောက်။ ထူမဲ့သူ မရှိတော့ ထရတာ နည်းနည်းတော့ ခက်တာပေါ့လေ။ ဒါပေမဲ့ ကိုယ့်ဖာသာပဲ ကုန်းထနေတာပါပဲ။

“ အေးလေ. .၊ လခကရော အဆင်ပြေလား ညီမ။ ”

“ အင်း...အဟီး။ ”

တကယ်ဆို ကျွန်တော် ဒီလိုတွေ သူများတွေကို မမေးဖြစ်ပါ။ သူကတော့ ကျွန်တော့်ညီမလို ဖြစ်နေလို့ မေးလိုက်တာ. ။ ပြီးတော့. . ကျွန်တော်တို့လို ရင်ဘတ်တူသူတွေသာ ကျွန်တော်တို့ ဖွင့်ပြောပြမိတတ်ကြတယ်။ မေးမိ ၊ ပြောမိကြတယ်။

“ ဘာ .. .အဟီးလဲကွ။ ”

“ ဒီမှာကတော့ ဝင်ဝင်ချင်း ဘယ်လိုလုပ် များများစားစား ရမလဲ။ ပြီးတော့ တစ်ယောက်တည်း အဆောင်မှာ နေတာ ဆိုတော့ မလောက်ဘူး အကိုရ။ ဒါကြောင့် အခု နောက်ထပ် အလုပ်တစ်ခု ရှာထားတယ်။ ”

“ ဟ ..မဟုတ်သေးဘူးလေကွာ။ ဒီအလုပ်ကို ကြိုးစားပြီး အစွမ်းကုန် လုပ်ဦး။ အလုပ်တစ်ခုကို ခဏလေးနဲ့ ဟိုပြောင်း ဒီပြောင်း အကို မကြိုက်ပါဘူး။ ”

“ မဟုတ်ပါဘူး အကိုရ။ မပြောင်းပါဘူး။ ဒီအလုပ်လည်း လုပ်မှာပါ။ ဒီအလုပ်ပြီးတော့ နောက်ထပ် အလုပ်တစ်ခုလေ။ ”

“ ဘာ..၊ ဘယ်လို။ ”

“ ဟုတ်တယ်လေ.။ ဒီအလုပ်က ပြန်လာရင် လုပ်ဖို့ နောက်ထပ် အလုပ်တစ်ခုလေ။ ”

“ ဟာ . . ညီမရာ။ ဒီလောက် လိုလို့လား။ ”

“ မလိုတာထက် ညီမ မှာ ညီမလေး ရှိနေသေးတယ်။ နောက် အမေ ရှိနေတယ် ၊ အဖေကတော့ ဘယ်ရောက်နေမှန်း မသိလို့ ။ သူတို့ရှိနေသေးတယ် အကို။ သူတို့ကို ထောက်ပံ့ချင်လို့. ။ ”

“ သြော်..ဒါဆို အလုပ်ချိန်က ဘယ်လို ဖြစ်သွားမှာလဲ။ ”

“ ဟုတ်..။ ဒီအလုပ်က ညနေ ၄ ဆို ပြန်ရတယ်။ အဆောင်ကို ၅ နာရီလောက် ရောက်တယ်။ ဒီမှာ တန်းအိပ်တယ် အကို။ ၁၀ နာရီလောက်ထပြီး ချက်ပြုတ် ရေမိုးချိုးပြီး နောက် အလုပ်ကို ၁၁ နာရီဝင်တယ်။ နောက်အလုပ်ကလည်း ဘီစကွတ် စက်ရူံမှာ အကို။ ဒီမှာ စက်တွေကို ကြည့်ရတာပါ။

ဒီစက်ရုံက မနက် ၅ နာရီဆိုရင် ပြီးတယ် အကို။ သူတို့ အဆောင်ကို ကားနဲ့ လိုက်ပို့ပေးတယ်။ အဆောင်ကိုလည်း ညီမ အလုပ်နဲ့ ပတ်သတ်ပြီး ထောက်ခံစာတွေကို ပြထားတော့ ညီမကိုတော့ သီးသန့်အနေနဲ့ ဝင်ခွင့် ၊ ထွက်ခွင့် ပြုထားပါတယ်။ ပြန်ရောက်လာတာနဲ့ အိပ်လိုက်တယ် အကို။ မနက် ၇ နာရီကျော် ထပြီး ရေမိုးချိုးပြီး ပထမအလုပ် ၊ မနက်ပိုင်း အလုပ်ကို ပြန်ဝင်တယ်။ ” “ ဒီတော့ . . ညီမ အဆင်ပြေရဲ့လား ။ လုပ်နိုင်ရဲ့လား ။ ”

“ ဟုတ်ကဲ့. . ။ လုပ်နိုင်ပါတယ်။ အဓိက က အကို ပြောဖူးသလို စိတ်ဓါတ်ပဲလေ အကိုရာ။ ဒါကြောင့် ဖြစ်နေတာပါပဲ။ ”

“ ဒါပေါ့ ညီမရာ။ ကြိုးစား ၊ ရည်ရွယ်ချက်ကို ကိုယ့်မျက်စိရှေ့ကနေ ပျောက်မသွားစေနဲ့။ ကြိုးစားနေသူ တစ်ယောက်အတွက် ပန်းတိုင်ဆိုတာ ဘယ်တော့မှ မပျောက်ဘူး။ ”

ကျွန်တော် ဒီစာကို အားတွေ ထည့်ပြီး သူ့အတွက်ရေးလိုက်ပေမဲ့ ဒီဘက်မှာ ကျွန်တော် ဘယ်လို အားကုန်နေမယ် ဆိုတာ သူ သိမှာ မဟုတ်ဘူး။

“ ဟုတ်ကဲ့ အကို.။ အကို့ညီမပဲ ကြိုးစားနေပါတယ်။ ”

“ x x x x x x x x x x x x x ”

“x x x x x x x x x x x x x ”

တော်တော် ရင်ထဲမှာ မကောင်းဖြစ်မိတယ်။ မိန်းကလေးတစ်ယောက် အနေနဲ့ တစ်နေ့ကို အလုပ်နှစ်ခု လုပ်ပြီး ကြိုးစားနေတဲ့ လူတစ်ယောက်အတွက် ကျွန်တော် အားပေးမှုတွေက အရမ်းကို ဖျော့တော့လွန်း အားကြီးတယ်။ ကျွန်တော် ဒီထက်လည်း အခု အချိန်မှာ အားမပေးတတ်ပါ။ ကျွန်တော့်ရင်ထဲမှာ တစ်နေ့မှ ၅ ကျော်နာရီလောက်ကို နှစ်ပိုင်းခွဲအိပ်ပြီး ကြိုးစားနေရှာတဲ့ သူ့ကို မတွေ့ဖုးပဲ မြင်ယောင်နေမိတယ်။


ဟူး. . . ၊ တချို့လူတွေက ဒီလိုပဲ စိတ်ဓါတ်ပြင်းထန်ကြတယ်။ ဒါကြောင့် . .
  • * သူများတွေ မဖြစ်နိုင်ဘူး ထင်တာတွေကို သူတို့ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။

  • * သူများတွေ လဲကျနိုင်တယ် ဆိုတဲ့ အချိန်မှာ သူတို့ ဆက်လက်ရပ်တည်နေနိုင်ကြတယ်။

  • * သူများတွေ ဆုံးရှုံးပြီ ထင်နေတဲ့ အချိန်မှာ သူတို့ ဆက်လက်လှုပ်ရှားနိုင်ကြတယ်။

  • * သူများတွေ ဝမ်းနည်းနေတဲ့ အချိန်မှာ သူတို့ ဆက်လက် ကြံကြံခံနေနိုင်ကြတယ်။
သေချာတယ်..။ ဒီလို လူတွေ ရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ.။

မှတ်ချက်။ ။ ညီမလေး (xxx) သို့။ (ညီမလေးနဲ့ မတွေ့တာတောင်မှ ၃ လလောက်ရှိနေပြီ။ ဘာများဖြစ်နေလဲ မသိဘူးဗျာ။ မနေ့က သူ့ကို တော်တော် သတိရတာနဲ့ သူနဲ့ ပြောထားတာလေးတွေ စာလေးစီထားမိတာလေးပါ။)


ကိုဇော် ခံစားပုံဖော်သည်။




Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

ဝေလင်း said...

မမြင်ဖူး၊ မတွေ့ဖူးပေမယ့် အစ်ကို့ ညီမကိုလေးစားမိတယ် အစ်ကို

အစိမ်းရောင် said...

ဒီလိုမိန်းခလေးမျိုးတွေ အပြင်မှာတကယ်ရှိတာ လေးစားဖို့ကောင်းပါတယ်... လွယ်တဲ့လမ်းကိုမလိုက်ဘဲ ဖောက်ထွက်ချင်တဲ့ စိတ်ရှိသူတွေဟာ.. တစ်ချိန်ချိန်မှာ သူတကာထက် ထူးချွန်သွားတတ်ကြပါတယ်..

မောင်မျိုး said...

အဲ့ဒီ့အစ်မရဲ့စိတ်ဓါတ်ကို တကယ့်ကိုလေးစားမိ့ပါတယ်