မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 December 2009

1 စာတစ်ပုဒ်မွေးဖွားခြင်း (၂)

ဟိုးအရင် ကျွန်တော် ဘလော့မှာ စာတွေ မရေးခင်က ကိုယ့်ဖာသာကိုယ်ပဲ မေးလ်ထဲမှာ ရေးပြီးလက်တစ်ဆုပ်စာပဲ ရှိတဲ့ သူငယ်ချင်းတွေကို မေးလ်ကနေပို့တယ်။ ဖတ်ကြပါတယ်။ ( လို့ ထင်တာပဲလေ. .ကိုယ်မှ မမြင်ရတာ.ဟီး၊) ကျွန်တော်ကလည်း စိတ်ကူးပေါက်ရာတွေ လျှောက်ရေးတာပါပဲ။

အဲ. . အမြဲတမ်း ကျွန်တော်နဲ့ စကားပြောဖြစ်နေတဲ့ သူငယ်ချင်းဂျီး “ ချိုဆု ” ( သူက အပျိုကြီးတွေရဲ့ ထုံးစံအတိုင်း တော်တော် ဂျီးများတယ်။ ) နဲ့ ဘာဖြစ်တယ် ၊ ညာဖြစ်တယ် ပြောဖြစ်တယ်။ အခုလောက်လည်း စာက မရေးဖြစ်တော့ အလုပ်က ပြန်လာရင် ထမင်းစားရင်း သူပြောသမျှ “ ချိုဆု၏ အလွဲများ ” ကို နားထောင်ရတယ်။ ထုံပေပေ နဲ့ တော်တော်လည်း ရယ်ရပါတယ်။ ကျွန်တော်ကလည်း သူ့ကို ဒီလိုပဲ ကြုံသမျှလေးတွေ ပြောပြဖြစ်တယ်။

တစ်နေ့တော့ သူက ကျောက်ထတယ် ထင်တယ်..ဟီး။ ကျွန်တော့်ကို မေးတယ် . ။

“ ငါလည်း နင့်စာတွေကို ဖတ်ပြီး နင့်လို ရေးချင်တယ်ဟာ. . ဘယ်လို လုပ်ပြီး ရေးရမှန်း မသိလို့. .။ ”

တဲ့။ ကျွန်တော်ကလည်း စာတွေ အားလုံးကို ရေးစေချင်နေတဲ့ သူဆိုတော့ . .

“ ရေးလေဟာ ငါ ရှိနေတာပဲ။ ငါ ဖတ်ကြည့်မယ် ဖြည့်သင့်တာလေးတွေ ပြောပြမှာပေါ့။ ”

“ ရေးတာ ဟုတ်တယ်။ ဘာတွေ ရေးရမှန်းလည်း မသိဘူး။ ရေးဖို့ တစ်ခုခု ရတော့လည်း ဘယ်လို စရမှန်း မသိဘူး။ နင့်လို စာတွေကို အမြင်လေးတွေနဲ့ ရေးချင်တာ ဘယ်လိုရေးရမလဲ.။ ”

ဒီတော့ ကျွန်တော် အကောင်းဆုံး အကြံပေးလိုက်ပါတယ်။

“ ဒီလို အမြင်လေးတွေနဲ့ ရေးချင်ရင် နင့်မှာလည်း အမြင်လေးတွေ ပြောင်းလိုက်လေ။ ဒါဆို ရပြီပေါ့ ။ ”

“ ဒါဆို ဘယ်လို အမြင်ပြောင်းရမှာလဲ။ ”


“ နင့် အခု အိမ်ကို ပြန်တယ် မဟုတ်လား။ ဒါဆို အိမ်ကို ပြန်နေကြ လမ်းအတိုင်း မပြန်နဲ့ ။ တစ်လမ်းလောက်က ကြိုပြီး ဝင်ကြည့် ၊ ဒါမှ မဟုတ် တစ်လမ်းလောက်ကျော်ပြီးသွား ပြီးမှ အဲဒီလမ်းကနေ ဝင်ပြီး နင့်အိမ်ကို ပတ်ဝင်ပြီး နင့်ပတ်ဝန်းကျင်ကို ကြည့်စမ်း ။ နောက်ပြီး ဖယ်ရီနဲ့ သွားနေရာကနေ ဘတ်စ်ကို တိုးစီးကြည့်.။


နင် နေ့တိုင်း သွားသွားလာလာနဲ့ နေ့စဉ်ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်နဲ့ မတူတဲ့ နေရာရောက်ရင် လူဆိုတာ အတွေးသစ် ၊ အမြင်သစ်တွေ ဖြစ်လာတတ်တယ်။ ဒါလေးတွေကို မှတ်ထားပြီး နင့် စိတ်ကူးထဲမှာ ပုံဖော်ကြည့် ပြီးရင် ရသလို ရေးချလိုက် ၊ နောက်တော့ ပြန်ဖတ် ၊ အကြိမ်ကြိမ်ပြန်ဖတ် ဒီမှာ ဘယ်လို ပြင်ရေးရင် ပိုကောင်းလာမလဲ ဆိုပြီး တွေ့လာလိမ့်မယ်။ ဒါကို ထပ်ပြင်ရေး.။ ဒါဆို ရပြီပေါ့။ ”

ကျွန်တော် ဒီလို အကြံပေးဖူးတယ်။ ဒီတော့ သူကလည်း အိမ်အပြန်မှာ ဒီလိုတွေ စမ်းကြည့်တယ်။ အလုပ်အလာမှာ ဒီလို စမ်းကြည့်တယ်.။ နောက်တော့ သူရဲ့ ငယ်ဘဝက ရယ်စရာအဖြစ်လေး တစ်ခုကို ဒီလို စာနဲ့ ချရေးပြတယ်။ သူ့မူုရင်းလေး အတိုင်းပါပဲ။


“ နေ့တစ်နေ့ရဲ့ အစမှာ ကျွန်မ အလုပ်လာတော့ ကောင်မလေးတစ်ယောက် အီကြာကွေး ဝယ်သွားတာ တွေ့လိုက်ရတယ်။ အီကြာကွေးကို တွေ့တာ ထူးဆန်းလို့လား။ မထူးဆန်းပါဘူး။ ကျွန်မအတွက်လည်း မထူးဆန်းပါဘူး ဒါပေမဲ့ ကျွန်မအတွက် အီကြာကွေးနဲ့ ပတ်သတ်ပြီး ထူးဆန်းတာ ရှိနေတယ်။

ကျွန်မတို့မောင်နှမတွေက အပြင်လောကနဲ့ နည်းနည်း အဆင်အသွယ်ပြတ်တယ်။ ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာ သိပ်ပြီး သိလေ့မရှိဘူး။ ဒါကြောင့် ကျွန်မတို့ မောင်နှမတွေကလည်း တကယ်တုံးတုံးတွေ ဖြစ်နေတတ်တယ်။


အိမ်မှာ စားဖို့အတွက် ဝယ်စရာ ရှိရင် အမေပဲ သွားဝယ်တာ များတယ်လေ။ ကျွန်မက အိမ်မှာ အကြီးဆုံးဆိုတော့ တစ်ခါတစ်လေတော့ အမေခိုင်းတာတွေ အငယ်တွေထက် ပိုလုပ်ရတယ်။ ဒါပေမဲ့ အမေက ဒါယူ ၊ ဒါသွား ဆိုတာပဲ သိတယ်။ တစ်နေ့တော့ အိမ်မှာ အမေက သမီးရေ ချိုဆု “ အီကြာကွေး ” တစ်ချောင်းသွားဝယ်ဟေ့ . ။ နင့် အဖေ အလုပ်သွားရင် စားသွားဖို့ ။ ” လို့ ဝယ်ခိုင်းတယ်။ ကျွန်မတို့ မောင်နှမတွေမှာ ဘယ်သူမှ အီကြာကွေး ဝယ်ဖူးတာ မဟုတ်ဘူး။ အမေဝယ်လာပြီး ကျွေးတာပဲ စားလိုက်ကြတာလေ။ ဒါကြောင့် စားတာပဲ သိတယ်။


အခုတော့ အမေက ဝယ်ခိုင်းတော့ ကျွန်မလည်း ပိုက်ဆံလေး ယူပြီး အီကြာကွေး ရောင်းတဲ့ ဆိုင်ကို သွားပြီး “ အီကြာကွေး တစ်ချောင်း ” ဆိုပြီး ဝယ်လိုက်တယ်။ သူတို့ကလည်း ကလေးပူမှာ စိုးလို့ သေချာ စက္ကူနဲ့ပတ် ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပေးလိုက်ပါတယ်။ ဒါနဲ့ ကျွန်မလည်း ပိုက်ဆံပေးပြီး အီကြာကွေး ထုပ်လေးဆွဲပြီး ပြန်လာခဲ့တယ်။ အိမ်နားရောက်တော့ ဘာရယ် မဟုတ်ပါဘူး။ အီကြာကွေး အိတ်ကို ကြည့်လိုက်တော့ “ ဟာ ” ခနဲ့ ဖြစ်သွားတယ်။


“ အီကြာကွေးရောင်းတဲ့ လူကြီးကတော့ ငါ့ကို မကြည့်ပဲ သူထည့်ပေးလိုက်တာ ဒီမှာ အီကြာကွေးက နှစ်ချောင်းပူးကြီး ဖြစ်နေပါလား . . ဟား ဟား ဟား ငါတော့ ပွတာပဲ ” ဆိုပြီး အိမ်ထဲကို မဝင်သေးပဲ လမ်းမှာ တစ်ချောင်းကို ခွဲပြီး ကုန်အောင်စားခဲ့တယ်။ ပြီးမှ အိမ်ပြန်လာပြီး “ ရော့ အမေ ” ဆိုပြီး ပေးလိုက်တယ်။ အမေကလည်း ကြည့်ပြီး ဘာမှ မပြောဘူး။ အဖေ့အတွက် ထည့်ပေးလိုက်တာပဲ။ နောက်တော့ အမေ ဈေးကပြန်လာရင် ဝယ်လာတဲ့ အီကြာကွေး နဲ့ ဘာညာ ကျွန်မတို့ စားရတယ်။


ဒီလို နှစ်ပေါင်းများစွာ ကြာတာတောင်မှ ကျွန်မ အီကြာကွေး ဆိုတာ နှစ်ချောင်းပူးနေတာပါလို့ တကယ် မသိခဲ့ဘူး။ နောက် အသက်ကြီးလာလို့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင် ၊ မုန့်ဟင်းခါးဆိုင် ထိုင်မှ “ သြော် . . အီကြာကွေး ဆိုတာ နှစ်ချောင်းပူးပါလား။ ” လို့ သိတော့တယ်။ ကျွန်မက တုံးတာ ၊ အ တာ ဖြစ်သလို ကျွန်မ အမေကလည်း ဘာမှ မပြောခဲ့ဘူး။ ဒါကြောင့် ကျွန်မတို့ကလည်း ဘာမှ မသိခဲ့ဘူး။ သြော် အီကြာကွေးကို မြင်တိုင်း ကျွန်မ မျက်နှာပူမိတယ်။ ”

ဒီလို စာလေး သူရေးဖြစ်သွားတယ်။ ဘာရယ် မဟုတ်ပေမဲ့. သူ့အတွက်ရော ၊ ဖတ်သူ အတွက်ပါ “ ဟာသ ရသ ” နဲ့ တခြားရသလေးတွေပါ ခံစားရစေတယ်။ ဒါဟာ ဘာလို့လဲ ဆိုတော့ နေ့စဉ် မြင်နေကြ အမြင်လေးကို အမြင်လေးပြောင်းသွားတော့ ဟိုးအရင်ကတည်းက ရင်ထဲမှာ ရှိနေတာလေးတွေက ထွက်ကျလာတာ။ ဒီတော့မှ ငါ့မှာ ဒီလို အကြောင်းလေး ရှိပါလား ဆိုပြီး အတွေးရလာတယ်။ နောက်တော့ ရေးချင်လာတယ်။ နောက် ရေးမိသွားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မတ်တပ်ရပ်ဖို့ ဆိုတာ ဒီလိုပဲ ကုန်းထလိုက် လဲကျလိုက်တော့ ရှိမှာပဲ ထဖြစ်အောင်သာ ထလိုက်ပါ။

ဒီတော့ သူငယ်ချင်းတို့တွေလည်း ကိုယ် သွားနေကြခရီး ၊ စီးနေကြကား ၊ လျှောက်နေကြလမ်း ၊ တွေ့မြင်နေကြ လူတွေနဲ့ မတူတဲ့ အမြင်လေး ၊ အကြည့်လေး ၊ အတွေ့လေးတွေ ရအောင် လမ်းကြောင်းလေးတွေ ပြောင်းပြီး လျှောက်ကြည့် ၊ အမြင်လေးတွေလည်း ပြောင်းကြည့် ၊ အတွေးလေးတွေလည်း ပြောင်းကြည့် ဒါဆိုရင် အတွေးသစ် ၊ စိတ်ကူးသစ် ၊ အမြင်သစ်တွေ ရလာပါလိမ့်မယ်။ ဒါဆိုရင် စလို့ရပြီ။

ဒီတော့ စာတစ်ပုဒ်မွေးဖွားချင်တယ် ဆိုရင် တွေ့နေ မြင်နေ တွေးနေ ကြပုံစံလေးကနေ ထွက်ပြီး တွေး ၊ မြင် ၊ ကြည့် ၊ စဉ်းစား ကြည့်နိုင်ကြပါစေ။


ကိုဇော် ခံစားတင်ပြသည်။

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

shwezinu said...

အီကြာကွေး ၂ချောင်းပူး မှန်းမသိတဲ့ မမ ကိုတော့ အံသြတယ်ဗျာ ဆရာအီကြာကွေး သိရင်တော့ စိတ်ဆိုးတော့ မှာဘဲ